← Chapters

ဖိနှိပ်မှု

Vol. 27 Ch. 371

ဖိနှိပ်မှု

Vol. 27 Ch. 371

ဤသည်မှာ ထိုမက်ကရယ်ငါးကြီးနှင့် အမျိုးသမီးတို့ကို စုမင် တတိယအကြိမ်မြောက် မြင်တွေ့ခြင်းဖြစ်သည်။

၎င်းတို့ကို ပထမဆုံးတွေ့ခဲ့စဉ်က သူသည် ရုပ်နယ်လွန်နယ်ပယ်သို့ ရောက်ပြီးကာစ အေးခဲကောင်းကင်ကလန်ဆီသို့ သွားရာလမ်းတွင် ဖြစ်သည်။ ဤအမျိုးသမီးက ကောင်းကင်မြူခိုး အတားအဆီးသို့ လာရောက်ခဲ့သည်ကို သူမြင်တွေ့ခဲ့ရပြီး ပိုင်ချန်းကျိုက်နှင့် သူမတို့ တိုက်ခိုက်ရာမှ ထွက်ပေါ်လာသော ပြင်းထန်သည့် ပေါက်ကွဲသံများကိုလည်း သူကြားခဲ့ရသည်။

ထိုအချိန်မှစ၍ ၎င်းမက်ကရယ်ငါးကြီးနှင့် အမျိုးသမီးတို့၏ ပုံရိပ်မှာ စုမင်၏ မှတ်ဉာဏ်များအတွင်း နက်နက်ရှိုင်းရှိုင်း စွဲထင်သွားခဲ့သည်။

၎င်းတို့ကို ဒုတိယအကြိမ် တွေ့ခဲ့ရသည်မှာ ကောင်းကင်မြူခိုး မြို့တော်၏ စစ်ပွဲအတွင်း ဖြစ်သည်။  မက်ကရယ်ငါးကြီး၏ ထူးဆန်းသောစွမ်းအားနှင့် စစ်ပွဲအတွင်း ပူးပေါင်းပါဝင်နေသော ထိုအမျိုးသမီးတို့ကို သူတွေ့ခဲ့ရသည်။

ထိုအချိန်က အမျိုးသမီးသည် သူ့ကို လျှို့ဝှက်စွာ လက်ကမ်းပေးခဲ့ပြီး စုမင်အား စစ်မြေပြင်မှ လွတ်မြောက်နိုင်ရန် ကူညီပေးခဲ့သည်။

သို့သော်လည်း စုမင်အနေဖြင့် အနီးကပ်မြင်ဖူးသည်မှာတော့ တတိယအကြိမ်မြောက်မှသာ ဖြစ်သည်။ အမျိုးသမီးနှင့် ထွတ်မြတ်သားရဲ မက်ကရယ်ငါးကြီးတို့သည် ၎င်းတို့အား မြင်တွေ့လိုက်ရသူထံတွင် မေ့ဖျောက်၍ မရနိုင်သော ပုံရိပ်တစ်ခု ချန်ထားရစ်ခဲ့ပေလိမ့်မည်။

စုမင်သည် မျိုးနွယ်စုအတွင်းတွင် ရပ်ကာ ကောင်းကင်မှ လွင့်မျောလာသော တိမ်စိုင်များနှင့် ရိုသေလေးစားမှုဖြင့် အော်မြည်နေကြသည့် များစွာပိုမိုသေးငယ်သော မက်ကရယ်ငါးများကို ကြည့်နေမိသည်။ ထို့အပြင် လေထဲတွင် လွင့်မျောကခုန်နေသော ဆံနွယ်များပိုင်ရှင် အမျိုးသမီးကိုလည်း ငေးစိုက်ကြည့်လိုက်မိသည်။ သူမသည် လက်ထဲတွင် ဝါးပုလွေတစ်ချောင်းကို ကိုင်ဆောင်ထားရင်းမှ နယ်မြေတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်လေသည်။

ထိုအခိုက်အတန့်မှာပင် အမျိုးသမီး၏ မျက်ဝန်းများသည် ဆောင်းဦးပင်လယ်မျိုးနွယ်စုမှ ယာယီမျိုးနွယ်စုရွာအတွင်း မတ်တပ်ရပ်နေသည့် စုမင်အပေါ်သို့ ကျရောက်လာခဲ့သည်။

