အခန်း (၁၀၃၃-၁၀၃၄)
Vol. 87 Ch. 1033-1034
အခန်း ၁၀၃၃ - လော့ရယ် ထွက်ခွာလိုခြင်းနှင့် မသေမျိုးမျိုးနွယ်စုကို ပိတ်ဆို့ခြင်း
လော့ရယ်က သူမ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ဒီကကိစ္စတွေ အားလုံး ပြီးသွားပြီဆိုတော့ ကျွန်မ မနက်ဖြန် ကောင်းကင်မိုးကြိုးမင်းဆက်ကို ပြန်ဖို့ စီစဉ်ထားတယ်။ ကျွန်မကို ထွက်ခွာခွင့် ပြုနိုင်မလား။”
“ဒါပေါ့... ကျွန်တော်တို့ကြားက နားလည်မှုလွဲတာတွေလည်း ပြေလည်သွားပြီဆိုတော့ မင်းသမီး ကြိုက်တဲ့အချိန်မှာ ထွက်ခွာနိုင်ပါတယ်။”
ထန်လော့က ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ မင်းသမီးရဲ့မောင်လေး အခြေအနေက ခရီးဝေးသွားဖို့ သိပ်မသင့်တော်သေးဘူး ထင်တယ်။”
လော့ရယ်က ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။
“အဲ့ဒါကြောင့်လည်း ကျွန်မမှာ တစ်ကိုယ်ကောင်းဆန်တဲ့ တောင်းဆိုချက်တစ်ခု ရှိပါတယ်။ ကျွန်မမောင်လေးကို ဒီမှာ ခဏလောက် နားနားနေနေ နေခွင့်ပြုဖို့ မျှော်လင့်ပါတယ်။”
“ပြဿနာမရှိပါဘူး။”
ထန်လော့က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
“ကျေးဇူးပြုပြီး စိတ်ချလက်ချ ထားခဲ့ပါ။”
လော့ရယ်က ပြုံးလိုက်၏။
“ကျွန်မမောင်လေးကို အသက်ရှင်အောင် ကယ်တင်ပေးခဲ့တာလည်း ရှင်တို့ပဲလေ။ အဲ့ဒါကြောင့် သူ့ကို ရှင်တို့နဲ့ ထားခဲ့ရတာက ကျွန်မအတွက် စိတ်အေးရပါတယ်။ ဒါပေမဲ့...”
လော့ရယ် ခဏတန့်သွားပြီးမှ ဆက်ပြောလိုက်သည်။
“တကယ်လို့ ကျွန်မ ပြန်မလာနိုင်ခဲ့ရင် ရော်ဂျာ့ကို လေပြာအင်ပါယာမှာ ဆက်ပြီးနေထိုင်ခွင့်ပြုဖို့ မျှော်လင့်ပါတယ်။”
ထိုစကားကို ကြားသောအခါ ထန်လော့ အံ့အားသင့်သွားခဲ့လေသည်။
ပြန်မလာနိုင်ဘူး ဟုတ်လား။
ဤသည်မှာ လေပြာအင်ပါယာနှင့် ယီရန်ပင်းမဟာမိတ်တို့၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိပေ။ သူမသည် မဖြစ်မနေ ပြန်သွားရမည်ဖြစ်ပြီး ကောင်းကင်မိုးကြိုးမင်းဆက်၏ မင်းသမီးအဖြစ် ရာထူးကို အခိုင်အမာ ရယူရမည်ဖြစ်သည်။
“ကျုပ် နည်းနည်း အတင့်ရဲပြီး မေးပါရစေ။ မင်းသမီး အခက်အခဲ တစ်ခုခုနဲ့ ရင်ဆိုင်နေရလို့လား။”
ထန်လော့က မေးလိုက်သည်။
“ကျုပ်တို့က ပူးပေါင်းဆောင်ရွက်နေတဲ့ ဆက်ဆံရေးရှိတာပဲလေ။ ကျုပ်တို့ ကူညီပေးနိုင်တာရှိရင် တိုက်ရိုက်ပြောလို့ရပါတယ်။”
ထန်လော့၏ စကားကို ကြားသောအခါ လော့ရယ်၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်အရိပ်အယောင်တစ်ခု ဖြတ်ခနဲ ပေါ်လာသော်လည်း ခဏချင်းပင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
