← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁) - မြေဟောင်းပြန်တမ်း

ဖန်းချန်၏ မူလခန္ဓာပိုင်ရှင်မှာ ဆင်းချင်းခရိုင်သား ဖြစ်သည်။

ဟွိုင်ဖုန်းစံအိမ်တော်မှ ထွက်လာပြီးနောက် မင်းလမ်းမကြီးအတိုင်း အနောက်ဘက်သို့

ဆက်လက်ခရီးနှင်ကာ ခရိုင်နှစ်ခု၏ နယ်နိမိတ်ကို ကျော်ဖြတ်ခဲ့သည်။

ထို့နောက် ထွားကျိုင်းလှသော ပင်အိုကြီးတစ်ပင်ရှိရာ လမ်းဆုံမှ

မြောက်ဘက်သို့ ချိုးကွေ့ကာ လမ်းကလေးအတိုင်း မိုင်ပေါင်းများစွာ

လျှောက်လှမ်းလာခဲ့ရာ ဖန်းချန် အခြားကမ္ဘာတစ်ခုတွင်

မျက်လုံးပြန်ပွင့်လာစဉ်က ရောက်ရှိနေခဲ့သည့်

မြို့ငယ်လေးသို့ ရောက်ရှိလာတော့သည်။

သူ၏ကျောပိုးအိတ်ထဲမှ ကျင့်စဉ်ကျမ်းနှစ်စောင်ကို ရရှိခဲ့သည့် ထူးဆန်းသော

တိုက်ဆိုင်မှုမှာလည်း ဤမြို့ကလေး၌ပင် ဖြစ်ပွားခဲ့ခြင်း

ဖြစ်သည်။ မူလခန္ဓာပိုင်ရှင်မှာ ဤနေရာတွင် အနှစ်နှစ်ဆယ်နီးပါး

နေထိုင်ခဲ့သူဖြစ်သဖြင့် မြို့ခံလူအားလုံးကို

သိကျွမ်းနေရုံသာမက မြစ်ချောင်း၊ ရေတွင်း၊ လယ်ကွင်းနှင့်

လမ်းကြားကလေးများပါမကျန် ရင်းနှီးလှသည်။ သစ်ပင်ပန်းမန်မှအစ

အဆောက်အအုံများအဆုံး ၎င်း၏မျက်စိထဲတွင် မြင်သာနေဆဲ ဖြစ်၏။

သို့သော် ဟိုဘက်နားက အသစ်ဆောက်ထားသော တိုက်မြင့်ကြီးများကိုမူ သူ

မရင်းနှီးလှပေ။

အတိုချုပ်ဆိုရသော် မူလခန္ဓာပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် ဤမြို့ကလေးမှာ သူ၏

တစ်လောကလုံး ဖြစ်ခဲ့ဖူးသည်။

မြို့ထဲမှ မထွက်ခွာမီ ဖန်းချန်သည် ဤမြို့နှင့် ပတ်သက်သမျှ အကြွေးဟောင်း၊

ကံဟောင်းအားလုံးကို ရှင်းလင်းခဲ့ပြီး ဖြစ်သည်။ ၎င်းမှာ

ခက်ခဲသော အလုပ်မဟုတ်ခဲ့ပေ။ ထို့ကြောင့်လည်း သူသည်

မည်သည့်အစွဲအလမ်းမျှ မရှိတော့သည့်အလျောက်

အိမ်နီးနားချင်းများ၏ အေးချမ်းသောဘဝကို နှောင့်ယှက်ရန်

ကိုယ်ထင်မပြလိုတော့ပေ။

သူသည် မြို့သူမြို့သားများ ပါးစပ်ဖျားတွင် ပြောစမှတ်ဖြစ်ကျန်ခဲ့မည့်

အရာမျိုးကိုလည်း မလုပ်လို။ ကောလာဟလဆိုသည်မှာ

အချိန်တိုအတွင်း မည်မျှအထိ ပြောင်းလဲသွားနိုင်ကြောင်း သူ

ကောင်းကောင်းသိသည်။ အကယ်၍ သူသာ ရုတ်တရက် ပေါ်လာပြီး

လူမြင်သွားပါက ရက်အနည်းငယ်အတွင်းပင် အိမ်နီးနားချင်းများ၏

ပါးစပ်ဖျား၌ သူသည် လက်တစ်ဖက်လျှင် လက်ချောင်း ဆယ့်လေးချောင်းစီရှိသည့်၊

ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ပါသော၊ ကလေးများကို ပေါင်းစားတတ်သည့်

