← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃) - အနောက်ဘက်သို့ ခရီးဆက်ခြင်း

“ဒါပေါ့ဗျာ”

စကားပြောဖော် ရလာသည်နှင့် ရှဲ့ကွမ်းအန်းမှာ ချက်ချင်းပင် စိတ်ပါလက်ပါ ရှိလာတော့သည်။

သူသည် စကားကို တရစပ် ပြောနေသော်လည်း ခေါက်ဆွဲစားသည့် အရှိန်မှာမူ လျော့ကျသွားခြင်း

မရှိပေ။

“ငြိမ်းချမ်းတဲ့ ဒီလောကကြီးမှာ စိတ်ဝင်စားစရာတွေကတော့ ကုန်နိုင်မှာ မဟုတ်ပါဘူးဗျာ။

ဒါပေမဲ့ ကျွန်တော်ကတော့ ပုံမှန်အားဖြင့် ဟွိုင်ဖုန်းနဲ့ လုံအန်းကြားမှာပဲ

သွားလာနေတာဆိုတော့ ဒီနှစ်မြို့က အကြောင်းတွေကိုပဲ သိတာပါ။ အဝေးက

သတင်းတွေကတော့ ကောလာဟလတွေပဲ ရှိတာပေါ့”

“ကျွန်တော်တို့ ဟွိုင်ဖုန်းမြို့မှာဆိုရင် အခုနောက်ပိုင်း

စာပေထွန်းကားနေလိုက်တာဗျာ၊

မကြာသေးခင်ကမှ အရာရှိစာမေးပွဲမှာ ရှစ်ယောက်တောင် တစ်ပြိုင်နက်

အောင်မြင်ခဲ့ကြတယ်။ ဒါဟာ နှစ်ပေါင်း ထောင်ချီအတွင်းမှာ

ပထမဆုံးပဲ။ အခု သူတို့ မြို့တော်ကို သွားပြီး နောက်ဆုံးအဆင့် စာမေးပွဲ

ဖြေကြဦးမှာလေ။ ဘယ်နှစ်ယောက်များ အရာရှိဖြစ်လာမလဲတော့ မသိဘူး၊ အရာရှိဖြစ်လာရင်လည်း

ပြည်သူကို ကြည့်တဲ့ အရာရှိကောင်းတွေ ဖြစ်ပါစေလို့ပဲ ဆုတောင်းရတာပါပဲ”

“လုံအန်းမြို့မှာကျတော့ လွန်ခဲ့တဲ့ သုံးလလောက်က အဖိုးကြီးတစ်ယောက် ဇာတ်သဘင်ကို

အရူးအမူး စွဲလမ်းသွားတာဗျ။ သူ့သမီးကို အိမ်ထောင်ချပေးဖို့အတွက်

လက်ဝှေ့ပြိုင်ပွဲ လုပ်ပေးပြီး အနိုင်ရတဲ့သူနဲ့

လက်ထပ်ပေးမယ်ဆိုပြီး ကြေညာခဲ့သေးတယ်။ ဒါပေမဲ့

ပြိုင်ပွဲက တစ်ဝက်လောက်ပဲ ရှိသေးတယ်၊ သမီးဖြစ်သူက အဲဒီစီစဉ်မှုကို

မကျေနပ်လို့ သူ့အမေဆီသွားပြီး ငိုပြတာပေါ့။ အဲဒီမှာတင် အဘွားကြီးက

ဒေါသထွက်ပြီး လူပုံအလယ်မှာ အဖိုးကြီးကို ဆွဲထုတော့တာပဲဗျာ။

လက်ဝှေ့ပြိုင်ပွဲလည်း ပျက်သွားတာပေါ့။

အဲဒီမြင်ကွင်းကတော့ တကယ်ကို ရယ်စရာကောင်းတာဗျို့”

စကားပြောနေစဉ်အတွင်းမှာပင် နှစ်ဦးသား၏ ခေါက်ဆွဲပန်းကန်များမှာ တဝက်ကျော်ခန့်

ကုန်သွားခဲ့ပြီ ဖြစ်သည်။

ရှဲ့ကွမ်းအန်းက ဆက်လက်၍...

“ဒီအနီးအနားမှာ အဟိုးဆုံး သတင်းကတော့ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော်တို့

ဆုံခဲ့တဲ့အချိန်က ဟူချောင်မြို့မှာ ဖြစ်ခဲ့တဲ့ကိစ္စပဲ။

အရှင်လည်း ကြားမိမှာပေါ့”

“ကျွန်တော်လည်း အဲဒီတုန်းက ဒီကို ဖြတ်လာတာဆိုတော့ အစပိုင်းလောက်ပဲ သိတာပါ။

နောက်ဆက်တွဲက ဘာတွေ ဖြစ်ကုန်လဲ” ဖန်းချန်က သိုးသားတစ်တုံးနှင့်

ခေါက်ဆွဲကို ညှပ်ကာ စားရင်း မေးလိုက်သည်။

ခေါက်ဆွဲနှင့် အသားတို့၏ အရသာမှာ နူးညံ့အိစက်လှပြီး ကြက်ဥဆမ်းကလေးမှာလည်း

အကာနုနုနှင့် အနှစ်က ရဲရဲနီကာ ပူပူနွေးနွေးရှိလှရာ အလွန်ပင်

ခံတွင်းတွေ့လှပေသည်။

ရှဲ့ကွမ်းအန်းက စိတ်အားထက်သန်စွာဖြင့်...

