ဧည့်သည်
Vol. 25 Ch. 347
လွန်ခဲ့သည့် ဆယ့်ငါးနှစ်ခန့်...
တောက်... တောက်... တောက်...
လင်းကျိရန်၏ ကျောက်စိမ်းကဲ့သို့ လက်ချောင်းလေးများမှာ စားပွဲခုံကို စည်းချက်ကျကျ ခေါက်နေခဲ့သည်။ သူမသည် အနည်းငယ် ဂဏှာမငြိမ် ဖြစ်နေခဲ့ပုံ ရသည်။ သူမ၏ မျက်လုံးများမှာ စိုးရိမ် ပူပန်မှုများ၊ မသေချာ မရေရာမှုများဖြင့် ပြည့်နှက်နေ၏။
“ဒီကိစ္စက အဲဒီလောက်ထိ စိတ်ပူနေစရာ မလိုဘူးလေ...”
မင်ရှုဖုန်းက ဆိုလိုက်သည်။
လင်းကျိရန်က လှပသော မျက်လုံးများနှင့် မင်ရှုဖုန်းကို ပြန်ကြည့်လိုက်၏။ သူမက နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်သည်။
“မပူပဲ ဘယ်လိုလုပ် နေနိုင်မှာလဲ... နင်ပြောတဲ့”
“ငါပြောတာကို ငါသိတယ်”
မင်ရှုဖုန်းက ဖြတ်ပြောလိုက်သည်။
“နင့်ရဲ့ ကောင်းကင်ကံကြမ္မာကို ငါ အကြိမ်ကြိမ် ကြည့်ပြီးပြီ... နင်က နင်ချစ်တဲ့ လူနဲ့ပဲ ပေါင်းစည်းရမှာ”
“သေချာလို့လား...”
လင်းကျိရန် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ မင်ရှုဖုန်းက ပြုံးကာ ခေါင်းညိတ်လိုက်၏။
“သေချာတာပေါ့... အခု နင်လုပ်ရမှာက ကျင့်ကြံခြင်း အခြေခံကို ချိပ်ပိတ်လိုက်ဖို့ပဲ... နောက်ပြီး အဲဒါကို မတော်တဆဖြစ်တာလို့ ပြောလိုက်... နောက်ပြီး နင့်ရဲ့ အသံကိုလည်း ချိပ်ပိတ်ရမယ်... မင်္ဂလာပွဲ အချိန်ရောက်ရင် ငါလွှတ်ထားတဲ့ မီးမြူခိုးတွေက ထပြီး တောက်လောင်လိမ့်မယ်... အဲဒါက သူ့ကို တန်းတန်းမတ်မတ်နဲ့ နင့်ဆီ ရောက်လာစေလိမ့်မယ်”
“နောက်ပြီးတော့ရော...”
လင်းကျိရန်မှာ စိတ်ထဲရှိ သံသယနှင့် စိုးရိမ်မှုများ နည်းလို နည်းသွားငြား မေးလိုက်သည်။ မင်းသားကျန်း ကိစ္စမှ လွဲ၍ မင်ရှုဖုန်း ပြောသမျှမှာ တစ်ကြိမ်မှ မမှားခဲ့ဖူးချေ။
“နောက်ပြီးတော့လား... သေချာပေါက် အနိုင်ပေါ့...”
မင်ရှုဖုန်းက ကျိန်းသေ သိနေသော ပုံစံဖြင့် ပြုံးလိုက်သည်။ လင်းကျိရန်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွား၏။ သူမက လက်သီးများကို တင်းတင်းဆုပ်ကာ ဖွင့်ထားသော ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။
“ငါ့ဘဝရဲ့ ဖူးစာဖက်... ကောင်းကင်ချီ နှလုံးသား နည်းလမ်းကို အောင်မြင်တဲ့သူ... အဲဒီ တစ်ယောက်က သူ ဖြစ်ဖို့ ငါ မျှော်လင့်တယ်”
...