ဘီလူးသတ္တဝါကြီးအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

သူ၏တဲအိမ်ကလေးကိုမူ ရောင်းချခဲ့ပြီး ဖြစ်သည်။ ထိုအိမ်မှာ သူ့ကို မွေးစားခဲ့သော

ဖခင်ကွယ်လွန်စဉ်က အမွေပေးခဲ့သည့် ပိုင်ဆိုင်မှုတစ်ခု ဖြစ်၏။ ယခုအခါ

ထိုအိမ်ကလေးတွင် တခြားအရပ်မှ လာရောက်အခြေချသော သာမန်မိသားစုတစ်စု

နေထိုင်လျက်ရှိသည်။ သူတို့သည် နေ့စဉ် လယ်လုပ်ရင်း အိမ်ရှေ့တွင်

ဆိုင်ကလေးဖွင့်ကာ အချဉ်ထုပ်များ ရောင်းချကာ အသက်မွေးကြသည်။

အိမ်အိုကလေးမှာ သာမန်လူတန်းစားတို့၏ ဝမ်းစာကို

ရှာဖွေပေးနိုင်နေသဖြင့် အသုံးတည့်လှသည်ဟု

ဆိုရပေမည်။

တစ်ချိန်က လယ်ကွင်းထဲတွင် ရိတ်သိမ်းပြီးစ ကောက်ရိုးငုတ်တိုများမှာ

အပ်စိုက်ထားသကဲ့သို့ စီစီရီရီ ရှိခဲ့သော်လည်း

ယခုမူ ဖန်းချန် ကျင့်စဉ်လမ်းပေါ်သို့ ရောက်ရှိနေစဉ်အတောအတွင်း

မြစ်နားတစ်လျှောက်၌ ကျူပင်များ ဝေဆာနေပြီ ဖြစ်သည်။

မိုးမခပင်များမှာလည်း စိမ်းစိုသော အရိပ်များအဖြစ် မြစ်ရေပြင်ပေါ်သို့

ကိုင်းညွတ်ကျလျက် ရှိသည်။

ဘေးအိမ်က အာနျူးမှာလည်း အိမ်ထောင်ကျကာ ချစ်မဝဖြစ်နေကြပြီ။ ရွာထိပ်က

ရှောင်မေတူးတို့အိမ်ရှေ့ရှိ

စာတမ်းအနီသစ်ကလေးမှာလည်း ထိုအိမ်မှ

တစ်ဦးတည်းသော သမီးကလေး အိမ်ထောင်ပြု၍ အနီးအနားရွာသို့

ပြောင်းသွားပြီဖြစ်ကြောင်း

သက်သေပြနေသည်။ ပင်အိုကြီးအောက်၌ ကလေးများကို ပုံပြင်ပြောပြကာ

နေပူစာလှုံလေ့ရှိသည့် အဖိုးအိုကိုလည်း မတွေ့ရတော့ဘဲ ၎င်း၏အိမ်ရှေ့တွင်မူ

နာရေးအဖြူရောင် လွှင့်ထူထားသည်ကိုသာ တွေ့ရတော့သည်။

မင်္ဂလာဆောင်နှင့် နာရေးဆိုသည်မှာ လောကဓံတရားအတိုင်းပင်။ မြို့ကလေး၏ ရယ်မောသံများ၊

ရန်ဖြစ်သံများနှင့် ကလေးငိုသံများမှာလည်း အရင်အတိုင်းပင် တစ်နေ့ပြီးတစ်နေ့

အလှည့်ကျ ပေါ်ထွက်နေဆဲ ဖြစ်သည်။ သို့သော် အထက်ပါ ကိစ္စအဝဝမှာ

ဖန်းချန်နှင့် မည်သို့မျှ မသက်ဆိုင်တော့ပေ။ သူ၏ ရုပ်ခန္ဓာရော

ဝိညာဉ်ပါ ဤနေရာနှင့် မပတ်သက်တော့။

ဆယ်စုနှစ်အနည်းငယ် ကြာလွန်သွားလျှင် ဤမျိုးဆက်များ ကွယ်ပျောက်သွားပြီး

ဖန်းချန်ဆိုသည့် လူငယ်တစ်ယောက် ဤမြို့ကလေးတွင်

ကြီးပြင်းခဲ့ဖူးသည်ကို မည်သူမျှ မှတ်မိတော့မည် မဟုတ်ပေ။ ထိုအခါ

ဤနေရာ၌ သူနှင့်ပတ်သက်သော အမှတ်အသားဟူ၍ မြူတစ်မှုန်မျှ ကျန်ရှိတော့မည် မဟုတ်။

ဖန်းချန်သည် မြို့ထဲတွင် တိတ်တဆိတ် လှည့်လည်သွားလာခဲ့သည်။ လူအများအနားမှ

ဖြတ်သွားခဲ့သော်လည်း သူ၏ကျင့်စဉ်အရှိန်အဝါကို ဖုံးကွယ်ထားပြီး

လောကသဘာဝနှင့် တစ်သားတည်းဖြစ်အောင် နေထိုင်ခဲ့သဖြင့် မည်သူမျှ သူ့ကို

သတိမထားမိကြသလို မမှတ်မိကြတော့ပေ။ ထိုစဉ်က ဖြစ်ပျက်ခဲ့သည့်

အကြောင်းစုံကို ဤမြို့တွင် မည်သူမျှ သိနိုင်မည်မဟုတ်။ မူလခန္ဓာပိုင်ရှင်မှာ

သိနိုင်စရာရှိသူ မှန်သမျှကို မေးမြန်းခဲ့ဖူးသော်လည်း

