အခန်း (၁၀၂၉-၁၀၃၀)
Vol. 86 Ch. 1029-1030
အခန်း ၁၀၂၉- နားလည်မှုလွဲခြင်း၊ ငါတို့က ပင်လယ်ဓားပြတွေ မဟုတ်ဘူး၊ မောင်ဖြစ်သူကို ရှာဖွေခြင်း
လော်ရယ်သည် ဒေါသအပြည့်ဖြင့် ရှောင်းယီကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“ရှင်တို့ အားစိုက်မနေနဲ့။ ကျွန်မတို့ကို သတ်ချင်သတ်၊ အရေခွံပဲ ဆုတ်ဆုတ် ကြိုက်သလိုလုပ်လိုက်။ ဒါပေမဲ့ ကျွန်မတို့ဆီက ဘာသတင်းအချက်အလက်မှ ရမယ်လို့တော့ မမျှော်လင့်နဲ့။”
ရဲရင့်ပြတ်သားပုံရသော လော်ရယ်ကို ကြည့်ရင်း ရှောင်းယီ၏ မျက်လုံးထဲတွင် ချီးကျူးရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သူမမှာ ဖြူဝင်းသော အသားအရေ၊ လှပသော မျက်နှာနှင့် ရှည်လျားသော ခြေတံများရှိပြီး ခန္ဓာကိုယ် အချိုးအစားမှာလည်း အပြစ်ပြောဖွယ်မရှိပေ။
သို့သော် ရှောင်းယီက သူမကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက် ထန်လော့ကို မေးလိုက်သည်။
“အခြေအနေက ဘယ်လိုလဲ။”
ထန်လော့က ပြုံးကာ ပြန်ဖြေ၏။
“သူက ဒီအဖွဲ့ရဲ့ ခေါင်းဆောင်ပဲ။”
ယခုတွင်မူ ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားပြီဖြစ်သည်။ ဤအဖွဲ့၏ ခေါင်းဆောင်မှာ အမျိုးသမီးတစ်ဦး ဖြစ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
“ဟွန်း... ရှင်တို့ အနီရောင်ဝံပုလွေ ပင်လယ်ဓားပြတွေ အချိန်အကြာကြီး သောင်းကျန်းနိုင်တော့မှာဟုတ်ဘူး။”
လော်ရယ်က ဒေါသတကြီး ထပ်မံပြောဆိုလိုက်ပြန်သည်။
ထိုစကားကို ကြားသောအခါ ရှောငယီနှင့် ထန်လော့တို့ နှစ်ဦးစလုံး မှင်သက်သွားကြတော့သည်။
“မိန်းကလေး... ကျုပ်တို့ကြားမှာ တစ်ခုခု နားလည်မှုလွဲနေပုံပဲ။”
ထန်လော့က ဇဝေဇဝါဖြင့် ပြောလိုက်သည်။
“ကျုပ်တို့က အနီရောင်ဝံပုလွေ ပင်လယ်ဓားပြတွေ မဟုတ်ဘူး။”
သူ၏စကားကို ကြားသောအခါ လော်ရယ်လ်လည်း ခေတ္တမျှ ကြောင်အသွားပြီးနောက် မထေမဲ့မြင် ပြုံးလိုက်ကာ ပြောလိုက်သည်။
“ဟက်... ဒီလို သရုပ်ဆောင်နေတာတွေကို ရပ်လိုက်စမ်းပါ။ ရှင်တို့က ကျွန်မနဲ့ ရင်းနှီးအောင်လုပ်ပြီး ကျွန်မတို့နောက်ကွယ်က အင်အားစုအကြောင်းကို စုံစမ်းချင်တာ မဟုတ်လား။ ဒါမှ ရှင်တို့ ပြန်ပေးငွေ တောင်းလို့ ကောင်းမှာလေ။ ဒါမျိုးတွေက ကျွန်မအတွက်တော့ ကလေးကစားစရာသာသာပဲ။”
ရှောင်းယီက ခေါင်းခါလိုက်၏။
“ထန်လော့... သူ့ကို အခြေအနေတွေ ရှင်းပြလိုက်ဦး။ ပြီးမှ ဘာကိစ္စလဲဆိုတာ မေးကြည့်လိုက်။”
ထန်လော့က ခေါင်းညိတ်ကာ သူမကို စတင်ရှင်းပြတော့သည်။
“မိန်းကလေး... ကျုပ်တို့က လန်ဖုန်းအင်ပါယာရဲ့ တပ်မတော်သားတွေပဲ။ ပြီးတော့ ဒါက အပြင်လူတွေရဲ့ ယီရန်ပင်း မဟာမိတ်အဖွဲ့ ခေါင်းဆောင်ပါ။”
ထိုစကားကိုကြားသောအခါ လော်ရယ်က တစ်ဖန် လှောင်ပြုံးပြုံးလိုက်ပြန်၏။