သို့သော်လည်း သူမအကြည့်က ရပ်တန့်မနေခဲ့ပေ။ စုမင်မှာ သူမမျက်လုံးထဲတွင် ရှိမနေသည့်အတိုင်းပင် ဖြစ်သည်။ ဧရာမမက်ကရယ်ငါးကြီးမှာ နောက်ဆုံးတော့ ရပ်တန့်သွားပြီး မျိုးနွယ်စုအထက်ရှိ ကောင်းကင်တွင် ပျံဝဲနေသောအခါ အမျိုးသမီးသည် ပေါ့ပါးညင်သာသော ခြေလှမ်းများဖြင့် ဆင်းသက်လာခဲ့သည်။ သူမ၏ ဝတ်ရုံများသည် လေထဲတွင် လှပတင့်တယ်စွာ တဖျပ်ဖျပ် လွင့်မျောနေသည်။ သူမသည် မျိုးနွယ်စုအတွင်းသို့ ဆင်းသက်လာပြီးသည်နှင့် အဖြူရောင်အလင်းတန်း တစ်ခုအဖြစ် ပြောင်းကာ မျိုးနွယ်စု၏ အလယ်ဗဟိုသို့ ပျံသန်းသွားခဲ့လေသည်။

သူမ၏ ထွက်ပေါ်လာမှုမှသည် မျိုးနွယ်စုအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်အထိ အချိန်မှာ မကြာမြင့်ခဲ့သော်လည်း ဆောင်းဦးပင်လယ် မျိုးနွယ်ဝင်များအားလုံးကိုတော့ တက်ကြွသွားစေခဲ့၏။ ၎င်းတို့သည် အော်ဟစ်၍ ရုန်းရင်းဆန်ခတ် ဖြစ်မနေသော်လည်း သူတို့မျက်လုံးများ အတွင်းရှိ စိတ်လှုပ်ရှားမှုနှင့် တက်ကြွမှုများကိုတော့ စုမင် မြင်နေရလေသည်...

"မြင့်မြတ်သော မိန်းမပျို၊ ဝမ်ချိုး..."

စုမင်နှင့် ပေတစ်ရာအဝေးတွင် ရပ်နေသော ယာမူသည် အမျိုးသမီး ပျောက်ကွယ်သွားရာ နေရာဆီသို့ အရူးအမူး ဖြစ်နေသော်လည်း ရှုပ်ထွေးနေသည့် အကြည့်ဖြင့် ငေးစိုက်ကြည့်နေလေသည်။ အချိန်အတော်ကြာပြီးနောက် သူသည် ခေါင်းခါယမ်းလိုက်ပြီး ဝိုင်အိုးကိုကိုင်လျက် အဝေးသို့ လျှောက်လှမ်းထွက်ခွာသွားတော့သည်။

သူ ထွက်ခွာသွားသည်နှင့် စုမင် ထိုင်နေခဲ့သော မီးပုံတစ်ဝိုက် ဧရိယာမှာ တစ်ဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ မီးပုံဆီမှ တဖျစ်ဖျစ် တောက်လောင်သံများမှ အပ အခြားအသံများ မကြားရတော့ချေ။ စုမင်သည်လည်း ခဏတာ ငြိမ်သက်နေပြီးနောက်မှ သူ ယခုအချိန်ထိ နာမည်မသိသေးသော မာန်စွမ်းအားရှင်အိုကြီးထံ လျှောက်သွားလိုက်သည်။

ကုန်းစီထံမှ အကြည့်တစ်ချက်တည်းဖြင့် ဤအဘိုးကြီးသည် သူ့ကိုယ်ပိုင် ခန္ဓာကိုယ်ထဲမှာပင် ချိပ်ပိတ်ခံခဲ့ရ၏။ အချိန်များ ကုန်လွန်လာသော်လည်း ချိပ်စည်းမှာ အားနည်းမသွားရုံသာမက သူ့စိတ်ဝိညာဉ်သည်ပင် အေးခဲသွားပုံပေါ်ပြီး သူ့မျက်ဝန်းများမှာလည်း ဗလာဖြစ်လာခဲ့ချေပြီ။

စုမင်သည် မာန်စွမ်းအားရှင်အိုကြီး၏ နံဘေးတွင် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ၎င်းအား မီးတောက်မျောက်ဝံကို သိမ်းဆည်းထားသော သိုလှောင်အိတ်ထဲသို့ ချက်ချင်း ထည့်သွင်းလိုက်သည်။ သူ့ဝတ်ရုံများကို သေချာဖြန့်ပြီးသည်နှင့် ဆောင်းဦးပင်လယ် မျိုးနွယ်စု၏ ယာယီမျိုးနွယ်ရွာကြီးကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် နောက်ပြန်လှည့်ကာ စတင်ထွက်ခွာလိုက်သည်။