“နောက်ဆုံးတော့ နစ်နာသူတွေက ခရိုင်ရုံးအထိ သွားပြီး မြေရှင်ကြီး ဖန်းယွမ်ဝိုင်

မိသားစုကို တရားစွဲလိုက်ကြတာလေ။ ကံကောင်းချင်တော့ ခရိုင်ဝန်မင်း ရောင်က

တရားမျှတတဲ့သူ ဖြစ်နေတော့ မြို့စောင့်စစ်သည်တွေကို လွှတ်ပြီး အဲဒီမြေရှင်နဲ့

သူ့လက်ပါးစေတွေကို ချက်ချင်း ဖမ်းခိုင်းလိုက်တာပေါ့။ သူတို့ကို

မိုင်ငါးထောင်အကွာက နယ်စပ်ဒေသဆီကို တစ်သက်လုံး

ပြည်နှင်ဒဏ် ပေးလိုက်တယ်ဗျ”

“ဒါတင်မကသေးဘူး၊ အဲဒီမြေရှင်နဲ့ ပေါင်းပြီး မဟုတ်တာတွေ လုပ်ခဲ့တဲ့

မြို့နယ်စာရေးကြီး ချန်ကိုတော့

ခေါင်းဖြတ်သတ်ဖို့ အမိန့်ချလိုက်တယ်။

ခေါင်းဖြတ်တဲ့နေ့က လူတွေအများကြီး သွားကြည့်ကြပြီး အားလုံးက

ဝမ်းသာအားရ လက်ခုပ်တီးကြတာဗျာ။ ကျွန်တော်ကတော့ အလုပ်ကိစ္စနဲ့ သွားနေရလို့

မကြည့်လိုက်ရဘူး။ နန်းနင်မြစ်ဆီက မြို့ကတော့ ကျွန်တော့်လမ်းကြောင်း

မဟုတ်ဘူးလေ”

“လျိုချန်းချင်းတို့ မိသားစုကတော့ တကယ်ကို ကံကောင်းတာပဲ။ အရင်က ဖန်းယွမ်ဝိုင်တို့

မိသားစုအကြောင်း ထူးထူးခြားခြား ကြားခဲ့ရတာတွေနဲ့ ပေါင်းပြီး

မြို့သူမြို့သားတွေကတော့ လျိုမိသားစုကို

နတ်ဘုရားတွေက စောင့်ရှောက်တာလို့ ပြောနေကြတယ်။ ဒါပေမဲ့

ကျွန်တော်ထင်တာကတော့ ‘ကိုယ်တိုင်ကြိုးစားမှ နတ်မစ’

ဆိုသလို လျိုမိသားစုက အရင်ဆုံး ကိုယ်တိုင် ရုန်းကန်ခဲ့လို့ ဖြစ်မှာပါ”

