← Chapters

အခန်း (၁၀၂၇-၁၀၂၈)

Vol. 86 Ch. 1027-1028

အခန်း (၁၀၂၇-၁၀၂၈)

Vol. 86 Ch. 1027-1028

အခန်း ၁၀၂၇- တိုက်လေယာဉ် နောက်တစ်ကြိမ် ထွက်ခွာခြင်း

ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြလိုက်ပြီး ထန်လော့၏ သဘောထားကို အလွန်ကျေနပ်သွားမိသည်။ လူတစ်ယောက်အနေဖြင့် မိမိကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားမှု ရှိနိုင်သော်လည်း အကယ်၍ မိမိမှားယွင်းနေကြောင်း သိပါက ပြင်ဆင်ရမည်ဖြစ်သည်။

မျက်နှာရရှိရေးအတွက် သိလျက်နှင့် မပြင်ဘဲ နေခြင်းမျိုး မလုပ်သင့်ပေ။ အမှားကို သိပြီး ပြင်ဆင်ခြင်းသည် အကြီးမားဆုံးသော ကောင်းမြတ်သည့် အရည်အချင်းပင် ဖြစ်သည်။

ဤကဲ့သို့ အဆင့်မြင့်လက်နက်များနှင့် ရင်ဆိုင်ရချိန်တွင် ထန်လော့မှာ မည်သို့ကိုင်တွယ်ရမည်ကို မသိတော့ကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့သည်။

“မစ္စတာကျန်း... ကျုပ်တို့ အခု ဘာဆက်လုပ်သင့်လဲ။”

ထန်လော့က ရိုရိုသေသေဖြင့် မေးလိုက်သည်။

“သူတို့က ပစ်ခတ်မှုအကွာအဝေးမှာ အသာစီးရနေတယ်။ ဒီတိုက်ပွဲက ပြန်တိုက်ဖို့ မဖြစ်နိုင်သလောက်ပဲ။”

ကျန်းယွင်ထျန်းက လှည့်၍ပင် မကြည့်ဘဲ ရန်သူ့သင်္ဘောများ၏ လှုပ်ရှားမှုကို စောင့်ကြည့်ရင်း ပြောလိုက်သည်။

“ဒီအခြေအနေမှာတော့ သူတို့ အနီးကပ်ရောက်လာတာကို စောင့်ဖို့ပဲ ရှိတော့တယ်။ အခုလောလောဆယ်တော့ စစ်သားတွေ အကာအကွယ်ကောင်းကောင်း ရဖို့ပဲ အဓိကထားပါ။”

ထန်လော့က ခေါင်းညိတ်ကာ စစ်သားအားလုံးကို ဘန်ကာထဲတွင်သာ သေချာပုန်းအောင်းနေကြရန် တစ်ဖန် ထပ်မံမှာကြားလိုက်လေသည်။

ခဏမျှ စောင့်ကြည့်ပြီးနောက် ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“မင်းတို့အားလုံး ဒီမှာပဲ ဝပ်နေကြ။ သူတို့ အနားရောက်လာမှ တိုက်ခိုက်မယ်။ ငါ ကျွန်းပိုင်ရှင်ကို တိုက်လေယာဉ်သုံးပြီး ဗုံးကြဲဖို့ သွားတောင်းဆိုလိုက်ဦးမယ်။ သူတို့သင်္ဘောတွေကို သိမ်းပိုက်နိုင်အောင် ကြိုးစားကြည့်တာပေါ့။”

“ဟုတ်ကဲ့။”

ထန်လော့က ပြန်ဖြေလိုက်သည်။

ယီရန်ပင်း မဟာမိတ်အဖွဲ့၏ တိုက်လေယာဉ်သာ ရှိပါက တစ်ဖက်လူမှာ သေချာပေါက် လက်နက်ချရမည်ဟု ထန်လော့ ယုံကြည်နေလေသည်။

ကျန်းယွင်ထျန်းသည် အနီရောင်ဝံပုလွေမြို့ထဲသို့ ပြန်ဝင်သွားပြီး ရှောင်းယီထံ ဖုန်းဆက်လိုက်တော့သည်။

“ကျွန်းပိုင်ရှင်... ဒီတစ်ခေါက် ရန်သူ့သင်္ဘောတွေနဲ့ အမြောက်တွေက တော်တော်လေး အဆင့်မြင့်တယ်။ သူတို့ရဲ့ ပစ်ခတ်မှုအကွာအဝေးက ငါတို့အမြောက်တွေထက်တောင် ပိုဝေးနေသေးတယ်။”

ကျန်းယွင်ထျန်း၏ သတင်းပို့ချက်ကို ကြားလိုက်ရသောအခါ ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်သည်။

“သူတို့က ငါတို့သင်္ဘောတွေထက်တောင် အဆင့်မြင့်နေတာလား။”

“အဲ့ဒီလောက်တော့ မဟုတ်ပါဘူး။ သူတို့သင်္ဘောရဲ့ အရွယ်အစားက ငါတို့ထက် နည်းနည်းပိုကြီးပေမဲ့ အရှိန်ကတော့ ငါတို့ကို မမီဘူး။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ အမြောက်တွေကတော့ ငါတို့ထက် ပိုအဆင့်မြင့်နိုင်တယ်။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“ငါတို့ဘက်က ဝင်ပါပေးဖို့ လိုလို့လား။”

