အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
အခန်း (၆၇) - သာမန်လူတို့သည် ရွေးချယ်မှုပြုကြ၏၊ ကျင့်ကြံသူတို့မူကား...
အရက်အပြည့်ဖြည့်ထားသော ဝါးကျည်တောက်မှာ တော်တော်လေး လေးလံလှသဖြင့် ခါးပတ်အတွက်မူကား
စမ်းသပ်ပွဲကြီး တစ်ခုသဖွယ် ဖြစ်နေတော့သည်။ ကံကောင်းထောက်မစွာဖြင့် ခါးပတ်မှာ
တောင့်ခံနိုင်ဆဲ ဖြစ်ရုံသာမက နောက်ထပ် ဝါးကျည်တောက်အရှည် တစ်ခုကိုပင်
ချိတ်ဆွဲထားနိုင်ဦးမည့် ပုံပေါ်နေသေးသည်။
ဤအရက်ဆိုင်မှာ ဟူချောင်မြို့က ဆိုင်နှင့်မတူဘဲ အရက်သီးသန့်သာ ရောင်းချခြင်း
ဖြစ်သည်။ အသားဟင်းများ သို့မဟုတ် အအေးစာများ မရှိသလို၊
ဝိုင်းဖွဲ့သောက်စားရန် စားပွဲနှင့် ထိုင်ခုံများလည်း
မရှိပေ။ သို့သော် အတိုင်းအတာအရမူ ဤဆိုင်မှာ များစွာပို၍ ကြီးမားသလို
အရောင်းအဝယ်လည်း ပို၍ စည်ကားလှသည်။
ဖန်းချန် အကဲခတ်မိသလောက်ဆိုလျှင် ဤဆိုင်၏ အဓိက အလုပ်မှာ အပြင်လူများကို
အရက်အိုးကြီးများဖြင့် လက်ကားရောင်းချခြင်း ဖြစ်ပုံရသည်။
အလှူအတန်း၊ နာရေး သို့မဟုတ် ပတ်ဝန်းကျင်ရှိ စားသောက်ဆိုင်များနှင့်
သူဌေးအိမ်များမှ မှာယူခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် ဤဆိုင်သည်
လက်လီရောင်းချခြင်းကိုလည်း လက်မလွှတ်ပေ။ ဆိုင်ရှေ့ တံတိုင်းအောက်တွင်
ခွက်ကိုယ်စီကိုင်ကာ ထိုင်သောက်နေကြသော အရက်သမားများကို
ကြည့်ခြင်းဖြင့် သိနိုင်သည်။ ဖန်းချန်၏ ခါးတွင်
ချိတ်ထားသော ဝါးကျည်တောက်မှာလည်း သက်သေပင် ဖြစ်၏။
ဤအရပ်ရှိ ဈေးပေါသော အရက်များထဲတွင်လည်း ရေရောထားတတ်ကြသည်။ ၎င်းမှာ
လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်နေပုံရသည်။
အရက်ကို နှစ်ငုံခန့် သောက်လိုက်ပြီးနောက် ဖန်းချန်သည် လမ်းမပေါ်တွင် အေးအေးလူလူ
လျှောက်လှမ်းနေသည်။ သူသည် အိပ်စက်ရန် အရေးတကြီး မလိုအပ်သဖြင့် တည်းခိုရန်
နေရာရှာဖို့ စိတ်မကူးသေးပေ။ လျှောက်ရင်း လျှောက်ရင်းဖြင့် ဝါးဖြင့်
ပြုလုပ်ထားသော ထိုင်ခုံကလေး တစ်လုံးကို တွေ့လိုက်ရပြန်သည်။
လက်မှုပညာ အလွန်သိမ်မွေ့သဖြင့် ထိုလက်သမားမှာ ဖန်းချန်ထက်
လက်ရာများစွာ ပိုကောင်းကြောင်း သိသာလှသည်။ ဝါးထည်ပစ္စည်း
အမျိုးမျိုးရောင်းသည့် ထိုဆိုင်ကလေး၏ ဘေးတွင် စွန်များကိုလည်း
ချိတ်ဆွဲထားသည်။ သူသည် ထိုအရာများကို ကြည့်နေရင်းမှ တစ်ခုကို သဘောကျသွားမိသည်။
ဘယ်တစ်ခုကို ဝယ်ရင် ကောင်းမလဲ...။
ဟူချောင်မြို့တွင် ဆိတ်သားခေါက်ဆွဲ တစ်ပန်းကန်စားရန် ချန်ထားသော ငွေကို
ကြည့်လိုက်ရာ၊ ကြိုးဖြင့်သီထားသော ဒင်္ဂါးပြားများမှာ
ထိုပစ္စည်းနှစ်ခုထဲမှ တစ်ခုဝယ်ရန်သာ လောက်ပေတော့မည်။ လှပသော
ဝါးထိုင်ခုံနှင့် ပျံလွှားစွန်ကလေး... တစ်ခုကို
ရွေးရတော့မည်။
စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီးနောက် သူသည် ခေါင်းကို ခါယမ်းကာ ပြုံးလိုက်မိသည်။
