အခန်း (၁၀၃၁-၁၀၃၂)
Vol. 87 Ch. 1031-1032
အခန်း ၁၀၃၁ - နာ့နာ သူမ၏ စွမ်းအားကို ထပ်မံပြသခြင်းနှင့် အသက်တစ်ချောင်းကို ကယ်တင်ခြင်း
ဟွာချန်းရှို့၏ စောစီးစွာ ရောဂါရှာဖွေနိုင်မှုကြောင့်သာ ဘုရင်ကြီးသည် မကွယ်လွန်မီ အရာအားလုံးကို ကြိုတင်စီစဉ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုဟောကိန်းကြောင့်ပင် ဟွာချန်းရှို့သည် ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မိမိရှေ့ရှိ ဆရာဝန်မှာ ဟွာချန်းရှို့ဖြစ်ကြောင်း လော်ရယ် ကြားလိုက်ရသောအခါ သူမ လုံးဝစိတ်ဓာတ်ကျသွားတော့လေသည်။ အကယ်၍ ဟွာချန်းရှို့ကပင် သူမ၏မောင်လေးကို ကယ်မရတော့ဟု ပြောလျှင် သူသည် တကယ်ပင် ကုသ၍မရနိုင်တော့ပေ။
လော့ရယ်သည် နံရံကိုမှီကာ ပုံလျက်သားလဲကျသွားပြီး ခုနကမှ ပြန်လည်ပွင့်လန်းလာသော မျှော်လင့်ချက်အရောင်အဝါများမှာလည်း ပြန်လည်မှိန်ဖျော့သွားခဲ့၏။ ထိုအချိန်မှာပင် ရှောင်းယီသည် နာ့နာနှင့်အတူ လူနာခန်းတံခါးကိုဖွင့်ကာ အပြင်သို့ ထွက်လာခဲ့လေသည်။
ရှောင်းယီ လူနာခန်းထဲသို့ ဝင်သွားချိန်မှ ပြန်ထွက်လာချိန်အထိ နှစ်မိနစ်၊ သုံးမိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ထန်လော့နှင့် အခြားသူများမှာ စကားအနည်းငယ်သာ ပြောရသေးသည့် အချိန်ဖြစ်သည်။
“စိတ်မကောင်းစရာပဲ။ တကယ်ပဲ ကယ်မရတော့ဘူး ထင်တယ်။”
ထန်လော့က စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
ဟွာချန်းရှို့သည်လည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်၏။ ဟွာချန်းရှို့က သေဆုံးတော့မည်ဟု အတည်ပြုထားသောသူကို ရှောင်းယီဘေးရှိ စက်က နှစ်မိနစ်၊ သုံးမိနစ်အတွင်း ကယ်တင်နိုင်လိမ့်မည်ဟု မည်သူမျှ မယုံကြည်နိုင်ကြပေ။
လူတိုင်း သက်ပြင်းချနေသည်ကို မြင်သောအခါ ရှောင်းယီက မေးလိုက်သည်။
“ခင်ဗျားတို့ ဘာဖြစ်နေကြတာလဲ။ ဘာလို့ မျက်နှာမကောင်းကြတာလဲ။”
“ဟင်း...ကျုပ်တို့ ရော်ဂျာကို မသိပေမဲ့ သူ့ရဲ့ကွယ်လွန်မှုအတွက်တော့ တကယ်ပဲ ဝမ်းနည်းမိပါတယ်။”
ထန်လော့က ရှေ့သို့တက်ကာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ရှောင်းယီ အံ့အားသင့်သွား၏။
“ဟမ်...ရော်ဂျာ သေပြီလို့ ဘယ်သူပြောတာလဲ။ ငါ ကယ်ပြီးပြီလေ။ ကောင်းကောင်းအနားယူပြီးရင် အလွန်ဆုံး ဆယ်ရက်အတွင်းမှာ သူက ကျန်းမာသွက်လက်တဲ့ ကလေးတစ်ယောက် ပြန်ဖြစ်လာလိမ့်မယ်။”
လူတိုင်း ကြောင်အသွားကြ၏။
စိတ်ဓာတ်ကျနေသော လော့ရယ်သည် ထိုစကားကို ကြားကြားချင်း မြေပြင်ပေါ်မှ ချက်ချင်းခုန်ထပြီး ရှေ့သို့ပြေးကာ ရှောင်းယီ၏လက်မောင်းကို ဆွဲကိုင်၍ ထပ်မံအတည်ပြုလိုက်သည်။
“ရှင် ဘာပြောလိုက်တာလဲ။ ကျွန်မမောင်လေး မသေဘူးလား။ သူ အသက်ရှင်သေးတာလား။”