“ဟုတ်တယ်။ ငါ တိုက်လေယာဉ်ကို နောက်တစ်ကြိမ် သုံးချင်တယ်။ သင်္ဘောတစ်စင်းလောက်ကို အပျက်အစီးမရှိဘဲ ချန်ထားနိုင်ရင် အကောင်းဆုံးပဲ။ ဒါမှ ငါတို့မဟာမိတ်အဖွဲ့အနေနဲ့ နောက်ထပ် သင်္ဘောအမျိုးအစားသစ်တစ်မျိုးနဲ့ အမြောက်အမျိုးအစားသစ်ကို ရနိုင်မှာ။”

ကျန်းယွင်ထျန်းက ဆိုသည်။

“အင်း... ငါသဘောတူတယ်။ ခဏစောင့်။ မင်းယူသွားဖို့အတွက် ခဲယမ်းမီးကျောက်အချို့ကို ပို့ပေးလိုက်မယ်။”

“ဟုတ်ကဲ့”

ထို့နောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် လက်ပစ်ဗုံးများ၊ အမြောက်ကျည်များနှင့် အထူးပြုလုပ်ထားသော ဖောက်ခွဲရေးပစ္စည်းများကို လွှဲပြောင်းရယူလိုက်သည်။ ထို့အပြင် လေယာဉ်ဆီ တစ်စည်ကိုလည်း ယူဆောင်လာခဲ့သည်။

ထိုပစ္စည်းများကို သယ်ဆောင်လျက် ရှောင်းယီသည် လမ်းမကြီးပေါ်တွင် ရပ်နားထားသော တိုက်လေယာဉ်ရှိရာသို့ အမြန်ရောက်ရှိလာခဲ့သည်။

ကျန်းယွင်ထျန်းက ချက်ချင်းပင် အပြေးအလွှားရောက်လာကာ ရှောင်းယီ၏လက်ထဲမှ ခဲယမ်းများကို လှမ်းယူရင်း ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်... ဘာလို့ ကိုယ်တိုင် ရောက်လာတာလဲ။ တစ်ယောက်ယောက်ကိုပဲ ခိုင်းလိုက်ရင် ရနေတာကို။”

“မင်းပြောတဲ့ သင်္ဘောကြီးတွေနဲ့ အမြောက်တွေကို ငါကိုယ်တိုင်လည်း ကြည့်ချင်လို့ပါ။”

ရှောင်ယီက လက်ကာပြရင်း ပြန်ပြောလိုက်သည်။

“ကောင်းပါပြီ။ ဒါဆို တက်ပါ။ တခြားအကူတွေ ရှာမနေတော့ဘူး။ ငါတို့ နှစ်ယောက်တည်းပဲ သွားကြတာပေါ့။”

ကျန်းယွင်ထျန်းက ပြုံး၍ ပြောလိုက်သည်။

ရှောင်းယီသည် လေယာဉ်၏ နောက်ခန်းထိုင်ခုံတွင် တိုက်ရိုက်ထိုင်လိုက်၏။ အဆိုပါ ပစ္စည်းများသည် ရှေ့ခန်းထိုင်ခုံတွင် ဆံ့မည်မဟုတ်ပေ။

ထန်လော့နှင့် အခြားသူများကို ကြိုတင်အကြောင်းကြားထားသောကြောင့် မြို့၏လမ်းမကြီးကို စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ကာ လုံးဝ ရှင်းလင်းထားသဖြင့် လူသူတစ်ဦးမျှ မရှိပေ။

ကျန်းယွင်ထျန်းသည် တိုက်လေယာဉ်ကို စတင်မောင်းနှင်ကာ လမ်းပေါ်တွင် အရှိန်မြှင့်ပြီး ပျံတက်လိုက်တော့သည်။

လမ်းတစ်လျှောက် လုံခြုံရေးယူနေသော စစ်သားများသည် ထိုမြင်ကွင်းကို ကြည့်ပြီး မျက်လုံးအဝိုင်းသားဖြင့် မှင်သက်သွားကြ၏။

“ဒါက တကယ်ကြီး ပျံသွားတာလား။ ဘယ်လိုလုပ်လိုက်တာလဲ။”

“ဘုရားပဲသိမှာပေါ့။ ခုနက အဲ့ဒါကြီး မြို့ရိုးကို ခေါင်းနဲ့တိုက်မိတော့မယ်လို့တောင် ငါထင်နေတာ။”

“ဟုတ်ပါ့။ အဲ့ဒီလောက် မြန်မြန်ဆန်ဆန် ပျံတက်သွားနိုင်လိမ့်မယ်လို့ မထင်ထားဘူး။”

“ဒီစက်ကြီးက တော်တော်လေး လေးမှာပဲနော်။”

“လေးမှာပေါ့။ မင်း အပြင်ခွံကို မမြင်ဘူးလား။ ဒလက်တွေကအစ အကုန်လုံးကို သတ္တုတွေနဲ့ လုပ်ထားတာလေ။”

“ဒီလောက်အလေးချိန်ကို ဒီလောက်အရှိန်အဟုန်နဲ့ ပျံသန်းနိုင်တာ တကယ်ကို မယုံနိုင်စရာပဲ။”

