← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉) - ဟူရွှယ်ချိုး

“မောင်ကြီးရယ်... ခဏတာ ရှုံးနိမ့်မှုကို စိတ်ထဲ သိပ်မထားပါနဲ့ဦး၊ ဘဝဆိုတာ

လျှောက်လှမ်းရဦးမယ့် လမ်းတွေ အရှည်ကြီး ကျန်ပါသေးတယ်”

ထိုစကားသံသည် သာယာကြည်လင်လှသည်မှာ တောတောင်ထဲမှ ငှက်ငယ်ကလေးတစ်ကောင်

တေးဆိုနေသည့်နှယ်။

“မောင် နားလည်ပါတယ် ရှင်မရယ်... ဒါပေမဲ့လည်း စိတ်ကို လျှော့ချဖို့က မလွယ်လှဘူး

ဖြစ်နေတယ်” ဟု ပြန်လည် ဖြေကြားသူမှာ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းမှာ

လျိုမျိုးနွယ် ပညာရှိလုလင်ပင် ဖြစ်ပေလိမ့်မည်။

“ရှေးစကားတစ်ခု ရှိတယ် မဟုတ်လား၊ စိတ်ထားသေးသိမ်သူဟာ လူကောင်းတစ်ယောက်

မဖြစ်နိုင်သလို၊ သည်းခံနိုင်စွမ်း မရှိသူဟာလည်း

ယောက်ျားကောင်း မဟုတ်ဘူးတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် နောက်တစ်ကြိမ်

စာမေးပွဲဖြေတဲ့အခါ သူတို့ကို ထပ်တွေ့ရမှာ မဟုတ်တော့ပါဘူး။ မောင်ကြီးရဲ့

အရည်အချင်းအတိုင်းသာ အကောင်းဆုံး ဖြေဆိုခဲ့ရင် လုံလောက်ပါပြီ။ ဘေးက

ထွက်လာတဲ့ အသံတွေဆိုတာ ဟောင်နေတဲ့ ခွေးတစ်ကောင်လိုပဲ

သဘောထားလိုက်ပါ၊ ဘာမှ မဟုတ်သလို နေလိုက်ရင် အားလုံး

အဆင်ပြေသွားမှာပါ”

“ရှင်မ ပြောတာလည်း ဟုတ်တာပဲ။ ပြန်စဉ်းစားကြည့်ရင် သူတို့က မောင့်ကို

မနာလိုဖြစ်နေကြတာ။ မောင် စာမေးပွဲမှာ

အမှတ်နည်းသွားတာ မြင်တော့မှ အခွင့်ကောင်းယူပြီး

လာလှောင်ကြတာပဲ။ တကယ်တော့ သူတို့ရဲ့ စိတ်ဓာတ်ကလည်း သိပ်တော့

မဆိုးလှပါဘူး၊ မောင်ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့

ထက်မြက်မှုကို သတိမထားမိဘဲ နေခဲ့မိလို့ပါ”

“မောင်ကြီး ဒီလို တွေးနိုင်တာ ဝမ်းသာပါတယ်၊ ကျွန်မ သွားပြီး မှင်သွေးပေးပါဦးမယ်”

ထိုစကားသံကို ကြားလိုက်ရချိန်တွင် ဖန်းချန်သည် တံခါးခေါက်ကွင်းကို ကိုင်ကာ အသာအယာ

ခေါက်လိုက်တော့သည်။ အိမ်အတွင်းမှ စကားသံ တစ်ဖန် ထွက်ပေါ်လာပြန်၏။

“နားထောင်ပါဦး ရှင်မ၊ အနီးအနားက လူမမာတစ်ယောက်ယောက် တံခါးလာခေါက်တာလား မသိဘူး”

“ဟုတ်ပါရဲ့၊ ကျွန်မ သွားကြည့်လိုက်ပါဦးမယ်”

ခြေသံသဲ့သဲ့ကလေးများသည် ရင်ပြင်တော်ဆီသို့ ဦးတည်လာသည်။ တံခါးဝသို့ နီးကပ်လာလေလေ၊

ထိုခြေသံများမှာ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်လာလေလေပင်။

နောက်ဆုံးတွင် “ကျွီ” ဟူသော မြည်သံနှင့်အတူ ထူထဲသော သစ်သားတံခါးကြီး ပွင့်ဟသွားပြီး

ရိုးရှင်းသော ဝတ်စုံကို ဆင်မြန်းထားသည့် အလွန်လှပသော အမျိုးသမီးတစ်ဦး

ပေါ်ထွက်လာသည်။ သူမသည် တံခါးဝတွင် ရပ်ကာ အပြင်ဘက်သို့

အကဲခတ်ကြည့်ရှုလိုက်၏။ ဖန်းချန်ကို မြင်လိုက်ရချိန်တွင် သူမသည် ခေတ္တမျှ

မှင်တက်သွားပြီးမှ ပြုံးယောင်သန်းလျက် အသာအယာ ဦးညွှတ်

နှုတ်ဆက်လိုက်သည်။

“အရှင်... အိမ်ထဲကို ကြွပါ”

ဖန်းချန်က ခေါင်းညိတ်ပြကာ အိမ်အတွင်းသို့ လှမ်းဝင်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ သူသည် အချိန်ဆွဲမနေဘဲ ကိစ္စရပ်၏ အရင်းအမြစ်ကို တိုက်ရိုက်

ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သူသည် ဤမိစ္ဆာ၏ အမှန်တရားကို

ပထမဆုံး မြင်တွေ့ရကတည်းက သိရှိခဲ့ပြီး ဖြစ်ရာ ၎င်းမှာ ရှေ့မှောက်ရှိ

လျိုမိသားစု၏ ဇနီးသည်ပင် ဖြစ်၏။

ဤမိစ္ဆာမလေးမှာလည်း တစ်ခုခု မှားယွင်းနေသည်ကို ရိပ်မိပုံရသည်။ သူမသည်

တံခါးခေါက်သံကို ကြားရကတည်းက ထူးခြားမှုကို

ခံစားမိခဲ့ခြင်း ဖြစ်၏။ ပုံမှန်အားဖြင့် သူမသည်

တံခါးပြင်ပရှိ လူကို စိတ်အာရုံဖြင့် ကြိုတင်

သိမြင်နိုင်သော်လည်း ယနေ့တွင်မူ တံခါးဝ၌ လူမရှိသကဲ့သို့

ခံစားနေရသည်။ သို့သော် သူမနှင့် သူမ၏ ခင်ပွန်းဖြစ်သူမှာ တံခါးခေါက်သံကို

ရှင်းလင်းစွာ ကြားခဲ့ရသည် မဟုတ်ပါလား။

တံခါးဖွင့်ကြည့်လိုက်သောအခါတွင်မူ အသွင်အပြင် ခန့်ညားထည်ဝါပြီး လူသားတို့ထက်

ထူးကဲသော အရှိန်အဝါရှိသည့် ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်ရသဖြင့် သူမ၏

စိတ်အာရုံက ချို့ယွင်းသွားခြင်း မဟုတ်ဘဲ ရှေ့မှောက်ရှိ ပုဂ္ဂိုလ်မှာ ကျင့်ကြံမှု

အလွန်မြင့်မားနေခြင်းကြောင့် ဖြစ်ကြောင်း သူမ သိလိုက်ရသည်။ ဖြစ်နိုင်သည်မှာ

ထိုသူ၏ တန်ခိုးစွမ်းအားမှာ သူမထက် ငါးဆ၊ ဆယ်ဆခန့်ပင်

သာလွန်နေပေလိမ့်မည်။

လျိုမျိုးနွယ် ပညာရှိလုလင်သည်လည်း ဧည့်သည်ကို ဆီးကြိုရန် ထွက်လာခဲ့သည်။ သူသည်

လူမမာကို ကြည့်ရှုပေးရန် ပြင်ဆင်ထားသော်လည်း ဇနီးဖြစ်သူက

ကျန်းမာသန်စွမ်းသော သူတစ်ဦးကို ခေါ်ဆောင်လာသည်ကို

မြင်သောအခါ အံ့အားသင့်သွားရ၏။ သူသည် အခြေအနေကို ရိပ်မိသဖြင့်

စကားမဆိုသေးဘဲ ဖန်းချန်ကို အိမ်အတွင်းသို့

ဖိတ်ခေါ်လိုက်သည်။

သုံးဦးသား နေရာယူပြီးနောက် လျိုမိသားစု၏ ဇနီးသည်က လက်ဖက်ရည်ကို ကမ်းပေးရင်း...

“အရှင်... လက်ဖက်ရည် မြည်းစမ်းပါဦး” ဟု တိုးတိုးလေး ဆိုလိုက်သည်။

လေထုမှာ အနည်းငယ် တင်းမာနေသဖြင့် ဖန်းချန်ကပင် စတင်ကာ ပြုံး၍ ဆိုလိုက်၏။

“ဒါက ဆေးကုတဲ့ အိမ်လားဗျ၊ ဘာလို့ နေ့ခင်းကြောင်တောင် တံခါးကြီး ပိတ်ထားပြီး

ဆိုင်းဘုတ်လည်း မချိတ်ထားရတာလဲ”

ပညာရှိလုလင်က ပြန်လည် ဖြေကြားသည်မှာ... “ကျွန်တော့် မိသားစုက သားစဉ်မြေးဆက်

ဆေးကုလာခဲ့ကြပေမဲ့ ကျွန်တော်ကတော့ ပညာသင်ကြားပြီး အရာရှိလမ်းစဉ်ကို

ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော် စာကြည့်နေတုန်း အနှောင့်အယှက် ဖြစ်မှာစိုးလို့ ရှင်မက

ဆိုင်းဘုတ်ဖြုတ်ပြီး တံခါးပိတ်ထားပေးတာပါ။ အခုတော့ ရပ်ကွက်ထဲက လူရင်းတွေပဲ လာပြီး

ဆေးကုကြပါတော့တယ်”

ထို့နောက် သူသည် မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်ကို စိုက်ကြည့်ကာ...

“ဒီဧည့်သည်တော်က အခုလို ရောက်လာတာဟာ နည်းနည်းတော့

ထူးဆန်းနေသလိုပဲ၊ ဘယ်လို ခေါ်ရမလဲဆိုတာ သိပါရစေဦး”

“ကျွန်တော့်နာမည်က ဖန်းချန်ပါ၊ ဒီအတိုင်းပဲ ခေါ်နိုင်ပါတယ်”

“ကျွန်တော်ကတော့ လျိုရှုဝမ်ပါ၊ ဒါကတော့ ကျွန်တော့်ရဲ့ ဇနီးပါ” ဟု ပညာရှိက

လက်အုပ်ချီ မိတ်ဆက်သည်။

ဖန်းချန်ကလည်း လိုရင်းကို တိုက်ရိုက်ပင် ဆိုလိုက်၏။

“ကျွန်တော် ဒီကို ရောက်လာတာက ဟွိုင်ဖုန်းမြို့ထဲမှာ ထူးဆန်းတဲ့ အငွေ့အသက်တွေ

ခံစားမိလို့ပါ။ ဒီကနေ ဆေးကုပြီး ပျောက်ကင်းသွားတဲ့သူတွေဟာ တကယ့်ကို

ထူးခြားတဲ့ ကုသမှုတွေ ရရှိခဲ့ကြတာပဲနော်”