ကိစ္စက အလွန်ရိုးရှင်းပါသည်၊ နှစ်ခုလုံး မဝယ်တော့ဘဲ နေလိုက်ရုံပင်။
ဘာလို့ ရွေးချယ်မှုတွေ လုပ်နေမှာလဲ။ လုံးဝ မဝယ်တော့တာကမှ ပိုကောင်းဦးမည်။
ဖန်းချန်သည် လှည့်ထွက်လာခဲ့ပြီး ထိုဆိုင်ကလေးနှစ်ခုကို နောက်ချန်ထားခဲ့သည်။
မကြာမီမှာပင် ပတ်ဝန်းကျင်ရှိ လူများ၏ အာရုံထဲမှ သူသည်
မှေးမှိန်ပျောက်ကွယ်သွားတော့သည်။ သူသည် အိတ်ထဲမှ
ဒင်္ဂါးပြားများကို ထုတ်ယူကာ ဟူချောင်မြို့တွင် ခေါက်ဆွဲစားရန်အတွက်
အနည်းငယ်ကို ဖယ်ထားလိုက်ပြီး၊ ကျန်ရှိသော ဒင်္ဂါးပြားများကို
လက်ထဲတွင် ဆုပ်ကိုင်ကာ အလေးချိန်ကို ချိန်ဆနေလိုက်သည်။
တိုက်ဆိုင်ချင်တော့... မလှမ်းမကမ်းတွင် အမျိုးသမီးတစ်ဦးသည် ကလေးတစ်ယောက်ကို
ကျောပိုးလျက် ဆေးဆိုင်တစ်ဆိုင်ရှေ့တွင် ဟိုဟိုဒီဒီ လျှောက်နေသည်ကို
တွေ့လိုက်ရသည်။ သူမ၏ အဝတ်အစားများမှာ သန့်ရှင်းသော်လည်း ဟောင်းနွမ်းနေပြီး
အဖာရာများစွာဖြင့် မွဲပြာနေသည်။ သူမ၏ လက်ထဲတွင်
ကြေးပြားအနည်းငယ်ကို ဆုပ်ကိုင်ထားပြီး
မျက်နှာတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေသလို၊
တုံ့ဆိုင်းနေသည့် ပုံစံလည်း ပေါက်နေသည်။
ညဘက်တွင် ဆေးဆိုင်ဖွင့်ထားခြင်းမှာ ထူးဆန်းသော်လည်း ညဈေးတန်းကြောင့်
ဖြစ်ပေလိမ့်မည်။ ဖန်းချန် အကဲခတ်ကြည့်လိုက်ရာ
ထိုအမျိုးသမီး ကျောပေါ်ရှိ ကလေးငယ်မှာ ဖျားနာနေပြီး ကိုယ်အပူချိန်မှာ
သာမန်ထက် မြင့်တက်နေသည်ကို တွေ့လိုက်ရသည်။
သူသည် တိတ်တဆိတ် ပြုံးလိုက်ရင်း “ဒါဟာ ရေစက်ပါပဲ” ဟု ရေရွတ်လိုက်သည်။
လူတိုင်းက သူ့ကို လျစ်လျူရှုထားကြသဖြင့် ဖန်းချန်သည် ရှောင်တိမ်းနေစရာ မလိုပေ။
သူသည် လမ်းအလယ်တွင် ရပ်ကာ လက်ထဲရှိ ဒင်္ဂါးပြားများကို လေထဲသို့ အသာအယာ
မြှောက်တင်လိုက်ပြီးနောက် လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။
ဒင်္ဂါးပြားများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ဆေးဆိုင်ရှေ့ရှိ အမျိုးသမီးမှာမူ စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်။ ဆေးကုသခမှာ
မနည်းလှပေ။ ကလေးက ရုတ်တရက် ဖျားနာလာသဖြင့် ဆေးကုရန် လိုအပ်နေသော်လည်း လက်ထဲရှိ ငွေက
မလောက်ငှ ဖြစ်နေသည်။ သူမ၏ စိတ်ထဲတွင် ကလေးအတွက် ဝမ်းနည်းစရာ အကျိုးဆက်များကို
တွေးတောရင်း မျက်ရည်များ ဝဲလာတော့သည်။
ထိုစဉ် သူမ၏ လက်ထဲတွင် လေးလံသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
“ဟင်...”
အမျိုးသမီး ငုံ့ကြည့်လိုက်ရာ သူမ၏လက်ထဲတွင် ရှိနေသော ဒင်္ဂါးပြားများမှာ ရုတ်တရက်
အဆမတန် များပြားလာသဖြင့် လက်ထဲမှပင် လျှံထွက်လုနီးပါး ဖြစ်နေသည်ကို
တွေ့လိုက်ရသည်။ သူမသည် အလန့်တကြား ဆုပ်ကိုင်လိုက်ရင်း
အံ့သြဝမ်းသာမှုကြောင့် စိတ်လှုပ်ရှားသွားရတော့သည်။
“ဘယ်က ကြင်နာတတ်တဲ့သူများလဲရှင်...”
သူမသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်သော်လည်း ဘာမှ မတွေ့ရပေ။ သူမ နေရာတွင် တစ်ပတ်လည်၍
ရှာနေစဉ် ကျောပေါ်မှ ကလေးငယ်မှာ အသာအယာ လှုပ်ရှားလာသည်။ ထိုလှုပ်ရှားမှုက
အမျိုးသမီးကို သတိဝင်လာစေသည်။ ကလေးကို အမြန်ဆုံး ကုသပေးရန်
လိုအပ်သည် မဟုတ်ပါလား။
သူမသည် ပတ်ဝန်းကျင်ကို ဦးညွှတ်၍ ကျေးဇူးတင်စကား ရေရွတ်လိုက်ပြီးနောက်
မျက်ရည်များကို သုတ်ကာ ဆေးဆိုင်ထဲသို့ အပြေးအလွှား
ဝင်သွားတော့သည်။
ထိုသို့ ပြုလုပ်ပေးလိုက်ရသဖြင့် ဖန်းချန်သည် များစွာ စိတ်ကျေနပ်သွားရသည်။ ၎င်းမှာ
ပစ္စည်းဝယ်ရခြင်းထက် ပို၍ သာယာမှု ရှိလှသည်။ ငွေလည်း ကုန်၊ ကိုယ်လည်း
ပေါ့ပါးသွားပြီဖြစ်ရာ လောကီရေးရာများကို အဘယ်ကြောင့်
ပူပန်နေတော့မည်နည်း။ စိတ်ညစ်စရာလည်း မရှိတော့ပေ။ ၎င်းအပြင်
ဝါးထိုင်ခုံဖြစ်စေ၊ စွန်ဖြစ်စေ တောင်ပေါ်ပြန်ရောက်လျှင်
သူကိုယ်တိုင် ပြုလုပ်ကြည့်နိုင်သည် မဟုတ်ပါလား။ ဘာပဲဖြစ်ဖြစ် သူ့မှာ
အချိန်တွေ အများကြီး ရှိနေသည်ပဲ။
ဆေးဆိုင်ထဲသို့ ဝင်သွားသော အမျိုးသမီးကို ကြည့်ရင်း ဖန်းချန်သည် ချက်ချင်း
ထွက်မသွားသေးဘဲ ထိုနေရာတွင် ရပ်ကာ ပတ်ဝန်းကျင်မှ အသံများကို
နားစွင့်နေလိုက်သည်။ ထိုစဉ် ဆေးဆိုင်ထဲရှိ ဆရာဝန်နှစ်ဦး၏ စကားသံကို
သူ အတိုင်းသား ကြားလိုက်ရသည်။
“ဒါ တကယ့်ကို ထူးဆန်းတာပဲ။ နေ့ဘက်မှာ ဆေးခန်းသွားပြတော့ ဘာမှမဖြစ်ဘဲ ညဘက်ကျမှ
အိပ်မက်ဆိုးတွေ မက်နေတာ။ ဆေးသောက်ရုံနဲ့ကော ပျောက်နိုင်ပါ့မလား။”
“မပျောက်နိုင်ဘူးလေ။ ဒါပေမဲ့ ကျန့်သူဌေးက ငွေတွေ အများကြီး ပေးထားတာဆိုတော့လည်း
သခင်လေးကို သေချာစစ်ဆေးပေးရတာပေါ့။ ရောဂါလက္ခဏာကတော့ ဘာမှမတွေ့ရဘူး။
နေ့ဘက်ဆိုရင် သခင်လေးက ပုံမှန်အတိုင်း အိပ်စက်နိုင်ပေမယ့်
ညဘက်ကျရင်တော့... တကယ့်ကို ထူးဆန်းလွန်းတယ်။”
“ဟူး... ကျန့်သူဌေးက လူကောင်းတစ်ယောက်ပါပဲ။ ဒီဘေးဒုက္ခကနေ သူတို့
လွတ်မြောက်နိုင်ပါစေလို့ပဲ ဆုတောင်းရမှာပဲ။”
“အေးပါ... ဟော... လူလာပြီ”
ကလေးကို ကျောပိုးထားသော အမျိုးသမီးမှာ ဆေးဆိုင်ထဲသို့ ဝင်ရောက်လာပြီ ဖြစ်သည်။
စကားပြောနေသော ဆရာဝန်နှစ်ဦးမှာလည်း သူတို့၏ အမူအရာကို ချက်ချင်း
ပြင်လိုက်ပြီး လူနာကို ကြည့်ရှုရန် ပြင်ဆင်လိုက်ကြသည်။ သူတို့သည်
ကလေး၏ အခြေအနေကို မေးမြန်းကာ ဆေးညွှန်းပေးလိုက်ရာ ကလေး၏ အခြေအနေမှာ
ချက်ချင်းပင် အနည်းငယ် သက်သာလာပုံရသည်။ အမျိုးသမီးမှာလည်း
စိတ်သက်သာရာရသွားကာ ဝမ်းသာအားရ စကားပြောနိုင်လာတော့သည်။
ဖန်းချန်မှာ လုပ်စရာမရှိသဖြင့် ထိုအမျိုးသမီး ပြန်ထွက်လာသည်အထိ
စောင့်ကြည့်နေလိုက်သည်။
“ဖြည်းဖြည်းသွားနော်၊ ဆေးတိုက်ဖို့လည်း မမေ့နဲ့ဦး။”
ဆိုင်ရှင်၏ နှုတ်ဆက်သံနှင့်အတူ အမျိုးသမီးသည် ဆေးဆိုင်ထဲမှ ပြန်ထွက်လာသည်။ သူမ၏
ခြေလှမ်းများမှာ ပေါ့ပါးသွက်လက်နေသလို ကလေးကို ချော့မြူသော
စကားသံများတွင်လည်း မျှော်လင့်ချက်များ