သူ ထွက်သွားပြီး ကိုယ်ပိုင် လမ်းကြောင်းကို ရှာဖွေရပေမည်။

သူ ထွက်မသွားခင်တွင် ဆောင်းဦးပင်လယ် မျိုးနွယ်စု၏ အဆုံးသတ်ရှာမန်များ ဆီသို့လည်းကောင်း မြင့်မြတ်သော မိန်းမပျို ဝမ်ချိုးဆီသို့လည်းကောင်း သွားရောက်လည်ပတ်ခြင်း မပြုခဲ့ပေ။ သူတို့ သူ့ကို ကယ်တင်ခဲ့သည်မှာ သူ၏ အကြီးဆုံး စီနိယာအစ်ကိုကြီးကို စကားပြောလိုသောကြောင့်သာ ဖြစ်သည်။

ဤအရာက အလဲအလှယ် တစ်ခုပင်။

ထို့အပြင် ယာမူမှအပ အခြားလူအားလုံးသည်လည်း သူ့အပေါ် အေးတိအေးစက် ဆက်ဆံခဲ့ကြသည်။ ၎င်းတို့သည် သူ၏ အကြီးဆုံး စီနီယာအစ်ကိုကြီးထံသို့ စကားပြောပြီးသည်နှင့် သူ့ကို လုံးဝဥဿုံ လျစ်လျူရှုသွားကြသည်။ စုမင်သည် ၎င်းကြောင့် စိတ်အနှောင့်အယှက် မဖြစ်သော်ငြား သူ့ဘာသာသူလည်း ဒုက္ခသွားရှာနေမှာ မဟုတ်ပေ။

သူတို့က သူ့ကို လျစ်လျူရှုထားချင်လျှင် သူသည်လည်း သူတို့ကို လျစ်လျူရှုထားပေမည်။ စုမင်သည် နောက်လှည့်ထွက်လာပြီး တဖြည်းဖြည်း ဝေးကွာလာခဲ့သည်။ သူ့နောက်ကျောသည် အတန်ငယ် အုံ့မှိုင်း အထီးကျန်နေပုံပေါ်ပြီး ပတ်ဝန်းကျင်မှ ကျန်လူများနှင့် လိုက်လျောညီထွေ ဖြစ်မနေခဲ့ပေ။

သူ့ပတ်ဝန်းကျင်တွင် ရှုပ်ထွေးမှုများက အမြဲတစေ ရှိနေတတ်သည်။ သို့သော် စုမင်သည် များသောအားဖြင့် ထိုရှုပ်ထွေးမှုများကို သူ့စိတ်ထဲတွင်သာ နက်ရှိုင်းစွာ ဖုံးကွယ်ထားလေ့ရှိသည်။ သူတစ်ဦးတည်း ရှိနေသောအခါမှသာ ထိုရှုပ်ထွေးမှုများက ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရှေ့ဆက်လျှောက်လာရင်းဖြင့် စုမင်သည် မီးပုံပေါင်းများစွာကို ဖြတ်ကျော်လာခဲ့သည်။ ဆောင်းဦးပင်လယ် မျိုးနွယ်စုမှ ညစောင့်တာဝန်ကျနေသော အစောင့်အချို့သည် သူဖြတ်သန်းသွားသည်ကို မြင်ကြသော်လည်း ၎င်းတို့တွင် အမိန့်တစ်ခု ရရှိထားကြပုံပေါ်သည်။ သူတို့သည် စုမင်မှာ ထွက်ခွာနေခြင်းသာဖြစ်ပြီး ဆောင်းဦးပင်လယ် မျိုးနွယ်စုအတွင်းရှိ အရေးကြီးသော အပိုင်းအချို့ဆီသို့ ဦးတည်နေခြင်း မဟုတ်ကြောင်း မြင်သောအခါ သူ့ကို ရပ်တန့်ခြင်းမပြုခဲ့ပေ။ သူတို့သည် စုမင်ကို အေးစက်စက်ဖြင့်သာ စောင့်ကြည့်နေခဲ့ကြသည်။