မကြာမီမှာပင် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် ထူးဆန်းသော သင်္ဘောအုပ်စု၏ အပေါ်စီးသို့ ရောက်ရှိလာခဲ့ကြလေသည်။ အကွာအဝေးမှာ အလွန်နီးကပ်လွန်းသဖြင့် ကျန်းယွင်ထျန်းမှာ လုံလောက်သော အမြင့်သို့ပင် မတက်လှမ်းနိုင်ခဲ့ပေ။

တစ်ဖက်ရန်သူမှာ အလွန်နိုးနိုးကြားကြားရှိပြီး တိုက်လေယာဉ်ကို ချက်ချင်း သတိပြုမိသွားခဲ့သည်။

“သတင်းပို့ပါတယ်။ အနီရောင်ဝံပုလွေမြို့ထဲကနေ အမျိုးအမည်မသိ ပျံသန်းရေးယာဉ်တစ်စင်း ပျံထွက်လာပြီး ကျုပ်တို့အပေါ်မှာ ဝဲနေပါတယ်။”

စစ်သားတစ်ဦးက အရပ်ရှည်ရှည်၊ ဆံပင်ရွှေရောင်နှင့် မျက်လုံးပြာပြာရှိသော အမျိုးသမီးတစ်ဦးထံသို့ ချက်ချင်းသတင်းပို့လိုက်သည်။

ထိုအမျိုးသမီးက မျက်မှောင်ကြုတ်ကြည့်ရင်း ပြန်ပြောလိုက်သည်။

“လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေကို ပြင်ထား။ အနားကို ကပ်လာရဲရင် ပစ်ချလိုက်။”

“ဟုတ်ကဲ့။”

အမျိုးသမီး၏ အမိန့်အရ သင်္ဘောပေါ်ရှိ စစ်သားအားလုံး လှုပ်ရှားလာကြပြီး ၎င်းတို့၏လက်ထဲတွင် ပြောင်းရှည်ပုံစံ အရာဝတ္ထုများကို ကိုင်ထားကြသည်။ နောက်ခန်းမှ ရှောင်းယီသည် မှန်ပြောင်းဖြင့် ထိုပြောင်းရှည်များကို မြင်တွေ့သွားခဲ့သည်။

[ပုခုံးထမ်း ဒုံးပစ်လောင်ချာ (C အဆင့်): ခြေလျင်တပ်သုံး စစ်သုံးယာဉ်ဖျက်နှင့် မြို့သိမ်းလက်နက်။ ပေါ့ပါးပြီး အကွာအဝေးတိုသည်။ ထုတ်လုပ်ရန် ကုန်ကြမ်းအနည်းငယ်သာ လိုအပ်သည်။]

စနစ်၏ အညွှန်းကို ကြည့်ပြီးနောက် ရှောင်းယီက နားကြပ်မှတစ်ဆင့် ပြောလိုက်သည်။

“သူတို့မှာ ပုခုံးထမ်း ဒုံးပစ်လောင်ချာတွေ ရှိနေတယ်။ C အဆင့်တွေပဲ။”

ကျန်းယွင်ထျန်း ခေတ္တမျှ မှင်သက်သွားသော်လည်း ချက်ချင်းပင် ပြန်ပြောလိုက်သည်။

“ရပါတယ်။ ပုခုံးထမ်း ဒုံးပစ်လောင်ချာတွေက တိုက်လေယာဉ်ရဲ့ အရှိန်ကို ဘယ်လိုမှ မမီနိုင်ဘူး။”

ထိုစကားကို ကြားသောအခါ ရှောင်းယီ အံ့အားသင့်သွားပြီး မေးလိုက်သည်။

“မင်းက အဲ့ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား။”

“ပုခုံးထမ်း ဒုံးပစ်လောင်ချာတွေက မြို့သိမ်းတိုက်ပွဲတွေအတွက် ရည်ရွယ်ထားတာပဲ။ သူတို့ရဲ့ အစပျိုးအရှိန်က တစ်စက္ကန့်ကို ၈၀ ကနေ ၉၀ မီတာလောက်ပဲ ရှိတယ်။ သူတို့လက်ထဲက လောင်ချာတွေက အဆင့် မမြင့်ဘူးဆိုတော့ အရှိန်မြှင့်ရင်တောင် အကန့်အသတ်ရှိမှာပဲ။ ငါတို့တိုက်လေယာဉ်ရဲ့ အရှိန်နဲ့ ယှဉ်ရင် အများကြီး နောက်ကျကျန်နေမှာပါ။”

ကျန်းယွင်ထျန်းက ဆက်လက်ရှင်းပြလိုက်သည်။

တိုက်လေယာဉ်၏ အမြင့်ဆုံးအရှိန်မှာ တစ်နာရီလျှင် ၈၀၀ ကီလိုမီတာ ဖြစ်ပြီး ၎င်းမှာ တစ်စက္ကန့်လျှင် ၂၂၂ မီတာခန့် ဖြစ်သဖြင့် ဒုံးကျည်ထက် အဆပေါင်းများစွာ ပိုမြန်နေသည်မှာ အမှန်ပင်။ ထို့အပြင် တိုက်လေယာဉ်၏ အရှိန်မှာ တည်ငြိမ်နေသော်လည်း ဒုံးကျည်များမှာ ပစ်လွှတ်ပြီးနောက် အရှိန်တဖြည်းဖြည်း လျော့ကျသွားမည် ဖြစ်သည်။ ဤသည်မှာ ကျန်းယွင်ထျန်း၏ ယုံကြည်ချက်ပင်။