ပြည့်နှက်နေတော့သည်။ ဖန်းချန်သည် ထိုအမျိုးသမီး၏ မျက်နှာကို
ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။
ထိုစဉ် ဆေးဆိုင်ထဲရှိ ဆရာဝန်နှစ်ဦး၏ စကားသံမှာ နောက်တစ်ဖန် ပျံ့လွင့်လာပြန်သည်။
“ကျန့်သူဌေးက တကယ်ကို လူကောင်းပါ။ အိမ်နီးချင်းတွေကို အမြဲကူညီသလို၊ ငွေမရှိတဲ့
ကလေးတွေကိုလည်း ပညာသင်ပေးတယ်။ အရေးကြီးဆုံးကတော့ ဒီက ကျန့်ညီအစ်ကို
နှစ်ယောက်စလုံးမှာ အခွန်ထမ်းဆောင်စရာ မလိုတဲ့ အဆင့်အတန်းမျိုး
ရှိတာတောင် လူတွေကို ပညာသင်ကြားပေးပြီး လမ်းမှန်ပြပေးနေတာပဲ။
ဆင်းချင်းခရိုင်တစ်ခုလုံးမှာ သူတို့ရဲ့ တပည့်တွေချည်းပဲ။
မကြာသေးခင်ကပဲ သူတို့ရဲ့ တပည့်တွေထဲက လူအများအပြား စာမေးပွဲအောင်မြင်ကြလို့
ငါတို့ ဆင်းချင်းစံအိမ်တော်အတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့ရသေးတယ်။”
အခြားတစ်ဦးက ဝင်ပြောပြန်သည်။ “ဟုတ်ပါပေ့ကွာ။ နှမြောစရာကောင်းတာက လူကောင်းတွေမှာ
ကောင်းတဲ့ အကျိုးပေး အမြဲမရတတ်တာပဲ။ ကျန့်ကျန့်ချူနဲ့ ကျန့်ကျန့်ချင်း
ညီအစ်ကိုနှစ်ယောက်အတွက်တော့ တကယ်ကို စိတ်မကောင်းစရာပဲ။ သူတို့ရဲ့
သခင်လေးက ဘာကြောင့် အမြဲတမ်း အိပ်မက်ဆိုးတွေ မက်နေရတာလဲ၊ ဒါမှမဟုတ်
နတ်များ တိုက်တာလား။ ဟူး...”
ဆေးဆိုင်ထဲတွင် သူတို့နှစ်ဦး အားတက်သရော စကားပြောနေကြသော်လည်း ဖန်းချန်မှာမူ
မျက်မှောင်ကြုတ်သွားမိသည်။
“ကျန့်ကျန့်ချူ...”
ဒါ... တောင်ပေါ်က ဆင်းလာတုန်းက ငါ့ကို မြင်းလှည်းနဲ့ တစ်ထောက် လိုက်ပို့ပေးခဲ့တဲ့
သူ မဟုတ်လား။
အမှတ်မထင်ဘဲ ထိုညီအစ်ကိုနှစ်ယောက်မှာ ဆင်းချင်းခရိုင်ကို ပညာရေးနယ်ပယ်တွင်
ထင်ရှားစေခဲ့သည့် နာမည်ကျော် ဆရာကြီးနှစ်ဦး ဖြစ်နေသည်ကို
သိလိုက်ရသည်။ ဤကိစ္စကို သိလိုက်ရပြီဖြစ်ရာ ဖန်းချန်အနေဖြင့်
လျစ်လျူရှုထားရန် မဖြစ်နိုင်တော့ပေ။ ဘာပဲဖြစ်ဖြစ် သူတို့သည်
တစ်ခါဆုံဖူးသည့် လူသိဟောင်းများ ဖြစ်ကြသလို၊
မြင်းလှည်းပေါ်တွင် လိုက်ပါခွင့်ရခဲ့ခြင်းမှာလည်း
ရေစက်တစ်ခုပင် ဖြစ်သည် မဟုတ်ပါလား။
သို့သော် အရေးကြီးဆုံးအချက်မှာ ဖန်းချန်ကိုယ်တိုင်က ဤကိစ္စကို ကူညီလိုစိတ်
ရှိနေခြင်းပင်။ မိမိ၏ စိတ်အလိုအတိုင်း လိုက်ခြင်းမှာ သူ၏
ကျင့်စဉ်လမ်းတွင် အဓိကကျသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သူ
ကူညီလိုသည်ဟု ဆုံးဖြတ်လိုက်ပြီဖြစ်ရာ၊ မဖြစ်မနေ ကူညီပေးရပေတော့မည်။
အခန်း (၆၈) - ကျန့်ညီအစ်ကို
ကျန့်မိသားစုမှာ စာပေမျိုးနွယ်စု ဖြစ်သော်လည်း ကြွယ်ဝချမ်းသာသည့် သူဌေးစာရင်းဝင်မူ
မဟုတ်ပေ။ ဆင်းချင်းစံအိမ်တော်ရှိ အခြားသော သူဌေးသူကြွယ်များနှင့်
နှိုင်းယှဉ်လျှင် ကျန့်ညီအစ်ကိုတို့မှာ
ဆင်းရဲသူများဟုပင် ဆိုနိုင်သည်။
ရိုးရှင်းသော အဝတ်အစား၊ ချွေတာသော အစားအသောက်နှင့် အိမ်တွင်လည်း ပိုလျှံသော
ငွေကြေးမရှိခြင်းတို့မှာ ထိုညီအစ်ကိုနှစ်ဦး၏ တစ်သက်တာဘဝ ပုံရိပ်ပင်
