အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
အခန်း (၅၁) - တောင်ကောင်းရေကောင်း မင်္ဂလာမြေ
ဖန်းချန်သည် ကြေးဂေါ်ပြားတစ်လက်ကို ထမ်းကာ စမ်းချောင်းဆီသို့
လျှောက်လှမ်းလာခဲ့သည်။
သူသည် မြေမျက်နှာသွင်ပြင်နှင့် မိမိ၏ ဝါးတဲလေး တည်ရှိရာ အရပ်မျက်နှာကို ကြည့်ကာ
နှိုင်းယှဉ်ကြည့်လိုက်သည်။ ထို့နောက် စမ်းချောင်းမှ စတင်ကာ
ကမ်းပါးယံအစွန်းအထိ မြေပြင်ပေါ်တွင် ဂေါ်ပြားဖြင့်
မျဉ်းတစ်ကြောင်း ဆွဲလိုက်၏။
နတ်သူငယ်ကမ်းပါး၏ အောက်ခြေတွင် တိမ်တိုက်နှင့် မြူခိုးများ မှိုင်းဝေနေသည်။
ကမ်းပါးယံတွင် ပေါက်ရောက်နေသော လက်ဖက်ပင်အချို့၏ ကိုင်းညွတ်များမှာ
အထက်သို့ ဦးမော့နေကြသည်။ ကမ်းပါးအစွန်းတွင် ရပ်ကာ အောက်ဘက်သို့ ငုံ့ကြည့်ပြီးနောက်
သူသည် ခေါင်းညိတ်လိုက်ပြီး ခါးကို ကိုင်းကာ ဂေါ်ပြားဖြင့် စတင်တူးဆွတော့သည်။
ရေခပ်ရန် စမ်းချောင်းဆီသို့ အမြဲတမ်း သွားနေရခြင်းမှာ အနည်းငယ် ဝေးလံလှသဖြင့်
ဖန်းချန်သည် စမ်းရေစီးဆင်းရာ လမ်းကြောင်းကို ခွဲထွက်ကာ မိမိ၏
တံခါးရှေ့သို့ ရောက်အောင် ဆွဲယူရန် စိတ်ကူးလိုက်ခြင်းပင်
ဖြစ်သည်။
ကံကောင်းသည်မှာ ဟွမ်းဟွာစမ်းချောင်း၏ အောက်ဘက်တွင် မည်သည့်ကျေးရွာမျှ မရှိပေ။
စမ်းရေမှာ တောင်ပေါ်မှ စီးဆင်းသွားပြီးနောက် တောင်အပြင်ဘက်ရှိ
ပိုင်ကောက်မြစ်ထဲသို့ တိုက်ရိုက် စီးဝင်သွားခြင်း ဖြစ်ရာ
အခြားသူများကို ထိခိုက်မှုမရှိဘဲ မိမိစိတ်ကြိုက်
လမ်းကြောင်းလွှဲနိုင်ပေသည်။ သို့သော်လည်း
သူသည် ချောင်းခွဲကလေးတစ်ခုသာ ပြုလုပ်မည်ဖြစ်ပြီး မူလစမ်းချောင်းကိုမူ
ပိတ်ပစ်ရန် စိတ်ကူးမရှိပေ။
ပြီးခဲ့သည့် ရက်ပိုင်းက ရွာသွန်းခဲ့သော တောင်ကျမိုးကို သူ အမှတ်ရနေဆဲပင်။
မူလရေလမ်းကြောင်းကို ဆက်လက်ထားရှိမှသာ နောက်တစ်ကြိမ်
တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာပါက
နတ်သူငယ်ကမ်းပါးတွင် ရေလျှံမည့် ဘေးဒုက္ခမှ
ကင်းဝေးပေလိမ့်မည်။
ကြေးဂေါ်ပြားမှာ ပြားချပ်၍ လေးလံလှသော်လည်း ဖန်းချန်အတွက်မူ အလေးအပင် မရှိသည့်နှယ်
ပေါ့ပါးလှ၏။ သူသည် ဂေါ်ပြားကို အထက်အောက် လွှဲယမ်းကာ တူးလိုက်တိုင်း မြေသားနှင့်
ကျောက်ခဲများမှာ ဘေးတစ်ဖက်တစ်ချက်သို့ လျင်မြန်စွာ လွင့်စင်သွားတော့သည်။ သူ၏
ပုံစံမှာ မြေကြီးတူးနေသည်ဟု မထင်ရဘဲ လမ်းလျှောက်နေသည့်နှယ်
အေးဆေးတည်ငြိမ်လှပေသည်။
ဤသည်မှာ စမ်းချောင်းခွဲကလေးတစ်ခုမျှသာ ဖြစ်ရာ အကျယ်မှာ တစ်လှမ်းစာခန့်သာရှိပြီး
အနက်မှာလည်း ခြေဖျံဝက်ခန့်သာ ရှိသဖြင့် တူးဖော်ရသည်မှာ မခက်ခဲလှပေ။ သူသည်
မြောင်းကို ဖြောင့်တန်းအောင် မတူးဘဲ မြေမျက်နှာသွင်ပြင်အတိုင်း
ကောက်ကောက်ကွေးကွေးလေး တူးသွားသည်။ မြောင်းကလေးမှာ
ကမ်းပါးပေါ်မှ နိမ့်ရာအရပ်ကို ဖြတ်ကာ ဖန်းချန်၏ စိုက်ခင်းလေးကို ပတ်၍
ကမ်းပါးအစွန်းဆီသို့ ဦးတည်သွားတော့သည်။
သူသည် ကမ်းပါးအစွန်းမှ စတင်ကာ မြောင်းတစ်ခုလုံးကို ပြင်ဆင်ပြီးနောက်
တောင်အောက်ချိုင့်ဝှမ်းထဲမှ ကျောက်စရစ်ခဲများကို
ယူဆောင်ကာ မြောင်းအောက်ခြေတွင် ခင်းကျင်းလိုက်သည်။ နောက်ဆုံး ကျန်ရှိနေသော
အပိုင်းကို တူးလိုက်သောအခါ...