“ဒီလို လှည့်စားတဲ့ နည်းလမ်းတွေက အဆင့်နိမ့်လွန်းတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ကတင် ဒီနေရာက အနီရောင်ဝံပုလွေ ပင်လယ်ဓားပြတွေရဲ့ စခန်းဆိုတဲ့ သတင်းကို ကျွန်မတို့ ရထားတာ။ ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ပိုင်ရှင် ပြောင်းသွားပြီလို့တော့ လာမပြောနဲ့။”
အနီရောင်ဝံပုလွေ ပင်လယ်ဓားပြများသည် အနီးနား ပင်လယ်ပြင်တွင် နာမည်ကျော် လူဆိုးများဖြစ်ပြီး အင်အားလည်း တောင့်တင်းလှသည်။ ၎င်းတို့၏ အခြေစိုက်စခန်းကို ရက်ပိုင်းအတွင်း အကုန်အစင် တိုက်ခိုက်သိမ်းပိုက်နိုင်မည့်သူ မရှိသလောက်ပင်။ ထို့ကြောင့် လော်ရယ်က ရှေ့မှ လူနှစ်ဦးမှာ သူမကို ဇာတ်လမ်းဆင် လှည့်စားနေသည်ဟုသာ အခိုင်အမာ ယုံကြည်ထားခဲ့လေသည်။
သို့သော် ထိုသို့ပြောပြီးနောက် လော်ရယ်သည် တစ်စုံတစ်ခုကို သတိပြုမိသွားခဲ့ပြီး ထန်လော့ကို သံသယဖြင့် မေးလိုက်သည်။
“ရှင်က လန်ဖုန်း အင်ပါယာရဲ့ တပ်မတော်ကလို့ ပြောတယ်နော်။”
“ဘာလို့လဲ။ အပြင်က သင်္ဘောတွေပေါ်မှာ ကျုပ်တို့ လန်ဖုန်းအင်ပါယာရဲ့ အမှတ်တံဆိပ် ပါတာကို မင်း မမြင်ခဲ့ဘူးလား။”
ထန်လော့က နားမလည်စွာ ပြန်မေးလိုက်သည်။ လော်ရယ်က မျက်မှောင်ကြုတ်လိုက်၏။
“ထားလိုက်ပါတော့၊ ကျွန်မတို့က လန်ဖုန်းအင်ပါယာရဲ့ အမှတ်တံဆိပ် ဘယ်လိုရှိမှန်းမှ မသိတာ။ ရှင့်ဘာသာ ကြိုက်သလိုပြောလို့ ရတာပဲ။”
“ဒါက မင်း သဘောပါပဲ။ အရေးမကြီးပါဘူး။ ကျုပ်က အရှိကို အရှိအတိုင်း ပြောပြရုံပဲ။ ကျုပ်တို့က အနီရောင်ဝံပုလွေ ပင်လယ်ဓားပြတွေကို ပင်လယ်ထဲမှာ အနိုင်တိုက်ခဲ့ပြီး လမ်းကြုံလို့ သူတို့စခန်းကိုပါ သိမ်းလိုက်တာ။”
ထန်လော့က ပုခုံးတွန့်ကာ ပြန်ပြောလိုက်သည်။
“အကယ်၍ မင်းဘက်က ကောင်းကောင်းမွန်မွန် စကားပြောချင်တယ်ဆိုရင်တော့ ကျုပ်တို့ ဆွေးနွေးလို့ ရပါတယ်။”
လတ်တလောတွင် လန်ဖုန်း အင်ပါယာသည် ပြင်ပကုန်သွယ်မှုများ ပြုလုပ်နေသောကြောင့် လက်နက်ဝယ်ယူရန် အလားအလာရှိသော မည်သည့်အင်အားစုနှင့်မဆို ရန်သူမဖြစ်လိုပေ။
လော်ရယ်သည် တည်ငြိမ်နေသော ထန်လော့နှင့် အေးဆေးနေသော ရှောင်းယီတို့ကို ကြည့်ရင်း စိတ်ထဲတွင် သံသယဖြစ်လာကာ ဝေခွဲမရ ဖြစ်သွားခဲ့လေသည်။
“ရှင်တို့က တကယ်ပဲ အနီရောင်ဝံပုလွေ ပင်လယ်ဓားပြတွေ မဟုတ်ဘူးလား။”
လော်ရယ်၏ လေသံမှာ ယခင်ကကဲ့သို့ မာန်ပါမနေတော့ပေ။
“သေချာတာပေါ့။ အနီရောင်ဝံပုလွေ ခေါင်းဆောင်ကိုတောင် ကျုပ်တို့ ဖမ်းမိထားပြီးပြီ။ ကံမကောင်းစွာနဲ့ပဲ သူ့ကို အင်ပါယာဆီ ပြန်ပို့လိုက်ပြီ။ မဟုတ်ရင် မင်းရှေ့ကို တိုက်ရိုက် ခေါ်ပြလို့ ရတယ်။”
ထန်လော့က ပြန်ဖြေလိုက်သည်။ လော်ရယ်သည် အနည်းငယ် စဉ်းစားပြီးနောက် စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။
“ဒါဆိုရင် ကျွန်မကို အနီရောင်ဝံပုလွေ ပင်လယ်ဓားပြတွေ ဖမ်းဆီးထားတဲ့ သုံ့ပန်းတစ်ယောက်ကို ရှာပေးဖို့ ကူညီနိုင်မလား။”
“ဒါက ပြဿနာမရှိပါဘူး။”