လူတိုင်းသိထားသည်မှာ စကားနည်းသော်လည်း

လက်မှုစွမ်းရည်ရှိသည့် အဖိုးကြီးဖန်းသည်

တစ်နေ့တွင် ကလေးတစ်ယောက်ကို ကောက်ရခဲ့ပြီး

ပြုစုပျိုးထောင်ခဲ့သည်ဟူ၍သာ ဖြစ်သည်။

ထိုကလေး၏ ဇာတိမြစ်ဖျားကိုမူ အဖိုးကြီးဖန်းသည် သေဆုံးသည်အထိ မည်သူ့ကိုမျှ

ဖွင့်ဟမသွားခဲ့ပေ။

သေချာစဉ်းစားကြည့်လျှင် တစ်ဦးတည်းသော သဲလွန်ရှင်မှာ ရံဖန်ရံခါ လာရောက်တတ်သည့်

ဧည့်သည်တစ်ဦးသာ ရှိသည်။ ထိုသူမှာ သူ၏မွေးစားဖခင်နှင့် အသက်အရွယ်တူပြီး

လာသည့်အခါတိုင်း အဝတ်အစားမှအစ ခေါင်းဆောင်းအထိ အနက်ရောင်ကိုသာ ဆင်မြန်းလေ့ရှိသည်။

ထိုဧည့်သည်လာသည့် အချိန်တိုင်း မွေးစားဖခင်ဖြစ်သူက သူ့ကို အိမ်နီးချင်းအိမ်သို့

သွား၍ ထမင်းစားခိုင်းလေ့ရှိသည်။ ထိုသူမှာ မလှမ်းမကမ်းရှိ

လုလင်းမြို့မှဖြစ်ပြီး မျိုးရိုးအမည်မှာ ဖန်း

ဖြစ်သည်ဟုသာ သိရသည်။

နောက်ပိုင်းတွင် မူလခန္ဓာပိုင်ရှင်မှာ လုလင်းမြို့သို့ သွားရောက်ရှာဖွေခဲ့သော်လည်း

တစ်ခါမျှ မတွေ့ခဲ့ရပေ။ မြို့ခံများကမူ ထိုအိမ်မှာ လူမနေသည်မှာ ကြာပြီဖြစ်၍

ပြိုကျနေပြီဖြစ်ကြောင်းနှင့် ပိုင်ရှင်ဖြစ်သူ မည်သည့်နေရာသို့

ရောက်နေမှန်း မသိရကြောင်းသာ ပြောကြသည်။ သို့သော် ကောလာဟလအရ ထို ဖန်း

အမည်ရှိသူမှာ လူလောကထဲသို့ စောစောစီးစီး ဝင်ရောက်သွားပြီး တာဝန်များမှ

ကင်းလွတ်နေပြီဟု သိရသည်။

အကယ်၍ ကြိုတင်နိမိတ်များကိုသာ စမ်းသပ်ကြည့်ရမည်ဆိုပါက ထိုသူ့ထံတွင်

သဲလွန်စရှိနိုင်ခြေ အလွန်များပေသည်။ ဖန်းချန်သည်

သူ၏ကျောပိုးအိတ်ကို အသေအချာ ပြင်လွယ်လိုက်ပြီး မြို့ပြင်သို့ ဦးတည်ကာ မူလခန္ဓာ

ကြီးပြင်းခဲ့ရာ အရပ်ကို နောက်ချန်ထားခဲ့သည်။ နောင်တစ်ချိန်တွင်လည်း ဤနေရာသို့

ပြန်လာရန် အကြောင်းရှိတော့မည် မဟုတ်ဟု သူ တွေးမိသည်။

…

လုလင်းမြို့သို့ သွားသောလမ်းကို ဖန်းချန် အကြိမ်ကြိမ် လျှောက်ဖူးသည်။ ယခုမူ သူသည်

ကျင့်စဉ်၌ အတော်အသင့် ပေါက်မြောက်အောင်မြင်ထားပြီး စိတ်ပူပန်စရာလည်း

မရှိတော့သဖြင့် လမ်းဘေးဝဲယာ ရှုခင်းများကို

စိတ်အေးလက်အေး ကြည့်ရှုခံစားနိုင်ခဲ့သည်။ ယခင်ကမူ သူသည်

ဤလမ်းကို လျှောက်သည့်အခါတိုင်း ကိုယ့်အတွေးနှင့်ကိုယ် ခေါင်းငိုက်စိုက်ချကာ

လျှောက်ခဲ့ရသဖြင့် ပတ်ဝန်းကျင်ကို သတိမပြုမိခဲ့ပေ။

ခရီးမိုင် နှစ်ဆယ်ခန့်မှာ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။

လုလင်းမြို့အဝင်တွင် ဖန်းချန်သည် လမ်းဘေး၌

အားယားနေသည့် လူတစ်ယောက်ကို တွေ့သဖြင့် ယဉ်ကျေးစွာ ချဉ်းကပ်၍ မေးလိုက်သည်။

“အစ်ကိုကြီး... ခင်ဗျားကို တစ်ခုလောက် မေးပါရစေ။ ဒီ လုလင်းမြို့မှာ မျိုးရိုးအမည်

ဖန်း ဆိုတဲ့ မိသားစု ရှိပါသလားခင်ဗျာ။”

“ဟေ့... ဒီနေ့မှ ဖန်းဆိုတဲ့ လူအကြောင်း လာမေးကြတာ များလှချည်လား။”