ဖန်းချန်က ဘာမှပြန်မပြောဘဲ ပြုံးလျက်သာ ခေါက်ဆွဲကို ဆက်စားနေမိသည်။

ရှဲ့ကွမ်းအန်း ပြောသည်မှာ အမှန်ပင်။ ထိုခွေးနတ်ဆိုးမှာ လျိုမိသားစုဝင်

တစ်ဦးကဲ့သို့ပင် ဖြစ်နေပြီး ဤနေရာ၌ ထူးဆန်းသော အရာများ

မကြာခဏ ဖြစ်ပျက်နေသည်ကိုသာ သူ သတိထားမိခဲ့ခြင်း ဖြစ်သည်။ လူသည် မိမိကိုယ်တိုင်

ကြိုးစားအားထုတ်မှု ရှိမှသာ ကောင်းကင်ဘုံက ကူညီမည် ဖြစ်သည်မှာ မှန်ကန်လှပေသည်။

…

ခေါက်ဆွဲဆိုင်မှ ထွက်လာပြီးနောက် ဖန်းချန်သည် လျိုချန်းချင်း၏ အိမ်ဘက်သို့ တစ်ချက်

လှည့်ပတ်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

သက်ငယ်မိုးအိမ်နှင့် ခြံစည်းရိုးမှာ ယခင်အတိုင်းပင် ရှိနေသော်လည်း ယခုအခါတွင်မူ

အိမ်အတွင်း၌ ရယ်မောသံများ ပြန်လည် ထွက်ပေါ်နေပြီ ဖြစ်သည်။ လွန်ခဲ့သည့်

လပိုင်းက ကြုံတွေ့ခဲ့ရသော မတရားမှုများမှာ ဤမိသားစုအပေါ်တွင်

အမာရွတ်များစွာ ချန်မထားခဲ့ပုံရသည်။ ဟောင်းလောင်း

ဖြစ်နေခဲ့သော နွားတင်းကုပ်မှာ ယခုအခါ ကိရိယာတန်ဆာပလာများနှင့်

ထင်းများ ထည့်ထားရာ နေရာ ဖြစ်နေပြီ။

ကလေးငယ်တစ်ဦးသည် သူ၏ ရွှေဝါရောင် ခွေးကလေးနှင့်အတူ ခြံထဲတွင် ဆော့ကစားနေသည်။

ကလေးငယ်က သဲအိတ်ကလေးကို လွှတ်ပစ်လိုက်တိုင်း ခွေးကလေးက

သွားရောက်ကိုက်ယူလာသည်ကို ကြည့်ကာ ကလေးငယ်က

လက်ခုပ်တီး၍ ရယ်မောနေတော့သည်။ ခွေးနှင့် လူသားမှာ အလွန်ပင်

သဟဇာတ ဖြစ်လှ၏။

ရွှေဝါရောင် ခွေးကလေးသည် ဘေးသို့ လှည့်ကြည့်လိုက်စဉ် ခြံစည်းရိုးအပြင်၌

ရပ်ကြည့်နေသော ဖန်းချန်ကို တွေ့လိုက်ရသဖြင့် မျက်နှာတွင်

ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ သို့သော် ကလေးငယ်နှင့်

ကစားနေသဖြင့် အနားသို့ တိုးမလာနိုင်ဘဲ ကလေးငယ်က သဲအိတ်ကို ကောက်ရန်

နောက်လှည့်သွားသည့် ခဏ၌သာ ဖန်းချန်ကို အသာအယာ

ဦးညွှတ် အလေးပြုလိုက်သည်။ ဖန်းချန်ကလည်း ခေါင်းညိတ်၍ အသိအမှတ်ပြုကာ

ပြုံးလျက် ထွက်ခွာလာခဲ့တော့သည်။

လျိုချန်းချင်း၏ အိမ်မှ ထွက်လာပြီးနောက် ဖန်းချန်သည် ဟူချောင်မြို့၏

မြေစောင့်နတ်မင်းထံသို့ ဝင်ရောက် နှုတ်ဆက်ရန်

ဆုံးဖြတ်လိုက်သည်။ သူသည် ယခုတစ်ခေါက် တောင်အောက်ဆင်းလာသည်မှာ

အခွင့်အလမ်းကို စောင့်ဆိုင်းရန် ဖြစ်သဖြင့် တိကျသော ရည်မှန်းချက်နှင့်

အချိန်ဇယား မရှိပေ။ ထို့ကြောင့် မိတ်ဆွေတစ်ဦး၏ တံခါးဝသို့

ရောက်နေပါလျက်နှင့် မဝင်ဘဲ နေခြင်းမှာ မသင့်တော်ဟု

သူ ယူဆသည်။

မြို့ထဲတွင် လျှောက်သွားရင်း နှမ်းကပ်မုန့်ချိုချိုလေး တစ်ထုပ်ကို ဝယ်ယူခဲ့သည်။

မိတ်ဆွေအိမ်သွားလျှင် လက်ဆောင်ပါခြင်းမှာ ယဉ်ကျေးမှုတစ်ရပ် မဟုတ်ပါလား။

ဤမြို့ရှိ မြေစောင့်နတ်နန်းမှာ စည်ကားသော မြို့ပေါ်တွင် ရှိသဖြင့် အလှူရှင်များစွာ

ရှိလှသည်။ အနည်းဆုံးတော့ ယွင်ကျုန်းတောင်မှ တောင်နတ်မင်းထက်စာလျှင် ပို၍

ဘုန်းကံကြီးမားပုံရသည်။ ဖန်းချန်သည် နတ်နန်းတံခါးဝသို့

ရောက်သောအခါ အချက်ပေးသည့်အနေဖြင့် လက်ဟန်ခြေဟန် အနည်းငယ်

ပြုလုပ်လိုက်ရာ မြေစောင့်နတ်မင်းက ဆီးကြို၍ အတွင်းသို့

ဖိတ်ခေါ်တော့သည်။

ဟူချောင်မြို့ မြေစောင့်နတ်မင်း ဝူဟွိုင်ကျင်သည် နတ်မင်းများကြားတွင် အပေါင်းအသင်း

ဆံ့သူတစ်ဦး ဖြစ်သဖြင့် ပတ်ဝန်းကျင်မှ သတင်းအမျိုးမျိုးကို သိရှိထားသည်။

မြေစောင့်နတ်မင်း ပြောပြချက်အရ မြို့နယ်စာရေးကြီး ချန်မှာမူ

လွတ်မြောက်သွားခြင်း မရှိပေ။ သူသည် ခေါင်းဖြတ်ခံရပြီးနောက်

မြို့စောင့်နတ်မင်း နန်းတော်တွင်

ချုပ်နှောင်ခံထားရပြီး သူ ကျူးလွန်ခဲ့သော

ပြစ်မှုများအတွက် တရားစီရင်ခြင်း ခံနေရသည်။

သူသည် ကြိမ်ဒဏ် တစ်ထောင် ရိုက်နှက်ခြင်း ခံရသည့်အပြင် အကြိမ်ငါးဆယ်တိုင်တိုင်

ခြေထောက်ကို ဖြတ်တောက်ခြင်း ခံရမည် ဖြစ်သည်။ ထို့နောက်မှသာ သံသရာထဲသို့

ပြန်လည် စေလွှတ်ခြင်း ခံရမည်ဖြစ်ပြီး ပိုးလောက်လန်း ဘဝဖြင့်သာ နှစ်ပေါင်း သန်းချီ၍

ကျင်လည်စေမည် ဖြစ်ရာ လူ့ဘဝသို့ ပြန်လည် ရောက်ရှိရန်မှာမူ အလွန်ပင်