လျိုရှုဝမ်သည် ထက်မြက်သူတစ်ဦးဖြစ်သလို ပွင့်လင်းသော စိတ်ထားရှိသူလည်း ဖြစ်သည်။

သူသည် ဖန်းချန်၏ စကားကို ကြားသောအခါ ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ

တည်ငြိမ်စွာပင် မေးလိုက်သည်။

“ခင်ဗျား မြင်နိုင်တာလား”

“ဟုတ်ပါတယ်” ဖန်းချန်က ခေါင်းညိတ်ပြရင်း ဆက်လက်၍... “ကျွန်တော့် မိတ်ဆွေရဲ့

ဇနီးသည်ဟာ သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတာ၊ ဒါမှမဟုတ် လူသားတစ်ယောက်

မဟုတ်ဘူးဆိုတာကိုရောပေါ့”

လျိုရှုဝမ်မှာ နှုတ်ဆိတ်သွားတော့သည်။

ဇနီးဖြစ်သူကမူ နောက်ဘက်မှ အသာအယာ ဦးညွှတ်ကာ... “အမှန်အတိုင်း ဝန်ခံရရင် ကျွန်မရဲ့

အမည်က ‘ဟူရွှယ်ချိုး’ ပါ၊ လူသားစစ်စစ် တစ်ယောက်တော့ မဟုတ်ပါဘူး” ဟု ဆိုလိုက်၏။

ဖန်းချန်သည် ထိုနှစ်ဦး၏ ရိုးသားမှုကို လေးစားမိသွားသည်။ သူက... “ကျင့်ကြံသူတွေဟာ

လူ့လောကထဲမှာ အတွေ့အကြုံ ယူတတ်ကြတာဟာ မဆန်းပါဘူး။ ဒါပေမဲ့ ဘာဖြစ်လို့

ဟွိုင်ဖုန်းမြို့ တစ်မြို့လုံးကို မိစ္ဆာအငွေ့အသက်တွေနဲ့

ဖုံးလွှမ်းသွားအောင် လုပ်နေရတာလဲ” ဟု မေးလိုက်သည်။

“ကျင့်ကြံသူတွေဆိုတာ တစ်ခါတစ်ရံမှာ မလိုအပ်ဘဲ ဝင်ရောက် စွက်ဖက်တတ်ကြတယ်ဆိုတာ

မမေ့ပါနဲ့ဦး။ အကယ်၍ တစ်နေ့မှာ အမှားအမှန် မခွဲခြားတတ်တဲ့

ပညာရှင်တစ်ယောက်က ခင်ဗျားကို နှိမ်နင်းဖို့ ဒါမှမဟုတ်

ဓားနဲ့ ပိုင်းဖြတ်ဖို့ ကြိုးစားလာရင်တော့ အကြောင်းပြချက် ပေးဖို့တောင်

အချိန်ရမှာ မဟုတ်ဘူး”

“ဒါ ကျွန်မရဲ့ အမှားပါပဲ”