ထိုလူမှာ လမ်းညွှန်ပေးရန် ဝန်မလေးသော်လည်း တုံ့ပြန်ယဉ်ကျေးခြင်းမျိုးတော့ မရှိပေ။

လက်ညှိုးတထိုးထိုးဖြင့် ပြောလေသည်။

“အေး... အဲဒီမျိုးရိုးနဲ့ တစ်အိမ်တော့ ရှိတယ်။ မင်းလာတဲ့အချိန်မှာ အဲဒီအိမ်မှာ

အဖိုးကြီးတစ်ယောက်ပဲ ကျန်တော့တာ။ သူကလည်း မြို့ထဲမပြန်တာ

နှစ်ပေါင်းများစွာ ကြာပြီ။ အိမ်ကြီးတောင်

ပြိုကျနေပြီ။ ဒါပေမဲ့ ကံကောင်းတာကတော့ အိမ်ဝိုင်းကို ဘယ်သူမှ

လာမကျူးကျော်ကြတာပဲ။ မကြာသေးခင်ကမှ အဲဒီအဖိုးကြီး ပြန်ရောက်လာတာ။

တစ်ကိုယ်တည်းပဲ... ငွေတွေလည်း အများကြီး ပါလာပုံရတယ်။

အိမ်နီးနားချင်းတွေကို ကျွေးမွေးပြုစုပြီးတော့ အိမ်ပြန်ပြင်ဖို့

လူငှားနေလေရဲ့။ ငါ့အမြင်မှာတော့ ပြန်ပြင်တာထက် အသစ်ဆောက်တာကမှ ပိုကောင်းဦးမယ်။”

ဖန်းချန်က လက်အုပ်ချီ၍ ပြန်ပြောလိုက်သည်။ “လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ်

အစ်ကိုကြီး။ ဒါနဲ့ ကျွန်တော့်အပြင် တခြားဘယ်သူတွေကများ

အဲဒီအဖိုးကြီးအကြောင်း လာမေးကြသေးလို့လဲ။”

“အေး... မနက်ပိုင်းက လူတစ်စု လာသေးတယ်။ ငါလည်း အခုအတိုင်းပဲ ဖြေလိုက်တာပေါ့။

ဒါပေမဲ့ သူတို့ကတော့ ကျေးဇူးတင်စကားတစ်ခွန်းတောင် မပြောဘဲ

လှည့်ထွက်သွားကြတာ။ လမ်းညွှန်ပေးတဲ့ ငါကပဲ သူတို့ကို

ငွေကြွေး၊ ဆန်ကြွေး တင်နေသလိုလိုနဲ့။ တကယ့်ကို ယဉ်ကျေးမှု မရှိတဲ့

လူတွေပဲ။ ဘာကောင်တွေလဲတောင် မသိပါဘူးကွာ။” ဟု ဆိုကာ ထိုလူက မြေကြီးပေါ်သို့

တံထွေးတစ်ချက် ထွေးလိုက်သည်။

“ဟမ်... ထူးဆန်းပါလား။”

ဖန်းချန် ထိုအချက်ကို မှတ်သားထားလိုက်ပြီး ထိုလူကို နှုတ်ဆက်ကာ အဖိုးကြီးဖန်း၏

အိမ်ဆီသို့ ဦးတည်ခဲ့သည်။

အသစ်ဆောက်ထားသော ဝင်းထရံနှင့် အိမ်ကလေးမှာ အသစ်စက်စက် အရှိန်အဝါများ လွှမ်းနေဆဲ

ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ အိမ်ဟောင်းများနှင့် တစ်သားတည်းဖြစ်သွားစေရန်

ဆောင်းဦးမိုးကို စောင့်ရပေဦးမည်။ တံခါးကို အတွင်းမှ ကန့်လန့်ကျင်

ထိုးထားသဖြင့် အိမ်ထဲတွင် လူရှိကြောင်း သိသာသည်။ သူသည် အိမ်ထဲသို့

တည့်တည့်မသွားဘဲ မြို့သူမြို့သားများ၏ အာရုံထဲမှ ပျောက်ကွယ်သွားအောင် တစ်ဖန်

ပြုမူလိုက်ပြန်သည်။ ဖန်းချန်သည် ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် အသာအယာ