“မိန်းကလေး ကျေးဇူးပြုပြီး စိတ်မလှုပ်ရှားပါနဲ့။ စိတ်လှုပ်ရှားရင်လည်း ကိုယ့်လက်မောင်းကိုယ်ပဲ ဆွဲဆိတ်လိုက်ပါ။ ခင်ဗျားမောင်လေး နေကောင်းပါတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ အာဟာရပြည့်အောင်စားဖို့ လိုအပ်ပါတယ်။”
ရှောင်းယီက မျက်နှာရှုံ့မဲ့ရင်း ပြန်ဖြေလိုက်သည်။
“အထဲဝင်ကြည့်လို့ရပါတယ်။ ဒါပေမဲ့ သူ့ကို စကား အများကြီးပြောပါနဲ့ဦး။ သူ အနားယူဖို့ လိုသေးတယ်။”
ထိုအခါ လော့ရယ်သည် ရှောင်းယီ၏လက်မောင်းကို ချက်ချင်းလွှတ်လိုက်ပြီး အတွင်းသို့ ပြေးဝင်သွားတော့သည်။ သို့သော် လူနာခန်းထဲရောက်သောအခါ ကုတင်ပေါ်ရှိ မောင်လေး လန့်သွားမှာစိုးရိမ်သဖြင့် သူမ ပြန်လည်သတိထားလိုက်သည်။ ပြီးနောက် ရော်ဂျာ အသက်ရှူရပ်သွားသည်ကို မြင်တွေ့ရမည်ကိုလည်း သူမ ပို၍ကြောက်ရွံ့နေမိသည်။
ကုတင်ဘေးသို့ အသာအယာ ချဉ်းကပ်ကြည့်လိုက်ရာ ရော်ဂျာ၏ ရင်ဘတ်လေးမှာ အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် လော့ရယ် နောက်ဆုံး၌ စိတ်သက်သာရာရသွားတော့လေသည်။ အနည်းဆုံးတော့ ရော်ဂျာ အသက်ရှူနေသေး၏။
ထိုအချိန်မှာပင် ရော်ဂျာသည် မျက်လုံးများကို အမှတ်မထင် ဖွင့်ကြည့်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ အားနည်းနေသော်လည်း သူ၏မျက်လုံးများမှာ တောက်ပလျက်ရှိပေသည်။
“မမ နင် ရောက်နေတာလား။ ခုနကလူက ကျုပ်ရဲ့ ခဲအိုလောင်းလားဟင်။ သူ့မှာ ဘာလို့ ထူးဆန်းတဲ့စက်ကြီး ပါနေတာလဲ။ သူ ကုပေးနေတုန်းက ကျုပ် ဘာနာကျင်မှုမှ မခံစားရဘူး။”
ရော်ဂျာ၏ အသံကို ကြားလိုက်ရသောအခါ လော့ရယ်၏မျက်ဝန်း၌ မျက်ရည်များ ဝဲတက်လာခဲ့သည်။
“သူက မောင်လေးရဲ့ ကျေးဇူးရှင်ပဲ။ မမရဲ့ ကျေးဇူးရှင်လည်းဟုတ်တယ်။ ပြီးတော့ မမတို့ ကောင်းကင်မိုးကြိုး မင်းဆက်တစ်ခုလုံးရဲ့ ကျေးဇူးရှင်ပဲ။”
ရော်ဂျာက သွားလေးဖြဲကာ ပြုံးလိုက်၏။
“ခဲအို မဟုတ်ဘူးလား။ ဒါပေမဲ့ သူက ခဲအိုကောင်းတစ်ယောက် ဖြစ်လာမယ်လို့ ကျုပ် ထင်တယ်။”
“ဒီကလေးစုတ်လေး နင် အနားယူစမ်းပါ။ လျှောက်ပြောမနေနဲ့။”
လော့ရယ်က သူ့ကို မျက်စောင်းထိုးကာ ပြောလိုက်သည်။
လူနာခန်းအပြင်ဘက်၌ ကြောင်အသွားသော ဟွာချန်းရှို့မှာ နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့သည်။ သူသည် ရှောင်းယီကို မှင်တက်စွာ ကြည့်ရင်း မေးလိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း ခင်ဗျား နောက်နေတာ မဟုတ်တာ သေချာလား။”
“ကျုပ်က နောက်နေတဲ့ပုံ ပေါက်နေလို့လား။ ခင်ဗျားကိုယ်တိုင် ဝင်ကြည့်လို့ရတယ်။ ဒါပေမဲ့ ဆူညံသံတွေလုပ်ပြီး လူနာကိုတော့ သွားမနှောင့်ယှက်နဲ့။”
ရှောင်းယီက ဆိုသည်။
ဟွာချန်းရှို့သည် လူနာခန်းထဲသို့ ချက်ချင်းဝင်သွားခဲ့ပြီး ရော်ဂျာ မျက်လုံးပွင့်နေကာ လော်ရယ်နှင့် စကားပြောနေသည်ကို မြင်လိုက်ရလေသည်။ သူ၏ မျက်လုံးများမှာ အံ့သြလွန်း၍ ပြူးထွက်မတတ် ဖြစ်သွားခဲ့ရသည်။
“ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါ လုံးဝမဖြစ်နိုင်ဘူး။ သေအံ့ဆဲဆဲ လူတစ်ယောက်ကို ကယ်တင်ရတာ ဒီလောက်တောင် ရိုးရှင်းနေလို့လား။”
ဟွာချန်းရှို့ တတွတ်တွတ် ရေရွတ်နေမိတော့သည်။
ထိုစဉ် ရှောင်းယီနှင့် ထန်လော့တို့သည်လည်း အပြင်ဘက်မှ လူနာခန်းထဲသို့ လျှောက်ဝင်လာကြလေသည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း ခင်ဗျားရဲ့ ဒီစက်က တကယ် အံ့ဩဖို့ကောင်းတာပဲ။”
ထန်လော့က လေသံနှိမ့်နှိမ့်ဖြင့် မအောင့်နိုင်ဘဲ ရေရွတ်လိုက်မိသည်။
“ကျုပ်တို့ ရော်ဂျာကို တွေ့တုန်းက သူက သတိလစ်မေ့မြောနေတာ။ အခု ဒီလောက်မြန်မြန် နိုးလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
“ဒါက နည်းပညာရဲ့ စွမ်းအားပဲလေ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“မင်းတို့ မြင်ခဲ့ရတဲ့ အဆင့်မြင့်လက်နက်တွေ အပါအဝင် ဒါတွေအားလုံးက နည်းပညာတိုးတက်မှုကနေ ဆင်းသက်လာတာပဲ။”
ထန်လော့က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
ထိုစဉ် ဟွာချန်းရှို့က ရှေ့တက်လာပြီး လေသံတိုးတိုးဖြင့် လော့ရယ်၏ ခွင့်ပြုချက်ကို တောင်းခံလိုက်သည်။
“မိန်းကလေး မင်းရဲ့မောင်လေးကို ကျုပ် စမ်းသပ်ကြည့်လို့ ရမလား။”
လော့ရယ် အနည်းငယ် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
“ရပါတယ်။ ဒါပေမဲ့ သူအနားယူတာကိုတော့ မနှောင့်ယှက်ပါနဲ့။”
“စိတ်ချပါ။”
ဟွာချန်းရှို့က ပြန်ပြောပြီးနောက် ရှေ့တက်သွားကာ ရော်ဂျာ၏ ခန္ဓာကိုယ်ကို စတင်စမ်းသပ်တော့လေသည်။
နောက်ပိုင်းအချိန်များတွင် ဟွာချန်းရှို့က “ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ” ဟုသာ တတွတ်တွတ် ရေရွတ်နေခဲ့၏။ ခဏအကြာတွင် သူ၏ စမ်းသပ်မှုများကို ရပ်နားလိုက်တော့သည်။
အနားတွင်ရှိနေသော လော့ရယ်က ရှေ့တိုးကာ မေးလိုက်သည်။
“သမားတော်ဟွား ကျွန်မမောင်လေး အခြေအနေ အခု ဘယ်လိုရှိလဲ။”
“သူ့အခြေအနေက အခု အရမ်းကောင်းနေပါပြီ။ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး သတိလစ်နေခဲ့တဲ့သူနဲ့တောင် မတူတော့ဘူး။ တကယ်ကို မယုံနိုင်စရာပဲ။”
ဟွာချန်းရှို့က တုန်လှုပ်အံ့ဩနေသော မျက်နှာဖြင့် ပြောလိုက်သည်။
ထိုအခါမှသာ လော့ရယ် လုံးဝစိတ်အေးသွားတော့သည်။ အမှန်တော့ ရှောင်းယီက ရော်ဂျာကို ကယ်တင်ရန်အတွက် သူတို့တစ်ခါမှ မမြင်ဖူးသော အရာတစ်ခုကို အသုံးပြုခဲ့သဖြင့် သူမ၏ စိတ်ထဲတွင် သံသယအရိပ်အယောင်များ အနည်းငယ် ရှိနေခဲ့ခြင်းဖြစ်သည်။
ယခုအခါ ဟွာချန်းရှို့ကိုယ်တိုင် ပြဿနာမရှိကြောင်း အတည်ပြုလိုက်ပြီဖြစ်သဖြင့် စိုးရိမ်စရာ မရှိတော့ပေ။
ထိုအခါ ရှောင်းယီက စကားပြောလိုက်သည်။
“ပြဿနာမရှိတော့ဘူးဆိုရင် ကျုပ်တို့ သွားခွင့်ပြုပါဦး။ မင်းရဲ့ မောင်လေးကို ဒီရက်ပိုင်း အာဟာရပြည့်အောင် ဂရုစိုက်ကျွေးမွေးလိုက်ပါ။”
“ဟုတ်ကဲ့ပါ။ ကျေးဇူးအများကြီးတင်ပါတယ် မဟာမိတ်ခေါင်းဆောင်ရှောင်း။”