ရှောင်းယီက ပုခုံးတွန့်ရင်း ပြန်ပြောလိုက်သည်။

“ဒါဆိုရင်လည်း ဗုံးကြဲဖို့ ပြင်လိုက်တော့။”

“ကောင်းပြီ။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ လေယာဉ်ကို အောက်သို့ ထိုးဆင်းလိုက်၏။

“လာနေပြီ။”

အောက်မှ စစ်သားများသည် ၎င်းတို့၏ ဒုံးပစ်လောင်ချာအားလုံးကို တိုက်လေယာဉ်ထံ ချိန်ရွယ်လိုက်ကြသည်။

သင်္ဘောပေါ်ရှိ မျက်လုံးပြာနှင့် အမျိုးသမီးက လေးနက်သောလေသံဖြင့် အမိန့်ပေးလိုက်သည်။

“အနားရောက်လာတဲ့အထိ စောင့်ပြီးမှ ပစ်ကြ။”

“လောင်တ... အရှိန်ကတော့ အရင်တစ်ခေါက်အတိုင်းပဲ။ အချိန်ကို ကြည့်ပြီး ပစ်ချလိုက်တော့။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။

“ရပြီ။”

ရှောင်းယီသည် လက်ထဲတွင် ဖောက်ခွဲရေးပစ္စည်းကို ကိုင်ထားပြီးဖြစ်သည်။တိုက်လေယာဉ်သည် အရှိန်အဟုန်ဖြင့် အောက်သို့ ထိုးဆင်းလာသည်။

“မြန်လှချည်လား။”

ထိုအမျိုးသမီးက အံ့အားသင့်စွာ ကြည့်ရင်း “ချက်ချင်းပစ်ကြ” ဟု အော်လိုက်၏။ အကယ်၍ တိုက်လေယာဉ် အနားရောက်သည်အထိ စောင့်နေပါက စစ်သားများမှာ တုံ့ပြန်ရန် အချိန်မရတော့ဘဲ အခွင့်အရေး လွတ်သွားနိုင်သည်။

ရွှစ်... ရွှစ်... ရွှစ်

ဒုံးကျည်များ တစ်စင်းပြီးတစ်စင်း အဖြူရောင် မီးခိုးတန်းများဖြင့် တိုက်လေယာဉ်ဆီသို့ ပျံတက်သွားကြတော့လေသည်။

ရှောင်းယီမှာမူ ကျန်းယွင်ထျန်းကို ယုံကြည်သောကြောင့် ထိုဒုံးကျည်များကို ဂရုမစိုက်ဘဲ ဖောက်ခွဲရေးပစ္စည်းမှ စနက်ကြိုးကို ဆွဲကာ သင်္ဘောပေါ်သို့ ပစ်ချလိုက်သည်။

ရှောင်းယီ ပစ်ချလိုက်သည်ကို မြင်သည်နှင့် ကျန်းယွင်ထျန်းက ထိန်းချုပ်မောင်းတံကို ဆွဲတင်လိုက်ရာ တိုက်လေယာဉ်မှာ ချက်ချင်းပင် အပေါ်သို့ ပြန်လည် မြင့်တက်သွားတော့သည်။ ဒုံးကျည်များသည် တိုက်လေယာဉ်ကို လုံးဝ မမီတော့ဘဲ ဝေဟင်ထဲတွင် အချင်းချင်း တိုက်မိသွားကာ အချည်းနှီး ဖြစ်သွားတော့လေသည်။

ဝုန်း...ဝုန်း...ဝုန်း

ကောင်းကင်ယံတွင် မီးရှူးမီးပန်းများ ပေါက်ကွဲသကဲ့သို့ ဖြစ်သွားခဲ့၏။

ရှောငယီက ကျန်းယွင်ထျန်းကို လက်မထောင်ပြကာ “မိုက်တယ်” ဟု ချီးကျူးလိုက်သည်။

“ဒါက အခြေခံလေးပါပဲ။ အံ့ဩမနေပါနဲ့။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။

ထိုအချိန်မှာပင် ရှောင်းယီ ပစ်ချလိုက်သော ဖောက်ခွဲရေးပစ္စည်းများသည်လည်း ရန်သူ့သင်္ဘောပေါ်သို့ ကျရောက်ကာ ပေါက်ကွဲသွားတော့သည်။

အခန်း ၁၀၂၈- ကောင်းကင်မိုးကြိုးမင်းဆက်၊ မင်းသမီး လော်ရယ်နှင့် လက်နက်ချခြင်း

ဝုန်း...ဝုန်း...ဝုန်း

ဖောက်ခွဲရေးပစ္စည်းထုပ်မှာ ရန်သူ့သင်္ဘောပေါ်တွင် တိုက်ရိုက်ကျရောက်ပေါက်ကွဲသွားပြီး သင်္ဘောကိုယ်ထည်ကို အပေါက်ကြီး ဖြစ်သွားစေခဲ့သည်။ ပေါက်ကွဲမှုအနီးရှိ စစ်သားအားလုံးမှာလည်း အသားစများ လွင့်စင်ကာ ပွဲချင်းပြီး သေဆုံးကုန်ကြပြီး သင်္ဘောတစ်စင်းလုံး အော်ဟစ်ငိုယိုသံများဖြင့် ပြည့်နှက်သွားတော့သည်။