ခုန်တက်ကာ ဘေးအိမ်၏ အမိုးပေါ်သို့ ရောက်သွားသည်။ ထို့နောက် သက်သောင့်သက်သာရှိမည့်

နေရာတစ်ခုတွင် မှီထိုင်ရင်း ခါး၌ချိတ်ထားသော ဝါးကျည်တောက်ထဲမှ အရက်ကို တစ်ငုံချင်း

သောက်ကာ တိတ်ဆိတ်နေသော အိမ်ဝိုင်းကလေးကို စောင့်ကြည့်နေလိုက်သည်။

ညနေစောင်းသို့ ရောက်သောအခါမှသာ မျိုးရိုးအမည် ဖန်း ဆိုသည့် အဖိုးအိုကို ဖန်းချန်

မြင်လိုက်ရသည်။ ထိုသူမှာ အိုမင်းရင့်ရော်နေပြီ ဖြစ်သည်။ တုတ်ကောက်ကို

အားပြုလျက် အိုစာမင်းစာ ဖြစ်နေသော်လည်း တစ်ချိန်က သူ

မြင်တွေ့ခဲ့ဖူးသော ပုံရိပ်ကိုမူ မှေးမှိန်စွာ မြင်တွေ့နေရဆဲပင်

ဖြစ်လေသည်။

အခန်း (၆၂) - လောကအလယ်မှ လက်ဆေးအနားယူခြင်း

အဖိုးအို၏ အလေ့အထမှာ ယခင်အတိုင်းပင် မပြောင်းလဲသေး။ သူသည် အမြဲတမ်း

အဝတ်အစားအမည်းကိုသာ ဆင်မြန်းလေ့ရှိရာ ၎င်း၏

ဖွေးဖွေးလှုပ်နေသော ဆံပင်ဖြူများနှင့် သိသိသာသာ ဆန့်ကျင်ဘက်

ဖြစ်နေသည်။ ဖန်းချန် ရှိနေသည့် နေရာမှ ကြည့်လျှင်

အိမ်တံခါးဝတွင် မှီထားသည့် ဝါးတုတ်ကောက်တစ်ခုကို

လှမ်းမြင်နေရသည်။ သို့သော် အဖိုးအို၏ ခြေလှမ်းများမှာ တည်ငြိမ်လှပြီး

တုတ်ကောက်ပေါ်တွင်လည်း ဖုန်မှုန့်များ တင်နေသည်ကို ထောက်ဆပါက လက်ရှိတွင်

ထိုတုတ်ကောက်ကို သူ အသုံးမလိုသေးကြောင်း ထင်ရှားလှသည်။

ဖန်းချန်သည် အဝေးမှနေ၍ အဖိုးအို၏ လှုပ်ရှားမှုများကို တိတ်တဆိတ်

စောင့်ကြည့်နေခဲ့သည်။ အဖိုးကြီးဖန်းသည်

အိမ်ဝိုင်းအတွင်း၌ အားကစားဝတ်စုံကို လဲလှယ်ကာ လက်ဝှေ့ကွက်

နှစ်ကွက်ခန့်ကို လေ့ကျင့်နေသည်။ ထို့နောက် ဝင်လုဆဲဆဲ

နေမင်းကို ကြည့်ကာ သက်ပြင်းချနေသည်ကိုလည်းကောင်း၊ မီးဖိုချောင်မှ

မီးခိုးများ လွင့်ပျံနေသည်ကိုလည်းကောင်း တွေ့ရသည်။

မှောင်ရီပျိုးစပြုလာသောအခါမှ ဖန်းချန်သည် အမိုးပေါ်မှ အောက်သို့ အသာအယာ

ခုန်ဆင်းလိုက်သည်။ သူသည် ကျောပိုးအိတ်ထဲမှ

တောင်ဇလပ်စေ့များကို ထုတ်၍ အပေါ်သို့

မြှောက်တင်ကာ ပါးစပ်ဖြင့် ဖမ်းဖမ်းစားရင်း လုလင်းမြို့၏

အခြားတစ်ဖက်သို့ အေးအေးလူလူ လျှောက်လှမ်းလာခဲ့သည်။

သေချာစဉ်းစားကြည့်ပြီးနောက် သူသည် အဖိုးကြီးဖန်းကို

ကိုယ်တိုင်ကိုယ်ကျ သွားရောက်မေးမြန်းရန် စိတ်မကူးတော့ပေ။ အဘယ်ကြောင့်ဆိုသော်

အဖိုးအို၏ ပုံစံကို မြင်ရသည်မှာ အေးချမ်းလှသဖြင့် သူ၏ဘဝကို

မနှောင့်ယှက်လိုတော့ခြင်းကြောင့်

ဖြစ်၏။ ၎င်းအပြင် တိုက်ရိုက်သွားမေးလျှင်လည်း မှန်ကန်သော အဖြေကို

ရလိမ့်မည်ဟု မသေချာပေ။

မြို့ပြင်တွင် အလုပ်လုပ်နေသူများမှာလည်း တစ်ယောက်ပြီးတစ်ယောက် အိမ်ပြန်လာနေကြပြီ

ဖြစ်သည်။ ညစာဟင်းနံ့များမှာ အရပ်မျက်နှာအနှံ့ ပျံ့လွင့်နေပြီး၊ အိမ်ပြန်ရန်

မေ့လျော့နေသော ကလေးများကို မိခင်ဖြစ်သူများက အိမ်ရှေ့မှနေ၍

အော်ဟစ်ခေါ်ယူနေကြသည်။

ထိုအသံစူးစူးများမှာ မြို့၏ ထောင့်စေ့အောင်

ပျံ့နှံ့သွားကာ ဝါးခြမ်းပြားဖြင့် အသားအာအောင် အရိုက်ခံရမည့် အရသာကို

ထိုကလေးများ၏ အာရုံထဲတွင် ပေါ်လာစေသဖြင့် ကလေးအားလုံး

ဖျတ်ခနဲ တုန်ရင်သွားကြတော့သည်။

မြို့ထဲရှိ ဆိုင်အချို့မှာလည်း ပိတ်ရန် ပြင်နေကြပြီ ဖြစ်၏။ ဖန်းချန်သည်

ကုန်စုံဆိုင်တစ်ဆိုင်ထဲသို့ ဝင်ကာ မေးလိုက်သည်။

“ဆိုင်ရှင်... ရှီဖန်စက္ကူ (စက္ကူချော) ရှိပါသလား။”

ဆိုင်ရှင်ဖြစ်သူမှာ ထမင်းပန်းကန်ကို ချထားခဲ့ပြီး အပြင်သို့ ထွက်လာကာ အသာအယာ

ဦးညွှတ်၍ ပြောသည်။

“အရှင်မြတ်ကလည်း နောက်နေပြန်ပြီ။ ဒီမြို့မှာ စာတတ်ပေတတ်က ရှားတော့ အဖိုးတန်

စက္ကူချောတွေကို ဘယ်သူမှ မဝယ်နိုင်ကြပါဘူးဗျာ။

ကျွန်တော့်ဆိုင်မှာတော့ ဝါးစက္ကူပဲ

ရှိပါတယ်။”

“ဝါးစက္ကူဆိုရင်လည်း ရပါတယ်။ နှစ်ထုပ်လောက် ပေးပါဦး။”