တရှိန်ထိုး စီးဆင်းလာသော စမ်းရေများမှာ အသစ်တူးထားသော လမ်းကြောင်းထဲသို့
တိုးဝင်လာတော့သည်။ ရေများ တလိမ့်လိမ့် စီးဝင်လာစဉ်
ဖန်းချန်သည် ဘေးရှိ ခြင်းတောင်းထဲမှ ကျောက်စရစ်ခဲများကို
မြောင်းထဲသို့ သွန်းလောင်းလိုက်ပြီး လက်ဖြင့် သေချာခင်းကျင်းပေးလိုက်သည်။
ထို့နောက် မတ်တပ်ရပ်ကာ မိမိ၏ လက်ရာကို အားရကျေနပ်စွာ ကြည့်နေမိတော့သည်။
ဤအလုပ်ကို လုပ်ကိုင်ရန် တစ်နေ့ကုန် အချိန်ယူခဲ့ရသည်။ နေဝင်ဆည်းဆာ အချိန်တွင်
မြောင်းသစ်ထဲ၌ ရေများ တဝက်ခန့် ပြည့်လာပြီး စမ်းရေကလေးမှာ
ကမ်းပါးယံပေါ်တွင် တတွတ်တွတ် မြည်သံပေးကာ ညင်သာစွာ
စီးဆင်းနေတော့သည်။ ကမ်းပါးအစွန်းသို့ ရောက်သောအခါ ရေစီးမှာ
အောက်သို့ ခုန်ဆင်းသွားပြီး ရေတံခွန်ငယ်လေးတစ်ခု ဖြစ်ပေါ်လာသည်။
ဖန်းချန်သည် ကမ်းပါးအစွန်းသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး အောက်ဘက်သို့
ငုံ့ကြည့်လိုက်သည်။ စမ်းရေစီးမှာ သေးငယ်သဖြင့် ရေတံခွန်မှာလည်း
ညင်သာလှ၏။ ဟွမ်းဟွာစမ်းချောင်းမှ စီးကျလာသော ရေစက်ကလေးများမှာ ကမ်းပါးယံရှိ
ကျောက်ဆောင်များနှင့် သစ်ပင်များကို ထိမှန်ကာ လွင့်စင်သွားကြသည်။
ရေတံခွန်မှ ထွက်ပေါ်လာသော ရေငွေ့များကြောင့် ကမ်းပါးယံရှိ တိမ်တိုက်နှင့်
မြူခိုးများမှာ ပိုမို ထူထပ်လာသည်။ နေရောင်ခြည်က
တစောင်းဖြာကျလာသောအခါ ကမ်းပါးအစွန်းတွင်
သက်တန့်ကလေးတစ်ခု ပေါ်ထွက်လာရာ ကြည့်ရသည်မှာ
ကောင်းကင်တံတားလေးတစ်ခုနှယ် လှပလှပေသည်။
“ဟင်...”
ဖန်းချန်မှာ အနည်းငယ် အံ့သြသွားမိသည်။
စမ်းချောင်းသစ်ကို ဆက်သွယ်လိုက်ပြီး ကမ်းပါးအစွန်းတွင် ရေတံခွန်ငယ်လေး
ပေါ်ထွက်လာပြီးနောက်တွင် ဤနတ်သူငယ်ကမ်းပါး၏ မြေကြောမှာ
ပိုမို ထူးခြားကောင်းမွန်လာသည်ကို သူ သိလိုက်ရသည်။ သူသည် ဤနေရာတွင်
ကျင့်ကြံနေသူ ဖြစ်ရာ ကမ်းပါးယံ၏ ပြောင်းလဲမှုများကို
စိတ်အာရုံဖြင့် ခံစားနိုင်ခြင်း ဖြစ်သည်။
သူ၏ အမြင်တွင် နတ်သူငယ်ကမ်းပါးပေါ်ရှိ အရာအားလုံးမှာ ပိုမို အသက်ဝင်လာသယောင်
ရှိသည်။ လေထုမှာ ပိုမို လတ်ဆတ်လာပြီး သစ်ပင်ပန်းမန်များမှာလည်း
ပိုမို သန်စွမ်းလာကြသည်။ တောကောင်များနှင့် ပိုးမွှားကလေးများမှာလည်း
ပို၍ လှုပ်လှုပ်ရှားရှား ရှိလာကြပြီး မြေသားနှင့် ကျောက်ခဲများပင်လျှင်
အသက်ဓာတ်များ ပြည့်နှက်နေတော့သည်။ ဤပြောင်းလဲမှုမှာ ပတ်ဝန်းကျင်ရှိ
တောင်ကုန်းနှစ်ခု၊ သုံးခုခန့်အထိ ပြန့်နှံ့သွားခဲ့သည်။
“ဒါဟာ တကယ်ကို ကောင်းတဲ့ လက္ခဏာပဲ”