မိစ္ဆာမလေးက သူမ၏ အတိတ်အကြောင်းကို စတင် ပြောပြတော့သည်။

ဤမိစ္ဆာမလေး ဟူရွှယ်ချိုးသည် မြေခွေးမိစ္ဆာတစ်ကောင် ဖြစ်ပြီး အဖြူရောင်

မြေခွေးတစ်ကောင်ပင် ဖြစ်၏။ လူသားနှင့် မြေခွေးတို့၏

ချစ်ဇာတ်လမ်းဟု ဆိုသော်လည်း တစ်ဦးကိုတစ်ဦး ကယ်တင်ခဲ့ကြသည့်

ထူးထူးခြားခြား ဖြစ်ရပ်မျိုးတော့ မရှိခဲ့ပေ။ လျိုရှုဝမ်သည်

ခရီးထွက်ရင်း သူမနှင့် ဆုံတွေ့ခဲ့ရာ သူမ၏ ရုပ်ရည်နှင့် အကျင့်စာရိတ္တကို

သဘောကျခဲ့ပြီး သူမကလည်း ပညာရှိလုလင်၏ နူးညံ့သိမ်မွေ့မှုကို နှစ်သက်ခဲ့ခြင်းသာ

ဖြစ်သည်။

ဤသို့ဖြင့် သူတို့နှစ်ဦးမှာ အောင်သွယ်မပါဘဲ လက်ထပ်ခဲ့ကြသည်။ လျိုရှုဝမ်သည် မိမိ၏

ဇနီးမှာ မြေခွေးမိစ္ဆာ ဖြစ်ကြောင်း သိရှိသော်လည်း စိတ်ထဲမထားဘဲ ပျော်ရွှင်စွာ

နေထိုင်ခဲ့ကြသည်။

ဟူရွှယ်ချိုးသည် ဆေးခန်းကို ပိတ်ထားခဲ့ခြင်းမှာ ခင်ပွန်းဖြစ်သူ စာကြည့်ရာတွင်

အနှောင့်အယှက် မဖြစ်စေရန်သာမက ခင်ပွန်းဖြစ်သူ အပြင်သို့

ထွက်သွားချိန်တွင်လည်း လူမမာများကို

မဧည့်ခံနိုင်သောကြောင့် ဖြစ်သည်။ သို့သော်

အိမ်နီးနားချင်းများ၏ ရောဂါဝေဒနာများကို မြင်တွေ့ရသောအခါ

စိတ်နူးညံ့တတ်သော သူမသည် မကူညီဘဲ မနေနိုင်ခဲ့ပေ။

သူမသည် မိစ္ဆာအတတ်ပညာကို အသုံးပြုကာ လူမမာများကို ကုသပေးခဲ့ရာ အချို့သော

ရောဂါများမှာ သိသိသာသာ သက်သာပျောက်ကင်းသွားခဲ့သည်။

ဤသို့ဖြင့် လျိုမိသားစု၏ ဇနီးသည်မှာ ဆေးကုအလွန်တော်သည်ဟူသော

သတင်းမှာ ပြန့်နှံ့သွားခဲ့ပြီး လူမမာများမှာလည်း တစ်စတစ်စ

တိုးပွားလာခဲ့တော့သည်။

မိစ္ဆာအတတ်ပညာကို အသုံးပြုခြင်းမှာ သဘာဝတရားနှင့် မညီညွတ်သဖြင့်

မိစ္ဆာအငွေ့အသက်များ ကျန်ရစ်နေခဲ့ခြင်းမှာ

ရှောင်လွှဲ၍ မရနိုင်ပေ။ ဟူရွှယ်ချိုးက မည်မျှပင် ဂရုတစိုက် ထိန်းချုပ်ထားပါစေ၊

တန်ခိုးစွမ်းအားရှိသူတို့၏ အမြင်တွင်မူ ထင်ရှားနေဆဲပင်။

ဖန်းချန်က ခေါင်းညိတ်ရင်း... “အခုမှပဲ အကြောင်းစုံ သိရတော့တယ်” ဟု ဆိုလိုက်သည်။

ဟူရွှယ်ချိုးက သက်ပြင်းချလျက်... “အခုတော့ ဒါဟာ တကယ်ကို အန္တရာယ်များနေပြီဆိုတာ

သိလိုက်ရပါပြီ။ ဒီအငွေ့အသက်ကို မြင်နိုင်တဲ့ ကျင့်ကြံသူတွေဟာ

နည်းပါးလှပေမဲ့ မြင်နိုင်တဲ့သူတိုင်းဟာ

တန်ခိုးကြီးမားတဲ့ ပုဂ္ဂိုလ်တွေချည်းပါပဲ။

အရှင်ဖန်းလိုမျိုးပေါ့။ ကံကောင်းချင်တော့ အရှင်က

အကျိုးအကြောင်း သိတတ်တဲ့သူ ဖြစ်နေလို့သာပေါ့၊

မဟုတ်ရင်တော့ ကျွန်မကို သတ်ဖို့ပဲ ကြိုးစားကြမှာပါ” ဟု ဆိုသည်။

ဖန်းချန်က ပြုံး၍... “ဒါပေါ့၊ ခင်ဗျားတို့ ကံကောင်းတယ်လို့ ဆိုရမယ်။ ကျွန်တော်က

အကြောင်းပြချက်မရှိဘဲ သတ်ဖြတ်တတ်တဲ့သူ မဟုတ်ပါဘူး။ မောင်လျိုကိုယ်တိုင်ကလည်း

ခင်ဗျားကို လက်ခံထားတယ်ဆိုမှတော့ စကားပြောရတာ အများကြီး လွယ်ကူသွားတာပေါ့” ဟု

ဆိုလိုက်၏။

မြေခွေးမိစ္ဆာမလေးက အလေးအမြတ် ဦးညွှတ်ကာ...

“အရှင် မြင်နိုင်မှာပါ၊ ကျွန်မရဲ့ ခင်ပွန်းမှာရှိတဲ့ ဖြောင့်မတ်တဲ့ အရှိန်အဝါဟာ

မိစ္ဆာတွေအတွက် ဘေးဒုက္ခတွေကို တားဆီးပေးနိုင်သလို ဆွဲဆောင်မှုလည်း

ရှိလှပါတယ်။ ဒီအရှိန်အဝါကြောင့်ပဲ ဘေးက မိစ္ဆာအငွေ့အသက်တွေ

သူ့အပေါ် သက်ရောက်မှု မရှိနိုင်သလို မကောင်းတဲ့ စိတ်ထားရှိတဲ့

မိစ္ဆာတွေလည်း သူ့အနားကို ကပ်နိုင်မှာ မဟုတ်ပါဘူး”

“အင်း...”

ဖန်းချန်က ခေါင်းညိတ်လိုက်သည်။ သူသည် လျိုရှုဝမ်ကို ကြည့်လိုက်ရာ စိတ်နေစိတ်ထားမှာ

ကြည်လင်သန့်ရှင်းနေပြီး မိစ္ဆာ၏ ပြုစားမှုကို ခံထားရသည့် လက္ခဏာ တစ်စုံတစ်ရာမျှ

မရှိသည်ကို တွေ့ရသည်။ ဤဟူရွှယ်ချိုးမှာလည်း ခံ့ညားထည်ဝါသော

အပြုအမူရှိသဖြင့် မိစ္ဆာဟု ခေါ်ရန်ပင်

ခက်ခဲလှပေသည်။ အနည်းဆုံးတော့ ယခုတစ်ခေါက်တွင်

မိစ္ဆာနှိမ်နင်းရန် မလိုအပ်တော့ပေ။

“ဒါပေမဲ့...” ဖန်းချန်က မိစ္ဆာမလေးကို ကြည့်ကာ အနည်းငယ် သံသယဖြစ်ဟန်ဖြင့်

မေးလိုက်သည်။ “ခင်ဗျားရဲ့ သက်တမ်းက နောက်ထပ် နှစ်တစ်ရာလောက်ပဲ

ကျန်တော့တာနော်။ ကျင့်ကြံခြင်းလမ်းစဉ်ကို ဒီအတိုင်းပဲ စွန့်လွှတ်လိုက်ရတာ

နောင်တမရဘူးလား”

ဟူရွှယ်ချိုးက ပြုံးလျက်ပင် ပြန်ဖြေလိုက်၏။

“ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းအတွက်တော့ ကျွန်မ ဘယ်တော့မှ နောင်တမရပါဘူး။

လူသားတစ်ယောက်အဖြစ် ရှင်သန်ရတာက တကယ်ကို စိတ်ချမ်းမြေ့စရာ

ကောင်းလို့ပါ”

အခန်း (၆၀) - စကားပုံများကို အလွဲသုံးစား မပြုရ

မြေခွေးဖြူမလေးသည် သူမ၏ ခင်ပွန်းကို ကြည့်ကာ ကြည်နူးစွာ ပြုံးလိုက်ပြီးနောက်...