ထန်လော့က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ အရင်ဆုံး မင်းရဲ့ ဝိသေသလက္ခဏာကိုတော့ ထုတ်ပြောရလိမ့်မယ်။”
ထိုစကားကို ကြားသောအခါ လော်ရယ် မျက်မှောင်ကြုတ်သွားခဲ့ပြန်သည်။ တစ်ပတ်လည်ပြီးနောက် တစ်ဖက်လူက သူမ၏ နောက်ကြောင်းကိုသာ သိချင်နေဆဲ ဖြစ်သည်။ ၎င်းမှာ လမ်းမဆုံးနိုင်သော သံသယစက်ဝန်းထဲ ရောက်နေသကဲ့သို့ ခံစားလိုက်ရလေသည်။
ထိုစဥ် ထန်လော့က ထပ်မံပြောဆိုလိုက်သည်။
“မိန်းကလေး... ကျုပ်တို့ ကောင်းကောင်းမွန်မွန် ဆွေးနွေးကြမယ်ဆိုရင် မင်းဘက်ကလည်း ရိုးသားမှုရှိဖို့ လိုတယ်။ ကျုပ်တို့ဘက်က ဝိသေသလက္ခဏာတွေကို ထုတ်ပြောပြီးပြီ။ မင်းဘက်ကတော့ ဘာမှမပြောရသေးဘူးလေ။”
လော်ရယ်သည် ခေတ္တမျှ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချကာ ပြောလိုက်သည်။
“ကောင်းပြီ။ ဒါဆိုရင် ရှင်တို့ကို တစ်ကြိမ်တော့ ယုံကြည့်လိုက်မယ်။ ကျွန်မတို့က ကောင်းကင်မိုးကြိုး မင်းဆက်ရဲ့ တပ်ဖွဲ့ပဲ။ ဒီကို လာရတဲ့ အကြောင်းရင်းက အနီရောင်ဝံပုလွေ ပင်လယ်ဓားပြတွေကို နှိမ်နင်းဖို့နဲ့ တစ်ဆက်တည်းမှာပဲ ဖမ်းဆီးခံထားရတဲ့ ကျွန်မရဲ့ မောင်လေးကို ကယ်ထုတ်ဖို့ပဲ။”
လော်ရယ်၏ စကားကို ကြားသောအခါ ထန်လော့က ပြုံးလိုက်သည်။
“ဒီလောက်တောင် တိုက်ဆိုင်လိမ့်မယ်လို့ မထင်ထားဘူး။ ကျုပ်တို့လည်း ဒီနေ့မနက်တင် အနီရောင်ဝံပုလွေတွေကို အပြတ်အသတ် နှိမ်နင်းပြီး ဒီကျွန်းကို ရောက်တာ သိပ်မကြာသေးဘူး။”
“ရှင်တို့က တကယ်ပဲ လန်ဖုန်း အင်ပါယာကလား။”
လော်ရယ်မှာ ထိုမေးခွန်းကိုသာ ထပ်တလဲလဲ စွဲလန်းနေဆဲဖြစ်သည်။ ထိုစဥ် ရှောင်းယီက လက်ကာပြလိုက်၏။
“သူ့ကို မောင်ဖြစ်သူဆီ မြန်မြန်ခေါ်သွားပေးလိုက်တော့။ ဒီမှာ အချိန်ဖြုန်းမနေနဲ့။”
“ဟုတ်ကဲ့ပါ။”
ထန်လော့က ချက်ချင်းတုံ့ပြန်ကာ ရိုသေစွာ ဦးညွှတ်နှုတ်ဆက်ပြီး ထွက်ခွာသွားတော့သည်။
ထို့နောက် ထန်လော့သည် လော်ရယ်ကို နောက်ဖက်တောင်ကုန်းမှ ခေါ်ထုတ်သွားချိန်တွင် လော်ရယ်က မေးခွန်းထုတ်လာခဲ့သည်။
“ရှင်က လန်ဖုန်းအင်ပါယာက ဆိုရင် ဘာလို့ အဲ့ဒီအပြင်လူကို ဒီလောက်တောင် ရိုသေနေရတာလဲ။”
“အကယ်၍ တစ်ဖက်လူရဲ့ အင်အားက ကိုယ့်ကို အပြတ်အသတ် နှိပ်စက်နိုင်စွမ်းရှိတယ်ဆိုတာ သိရင် မင်း ဘာလုပ်မလဲ။ ဝေးဝေးကနေ ရှောင်နေပြီး မမြင်ချင်ယောင်ဆောင်မလား။ ဒါမှမဟုတ် အဲ့ဒီလို အစွမ်းထက်တဲ့ အင်အားစုနောက်ကို လိုက်ပြီး အကာအကွယ် ယူမလား။”
ထန်လော့က ပြန်လည်မေးခွန်းထုတ်လိုက်သည်။
ထိုမေးခွန်းကို ကြားသောအခါ လော်ရယ် ခေတ္တမျှ မှင်သက်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်၏။ သူမ ဆက်မပြောတော့ဘဲ အတွေးနက်သွားတော့လေသည်။
စောစောက တိုက်ပွဲတွင်လည်း ထိုကဲ့သို့ အပြတ်အသတ် သာလွန်သော အင်အားကြောင့် အခြေအနေကို ပြောင်းပြန်လှန်ရန် မည်သည့်မျှော်လင့်ချက်မျှ မရှိခဲ့ပေ။ အသေခံတိုက်ခိုက်လိုသော စိတ်ဓာတ်ရှိလျှင်ပင် ၎င်းမှာ အချည်းနှီး အနစ်နာခံခြင်းသာ ဖြစ်ပြီး အောင်ပွဲကို ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်ပေ။