ဖန်းချန်သည် ပြုံးလိုက်ပြီး တံမြက်စည်းဖြင့် ပတ်ဝန်းကျင်ကို သန့်ရှင်းရေး
လုပ်လိုက်သည်။ ထို့နောက် ကိရိယာများကို သိမ်းဆည်းကာ
မီးဖိုချောင်ထဲသို့ ဝင်၍ မိမိအတွက် ညစာ ပြင်ဆင်တော့သည်။
ယနေ့အတွက် ညစာမှာ အသားမပါသော သတ်သတ်လွတ်ဟင်းလျာပင် ဖြစ်၏။
…
ယွင်ကျုန်းတောင်တန်းရှိ နတ်သူငယ်ကမ်းပါးပေါ်မှ ထူးခြားသော ပြောင်းလဲမှုများကို
ဤတောင်နှင့် မြစ်များကို စောင့်ကြပ်ရသော နတ်မင်းကြီးမှာ မသိဘဲ
မနေနိုင်ပေ။
တောင်နတ်မင်း ကျန်းချွန်းသည် မိမိ၏ နတ်နန်းအတွင်း၌ ရှိနေစဉ် မမျှော်လင့်ဘဲ
အံ့သြသွားသဖြင့် လက်ထဲမှ သစ်အယ်သီးများပင် မြေပေါ်သို့
လွတ်ကျကုန်တော့သည်။ သူသည် ခေါင်းကို လှည့်ကာ အနောက်ဘက်သို့
လှမ်းကြည့်လိုက်မိ၏။
“ဒါ ဖန်းအရှင်ရဲ့ နေရာကလား... ဘာတွေများ ဖြစ်ပျက်နေတာလဲ”
သူသည် ညစာ စားနေစဉ်မှာပင် မိမိ၏ နတ်နန်းအနောက်ဘက်၌ ပြောင်းလဲမှုအချို့ကို ရုတ်တရက်
ခံစားလိုက်ရခြင်း ဖြစ်သည်။ ကံကောင်းသည်မှာ ထိုပြောင်းလဲမှုများမှာ ကောင်းသော
အငွေ့အသက်များ ဖြစ်နေခြင်းပင်။
သူသည် တောင်ဝှေးကို မြေကြီးတွင် တစ်ချက်တောက်လိုက်ရာ ခဏချင်းမှာပင် အနီးရှိ
တောင်ထိပ်တစ်ခုပေါ်သို့ ကိုယ်ထင်ရှားလာသည်။ ဆည်းဆာအလင်းရောင်တွင်
သူသည် နတ်သူငယ်ကမ်းပါးကို အဝေးမှ လှမ်းကြည့်လိုက်မိ၏။
သူ၏ အမြင်တွင်မူ နတ်သူငယ်ကမ်းပါးမှာ ယခင်နှင့် လုံးဝ မတူတော့ပေ။
တိမ်တိုက်နှင့် မြူခိုးများ ရစ်ပတ်နေသော ကမ်းပါးယံမှာ နတ်ဘုံနတ်နန်းတစ်ခုကဲ့သို့
ဖြစ်နေပြီး ထူးခြားသော ဘုန်းကံများ စီးဆင်းနေသည့် မင်္ဂလာမြေတစ်ခု
ဖြစ်သွားခဲ့ပြီ။ သို့သော် ဖန်းချန် ထိုနေရာတွင်
နေထိုင်သည်ကို သတိရလိုက်သောအခါ တောင်နတ်မင်းမှာ
မအံ့သြတော့ပေ။
“မြေကြောကို ပြောင်းလဲနိုင်တယ်ဆိုတာ... တကယ့်ကို အံ့မခန်း စွမ်းရည်ပဲ”
ဤသည်မှာ တကယ့် နတ်ဘုရားတစ်ပါး၏ ဂုဏ်ဒြပ်နှင့်သာ ထိုက်တန်လှပေသည်။ တောင်နတ်မင်း၏
စိတ်ထဲတွင် ဖန်းချန်အပေါ် ထားရှိသော အလေးထားမှုမှာ ပိုမို
တိုးပွားလာခဲ့သည်။ သူသည် နတ်နန်းသို့ ချက်ချင်း
မပြန်သေးဘဲ နတ်သူငယ်ကမ်းပါး၏ အနေအထားကို သေချာစွာ လေ့လာနေမိသည်။
ဤပြောင်းလဲမှုမှာ နတ်သူငယ်ကမ်းပါးနှင့် နောက်ဘက်မှ
တောင်ထိပ်များသာမက ပတ်ဝန်းကျင်ရှိ တောင်ကုန်းများကိုပါ အကျိုးပြုနေသည်
မဟုတ်ပါလား။
တောင်နတ်မင်းသည် သက်ပြင်းတစ်ချက်ချကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒါဟာ တကယ်ကို ‘နတ်နေ၍ မြေမြင့်’ တာပါပဲ...”