ခက်ခဲလှပေတော့မည်။

“ထိုက်တန်လှပါတယ်” ဟု ဖန်းချန်က မှတ်ချက်ပြုလိုက်သည်။

…

ဟူချောင်မြို့ကို ဖြတ်သန်းသွားသော လမ်းမကြီးမှာ မြောက်မှ တောင်သို့ ဦးတည်နေသည်။

ဤလမ်းမကြီးမှာ ရှေးပဝေသဏီကပင် တည်ရှိခဲ့ခြင်း ဖြစ်ပြီး နှစ်စဉ်

ပြုပြင်ထိန်းသိမ်းမှုများ ရှိခဲ့သည်။

ဟူချောင်မြို့မှ မြောက်ဘက်သို့ သွားလျှင် လင်းရှီးရွာအနီးသို့ ရောက်ရှိမည်

ဖြစ်ပြီး၊ ယွင်ကျုန်းတောင်ခြေမှ အရှေ့ဘက်သို့ လှည့်သွားပါက

လုံအန်းမြို့သို့ ရောက်ရှိပေမည်။ ဟူချောင်မြို့မှ တောင်ဘက်သို့

ခဏသွားပြီးနောက် အနောက်ဘက်သို့ လှည့်သွားလျှင်မူ

ဟွိုင်ဖုန်းမြို့သို့ ရောက်ရှိမည် ဖြစ်သည်။

ဤဒေသ၏ လမ်းပန်းဆက်သွယ်ရေးမှာ နှစ်ပေါင်း ထောင်ချီ၍ ဤအတိုင်းပင် ရှိခဲ့သည်။

ထို့ကြောင့် တောင်ဘက်ရှိ နင်းဟေမြို့သို့ သွားရန်မှာမူ အတော်လေး

ခက်ခဲလှပေသည်။ ကံကောင်းသည်မှာ နင်းဟေမြို့မှ ဟူချောင်မြို့အထိ လမ်းမကြီးသစ်တစ်ခု

ဆောက်လုပ်ရန် ခရိုင်ဝန်မင်းများက စီစဉ်နေသည်ဟု သတင်းများ ကြားနေရသည်။ အကယ်၍

ထိုလမ်းမကြီး ပြီးဆုံးသွားပါက ကုန်စည်စီးဆင်းမှုမှာ ယခုထက် များစွာ

ပိုမို လွယ်ကူသွားပေလိမ့်မည်။ သို့သော်လည်း အခြေအနေအမျိုးမျိုးကြောင့်

ထိုအစီအစဉ်မှာ အကောင်အထည် မဖော်နိုင်သေးပေ။

ဖန်းချန်သည် အထုပ်အပိုးကို ကျောပိုးကာ ဟူချောင်မြို့၏ တောင်ဘက်မှ ထွက်လာပြီး

အနောက်ဘက်သို့ ဦးတည် လျှောက်လှမ်းခဲ့သည်။ ခါးရှိ ဝါးကျည်တောက်ထဲမှ

စမ်းရေများကို သောက်ပြီးပြီ ဖြစ်ရာ ယခုအခါတွင်မူ အရက်ချိုချိုများ

ဖြည့်ထားတော့သည်။ သို့သော် သူသည် အရက်ကို ချက်ချင်း မသောက်သေးဘဲ

အထုပ်ထဲမှ သစ်စေ့များကို ထုတ်ယူကာ လမ်းလျှောက်ရင်း ဖြည်းဖြည်းချင်း

အခွံနွှာ စားနေမိသည်။

သစ်စေ့ခွံများကို လမ်းဘေးသို့ ပစ်ချလိုက်ရာ ၎င်းတို့မှာ မကြာမီမှာပင် မြေဩဇာအဖြစ်

ပြောင်းလဲသွားမည် ဖြစ်သဖြင့် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမည် မဟုတ်ပေ။

လမ်းမကြီးမှာ တောအုပ်များ၊ လယ်ကွင်းများ၊ ကန်များနှင့်

မြစ်များကို ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် ရှုခင်းများမှာ အလွန်ပင်

သာယာလှပေသည်။ လမ်းဘေးရှိ မြက်ပင်များမှာလည်း ရွှေရောင်ဝင်းနေသော

ပြောင်းဖူးခင်းများကဲ့သို့ပင် အနှံများ ဝေဆာနေကြသည်။

လင်းရှီးရွာမှာကဲ့သို့ပင် နေရာတိုင်းတွင် ရိတ်သိမ်းနေကြသော လူများကို တွေ့ရသည်။

လယ်သမားများသည် မိမိတို့၏ တစ်နှစ်တာ ထွက်ကုန်များကို လှည်းများ၊

မြည်းများဖြင့် အိမ်သို့ သယ်ဆောင်နေကြသည်။

မြင်းလှည်းကြီးများမှာ တန်ဖိုးကြီးလှသဖြင့်

ချမ်းသာသူများပင် အလွယ်တကူ မဝယ်နိုင်ကြပေ။ လမ်းမကြီးပေါ်တွင် ဝေးလံသော

ခရီးသွားရန်အတွက်သာ မြင်ရလေ့ရှိပြီး လယ်တောထဲတွင်မူ တွေ့ရခဲလှပေသည်။

လမ်းပေါ်တွင် လူအများမှာ အလုပ်ရှုပ်နေကြသော်လည်း ဖန်းချန် တစ်ဦးတည်းသာ အေးဆေးစွာ

လျှောက်လှမ်းနေသည်။ သူသည် အစားအစာ၊ အဝတ်အထည်နှင့် အကျော်အမော်

ဂုဏ်သတင်းတို့အတွက် စိုးရိမ်ပူပန်နေစရာ မလိုဘဲ

စိတ်လွတ်ကိုယ်လွတ် ရှိလှပေသည်။ ယခုတစ်ခေါက် တောင်အောက်ဆင်းလာခြင်းမှာလည်း

ကံတရားကို အလိုက်သင့် စောင့်စားရန်သာ ဖြစ်သဖြင့် အောင်မြင်သည်ဖြစ်စေ၊

မအောင်မြင်သည်ဖြစ်စေ သူ ဂရုမစိုက်ပေ။

ယွင်ကျုန်းတောင်တန်း၏ အကြွင်းအကျန် တောင်ကုန်းများမှာ တောင်ဘက်သို့ ဝန်းရံထားသဖြင့်

လမ်းမကြီးမှာ တောင်ခြေအတိုင်း အနည်းငယ် ကွေ့ဝိုက်သွားရသည်။ ဖန်းချန်သည်

တောင်စောင်းလမ်းကလေးကို ဖြတ်ကျော်ကာ

ချိုင့်ဝှမ်းငယ်လေးတစ်ခုသို့

ရောက်သောအခါ ရှေ့တွင် ကွင်းပြင်ကျယ်ကြီးတစ်ခုကို မြင်လိုက်ရသည်။

ဟွိုင်ဖုန်းမြို့၏ နယ်နိမိတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကောင်းကင်ယံမှာ အနည်းငယ် မှိုင်းညို့နေပြီး တိုက်ခတ်လာသော လေညင်းထဲတွင် အေးစိမ့်သော

