← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇) - လူငယ်တို့၏ အိပ်မက်နှင့် ဝေးလံသောခရီး

အကွာအဝေးမှာ မိုင်တစ်ရာခန့်သာ ရှိသော်လည်း ဟွိုင်ဖုန်းမြို့တော်၏ လမ်းမများပေါ်မှ

မြင်ကွင်းမှာ နင်းဟေမြို့နှင့် လုံးဝမတူပေ။ အထူးသဖြင့် မြို့သူမြို့သားတို့၏

စကားပြောပုံ လေယူလေသိမ်းမှာ သိသိသာသာ ကွဲပြားလှ၏။

နှိုင်းယှဉ်ကြည့်လျှင် ဤဟွိုင်ဖုန်းမြို့မှာ နင်းဟေမြို့ထက် များစွာ ပိုမို

စည်ကားဝပြောလှသည်။ လမ်းသွားလမ်းလာများ၊ ဈေးသည်များ၊

အလုပ်သမားများမှသည် ကလေးသူငယ်နှင့်

သက်ကြီးရွယ်အိုများအထိ လူတိုင်း၏ ရုပ်သွင်မှာ

ပိုမို ကြည့်ကောင်းကာ ပြည့်စုံကြသည်ကို တွေ့ရသည်။

ဟွိုင်ဖုန်းမြို့သည် သစ်တော်သီး အထွက်ကောင်းသော ဒေသဖြစ်သည်။ ဤမြို့မှ ထွက်ရှိသော

သစ်တော်သီးများမှာ အလုံးကြီးပြီး အရသာ ရှိလှ၏။ အခွံထူသော်လည်း အရည်ရွှန်းကာ

အထားခံ၊ အသယ်ခံသဖြင့် အနီးအနားရှိ မြို့နယ်များတွင် အလွန်ပင် နာမည်ကြီးလှပေသည်။

ဖန်းချန် မြို့ထဲသို့ ဝင်လာစဉ် လမ်းဘေးတစ်လျှောက်၌ ကောက်ပဲသီးနှံခင်းများသာမက

စမ်းချောင်းဘေးနှင့် လမ်းဘေးများတွင် သစ်တော်သီးပင်များကို အများအပြား

တွေ့ခဲ့ရသည်။ နက်မှောင်သော ပင်စည်များပေါ်တွင် စိမ်းစိုသော အရွက်ကလေးများ

ဝေဆာနေပြီး အလယ်၌ အဝါနုရောင် အသီးကလေးများမှာ နေရောင်အောက်တွင်

ဝင်းပနေကြသည်။ အကယ်၍ နွေဦးပေါက်ချိန်တွင် ရောက်လာခဲ့ပါက

ဤမြို့တော်ကြီးမှာ ဖြူလွှလွှ သစ်တော်သီး ပန်းပွင့်ကလေးများဖြင့်

ဆီးနှင်းတောကြီးတစ်ခုနှယ် လှပနေမည်မှာ အမှန်ပင်။

အခွံထူသော သစ်တော်သီးမှာ အရသာ၌ အနည်းငယ် လိုအပ်ချက် ရှိနိုင်သော်လည်း အထားခံ၊

အသယ်ခံသည့် ဂုဏ်သတ္တိကြောင့်ပင် ဟွိုင်ဖုန်းသစ်တော်သီးအဖြစ်

လူကြိုက်များလာခြင်း ဖြစ်သည်။ အဝေးတစ်နေရာမှ ထွက်ရှိသော

နာမည်ကြီး သစ်တော်သီးတစ်မျိုးမှာမူ အခွံပါးပြီး အသားမှာ ကြွပ်ဆတ်ကာ

ချိုမြိန်လွန်းလှသော်လည်း မြေပေါ်သို့ မတော်တဆ ပြုတ်ကျသွားပါက

အစိတ်စိတ်အမွှာမွှာ ကွဲကျသွားတတ်သဖြင့် “ဖန်ချက်သစ်တော်သီး”