ထန်လော့သည် အနီရောင်ဝံပုလွေတို့၏ အကျဉ်းထောင်ကို ရှာတွေ့ထားပြီးဖြစ်ရာ လော်ရယ်ကို အမြန်ခေါ်ဆောင်သွားလိုက်၏။ အကျဉ်းထောင်သို့ ရောက်သည်နှင့် လော်ရယ်က အော်ခေါ်တော့လေသည်။
“ရော်ဂျာ...ရော်ဂျာ...။”
လော်ရယ်သည် အကျဉ်းခန်းတစ်ခုပြီးတစ်ခု လိုက်လံရှာဖွေခဲ့ရာ နောက်ဆုံးအခန်းသို့ ရောက်သောအခါ ဒဏ်ရာအပြင်းအထန်ရကာ သတိလစ်နေသော ရော်ဂျာကို တွေ့ရှိသွားခဲ့သည်။
“မောင်လေး...နင် ဘာဖြစ်တာလဲ။ သတိထားပါဦး။”
လော်ရယ်က ရော်ဂျာကို ပွေ့ချီကာ စိုးရိမ်တကြီး ပြောလိုက်၏။
“ဂျင်နရယ် ထန်လော့... ကျေးဇူးပြုပြီး ကျွန်မမောင်လေးကို အရင် ကုသပေးလို့ ရမလား။”
“ပြဿနာမရှိပါဘူး။”
ထန်လော့က ပြန်ဖြေပြီးနောက် စစ်သားတစ်ဦးကို လက်ဟန်ပြကာ လော်ရယ်နှင့် သူမ၏မောင်လေးကို ဆေးတပ်သားထံ ခေါ်သွားခိုင်းလိုက်သည်။
ထိုကိစ္စများကို စီစဉ်ပြီးနောက် ထန်လော့သည် ရှောင်းယီရှိရာသို့ ပြန်လာပြီး သတင်းပို့လိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း... သူမ မောင်ဖြစ်သူကို ရှာတွေ့သွားပါပြီ။ ဒါပေမဲ့ သူမမောင်လေးရဲ့ အခြေအနေက သိပ်တော့မကောင်းလှဘူး။”
ရှောင်းယီသည် လော်ရယ့်မောင်လေး၏ အခြေအနေကို ဂရုမစိုက်ပေ။ သူ စိတ်ဝင်စားသည်မှာ ကောင်းကင်မိုးကြိုးမင်းဆက်သည် သူ၏ ဖောက်သည်အသစ် ဖြစ်လာနိုင်မလား ဆိုသည့်အချက်ပင်။
“မင်း ကောင်းကင်မိုးကြိုးမင်းဆက်အကြောင်း သိလား။”
ရှောင်းယီက အကြောင်းအရာ ပြောင်းကာ မေးလိုက်သည်။
“ကျုပ်လည်း သေသေချာချာ မသိပါဘူး။ ဒီအရင်းအမြစ်ပင်လယ်က အရမ်းကျယ်ပြန့်လွန်းပြီး အင်အားစုတွေကလည်း အရမ်းများလွန်းတာယ်။”
ထန်လော့က ခေါင်းခါပြလိုက်သည်။
“စုံစမ်းကြည့်လိုက်။ ဘာပဲဖြစ်ဖြစ် လော်ရယ်ပြောတာကိုချည်းပဲ ယုံလို့မရဘူး။”
ရှောင်းယီက ဆိုလိုက်သည်။
“နားလည်ပါပြီ။ ကျုပ် အရှင်မင်းကြီးဆီကို အခုချက်ချင်း ဖုန်းဆက်လိုက်ပါ့မယ်။”
ထန်လော့က ချက်ချင်း ပြန်ဖြေလိုက်သည်။ ထန်လော့သည် ဘေးသို့ ခေတ္တ ထွက်ကာ လန်ယုံထံသို့ ဖုန်းခေါ်လိုက်တော့သည်။
“အရှင်မင်းကြီး... မဟာမိတ်ခေါင်းဆောင်ရှောင်းက ကောင်းကင်မိုးကြိုးမင်းဆက်နဲ့ ပတ်သက်တဲ့ သတင်းတွေကို စုံစမ်းခိုင်းလိုက်ပါတယ်။”
ထန်လော့က ရိုသေစွာ လျှောက်တင်လိုက်သည်။ ထိုးအခါ လန်ယုံက ပြုံးကာ ချက်ချင်းပြန်ဖြေလိုက်သည်။
“တိုက်ဆိုင်လိုက်တာ။ ငါတို့လည်း ခုနတင် ကောင်းကင်မိုးကြိုးမင်းဆက်က စေလွှတ်လိုက်တဲ့ သံတမန်တစ်ယောက်နဲ့ စကားပြောပြီးတာ။ မင်းက ကောင်းကင်မိုးကြိုးမင်းဆက်အကြောင်းကို ဘယ်လို သိသွားတာလဲ။”
“ကျွန်တော်မျိုးတို့ ခုနတင် သူတို့နဲ့ တိုက်ပွဲဖြစ်ခဲ့လို့ပါ။ မဟာမိတ်ခေါင်းဆောင်ရှောင်းတို့ရဲ့ တိုက်လေယာဉ်ကို အားကိုးပြီးမှပဲ သူတို့ကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။”