လော့ရယ်က ရိုသေစွာ ပြန်ဖြေလိုက်၏။ သူမသည် ခန့်ညားချောမောသော ရှောင်းယီကို ခိုးကြည့်ရင်း သူမ ဘာတွေတွေးနေသည်မသိသော်လည်း ပါးပြင်နှစ်ဖက်မှာ ပန်းရောင်သန်းကာ နီမြန်းလာခဲ့သည်။
ရှောင်းယီကမူ ထိုအရာကို သတိမထားမိဘဲ နာ့နာနှင့်အတူ လူနာခန်းထဲမှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
ဘေးတွင်ရှိနေသော ထန်လော့ကမူ ထိုအခြေအနေကို အကဲခတ်မိလိုက်၏။ သူ၏ မျက်လုံးများက အနည်းငယ် ဝေ့ဝဲသွားပြီးနောက် ရှောင်းယီနောက်သို့ လိုက်ပါသွားတော့သည်။
ရှောင်းယီ ဆေးရုံအပြင်သို့ လှမ်းထွက်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်က သူ့ကို လှမ်းခေါ်ကာ တားဆီးလိုက်၏။
“မဟာမိတ်ခေါင်းဆောင်ရှောင်း ခဏလောက် စောင့်ပါဦး။”
ဟွာချန်းရှို့က ဆေးရုံထဲမှ အမြန်ပြေးထွက်လာခဲ့သည်။ ရှောင်းယီ ဇဝေဇဝါဖြင့် ရပ်လိုက်၏။
“ဘာကိစ္စရှိလို့လဲ။ သမားတော်ဟွာမှာ မေးခွန်းထုတ်စရာရှိသေးလို့လား။”
သူက လှည့်မေးလိုက်သည်။ ဟွာချန်းရှို့က ချက်ချင်းပင် ရိုသေစွာဖြင့် ပြောလိုက်သည်။
“ကျုပ် မဝံ့ရဲပါဘူး။ ကျုပ် သိချင်တာက ဒီစက်က ရော်ဂျာကို ဘယ်လိုနည်းနဲ့ ကယ်တင်လိုက်တာလဲ ဆိုတာပါပဲ။”
“အဲဒီမေးခွန်းကိုတော့ ကျုပ် မဖြေတတ်ဘူး။ ခင်ဗျား နာ့နာကိုပဲ မေးကြည့်လိုက်ပါ။ အကယ်၍ ခင်ဗျားအနေနဲ့ ဆေးပညာဗဟုသုတတွေ ဖလှယ်ချင်တယ်ဆိုရင်တော့ ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ ဆေးရုံကို လာလည်လို့ရပါတယ်။ အဲ့ဒီမှာဆိုရင် သီအိုရီပိုင်းဆိုင်ရာ အသိပညာတွေကို ပိုပြီး လေ့လာနိုင်ပါလိမ့်မယ်။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ။ ခင်ဗျားတို့ဆီကနေ သင်ယူဖို့အတွက် ကျုပ် သေချာပေါက် လာခဲ့ပါ့မယ်။”
ဟွာချန်းရှို့က ရိုသေစွာ ဆိုလိုက်သည်။
“အင်း... အဲ့ဒီအချိန်ကျရင် တိုင်းရင်းဆေးဌာနက စွန်းယောင်ကို ခင်ဗျားကို ဧည့်ခံပေးဖို့ ကျုပ် စီစဉ်ပေးမယ်။ ခင်ဗျားတို့နှစ်ယောက် ပြောစရာတွေ အများကြီးရှိမယ်လို့ ကျုပ် ယုံကြည်တယ်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
လန်ဖုန်းအင်ပါယာ၏ ဆေးပညာမှာ တရုတ်တိုင်းရင်းဆေးပညာနှင့် တော်တော်လေး ဆင်တူသဖြင့် သူတို့အချင်းချင်း တူညီသောအချက်များစွာ ရှိလိမ့်မည်ဖြစ်သည်။
ရှောင်းယီ၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် ဟွာချန်းရှို့သည် ရှောင်းယီ၏အချိန်ကို ဆက်မယူတော့ဘဲ ဆေးရုံသို့ ပြန်ဝင်သွားခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်က တဖြည်းဖြည်း မှောင်လာပြီဖြစ်သည်။
ဤနေရာရှိ ကိစ္စရပ်များမှာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဖြစ်သဖြင့် ရှောင်းယီသည် သူ၏ မြို့ပြန်ကျောက်ကို ထုတ်ယူကာ တည်နေရာကူးပြောင်းခြင်း အစီအရင်ဖြင့် တိုက်ရိုက်ပြန်သွားလိုက်တော့သည်။