ဟုပင် ခေါ်တွင်ကြသည်။ ထိုအမျိုးအစားမှာ သယ်ယူပို့ဆောင်ရန် ခက်ခဲသဖြင့်

မြို့ခံများသာ စားသုံးခွင့်ရပြီး အဝေးသို့ ရောင်းချရန် မလွယ်ကူလှပေ။

လမ်းမများပေါ်တွင် လယ်သမားများမှာ သစ်တော်သီးများကို ထမ်းပိုးဖြင့်

လှည့်လည်ရောင်းချနေကြပြီး ရောင်းပန်းလည်း

လှလှပေသည်။ ဟွိုင်ဖုန်းမြို့မှာ လမ်းပန်းဆက်သွယ်ရေး ဆုံချက်တစ်ခု

ဖြစ်သဖြင့် ခရီးသွားများနှင့် ကုန်သည်များမှာ ဤမြို့၏ နာမည်ကျော် သစ်တော်သီးများကို

ဝယ်ယူမြည်းစမ်းလေ့ရှိကြသလို အိမ်ပြန်လျှင်လည်း မိသားစုအတွက် လက်ဆောင်အဖြစ်

ဝယ်ယူသွားလေ့ ရှိကြသည်။

ဖန်းချန်သည်လည်း အိတ်ထဲမှ အကြွေစေ့အချို့ကို ထုတ်ကာ နှစ်လုံး ဝယ်ယူလိုက်သည်။

အရသာမှာ တကယ်ကို ကောင်းမွန်လှပေသည်။ ယွင်ကျုန်းတောင်ပေါ်မှ

အသီးအနှံများထက်ပင် ပိုမို ထူးကဲလှသဖြင့်

နာမည်ကျော်ကြားရခြင်းမှာ ထိုက်တန်လှသည်ဟု သူ

တွေးမိသည်။

သူသည် ဟွိုင်ဖုန်းမြို့၏ အစည်ကားဆုံးသော လမ်းမကြီးပေါ်တွင် အေးဆေးစွာ

လှည့်လည်ကြည့်ရှုနေမိသည်။ တောင်ပေါ်တွင် လအတော်ကြာ

ကျင့်ကြံနေခဲ့ပြီးမှ လူ့လောကထဲ ပြန်ရောက်လာခြင်း ဖြစ်ရာ အရာအားလုံးမှာ

အသစ်အဆန်း ဖြစ်နေတော့သည်။

ညစာစားချိန်သို့ ရောက်ရှိလာပြီ ဖြစ်ရာ...

သူသည် ပတ်ဝန်းကျင်ရှိ အခမ်းနားဆုံးသော စားသောက်ဆိုင်ကြီးတစ်ဆိုင်ကို ရွေးချယ်ကာ

ဝင်လှမ်းလိုက်သည်။ ဆိုင်တံခါးဝတွင် “ဧည့်သည်တော်ရိပ်မြုံ” ဟု

ရေးထွင်းထားသော ဆိုင်းဘုတ်ကြီးကို တွေ့ရ၏။

ဖန်းချန် လှေကားထစ်များပေါ်သို့ တက်လာသည်နှင့် ဆိုင်အကူလုလင်မှာ ပုခုံးပေါ်မှ

ပုဆိုးဖြူလေးကို ကိုင်ကာ ဆီးကြိုနှုတ်ဆက်လိုက်သည်။

“ဧည့်သည်တော်... ဘယ်နှစ်ယောက်ပါလဲခင်ဗျာ”

“ငါတစ်ယောက်တည်းပါ၊ ပြတင်းပေါက်နားက ခုံတစ်ခု ပေးပါဦး”

“ရပါတယ်ခင်ဗျာ၊ ကျွန်တော့်နောက်ကို ကြွပါ”

လုလင်သည် ဖန်းချန်ကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားပြီး ပြတင်းပေါက်နားရှိ

စားပွဲတစ်ခုတွင် နေရာချပေးသည်။ ထို့နောက် ကြေးအိုးကြီးထဲမှ

လက်ဖက်ရည်ကို ငှဲ့ပေးရင်း “ဘာများ မှာယူမလဲခင်ဗျာ” ဟု မေးမြန်းလိုက်သည်။

ဖန်းချန်က ထိုင်လိုက်ရင်း “ဒီဆိုင်ရဲ့ အကောင်းဆုံး ဟင်းလျာတွေက ဘာလဲ” ဟု

မေးလိုက်၏။

လေ့ကျင့်ထားသည့်အတိုင်းပင် ဆိုင်အကူမှာ ချက်ချင်းပင် ဖြေကြားတော့သည်။

“ကျွန်တော်တို့ဆိုင်မှာ နာမည်ကြီးတာ သုံးမျိုး ရှိပါတယ်။ ပထမတစ်ခုကတော့

ဆောင်တော်ကူးပန်းနံ့သင်း ကြွပ်ရွဘဲကင်ပါ။ အခွံက ကြွပ်ပြီး

အသားက နူးညံ့လှပါတယ်။ အရောင်၊ အနံ့၊ အရသာ အားလုံး ပြည့်စုံလို့ လာသမျှ

ဧည့်သည်တိုင်း မှာစားကြတဲ့ ဆိုင်ရဲ့ မျက်နှာဖုံး

ဟင်းလျာပေါ့။”

“နောက်တစ်ခုကတော့ အမဲသား အဝါချက်ပါ။ လယ်ယာသုံး နွားတွေကို သတ်ခွင့်မရှိပေမဲ့

ကျွန်တော်တို့ဆီမှာ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ သီးသန့်မွေးထားတဲ့