စုမင်တစ်ယောက် ဆောင်းဦးပင်လယ် မျိုးနွယ်စုထံမှ ထွက်ခွာတော့မည့်အချိန်မှာပင် သူ့အနောက်ရှိ မျိုးနွယ်စု၏ အတွင်းပိုင်းမှ တစ်ဆင့် ဖြည်းညင်းစွာ ပျံ့လွင့်လာသော ခြောက်ကပ်ကပ် အသံတစ်သံကြောင့် သူ့ခြေလှမ်းများမှာ ရုတ်ခြည်း အေးခဲရပ်တန့်သွားရသည်။

"မင်းက ဒီအတိုင်း ထွက်သွားတော့မလို့လား"

စုမင် ဤအသံပိုင်ရှင်ကို မသိသည်တော့ မဟုတ်ပေ။ ၎င်းအသံမှာ အဆုံးသတ်ရှာမန် အဘွားအိုထံမှ ဖြစ်သည်။

"ငါ့မျိုးနွယ်စုက မင်းကို နှစ်ကြိမ်ကယ်တင်ခဲ့တယ်။ မင်းက ငါတို့ကို ဘာမှပြန်မပေးဆပ်တော့ဘူးလား" စုမင်အနီးတွင် ပဲ့တင်ထပ်နေသော အဘွားအို၏ အေးစက်စက အသံထဲတွင် မည့်သည့် စိတ်ခံစားချက်မျိုးမှ ပါဝင်နေခဲ့ခြင်း မရှိချေ။

စုမင် ငြိမ်သက်နေမိ၏။

"မင်းရဲ့ လက်ကောက်ကို ထားခဲ့။ အဲဒါက ငါတို့ နိုင်းလီမျိုးနွယ်စုရဲ့ ရှာမန်ဝိညာဉ်ပဲ။ မင်းနဲ့ မသက်ဆိုင်ဘူး" အဘွားအို၏ အသံသည် စုမင်အနောက်မှ ပျံ့လွင့်လာပြီး စုမင်အနီးဝန်းကျင်တွင် အသံလှိုင်းငယ်လေးများပင် ဖြစ်ပေါ်သွားစေသည်။

"ဒါက မင်းတို့ နိုင်းလီရှာမန်သခင်က ကျုပ်ကို ပေးခဲ့တဲ့ လက်ဆောင်ပဲ" စုမင် နောက်သို့ ပြန်လှည့်ကြည့်လိုက်သော်လည်း အဘွားအိုကို မတွေ့ရချေ။

"မဟုတ်ရင်လည်း ရှာမန်သခင် ပြန်လာတဲ့ အချိန်ထိ မင်းဆက်နေဖို့ ရွေးချယ်လို့ရတယ်" စုမင် စကားဆုံးသည်နှင့် တစ်ဆက်တည်းလိုလိုပင် အဘွားအို၏ စကားသံက ထပ်မံထွက်ပေါ်လာခဲ့သည်။ ထိုစကားများကို ပြောပြီးသည်နှင့် မူလက ဗလာဖြစ်နေခဲ့သော စုမင်အရှေ့ရှိ လေဟာနယ်မှာ ရုတ်ခြည်းတွန့်လိမ်ပုံပျက်သွားပြီး အဘွားအိုက ၎င်းအတွင်းမှ လျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။

"မင်းရွေးချယ်ဖို့ ငါအသက်ဆယ်ကြိမ်ရှူစာ အချိန်ပေးမယ်" အဘွားအိုသည် ထိုနေရာတွင်ရပ်လျက် စုမင်ကို အေးစက်စက် တစ်ချက်ကြည့်ပြီးသည်နှင့် ပြန်လည်လျစ်လျူရှုလိုက်လေ၏။ သူမအတွက်တော့ စုမင်သည် သူမတို့မျိုးနွယ်စုအတွက် ရှာမန်သခင်ဖြင့် ဆက်သွယ်နိုင်ရန် ပစ္စည်းကိရိယာတစ်ခုသာ ဖြစ်သည်။ အကယ်၍ ထိုကိရိယာက ထွက်ခွာလိုသည်ဆိုလျှင် သူ့လက်ကောက်ကို ချန်ထားရစ်ခဲ့မှသာ သူတို့က သူ့ကို သွားခွင့်ပြုမှာဖြစ်သည်။