အငွေ့အသက်များ ပါဝင်နေသည်။ မလှမ်းမကမ်းရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် လူတစ်စုမှာ

နားနေကြရာမှ ခရီးဆက်ရန် ပြင်ဆင်နေကြသည်ကို တွေ့ရသည်။

ထိုလူစုကို အဝေးမှ မြင်လိုက်ရသောအခါ ဖန်းချန်၏ မျက်လုံးများမှာ ရုတ်တရက်

တည်ငြိမ်သွားတော့သည်။

အခန်း (၅၄) - လောကမုန်တိုင်းထဲက အပြန်

လမ်းသွားလမ်းလာတို့၏ အမြင်တွင်မူ ထိုလူစုမှာ သာမန်ခရီးသွားများသာ ဖြစ်ကြသော်လည်း

ဖန်းချန်၏ အမြင်တွင်မူ လုံးဝ ထူးခြားနေသည်။ သူ့မျက်စိထဲ၌ ထိုလူစုထဲမှ

လူနှစ်ယောက်၏ ဦးခေါင်းထက်တွင် အရပ်မျက်နှာ အသီးသီးမှ အရှိန်အဝါများ

စုစည်းရောက်ရှိနေသကဲ့သို့ မြင်တွေ့နေရခြင်း ဖြစ်၏။

ဖန်းချန်မှာ စိတ်ထဲမှ တအံ့တသြ ရေရွတ်မိသည်။

“မလွယ်ကူလှပါလား၊ တစ်ခုခုတော့ မှားနေပြီ”

လွန်ခဲ့သော လအနည်းငယ်က ကောင်းကင်ယံတွင် မြင်တွေ့ခဲ့ရသော ထူးဆန်းသည့်

နက္ခတ်နိမိတ်များနှင့် ဆက်စပ်ကြည့်လျှင်

ရှေ့မှောက်ရှိ လူစုထဲမှ ထိုလူနှစ်ယောက်မှာ လာလတ္တံ့သော

ကပ်ဆိုးကြီး၏ အဓိကဇာတ်လိုက်များ ဖြစ်နေရန် ရှစ်ဆယ်ရာခိုင်နှုန်းခန့်

သေချာနေပေပြီ။

ဖန်းချန်အနေဖြင့် ၎င်းတို့နှင့် ပတ်သက်မှု မရှိလိုပေ။

ကပ်ဘေးဟူသည်မှာ ကောင်းသောအရာ မဟုတ်။ အကယ်၍ ထိုသူတို့နှင့် ပတ်သက်မိပြီး ကပ်ဘေးထဲ

ပါသွားပါက ကျင့်ကြံသူတစ်ဦး ဖြစ်လင့်ကစား၊ ဤခေတ်ကာလတွင် ကျင့်ကြံသူများအတွက်

ခိုနားရာ ဘုံဗိမာန်လည်း မရှိသည်ဖြစ်ရာ အခန့်မသင့်လျှင် အသက်ဆုံးရှုံးရသည်အထိ

ဘေးတွေ့နိုင်ပေသည်။

ထို့ကြောင့် သူသည် ခြေလှမ်းကို ချက်ချင်းပင် အရှိန်မြှင့်လိုက်သည်။ ထိုလူစုကို

ကျော်တက်သွားခြင်းဖြင့် မည်သည့် ပတ်သက်မှုမျှ မရှိအောင်

ရှောင်လွှဲလိုက်ခြင်းပင် ဖြစ်၏။ သူသည် မိမိ၏

ရှောင်ထွက်ပုံကို သဘောကျကာ စိတ်ထဲမှ တိတ်တဆိတ် ရယ်မောနေမိတော့သည်။

…

မိုးစက်မိုးပေါက်တို့မှာ လေထဲတွင် ဝဲပျံရင်း ကောင်းကင်နှင့် မြေကြီးကြား၌

မှုန်မှိုင်းနေကြသည်။

ကောင်းကင်ယံ၌ မည်းမှောင်သော တိမ်တိုက်ကြီးများ ဖုံးလွှမ်းနေသော်လည်း နွေရာသီကဲ့သို့

ကြမ်းတမ်းခြင်း မရှိပေ။ ဆောင်းဦးပေါက်၏ မိုးသည် နူးညံ့လှပြီး မိုးကြိုးသံများပင်

မကြားရသလောက်ပင်။

သို့သော်လည်း ရိတ်သိမ်းရန် စောင့်မျှော်နေကြသော တောင်သူလယ်သမားများအဖို့မူ

ထိုမိုးစက်များမှာ ဦးခေါင်းကို ရိုက်နှက်လိုက်သည့်

ဒဏ်ချက်ကဲ့သို့ပင်။ လူတိုင်းမှာ အပြေးအလွှား

အလုပ်ရှုပ်နေကြပြီး မိုးအကြီးအကျယ် မရွာသွန်းမီ မိမိတို့၏

ပြောင်းဖူးခင်းများကို အပြီးသတ် ရိတ်သိမ်းနိုင်ရန် ကြိုးစားနေကြသည်။

တောင်သူတို့ကမူ “နတ်မင်းကြီးနဲ့ အချိန်လုနေရတယ်” ဟု ဆိုကြ၏။

သို့သော်လည်း အချို့သော မိသားစုများမှာမူ မိုးစိုသွားသော ကောက်နှံများကို ကြည့်ကာ

မျက်မှောင်ကြုတ်နေကြရသည်။ ဤလောကမြေပြင်ထက်တွင် ဝမ်းနည်းခြင်း၊

ဝမ်းသာခြင်းတို့သည်လည်း မိုးစက်များနှင့်အတူ

ရောနှောနေတော့သည်။

ဖန်းချန်သည် ခမောက်ကို ဆောင်းကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။ သူ