“ဒါဟာ ယွင်ကျုန်းတောင်တန်းကြီးအတွက် ကံကောင်းခြင်းတစ်ပါးပါပဲဗျာ”
…
ဖန်းချန်သည် မိမိ၏ အပြာရောင် အထုပ်ကလေးကို ပြန်လည် ပြင်ဆင်နေသည်။
တောင်အောက်ဆင်းသည့်အခါ ကျမ်းစာနှစ်အုပ်ကို မပါမဖြစ် ယူဆောင်သွားရမည်။
ထိုစာအုပ်များမှာ ကျင့်ကြံရန်အတွက်သာမက ခြင်နှင့်
ပိုးမွှားများကိုပါ မလာအောင် တားဆီးပေးနိုင်သောကြောင့် ဖြစ်သည်။
ထို့နောက် တောင်နတ်မင်း ပေးခဲ့သော အိတ်ထဲတွင် သစ်စေ့များကို ထည့်ကာ စားစရာအဖြစ်
ယူဆောင်လိုက်သည်။ ယွင်ကျုန်းတောင်မှ သစ်စေ့များမှာ အလွန်ပင် အရသာရှိလှ၏။
သူသည် တောင်ပေါ်တွင် လျှောက်သွားရင်း တွေ့သမျှ သစ်စေ့များကို စုဆောင်းကာ
ခြင်းတောင်းထဲတွင် ထည့်၍ စားသုံးလေ့ရှိသည်။
သူသည် သန့်စင်ခြင်း အတတ်ပညာကို တတ်မြောက်ထားသဖြင့် အဝတ်အစား လဲရန် မလိုအပ်တော့ရာ
အပိုယူမသွားတော့ပေ။ သူသည် ထမင်းစားတံတစ်စုံကို ထည့်လိုက်ပြီးနောက် အထုပ်ကို
သေသေချာချာ ချည်နှောင်ကာ ကျောပိုးကြည့်လိုက်ရာ အနေအထားမှာ အလွန်ပင် ကွက်တိ
ဖြစ်နေတော့သည်။
လပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ ဖြစ်ရာ နံရံတွင် ချိတ်ထားသော ဘူးသီးခြောက်မှာ
ဆွေးမြည့်နေပြီ ဖြစ်သည်။ ဖန်းချန်သည် ခေတ္တမျှ စဉ်းစားပြီးနောက်
ဝါးလုံးအသစ်တစ်လုံးကို ခုတ်ကာ ဝါးကျည်တောက်
ပြုလုပ်လိုက်သည်။ ထို့နောက် စမ်းချောင်းအစရှိရာသို့
သွားကာ စမ်းရေကြည်များကို ဖြည့်လိုက်ပြီး လုံခြုံအောင် ပိတ်ဆို့ကာ ခါးတွင်
ချိတ်ဆွဲလိုက်သည်။
“ဒီတစ်ခါ တောင်အောက်ဆင်းရင် အရက်အချို့ ပြန်ယူလာရမယ်”
သူသည် အဝေးသို့ လှမ်းကြည့်လိုက်ရာ ဆောင်းဦးမိုး ကျတော့မည့် အငွေ့အသက်ကို
ခံစားရသဖြင့် နံရံမှ ခမောက်ကို ယူကာ ကျောတွင် လွယ်လိုက်သည်။
ငွေကြေးကိစ္စမှာမူ သူ့အတွက် ပြဿနာမဟုတ်ပေ။ ဖန်းချန်သည်
ထိုကျောက်စိမ်းရိုင်းတုံးကို
မယူတော့ပေ။ သူ့တဲဘေးရှိ အမိုးအကာအောက်တွင် ကြေးနီတုံးများစွာ ရှိနေသည်မဟုတ်ပါလား။
ကြေးနီသည် ငွေနှင့် မခြား တန်ဖိုးရှိလှပေသည်။ နေရာအတော်များများတွင်
အလေးချိန်တူညီသော ကြေးနီမှာ အကြွေစေ့များထက်ပင်
တန်ဖိုးပိုရှိတတ်သည်။ ထို့ကြောင့် လူအချို့မှာ
အကြွေစေ့များကို အရည်ကျိုကာ ကြေးထည်များ သွန်းလုပ်လေ့ရှိကြပြီး
အစိုးရကလည်း ထိုကိစ္စကို ပြင်းထန်စွာ တားမြစ်ထားရသည်။
သူသည် ကြေးခဲတစ်တုံးကို ယူကာ လက်ထဲတွင် ဆုပ်ကိုင်လိုက်သည်။ အရာအားလုံး
ပြည့်စုံသွားပြီ။
တောင်ပေါ်တွင် လမ်းလျှောက်ထွက်သကဲ့သို့ပင် သူသည် ယခုတစ်ခေါက် ခရီးစဉ်တွင်လည်း
တံခါးကို သော့မခတ်ခဲ့ပေ။ စင်စစ် သူ့တွင် သော့လည်း မရှိပါပေ။
အိမ်ထဲတွင် ထုံးအချို့ ဖြူးလိုက်ပြီး ဝါးတဲတံခါးကို ပိတ်ကာ လေတိုက်၍
မပွင့်သွားစေရန် ကြိုးဖြင့် သေသေချာချာ
ချည်နှောင်လိုက်သည်။ ထို့နောက် သူသည် ကမ်းပါးအစွန်းသို့
လျှောက်သွားကာ အသစ်ဖြစ်ပေါ်လာသော ဟွမ်းဟွာစမ်းချောင်း ရေတံခွန်မှတစ်ဆင့်
အောက်သို့ ခုန်ဆင်းလိုက်တော့သည်။
သူ သွားနေကျ လမ်းဟောင်းပင် ဖြစ်သော်လည်း ဘေးတွင် စီးကျနေသော ရေစက်များကြောင့်
မြေသားများ ပွင့်ထွက်ကာ ရေကန်ငယ်လေးတစ်ခု ဖြစ်ပေါ်နေသည်မှာ အလွန်ပင်
သဘာဝအလှတရားနှင့် ပြည့်စုံလှပေသည်။