နွားသားကိုပဲ သုံးတာပါ။ အဲဒီနွားတွေကို တစ်ခါတလေမှ သတ်တာဆိုတော့ လာတိုင်း

စားရဖို့ မလွယ်ပါဘူး။ ဒီနေ့တော့ ကံကောင်းချင်တော့ အမဲသား လတ်လတ်ဆတ်ဆတ်

ရှိနေပါတယ် ဧည့်သည်တော်။”

“နောက်ဆုံးတစ်ခုကတော့ ချင်းကျန်းမြစ်က ပြုံးငါးပါ။ မြောက်ဘက် မိုင်တစ်ရာလောက်က

မြစ်ထဲကနေ ဖမ်းပြီး ဒီကို ရေအပြည့်နဲ့ စည်ပိုင်းထဲထည့် သယ်လာတာပါ။

အသစ်စက်စက် သတ်ပြီး ကျွန်တော်တို့ဆိုင်ရဲ့ ကိုယ်ပိုင် နည်းလမ်းနဲ့

ချက်တာဆိုတော့ အသားက အရမ်းနူးပြီး အရသာ ရှိလှပါတယ်”

ဖန်းချန်က ခေါင်းညိတ်လိုက်ရင်း... “ဒါဆိုရင် ဆောင်တော်ကူးပန်းနံ့သင်း ကြွပ်ရွဘဲကင်

တစ်ပွဲ၊ ရာသီပေါ် ဟင်းသီးဟင်းရွက် အချို့နဲ့ ဂျုံပြားတွေ ပေးပါ။ ပြီးတော့

အရက်ကောင်းကောင်း တစ်အိုးကို နွေးပေးပါဦး” ဟု မှာလိုက်သည်။

ဆိုင်အကူမှာ မှာယူသည်များကို ပြန်လည်ရွတ်ဆို အတည်ပြုပြီးနောက် မီးဖိုချောင်သို့

ခပ်သွက်သွက် သွားတော့သည်။

ဖန်းချန်သည် ကြွေပန်းကန်လုံးဖြင့် လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ဆိုင်အတွင်းကို

ဝှေ့ကြည့်လိုက်သည်။ ဆိုင်မှာ စည်ကားသင့်သလောက် စည်ကားနေသော်လည်း အရမ်းကြီး

ကျပ်ညပ်မနေပေ။ သူ ထိုင်နေသော ဒုတိယထပ်မှာမူ အနည်းငယ် ပို၍ တိတ်ဆိတ်လှသည်။

အခန်းငယ်များအတွင်းမှမူ စားသောက်ရင်း ရယ်မောသံများနှင့် အရက်သောက်သံများကို

ကြားနေရ၏။

ဟင်းလျာများမှာ မကြာမီမှာပင် ရောက်ရှိလာတော့သည်။ စားပွဲပေါ်တွင် ဟင်းပန်းကန်

လေးငါးချပ်၊ ဂျုံပြားဖြူဖြူများနှင့် လည်ပင်းကျဉ်းကျဉ်း

အရက်အိုးကလေးတို့ ရောက်ရှိလာရာ ဖန်းချန် စားသောက်ရန်

ပြင်လိုက်သည်။ ဆိုင်အကူလုလင်က အရက်ကို ငှဲ့ပေးရင်း ဟင်းလျာအကြောင်း

ရှင်းပြရှာသည်။

“ဧည့်သည်တော်... ဒီဘဲကင်ကို စားရင် အသားနဲ့ အရေခွံကို ခွဲစားရပါတယ်ခင်ဗျာ။ ဘေးက

ဆော့စ်နှစ်မျိုးထဲမှာ ဘဲရေခွံကို သကြားနဲ့ တို့စားလို့ ရပါတယ်။ ဒါဟာ

ဝက်ကလေးကင် စားတဲ့ နည်းအတိုင်း လုပ်ထားတာပါ။ ဘဲသားကိုတော့

ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ချက်နည်းဖြစ်တဲ့

ဆောင်တော်ကူးပန်းနံ့သင်း ဆော့စ်နဲ့

တို့စားနိုင်ပါတယ်”

“ကျေးဇူးပဲ” ဖန်းချန်က စားပွဲပေါ်မှ အိတ်ထဲမှ ဓားငယ်ကို ထုတ်ကာ ဘဲသားကို စတင်

မြည်းစမ်းလိုက်သည်။

ဆိုင်အကူ ပြောသည့်အတိုင်းပင် အရသာမှာ တကယ်ကို ထူးကဲလှပေသည်။ ဘဲရေခွံမှာ ပါးလျပြီး

ကြွပ်ရွနေကာ သကြားနှင့် တို့စားလိုက်သောအခါ အဆီနှင့် အချိုဓာတ်တို့မှာ

ပါးစပ်ထဲတွင် ပေါက်ကွဲသွားသကဲ့သို့ ခံစားရစေသည်။

အရက်နွေးနွေးလေးမှာလည်း နူးညံ့လှသဖြင့်

ဟင်းလျာနှင့် အလွန်ပင် လိုက်ဖက်လှပေသည်။

ဖန်းချန်သည် မြိန်ယှက်စွာ စားသောက်ရင်း ဘေးရှိ ဆိုင်အကူကို ချီးကျူးလိုက်သည်။

“လက်ရာ တကယ်ကောင်းတာပဲ”