ဖြစ်သည်။ ကျန့်ညီအစ်ကိုတို့မှာ အမည်အားဖြင့် အိမ်ခွဲနေကြသော်လည်း အမှန်တကယ်တွင်မူ
ဝင်းတစ်ခုတည်း၌ပင် အတူတကွ နေထိုင်ကြဆဲ ဖြစ်သည်။ တစ်အိမ်သားလုံးမှာ
အရှေ့ဘက်ဆောင်တွင် နေကြပြီး၊ ကျန်တစ်အိမ်မှာ
အနောက်ဘက်ဆောင်တွင် နေထိုင်ကြသည်။ သူတို့နှစ်ဦး
ပိုင်ဆိုင်သည့် အကြီးမားဆုံးသော အမွေအနှစ်မှာမူ အခန်းအပြည့်
စီရီထားသည့် စာအုပ်စာပေများသာ ဖြစ်၏။
၎င်းမှာ မျိုးဆက်ပေါင်းများစွာ စုဆောင်းလာခဲ့သော ရတနာများပင်။ သူတို့၏
ဘိုးဘေးဘီဘင်များမှာ နီးနီးနားနား ကျေးရွာများတွင်
ထင်ရှားကျော်ကြားခဲ့ကြသော်လည်း မည်သူမျှ မင်းမှုထမ်း မဖြစ်ခဲ့ကြသဖြင့်
ဝင်ငွေမှာ များစွာ မရှိခဲ့ပေ။ မျိုးဆက်တိုင်း ရှာဖွေရရှိသမျှ ငွေကြေးများကို
အစေအပါး ဝယ်ယူခြင်း သို့မဟုတ် လယ်ယာချဲ့ထွင်ခြင်းတို့တွင် မသုံးဘဲ
စာအုပ်များ ဝယ်ယူခြင်း၊ ကူးယူခြင်းတို့တွင်သာ သုံးစွဲခဲ့ကြသည်။
ထို့ကြောင့်ပင် မျိုးဆက်တစ်ခု လွန်လေတိုင်း စာအုပ်ဗီရို တစ်လုံး
သို့မဟုတ် နှစ်လုံးမှာ အမြဲတမ်း တိုးပွားလာလေ့ ရှိသည်။
နှစ်စဉ် ခြောက်လပိုင်း ခြောက်ရက်နေ့သို့ ရောက်တိုင်း၊ စာအုပ်များကို
နေပူလှန်းရန်အတွက် ဝင်းထဲတွင် စင်များဖြင့်
ခင်းကျင်းထားလေ့ ရှိသည်။ ထိုအချိန်တွင် အမှတ်မထင်
ရောက်ရှိလာသူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်၍
အံ့သြမှင်သက်သွားကြရသည်။ ၎င်းမှာ ဆင်းချင်းစံအိမ်တော် တစ်ခွင်တွင်
စာအုပ်အမျိုးအစား အစုံလင်ဆုံးနှင့် အများဆုံး ရှိသည့် နေရာလည်း
ဖြစ်ပေသည်။
ကျန့်ကျန့်ချင်းနှင့် ကျန့်ကျန့်ချူ ညီအစ်ကိုနှစ်ဦးမှာ မကြာသေးမီ နှစ်များအတွင်းက
ပို၍ ထင်ရှားလာခဲ့သည်။ သူတို့၏ ရင်ထဲတွင် စာပေအသိပညာများ ကိန်းအောင်းနေသည်ကို
လူအများက လေးစားကြသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့ခံသူဌေးများ
တိုင်ပင်ကာ စာသင်ကျောင်းတစ်ကျောင်း တည်ထောင်ပေးခဲ့ကြသည်။ ထိုညီအစ်ကို
နှစ်ဦးကိုလည်း ဆရာကြီးများအဖြစ် ခန့်အပ်ကာ ကျောင်းသားများကို
ပညာသင်ကြားပေးစေခဲ့သည်။
ဆင်းချင်းမြို့သားများ၏ အမြင်တွင် ထိုဆရာကြီးနှစ်ဦးမှာ ရှားပါးလှသည့် ဆရာကောင်းများ
ဖြစ်ကြသည်။ သူတို့ သင်ကြားပေးလိုက်သော ကျောင်းသား ထက်ဝက်ခန့်မှာ
ထူးချွန်ထက်မြက်သူများ ဖြစ်လာကြရာ ၎င်းမှာ
အလွန်မြင့်မားသော အောင်မြင်မှုနှုန်းပင် ဖြစ်၏။ မကြာသေးမီက ကျင်းပခဲ့သော
စာမေးပွဲတွင်လည်း ဆင်းချင်းစံအိမ်တော်မှ အောင်ချက်အကောင်းဆုံး
ဖြစ်ခဲ့ပြီး အိမ်နီးချင်း ခရိုင်များကိုပင် ကျော်လွန်သွားခဲ့သည်။
ကျန်ရှိသော ထက်ဝက်မှာကော...။ သူတို့ကိုမူ မည်သူမျှ သတိမထားမိကြသလို၊ စာမေးပွဲ
မအောင်မြင်သူများအဖြစ်သာ သတ်မှတ်ထားကြသည်။ သို့သော်
ကျန့်ညီအစ်ကိုတို့မှာမူ “လူမရွေး
ပညာသင်ပေးရမည်” ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး
ကျောင်းသားတိုင်းကို စိတ်ရှည်လက်ရှည် သင်ကြားပြသပေးခဲ့ကြသည်။