လင်းရှီးရွာမှာလည်း ရိတ်သိမ်းချိန်သို့ ရောက်ရှိနေပြီ။
နေမြင့်လာသည်နှင့်အမျှ ရွာသားများမှာ လယ်ကွင်းထဲတွင် ပြောင်းဖူးများကို
ဓားငယ်များဖြင့် ခုတ်ယူကာ အိတ်များထဲသို့ ထည့်၍ အိမ်သို့
သယ်ဆောင်နေကြသည်။ ညနေစောင်းမှသာ ပြောင်းဖူးများကို အခွံနွှာကြမည် ဖြစ်ရာ
ဤသည်မှာ တစ်မိသားစုလုံး ဝိုင်းဝန်းလုပ်ကိုင်ရသည့် အလုပ်ပင် ဖြစ်၏။
ဖန်းချန်သည် လူအများ၏ အာရုံစိုက်မှုကို မခံလိုသဖြင့် အလုပ်ရှုပ်နေသော
ရွာသားများဘေးမှ ဖြတ်သွားသော်လည်း မည်သူကမျှ သူ့ကို
သတိမထားမိကြပေ။
လမ်းမကြီးပေါ်တွင်မူ ယခင်အတိုင်းပင် စည်ကားနေဆဲ။
ရထားလုံးစီးသူများ၊ မြည်း၊ လား၊ မြင်း စီးသူများ၊ လှည်းတွန်းသူများနှင့်
အထုပ်အပိုးကိုယ်စီဖြင့် တစ်ကိုယ်တော် ခရီးသွားသူများမှာ
လမ်းမကြီးပေါ်တွင် ရှုပ်ရှက်ခတ်နေကြသည်။ အချို့မှာ သားရေဖိနပ်များ၊
အချို့မှာ ကောက်ရိုးဖိနပ်များ စီးထားကြပြီး အချို့မှာမူ
ခြေဗလာနှင့်ပင်။ ပိုးထည်၊ ချည်ထည်၊ အသားထည်
အမျိုးမျိုး ဝတ်ဆင်ထားသူများမှာ လမ်းမကြီးပေါ်တွင် အသွားအလာ
ပြုနေကြသည်။
ထိုသူများကြားတွင် လျှောက်လှမ်းနေသော ဖန်းချန်မှာမူ အခြားသူများနှင့် မတူဘဲ
တစ်မူထူးခြားနေသည်။ သူသည် ခရီးသွားများနှင့် ရောနှောနေသော်လည်း
တစ်ဖက်တွင်မူ ဤလမ်းမကြီးနှင့် တစ်သားတည်း ဖြစ်နေသယောင် ထူးဆန်းသော
ခံစားချက်ကို ပေးစွမ်းနေသည်။
နေမွန်းမတည့်မီမှာပင် ဖန်းချန်သည် ဟူချောင်မြို့သို့ ရောက်ရှိလာခဲ့သည်။ သူသည်
ကောင်းကင်ယံကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖူဟူတံတားကို ဖြတ်ကျော်ကာ
မြို့ထဲသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းဝင်ရောက်သွားတော့သည်။
အခန်း (၅၂) - မြို့ကလေးကို ဖြတ်သန်းခြင်း
ဖန်းချန်သည် လက်ဝယ်ရှိ ကြေးခဲကြီးကို ရောင်းချကာ ခရီးစရိတ်အတွက် အကြွေစေ့များ
လဲလှယ်လိုသဖြင့် ယခင်က ကျောက်စိမ်းရောင်းခဲ့ဖူးသည့်
ရွှေဆိုင်ငွေဆိုင်ဆီသို့ ဦးစွာ
ဦးတည်လိုက်သည်။
“အလိုရှိရာ မိန့်တော်မူပါ ခင်ဗျာ”
ဆိုင်ရှင်၏ စကားသံမှာ ယခင်တစ်ခေါက်ကအတိုင်းပင်။ လေသံ၊ အမူအရာနှင့် မျက်နှာပေါ်မှ
အပြုံးတို့မှာ စက်ရုပ်တစ်ရုပ်ကဲ့သို့ တစ်ထပ်တည်းကျနေသည်မှာ အံ့ဩစရာပင်။
တစ်နှစ်ပတ်လုံး ဤစကားကိုပင် ထပ်တလဲလဲ ပြောဆိုလေ့ကျင့်ထားမှန်း
သိသာလှပေသည်။
ဖန်းချန်သည် ဆိုင်ကောင်တာရှေ့သို့ လျှောက်သွားပြီး လက်ထဲမှ ကြေးခဲကြီးကို
စားပွဲမထိခိုက်စေရန် အသာအယာ ချလိုက်သည်။
“ဒီမှာ ကြေးနီတုံးတွေ လက်ခံပါသလား”
“ဧည့်သည်တော်... သတိထားပါဦး” ဆိုင်ရှင်သည် မိမိ၏ စားပွဲကြီး ကျိုးပဲ့သွားမည်ကို
စိုးရိမ်သဖြင့် အလောတကြီး လှမ်းထိန်းလိုက်သည်။ ကြေးခဲကို
ထိတွေ့လိုက်သည့်ခဏ၌ပင် လေးလံလှသော
အလေးချိန်ကြောင့် ဆိုင်ရှင်မှာ အံ့အားသင့်သွားရ၏။
“ဧည့်သည်တော်က တကယ့်ကို ခွန်အားဗလနဲ့ ပြည့်စုံတာပဲ”
“ဒီမှာ ရောင်းလို့ရမလား”
“အားနာပါတယ် ဧည့်သည်တော်၊ ကျွန်ုပ်တို့ဆိုင်မှာ ကြေးနီရဲ့ အရည်အသွေးကို
စစ်ဆေးနိုင်စွမ်း မရှိလို့ ဝယ်ယူလို့ မရပါဘူးခင်ဗျာ။ အကယ်၍
ရွှေထည်ငွေထည်၊ ရတနာပစ္စည်းဆိုရင်တော့ ကျွန်ုပ် ကြည့်ပေးနိုင်ပါတယ်။ ဒါကတော့...”