“ဒါပေါ့ခင်ဗျာ” ဆိုင်အကူက ဂုဏ်ယူစွာ ဆိုသည်။ “ကျွန်တော်တို့ ဆိုင်ဟာ

ဟွိုင်ဖုန်းမြို့မှာ အကောင်းဆုံးနဲ့ အကြီးဆုံး

ဆိုင်တစ်ဆိုင်လေ။ ဂုဏ်သရေရှိ လူကုံထံတွေ အားလုံး ဒီမှာပဲ လာပြီး

စားသောက်ကြတာပါ”

စကားပြောနေရင်း ဖန်းချန်သည် ဘဲသားအတော်များများကို စားပြီးသွားခဲ့ပြီ ဖြစ်သည်။

ဆိုင်အကူလုလင်၏ အမည်မှာ ချန်ယွမ် ဖြစ်ကြောင်း သိရသဖြင့် ဖန်းချန်က ဆက်၍

မေးလိုက်သည်။

“အစ်ကိုချန်... ဒီမှာ အလုပ်လုပ်တာ ကြာပြီလား”

“နှစ်နှစ်ရှိပါပြီခင်ဗျာ”

“ဒီအလုပ်အပေါ် ဘယ်လို ခံစားရလဲ”

“အဆင်ပြေပါတယ်ဗျာ။ အလုပ်ချိန် နည်းနည်း ရှည်တာကလွဲရင် သိပ်လည်း မပင်ပန်းပါဘူး၊

သန့်သန့်ရှင်းရှင်းလည်း ရှိတယ်။ မျက်စိရှင်ရှင်နဲ့ ဉာဏ်သုံးပြီး

လုပ်ရုံပါပဲ။ လစာလည်း မဆိုးပါဘူး”

ချန်ယွမ်က ဆိုင်အကြောင်း ချီးကျူးစကား အချို့ပြောပြီးနောက် ခဏမျှ စဉ်းစားကာ အသံကို

နှိမ့်၍ ဆိုလိုက်သည်။

“ဒါပေမဲ့... ကျွန်တော် ဒီအလုပ်ကို သိပ်ပြီးတော့တော့ မနှစ်သက်လှဘူးဗျ”

“ဘာဖြစ်လို့လဲ” ဖန်းချန်က အံ့သြစွာဖြင့် မေးလိုက်သည်။

ဖန်းချန်၏ ထူးခြားသော အသွင်အပြင်ကြောင့် ချန်ယွမ်သည် ဤဧည့်သည်ကို စိတ်ရင်းအတိုင်း

ဖွင့်ပြောလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော် စဉ်းစားကြည့်တယ်ဗျာ... ကျွန်တော်ဟာ ဒီလို နေရာတစ်ခုတည်းမှာ နေ့တိုင်း

အချိန်ကုန်နေရတာထက်၊ ဘဝသစ်တစ်ခုကို လိုလားနေမိတယ်။ လောကကြီးကို လှည့်လည်ပြီး

မြင်ဖူးချင်တယ်ဗျာ”

ဖန်းချန်က ဘဲသားကို ဆက်စားရင်း ပြုံး၍ ဆိုလိုက်သည်။

“ဒါပေမဲ့ ဒီလောကကြီးက အရမ်းအန္တရာယ် များတယ်နော်။ မိစ္ဆာတွေ၊ တစ္ဆေတွေ၊ လူသားစားတဲ့

သားရဲတွေ၊ ဓားပြတွေနဲ့ မကောင်းတဲ့သူတွေ အများကြီးရှိတယ်။ အချို့ဆိုရင် လူသားအသားနဲ့

လုပ်ထားတဲ့ မုန့်တွေတောင် ရောင်းကြတာ။ မင်း မကြောက်ဘူးလား”

“မကြောက်ပါဘူး”