“ကောင်းပါပြီခင်ဗျာ။ ခဏလေး စောင့်ပါဦး။”

ဆိုင်ရှင်သည် လက်ကို အဝတ်ဖြင့် သုတ်ပြီးနောက် စင်ပေါ်မှ ဖုံးအုပ်ထားသော အဝတ်ကို

ဖယ်ကာ ပစ္စည်းထုတ်ပေးလေသည်။ ဝါးစက္ကူမှာ ဝါးဖတ်ဖြင့် ပြုလုပ်ထားသဖြင့်

ဈေးနှုန်းချိုသာပြီး ပေါ့ပါးလှသည်။ ပုံမှန်အားဖြင့် စက္ကူအချပ်

ခုနစ်ဆယ်လျှင် တစ်ထုပ်ဟု သတ်မှတ်ရာ နှစ်ထုပ်ဆိုလျှင်

အချပ်ပေါင်း တစ်ရာ့လေးဆယ် ရှိပေလိမ့်မည်။ ခြွေတာသုံးစွဲလျှင်

အတော်ကြာကြာ အသုံးခံသည်။

ဖန်းချန်သည် စက္ကူထုပ်ကြီးကို လက်ခံရယူပြီးနောက် မရေတွက်တော့ဘဲ ဆိုင်ရှင်ကို

ကျေးဇူးတင်စကား ပြောကာ မြို့စွန်သို့ ထွက်လာခဲ့သည်။ ဤနေရာ၌

မြေစောင့်နတ်စင်တစ်ခု ရှိ၏။

မူလခန္ဓာပိုင်ရှင်သည် ဤမြို့သို့ လာရောက်ရှာဖွေစဉ်က ဤနတ်စင်ရှိရာကို

သိထားခဲ့ရုံသာမက မိဘများကို ပြန်တွေ့နိုင်ရန်

ဆုတောင်းကာ အမွှေးတိုင်များပင် ထွန်းညှိခဲ့ဖူးသည်။ ထိုဆုတောင်းမှာ

မပြည့်ခဲ့သည်တော့ အမှန်ပင်။ အဘယ်ကြောင့်ဆိုသော် မြေစောင့်နတ်၏

လုပ်ပိုင်ခွင့်အာဏာထဲတွင် “ဆုတောင်းတိုင်း

ပြည့်စေရမည်” ဟူသော အချက်မပါဝင်သလို၊ ထိုကဲ့သို့သော

ကိစ္စမျိုးမှာလည်း မြေစောင့်နတ်၏ စွမ်းဆောင်ရည်ထက်

ကျော်လွန်နေသောကြောင့် ဖြစ်၏။

နတ်စင်ရှေ့သို့ ရောက်သောအခါ ဖန်းချန်သည် ထုံးစံအတိုင်း လက်ကွက်အချို့ကို

ဖော်ထုတ်ကာ နတ်မင်းကို ပင့်ဖိတ်လိုက်သည်။ ဤကဲ့သို့

နတ်မင်းများနှင့် ဆက်ဆံရသည်မှာ သူ့အတွက် ရိုးအီနေပြီ

ဖြစ်၏။ ခဏအကြာတွင် လုလင်းမြို့၏ မြေစောင့်နတ်မင်းမှာ နတ်စင်ရှေ့တွင်

ပေါ်လာပြီး ရိုသေစွာ ဦးညွှတ်နှုတ်ဆက်လေသည်။

“အရှင်မြတ် ရောက်ရှိလာတာကို ကျွန်ုပ်နတ်မင်း ကြိုတင်မသိခဲ့လို့ အဝေးကနေပဲ

နှုတ်ဆက်ရတာကို ခွင့်လွှတ်ပေးတော်မူပါ။ အရှင်မြတ်မှာ ဘာများ

မိန့်ကြားစရာ ရှိပါသလဲခင်ဗျာ။”