ဖန်းချန်သည် လက်အုပ်ချီကာ နှုတ်ဆက်လိုက်ပြီး ကြေးခဲကို ပြန်ယူကာ ဆိုင်ထဲမှ
ထွက်လာခဲ့သည်။ ဆိုင်ရှင်ကလည်း နောက်ဘက်မှ လှမ်း၍ အကြံပြုရှာသည်။
“ဧည့်သည်တော်... ဒါကို ရောင်းချင်ရင်တော့ မြို့ထဲက ပန်းပဲရုံကို သွားကြည့်ပါဦး။
သူတို့က ကြေးထည်တွေလည်း လုပ်တတ်ကြပါတယ်”
“ကျေးဇူးတင်ပါတယ်”
ဖန်းချန်သည် ဆိုင်ရှင်ညွှန်ပြသည့်အတိုင်း ပန်းပဲရုံဆီသို့ လျှောက်လာခဲ့သည်။
အဝေးကပင် “တဒေါက်ဒေါက်၊ တဖြောက်ဖြောက်” နှင့် သတ္တုခေါက်သံများကို
ကြားနေရပြီး အနီးသို့ ရောက်သောအခါ ထိုအသံမှာ ပိုမို ကြည်လင်လာတော့သည်။
ခြံစည်းရိုးအနားတွင် မြင့်မားသော မီးခိုးခေါင်းတိုင်ကြီးတစ်ခုရှိပြီး
ကောင်းကင်ယံသို့ မီးခိုးများ မှုတ်ထုတ်နေသည်။
ပန်းပဲရုံတံခါးမှာ ပွင့်နေသဖြင့် အတွင်းသို့ ဝင်လိုက်သောအခါ
လူလတ်ပိုင်းတစ်ဦးနှင့် လူငယ်တစ်ဦးတို့မှာ အပေါ်အင်္ကျီမပါဘဲ
ပုခုံးသားများ တင်းရင်းနေအောင် တူကြီးများကို လွှဲယမ်းကာ
ထုနှက်နေကြသည်ကို တွေ့ရသည်။ သူတို့ဘေးတွင်မူ အဖိုးအိုတစ်ဦးက တူငယ်တစ်လုံးဖြင့်
အနီးကပ် ကြီးကြပ်နေ၏။
ဖန်းချန် ဝင်လာသည်ကို မြင်သောအခါ သူတို့သည် သံတုံးပူကြီးကို ညှပ်ဖြင့်မကာ
ရေကန်ထဲသို့ ထည့်လိုက်ကြသည်။ “တရှဲရှဲ” မြည်သံနှင့်အတူ
ရေငွေ့များ ခြံထဲတွင် လွှမ်းသွားတော့သည်။ အဖိုးအိုက နဖူးမှ
ချွေးများကို သုတ်ကာ ရှေ့သို့ ထွက်လာပြီး လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
“ဧည့်သည်တော်... ဘာကိစ္စများ ရှိလို့လဲခင်ဗျာ”
“ဒီကြေးခဲကို ရောင်းချင်လို့ပါ။ ဘယ်မှာ ဝယ်ယူနိုင်မလဲ သိချင်လို့ပါ”
“ဝယ်ပါတယ်ခင်ဗျာ”
အဖိုးအိုက ခေါင်းညိတ်လက်ခံလိုက်သည်။ ဖန်းချန်၏ လက်ထဲမှ ကြေးခဲကို ကြည့်ရုံဖြင့်ပင်
အလေးချိန် မနည်းမှန်း သိသာလှသဖြင့် “ဧည့်သည်တော်ကတော့ တကယ့်ကို ခွန်အားကြီးတာပဲ” ဟု
ချီးကျူးလိုက်သည်။
ဖန်းချန်ကို အထဲတွင် ထိုင်စေပြီးနောက် အဖိုးအိုသည် ကျန်နှစ်ဦးကို ခေါ်ကာ ကြေးခဲကို
ချိန်တွယ်စေသည်။ ထို့နောက် သေသေချာချာ စစ်ဆေးပြီးမှ “စည်းကမ်းအရတော့ ဒီကြေးခဲကို
ခွဲကြည့်ရပါလိမ့်မယ်၊ အတွင်းထဲအထိ စစ်ဆေးဖို့ လိုအပ်လို့ ဧည့်သည်တော်
နားလည်ပေးပါ” ဟု ဆိုသည်။
“စိတ်ကြိုက်သာ လုပ်ပါ”
ဖန်းချန်က ခွင့်ပြုလိုက်သည်။ အတွင်းထဲတွင် တန်ဖိုးနည်းသည့် အရာများ
ထည့်သွင်းထားမည်ကို စိုးရိမ်ကြသည်မှာ သဘာဝပင် ဖြစ်၏။
ကြေးနီသည် တန်ဖိုးကြီးလှသဖြင့် စနစ်တကျ ရှိရန် လိုအပ်ပေသည်။
သူတို့ သားအဖ သုံးယောက်မှာ ကြေးခဲကို ထုခွဲစစ်ဆေးကြသည်။ အတွင်းအပြင်
တစ်သားတည်းဖြစ်ကြောင်း သေချာသွားသောအခါမှ
ချိန်တွယ်ကြတော့သည်။
အဖိုးအိုသည် အထဲသို့ ခဏဝင်သွားပြီးနောက် ပြန်ထွက်လာကာ “ဧည့်သည်တော် ခဏလောက်
စောင့်ပေးပါဦး၊ အိမ်မှာ ငွေသားနည်းနည်း လိုနေလို့ အပြင်မှာ
ခဏသွားလဲလိုက်ပါရစေ။ ဒုန်းလျန်၊ ကျန့်ဖိန်... မင်းတို့
အလုပ်ခဏနားပြီး ဧည့်သည်တော်ကို ဧည့်ခံထားကြဦး” ဟု
မှာကြားကာ အပြင်သို့ သုတ်ခြေတင် ထွက်သွားတော့သည်။
ဖန်းချန်သည် ကျန်ရစ်ခဲ့သော သားအဖနှစ်ဦးနှင့် စကားစမြည် ပြောဆိုနေမိသည်။