ထို့အပြင် စုမင်၏ ကျင့်ကြံဆင့်မှာလည်း သူမအတွက် လုံးဝပင် ဂရုစိုက်စရာဟုတ်မနေခဲ့ချေ။ အားနည်းသူများသည် သန်မာသူများရှေ့တွင် မည်သည့်အခြေအနေမျိုးကိုမှ ရယူပိုင်ခွင့်မရှိပေ။ သူတို့သည် သန်မာသူများ၏ အလိုကိုသာ လိုက်လျောရပေလိမ့်မည်။

သူမသည် မာန်စွမ်းအားရှင် မျိုးနွယ်စုအတွင်းမှ စုမင်၏ အဆင့်အတန်းကြောင့်လည်း စိတ်အနှောင့်အယှက် မဖြစ်မိချေ။ သူသည် မာန်နတ်ဘုရား၏ စွမ်းအ တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားသည်ဟု သူမကြားသိထားသော်လည်း ၎င်းစွမ်းအားကို သူမယခင်က တစ်ခါမှမမြင်ဖူးခဲ့ပေ။ သူမအမြင်တွင်တော့ နိုင်းလီရှာမန်မျိုးနွယ်စု အတွင်းမှ သူမ၏ အဆင့်အတန်းနှင့် အဆုံးသတ်ရှာမန် တစ်ယောက်အနေဖြင့် သူမ၏ စွမ်းအားတို့အပြင် ယခုလို သူမ၏မျိုးနွယ်စုထဲတွင်သာ ရှိနေသော အချိန်မျိုး၌ မာန်နတ်ဘုရား၏ စွမ်းအားဟုခေါ်သော ထိုအရာက သူမကို သတ်နိုင်စရာအကြောင်း မရှိပေ။

ထို့အပြင် သူမသည် ဤနေရာသို့ အမိန့်အရ လာရောက်ခဲ့ခြင်းဖြစ်သည်။ တစ်စုံတစ်ဦးသည် သူမအား ဤနေရာသို့လာ၍ သူမ မယုံကြည်ခဲ့သော မာန်နတ်ဘုရား၏ စွမ်းအားဆိုသည့်အရာကို စမ်းသပ်ပေးရန် တောင်းဆိုခဲ့သည်။

စုမင် သူ့လက်ကောက်ဝတ်ပေါ်ရှိ လက်ကောက်ကို ငုံ့ကြည့်လိုက်မိသည်။ အချိန်တို့ ကုန်လွန်လာပြီး ဆဋ္ဌမမြောက် ဝင်သက်သို့ ရောက်ရှိလာသောအခါ စုမင်သည် ထပ်မံတုန့်ဆိုင်း မနေတော့ပဲ လက်ကောက်ကို ချွတ်ယူလိုက်တော့၏။

ထို့နောက် သူ့ခေါင်းကို ပြန်မော့ကာ အဘွားအိုကို လှမ်းကြည့်လိုက်သည်။ သူမသည် သူ့အား လုံးဝပင် ဂရုမစိုက်ကြောင်း သူသိနေခဲ့၏။ အမှန်စင်စစ် သူ့ကိုကြည့်လိုက်သော သူမအကြည့်သည်ပင် သာလွန်သူတစ်ဦးမှ ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သကဲ့သို့ ဖြစ်နေပြီး သူမကလည်း ထိုအရာကို ဖုံးကွယ်ထားရန် စိတ်ကူးမရှိခဲ့ပေ။

စုမင်အား ကယ်တင်ခဲ့ခြင်းသည် သူ၏ အကြီးဆုံး စီနီယာအစ်ကိုနှင့် သူမစကားပြောနိုင်ရန်သာ ဖြစ်သည်။

ဤလက်ကောက်အတွက်ကြောင့်သာ စုမင်ကို ကယ်တင်ခဲ့ခြင်းဖြစ်၏။

အမှန်စင်စစ် အဘွားအိုတစ်ဦးတည်းသာ ထိုသို့လုပ်ခဲ့ခြင်း မဟုတ်ပဲ ကုန်းစီသည်လည်း အလားတူပင်ဖြစ်သည်။ စုမင်သည် အဘွားအိုကိုကြည့်ကာ ခပ်ရေးရေး ပြုံးလိုက်ပြီး ထိုလက်ကောက်ကို သူမဆီသို့ ပစ်ပေးလိုက်သည်။