ထိုနေ့တွင် ပြောခဲ့သည့် စကားလုံး တစ်လုံးချင်းစီတိုင်းကို သူမ ရှင်းလင်းစွာ မှတ်မိနေဆဲ ဖြစ်သည်။ ထိုနေ့တွင် လုံချန် သူမဆီ ရောက်လာခဲ့သည်။ အချစ်စိတ် အခံနှင့် အတူ လုံချန်သည်သာလျှင် ဖူးစာဖက် ဖြစ်ကြောင်း သူမ စုံမှိတ်ယုံခဲ့သည်။ ဘေးနားတွင် တစ်ချိန်လုံး ရှိနေခဲ့သည့် ဝေ့ဝူယင်ကို သူမ နည်းနည်းမျှ မမြင်ခဲ့။ မည်မျှ မိုက်မဲလိုက်သနည်း။
ယခုတွင်တော့ ကောင်းကင်မှာ သူမကို ဒုတိယ အကြိမ်မြောက် အခွင့်အရေး ပေးလာခဲ့ပြီ ဖြစ်လေသည်။
"လုံချန်… သူက ဆေးကုပေးရုံက လွဲလို့ ငါ့ကို ဘာမှ မလုပ်ခဲ့ဘူး… ငါ ကိုယ်တိုင် အမှန်တရား တစ်ခုကို ရှာတွေ့ခဲ့တာ"
လင်းကျိရန်၏ အသံက ရှုပ်ထွေးသော ခံစားချက်များကြောင့် တုန်ရီနေ၏။
"အမှန်တရား…"
လင်းကျိရန် ဘာကို ပြောနေမှန်း လုံချန် နားမလည်ချေ။ သို့သော်လည်း သူ့နှလုံးသားကတော့ ကြီးမားသော စပါးအုံး မြွေကြီး၏ ရစ်ပတ်ခံထားရသလို မွမ်းကြပ် နေ၏။ သူ၏ လက်များက မရပ်မနား တုန်ယင်နေသည်။
"ငါတို့နှစ်ယောက် ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့တဲ့ အမှန်တရားပေါ့"
လုံချန်၏ မျက်ဝန်းထဲမှ ကြေကွဲမှုများကို မြင်တွေ့နေရသည့်တိုင် လင်းကျိရန်၏ စကားလုံးများကတော့ ပြတ်သားနေဆဲ ဖြစ်သည်။
"သူက ငါ့အသက်နဲ့ နင့်ကို ခြိမ်းခြောက်လို့လား… နင် ခုလုပ်နေတာတွေ…"
လုံချန်၏ အသံက ဆို့နင့်ကာ ခဏမျှ ပြတ်တောက် သွား၏။
"နင် ခုလုပ်နေတာတွေ အားလုံးက ငါ့အတွက်လား…"
သူ့အတွက် ဆိုလျှင် လင်းကျိရန် ဘာကို မဆို လုပ်ရဲကြောင်း လုံချန် နှလုံးသားထဲမှ သိသည်။ သူမ၏ အသက်ကို စွန့်လွှတ်ရမည် ဆိုလျှင်တောင်မှပေါ့။
"ဟမ်…"
လုံချန်၏ လွဲမှားနေသည့် အတွေးကြောင့် လင်းကျိရန်မှာ အနည်းငယ် မျက်မှောင်ကြုတ် သွား၏။ သူမက ချက်ချင်းပင် ခေါင်းကို ခါလိုက်သည်။
"မဟုတ်ဘူး… ငါ့အတွက်ငါ လုပ်နေတာ"
ထို့နောက် သူမက ကျောခိုင်းကာ ထွက်ခွာရန် ပြင်လိုက်သည်။ စကားများများ ပိုပြောလျှင် လုံချန် ပို၍ နာကျင်ရမည်ကို သူမ သိပေသည်။ ဘာဖြစ်ဖြစ် လုံချန် အပေါ် သံယောဇဉ် လက်ကျန်ကလေးများ သူမတွင် ရှိနေပေသေးသည်။
"ရန်အာ… သူ မင်းကို ဘယ်လို အတင်းအကြပ် ဖိအားတွေ ပေးနေတယ် ဆိုတာ ငါ့ကို ပြောပြ… သူ့ဘာသာသူ သေမျိုး အဂ္ဂိရတ် အင်ပါယာပဲ ဖြစ်ဖြစ်၊ အာရုဏ်ဦး ဧကရာဇ်ပဲ ဖြစ်ဖြစ်… အို နောက်ဆုံး ကုန်ကုန်ပြောမယ်ကွာ ဘုရားပဲဖြစ်ဖြစ်… မင်းကို ထိခိုက်အောင် လုပ်မှာကို ငါ ခွင့်မပြုနိုင်ဘူး… ငါ့ဆီကနေ မင်းကို ခေါ်ထုတ်သွားမှာ ခွင့်မပြုနိုင်ဘူး"