စာမတတ်သူများကို စာတတ်အောင်၊ စာတတ်သူများကို လမ်းမှန်ပေါ်ရောက်အောင် သူတို့
အမြဲ လမ်းပြခဲ့ကြသည်။
ယခုအချိန်တွင် ထိုညီအစ်ကိုနှစ်ဦးမှာ အရှေ့ဘက်ဆောင်တွင် ထိုင်ကာ ဆွေးနွေးနေကြသည်။
လက်ဖက်ရည်များမှာ အေးစက်နေပြီ ဖြစ်သော်လည်း သူတို့မှာ သောက်လိုစိတ် မရှိကြပေ။
မျက်မှောင်များကို ကြုတ်ထားကြပြီး နှစ်ဦးသား တိတ်ဆိတ်နေကြသည်။
ခဏအကြာတွင် အစ်ကိုဖြစ်သူ ကျန့်ကျန့်ချူက ပြောလိုက်သည်။ “မနက်ဖြန်ကျရင်
မြို့အရှေ့ဘက်က ဆရာဝန်ကို သွားပင့်ရမယ်။ အဲဒါမှ
မထူးခြားဘူးဆိုရင်တော့ ယန်ကျိုးစံအိမ်တော်အထိ သွားပြီး
စိန့်ဝမ်အတွက် ဆေးကုသမှု ခံယူမှ ဖြစ်တော့မယ်။”
ကျန့်ကျန့်ချင်းက သက်ပြင်းချရင်း “အစ်ကိုကြီးရယ်... ကျွန်တော်လည်း အားနာလှပါပြီ။
အစ်ကိုကြီးနဲ့အတူ မလိုက်နိုင်ဘဲ ခွဲနေရတာ စိတ်မကောင်းဘူး။ စိန့်ဝမ်လေး
ခံစားနေရတာကို ကြည့်ပြီး...” ဟု ဆိုကာ ဘေးခန်းမှ လိုက်ကာကလေးကို
လှမ်းကြည့်လိုက်သည်။
ထိုအခန်းထဲတွင် ကျန့်ကျန့်ချင်း၏ ချွေးမဖြစ်သူက မြေးကလေး ကျန့်စိန့်ဝမ်ကို
ပြုစုနေသည်။ မြေးကလေးမှာ ခုနတင်ကမှ ငိုယိုကာ နိုးလာပြီး ယခုမှ
ပြန်၍ အိပ်ပျော်သွားခြင်း ဖြစ်သည်။
ကျန့်ကျန့်ချူတွင် အိမ်ထောင်ကျပြီးသား သမီးတစ်ယောက် ရှိသလို၊
ကျန့်ကျန့်ချင်းတွင်လည်း
မြို့အရှေ့ဘက်က မိသားစုနှင့် အိမ်ထောင်ကျထားသော
သားတစ်ယောက် ရှိသည်။ ထိုသားမှ မွေးဖွားလာသည့် ကလေးမှာ ယခု
ကျန့်စိန့်ဝမ် ဖြစ်၏။ တစ်ဦးတည်းသော မြေးဦးရတနာ ဖြစ်သဖြင့်
အဖိုးနှစ်ဦးလုံးက အလွန်အမင်း ချစ်ခင်ကြသလို ပညာကိုလည်း
စနစ်တကျ သင်ကြားပေးထားကြသည်။ ထိုကလေးမှာလည်း အလွန်ထက်မြက်ပြီး
စာပေအမြောက်အမြားကို ဖတ်ရှုပြီးစီးထားသူလည်း ဖြစ်သည်။
စိန့်ဝမ်လေးမှာ ဖခင်ဖြစ်သူထက်ပင် ထိုဆရာကြီးနှစ်ဦး၏ အမွေကို ဆက်ခံနိုင်စွမ်း ရှိသူ
ဖြစ်သည်။ သို့သော် လွန်ခဲ့သော ရက်အနည်းငယ်ကစ၍ ထိုကလေးမှာ မည်သည့်ရောဂါမှန်း မသိဘဲ
ဖျားနာနေခဲ့သည်။ ပထမနှစ်ရက်တွင် အိပ်ပျော်သွားတိုင်း ရုတ်တရက် အသက်ရှူကျပ်ကာ
နိုးလာတတ်သည်။ တစ်စုံတစ်ယောက်က မိမိ၏ လည်ပင်းကို ညှစ်ထားသကဲ့သို့
အိပ်မက်မက်သည်ဟု ကလေးက ပြောပြသည်။ မိသားစုဝင်များ ကြည့်လိုက်သောအခါတွင်လည်း
ကလေး၏ မျက်နှာမှာ ညိုမွဲနေသည်ကို တွေ့ရသည်။
ဆေးဝါးများစွာ ကုသသော်လည်း မထူးခြားဘဲ ကလေးမှာ ပို၍ ဝေဝေဝါးဝါး ဖြစ်လာသည်။
အိပ်မောကျနေစဉ် ငိုယိုကာ နိုးလာတတ်သည်မှာ ရေနစ်ရာမှ
လွတ်မြောက်လာသူကဲ့သို့ပင်။
“ဟူး...” ကျန့်ကျန့်ချူက ခေါင်းကို ခါယမ်းကာ သက်ပြင်းချလိုက်သည်။ “ငါတို့
စာပေပညာတွေကို ဖြန့်ဝေနေသရွေ့တော့ ဒီဘေးဒုက္ခကနေ
လွတ်မြောက်နိုင်မယ်လို့ ငါ ယုံကြည်ပါတယ်။”
ညီဖြစ်သူ ကျန့်ကျန့်ချင်းက ခေါင်းညိတ်လိုက်သော်လည်း ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေသော
ညဉ့်ဦးယံကို ပြတင်းပေါက်မှတစ်ဆင့် ငေးကြည့်နေမိသည်။
“ဒေါက်... ဒေါက်... ဒေါက်...”