“မိဘတို့ရဲ့ ဝတ္တရားတွေ၊ နေ့စဉ်ဘဝရဲ့ လိုအပ်ချက်တွေ၊ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း...

ဒီလို သာမန်လောကီကိစ္စတွေမှာလည်း သူ့ဟာနဲ့သူ ကုန်ဆုံးနိုင်စရာမရှိတဲ့ အရသာတွေ

ရှိပါတယ်ရှင်။ ဒီအရသာတွေထဲမှာ နစ်မျောနေရတာဟာလည်း စိတ်ချမ်းမြေ့စရာ

တစ်မျိုးပါပဲ”

“ကျွန်မကတော့ ကိုယ်လျှောက်မယ့်လမ်းကို ရှာတွေ့သွားပါပြီ။ ဒီလမ်းကြောင်းကိုပဲ

ရွေးချယ်ခဲ့သလို အခုလည်း အလွန်ပဲ သဘောကျမိပါတယ်။ ဒီတော့

နောင်နှစ်ပေါင်း တစ်ရာကြာလို့ အိုမင်းပြီး

သေဆုံးသွားရမယ်ဆိုရင်လည်း ဘာနောင်တရစရာ ရှိမှာလဲ”

ဖန်းချန်သည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်၍ ပြုံးပြလိုက်သည်။

မိစ္ဆာသတ္တဝါတို့သည် တရားအလင်းပွင့်ပြီး ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့

တက်လှမ်းလိုက်ပါက သာမန်ထက် ဆယ်ဆ၊ အဆတစ်ရာမကသော

သက်တမ်းကို ပိုင်ဆိုင်ကြရသည်။ ဥပမာအားဖြင့် ဆယ်နှစ်ကျော်သာ

အသက်ရှင်နိုင်သော မြေခွေးတစ်ကောင်သည် တရားရရှိသွားပါက နှစ်ပေါင်း

ရာနှင့်ချီ၍ အသက်ရှည်နိုင်ပြီး ကျင့်ကြံမှု မြင့်မားလာပါက

နှစ်ပေါင်း ထောင်ချီ၍ပင် ရှင်သန်နိုင်ကြသည်။

သို့သော်လည်း လူအသွင်သို့ ပြောင်းလဲနိုင်သည့် အဆင့်သို့ ရောက်ရှိသွားချိန်တွင်မူ

၎င်းတို့၏ သက်တမ်းမှာ သာမန်လူသားတို့ထက် အနည်းငယ်သာ ပို၍ ရှည်ကြာတော့သည်။

ထိုအချိန်တွင် လူအသွင်ပြောင်းထားသော မိစ္ဆာအများစုသည် လူ့လောကထဲသို့

ဝင်ရောက်ကာ လောကီရေးရာများကို အတွေ့အကြုံ ယူလေ့ရှိကြသည်။ ၎င်းမှာ

ကျင့်ကြံမှုကို မြှင့်တင်ရန်အတွက် ဖြစ်၏။ လောကီအရေးအရာ

အသေးအဖွဲကလေးများထဲတွင်ပင် စစ်မှန်သော

တရားသဘောများ ကိန်းအောင်းနေတတ်သဖြင့် ကျင့်ကြံသူကြီးများနှင့်

မိစ္ဆာကြီးများမှာ လူ့လောကထဲသို့ တစ်ဦးပြီးတစ်ဦး

ဝင်ရောက်လာကြခြင်း ဖြစ်သည်။ ဤသည်ကို ကြည့်ခြင်းဖြင့်

ကောင်းကင်နှင့် မြေကြီးသည် ခပ်သိမ်းသော သတ္တဝါတို့၏

အထွတ်အထိပ်ဖြစ်သော လူသားတို့အပေါ်တွင် တိတ်တဆိတ် မျက်နှာသာပေးထားကြောင်း

သိသာလှပေသည်။

သို့သော် ဤမြေခွေးဖြူမလေးကမူ ကျင့်ကြံခြင်းလမ်းစဉ်ကို အလုံးစုံ စွန့်လွှတ်လိုက်ပြီး

ယခုလက်ရှိဘဝနှင့် အဆင့်အတန်းအပေါ်မှာပင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားပုံရသည်။