ချန်ယွမ်က ခေါင်းခါရင်း... “ဒီလောကကြီးမှာ လူကောင်းတွေ အများကြီး ရှိနေဦးမယ်လို့

ကျွန်တော် ယုံကြည်ပါတယ်” ဟု ခိုင်မာစွာ ပြန်ဖြေလိုက်တော့သည်။

အခန်း (၅၈) - ဤနေရာ၌ မိစ္ဆာတစ်ကောင် ရှိနေသည်

ဖန်းချန်သည် ခေါင်းကို အသာအယာ ငြိမ့်လိုက်သော်လည်း အခြားသူတစ်ဦး၏

ရည်မှန်းချက်အပေါ် ဝေဖန်အကြံပြုခြင်း မပြုခဲ့ပေ။

ထိုသို့ပြုလုပ်ခြင်းမှာ ယဉ်ကျေးမှုမရှိရာရောက်သလို နှစ်ဦးနှစ်ဖက်စလုံးအတွက်လည်း

အဓိပ္ပာယ်ရှိလှသည်မဟုတ်။

ဆိုင်အကူလုလင် ချန်ယွမ်က သူသည် မိဘများရှိနေသေးသဖြင့်

သံယောဇဉ်မပြတ်နိုင်သေးသောကြောင့်သာ

ဤဆိုင်၌ ဆက်လက်အလုပ်လုပ်နေရခြင်းဖြစ်ကြောင်း ဖန်းချန်ကို ဖွင့်ဟပြောပြရှာသည်။

ယခုအချိန်တွင် သူသည် မိဘတို့ကို လုပ်ကျွေးပြုစုလျက်ရှိပြီး နောင်တစ်ချိန်

မိဘတို့ကွယ်လွန်သွားသည့်အခါမှသာ အိမ်ထောင်မပြု၊ သားသမီးမယူဘဲ အေးအေးဆေးဆေး

ခရီးထွက်ရန် စိတ်ကူးထားကြောင်း ဆိုသည်။

“ကျွန်တော့်နာမည်က ‘ယွမ်’ ဆိုတော့ ခရီးသွားရမှာကို ကြိုတင်သိမြင်နေသလားပဲဗျာ။

ကျွန်တော့်စိတ်ထဲမှာ အလိုချင်ဆုံးကတော့ လူသူမနီးတဲ့ တောတောင်တွေ၊

အမည်ကျော်မြစ်ချောင်းတွေ၊ မြက်ခင်းပြင်နဲ့ ဆီးနှင်းတောတွေ၊

ချိုင့်ဝှမ်းနဲ့ တောင်ထိပ်တွေကို

လှည့်လည်ကြည့်ရှုချင်တာပါ။

အိမ်ထောင်မပြုဘဲ သံယောဇဉ်ဖြတ်ထားမယ်ဆိုရင်တော့ ဘယ်လိုဝေးလံတဲ့

နေရာမျိုးမှာပဲ အသက်ဆုံးပါစေ၊ နောင်တရမှာ မဟုတ်ပါဘူး။

‘ရေကူးတတ်သူ ရေနစ်တတ်သည်’ ဆိုတဲ့ စကားအတိုင်းပဲ ခရီးသွားရတာ

ဝါသနာပါသူဟာ လမ်းခရီးမှာပဲ အသက်ပျောက်ရတာဟာ

ကျွန်တော့်အတွက်တော့ ဆုလာဘ်တစ်ခုပါပဲဗျာ”

ဖန်းချန်သည် ဤဆိုင်အကူလုလင်၏ မြင့်မြတ်လှသော ရည်မှန်းချက်နှင့် ပွင့်လင်းလှသော

စိတ်ထားကို ကြည့်ကာ စိတ်ထဲမှ အနည်းငယ် လေးစားမိသွားသည်။ ဤကဲ့သို့သော

သူမျိုးနှင့် ဆုံတွေ့ရခြင်း၊ ဤကဲ့သို့သော စကားမျိုးကို

ကြားရခြင်းမှာလည်း မိမိ၏ ကျင့်ကြံခြင်းလမ်းစဉ်အတွက်

များစွာ အထောက်အကူပြုလှပေသည်။

သူက ချန်ယွမ်ကို ဤသို့ ချီးကျူးလိုက်၏။

“ဒီလို စိတ်ထားမျိုးရှိရင်တော့ အစ်ကိုချန်ရဲ့ ဆန္ဒတွေ မကြာခင် ပြည့်ဝလာမှာ

အသေအချာပါပဲ။ ကံကောင်းပါစေဗျာ”

ထိုသို့ အားပေးစကားကြားရသဖြင့် ဆိုင်အကူမှာ အလွန်ပင် ဝမ်းမြောက်သွားတော့သည်။

“ကျေးဇူးတင်ပါတယ် ဧည့်သည်တော်။ ဒီနှစ်တွေအတွင်းမှာ ကျွန်တော့်ရဲ့ စိတ်ကူးကို အခုလို

ထောက်ခံတဲ့သူဆိုလို့ ခင်ဗျားက ပထမဆုံးပါပဲ။ တကယ်တော့ ကျွန်တော်လည်း

ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဖူးပါဘူး။

ဒီနေ့တော့ ဘာကြောင့်ရယ်မသိဘူး၊ ဧည့်သည်တော့်ကို မြင်ရတာ

ခင်မင်ရင်းနှီးသလို ခံစားရလို့ ဖွင့်ပြောမိတာပါ။

ကျွန်တော့်ကို လှောင်ပြောင်ခြင်း မပြုတာကိုလည်း ကျေးဇူးတင်ပါတယ်”