ထန်လော့က ချက်ချင်းပင် လျှောက်တင်လိုက်လေသည်။
အခန်း ၁၀၃၀- ငါးကြီးတစ်ကောင်၊ သံပါးစပ်ယမမင်းနှင့် ဆေးကုသခြင်း
ထန်လော့၏ စကားကို ကြားသောအခါ လန်ယုံသည် ပျာပျာသလဲဖြင့် ချက်ချင်းမေးလိုက်သည်။
“တကယ်ကြီး တိုက်ပွဲဖြစ်သွားကြတာလား။”
ကြည့်ရသည်မှာ လန်ယုံအနေဖြင့် နှစ်ဖက်စလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရန် မျှော်လင့်နေဆဲဖြစ်သည်။ အထူးသဖြင့် ကောင်းကင်မိုးကြိုးမင်းဆက်သည် ၎င်းတို့နှင့် အရေးပါသော အရောင်းအဝယ်တစ်ခုကို အပြီးသတ်ရန် ပြင်ဆင်နေချိန်ဖြစ်သောကြောင့်ပင်။
“ဟုတ်ပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီး စိတ်မပူပါနဲ့။ ကျွန်တော်မျိုးတို့ကြားမှာ အရင်က နားလည်မှုလွဲခဲ့တာပါ။ အခုတော့ အားလုံး ရှင်းလင်းသွားပါပြီ။”
ထန်လော့က ရှင်းပြလိုက်သည်။
“အနီရောင်ဝံပုလွေ ပင်လယ်ဓားပြတွေ ဖမ်းဆီးသွားတဲ့ လော်ရယ်ရဲ့မောင်လေး ရော်ဂျာကို ရှာပေးဖို့တောင် ကျွန်တော်မျိုးတို့ ကူညီပေးခဲ့ပါသေးတယ်။”
“အဲ့ဒီလိုကိစ္စမျိုး ရှိခဲ့တာလား။”
လန်ယုံက အံ့ဩတကြီး ပြောလိုက်သည်။ ထိုအခါ ထန်လော့က ဆက်ပြောလိုက်သည်။
“ဟုတ်ပါတယ်။ လော်ရယ်က ဒီသင်္ဘောအုပ်စုကို ဦးဆောင်ပြီး အနီရောင်ဝံပုလွေတွေကို တိုက်ခိုက်ဖို့နဲ့ သူမရဲ့မောင်လေးကို ကယ်ထုတ်ဖို့ သီးသန့်လာခဲ့တာလို့ သိရပါတယ်။”
“ဒါဆိုရင်တော့ တော်သေးတာပေါ့။ တစ်ဖက်လူနဲ့ ဆွေးနွေးထားချက်အရဆိုရင် ဒီကောင်းကင်မိုးကြိုးမင်းဆက်က ဖောက်သည်ကြီးတစ်ဦးပဲ။ လက်ရှိမှာ အုတ်မြစ်ကျောက် ဘီလီယံ ၅၀၀ ဖိုးနီးပါး အရောင်းအဝယ်လုပ်ဖို့ ရည်ရွယ်ထားတယ်။”
လန်ယုံက ဆိုသည်။
“အဲ့ဒီလောက်တောင် များတာလား။”
ထန်လော့ ခေတ္တမျှ မှင်သက်သွားခဲ့သည်။ လန်ယုံက ဆက်ပြောလိုက်သည်။
“သူတို့ဆီမှာ တကယ်ပဲ အုတ်မြစ်ကျောက်တွေ အများကြီးရှိတာလား၊ ဒါမှမဟုတ် သူတို့ရဲ့ ကြွယ်ဝမှုကို ကြွားချင်လို့ပဲ ပြောတာခဲ့လားဆိုတာတော့ မသေချာသေးဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည်အစစ်အမှန်ကို စုံစမ်းဖို့ နောက်မှ လူလွှတ်လိုက်မယ်။”
“ကောင်းပါပြီ၊ ကျွန်တော်မျိုး မဟာမိတ်ခေါင်းဆောင်ရှောင်းကို အရင်ပြန်ပြောလိုက်ပါ့မယ်။ ဘာပဲဖြစ်ဖြစ် သူက ဒီကောင်းကင်မိုးကြိုးမင်းဆက်က ကျွန်တော်မျိုးတို့ရဲ့ အလားအလာရှိတဲ့ ဖောက်သည် ဖြစ်လာနိုင်မလားဆိုတာကို တော်တော်လေး စိတ်ဝင်စားနေတာ။”
ထန်လော့က ပြန်ဖြေလိုက်လေသည်။
ဖုန်းချပြီးနောက် ထန်လော့သည် ရှောင်းယီထံ ချက်ချင်းသွားပြီး သတင်းပို့တော့လေသည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း... ကောင်းကင်မိုးကြိုးမင်းဆက်က ကျုပ်တို့ အင်ပါယာဆီကို အခုလေးတင် ဆက်သွယ်လာပါတယ်။”
ရှောင်းယီက အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်သည်။