ဆံပင်ရွှေရောင်၊ မျက်လုံးပြာနှင့် အမျိုးသမီးသည် ပျံသန်းထွက်ခွာသွားသော တိုက်လေယာဉ်ကို အံ့အားသင့်စွာ ကြည့်နေပြီးနောက် ပျက်စီးသွားသော သင်္ဘောအစိတ်အပိုင်းကို ကြည့်ကာ အေးစက်စွာ အမိန့်ပေးလိုက်၏။

“သင်္ဘောကို အခုချက်ချင်း ပြန်ပြင်ကြ။”

“ဟုတ်ကဲ့။”

အနီးရှိ သင်္ဘောသားတစ်ဦးမှာ ပျက်စီးနေသော နေရာသို့ ချက်ချင်း ပြေးသွားတော့သည်။

ထိုအမျိုးသမီးမှာ မျက်မှောင်ကြုတ်လျက် တိုက်လေယာဉ် ဝဲပျံကာ ပြန်လှည့်လာသည်ကို ကြည့်ပြီးနောက် ထပ်မံအမိန့်ပေးလိုက်သည်။

“အားလုံးပဲ... ရှိသမျှလက်နက်တွေနဲ့ ကောင်းကင်ကို ပစ်ကြစမ်း။”

သင်္ဘောပေါ်ရှိ စစ်သားများ အားလုံးသည် ၎င်းတို့၏လက်နက်များကို ကိုင်မြှောက်ကာ ကောင်းကင်ထက်သို့ ချိန်ရွယ်၍ ခလုတ်များကို ဆွဲညှစ်လိုက်ကြတော့သည်။ သင်္ဘောဦးပိုင်းမှ အမြောက်တပ်သားများပင် အမြောက်ပြောင်းကို အပေါ်သို့ မြှောက်ထားပြီး ယမ်းကြိုးကို အချိန်မရွေး မီးညှိရန် အသင့်ပြင်ထားခဲ့ကြသည်။

“သူတို့က ဒီလောက်တောင် ရူးသွပ်နေတာလား။”

သင်္ဘောပေါ်မှ စစ်သားများ၏ လှုပ်ရှားမှုကို မြင်သောအခါ ရှောင်းယီက အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

“ငါတို့ ပျံသန်းတဲ့အမြင့်ကို နည်းနည်း ပြန်ထိန်းရအောင်။ ဒီလို ခေတ်နောက်ကျတဲ့ အမြောက်နဲ့ ပစ်ချခံရရင်တော့ အရှက်ကွဲတာပဲ။”

ထိုအခါ ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

“ဖြစ်နိုင်ခြေ နည်းပေမဲ့ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ငါ သတိထားပါ့မယ်။”

အမြောက်ကျည်တစ်ခု၏ ထွက်ခွာနှုန်းမှာ ပုခုံးထမ်း ဒုံးပစ်လောင်ချာနှင့် မနှိုင်းယှဉ်သာပေ။ အမြောက်ကျည်အများစုမှာ တစ်စက္ကန့်လျှင် ၂၂၂ မီတာ အရှိန်ထက် အသာအယာ ကျော်လွန်နိုင်ပေသည်။

“အသင့်ပြင်... နောက်တစ်ခေါက် သွားမယ်။”

ကျန်းယွင်ထျန်းက လေယာဉ်ကို နောက်တစ်ကြိမ် ထိုးဆင်းလိုက်ပြန်သည်။

သင်္ဘောပေါ်မှ လူများမှာ ကောင်းကင်သို့ တရစပ် ပစ်ခတ်နေကြသော်လည်း ၎င်းတို့၏ လက်နက်များသည် တိုက်လေယာဉ်ကို အနည်းငယ်မျှပင် ဒဏ်ရာမရစေနိုင်ပါချေ။

ချွမ်း...ချွမ်း...ချွမ်း

ကျည်ဆန်များနှင့် မြားများသည် တိုက်လေယာဉ်၏ အောက်ခြေကိုယ်ထည်ကို ထိမှန်သွားသော်လည်း ချက်ချင်းပင် လွင့်စင်ထွက်သွားခဲ့သည်။ ထိုအချိန်တွင် သင်္ဘောပေါ်မှ အမြောက်တပ်သားများကလည်း အမြောက်ကျည်များဖြင့် လှမ်းပစ်လိုက်ကြသည်။ သို့သော် ကောင်းကင်မှ တိုက်လေယာဉ်မှာ ချက်ချင်းပင် ဘေးတိုက်လိမ့်ကာ ရှောင်တိမ်းသွားခဲ့၏။