လုံချန်က အရိုးသားဆုံး ခံစားချက်များ ပြည့်နှက်နေသည့် အသံဖြင့် အော်ဟစ် လိုက်၏။
လင်းကျိရန်၏ ခန္ဓာကိုယ်လေးက ဆတ်ခနဲ တုန်ခါသွားသည်။ သို့သော်လည်း သူမက တစ်ချက်မှ နောက်ပြန် လှည့်မကြည့်ပေ။
"သူ ငါ့ကို ဘာဖိအားမှ မပေးပါဘူး… ငါ ကိုယ်တိုင်… ငါကိုယ်တိုင်က… ထားလိုက်ပါ… ငါ့ကို မေ့လိုက်ပါ လုံချန်…"
ထို့နောက် သူမက လုံချန်ထံမှ စကားပြန်ကိုပင် မစောင့်တော့။ လျှင်မြန်စွာပင် အခန်းထဲမှ ထွက်ခွာသွားလေတော့၏။
“ရန်အာ...ငါ... ”
လုံချန်မှာမှာ အခန်းအတွင်း အထီးကျန်စွာ ရပ်ရင်း ကျန်ရစ်ခဲ့၏။ ဘာလုပ်လို့ ဘာကိုင်ရမှန်းပင် သူ မသိ။ သူ၏ မျက်ဝန်းများက ဝမ်းနည်းခြင်းတို့နှင့် အတူ စိုဆွတ်လာသည်။ ဝေ့ဝူယင်၏ ရုပ်သွင်ကို ပြန်လည် မြင်ယောင်မိသော အခိုက်၌ မီးတောက် မီးလျှံများက သူ့နှလုံးသားကို ဝါးမျိုသွား၏။
“ပထမဆုံး ချူးအာ... နောက်ပြီး ဆရာ... ခု မင်းက ငါရဲ့ လင်းကျိရန်လေးကိုပါ ယူသွားပြန်ပြီ... ဝေ့ဝူယင် မင်းဘာသာမင်း ဘာကောင်ကြီး ဖြစ်ဖြစ်... ငါ လုံချန် မင်းကို သတ်မယ်”
...
အဂ္ဂိရတ် တိုက်ပွဲ အဆုံးသတ်သွားသည်မှာ ရက်ပေါင်း အနည်းငယ် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ အပြင်လောက၌ သတင်းများက ဆိုင်ကလုန်း မုန်တိုင်းတစ်ခုလို အရှိန်အဟုန်နှင့် တိုက်ခတ်နေဆဲ ဖြစ်သည့်တိုင် ဝေ့ဝူယင်ကတော့ သူ့ကိုယ်ပိုင် ကောင်းကင်နန်းတော် အတွင်းတွင်သာ တိတ်တဆိတ် အနားယူနေခဲ့သည်။ အဂ္ဂိရတ်တိုက်ပွဲ ရလဒ်က ဤမျှ ဂယက်ရိုက်ခတ်သွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။ သူက သူ့ကိုယ်သူ ချင်ကူးယင်နှင့် ယှဥ်၍ စမ်းသပ်လိုခဲ့ခြင်းသာ ဖြစ်သည်။
ထိုမိန်းကလေးကား ထာဝရ နတ်မိမယ်လေး ဆိုသော နာမည်နှင့် အညီ သုံးလွှာ ကြယ်တာရာ နယ်မြေကို ကျော်လွန်သည့် အဂ္ဂိရတ် ပါရမီနှင့် ကျွမ်းကျင်မှုများကို ထုတ်ဖော်ပြသခဲ့သူလေး ဖြစ်သည်။ ထို့အပြင် အားသာချက် အဖြစ် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သို့တိုင်အောင် သူ့ပြိုင်ဘက်တော့ မဟုတ်ခဲ့။
အမျိုးမျိုးသော အတွေးများမှာ ဝေ့ဝူယင်၏ စိတ်အတွေးအတွင်း ရှုပ်ထွေးစွာ ကူးခပ်နေ၏။ နေသွေးနီနီဂိုဏ်းမှ သွေးထွက်သံယို ဖြစ်ရပ်များအား တရေရေး မြင်ယောင်ရင်း အကိုကြီး၏ ဆုံးမ စကားများကို သူ ပြန်လည် ကြားယောင်မိသည်။ နောက်ပြီး... အနက်ရောင် အရိုးစု၊ အမွေခံ အပြစ်သား သွေးမျိုးဆက်၊ ကောင်းကင်တံတိုင်းနှင့် သူ ချစ်ရသော မိန်းမများ...