ဖန်းချန်သည် ကြွပ်ရွနေသော ဘဲရေခွံနောက်ဆုံးတစ်စိပ်ကို သကြားနှင့်တို့ကာ

စားလိုက်ရင်း... “အိပ်မက်ရှိတဲ့သူတွေဟာ အမြဲတမ်း

လေးစားထိုက်ပါတယ်လို့ ကျွန်တော် ယုံကြည်တယ်” ဟု ရိုးသားစွာ

ပြောလိုက်သည်။

ဆိုင်အကူလုလင်မှာ ဖန်းချန်ကို မိတ်ဆွေတစ်ဦးကဲ့သို့ သဘောထားကာ လက်အုပ်ချီ

နှုတ်ဆက်ရင်း “ဧည့်သည်တော့်ကို ဘယ်လို ခေါ်ရမလဲခင်ဗျာ” ဟု

မေးလိုက်ရာ ဖန်းချန်ကလည်း “ဖန်းချန်လို့ပဲ ခေါ်ပါ” ဟု ပြန်လည်

မိတ်ဆက်လိုက်သည်။ ထိုအချိန်တွင် အနီးအနားရှိ စားပွဲမှ

ဧည့်သည်များက ငွေရှင်းရန် ခေါ်လိုက်သဖြင့် ချန်ယွမ်မှာ

အပြေးအလွှား သွားရောက်လုပ်ကိုင်ပေးရတော့သည်။

…

“လျိုမိသားစုက ချွေးမရဲ့ လက်ရာကတော့ တကယ်ကို အံ့မခန်းပါပဲအေ။ ဒီတစ်ခါ ငါ့ကို

နှစ်ချက်လောက် နှိပ်ပေးရုံနဲ့ နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့

ဝေဒနာတွေ ချက်ချင်း ပျောက်သွားတာပဲ”

“ဟုတ်လား၊ ညည်း ဒီရောဂါနဲ့ ဒုက္ခရောက်နေတာ ကြာပြီ မဟုတ်လား”

“ကြာပြီပေါ့အေ၊ ရှစ်နှစ်လောက် ရှိပြီ။ အခုလို သက်သာသွားတော့ သူ့ကို တကယ့်ကို

ကျေးဇူးတင်ရမှာ”

“ဒါပေါ့အေ၊ လူကုံထံတွေဆိုရင်တော့ နာမည်ကျော် ပန်းထိုးဆရာတွေဆီမှာ ဂုဏ်ပြုအလံတွေ

အပ်ပြီး ကျေးဇူးတင်ကြမှာပေါ့။ ငါတို့လို သာမန်လူတွေကတော့ အဲဒီလို

မတတ်နိုင်ပေမဲ့ ကိုယ်တိုင်သွားပြီး ကျေးဇူးတင်စကား ပြောတာကတော့

လူမှုရေးအရ လုပ်သင့်တဲ့ အလုပ်ပဲ”

“ဟုတ်ပါရဲ့၊ မနက်ဖြန် ကျရင်တော့ ငါ့ရဲ့ သားအငယ်ကောင်ကို ဈေးထဲလွှတ်ပြီး

ကျေးဇူးတင်လက်ဆောင် ဝယ်ခိုင်းလိုက်ဦးမယ်။ ငါ

ကိုယ်တိုင်လည်း သွားပြောရမှာပေါ့”

“လျိုမိသားစုက ကောင်လေးကတော့ ကံကောင်းလိုက်တာအေ။ ရုပ်ရည်လည်း လှ၊ စိတ်ထားလည်း

ကောင်း၊ ဆေးကုလည်း တော်တဲ့ ဇနီးမျိုးကို ရထားတာကိုး။ ငါ့သားသာ

သူ့မိန်းမရဲ့ တဝက်လောက် ကောင်းတဲ့သူမျိုးနဲ့ ညားရင်

မြို့စောင့်နတ်နန်းမှာ အမွှေးတိုင် အထုပ်လိုက်

သွားလှူဦးမှာ”

“ဒါကတော့ သူ့အဖေကလည်း အရင်တုန်းက ဆေးကုပြီး ကုသိုလ်တွေ အများကြီး လုပ်ခဲ့တာကိုးအေ။

အဲဒီ ကုသိုလ်တွေက သားစဉ်မြေးဆက် အကျိုးပေးတာ ဖြစ်မှာပေါ့။ ငါတို့လိုလူတွေနဲ့တော့

ဘယ်နှိုင်းလို့ ရမလဲ”

“ဒါတင်မကဘူး၊ လျိုမိသားစုက သားလေးကလည်း နေ့ရောညပါ စာပေလေ့လာနေတာဆိုတော့

ပညာရှိတစ်ယောက်ပဲလေ။ ဒီလိုလူမျိုးက ဇနီးကောင်း ရတာဟာ

သဘာဝပါပဲ...”