"အခုကစလို့ ကျုပ်နဲ့ ဆောင်းဦးပင်လယ် မျိုးနွယ်စုကြားမှာ ဘာဆက်နွှယ်မှုမှ မရှိတော့ဘူး။ မင်းတို့က ကျုပ်ကို တစ်ကြိမ်ကယ်တင်ခဲ့ပြီး မင်းတို့ ရှာမန်သခင်နဲ့ တစ်ကြိမ်စကားပြောခွင့် ရခဲ့တယ်။ အဲဒါ အရောင်းအဝယ်ပဲ"

"မင်းတို့ကျုပ်ကို ဒုတိယအကြိမ် ကယ်တင်တော့ လက်ကောက်ကို တောင်းဆိုခဲ့တယ်။ ဒါကိုလည်း အရောင်းအဝယ်အဖြစ် ကျုပ်တွက်တယ်။ အခု အကုန်ပြီးသွားပြီမို့ ကျုပ်ကို ထွက်သွားခွင့်ပြုဖို့ တောင်းဆိုပါတယ်" နောက်သို့လှည့်ကာ လမ်းအတိုင်း လျှောက်လှမ်းလိုက်စဉ် စုမင်မျက်ဝန်းများမှာ တည်ငြိမ်နေခဲ့၏။

အဘွားအိုသည် လက်ကောက်ကို ဖမ်းယူလိုက်ပြီးနောက် စုမင်အား တစ်ချက်ကြည့်လိုက်ပြီး သူမမျက်လုံးများမှာ တောက်ပသွားခဲ့သည်။ သူမအနေဖြင့် ရှာမန်သခင်ကို လေးစားကောင်း လေးစားနိုင်သော်လည်း သူမသည် ဆောင်းဦးပင်လယ် မျိုးနွယ်စုအတွင်းမှ သန်မာသော အဆုံးသတ်ရှာမန်တစ်ဦး ဖြစ်နေဆဲပင်။ ထို့အပြင် ရှာမန်နယ်မြေထဲရှိ အခြေအနေမှာလည်း အလျင်အမြန် ပြောင်းလဲဖြစ်ပျက်နေသေး၏။ သူတို့အားလုံး၏ မျှော်လင့်ချက်များကို ရှာမန်သခင် အပေါ်တွင်သာ မထားနိုင်ပေ။

သူမအမြင်တွင် ဤစုမင်သည် အားနည်းသဖြင့် သူတစ်ဦးတည်း ထွက်ခွာသွားမည်ဆိုပါက ရှာမန်နယ်မြေထဲတွင် ကျိန်းသေပေါက် သေဆုံးသွားပေလိမ့်မည်။ ဤလူ သေဆုံးသွားသည်နှင့် သူ့ရတနာများအားလုံးကို အခြားသူတစ်ဦးမှ ယူဆောင်သွားပေလိမ့်မည်။ ထိုအခြားသူသည် သူမပင် နားမလည်နိုင်သေးသော ဤလူ့ကိုယ်ပေါ်မှ လျှို့ဝှက်ချက်များကိုလည်း ရှာတွေ့သွားပေလိမ့်မည်။

ထိုသို့ဆိုလျှင်တော့ သူဆက်နေခြင်းကသာ ပိုကောင်းပေလိမ့်မည်။

"အရောင်းအဝယ်နှစ်ခုက တစ်ကယ်ကို ပြီးဆုံးသွားပြီ။ ဒါပေမယ့် မင်းက မာန်စွမ်းအားရှင်တစ်ယောက် ဖြစ်နေမှတော့ မင်းမှာ ဘာကြောင့် ရှာမန်တွေရဲ့ ဝိညာဉ်စုဆောင်းပုလဲ ရှိနေရတာလဲ။ ဝိညာဉ်စုဆောင်းပုလဲကို ထားခဲ့ပြီး ဘာကြောင့် မင်းကိုယ်ပေါ်မှာ မီးတောက်နဂါးရဲ့ အရှိန်ဝါရှိနေရသလဲ ဆိုတာကိုလည်း ငါတို့ကို ရှင်းပြရမယ်။ အဲဒါပြီးရင်တော့ မင်းထွက်သွားနိုင်ပြီ"

"ငါတို့မျိုးနွယ်စုက မင်းကို ခက်ခဲအောင်လုပ်မှာ မဟုတ်ဘူး။ ငါတို့က မင်းပစ္စည်းတွေကို မင်းအတွက် သိမ်းပေးထားဖို့ပဲ ယူထားမှာ။ ရှာမန်သခင် ရောက်လာတာနဲ့ ငါက အဲဒါတွေကို သူ့ဆီ ပြန်ပေးမှာပါ"

"အဲလိုမှ မဟုတ်ရင်တော့..."