“အရှင်ဝေ့...”
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာ၏။ မျက်လုံး ပိတ်ထားရက်ပင် အခန်းအတွင်း ဝင်လာသူက စုမေ့ ဖြစ်မှန်း ဝေ့ဝူယင် တန်းသိလိုက်သည်။ သူ ဖြည်းညင်းစွာပင် မျက်လုံးများကို ဖွင့်လိုက်၏။
“ဘာကိစ္စလဲ...”
“အရှင်ဝေ့ကို လာရှာတဲ့လူ ရှိတယ်”
စုမေ့က တင်ပြလိုက်၏။ သူမ၏ အမူအရာက အပြောင်းအလဲ တစ်စုံတစ်ရာ မရှိလှ။ သို့သော်လည်း မကျေနပ်သည့် အရိပ်အယောင် အချို့ကတော့ သူမ၏ အနက်ရောင် မျက်ဝန်းများတွင် ပေါ်လွင်နေသည်။
“ဘယ်သူလဲ...”
ဝေ့ဝူယင် ထိုင်ရာမှ ထရပ်လိုက်၏။ ထို့နောက် ကြွက်သားနှင့် အကြောများကို ဆန့်ကာ သက်တောင့် သက်သာ ရှိအောင် ပြုမူလိုက်သည်။ ဤလောကတွင် စုမေ့ မကျေနပ်နိုင်သည့် လူအနည်းငယ်သာ ရှိနိုင်ပေသည်။
“ဝူပိုင်ကျိုး...”
စုမေ့က မတုန့်မဆိုင်းပင် ဖြေလိုက်၏။
“ဝူပိုင်ကျိုး...”
ဝေ့ဝူယင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ထိုအမျိုးသမီးနှင့် သူ့အကြား ဘာဆက်စပ်မှုမှ သိပ်မရှိလှ။ သူ သူမကို လင်းကျိရန်၏ လက်ထပ်ပွဲတွင် ပထမဆုံး မြင်ဖူးခဲ့သည်။ ထို့နောက် အနန္တဧကရာဇ်ဂိုဏ်းသို့ တစ်ခရီးစဥ်ထဲ လာခဲ့သည်။ သူ သိသလောက် ပြောရလျှင် သူမက ဉာဏ်ကောင်းသည်။ သိမ်မွေ့သည်။ တော်ဝင် မင်းသမီး တစ်ပါး ဆိုသော လက္ခဏာ အရပ်ရပ်နှင့် ပြည့်စုံသည်။
စုမေ့မှာ ငြိမ်သက်စွာပင် ဝေ့ဝူယင် စဥ်းစားနေသည်ကို စောင့်ဆိုင်းနေ၏။ ဘယ်လို ရေစက်ကြောင့်လဲ မသိ... ဝေ့ဝူယင်မှာ လုံချန်၏ မိန်းမများနှင့် ပတ်သက်ပြီးရင်း ပတ်သက်နေရသည်။ နာ့ရှင်းရီ၊ ချင်ချူးမူ၊ လင်းကျိရန်၊ ဟုန်ယု... နောက်ဆုံး နှစ်ယောက်ဆိုလျှင် သူ့ကောင်းကင် နန်းတော်တွင်ပင် နေထိုင်ကာ ကျင့်ကြံ နေကြပြီ ဖြစ်သည်။
အတန်ကြာပြီးနောက်မှ ဝေ့ဝူယင်မှာ အတွေးများကို လက်စသတ်ကာ ခေါင်းမော့လာသည်။
“သူ့ကို အဓိက ခန်းမဆီ ခေါ်သွားလိုက်...”