“သူတို့က မင်းတို့ အင်ပါယာဆီ တကယ်ကြီး သွားခဲ့တာလား။”
“ဟုတ်ကဲ့။ အုတ်မြစ်ကျောက် ဘီလီယံ ၅၀၀ ဖိုးလောက် အရောင်းအဝယ်လုပ်ဖို့တောင် ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။”
ထန်လော့က ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ အဲ့ဒီထဲက ဘယ်လောက်က အစစ်အမှန်လဲဆိုတာတော့ မသိရသေးပါဘူး။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“အင်း... ငါနားလည်ပြီ။ ကြည့်ရတာ ဒီကောင်းကင်မိုးကြိုးမင်းဆက်က တကယ့် ငါးကြီးတစ်ကောင်ပဲ။ မင်းသွားပြီး လော်ရယ့်မောင်လေးရဲ့ ဒဏ်ရာအခြေအနေကို ကြည့်ပြီး အားပေးစကား ပြောလိုက်ပါ။ ပြီးတော့ သူတို့အခြေအနေကိုလည်း စုံစမ်းကြည့်လိုက်ဦး။”
အုတ်မြစ်ကျောက်တုံး ဘီလီယံ ၅၀၀ အရောင်းအဝယ်ကိစ္စကို ကြားလိုက်ရသည်နှင့် ရှောင်းယီသည် ချက်ချင်းပင် စိတ်အားထက်သန်လာတော့သည်။
“ဟုတ်ကဲ့။”
ထန်လော့က တုံ့ပြန်လိုက်သော်လည်း အုတ်မြစ်ကျောက်ဆိုလျှင် မျက်လုံးတောက်ပသွားတတ်သော ရှောင်းယီ၏ အပြုအမူကြောင့် စကားပင် ဆွံ့အသွားမိသည်။
ထန်လော့သည် မြို့တွင်းရှိ ဆေးရုံသို့ ချက်ချင်းသွားလိုက်၏။ လော်ရယ်သည် ဆေးကုသဆောင် အပြင်ဘက်တွင် စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေသည်။
ထိုအခါ ထန်လော့က ရှေ့တက်ကာ မေးလိုက်သည်။
“အခြေအနေ ဘယ်လိုရှိလဲ။”
လော်ရယ်က ခေါင်းခါပြပြီး စိုးရိမ်တကြီး ပြောလိုက်၏။
“သူ အထဲရောက်နေတာ တစ်နာရီနီးပါး ရှိနေပြီ။ အခုထိ ဘယ်သူမှ ထွက်မလာသေးဘူး။”
“စိတ်မပူပါနဲ့။ ရော်ဂျာက ဘုန်းကံရှိတဲ့သူမို့လို့ သေချာပေါက် အဆင်ပြေသွားမှာပါ။ မဟာမိတ်ခေါင်းဆောင်ရှောင်းကလည်း သူ့ အလုပ်တွေပြီးတာနဲ့ ကိုယ်တိုင်လာကြည့်မယ်လို့ ပြောထားပါတယ်။”
ထန်လော့က အားပေးလိုက်လေသည်။
လော်ရယ်က ခေါင်းညိတ်ပြလိုက်သော်လည်း ဆေးကုသဆောင်ရှေ့တွင် ဆက်လက်၍ စိုးရိမ်တကြီး စောင့်ဆိုင်းနေဆဲပင်။
ထိုအချိန်တွင် ဆရာဝန်မှာ ကုသဆောင်အတွင်းမှ ထွက်လာခဲ့လေသည်။ ထန်လော့ကို မြင်သောအခါ သူက ရှေ့သို့ လှမ်းလာပြီး မေးလိုက်၏။
“စစ်သူကြီး... ဘာလို့ ဒီကို ရောက်နေတာလဲ။”
“ရော်ဂျာရဲ့ ဒဏ်ရာအခြေအနေကို လာကြည့်တာပါ။”
ထန်လော့က ပြန်ဖြေလိုက်သည်။ ထိုအခါ ဆရာဝန်က ခေါင်းခါပြလိုက်၏။
“ကျုပ် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ အကယ်၍ ကိုပ်တို့ အင်ပါယာဆေးရုံမှာသာဆိုရင် သူ့ကို ကယ်တင်နိုင်ဖို့ ၂၀ ရာခိုင်နှုန်းလောက် အခွင့်အရေးရှိပေမဲ့ ဒီမှာတော့ လုံးဝ အခွင့်အရေး မရှိတော့ဘူး။”
“မဖြစ်ဘူး... ကျွန်မ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မမောင်လေးကို ကုသပေးပါ။”
လော်ရယ်သည် ချက်ချင်းပင် အပြေးအလွှားသွားကာ ဆရာဝန်၏ လက်မောင်းကို ဆွဲကိုင်လိုက်၏။
“မင်းသမီး... ကျုပ် မကယ်ချင်လို့ မဟုတ်ပါဘူး။ ကျုပ် တကယ်ပဲ မတတ်နိုင်တော့လို့ပါ!”