ကိုယ်တိုင်ရက်လုပ်ထားသော ခမောက်မှာ မိုးဒဏ်ကို ကောင်းစွာ

ကာကွယ်ပေးနိုင်လှပေသည်။

ရှေ့နားတွင် လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်ရှိသည်။ ဆိုင်ရှင်မှာ လမ်းမကြီးဘေးရှိ

ကျောက်ပြားညီညီပေါ်တွင် တဲလေးတစ်လုံး ထိုးထားပြီး စားပွဲလေး၊

ငါးလုံးခန့် ချကာ ခရီးသည်များကို လက်ဖက်ရည်ရောင်း၍

အသက်မွေးနေခြင်း ဖြစ်သည်။ ဤနေရာမှာ ကျေးရွာ၊

မြို့ပြတို့နှင့် ဝေးလံလှသဖြင့် ခရီးသည်တို့ နားခိုရန်

အလွန်ပင် သင့်တော်လှရာ ဆိုင်မှာလည်း စည်ကားနေမည်မှာ အမှန်ပင်။

မိုးကလည်း စွေနေပြီ ဖြစ်ရာ ဖန်းချန်သည် ဆိုင်ထဲသို့ဝင်ကာ လက်ဖက်ရည်

တစ်ခွက်သောက်ရင်း အနားယူရန် ဆုံးဖြတ်လိုက်သည်။

“ဧည့်သည်တော် ကြွပါ၊ လက်ဖက်ရည် တစ်ခွက်လောက် သောက်မလား။ တစ်အိုးကို တစ်ပြား၊

ထပ်သောက်ရင် နှစ်ပြားပါပဲ”

သူ ဆိုင်နားသို့ ရောက်သည်နှင့် ဆိုင်ရှင်က ဆီးကြို၍ မေးမြန်းလိုက်သည်။

လက်ဖက်ရည်တဲအတွင်း၌ လူအချို့ ရှိနေနှင့်ပြီ ဖြစ်ရာ စားပွဲများမှာ တဝက်ခန့်

ပြည့်နေတော့သည်။ တဲအပြင်ဘက်တွင်လည်း လှည်းအချို့ကို

အမိုးအကာများဖြင့် ဖုံးအုပ်ထားပြီး မြည်းနှင့်

မြင်းများကိုလည်း သစ်ပင်အောက်၌ ချည်နှောင်ထားကြသည်။ အားလုံးမှာ

မိုးခိုနေကြသော ခရီးသည်များပင် ဖြစ်၏။

ဖန်းချန်သည် တဲထဲသို့ ဝင်ကာ ခမောက်ကို ချွတ်လိုက်ပြီး မိုးရေများကို

ခါထုတ်လိုက်သည်။ ထို့နောက် ဆိုင်ရှင်ကို ပြုံး၍...

“လက်ဖက်ရည် တစ်ခွက်ပဲ ပေးပါ” ဟု ဆိုလိုက်၏။

“ကောင်းပါပြီ၊ ထိုင်ပါဦး ဧည့်သည်တော်။ ကျွန်ုပ်တို့ဆီမှာ စားစရာ မုန့်တွေနဲ့

ချဉ်ဖတ်တွေလည်း ရှိပါတယ်၊ ဈေးလည်း မကြီးပါဘူး။ ဗိုက်ဆာရင် တစ်ခုခု

မြည်းကြည့်မလား”

“မလိုပါဘူး၊ လက်ဖက်ရည်ပဲ ပေးပါ”

ဖန်းချန်သည် ပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်ရာ လူအများအပြားမှာ