ရှောင်းယီ ထွက်ခွာသွားပြီး မကြာမီမှာပင် လော့ရယ်သည် ရှောင်းယီနှင့် တွေ့ဆုံခွင့်တောင်းရန် တောင်ကုန်းနောက်ဘက်သို့ ကိုယ်တိုင်ပြေးလာခဲ့၏။
“စိတ်မကောင်းပါဘူး။ ကျုပ်တို့ရဲ့ ကျွန်းပိုင်ရှင်က ပြန်သွားပါပြီ။ အကယ်၍ မိန်းကလေးမှာ ပြောစရာရှိရင် ကျုပ်တို့ကတစ်ဆင့် ပြောပေးလို့ ရပါတယ်။”
တည်နေရာကူးပြောင်းခြင်း အစီအရင်အနီးရှိ စစ်သားက ပြန်ဖြေလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ ကျွန်မ သူပြန်လာတဲ့အထိပဲ စောင့်လိုက်ပါ့မယ်။”
လော့ရယ်က စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလိုက်လေသည်။
အခန်း ၁၀၃၂ - ထန်လော့ အခြေအနေကို နားလည်သွားခြင်းနှင့် မင်းသမီး၏ ဝေဝေဝါးဝါး ပြောကြားချက်
လော့ရယ် လှည့်ထွက်သွားလိုက်၏။ အစီအရင် အနီးရှိ စစ်သည်မှာမူ သူမကို ကြောင်တောင်တောင်ဖြင့် ကြည့်ကာ ကျန်ရစ်ခဲ့လေသည်။ သူမသည် တစ်မျိုးထူးဆန်းနေသည်ဟု ခံစားရသော်လည်း ထိုစစ်သည်မှာ ဘာမှ ထပ်မပြောတော့ပေ။
လော့ရယ် အနောက်ဘက် တောင်ကုန်းသို့ ရောက်ရှိလာသည်ကို မြင်သောအခါ ထန်လော့ သူမကို ကြိုဆိုရန် ရှေ့တက်လာပြီး ပြုံးကာ ပြောလိုက်သည်။
“မစ္စလော်ရယ် ကျုပ်တို့ရဲ့ အရှင်မင်းကြီးနဲ့ တိုင်ပင်ပြီးပါပြီ။ ခင်ဗျားတို့ရဲ့ ကောင်းကင်မိုးကြိုး မင်းဆက်က ကျုပ်တို့ရဲ့ လေပြာအင်ပါယာဆီကို သံတမန်တွေ စေလွှတ်ဖို့ စီစဉ်ထားပြီးပြီလို့ ပြောပါတယ်။ မကြာခင်မှာ ကျုပ်တို့ နှစ်နိုင်ငံကြား ကုန်သွယ်ရေးလမ်းကြောင်း ပေါ်ပေါက်လာတော့မှာဆိုတော့ ကျုပ်တို့ ခဏလောက် စကားပြောလို့ ရမလား။”
“ရတာပေါ့။ အမှန်အတိုင်းပြောရရင် ကျွန်မလည်း ရှင့်ရဲ့ လေပြာအင်ပါယာနဲ့ ယီရန်ပင်းမဟာမိတ် အကြောင်းကို ပိုသိချင်နေတာပါ။”
လော့ရယ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
သူတို့နှစ်ဦးသည် မြို့ထဲရှိ ဘားတစ်ခုသို့ ရောက်ရှိလာပြီး ထိုင်လိုက်ကြလေသည်။ ထိုအချိန်တွင် ဘားတစ်ခုလုံးကို ရှင်းလင်းထားပြီးဖြစ်ရာ ထန်လော့နှင့် လော့ရယ် နှစ်ဦးတည်းသာ ရှိတော့သည်။
အနီးရှိ လေပြာအင်ပါယာမှ စစ်သည်တစ်ဦးက ဘီယာတစ်ခွက်နှင့် သစ်သီးဖျော်ရည်တစ်ခွက်ကို ယူဆောင်လာပေးခဲ့လေသည်။ ထန်လော့က ဘီယာကို တစ်ငုံသောက်လိုက်ပြီး ခက်ခက်ခဲခဲ မျိုချကာ ပြောလိုက်သည်။
“ဒီက ဘီယာက တကယ် သောက်ရခက်တာပဲ။”
သူ့စကားကို ကြားသောအခါ လော့ရယ်တစ်ယောက် မျက်ခုံးပင့်လိုက်မိ၏။
“ပင်လယ်ဓားပြအုပ်စုတွေက ဘီယာချက်တဲ့နေရာမှာ အရမ်း စေ့စပ်သေချာကြတယ်။ ပြီးတော့ ဒီဝံပုလွေနီ ပင်လယ်ဓားပြအဖွဲ့က နာမည်ကြီး ပင်လယ်ဓားပြတွေပဲ။ ဒီက ဘီယာကို အရသာရှိတယ်လို့ သတ်မှတ်ရမှာမဟုတ်လား။”
ထန်လော့က ခေါင်းခါပြီး ပြန်ပြောလိုက်သည်။
“ဒါက မင်း ယီရန်ပင်းမဟာမိတ်က ဘီယာကို မမြည်းစမ်းဖူးသေးလို့ပါ။ အကယ်၍ မင်းသာ ယီရန်ပင်းမဟာမိတ်က ဘီယာကို မြည်းစမ်းဖူးရင် ဒီမှာချက်တဲ့ ဘီယာက ဘယ်လောက်တောင် ညံ့ဖျင်းသလဲဆိုတာ သိသွားပါလိမ့်မယ်။”