ဆရာဝန်က အားနာစွာ ပြန်ဖြေလိုက်သည်။
“ဒါနဲ့... အနီရောင်ဝံပုလွေ ပင်လယ်ဓားပြတွေက မင်းသမီးရဲ့မောင်လေးကို ပြန်ပေးငွေတောင်းဖို့အတွက်ပဲ ဖမ်းထားတာ သေချာရဲ့လား။”
လော်ရယ်လ်သည် ယခုအချိန်တွင် အလွန်အမင်း စိုးရိမ်နေသဖြင့် ဆရာဝန်၏စကားကို ကြားသောအခါ မသိစိတ်ဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
“ဘာကို ဆိုလိုတာလဲ။ သူတို့က ပြန်ပေးငွေ တောင်းနေခဲ့တာပဲလေ။”
ထိုအခါ ဆရာဝန်က ခေါင်းခါယမ်းပြီး ပြန်ပြောလိုက်သည်။
“မဟုတ်ဘူး။ သူတို့က သူ့ကို သတ်ဖို့အထိ ရည်ရွယ်ခဲ့တာပဲ။ အကယ်၍ ပြန်ပေးငွေတောင်းဖို့သက်သက်ဆိုရင် ဒီလောက်အထိ ရက်စက်စရာမလိုဘူး။ ရော်ဂျာရထားတဲ့ ဒဏ်ရာအတော်များများက အသက်အန္တရာယ်ရှိတဲ့ ဒဏ်ရာတွေချည်းပဲ။”
ထိုစကားကို ကြားလိုက်ရချိန်တွင် လော်ရယ်သည် အားပြတ်ကာ ကြမ်းပြင်ပေါ်သို့ ခွေကျသွားတော့သည်။ ထန်လော့လည်း မျှော်လင့်ချက်ကင်းမဲ့စွာ သက်ပြင်းချလိုက်ပြီးနောက် ဘေးသို့ခေတ္တထွက်ကာ ရှောင်းယီထံ ဖုန်းခေါ်လိုက်တော့သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း... လော်ရယ်လ်ရဲ့မောင်လေးတော့ မလွယ်တော့ဘူးထင်တယ်။”
ထန်လော့က လက်လျှော့လိုက်သည့် လေသံဖြင့် ပြောလိုက်သည်။ ရှောင်းယီ အနည်းငယ် တုန်လှုပ်သွား၏။
“သူ အသက်ရှူရပ်သွားပြီလား။”
“မရပ်သေးပါဘူး။ ဒါပေမဲ့ သိပ်ကြာကြာခံတော့မှာ မဟုတ်ဘူး။”
ထန်လော့က ပြန်ဖြေလိုက်သည်။
“ခဏစောင့်ဦး။ ငါ့ကို အဲ့ဒီကိုလမ်းပြဖို့ လူတစ်ယောက်လွှတ်လိုက်။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။”
ဖုန်းချပြီးနောက် ထန်လော့သည် နောက်ဖက်တောင်ကုန်းရှိ စစ်သားတစ်ဦးထံ ဖုန်းဆက်ကာ မဟာမိတ်ခေါင်းဆောင်ရှောင်းကို ခေါ်ဆောင်လာရန် ခိုင်းစေလိုက်သည်။
လန်ဖုန်းအင်ပါယာသည် လက်ကိုင်ဖုန်း၏ အသုံးဝင်ပုံကို သိရှိသွားပြီးကတည်းက ဖုန်းအမြောက်အမြားကို ဝယ်ယူထားခဲ့၏။ လူတိုင်းတွင် မရှိသော်လည်း အဓိကကျသော တာဝန်ရှိသူတိုင်းတွင် ဖုန်းတစ်လုံးစီ ရှိကြသည်။
ဖုန်းလက်ခံရရှိပြီးနောက် စစ်သားသည် လှေငယ်နားတွင် ရပ်နေသော ရှောင်းယီထံ သွားရောက်ကာ ပြောလိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း... ကျုပ်တို့ စစ်သူကြီးက အရှင့်ကို ခေါ်လာခဲ့ဖို့ ခိုင်းလိုက်ပါတယ်။”
“နာ့နာ... ငါနဲ့ လိုက်ခဲ့။”
ရှောင်းယီက ခေါင်းညိတ်ပြပြီး နာ့နာကို လှမ်းခေါ်လိုက်လေသည်။
“ဟုတ်ကဲ့။”
သူ၏ဘေးရှိ ပင့်ကူစက်ရုပ်နှင့်တူသော စက်ပစ္စည်းတစ်ခုမှ အသံထွက်လာရာ စစ်သားမှာ လန့်သွားပြီး သေနတ်ဖြင့်ပင် ပစ်မိတော့မတတ် ဖြစ်သွားခဲ့လေသည်။
“မကြောက်ပါနဲ့။ ဒါက ငါတို့မဟာမိတ်အဖွဲ့ရဲ့ ဆေးဘက်ဆိုင်ရာစက်ရုပ်ပါ။ သူက ကိုယ်ပိုင်အသိဉာဏ် ရှိတယ်။”