နှမ်းကပ်မုန့်များကို ကိုက်စားရင်း

လက်ဖက်ရည်ပူပူနှင့် ချဉ်ဖတ်များကို မြိန်ယှက်စွာ စားသုံးနေကြသည်ကို

တွေ့ရသည်။ မိုးထဲလေထဲ ခရီးဝေး လျှောက်လာပြီးနောက် ဤကဲ့သို့ အမိုးအကာအောက်တွင်

လက်ဖက်ရည်ပူပူ သောက်ရခြင်း၊ မုန့်နှင့် ချဉ်ဖတ်ကို စားရခြင်းမှာ အလွန်ပင်

စိတ်ချမ်းမြေ့စရာ ကောင်းမည်မှာ အမှန်ပင်။

သူသည် လွတ်နေသော စားပွဲတစ်ခုတွင် ထိုင်လိုက်ပြီး ဆိုင်ရှင်က လက်ဖက်ရည်အိုး

ယူလာပေးသောအခါ အကြွေစေ့တစ်ပြား ပေးချေလိုက်သည်။

ကြွေပန်းကန်လုံးထဲရှိ လက်ဖက်ရည်မှာ ကြည်လင်ပြီး

စိမ်းမြမြ အရောင်သန်းနေကာ စံပယ်နံ့ သင်းပျံ့နေ၏။ လက်ဖက်ရည်ပေါ်တွင်လည်း

စံပယ်ပွင့်ဖတ်ကလေးများ ဝဲနေကြသည်။ တစ်ငုံ မြည်းကြည့်လိုက်ရာ

ခရီးသည်တို့၏ အမောကို ပြေစေပြီး ကိုယ်ခန္ဓာကို နွေးထွေးစေသည့် အရသာမျိုး

ဖြစ်သည်။

ဖန်းချန်မှာ လက်ဖက်ရည်ကို သောက်ရင်း ငြိမ်သက်စွာ ထိုင်နေမိသည်။ ထို့နောက် ခါးရှိ

ဝါးကျည်တောက်ကို ဖြုတ်ကာ အတွင်းမှ အရက်ချိုကို တစ်ငုံသောက်လိုက်ပြီး ပြန်၍

ချိတ်ဆွဲထားလိုက်သည်။ အိတ်ထဲမှ သစ်စေ့အချို့ကို ထုတ်ကာ အခွံနွှာ စားရင်း

ပတ်ဝန်းကျင်မှ လူတို့၏ တီးတိုး စကားသံများကို နားထောင်ကာ အပြင်ဘက်မှ

ဆောင်းဦးမိုးကို ငေးမောနေမိတော့သည်။

လမ်းမကြီးမှာ မိုးရေကြောင့် ဗွက်များ ထနေပြီ။ လေညင်းတိုက်လိုက်တိုင်း

မိုးစက်များမှာ ယိမ်းနွဲ့ကာ မြေပြင်ပေါ်သို့

တဖြောက်ဖြောက် ကျဆင်းနေကြသည်။ ဆိုင်၏ ဘေးတစ်ဖက်တစ်ချက်တွင်

ကျောက်တုံးများစွာ ရှိနေပြီး စိုက်ခင်းများ မရှိသဖြင့်

သစ်ပင်ချုံနွယ်များမှာ ရှုပ်ထွေးလှသည်။

အဝေးမှ တစ်စုံတစ်ယောက် အပြေးအလွှား လာနေသည်ကို ဖန်းချန် အာရုံရသော်လည်း

ချုံနွယ်များ ကာနေသဖြင့် သေချာ မမြင်ရပေ။

“ဟင်... မဟုတ်သေးပါဘူး”

သူသည် အဝေးက ကောင်းကင်ယံကို လှမ်းကြည့်လိုက်ပြီးမှ ထိုသူတို့မှာ မည်သူများ

ဖြစ်ကြောင်း သိလိုက်ရသည်။

၎င်းတို့မှာ မိုးထဲလေထဲတွင် အပြေးအလွှား လိုက်လာကြခြင်း ဖြစ်ပြီး

ဤလက်ဖက်ရည်ဆိုင်မှာ ရှေ့၌ရှိသော တစ်ခုတည်းသော

မိုးခိုရာ နေရာ ဖြစ်နေပုံရသည်။ ရှောင်လွှဲ၍ မရနိုင်မှတော့လည်း ရှောင်မနေတော့ရန်

သူ ဆုံးဖြတ်လိုက်သည်။

ခြေသံများမှာ နီးကပ်လာပြီးနောက် လူတစ်စုသည် မိုးရေများ စိုရွှဲလျက်

မောကြီးပန်းကြီးဖြင့် ဆိုင်ထဲသို့ ဝင်လာကြသည်။

သူတို့သည် ဝတ်ဆင်ထားသော မိုးကာများကို ချွတ်ကာ လက်ဖက်ရည် မှာကြပြီး

လူစုလူဝေးကြားရှိ စားပွဲများတွင် ဝင်ထိုင်ကြတော့သည်။ ဖန်းချန်၏

စားပွဲတွင်လည်း လာရောက် ဝင်ထိုင်ကြ၏။ ဆိုင်ရှင်မှာမူ ဧည့်သည်အများအပြား

ရောက်လာသဖြင့် ဝမ်းသာအားရ လက်ဖက်ရည်နှင့် မုန့်များကို အပြေးအလွှား

ပြင်ဆင်ပေးနေတော့သည်။

ဖန်းချန်မှာမူ ရှောင်မနေတော့ဘဲ ထောင့်တစ်နေရာတွင် ထိုင်ကာ အေးဆေးစွာပင် သောက်မြဲ

သောက်နေမိသည်။

ကံတရား၏ စီမံမှုကြောင့်ပင် ဖြစ်ပေလိမ့်မည်။ လောကကပ်ဘေးကြီး၏ အဓိကဇာတ်လိုက်ဟု

ထင်ရသော ထိုလူနှစ်ယောက်မှာ မတူညီသော လူစုများမှ ဖြစ်ကြသော်လည်း

ဖန်းချန်၏ မျက်နှာချင်းဆိုင်တွင် တိုက်တိုက်ဆိုင်ဆိုင် လာထိုင်ကြသည်။

သူတို့သည် တစ်ဦးနှင့်တစ်ဦး အမည်များ မိတ်ဆက်ကာ စကားပြောကြတော့သည်။ ထိုအခါမှပင်

ဖန်းချန်သည် ကပ်ဘေး၏ ဇာတ်လိုက်နှစ်ဦးမှာ မည်သူများ ဖြစ်ကြောင်း သေချာစွာ

မြင်တွေ့ခွင့် ရတော့သည်။

တစ်ဦးမှာ ပညာရှိပုံစံ ရှိပြီး နူးညံ့သိမ်မွေ့သော အသွင်ကို ဆောင်သည်။ သို့သော်

အပြေးအလွှား လာခဲ့ရသဖြင့် နားထင်မှ ဆံစများမှာ ဖရိုဖရဲ ဖြစ်နေပြီး

အင်္ကျီအောက်နားတွင်လည်း ဗွက်စက်များ ပေကျံနေ၏။ ကျန်တစ်ဦးမှာမူ

သိုင်းသမားပုံစံ မိန်းမပျိုလေး တစ်ဦး ဖြစ်သည်။ သူမသည် အနီရောင်

ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်ခုံးတန်းများမှာ ရဲရင့်ပြတ်သားသည့် အသွင်ကို