အမြောက်ကျည် တစ်တောင့်သာ ပစ်ရသေးချိန်တွင် တိုက်လေယာဉ်မှာ အဝေးသို့ ရောက်သွားပြန်ပြီ ဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ ရှောင်းယီက လက်ပစ်ဗုံး အစုလိုက်အပြုံလိုက်ကို ပစ်ချလိုက်ရာ ကုန်းပတ်ပေါ်ရှိ စစ်သားများကြားထဲသို့ ကျရောက်သွားတော့သည်။

“အမြန် အကာအကွယ်ယူကြ။”

ဝုန်း...ဝုန်း...ဝုန်း

လက်ပစ်ဗုံးများ ထပ်မံပေါက်ကွဲသွားပြန်သည်။ မိမိလက်အောက်ငယ်သားများစွာ သေကျေဒဏ်ရာရကုန်သည်ကို မြင်သောအခါ ထိုအမျိုးသမီးမှာ အနည်းငယ် ကြောက်လန့်လာမိပြီဖြစ်သည်။

တစ်ဖက်လူ၏ စက်ကိရိယာမှာ အလွန်အစွမ်းထက်လွန်းသဖြင့် သူမတွင် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိသော်လည်း တစ်ဖက်လူကမူ ကောင်းကင်မှနေ၍ သူမကို စိတ်ကြိုက် နှောင့်ယှက်နေနိုင်သည်။

“လက်နက်ချခြင်း” ဆိုသည့် အတွေးမှာ သူမဦးနှောက်ထဲသို့ ခေတ္တဝင်ရောက်လာသော်လည်း ချက်ချင်းပင် ပြန်လည်နှိမ်နင်းလိုက်သည်။

“ငါတို့ရဲ့ ကောင်းကင်မိုးကြိုးမင်းဆက်မှာ လက်နက်ချတယ်ဆိုတဲ့ ထုံးစံ မရှိဖူးဘူး။ ငါက ပထမဆုံးလူ မဖြစ်စေရဘူး။”

ထိုအမျိုးသမီးက တွေးလိုက်သည်။

“ပြီးတော့ ဒီတာဝန်က သေချာပေါက် အောင်မြင်ရမယ်။”

တိုက်လေယာဉ်သည် ကောင်းကင်တွင် တစ်ပတ်ဝဲပြီးနောက် ပြန်လည်ရောက်ရှိလာပြန်သည်။ ဤတစ်ကြိမ်တွင်မူ ရှောင်းယီက ဗုံးများကို ဆက်၍ မပစ်ချတော့ဘဲ သူ၏လက်ထဲမှ ကာဘိုင်ရိုင်ဖယ်ဖြင့် သင်္ဘောပေါ်မှ လူများကို လှမ်း၍ ပစ်ခတ်လိုက်တော့သည်။

တိုက်လေယာဉ် အရှိန်မှာ အလွန်မြန်သဖြင့် ရှောင်းယီ၏ ပစ်မှတ်တိကျမှုမှာ သိသိသာသာ လျော့ကျသွားသော်လည်း တိကျမှုကို ၇၀ ရာခိုင်နှုန်းခန့်အထိ ထိန်းထားနိုင်ဆဲပင်။ ဤတစ်ခေါက် ရန်သူ့သင်္ဘောအပေါ်မှ ပျံသန်းစဉ် ရှောင်းယီ၏ ပစ်ခတ်မှုကြောင့် လူကိုးဦး သေဆုံးသွားသော်လည်း သင်္ဘောဘက်မှမူ မည်သို့မျှ တုံ့ပြန်နိုင်စွမ်းမျှ မရှိသေးပေ။

တိုက်လေယာဉ်ပေါ်မှ တရစပ်ထွက်ပေါ်လာသော သေနတ်သံများကို ကြားလိုက်ရသောအခါ ထိုအမျိုးသမီးမှာ လုံးဝပင် မှင်သက်သွားတော့သည်။ ဤကဲ့သို့ တရစပ် ပစ်ခတ်နိုင်သော လက်နက်မျိုးကို သူမတစ်ခါမှ မမြင်ဖူးခဲ့ပေ။ သို့သော် မနေ့က သတင်းကြားခဲ့ရသည့်သတင်းအရ လန်ဖုန်းအင်ပါယာတွင် ခြောက်လုံးပြူးဟု ခေါ်သော လက်နက်တစ်ခုရှိပြီး ကျည်ဆန် ခြောက်တောင့် တရစပ်ပစ်နိုင်ကာ ပတ်ဝန်းကျင် အင်အားစုများထံ ရောင်းချနေသည်ဟု ဆိုသည်။

အနီရောင်ဝံပုလွေ ပင်လယ်ဓားပြများ၏ လက်နက်များမှာ လန်ဖုန်းအင်ပါယာထက်တောင် ပိုမိုအဆင့်မြင့်နေပါသလော။

ကောင်းကင်မိုးကြိုး မင်းဆက်နှင့် လန်ဖုန်း အင်ပါယာတို့သည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်မှု မရှိကြပေ။ သို့သော် လန်ဖုန်း အင်ပါယာမှ ထုတ်ဖော်လိုက်သော လက်နက်များမှာ အလွန်အဆင့်မြင့်လွန်းသောကြောင့် ထိုသတင်းမှာ ကောင်းကင်မိုးကြိုးမင်းဆက်အထိ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။ ကောင်းကင်မိုးကြိုးမင်းဆက်သည်လည်း လန်ဖုန်းအင်ပါယာနှင့်ပတ်သက်သော သတင်းအချက်အလက်မျိုးစုံကို စုဆောင်းနေခဲ့သည်။