ထိုအခါမှပင် ဤမိသားစုမှာ လီမျိုးနွယ်များ ဖြစ်ကြပြီး
ဟူချောင်မြို့တွင် နေထိုင်လာခဲ့သည်မှာ သားစဉ်မြေးဆက်
မရေတွက်နိုင်တော့ကြောင်း သိရသည်။ လယ်ယာသုံး
ကိရိယာများ၊ မီးဖိုချောင်သုံး ဓားများ၊ ကြေးဇလုံနှင့်
သံအိုးများကို အဓိက သွန်းလုပ်ကြပြီး အလုပ်အပေါ် စေတနာထားသဖြင့်
မြို့သူမြို့သားများ၏ ယုံကြည်မှုကို ရရှိထားကြသူများ ဖြစ်သည်။
နာရီဝက်ခန့်အကြာတွင် အဖိုးအိုမှာ အကြွေစေ့အိတ်ကြီးကို ကိုင်ကာ ပြန်ရောက်လာသည်။
“ငွေတွေ ငှားလာခဲ့ပါပြီ၊ ဧည့်သည်တော်ကို အကြာကြီး စောင့်ခိုင်းမိလို့ အားနာလှပါတယ်”
ဖန်းချန်က “အတိုးတွေ ဘာတွေ ပေးရဦးမလား” ဟု မေးရာ၊ အဖိုးအိုက ပြုံး၍ “မလိုပါဘူး၊
အားလုံးက အိမ်နီးချင်းတွေပဲဟာ။ အတိုးမယူကြပါဘူး၊ ရက်ပိုင်းအတွင်း
ပြန်ဆပ်လိုက်ရင် ရပါပြီ” ဟု ဖြေသည်။
နှစ်ဦးသား ငွေနှင့် ပစ္စည်း လဲလှယ်လိုက်ကြသည်။ ဖန်းချန်သည် အကြွေစေ့များကို
အထုပ်ထဲသို့ ထည့်လိုက်ရာ အလေးချိန်မှာ သိသိသာသာ တိုးသွားတော့သည်။ သူ
ယူလာခဲ့သော ကြေးခဲထက်ပင် ပို၍ လေးလံနေသယောင် ခံစားရ၏။
…
ဟူချောင်မြို့ကလေးမှာ တကယ်ကို သာယာလှပေသည်။
ဤမြို့မှ “ကျားမုန့်” များမှာ အလွန်ပင် အရသာရှိလှသော်လည်း ဖန်းချန်၏ စိတ်ထဲတွင်
အမှတ်ရဆုံးမှာ မြို့စွန်မှ အရက်ဆိုင်နှင့် အဖိုးအို ရှောင်ရွှီ၏
ခေါက်ဆွဲဆိုင်လေးပင် ဖြစ်သည်။ ဆိုင်နားမရောက်မီကပင်
ခေါက်ဆွဲနံ့မှာ နှာခေါင်းထဲသို့ သင်းပျံ့ဝင်ရောက်လာတော့သည်။
နေရောင်အောက်တွင် မီးဖိုပေါ်မှ အိုးကြီးအတွင်း ရေများ တပွက်ပွက် ဆူနေပြီး အငွေ့များ
တထောင်းထောင်း ထနေသည်။ ဆိုင်ရှင် အဘိုးအိုမှာ လက်သွက်လှ၏။ နယ်ထားသော ဂျုံတုံးကို
အပိုင်းပိုင်း ဆွဲဖြတ်ကာ အိုးထဲသို့ ပစ်ထည့်လိုက်သည်မှာ ရေတံခွန်ငယ်လေးတစ်ခု
စီးကျနေသည့်နှယ်။
“သိုးသားခေါက်ဆွဲ တစ်ပွဲနဲ့ ကြက်ဥတစ်လုံး ဆမ်းပေးပါဦး”
“ချက်ချင်း လာပါပြီဗျာ”
ဖန်းချန်သည် အကြွေစေ့အချို့ကို ထုတ်ကာ ဆိုင်ထောင့်ရှိ ငွေသေတ္တာထဲသို့
ထည့်လိုက်ပြီးနောက် လွတ်နေသော စားပွဲတစ်ခုတွင်
ထိုင်လိုက်သည်။ သူသည် ဤဆိုင်သို့ နှစ်ခါတိုင်တိုင်
ရောက်ဖူးပြီ ဖြစ်ရာ ဈေးနှုန်းကို သိရှိပြီးသား ဖြစ်၏။
ဆိုင်ရှင်မှာလည်း ငွေသေတ္တာထဲ ကျသွားသည့် အသံကိုသာ
နားထောင်ပြီး အကြွေစေ့ အရေအတွက်ကို သေချာ မစစ်ဆေးပေ။ လူအများမှာလည်း
ဤသို့ပင် ပေးချေလေ့ရှိကြပြီး လိမ်လည်လှည့်ဖြားသူမှာလည်း ရှားလှပေသည်။
မွန်းမတည့်မီ အချိန်ဖြစ်သဖြင့် လူသိပ်မရှုပ်သေးသော်လည်း ဆိုင်မှာ စည်ကားနေဆဲပင်။
စားသုံးသူအချို့မှာ ခေါက်ဆွဲအိုးကိုယ်စီဖြင့် ငြိမ်သက်စွာ စားနေကြပြီး
အချို့မှာမူ အသိမိတ်ဆွေများနှင့် စကားစမြည် ပြောဆိုနေကြသည်။
ဖန်းချန်သည် အေးဆေးစွာ ထိုင်ရင်း ဆိုင်ရှင်၏ လှုပ်ရှားမှုများကို ငေးကြည့်နေမိသည်။
“ဧည့်သည်တော်... သိုးသားခေါက်ဆွဲ ရပါပြီ”
ဆိုင်ရှင် ရှောင်ရွှီသည် အသစ်ချက်ထားသော ခေါက်ဆွဲအိုးကို ယူလာပေးသည်။ သူသည်
ဖန်းချန်ကို မှတ်မိနေပုံရပြီး ယခုအချိန်တွင် ဧည့်သည်အသစ်
မရှိသေးသဖြင့် ခေတ္တရပ်ကာ ပြုံး၍ မေးလိုက်သည်။ “ဧည့်သည်တော်...