အဘွားအိုသည် သူမစကားကို အဆုံးမသတ်နိုင်ခင်မှာပင် စုမင်ထံမှ ရယ်သံရှည်ကြီးကြောင့် နှောင့်ယှက်ခံလိုက်ရလေသည်။

အချိန်ကြာမြင့်စွာတည်းကပင် စုမင်သည် ဤအကြောင်းနှင့်ပက်သက်၍ ထင်နေခဲ့ခြင်းဖြစ်သည်။ သူတို့အနေဖြင့် လက်ကောက်ကို လိုချင်လျှင် သူ၎င်းကို ပေးလိုက်နိုင်သည်။ ဤပစ္စည်းမှာ အစတည်းကပင် သူပိုင်သောအရာ မဟုတ်ခဲ့ချေ။ သို့သော်လည်း သူလက်ကောက်ကို ပေးလိုက်ပြီးနောက်မှာပင် ဆောင်းဦးပင်လယ် မျိုးနွယ်စုသည် သူ့ဝိညာဉ်လုယက်ကို တောင်းဆိုခြင်းနှင့် မီးတောက်နဂါး၏ အရှိန်ဝါရှိနေရခြင်း လျှို့ဝှက်ချက်ကို ရှာဖွေစစ်ဆေးရန် ကြိုးစားနေပြီး တမင်တကာပင် ကိစ္စရပ်များကို ခက်ခဲအောင် ဆက်လက်လုပ်ဆောင်နေခဲ့၏။

စုမင်သည်သာ ဤကိစ္စတွင် သူတို့ဆန္ဒများကို လိုက်လျောခဲ့မည်ဆိုလျှင် သူ့အားစောင့်ကြိုနေမည့် အရာမှာ ပိုမိုများပြားသော ဝန်ခံမှုများသာ ဖြစ်လာပေလိမ့်မည်။

"ဆောင်းဦးပင်လယ် မျိုးနွယ်စု၊ မင်းတို့က ကျုပ်ကို အကုန်ထိန်းချုပ်နိုင်ပြီလို့များ တစ်ကယ်ထင်နေကြတာလား။ မင်းတို့ လက်ကောက်ကိုလည်း ယူသွားပြီးပြီ။ ဒါ သတိပေးချက်တစ်ခုပဲ။ ထပ်လွန်မလာကြနဲ့" စုမင်သည် နောက်သို့ လျင်မြန်စွာ ပြန်လှည့်လိုက်ပြီး သူ့မျက်ဝန်းများအတွင်း အေးစက်နေသော အကြည့်တစ်ခု ပေါ်လာခဲ့သည်။

သူ့စကားသံများ လေထဲသို့ ပဲ့တင်ထပ်သွားသည်နှင့် သူ့ပတ်လည်တွင် များပြားလှသော ရှာမန်များ ချက်ချင်းထွက်ပေါ်လာပြီး သူ့အား အေးစက်စွာ စိုက်ကြည့်နေကြလေသည်။ သို့သော်လည်း ထိုအေးစက်စက် အကြည့်အပြင် ကဲ့ရဲ့မှုများလည်း ရှိနေသေး၏။

အဘွားအို၏ နှုတ်ခမ်းထက်တွင် အေးစက်စက် မဲ့ပြုံးတစ်ခု ဖြစ်ပေါ်လာပြီး မျက်နှာပေါ်တွင်လည်း စိတ်အလိုမကျမှုများ ပေါ်လာခဲ့သည်။

"မင်း... ကျေးဇူးကန်းတဲ့ လူ၊ ဝိညာဉ်စုဆောင်းပုလဲက မင်းအတွက် ဘေးဒုက္ခကိုပဲ ယူဆောင်လာမှာ။ ငါက ဒါကို မင်းကောင်းဖို့အတွက် လုပ်နေတာပဲ။ အဲဒါမှသာ မင်းအပြင်မှာ သွားလာတဲ့အခါ အန္တရာယ်တွေ အများကြီး မတွေ့မှာ။ ငါ့ကို ကျေးဇူးတင်ရမယ့် အစား၊ မင်းက မောက်မောက်မာမာတောင် ပြုမူနေသေးတယ်လား။ မင်းရဲ့ ကျင့်ကြံဆင့်လေးနဲ့များ ဘာကြောင့် ငါ့ကို ခြိမ်းခြောက်ရဲနေသလဲဆိုတာ သိချင်စမ်းပါရဲ့" အဘွားအို၏ မျက်လုံးများအတွင်း အလင်းတစ်ခု ဖြစ်ပေါ်လာပြီး စကားပြောဆိုနေရင်းမှပင် ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်လေ၏။