လမ်းဘေးတွင် အလယ်အလတ်အရွယ် အမျိုးသမီးနှစ်ဦးသည် ဆန်ကာနှင့် ကြေးအိုးတို့ကို

ကိုင်ဆောင်ကာ စကားလက်ဆုံ ကျနေကြသည်။ သူတို့၏ စကားသံများကို

လမ်းမပေါ်တွင် လျှောက်လှမ်းနေသော ဖန်းချန်က အကုန်အစင် ကြားနေရ၏။

ဖန်းချန်သည် ဝက်ခြေထောက်တစ်ချောင်းကို မြိန်ယှက်စွာ ကိုက်စားရင်း

ထိုအမျိုးသမီးများဘက်သို့ တစ်ချက်

လှမ်းကြည့်လိုက်မိသည်။

“ဟင်... မိစ္ဆာ အငွေ့အသက်ပါလား”

သူသည် စားလက်စကို ရပ်ကာ ဝက်ခြေထောက်ကို နှစ်ချက်၊ သုံးချက်လောက် ဝါးစားပြီးနောက်

သန့်စင်ခြင်း အတတ်ပညာဖြင့် လက်ပေါ်မှ အဆီများကို ဖယ်ရှားလိုက်သည်။ ထို့နောက်

အခြားလမ်းတစ်ခုဘက်သို့ လှည့်ကာ လျှောက်လှမ်းသွားခဲ့သည်။

အမှန်ပင်... အနီးအနားရှိ အိမ်တစ်အိမ်၏ ပတ်ဝန်းကျင်တွင် အားနည်းလှသော

မိစ္ဆာအငွေ့အသက်အချို့ ရစ်ဝဲနေသည်ကို သူ

သတိထားမိလိုက်ခြင်း ဖြစ်သည်။

“မဖြစ်နိုင်တာ...”

ဖန်းချန်မှာ အနည်းငယ် အံ့သြသွားမိသည်။ ပုံမှန်အားဖြင့် မိစ္ဆာများမှာ

တန်ခိုးရရှိလာသည့်အခါ လူ့လောကထဲသို့

လှည့်လည်သွားလာတတ်ကြသော်လည်း လူအသွင်

မပြောင်းလဲနိုင်သေးခင်တွင် မိစ္ဆာအငွေ့အသက်များကို

ထိန်းချုပ်ထားလေ့ရှိကြသည်။ မဟုတ်ပါက

လူတို့၏ ဖမ်းဆီးခြင်းကို ခံရနိုင်သောကြောင့် ဖြစ်သည်။

သို့သော် ယခုတွေ့ရှိရသော မိစ္ဆာအငွေ့အသက်မှာမူ အလွန်ပင် ထူးခြားလှသည်။ ၎င်းသည်

ပြင်းထန်ခြင်း မရှိဘဲ ပတ်ဝန်းကျင်၌ စနစ်တကျ ပြန့်နှံ့နေခြင်း ဖြစ်သည်။

ဖန်းချန်သည် အနီးရှိ ထင်းပုံကြီးတစ်ခုပေါ်သို့ ခုန်တက်ကာ မြို့အတွင်းကို

ဝှေ့ကြည့်လိုက်ရာ မိစ္ဆာအငွေ့အသက်များမှာ အလွန်ပင် ပါးလျသော်လည်း

နေရာအနှံ့တွင် ရောယှက်နေသည်ကို တွေ့ရသည်။

ဤမျှ ပါးလျလှသော မိစ္ဆာအငွေ့အသက်ကို ကျင့်ကြံသူအများစုမှာ သတိထားမိကြမည် မဟုတ်ပေ။

သို့သော်လည်း ၎င်းမှာ အလွန်ပင် စနစ်တကျ ရှိလှသည်။ ခုနက အမျိုးသမီးနှစ်ဦးအနက်

ရောဂါပျောက်ကင်းသွားသူ၏ ကိုယ်ပေါ်တွင်လည်း ထိုအငွေ့အသက်အချို့ ရှိနေသည်ကို သူ

မြင်တွေ့ခဲ့ရသည်။

သူတို့၏ စကားဝိုင်းကို အခြေခံကာ ဖန်းချန်က တစ်စုံတစ်ခုကို ခန့်မှန်းလိုက်မိသည်။

သူသည် လမ်းဘေးတစ်နေရာတွင် သစ်ကိုင်းတစ်ချောင်းဖြင့် မြေကြီးပေါ်၌ စာရေးဆွဲနေသော

ကလေးငယ်တစ်ဦးထံသို့ သွားကာ မေးမြန်းလိုက်သည်။

“မောင်လေး... ဒီနားမှာ ဆေးကုပေးတဲ့ လျိုမိသားစုရဲ့ အိမ်က ဘယ်မှာလဲဆိုတာ သိလား”

“သိပါတယ်ခင်ဗျာ” ကလေးငယ်က ထရပ်ကာ လူကြီးတစ်ဦးကဲ့သို့ စနစ်တကျ

ဦးညွှတ်နှုတ်ဆက်လိုက်ပြီးနောက်...