မြည်းကြည့်ပါဦး၊ အရင်ကထက် အရသာ ပိုကောင်းမလားလို့”
“အော်... ဟုတ်လား”
ဖန်းချန်သည် တစ်ငုံ မြည်းကြည့်လိုက်ရာ အမှန်ပင် ယခင်ကထက် ပို၍ နူးညံ့ကာ အရသာ
ပိုမို လေးနက်နေသည်ကို တွေ့ရသည်။ ကြက်ဥစလေးများကလည်း အရသာကို ပိုမို
ပေါ်လွင်စေသည်။ သူက ဆိုင်ရှင်ကို ပြုံး၍...
“တကယ်ကို အရသာရှိတာပဲ၊ ဆိုင်ရှင်က နည်းလမ်းအသစ်တွေ သုံးထားတာလား”
ဆိုင်ရှင်သည် ပုခုံးပေါ်မှ ပုဆိုးဖြူလေးဖြင့် မျက်နှာကို သုတ်ကာ “ဆိုင်ရှင်လို့
မခေါ်ပါနဲ့ဗျာ၊ ကျွန်ုပ် ဒီဆိုင်လေးကို ဖွင့်လာတာ နှစ်တွေ အများကြီး
ရှိပါပြီ။ အရသာကိုလည်း အမြဲတမ်း ပြုပြင်နေတာပါ။ အခု နောက်ပိုင်းမှာ
နည်းနည်းလေး ထပ်ပြင်လိုက်တာ၊ ပုံမှန် လာစားနေကျလူတွေကတော့ သဘောကျကြသားပဲ”
“ဆိုင်ရှင်က ဒီခေါက်ဆွဲတစ်ပွဲအပေါ် တကယ်ကို စေတနာထားတာပဲ”
“ဒါပေါ့ဗျာ” ဆိုင်ရှင်က ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်သည်။ “ဒီဆိုင်လေးဟာ
ကျွန်တော့်မိသားစုရဲ့ ဘဝပဲလေ။ ဧည့်သည်တွေ ဗိုက်ဝပြီး
စားလို့ကောင်းဖို့က ကျွန်တော့်ဘဝရဲ့ အခြေခံပဲ။ လူတွေ စားလို့ကောင်းတယ်ဆိုရင်
ကျွန်ုပ်တို့ရဲ့ ဘဝကလည်း အေးချမ်းသွားတာပါပဲ”
ပြောလက်စဖြင့် လမ်းထောင့်မှ တစ်စုံတစ်ယောက် လှမ်းအော်လိုက်သည်။
“ရှောင်ရွှီ... သိုးသားခေါက်ဆွဲ တစ်ပွဲဗျို့”
“ချက်ချင်းလာပါပြီ” ဆိုင်ရှင်သည် ဖန်းချန်ကို ခွင့်ပန်ကာ ဆိုင်ရှေ့သို့ သွား၍
ခေါက်ဆွဲများကို ဆွဲဖြတ်ကာ အလုပ်စတော့သည်။
ဖန်းချန်သည် ထိုရောက်လာသူကို သိနေသည်။
၎င်းမှာ ဟွိုင်ဖုန်းမြို့မှ ရှဲ့ကွမ်းအန်းပင် ဖြစ်သည်။ ဤနေရာတွင် ခေါက်ဆွဲစားတိုင်း
သူနှင့် ဆုံတွေ့ရသည်မှာ တိုက်ဆိုင်မှုဟု ဆိုရသော်လည်း ကံတရား၏ စီမံမှုဟုလည်း
ပြောနိုင်ပေသည်။
ရှဲ့ကွမ်းအန်းသည် ယခုတစ်ခေါက်တွင် အထုပ်အပိုး အကြီးကြီးကို ထမ်းလာသည်။ သူသည်
ကုန်ပစ္စည်းများကို ဘေးတွင် ချထားလိုက်ပြီး ဖန်းချန်၏ စားပွဲတွင်
လာထိုင်ကာ “အရှင်ဖန်း မဟုတ်ပါလား... ဆုံပြန်ပြီပေါ့၊ တကယ့်ကို ကံထူးတာပဲ” ဟု
နှုတ်ဆက်လိုက်သည်။
“ဆုံတွေ့ရတာ ဝမ်းသာပါတယ် အစ်ကိုရှဲ့၊ အစ်ကိုက ဒီမြို့ကလေးကို အမြဲ ဖြတ်သွားဖြတ်လာ
လုပ်နေတာလား”
“အရှင်ကတော့ အမြင်စူးရှတာပဲ။ ကျွန်ုပ်က တစ်နှစ်ပတ်လုံး လုံအန်းမြို့နဲ့
ဟွိုင်ဖုန်းမြို့ကြားမှာ ကုန်ကူးနေရတာပါ။ ကျွန်ုပ်ရဲ့
ခြေလှမ်းနဲ့ဆိုရင် သွားလိုက်ပြန်လိုက် တစ်ခေါက်ကို တစ်ရက်ကျော်ကျော်
ကြာတတ်တယ်။ ဟွိုင်ဖုန်းကနေ လုံအန်းကို သွားရင်တော့ မနက်အစောကြီး
ထွက်လေ့ရှိပြီး လင်းရှီးရွာမှာ ခဏနားပါတယ်။ လုံအန်းက
ပြန်လာရင်တော့ မနက်ထွက်ရင် ဒီမှာ နေ့လယ်စာ စားတယ်၊
ညနေထွက်ရင်တော့ ဒီမြို့မှာပဲ တစ်ညအိပ် နားလေ့ရှိတယ်။ အခုတော့ ဒီမှာ
ခေါက်ဆွဲစားရတာ အကျင့်ဖြစ်နေပါပြီ”
ဖန်းချန်က ခေါင်းညိတ်ပြရင်း ခေါက်ဆွဲကို စားကာ မေးလိုက်သည်။ “ဒါနဲ့ အစ်ကိုရှဲ့...
အနီးအနားမှာ ဘာတွေများ ထူးထူးခြားခြား သတင်းတွေ ကြားမိသေးလဲ”