ဤသည်မှာ ပထမဆုံး ဖြစ်ရပ် မဟုတ်သလို နောက်ဆုံးလည်း ဖြစ်လိမ့်မည် မဟုတ်ပေ။

ဖန်းချန်၏ အမြင်တွင်မူ ယခု မျက်မှောက်၌ရှိသော အမျိုးသမီးသည် မူလက

မြေခွေးဖြူတစ်ကောင် ဖြစ်ခဲ့သော်လည်း သူမ၏

လမ်းစဉ်မှာ မှားယွင်းနေခြင်း မဟုတ်ပေ။ သူမတွင် မိစ္ဆာအရှိန်အဝါများ

အားနည်းနေသော်လည်း တရားသဘောနှင့်မူ ကင်းကွာမနေပါချေ။

တရားကို သွားရာလမ်းမှာ တစ်ကြောင်းတည်းသာ ရှိသည်ဟု မည်သူက ဆိုနိုင်အံ့နည်း။

နဂိုမူလ အနှစ်သာရမှာ အတူတူပင် ဖြစ်သော်လည်း သွားရာလမ်းမှာမူ ထောင်သောင်းမက

ရှိလှပေသည်။ တစ်နည်းအားဖြင့် ဆိုရသော် ဤမြေခွေးမလေးသည်

လမ်းဖြတ်မှ သွားနေခြင်းဖြစ်ပြီး တရားကိုပင် ရရှိသွားပြီဟု

ဆိုနိုင်ပေသည်။ ၎င်းပြင် သူမ၏ ကျင့်ကြံခြင်းလမ်းမှာလည်း

ပြတ်တောက်သွားခြင်း မဟုတ်ဘဲ နောင်နှစ်ပေါင်း

တစ်ရာအကြာ သက်တမ်းကုန်ဆုံးချိန်တွင် သူမ၏ စိတ်အခြေအနေမှာ အထွတ်အထိပ်သို့

ရောက်ရှိသွားပါက ကျင့်ကြံမှုမှာ တစ်ဟုန်ထိုး တိုးတက်လာပြီး သုခဘုံသို့

ရောက်ရှိနိုင်မည့် အခွင့်အရေးလည်း ရှိနေသေးသည် မဟုတ်ပါလား။

“မမဟူကတော့ တကယ့်ကို ကံထူးသူပါပဲ၊ တရားဆိုတာ အဲဒီထဲမှာပဲ ရှိတာပေါ့”

ဖန်းချန်သည် ဟူရွှယ်ချိုးကို ကြည့်ကာ သက်ပြင်းချရင်း ဆိုလိုက်ပြီး နောက်ထပ် ဘာမှ

ဆက်မပြောတော့ပေ။ သူသည် စကားလမ်းကြောင်းကို ပြောင်းကာ အနည်းငယ်

မေးမြန်းစုံစမ်းပြီးနောက် လက်ဖက်ရည်ကို

တစ်ငုံတည်းဖြင့် သောက်လိုက်ကာ လျိုရှုဝမ် ဇနီးမောင်နှံကို

နှုတ်ဆက်၍ ဆေးရနံ့များ သင်းပျံ့နေသော ထိုအိမ်ကလေးထဲမှ

ထွက်ခွာလာခဲ့တော့သည်။

…

လျိုမိသားစု ဇနီးမောင်နှံမှာ ဖန်းချန် ထွက်ခွာသွားသည်ကို လိုက်လံကြည့်ရှုရင်း

အခန်းထဲသို့ ပြန်ဝင်ကာ စကားဆိုကြသည်။

“ရှင်မ... အခုနက ဖန်းချန်ဆိုတာ ဘယ်သူလဲဟင်”

ဤလူ၏ နောက်ခံအကြောင်းကို လျိုရှုဝမ်မှာ အစအဆုံး ဝေခွဲမရ ဖြစ်နေခဲ့သည်။ သူ

သိလိုက်ရသည်မှာ ဤလူသည် အလွန်တန်ခိုးကြီးသူ ဖြစ်ပြီး မိမိ၏

မိစ္ဆာဇနီးသည်အတွက် ရောက်လာခြင်း ဖြစ်ပုံရသည် ဟူသောအချက်သာ ဖြစ်၏။

“ကျွန်မလည်း မသိဘူး မောင်ကြီး” ဇနီးသည် ဟူရွှယ်ချိုးမှာလည်း ဝေခွဲမရ ဖြစ်နေရှာသည်။

သူမသည်လည်း သူမ၏ ခင်ပွန်းထက် ပို၍ မသိပါချေ။

သူမသည် ခေတ္တမျှ စဉ်းစားပြီးနောက် မျက်မှောင်ကလေးကြုတ်ကာ လျိုရှုဝမ်ကို

ဆိုလိုက်သည်။ “မောင်ကြီး... ကျွန်မ သေချာပေါက် ပြောနိုင်တာ

တစ်ခုကတော့ ဒီဖန်းချန်ဆိုတဲ့သူဟာ တကယ့်ကို ကျင့်ကြံသူတစ်ယောက်ပဲ၊ သူ့ရဲ့

တန်ခိုးကလည်း အတိုင်းအဆမရှိ မြင့်မားတယ်”

“အင်း... မောင် သတိထားမိပါတယ်၊ ရှင်မက သူ့ကို ‘အရှင်’ လို့ ခေါ်တာတောင် သူက

ငြင်းဆိုခြင်း မရှိဘူးဆိုတော့ သူဟာ တကယ့်ကို နတ်သူငယ်တစ်ပါး

ဖြစ်မှာပါ”

ဟူရွှယ်ချိုးက ခေါင်းညိတ် ထောက်ခံသည်။

“ကျွန်မရဲ့ နှစ်ပေါင်း ရာနဲ့ချီတဲ့ ကျင့်ကြံမှုသက်တမ်းတစ်လျှောက်မှာ ဒီလိုလူမျိုး

တစ်ခါမှ မတွေ့ဖူးဘူး။ လူကိုတော့ မျက်စိနဲ့ အထင်အရှား မြင်နေရပေမဲ့ ကျွန်မရဲ့

စိတ်အာရုံထဲမှာတော့ အဲဒီနေရာမှာ လူရှိမနေသလိုပဲ ဖြစ်နေတာ။ ဒါဟာ တကယ်ကို

မယုံနိုင်စရာပဲ”

“ပြီးတော့ သူ့ကို ကြည့်လိုက်ရင် လောကဓမ္မတာတွေနဲ့ သဘာဝတရားရဲ့ အနှစ်သာရတွေကို

သူ့ဆီကနေ မြင်နေရသလိုပဲ။ သူ့ရဲ့ ကျင့်ကြံမှုက ဘယ်လောက်အထိ

မြင့်မားနေမလဲဆိုတာ မှန်းဆလို့တောင် မရဘူး။

ကံကောင်းလို့သာ သူက အေးအေးဆေးဆေး ရှိနေတာ၊

မဟုတ်ရင်တော့...”