ဝင်းကလေးအတွင်း တံခါးခေါက်သံ သုံးချက် ထွက်ပေါ်လာသည်။ တံခါးခေါက်သူ၏ လက်မှာ
အလွန်တည်ငြိမ်ပြီး အချက်တိုင်းမှာ စည်းချက်ကျလှသည်။
ဒီညဉ့်နက်သန်းခေါင်မှာ ဘယ်သူပါလိမ့်...။
ကျန့်ညီအစ်ကိုနှစ်ဦးလုံး သံသယဖြင့် ထရပ်လိုက်ကြစဉ် အပြင်ဘက်မှ အော်သံတစ်ခုကို
ကြားလိုက်ရသည်။ “ဆရာကြီး ကျန့်ကျန့်ချူ အိမ်မှာ ရှိပါသလားခင်ဗျာ။
ကျွန်တော် ဖန်းချန် လာတွေ့တာပါ။”
ဘယ်သူပါလိမ့်...။
သူတို့နှစ်ဦးလုံး အတူတကွ ထွက်လာပြီး တံခါးကို ဖွင့်လိုက်ကြသည်။
တံခါးကန့်လန့်ကျင်ကို ဖြုတ်လိုက်ရာ
ပြတင်းပေါက်မှ ထွက်ပေါ်နေသော အိမ်တွင်းမီးရောင်အောက်တွင် ငွေဆံထိုး
ထိုးထားကာ ဝတ်ရုံအမည်းကို ဆင်မြန်းထားသည့် အရပ်ရှည်ရှည်၊
မျက်လုံးတောက်ပတောက်ပနှင့် လူတစ်ယောက်
တံခါးဝတွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။
တစ်ဖက်လူ၏ ပုံစံကို မြင်လိုက်ရသောအခါ ကျန့်ကျန့်ချူ၏ မှတ်ဉာဏ်ထဲတွင် ပုံရိပ်တစ်ခု
ပေါ်လာတော့သည်။ သူက အံ့သြတကြီး မေးလိုက်သည်။
“ဖန်းလေး... မဟုတ်လား။”
…
ညဈေးတန်းမှ ပြန်လာသူအချို့ကို မေးမြန်းပြီးနောက် ဖန်းချန်သည် ဝေးလံသော
လမ်းကြားလေးတစ်ခုထဲတွင် ထိုညီအစ်ကိုနှစ်ဦး၏ အိမ်ကို
ရှာတွေ့ခဲ့သည်။ ပတ်ဝန်းကျင်ရှိ အိမ်များမှာလည်း အလားတူပင်
ဝင်းကလေးများဖြင့် ဖွဲ့စည်းထားပြီး လူအများအပြား
စုပေါင်းနေထိုင်ကြသည်။ အချို့အိမ်များတွင်မူ
မျိုးဆက်ငါးဆက်တိုင်အောင် အတူတကွ နေထိုင်နေကြသည်ကို
တွေ့ရသည်။ ၎င်းမှာ တိုင်းပြည်အေးချမ်း၍ လူဦးရေ တိုးပွားလာခြင်း၏ ပြယုဂ်ပင်
ဖြစ်၏။
ကျန့်ကျန့်ချူ၏ အိမ်တံခါးဝမှာ အနည်းငယ် ဟောင်းနွမ်းနေသဖြင့် ခုနက လူများ
ပြောပြခဲ့သည့် ရိုသေလေးစားမှုနှင့် မလိုက်ဖက်သကဲ့သို့
ရှိသော်လည်း၊ ဆရာကြီးများ၏ ဓလေ့စရိုက်နှင့်မူ အတော်လေး
လိုက်ဖက်လှသည်။ အိမ်ထဲမှ စိုးရိမ်တကြီး စကားပြောသံကို
ကြားရသဖြင့် ဖန်းချန် နေရာမှန်ကြောင်း သိလိုက်သည်။
သူသည် တံခါးကို သုံးချက် တိတိ ခေါက်လိုက်သည်။ ခဏအကြာတွင် လူနှစ်ယောက် ထွက်လာပြီး
တံခါးဖွင့်ပေးသည်။ တစ်ယောက်မှာမူ သူ တောင်ပေါ်မှ ဆင်းလာစဉ်က ဆုံခဲ့ဖူးသည့်
ကျန့်ကျန့်ချူပင် ဖြစ်၏။ သို့သော် အိမ်ဝင်းအတွင်းကို ကြည့်ရသည်မှာ
မြင်းလှည်းပိုင်ဆိုင်နိုင်သည့် အနေအထားမျိုး မဟုတ်ပေ။
ဖန်းချန် မသိသည်မှာ ထိုနေ့က ကျန့်ကျန့်ချူ စီးလာသော မြင်းလှည်းမှာ