“ဒါပေမဲ့ ကျွန်တော်က အခုနောက်ပိုင်း ‘တန်ဖိုးချင်း တူညီမှ လဲလှယ်ရမယ်’ ဆိုတဲ့

စကားကို သင်ထားရတာဆိုတော့ ခင်ဗျားဆီက သတင်းပေးခအတွက် ထိုက်တန်တဲ့ ဆုလာဘ်တစ်ခုတော့

ရမှ ဖြစ်မယ်ဗျ”

“ရတာပေါ့”

ဖန်းချန်သည် စိတ်ဝင်စားသွားကာ ပြုံးလျက်ပင် အိတ်ထဲမှ အကြွေစေ့နှစ်ပြားကို

ထုတ်လိုက်သည်။ သို့သော် ကလေးငယ်ကို တိုက်ရိုက် မပေးသေးဘဲ

ခဏစောင့်ရန် ပြောကာ အနီးရှိ ဆိုင်တစ်ခုမှ နှမ်းကပ်မုန့်အချို့ကို

ဝယ်ယူခဲ့သည်။ သူသည် မုန့်ထုပ်ကို ကလေးငယ်အား ကမ်းပေးရင်း... “ဒါကရော

ထိုက်တန်ရဲ့လား” ဟု မေးလိုက်သည်။

ကလေးငယ်က မုန့်ထုပ်ကို ယူကာ ခေါင်းခါပြရင်း... “ကျွန်တော့်အမြင်မှာတော့ တန်ဖိုးတူ

လဲလှယ်ခြင်းဆိုတာ ကျွန်တော့်အပေါ်မှာ မူတည်တာ မဟုတ်ဘဲ ခင်ဗျားရဲ့ စိတ်ထဲမှာ

ဘယ်လောက်အထိ အရေးပါလဲဆိုတာပေါ်မှာပဲ မူတည်တာပါ။ ခင်ဗျားက တန်တယ်လို့

ထင်ရင်တော့ တန်တာပါပဲ” ဟု ဆိုသည်။

“...အင်း၊ စဉ်းစားစရာပဲ”

ဖန်းချန်သည် ဘာမှဆက်မပြောဘဲ ထိုကလေးငယ်နောက်မှ လိုက်ပါသွားရာ လမ်းကွေ့အချို့ကို

ဖြတ်ကျော်ပြီးနောက် အုတ်စိမ်းတံခါးကြီးတစ်ခု ရှေ့သို့ ရောက်ရှိလာခဲ့သည်။

“ဒါ လျိုမိသားစုရဲ့ အိမ်ပဲ။ ဒီမြို့ထဲမှာ လျိုမျိုးရိုးနဲ့ ဆေးကုတာဆိုလို့

ဒီတစ်အိမ်တည်းပဲ ရှိတာ။ တံခါးခေါက်ပြီး ဝင်သွားလိုက်ပါတော့” ဟု

ပြောကာ ကလေးငယ်မှာ မုန့်ကို စားရင်း ထွက်ခွာသွားတော့သည်။

ဤနေရာတွင် မည်သည့် ဆိုင်းဘုတ်မျှ မရှိသော်လည်း အိမ်အတွင်းမှ သင်းပျံ့လာသော

ဆေးရနံ့များကိုမူ အထင်အရှား ခံစားနေရသည်။ ၎င်းမှာ

နှစ်ပေါင်းများစွာ ဆေးဝါးများကို

စီမံဖော်စပ်ထားသဖြင့် အိမ်အတွင်း၌

စွဲကပ်နေသော ရနံ့ပင် ဖြစ်၏။ အစပိုင်းတွင်မူ သာမန်လူတို့အတွက်

အသက်ရှူရ ခက်ခဲနိုင်သော်လည်း ခဏအကြာတွင်မူ စိတ်ကို ကြည်လင်လန်းဆန်းစေသော

အနံ့မျိုး ဖြစ်သည်။

ဖန်းချန်သည် သာမန်လူတို့ထက် ထူးကဲလှသော နားအာရုံ ရှိသူ ဖြစ်သည်။ သူသည် တံခါးကို

မခေါက်သေးဘဲ အပြင်ဘက်တွင် ငြိမ်သက်စွာ ရပ်နေမိသည်။

အုတ်တံတိုင်းကို ကျော်လွန်ကာ ဆေးရနံ့များနှင့်အတူ ပါရှိလာသော စကားပြောသံများကို သူ၏

နားထဲတွင် အတိုင်းသား ကြားနေရသောကြောင့်ပင်။

All Chapters