ထိုခြေလှမ်းကြောင့် မြေပြင်တစ်ခုလုံးပင် တုန်ခါသွားပုံရသည်။ သူမနှင့် စုမင်ကြားရှိ လေဟာနယ်သည်ပင် အေးခဲသွားပုံပေါ်၏။ ထိုအခိုက်အတန့်တွင် သူတို့ပတ်ဝန်းကျင်ရှိ လောကစွမ်းအားများသည်ပင် စုမင်ဆီသို့ အပြင်းအထန် ပြေးဝင်လာခဲ့သည်။

သူမသည် မည်သည့် ထိတ်လန့်တုန်လှုပ်ဖွယ် နတ်ဘုရားစွမ်းရည်မျိုးကိုမှ အသုံးပြုလိုက်ခြင်း မဟုတ်သော်လည်း ထိုခြေတစ်လှမ်းတည်းဖြင့်ပင် လောကစွမ်းအားများကို စုစည်းကာ စုမင်ထံသို့  တွန်းပို့နိုင်နေပြီးဖြစ်သည်။ ထိုခွန်အားမျိုးမှာ ရိုးရေစတေးနယ်ပယ်ရှိ လူတစ်ဦး ယှဉ်ပြိုင်နိုင်သော အရာမဟုတ်ချေ။

စုမင်ကို သူမ မသတ်ချင်ခဲ့ပေ။ ထိုအစား အားနည်းသူသည် သန်မာသူရှေ့တွင် မည်သို့ပြုမူရမည်ကို သေချာသိသွားစေနိုင်ရန် အတွက် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားစေချင်ရုံသာ ဖြစ်သည်။

သို့သော် သူမ ခြေလှမ်းကာ လောကစွမ်းအားကို စုမင်ဆီသို့ ဦးတည်စေလိုက်သည့် အချိန်မှာပင် စုမင်သည် အခြားမည်သည့်အရာကိုမှ လုပ်ဆောင်မနေတော့ပဲ ညာလက်ကိုမြှောက်ကာ လက်ညှိုးကိုသာ ဆန့်ထုတ်လိုက်လေ၏။ ညာလက်ညှိုးပေါ်တွင် ချည်နှောင်ထားသော ဆံချည်မျှင်သည် ချက်ချင်းစတင်လောင်ကျွမ်းလာပြီး ဖော်ပြခြင်းငှါ မစွမ်းသာသော ပြင်းထန်သည့်စွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ထိုစွမ်းအားသည် အလွန်ပြင်းထန်လှပြီး ၎င်းပေါက်ကွဲထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ဧရိယာအတွင်း ကျယ်လောင်သော ဆူညံသံများပင် ထွက်ပေါ်လာစေခဲ့သည်။ အဘွားအို ဆင့်ခေါ်လိုက်သော လောကစွမ်းအားများသည်လည်း စုမင်ထံမှ ထွက်ပေါ်လာသည့် ကြီးမားသော စွမ်းအားကို

မခံနိုင်ဟန်ဖြင့် တစ်လွှာပြီးတစ်လွှာ ပြိုကွဲပျက်စီးသွားသည်။ ပြိုကွဲသွားသော လောကစွမ်းအားများမှာ ပတ်ဝန်းကျင်ဧရိယာကို စတင်ဖြန့်ကျက်သွားကြသည်။

စုမင်အနီးရှိ ရှာမန်များအားလုံး၏ မျက်နှာအမူအယာများမှာ ချက်ချင်းဆိုသလို အပြင်းအထန် ပြောင်းလဲသွားကြသည်။ ၎င်းတို့သည် တစ်ပြိုင်နက်တည်း ဆုတ်ခွာလိုက်ကြသော်လည်း အရပ်မျက်နှာအနှံ့ ဖြန့်ကျက်လာသော အားလှိုင်းများဖြင့် ရိုက်ခတ်ခံလိုက်ရဆဲ ဖြစ်သည်။ သူတို့အားလုံး သွေးအန်လိုက်ရပြီး ကြိုးပြတ်သွားသော စွန်များသဖွယ် နောက်သို့ လွင့်စင်သွားကြလေသည်။

***

All Chapters