ထန်လော့က ထိုသို့ပြောရင်းဖြင့် ဘီယာခွက်ကို ဘေးသို့ တွန်းပို့လိုက်၏။ သူ တကယ်ပင် ရွံရှာနေသည်ကို မြင်သောအခါ လော့ရယ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ယီရန်ပင်းမဟာမိတ်က ဘီယာက တကယ်ပဲ အဲ့ဒီလောက် ကောင်းလို့လား။”
“ဒါပေါ့။ မင်းလည်း ယီရန်ပင်းမဟာမိတ်ကို သွားပြီး ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။”
ထန်လော့က ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒါနဲ့ မင်းက ကောင်းကင်မိုးကြိုး မင်းဆက်မှာ ဘယ်လိုရာထူးကို တာဝန်ယူထားတာလဲ။ တကယ်လို့ မင်း မပြောချင်ဘူးဆိုရင်လည်း ကျုပ် အတင်းအကျပ် မမေးပါဘူး။”
“မဟာမိတ်ခေါင်းဆောင် ရှောင်းက ကျွန်မမောင်လေးရဲ့ အသက်ကိုတောင် ကယ်ထားတာပဲ။ ကျွန်မမှာ ဘာဖုံးကွယ်ထားစရာ ရှိတော့မှာလဲ။”
လော့ရယ်က ဖျော်ရည်ကို တစ်ငုံသောက်လိုက်ရင်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။
နောက်ပိုင်းတွင် လော့ရယ်က သူမ၏ အကြောင်းစုံကို အကုန်ပြောပြလိုက်တော့သည်။
လော့ရယ်သည် ကောင်းကင်မိုးကြိုး မင်းဆက်၏ မင်းသမီး တစ်ဦး ဖြစ်၏။ သူမ၏မောင်ဖြစ်သူ ရော်ဂျာမှာ ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်နေစဉ် ဝံပုလွေနီ ပင်လယ်ဓားပြများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရလေသည်။ ဝံပုလွေနီ ပင်လယ်ဓားပြများသည် သင်္ဘောအမြောက်အမြားနှင့် လက်နက်များကို တောင်းဆိုခဲ့ပြီး မည်သည့် လိုက်လျောမှုမျိုးမှ မလုပ်ခဲ့ပေ။
ပုံမှန်အားဖြင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် ပင်လယ်ဓားပြများနှင့် ကောင်းကင်မိုးကြိုး မင်းဆက်ကြားတွင် ရွေးနုတ်ဖိုးကို အတည်ပြုရန် ညှိနှိုင်းမှုများ အကြိမ်ကြိမ် လုပ်ရလေ့ရှိသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ဝံပုလွေနီ ပင်လယ်ဓားပြများသည် ရော်ဂျာ၏ အထောက်အထားကို သိနေပုံရ၏။ သူတို့သည် ကောင်းကင်မိုးကြိုး မင်းဆက်ကို ဈေးဆစ်ခွင့်မပေးဘဲ ရွေးနုတ်ဖိုးကို အသေအချာ သတ်မှတ်ခဲ့လေသည်။
ဝံပုလွေနီ ပင်လယ်ဓားပြများ တောင်းဆိုသော ပမာဏမှာ အလွန်ကြီးမားလှသဖြင့် ကောင်းကင်မိုးကြိုး မင်းဆက်အနေနှင့် ရော်ဂျာကို လဲလှယ်ရန် ထိုပမာဏကို ပေးဆောင်ရန် မဖြစ်နိုင်ခဲ့ပေ။ ထိုအချိန်တွင် ကောင်းကင်မိုးကြိုး မင်းဆက်အတွင်း၌ သဘောထားနှစ်မျိုး ကွဲပြားသွားခဲ့သည်။
တစ်မျိုးမှာ ရော်ဂျာကို ကယ်တင်ရန်အတွက် ဝံပုလွေနီ ပင်လယ်ဓားပြများကို တိုက်ခိုက်ရန်ဖြစ်ပြီး နောက်တစ်မျိုးမှာ ရော်ဂျာသည် နိုင်ငံအတွက် အသက်ပေးသွားခဲ့ပြီဟု မှတ်ယူကာ ယခုကိစ္စကို မဖြစ်ခဲ့သလိုမျိုး သဘောထားလိုက်ရန်ဖြစ်သည်။
လော့ရယ်သည် ပထမအဆိုကို အခိုင်အမာ ထောက်ခံခဲ့သော်လည်း အခြားတစ်ဖက်မှ ...