သူမသည် စကားကို ဆက်မပြောတော့သော်လည်း လျိုရှုဝမ်မှာ ဇနီးသည် ပြောလိုသည့်

အဓိပ္ပာယ်ကို နားလည်လိုက်သည်။ အကယ်၍ ခုနကသာ

တိုက်ပွဲဖြစ်ခဲ့ကြလျှင် သူတို့ ဇနီးမောင်နှံမှာ

ခွဲခွာကြရမည်၊ သို့မဟုတ် ငရဲသို့ အတူတူ သွားကြရမည် ဖြစ်ကြောင်း သူ

ရိပ်မိလိုက်သည်။

လျိုရှုဝမ်က သက်ပြင်းချကာ... “ဒါကို ကြည့်ရင် အရှင်ဖန်းဟာ တကယ့်ကို ကိုယ်ကျင့်တရား

မြင့်မားတဲ့သူပဲ။ ပုံပြင်တွေထဲကလို စိတ်သဘောထား သေးသိမ်တဲ့သူ မဟုတ်လို့သာ ငါတို့

ဇနီးမောင်နှံ အခုလို ဘေးကင်းခဲ့တာ” ဟု ဆိုသည်။

မြေခွေးဖြူမလေးက ပါးစပ်ကလေးကို ပိတ်ကာ ပြုံးလိုက်ရင်း... “မောင်ကြီးရယ်...

ပုံပြင်စာအုပ်တွေကို သိပ်မယုံပါနဲ့။ အဲဒါတွေက

လူသားစာပေပညာရှင်တွေက သူတို့ရဲ့ အတွေးနဲ့

စိတ်ကူးတွေအတိုင်း ရေးထားတာတွေပဲလေ။ စာအုပ်ထဲမှာတော့ နတ်ဖြစ်ဖြစ်၊

မိစ္ဆာဖြစ်ဖြစ် အားလုံးဟာ လူသားတွေလိုပဲ ပြုမူနေကြတာပဲ

မဟုတ်လား”

“ဟားဟား... ရှင်မ ပြောတာလည်း ဟုတ်တာပဲ”

“ဒါပေမဲ့ အခုနကတော့ တကယ်ကို စိုးရိမ်စရာ ကောင်းခဲ့တာပါ။ သူက ဘာသတိပေးချက်မှ မရှိဘဲ

ရုတ်တရက် ရောက်လာတာဆိုတော့ ကျွန်မလည်း အတော်လေး စိတ်ပူသွားခဲ့ရတယ်။ ကံကောင်းတာက

မောင်ကြီးက စိတ်သဘောထား ပွင့်လင်းပြီး ဖြောင့်မတ်သူ ဖြစ်နေလို့သာ

ဘေးကင်းခဲ့တာပါ” ဟု မမဟူက ထိတ်လန့်တုန်လှုပ်စွာ

ဆိုရှာသည်။

ပညာရှိ လျိုရှုဝမ်က တစ်စုံတစ်ခုကို သတိရသွားပြီး... “ဒါနဲ့ ရှင်မ... ရှင်မက

အရှင်ဖန်းကို ပြောလိုက်တာ မောင့်မှာ ဖြောင့်မတ်တဲ့ အရှိန်အဝါရှိတယ်

ဆိုလား၊ အဲဒါက ဘာကို ပြောတာလဲဟင်”

ဇနီးသည်က ပြုံးလိုက်သော်လည်း အကျယ်တဝင့် မရှင်းပြတော့ဘဲ “မောင်ကြီးကို

ချီးကျူးလိုက်တာပါ” ဟုသာ ဆိုလိုက်သည်။

ထို့နောက် သူမက စကားလမ်းကြောင်း ပြောင်းကာ... “ဒါပေမဲ့ အရှင်ဖန်း နောက်ဆုံး

မှာကြားသွားတဲ့ ကိစ္စကတော့ ကျွန်မတို့အတွက် အတော်လေး အရေးကြီးတယ်။

အကယ်၍ တခြားကျင့်ကြံသူတစ်ယောက်သာ ရောက်လာရင် ဘာတွေ ဖြစ်ကုန်မလဲ မသိဘူးလေ”

ဖန်းချန် ထွက်သွားခါနီးတွင် ဘေးကင်းစေရန်အတွက် “နောင်ကို မိစ္ဆာအတတ်နဲ့

လူမကုပါနဲ့တော့၊ ဆေးပညာကိုပဲ သေချာ လေ့လာပါ” ဟု

မှာကြားသွားခဲ့ရာ မိစ္ဆာမလေးမှာလည်း ထိုစကားကို

အလေးအမြတ် ထားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“ဒါပေါ့ ရှင်မရယ်... ကိုယ့်အသက်ကို အန္တရာယ်ဖြစ်စေမယ့် အလုပ်မျိုးတော့

မလုပ်သင့်ပါဘူး။ ကျွန်တော်တို့မှာ လျှောက်လှမ်းရဦးမယ့်

ဘဝလမ်းတွေ အရှည်ကြီး ရှိပါသေးတယ်။ သားသမီးတွေ ယူရဦးမယ်၊ သူတို့ကို

စာသင်ပေးရဦးမယ်၊ အိုမင်းတဲ့အခါမှာလည်း မြေးတွေနဲ့အတူ

ပျော်ရွှင်ရဦးမယ်... ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ် ဘေးကင်းဖို့က အဓိကပါပဲ”