နတ်မင်း၏ တုံ့ပြန်မှုမှာ သူ ယခင်က တွေ့ခဲ့ဖူးသော နတ်မင်းများနှင့် ထပ်တူထပ်မျှပင်

ဖြစ်သည်။ ၎င်းက ဖန်းချန်ကို အနည်းငယ် ငြီးငွေ့စေသည်။

နတ်မင်းတို့သည် သူတို့ကို ထိန်းချုပ်နိုင်စွမ်းရှိသူများနှင့် တွေ့ဆုံရလျှင်

တစ်ဖက်လူ၏ ကျင့်စဉ်အဆင့်နှင့် တန်ခိုးအရှိန်အဝါကို

ကြိုတင်ခန့်မှန်းကာ အလွန်အမင်း

ရိုသေပြတတ်ကြသည်။ ဖန်းချန်၏ တည်ငြိမ်သော အမူအရာကို

မြင်ရသောအခါ နတ်မင်းမှာ သူ ထင်မှတ်ထားသည်ထက် ပို၍ပင် ရိုသေသွားတော့သည်။ သို့သော်

ဖန်းချန်၏ ကျင့်စဉ်မှာ အပေါ်ယံအားဖြင့် ဆန်းကြယ်နေသော်လည်း အမှန်တကယ်တွင်မူ

မန္တန်များကို စိတ်ကြိုက်အသုံးပြုနိုင်ရုံမျှသာရှိပြီး ကျင့်စဉ်အဆင့်မှာ

အလွန်မြင့်မားခြင်း မရှိသေးသည်ကိုမူ နတ်မင်း မသိနိုင်ပေ။

ဖန်းချန်သည် ဤပုံစံဖြင့်ပင် ယခင်ကလည်း မိစ္ဆာများနှင့် နတ်ဘုရား အမျိုးမျိုးကို

လှည့်ဖြားခဲ့ဖူးသည်။ သူသည် မည်သူနှင့်မျှ တိုက်ခိုက်ခြင်းမပြုဘဲ အရပ်ရပ်သို့

လှည့်လည်သွားလာကာ ကိစ္စအဝဝကို အဆင်ပြေအောင် ဖြေရှင်းလေ့ရှိသည်။

ထိုနတ်မင်းများကိုလည်း အပြစ်တင်၍ မရပေ။

ဖန်းချန်ကဲ့သို့သော လူမျိုးမှာ အလွန်ရှားပါးလှသည့်အပြင်

ဤခေတ်ကာလတွင် သတင်းအချက်အလက် နည်းပါးမှုကြောင့် ဗဟုသုတ

နည်းပါးကြခြင်းမှာ သဘာဝပင် ဖြစ်၏။ ၎င်းအပြင် အေးချမ်းစွာ နေထိုင်လိုလျှင်

အခြေအနေအရ လိုက်လျောညီထွေ နေထိုင်တတ်မှသာ ရေရှည်တည်တံ့နိုင်ပေလိမ့်မည်။

ဖန်းချန်သည် နတ်မင်းကို ပြန်လည်နှုတ်ဆက်လိုက်ပြီးနောက် ပြောလိုက်သည်။ “ကျွန်တော်

ဒီကိုလာတာက ဘိုးဘိုးကြီးကို အကူအညီတောင်းစရာလေး ရှိလို့ပါ။ လွန်ခဲ့တဲ့

အနှစ်နှစ်ဆယ်နီးပါးက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စဟောင်းတစ်ခုကို

စုံစမ်းနေတာ ဖြစ်ပါတယ်။ ဒီနေ့ပဲ မြို့ထဲမှာ အဲဒီအကြောင်းကို

သိနိုင်မယ့် လူတစ်ယောက်ကို တွေ့ခဲ့တယ်။”

ဤသို့ ရိုရိုသေသေ ဆက်ဆံမှုကြောင့် မြေစောင့်နတ်မင်းမှာ စိတ်အနည်းငယ် လျော့သွားပြီး

ဖန်းချန်ကို ဖိတ်ခေါ်လိုက်သည်။ “အရှင်မြတ်... ကျွန်ုပ်ရဲ့ စံအိမ်ထဲကို

ကြွရောက်ပြီး အေးအေးဆေးဆေး စကားပြောကြတာပေါ့။”

သူတို့နှစ်ဦးသည် အတူတကွ ဝင်ရောက်သွားကြပြီးနောက် ဧည့်သည်နှင့် အိမ်ရှင်အဖြစ်

ထိုင်ကာ စကားစမြည် ပြောဖြစ်ကြသည်။ မြေစောင့်နတ်မင်း၏

မျိုးရိုးအမည်မှာ လင်း ဖြစ်သည်။ ၎င်းမှာ

လုလင်းမြို့တွင် အများဆုံးရှိသော မျိုးရိုးအမည်လည်း ဖြစ်၏။

“အရှင်မြတ်ကလည်း... အားနာစရာတွေ ပြောနေလိုက်တာ...”

ဖန်းချန် ပေးအပ်လိုက်သော ဝါးစက္ကူ နှစ်ထုပ်ကို ရရှိသွားသောအခါ မြေစောင့်နတ်မင်းမှာ

အလွန်အမင်း ဝမ်းသာသွားပြီး မျက်နှာတွင် အပြုံးများ ဝေဆာသွားတော့သည်။

တောင်စောင့်နတ်၊ မြေစောင့်နတ် စသည့် ရာထူးများကို

ရယူထားသူများမှာ စာတတ်ပေတတ်များ ဖြစ်ရမည်မှာ အခြေခံ လိုအပ်ချက်ဖြစ်သဖြင့်

သူတို့အတွက် စက္ကူနှင့် ကလောင်တံဆိုသည်မှာ အမြဲတမ်း လိုအပ်ချက် ဖြစ်နေသည်။

သို့သော် သာမန်လူတန်းစားများနှင့်သာ ထိတွေ့နေရသဖြင့် သူတို့ကိုယ်တိုင်

အသုံးပြုရန်အတွက် စက္ကူကောင်းကောင်း ရရှိဖို့မှာ

အလွန်ခဲယဉ်းသော အရာ ဖြစ်နေသည်။

“ဘိုးဘိုးကြီး ကြိုက်နှစ်သက်တယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။” ဖန်းချန်သည် နတ်မင်း၏

အမူအရာကို ကြည့်ကာ သူ၏ လက်ဆောင်မှာ ထိရောက်မှုရှိကြောင်း သိလိုက်သည်။

နတ်မင်း လင်း သည် စက္ကူထုပ်များကို အသာအယာ ဘေးသို့ ချထားလိုက်ပြီးနောက်

မေးလိုက်သည်။ “ဖန်းအရှင်မြတ်ကို ကျွန်ုပ် ဘာများ

ကူညီပေးရမလဲခင်ဗျာ။”

ဖန်းချန်က ပြုံး၍ ပြောသည်။ “ကျွန်တော် သိချင်တာက အတိတ်က ဖြစ်ရပ်မှန်ကိုပါ။

အဲဒီအဖိုးကြီးကို ကိုယ်တိုင်သွားမေးလို့ ရပေမယ့် သူ့ရဲ့

မှတ်ဉာဏ်တွေ မှေးမှိန်နေတာမျိုး ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာ

ခံစားချက်တွေ ပါဝင်နေတာမျိုးကို မလိုချင်ဘူး။ ဒါကြောင့် ဘိုးဘိုးကြီးရဲ့

အိပ်မက်ထဲ ထည့်သွင်းပေးနိုင်တဲ့ စွမ်းအားကို အသုံးပြုပြီး

ကျွန်တော့်ကို အတိတ်က အဖြစ်အပျက်တွေဆီ ခေါ်ဆောင်သွားပေးဖို့

အကူအညီတောင်းချင်တာပါ။”

ထိုအခါ မြေစောင့်နတ်မင်းက ရယ်မောကာ ပြန်ပြောသည်။ “ဒါကတော့ အလွန်လွယ်ကူတဲ့

ကိစ္စပါပဲ။ အရှင်မြတ် ဘယ်အချိန်မှာ လုပ်ချင်ပါသလဲ။”

“ဒီညပဲ ဖြစ်ရင် ကောင်းမယ်။”

“ဒါဆိုရင်တော့ ခဏလောက် စောင့်ပါဦး။ ညဉ့်နက်လို့ ပတ်ဝန်းကျင် တိတ်ဆိတ်သွားတဲ့အခါမှ

ကျွန်ုပ်တို့ အတူတူ သွားကြတာပေါ့။”

အိပ်မက်ထဲသို့ ဝင်ရောက်နိုင်သည့် စွမ်းပကားမှာ နတ်မင်းများအတွက် ကျင့်ကြံသူများထက်

ပို၍ ထူးကဲသော အစွမ်း ဖြစ်သည်။ ဒေသဆိုင်ရာ နတ်မင်းတစ်ပါးအနေဖြင့် ၎င်းမှာ သူတို့၏

လုပ်ပိုင်ခွင့်နယ်ပယ်ထဲတွင် ရှိနေပြီး မွေးရာပါ ဗီဇကဲ့သို့ပင် အလွယ်တကူ

အသုံးပြုနိုင်သည်။ ၎င်းအပြင် မြေစောင့်နတ်တို့မှာ

ရုပ်ခန္ဓာရှိသူများ မဟုတ်သည့်အတွက် ထိုကဲ့သို့သော

အတတ်ပညာမျိုးကို အလွန်သိမ်မွေ့နက်နဲစွာ

အသုံးချနိုင်ကြသည်။

…

အဖိုးအို ဖန်းကျိုးသည် သူ၏ ကုတင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။ သူသည်

လောကီနယ်ပယ်မှ လက်ဆေးအနားယူခဲ့ပြီးနောက် သူ၏ စုဆောင်းထားသမျှ

ငွေကြေးများဖြင့် နေရပ်သို့ ပြန်လာကာ ပြိုကျနေသော

အိမ်အိုကို ပြန်လည်ပြင်ဆင်ခဲ့သည်။ စားဖိုမှူးနှင့်

အစေအပါးအချို့ကို ငှားရမ်းကာ သူ၏ ဘဝနောက်ဆုံးအချိန်ကို

အေးအေးချမ်းချမ်း ကုန်ဆုံးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

သူသည် ဘဝတစ်လျှောက်လုံး လောကအလယ်တွင် ကျင်လည်ခဲ့ရသည်မှာ အတော်လေး ပင်ပန်းခဲ့ပြီ။

တစ်ခါကတော့ လောကဓံနယ်ပယ်ထဲ ခြေစုံပစ်ဝင်ခဲ့လျှင် မိမိကိုယ်မိမိတောင်

မပိုင်တော့သည့် အခြေအနေမျိုး မဟုတ်လား။ အနှစ်နှစ်များစွာအတွင်း

သူသည် ကောင်းမှုရော မကောင်းမှုပါ အစုံအလင် ပြုလုပ်ခဲ့ဖူးသည်။

လမ်းခရီးတစ်လျှောက်တွင် မိတ်ဆွေများစွာနှင့်

ရန်သူများစွာ ရှိခဲ့သည်။ မြင့်မြတ်သူနှင့် ယုတ်ညံ့သူ အမျိုးမျိုးကို

တွေ့ကြုံခဲ့ဖူးသည်။ ရယ်မောခဲ့ဖူးသလို

ဝမ်းနည်းပူဆွေးမှုများလည်း

မကင်းခဲ့ပေ။

ယခုအခါ အတိတ်ကို ပြန်လှည့်ကြည့်သောအခါတွင်မူ သူသည် အမှန်တကယ်တွင် ဘာတစ်ခုမျှ

ရရှိမကျန်ခဲ့ကြောင်း နားလည်လိုက်သည်။ နာမည်ဆိုးနှင့်၊ သားသမီးမရှိ၊

တစ်ကိုယ်တည်းဖြစ်နေရုံသာမက စုဆောင်းမိသော ငွေကြေးမှာလည်း မပြောပလောက်ပေ။

လောကီရေးရာ ကိစ္စအဝဝမှာ အချိန်ဖြုန်းခဲ့ရခြင်းသက်သက်သာ

ဖြစ်နေတော့သည်။ ထိုအချက်ကို နားလည်သွားသောအခါ သူသည်

စိတ်ဓာတ်များ ကျဆင်းသွားရတော့သည်။

All Chapters