“အကယ်၍ မင်း ဝံပုလွေနီ ပင်လယ်ဓားပြတွေကို တိုက်ခိုက်ဖို့ ရွေးချယ်မယ်ဆိုရင် မင်းရဲ့ ကိုယ်ပိုင်တပ်ကို စုစည်းပြီး သွားလို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကတော့ တိုက်ခိုက်ဖို့ ငြင်းဆန်တယ်။ ငါတို့ရဲ့ ကောင်းကင်မိုးကြိုး မင်းဆက် စစ်သည်တွေကို လူတစ်ယောက်အတွက်နဲ့ အသေမခံနိုင်ဘူး။” ဟု ဆိုခဲ့ကြ၏။
ထိုစကားကို ကြားသောအခါ လော့ရယ်က ပြတ်သားစွာ ထရပ်ပြီး “ငါကိုယ်တိုင် စစ်တပ်ကို ဦးဆောင်သွားမယ်။” ဟု ပြောခဲ့သည်။
ထို့နောက် ဘာဆက်ဖြစ်သလဲဆိုသည်ကို ထန်လော့က အခြေခံအားဖြင့် သိသွားခဲ့ပြီဖြစ်သည်။ လော့ရယ်က အကြမ်းဖျင်းသာ ရှင်းပြခဲ့သော်လည်း ထန်လော့က ကိစ္စရပ်တစ်ခုလုံး၏ အနက်အဓိပ္ပာယ်ကို နားလည်သွားခဲ့၏။
“မင်းက မင်းသမီးတစ်ပါး ဖြစ်နေလိမ့်မယ်လို့ ကျုပ် မထင်ထားမိဘူး။ ရိုင်းပျမိတာရှိရင် ခွင့်လွှတ်ပါ။”
ထန်လော့က ဦးညွှတ်ကာ ပြောလိုက်သည်။
လော့ရယ်က လက်ကာပြကာ သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။
“မင်းသမီးတဲ့လား။ ကျွန်မက သာမန်လူတစ်ယောက်ပါပဲ။ အကယ်၍ ဒီတစ်ခေါက် ရော်ဂျာကို မကယ်တင်နိုင်ခဲ့ရင် ကျွန်မရဲ့ ကိုယ်ပိုင်ကံကြမ္မာကိုတောင် ကျွန်မ ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး။”
ထန်လော့သည် ထိုကိစ္စတွင် နောက်ကွယ်မှ ဖုံးကွယ်ထားသော အကြောင်းရင်းများ ရှိနေနိုင်သည်ဟု ခံစားမိသော်လည်း လော့ရယ်ကိုယ်တိုင်က မပြောသဖြင့် သူကလည်း ထပ်မမေးတော့ပေ။
ထန်လော့သည် ရှောင်းယီ သူ့ကို ပေးအပ်ထားသည့် တာဝန်ကိုလည်း မမေ့လျော့ပေ။ သူသည် လော့ရယ်ဆီမှ အုတ်မြစ်ကျောက် အကြောင်း စတင်ပြောဆိုလာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သူဘက်က အလျင်စလို စတင်ပြောဆိုလိုက်ပါက တစ်ဖက်လူက သံသယဝင်ကာ သတိထားသွားနိုင်ပေသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် လော့ရယ်က မေးလိုက်သည်။
“ရှင် ကျွန်မကို ယီရန်ပင်းမဟာမိတ်အကြောင်း ပြောပြလို့ ရမလား။”
“ရတာပေါ့။ ယီရန်ပင်းမဟာမိတ်ဆိုတာက ပြင်ပကမ္ဘာက လာတဲ့သူတွေရဲ့ မဟာမိတ်တစ်ခုပဲ။ ဒါပေမဲ့ သူတို့မဟာမိတ်ထဲမှာ ကျုပ်တို့လို ဒေသခံတွေ အများကြီးရှိသလို မတူညီတဲ့ မျိုးနွယ်စုတွေတောင် အခြေချနေထိုင်ကြတယ်။”
ထန်လော့က မိတ်ဆက်ပေးလိုက်သည်။လော့ရယ်တစ်ယောက် အံ့အားသင့်သွား၏။
“မတူညီတဲ့ မျိုးနွယ်စုတွေက သူတို့မဟာမိတ်ထဲမှာ အခြေချနေထိုင်ကြတာလား။ ပဋိပက္ခတွေနဲ့ အငြင်းပွားမှုတွေ မရှိဘူးလား။”
“မရှိပါဘူး။ သူတို့မဟာမိတ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေက တကယ့်ကို ပြီးပြည့်စုံလွန်းတယ်။”
ထန်လော့က ခေါင်းခါကာ ပြောလိုက်သည်။
“ဒါ့အပြင် ယီရန်ပင်းမဟာမိတ်ထဲမှာ အဆင့်မြင့်အစားအစာတွေလည်း အများကြီးရှိတယ်။ ကျုပ်တို့ ဘယ်လောက်ပဲ ဝယ်ချင်ဝယ်ချင် သူတို့က အလုံအလောက် ထောက်ပံ့ပေးနိုင်တယ်။”
“အများကြီး ဟုတ်လား။”
လော့ရယ် ပို၍ အံ့သြသွားခဲ့၏။
“ရှင်တို့ကရော ဘယ်လောက်ဝယ်လိုက်တာလဲ။”
“တကယ်တော့ အဲ့လောက်လည်း မများပါဘူး။ တန်ချိန် တစ်သောင်းကျော်လောက်ပါပဲ။”
ထန်လော့က ပြုံးကာ ပြန်ဖြေလိုက်သည်။
“တန်ချိန် တစ်သောင်းကျော်တောင် ဟုတ်လား။ ဒါဆိုရင် အဲ့ဒီအစားအစာတွေရဲ့ အဆင့်က သိပ်မမြင့်လောက်ဘူးမဟုတ်လား။”