သို့သော် ယခုအချိန်တွင်မူ ကောင်းကင်မိုးကြိုးမင်းဆက် သင်္ဘောအုပ်စု၏ ခေါင်းဆောင်သည် ဆက်လက်တိုက်ခိုက်လိုစိတ် လုံးဝမရှိတော့ပေ။ အကယ်၍ ဆက်၍တောင့်ခံနေပါက သူမ၏အဖွဲ့မှာ သေချာပေါက် အမြစ်ပြတ်ချေမှုန်းခံရပေလိမ့်မည်။

“အလံဖြူထောင်ကြ။ လက်နက်တွေချလိုက်တော့... ငါတို့ လက်နက်ချမယ်။”

ထိုအမျိုးသမီးသည် အားအင်ကုန်ခမ်းစွာ သက်ပြင်းချရင်း အမိန့်ပေးလိုက်တော့လေသည်။

တိုက်လေယာဉ်၏ သုံးကြိမ်တိုင်တိုင် ထိုးဆင်းတိုက်ခိုက်မှုကြောင့် ဤသင်္ဘောပေါ်ရှိ စစ်သားများမှာ အကြီးအကျယ် ထိခိုက်ပျက်စီးနေပြီဖြစ်သည်။ ခေါင်းဆောင်၏အမိန့်ကို ကြားလိုက်သည်နှင့် ၎င်းတို့သည် လက်နက်များကို ချက်ချင်းချကာ အလံဖြူထောင်လိုက်ကြတော့သည်။ အခြားသင်္ဘောများမှ စစ်သားများသည် ပင်မသင်္ဘောမှ အလံဖြူထောင်လိုက်သည်ကို မြင်သောအခါ အော်ဟစ်ကန့်ကွက်ကြတော့သည်။

“မင်းသမီး လော်ရယ်... ဘယ်လိုလုပ် လက်နက်ချနိုင်ရတာလဲ။ ဒီတာဝန်က မင်းသမီးရဲ့ တစ်သက်တာလုံး စိတ်ချမ်းသာမှုနဲ့ သက်ဆိုင်နေတာလေ။”

“မှန်တယ်။ ကျုပ်တို့ လုံးဝလက်နက်မချနိုင်ဘူး။ ကျုပ်တို့ ကောင်းကင်မိုးကြိုးမင်းဆက်ရဲ့ စစ်သားတွေက စစ်မြေပြင်မှာ သေဖို့ အသင့်ပြင်ထားပြီးသားပါ။”

“မင်းသမီး လော်ရယ်... ကျေးဇူးပြုပြီး အလံဖြူကို အမြန်ပြန်ချလိုက်ပါ။ ကျုပ်တို့ အသေခံတိုက်မယ်။”

ဆံပင်ရွှေရောင်၊ မျက်လုံးပြာနှင့် ထိုအမျိုးသမီးမှာ အမှန်တကယ်ပင် ကောင်းကင်မိုးကြိုးမင်းဆက်၏ မင်းသမီး လော်ရယ် ဖြစ်နေလေသည်။ သို့သော် မင်းသမီးတစ်ပါးက အဘယ်ကြောင့် လန်ဖုန်းအင်ပါယာသားများကို တိုက်ခိုက်ရန် အဖွဲ့ကို ဦးဆောင်လာရသနည်း။

လော်ရယ်သည် သူမသင်္ဘောပေါ်ရှိ စစ်သားများ၏ သနားစဖွယ် အခြေအနေကို ကြည့်လိုက်သည်။ အချို့မှာ နာကျင်စွာ အော်ဟစ်နေကြဆဲဖြစ်ပြီး ကောင်းကင်တွင်လည်း ထိုစက်ပစ္စည်းကြီးက ဝဲပျံနေဆဲပင်။ သူမသည် အားကိုးရာမဲ့စွာ မျက်လုံးများကို မှိတ်လိုက်ပြီးနောက် ဟိန်းဟောက်၍ အမိန့်ပေးလိုက်သည်။

“ဒါက ငါ့ရဲ့အမိန့်ပဲ။ မင်းတို့ လက်နက်ချရမယ်။ မဟုတ်ရင် စစ်အမိန့်ကို ဖီဆန်တာပဲ။”

အနီးရှိ သတင်းပို့စစ်သားက လော်ရယ်၏ အမိန့်ကို သစ္စာရှိစွာ ဆင့်ဆိုလိုက်သည်။ အခြားသင်္ဘောမှ ကပ္ပတိန်များသည် ထိုအမိန့်ကို လက်ခံရရှိချိန်တွင် အလွန်ဇဝေဇဝါ ဖြစ်သွားကြသော်လည်း အမိန့်အတိုင်း သစ္စာရှိစွာ လိုက်နာခဲ့ကြသည်။ မကြာမီ သင်္ဘောအားလုံးတွင် အလံဖြူများ ဝှေ့ယမ်းကာ လက်နက်ချကြောင်း အချက်ပြလိုက်ကြတော့သည်။