စုမေ့က ခေါင်းညိတ်လိုက်၏။ ထို့နောက် တည်ငြိမ်သော ခြေလှမ်းများနှင့် အတူ အခန်းထဲမှ ပြန်လည် ထွက်ခွာသွားသည်။
...
အဝတ်အစားလဲပြီးနောက် ဝေ့ဝူယင်၏ ခြေလှမ်းများက အဓိက ခန်းမကြီးဆီ ဦးတည် နေခဲ့ပြီ ဖြစ်သည်။ ရုတ်တရက် သူအတွေးတစ်ခု ရသွားကာ ဝူယုနှင့် ဆက်သွယ်လိုက်၏။
“ဝူယု... အနန္တကုန်းမြေတိုက်ကြီးက ဝူမျိုးနွယ်နဲ့ ခင်ဗျားကြားမှာ တစ်ခုခု ဆက်စပ်နေတာရှိလား...”
“ ... “
ဝူယုမှာ တစ်ခဏမျှ တိတ်ဆိတ်နေ၏။
“အနန္တကုန်းမြေတိုက်ကြီးရဲ့ အရေးပါပုံကို မင်း သိတာလား...”
သူက မေးခွန်းပြန်ထုတ်လိုက်သည်။ ဝေ့ဝူယင်မှာ စိတ်ဝင်စားသွား၏။ သူက တည်ငြိမ်စွာပင် ခေါင်းညိတ် လိုက်သည်။
“သိတယ်... အဲဒီနေရာက ထာဝရ ဧကရာဇ်နဲ့ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ရဲ့ မွေးရပ်မြေပဲလေ... စွန့်ပစ်ခံ နေရာတစ်ခုလို ဖြစ်နေတာတောင် ဖျက်ဆီးမခံရသေးပဲ ဂိုဏ်းကြီးတွေ အားလုံးနီးပါးက လေးစားသမှုနဲ့ ကာကွယ်ပေးထားတယ်... နောက်ပြီး အနန္တ ကုန်းမြေတိုက်ကြီးပေါ်က ဂိတ်တံခါး အရေအတွက်လောက် ဘယ်နေရာမှာမှ မရှိဘူး”
ဝေ့ဝူယင်က သူသိသလောက်ကို အခြေခံကာ ဖြေလိုက်သည်။
“အဲဒီကုန်းမြေတိုက်ကြီးပေါ်မှာ ရှိတဲ့ တိုင်းပြည်ခုနစ်ရဲ့ အဓိပ္ပာယ်တွေကိုရော သိလား...”
ဝူယုက ထပ်မေးလိုက်၏။ ထိုလူအိုကြီးမှာ အဖြေကို တိုက်ရိုက် မဖြေလိုပဲ ပဟေဠိ ဝှက်ချင်နေကြောင်း ဝေ့ဝူယင် သဘောပေါက်သွား၏။ သို့သော်လည်း... ထိုအရာက သူ့သိချင်စိတ်ကို ပိုမို နှိုးဆွပေးသည်။ သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ရင်း ပြန်ဖြေလိုက်သည်။
“ကျုပ် ခန့်မှန်းကြည့်မယ်... အဲဒါက မဟာဂိုဏ်းကြီး လေးခု၊ ထာဝရ ဧကရာဇ်ရဲ့ ကျွန်မျိုးနွယ် သုံးခုနဲ့ ဆက်စပ်နေတယ် မလား... စန်းမျိုးနွယ်ပါ အပါအဝင်ပေါ့”
***