မြို့အရာရှိတစ်ဦးထံမှ ခေတ္တငှားရမ်းလာခြင်း
ဖြစ်ကြောင်းပင်။ သို့သော် ကျန့်ကျန့်ချူ၏ ပုံစံမှာမူ အရင်အတိုင်းပင်
လန်းဆန်းနေဆဲ ဖြစ်သည်။ အခြားတစ်ယောက်မှာမူ သူ၏ညီဖြစ်သူ ကျန့်ကျန့်ချင်း
ဖြစ်ပေလိမ့်မည်။ သူတို့နှစ်ဦးမှာ ရုပ်ချင်းဆင်သော်လည်း
မျက်ခုံးကြားတွင်မူ စိုးရိမ်စိတ်များ လွှမ်းမိုးနေသည်ကို တွေ့ရသည်။
“ဖန်းလေး... မဟုတ်လား။”
ကျန့်ကျန့်ချူ၏ အံ့သြသံကို ကြားသောအခါ ဖန်းချန်က ပြုံး၍ ပြောလိုက်သည်။ “ကျွန်တော်
ဒီညဉ့်နက်ကြီးမှာ လာနှောင့်ယှက်မိတာကို ခွင့်လွှတ်ပေးပါ ဆရာကြီး။”
“ကြွပါ... ကြွပါ... အထဲကို ကြွပါ။ ဒါက ကျွန်တော့်ညီ ကျန့်ကျန့်ချင်းပါ...”
ဖန်းချန်ကို အထဲသို့ ဖိတ်ခေါ်ပြီးနောက် ကျန့်ကျန့်ချူက သူ၏ညီကို မိတ်ဆက်ပေးသည်။
“ဒါက ဖန်းချန်တဲ့။ သူက လောကီကျင့်စဉ်တွေကို တတ်မြောက်ထားသူ တစ်ယောက်ပါ။
ပြီးခဲ့တဲ့တစ်ခေါက် လုံအန်းစံအိမ်တော်က သူငယ်ချင်းဆီ သွားတုန်းက
အပြန်လမ်းမှာ ဆုံခဲ့ကြတာလေ။ စကားပြောလို့ အလွန်ကောင်းတဲ့
လူငယ်တစ်ယောက်ပါ။”
မိတ်ဆက်ပြီးနောက် ဖန်းချန်က တည့်တည့်ပင် မေးလိုက်သည်။ “ကျွန်တော် ဒီ
ဆင်းချင်းစံအိမ်တော်ကို ဖြတ်လာရင်းနဲ့ ဆရာကြီးတို့ရဲ့
မြေးလေး ရုတ်တရက် ထူးထူးဆန်းဆန်း ဖျားနာနေတယ်လို့ ကြားမိလို့ပါ။ ဒါကြောင့်
စိတ်ပူလို့ ဝင်လာကြည့်တာပါ။”
ကျန့်ကျန့်ချင်းမှာ မကြာသေးမီကပင် စိတ်ဖိစီးမှုများ အလွန်အမင်း ခံစားနေရသူဖြစ်ရာ
ဖန်းချန်ကို မြင်သောအခါ အားကိုးတကြီးဖြင့် အဖြစ်အပျက်အစုံအလင်ကို
ဖွင့်ဟပြောပြလေတော့သည်။ စကားပြောရင်း ဝမ်းနည်းစိတ်ကြောင့်
မျက်ရည်များ ဝဲလာသော်လည်း ယောက်ျားပီပီ ထိန်းထားနိုင်ခဲ့သည်။ ဘေးမှ
ကျန့်ကျန့်ချူကလည်း နှစ်သိမ့်စကား ပြောရှာသည်။
စိတ်သက်သာရာ ရသွားသောအခါ ကျန့်ကျန့်ချင်းမှာ အနည်းငယ် လန်းဆန်းလာပုံရသည်။ ထိုစဉ်
နောက်ခန်းမှ ကလေးငိုသံ ထပ်မံထွက်ပေါ်လာပြီး၊ အသက်ရှူကျပ်နေသည့် အသံနှင့်အတူ
အမျိုးသမီးတစ်ဦး၏ ချော့မြူသံများလည်း ကြားလိုက်ရသည်။
ထိုအသံကို ကြားသောအခါ ကျန့်ညီအစ်ကိုတို့၏ မျက်နှာမှာ ပို၍ ညှိုးငယ်သွားကြတော့သည်။
“ကျွန်တော့်ကို အထဲဝင်ပြီး တစ်ချက်လောက် ကြည့်ခွင့်ပေးပါဦးမလား။”
အခြေအနေကို မြင်လိုက်ရသောအခါ ဖန်းချန်က တည်ငြိမ်စွာဖြင့်
ခွင့်တောင်းလိုက်လေတော့သည်။