လျိုမိသားစု၏ ဇနီးသည် ဟူရွှယ်ချိုးက ပြုံးနေရာမှ တည်ငြိမ်သွားပြီး လေးနက်စွာ

ဆိုလိုက်၏။

“မောင်ကြီးကတော့ စာကိုပဲ သေချာ ကြိုးစားပါ။ ဆေးပညာပိုင်းကိုတော့ ကျွန်မ

တာဝန်ယူပါ့မယ်။ ရပ်ကွက်ထဲက လူတွေကို ဘယ်လိုမျိုး

အေးအေးဆေးဆေး ငြင်းရမလဲဆိုတာကိုလည်း ကျွန်မ စီစဉ်ထားပြီးသားပါ။

အကယ်၍ မောင်ကြီးသာ နောက်တစ်ခါ စာမေးပွဲ အောင်မြင်ခဲ့ရင်တော့ အခုရှိနေတဲ့ ပြဿနာတွေ

အကုန်လုံး ပြေလည်သွားမှာပါ”

“ကောင်းပါပြီ”

လျိုရှုဝမ်က ခေါင်းညိတ်လိုက်သည်။ သူသည် ဇနီးသည်၏ ဆန္ဒကို သိရှိပြီးဖြစ်ရာ

မိမိဘက်မှလည်း အစွမ်းကုန် ကြိုးစားရန် ဆုံးဖြတ်လိုက်တော့သည်။

…

လမ်းကြားထဲမှ ထွက်လာပြီးနောက် ဖန်းချန်သည် ခါးရှိ ဝါးကျည်တောက်ကို ဖြုတ်ကာ အရက်ကို

တစ်ငုံကြီး သောက်လိုက်သည်။ ခုနက ပုံပြင်လေးက တကယ်ကို ကောင်းလှသဖြင့် အရက်နှင့်

အလွန်ပင် လိုက်ဖက်လှပေသည်။

မြေခွေးဖြူမလေး၏ လွတ်လပ်ပေါ့ပါးသော စိတ်နေစိတ်ထားမှာ ဖန်းချန်ကို တစ်စုံတစ်ရာ

ခံစားရစေသဖြင့် သူ၏ ကျင့်ကြံမှုမှာလည်း အနည်းငယ် တိုးတက်လာခဲ့သည်။

အမှန်စင်စစ် လူအသွင် ပြောင်းလဲနိုင်သူမှာ တကယ့်

မိစ္ဆာကြီးတစ်ကောင်ပင် ဖြစ်၏။ အကယ်၍

ခုနကသာ တိုက်ပွဲဖြစ်ခဲ့ကြလျှင် ဖန်းချန်အနေဖြင့် အသာစီးရရန် မလွယ်ကူလှသလို

သာမန်လူသား ဖြစ်သော လျိုရှုဝမ်အတွက်လည်း စိုးရိမ်ရပေလိမ့်မည်။ သို့သော်

ဖန်းချန်အနေဖြင့်မူ ဘေးကင်းစွာ ထွက်ခွာနိုင်မည်ကို

မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိလှပေသည်။

“အရှင်... ထွက်လာပြီလား”

ခုနက ကောင်လေးမှာ အပြေးအလွှား ရောက်လာပြီး လက်ထဲမှ စက္ကူထုပ်ကလေးကို ကမ်းပေးသည်။

“ဘာဖြစ်လို့လဲ မောင်လေးရဲ့... ဘာကိစ္စရှိလို့လဲ”

“ကျွန်တော်... ကျွန်တော် အိမ်ပြန်ရောက်တော့ ဆရာ့ကို ‘တန်ဖိုးတူ လဲလှယ်ခြင်း’

အကြောင်း ပြောပြလိုက်တာနဲ့ ဆူခံလိုက်ရတယ်ဗျ။ ဆရာက ပြောတယ်...

သူတစ်ပါးကို လမ်းညွှန်ပေးတာဟာ လူမှုရေး ဝတ္တရားပဲတဲ့။

စကားပုံတွေကို အလွဲသုံးစား မလုပ်ရဘူးလို့လည်း

ဆုံးမလိုက်တယ်။ အဲဒါကြောင့် ဒီမုန့်တွေကို ပြန်ပေးရမှာပါ”

“…”

ဖန်းချန်က ပြုံးလိုက်ပြီး နှမ်းကပ်မုန့်ထုပ်ကို ယူကာ တစ်ခုထုတ်၍ ကောင်လေးအား

ပြန်ကမ်းပေးလိုက်သည်။ “ဒါက တန်ဖိုးတူ လဲလှယ်တာ မဟုတ်ပါဘူး၊ မောင်လေးနဲ့

ငါနဲ့ ဆုံရတဲ့ ကံတရားကြောင့် ပေးတာပါ။ စားလိုက်ပါ”

“တကယ်လား... ရပါ့မလား”

“စိတ်မပူပါနဲ့၊ မင်းရဲ့ ဆရာလည်း ဆူမှာ မဟုတ်ပါဘူး။ စားလိုက်ပါ”

“ကျေးဇူးတင်ပါတယ်”

ကောင်လေးမှာ ဝမ်းသာသွားပြီး လက်ပေါ်က နာကျင်မှုတွေကိုပင် မေ့သွားကာ မုန့်ကို

မြိန်ယှက်စွာ ကိုက်စားနေတော့သည်။ သူ၏ မျက်နှာလေးမှာလည်း

ကျေနပ်မှုများဖြင့် ပြည့်နှက်နေတော့သည်။

All Chapters