ရှောင်ယီက ပြုံးကာ ရှင်းပြလိုက်လေသည်။
“ဟုတ်... ဟုတ်ကဲ့ပါ မဟာမိတ်ခေါင်းဆောင်ရှောင်း။”
စစ်သားသည် တံတွေးတစ်ချက် မြိုချလိုက်ပြီး ရှောင်းယီကို ဆေးရုံဆီသို့ ဦးဆောင်ခေါ်သွားတော့သည်။
အကွာအဝေးမှာ မဝေးလှသဖြင့် မိနစ်နှစ်ဆယ်ခန့်အကြာတွင် ရှောင်းယီ ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။ လော်ရယ်မှလွဲ၍ ကျန်ရှိနေသူအားလုံးမှာ နာနိုဆေးဘက်ဆိုင်ရာ ဉာဏ်ရည်မြင့်စက်ပစ္စည်းကို မြင်တွေ့ရသဖြင့် မှင်သက်သွားကြတော့လေသည်။ လော်ရယ်မှာမူ ဘာလုပ်ရမှန်းမသိဘဲ မျက်လုံးများမှာ အသက်မဲ့နေခဲ့သည်။
“လူနာ ဘယ်မှာလဲ။”
ရှောင်းယီက မေးလိုက်သည်။
“ဟိုကုသဆောင်ထဲမှာပါ။”
ထန်လော့က ချက်ချင်းပြန်ဖြေလိုက်၏။
ရှောင်းယီသည် နာ့နာနှင့်အတူ အခန်းထဲသို့ ဝင်သွားပြီးနောက် တံခါးပိတ်လိုက်ရာ အပြင်မှလူများ ဝင်၍မရတော့ပေ။
“ရှင် ဘာလုပ်တာလဲ။”
လော်ရယ်လ်သည် ထိုမြင်ကွင်းကို မြင်သောအခါ ချက်ချင်းထရပ်ပြီး အော်ဟစ်လိုက်၏။ ထိုအခါ ထန်လော့က သူမကို အမြန်ပြန်ဆွဲထားပြီး ပြောလိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်းက မင်းရဲ့မောင်လေးကို ကုပေးမလို့ နေမှာပါ။”
ထိုအခါ ရှောင်းယီကို ခေါ်လာပေးသော စစ်သားကလည်း ဝင်ပြောလိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း ပြောတာတော့ အဲဒီပင့်ကူနဲ့တူတဲ့ စက်ကြီးက သူတို့ရဲ့ ဆေးကုတဲ့စက်တဲ့။ ဖြစ်နိုင်ရင် မင်းသမီးရဲ့ မောင်လေးကို ကယ်တင်နိုင်မှာပါ။”
ထိုစကားကို ကြားရသောအခါ လော်ရယ်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပြန်လည် ထွက်ပေါ်လာခဲ့သည်။ သူမသည် ကုသဆောင်တံခါးဝသို့ ပြေးသွားပြီး အတွင်းကို ချောင်းကြည့်ရန် ကြိုးစားလိုက်၏။
“လက်ရှိအခြေအနေအရ သူ့ကို ကယ်တင်နိုင်ဖို့ အခွင့်အရေး မရှိဘူး။”
ဘေးရှိ လန်ဖုန်းအင်ပါယာ ဆရာဝန်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။
“မဟုတ်ဘူး... ရှင် မှားနေတာဖြစ်ရမယ်။ အဲ့ဒီအပြင်လူရဲ့ စက်နဲ့ဆိုရင် ကျွန်မမောင်လေး သေချာပေါက် အသက်ရှင်မှာ။”
လော်ရယ်က ဆရာဝန်ကို အော်ဟစ်လိုက်၏။ ထိုအခါ ဆရာဝန်က အေးစက်စွာ ပြောလိုက်သည်။
“ကျုပ် ဟွာချန်းရှို့က ဘယ်သူ့ကိုမှ ရောဂါရှာဖွေရာမှာ မမှားဖူးဘူး။”
“ဘာ... ရှင်က သံပါးစပ်ယမမင်း ဟွာချန်းရှို့လား။”
လော်ရယ်တစ်ယောက် မှင်သက်သွားခဲ့သည်။
ဟွာချန်းရှို့သည် အရင်းအမြစ်ပင်လယ် တစ်ခွင်တွင် အလွန်ကျော်ကြားသော သမားတော်တစ်ဦး ဖြစ်သည်။ သူ၏ အဆုံးအဖြတ်များမှာ အလွန်တိကျလှ၏။ တစ်ခါက အင်ပါယာတစ်ခု၏ ဘုရင်ကို ရောဂါစစ်ဆေးရာတွင် ထိုဘုရင် သေဆုံးမည့် အချိန်အတိအကျကိုပင် ပြောပြနိုင်ခဲ့ပြီး ထိုဘုရင်မှာလည်း သူပြောသည့် အချိန်မှာပင် အမှန်တကယ် ကွယ်လွန်သွားခဲ့ဖူးပေသည်။