ဆောင်နေသည်။

စားပွဲတွင် လူခုနစ်ယောက်ခန့် ပြည့်နှက်နေသော်လည်း ဖန်းချန် တစ်ဦးတည်းသာ

တိတ်ဆိတ်စွာ ထိုင်နေသည်။ ထိုလူစုထဲမှ လူကြီးတစ်ဦးက ကိုယ်ကို

နွေးထွေးစေရန် လက်ဖက်ရည် တစ်ငုံသောက်ပြီးနောက် စကားစလိုက်သည်။

“အားလုံးပဲ၊ ဆုံရတာ ကံထူးတာပါပဲ။ ကျွန်တော်ကတော့ အောက်ကျိုးဒေသက တွန့်ကျင်းလို့

ခေါ်ပါတယ်”

“ကျွန်တော်က လျိုယွမ်တယ်ပါ” ၎င်းမှာ ပညာရှိပုံစံနှင့် ဇာတ်လိုက်ဖြစ်သူပင်။

“ယွီချင်းလင်ပါ” ၎င်းမှာ အနီရောင်ဝတ်စုံနှင့် သိုင်းသမား မိန်းမပျိုလေး ဖြစ်ပြီး

ဤကပ်ဘေး၏ နောက်ထပ် ဇာတ်လိုက်တစ်ဦး ဖြစ်သည်။

“…”

“ဖန်းချန်ပါ”

အမည်များ ဖလှယ်ပြီးနောက် ဖန်းချန်ကလည်း ဖြည်းညင်းစွာပင် ပြောလိုက်သည်။

“ဒီလိုနဲ့ အားလုံးပဲ သိသွားကြပြီပေါ့၊ ဆုံတွေ့ရတာ ကံတရားပါပဲ” ဟု တွန့်ကျင်းက

ပွင့်လင်းစွာ ဆိုကာ စကားလက်ဆုံ ကျကြတော့သည်။

သူတို့ ပြောဆိုကြသည်ကို နားထောင်ခြင်းဖြင့် ၎င်းတို့မှာ မတူညီသော အဖွဲ့သုံးဖွဲ့မှ

ဖြစ်ကြောင်း ဖန်းချန် သိလိုက်ရသည်။ စာပေလေ့လာရန် ခရီးထွက်လာသော ပညာရှိတစ်စု၊

လောကအနှံ့ လှည့်လည်နေသော သိုင်းသမားတစ်စုနှင့် အလုပ်ရှင်၏ အမိန့်အရ

နေရာပြောင်းရွှေ့နေကြသော ဆိုင်ရှင်နှင့်

အလုပ်သမားတစ်စုတို့ ဖြစ်ကြသည်။

ဖန်းချန်သည် ထိုဇာတ်လိုက်နှစ်ဦး၏ အမူအရာနှင့် ဦးခေါင်းထက်မှ အရှိန်အဝါများကို

သေချာစွာ လေ့လာနေမိသည်။ လောက၏ လေဟုန်နှင့် တိမ်တိုက်များ စုဝေးနေပုံအရ

မကြာမီမှာပင် သူတို့သည် လောကဇာတ်ခုံပေါ်တွင် ထင်ရှားလာကြပေတော့မည်။

သို့သော်လည်း သူတို့ကိုယ်တိုင်မှာမူ ထိုအချက်ကို သိရှိပုံ မရကြသေးပေ။ ကပ်ဘေး၏

ဇာတ်လိုက်ဟူသော အမည်နာမမှာ နားထောင်ကောင်းသော်လည်း စင်စစ်တွင်မူ

အလွန်ပင် ခက်ခဲကြမ်းတမ်းလှသော လမ်းစဉ်တစ်ခု ဖြစ်သည်။

လောကရေစီးကြောင်း၏ တွန်းပို့မှုကြောင့်သာ

သူတို့သည် ရှောင်လွှဲ၍ မရဘဲ ပါဝင်နေကြရခြင်း ဖြစ်၏။

စင်စစ်တွင်မူ သူတို့၏ ရွေးချယ်မှုများသည် လောကရေစီးကြောင်းကို အနည်းငယ် သက်ရောက်မှု

ရှိနိုင်သော်လည်း များသောအားဖြင့်မူ ၎င်းတို့၏ ရွေးချယ်မှုမှာ မိမိစိတ်ဆန္ဒထက်

သမိုင်းနှင့် အခြေအနေအရသာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ခေတ်တစ်ခေတ်၏

ဇာတ်လိုက်ဟူသည်မှာ ထိုနေရာနှင့် သင့်တော်သူသာ ဖြစ်လာကြရခြင်း

ဖြစ်ပြီး သမိုင်းကို သူရဲကောင်းတို့က ဖန်တီးခြင်း မဟုတ်ပေ။

ဖန်းချန်သည် သူတို့၏ စကားဝိုင်းထဲတွင် ဝင်ရောက် မပါဝင်သေးဘဲ ဂရုတစိုက်

နားထောင်လျက်သာ ရှိနေသည်။ ကပ်ဘေးကြီး ဆိုက်ရောက်တော့မည်

ဆိုသော်လည်း မိမိဘက်မှ စတင်၍ ဝင်ရောက် ပတ်သက်ရန် မလိုအပ်ပါချေ။

သိုင်းသမား တွန့်ကျင်းမှာ စကားပြော အလွန်ကောင်းသူ ဖြစ်သဖြင့် သူ၏ စကားများကြောင့်

စားပွဲတိုင်းတွင် ရယ်မောသံများဖြင့် စည်ကားလာတော့သည်။ အားလုံးမှာ အပြင်ဘက်မှ

ဆောင်းဦးမိုး၏ အေးစိမ့်မှုကိုပင် မေ့လျော့နေကြတော့သည်။

All Chapters