လော့ရယ်က သိချင်စိတ်ဖြင့် မေးလိုက်ပြန်သည်။
“ဘယ်သူက အဆင့်မမြင့်ဘူးလို့ ပြောတာလဲ။ သာမန်အဆင့်ကနေ SSS အဆင့်အထိ အဆင့်စုံရှိတယ်။”
ထန်လော့က ရှင်းပြလိုက်ရာ လော့ရယ်မှာ မှင်သက်သွားတော့သည်။
ထန်လော့က သူမကို တစ်ချက်ကြည့်ပြီး ဆက်ပြောလိုက်သည်။
“ယီရန်ပင်းမဟာမိတ်မှာ အဆင့်မြင့်အစားအစာတွေ အများကြီးရှိပေမဲ့ ကုန်သွယ်တဲ့အခါ ငွေကြေးနှစ်မျိုးပဲ လက်ခံတယ်။”
“ဘယ်နှစ်မျိုးလဲ။”
လော့ရယ်က မေးလိုက်သည်။
“အုတ်မြစ်ကျောက်ရယ်၊ သူတို့မဟာမိတ်ရဲ့ ကိုယ်ပိုင် ဒစ်ဂျစ်တယ်ငွေကြေးရယ်ပဲ။”
ထန်လော့က ပြန်ဖြေလိုက်သည်။
“အုတ်မြစ်ကျောက်လား။”
လော့ရယ်က မျက်မှောင်ကြုတ်ကာ ပြန်လည်ရေရွတ်လိုက်သည်။
ယီရန်ပင်းမဟာမိတ်၏ ကိုယ်ပိုင်ငွေကြေးကို အသုံးပြုရခြင်းအပေါ် သူမ မအံ့သြပေ။ မည်သည့်မဟာမိတ်မဆို မိမိကိုယ်ပိုင်ငွေကြေးကို လက်ခံကြသည်မှာ သဘာဝပင်။
ထန်လော့က ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်။ မင်းသမီးတို့ရဲ့ ကောင်းကင်မိုးကြိုး မင်းဆက်မှာ ဒါတွေ မရှားဘူး မဟုတ်လား။”
“မရှားပါဘူး။ ဒါပေမဲ့ အခု အုတ်မြစ်ကျောက်တွေကို မြို့စား၊ နယ်စား အထက်တန်းလွှာ မိသားစုတွေအကြား ခွဲဝေထားကြတာ။ နိုင်ငံတော်ဘဏ္ဍာတိုက်ထဲမှာတော့ အုတ်မြစ်ကျောက်ပေါင်း တစ်ထရီလီယံအောက်ပဲ ကျန်တော့မယ် ထင်တယ်။”
လော့ရယ်က ခေါင်းခါရင်း ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ ထန်လော့၏ စိတ်မှာ လှုပ်ရှားသွားပြီး “ဒီကောင်းကင်မိုးကြိုး မင်းဆက်က တကယ့် ဖောက်သည်ကြီးပဲ” ဟု စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။
“တကယ်လို့ မင်းသမီးတို့မှာ အုတ်မြစ်ကျောက် မလုံလောက်ဘူးဆိုရင်လည်း မင်းသမီးတို့နိုင်ငံက ထွက်တဲ့ သတ္တုတွေကို ရောင်းပြီး ယီရန်ပင်းမဟာမိတ်ရဲ့ ငွေကြေးကို ရယူနိုင်တယ်။ အခု သူတို့က သတ္တုတွေကို အကြီးအကျယ် ဝယ်ယူနေတယ်။”
ထန်လော့က ဆက်ပြောလိုက်သည်။ လော့ရယ်က ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။
“ယီရန်ပင်းမဟာမိတ်က လက်နက်တွေ အကုန်လုံးကို အပြင်ကို ရောင်းလား။”
“အကုန်လုံးတော့ မဟုတ်ဘူးပေါ့။ ဥပမာ အခု သူတို့သုံးနေတဲ့ ကျည်အိမ်မလဲဘဲ ကျည်ဆန် အတောင့် ၄၀ ဆက်တိုက် ပစ်လို့ရတဲ့ ကာဘိုင်ရိုင်ဖယ်မျိုးကိုတော့ လောလောဆယ် အပြင်ကို မရောင်းသေးဘူး။ ဒါပေမဲ့ နောင်ကျရင်တော့ ရောင်းမှာပါ။ နောက်ပြီး မင်းသမီးတို့ရဲ့ သင်္ဘောကို တိုက်ခိုက်ခဲ့တဲ့ အရှိန်ပြင်းတဲ့ စက်ယန္တရားကြီးဖြစ်တဲ့ တိုက်လေယာဉ်တွေလည်း ရှိသေးတယ်။”
ထန်လော့က ပြုံးကာ ပြန်ဖြေလိုက်သည်။
လော့ရယ်က နားလည်ကြောင်း ပြသသည့်အနေဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်၏။ မိမိတို့မဟာမိတ်၏ လက်နက်အသာစီးရမှုကို ထိန်းသိမ်းရန်အတွက် အဆင့်အမြင့်ဆုံး လက်နက်အားလုံးကို အပြင်သို့ မရောင်းချခြင်းမှာ သဘာဝကျပေသည်။
“ဒါပေမဲ့... တစ်စုံတစ်ယောက်က မဟာမိတ်ခေါင်းဆောင် ရှောင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိမယ်ဆိုရင်တော့ အဲ့ဒီ လက်နက်ခဲယမ်းအသစ်တွေကို ရနိုင်ရင် ရနိုင်လောက်တယ်။”
ထန်လော့က အဓိပ္ပာယ်ပါပါ ပြောလိုက်၏။
လော့ရယ်မှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် ထန်လော့ ဘာကို ဆိုလိုသည်ကို နားလည်သွားတော့လေသည်။