ထန်လော့သည် ကမ်းခြေရှိ ဘန်ကာထဲမှနေ၍ မှန်ပြောင်းဖြင့် ထိုမြင်ကွင်းအားလုံးကို မြင်တွေ့လိုက်ရသောအခါ တစ်ဖန် ထပ်မံချီးကျူးလိုက်မိပြန်သည်။

“ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ တိုက်လေယာဉ်က တကယ် အစွမ်းထက်တာပဲ။ ဒါရှိနေသရွေ့ ငါတို့ကတော့ လုံးဝ အနိုင်မရနိုင်စရာ အကြောင်းမရှိဘူး။”

သူ့ပတ်ဝန်းကျင်ရှိ လန်ဖုန်း အင်ပါယာ၏ စစ်သားများကလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်ကြသည်။ ရန်သူများ အလံဖြူထောင်လိုက်သည်ကို မြင်သောအခါ ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် လောင်စာဆီမျာစ ထပ်မံမဖြုန်းတီးတော့ဘဲ အနီရောင်ဝံပုလွေမြို့သို့ ပြန်လည်ပျံသန်းသွားကြတော့လေသည်။ လေယာဉ်ကြီး ပြန်ပျံသွားသည်ကို မြင်မှ လော်ရယ်လည်း သက်ပြင်းချနိုင်တော့သည်။

“သတင်းပို့ပါတယ်။ အနီရောင်ဝံပုလွေသင်္ဘောအုပ်စု ထွက်လာပါပြီ။ ဆက်ပြီး တိုက်ခိုက်ရမလား။”

ကင်းထောက်တစ်ဦးက သတိပေးလိုက်သည်။

“မတိုက်နဲ့တော့။ ငါတို့ လက်နက်ချပြီးပြီ။”

လော်ရယ်က ချက်ချင်းအမိန့်ပေးလိုက်၏။

“လူတိုင်း လက်နက်ချအမိန့်ကို နာခံရမယ်။”

လော်ရယ်သည် အဝေးမှ ချဉ်းကပ်လာသော သင်္ဘောများကို ကြည့်လိုက်၏။ ထိုသင်္ဘောများမှာ သူမ၏သင်္ဘောလောက် မကြီးမားသော်လည်း အရှိန်မှာမူ အဆမတန် မြန်ဆန်လှပေသည်။

“လက်နက်တွေကို ချထားခဲ့ပြီး ငါတို့သင်္ဘောပေါ်တက်ဖို့ တန်းစီကြ။”

ထန်လော့က လော်ရယ်တို့ဘက်သို့ အော်ဟစ်ပြောဆိုလိုက်သည်။ လော်ရယ်၏ ညွှန်ကြားချက်ကြောင့် လန်ဖုန်းအင်ပါယာအတွက် သုံ့ပန်းများကို ဖမ်းဆီးခြင်းမှာ မည်သည့် အနှောင့်အယှက်မျှ မရှိဘဲ ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။

ဤသင်္ဘောအုပ်စု၏ ခေါင်းဆောင်မှာ ဆံပင်ရွှေရောင်၊ မျက်လုံးပြာနှင့် အလှနတ်သမီးတစ်ပါး ဖြစ်နေသည်ကို မြင်သောအခါ ထန်လော့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“မင်းက ဘယ်သူလဲ။ ပြီးတော့ ငါတို့ကို ဘာလို့ လာတိုက်တာလဲ။”

“ဟွန်း”

လော်ရယ်က နှာခေါင်းရှုံ့ကာ မျက်နှာလွှဲလိုက်၏။ သူမ ထိုမျှ မာနကြီးနေသည်ကို မြင်သောအခါ ထန်လော့က ပြုံး၍ ပြန်ပြောလိုက်သည်။

“ဒါဆိုရင်လည်း မဟာမိတ်ခေါင်းဆောင် ရှောင်းယီပဲ မင်းကို စစ်ဆေးမေးမြန်းပါစေတော့။ သူ့ကို ခေါ်သွားကြ။”

မကြာမီ ကောင်းကင်မိုးကြိုးမင်းဆက်၏ သင်္ဘောအားလုံးကို ကမ်းခြေသို့ ဆွဲယူလာခဲ့ကြပြီး သင်္ဘောပေါ်မှ သုံ့ပန်းများကို ရှောင်းယီ၏ရှေ့သို့ ခေါ်ဆောင်လာခဲ့ကြလေသည်။

“ဒါက ဘာသဘောလဲ။”

ရှောင်းယီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။

“ငါက သူတို့ရဲ့ သင်္ဘောကြီးတွေနဲ့ အဲ့ဒီပေါ်က လက်နက်တွေကိုပဲ လိုချင်တာ။ တခြားဟာတွေကို စိတ်မဝင်စားဘူး။”

ထိုအခါ ထန်လော့က ပြုံးပြီး ပြောလိုက်သည်။

“ခင်ဗျား တခြားအရာတွေကို စိတ်မဝင်စားဘူးဆိုတာ ကျုပ် နားလည်ပါတယ်။ ဒါပေမဲ့ ဒါကိုတော့ ခင်ဗျား စိတ်ဝင်စားမှာပါ။”

ပြောပြောဆိုဆိုနှင့်ပင် သူသည် လော်ရယ်ကို ရှေ့သို့ တွန်းထုတ်လိုက်တော့လေသည်။

All Chapters