သူမ၏ အရေးကိစ္စများမှာ အလွန်ရှုပ်ထွေးလှ၏။ လေပြာအင်ပါယာတစ်ခုတည်းနှင့် အများကြီး အကူအညီမရနိုင်ပေ။
တကယ်လို့ အဲ့ဒီ အစွမ်းထက်တဲ့ အပြင်လူသာ ပါဝင်ကူညီမယ်ဆိုရင်ကော။
မျှော်လင့်ချက် အနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း အခွင့်အလမ်းက အလွန်နည်းပါးလှသည်။ ထို့အပြင် ထိုအပြင်လူအနေဖြင့် ဤကဲ့သို့ ဒုက္ခများလှသော ကိစ္စများတွင် ပါဝင်ပတ်သက်ရန်လည်း အကြောင်းပြချက်မရှိပေ။
“ကောင်းပါပြီ။ တကယ်လို့ လိုအပ်လာရင် ကျွန်မ ပြောပါ့မယ်။”
လော့ရယ်က အတင်းအကျပ် ပြုံးရင်း ပြန်ဖြေလိုက်သည်။
ထန်လော့သည်လည်း အလွန်အမင်း စိတ်အားထက်သန်နေပုံမျိုး မပြလိုသဖြင့် “မင်းသမီးမှာ လိုအပ်ချက် တစ်ခုခုရှိရင် ငါတို့ကို အသိပေးပါ။” ဟုသာ ပြောနိုင်တော့လေသည်။
“သေချာပေါက် ပြောမှာပါ။”
ထိုအချိန်တွင် သူ၏ အိပ်ခန်းသို့ ပြန်ရောက်နေပြီဖြစ်သော ရှောင်းယီသည် အနီရောင်ဝံပုလွေ ပင်လယ်ဓားပြများ၏ စခန်းတွင် ကျန်ရှိနေခဲ့သော သူ၏ လက်အောက်ငယ်သားထံမှ မက်ဆေ့ဂျ်တစ်ခု ရရှိခဲ့လေသည်။
“ကျွန်းပိုင်ရှင် ခုနက လော့ရယ် အရှင့်ကို လာရှာသွားတယ်။”
ထိုမက်ဆေ့ဂျ်ကို မြင်လိုက်ရသောအခါ ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားပြီး ပြန်လည် အကြောင်းပြန်လိုက်သည်။
“ကောင်းပြီ။ ငါ သိပြီ။”
သူမသည် သူ့ကို ကျေးဇူးတင်ချင်နေခြင်း ဖြစ်ရပေမည်။ သူ မနက်ဖြန်မှသာ သွားကြည့်လိုက်တော့မည်။
တစ်ဖက်လူ၏ လက်ထဲတွင် အုတ်မြစ်ကျောက်များ ရှိနေသော်လည်း သူသည် သူမကိုသာ တစ်ချိန်လုံး ဗဟိုပြုပြီး လှည့်ပတ်နေ၍ မရဘူး မဟုတ်ပါလော။
ထိုသို့ တွေးတောရင်း ရှောင်းယီသည် ကုတင်ပေါ်တွင် လဲလျောင်းကာ ယီထျန်းဂရုချတ်အတွင်းရှိ မက်ဆေ့ဂျ်များကို စတင် ဖတ်ရှုတော့လေသည်။
“ကံကောင်းလို့...။ သူဌေးက သတ္တုတွေ ရအောင်လုပ်ပေးနိုင်လို့ပဲ။ မဟုတ်ရင် ငါတို့ မဟာမိတ်အဖွဲ့က ရထားတဲ့ လက်နက်ပုံစံခွက်တွေနဲ့ လက်နက်တွေ ထုတ်လုပ်နိုင်မှာ မဟုတ်ဘူး။”
“ဟုတ်တယ်။ ငါတို့ မဟာမိတ်အဖွဲ့လည်း ပစ္စတိုပုံစံခွက်တစ်ခု ရထားတာ။ သူဌေးသာ မရှိရင် အဲ့ဒီပုံစံခွက်ကို ကြည့်ပြီး သက်ပြင်းပဲ ချနေရတော့မယ်။”
“အားလုံးပဲ လက်နက်ပုံစံခွက်တွေ ရထားကြတာလား။ ငါတို့ မဟာမိတ်အဖွဲ့ကျမှ ဘာလို့ လက်နက်ပြင်း ပုံစံခွက်တစ်ခုမှ မရတာလဲ။”
“အဲ့ဒါက မင်းတို့ မဟာမိတ်အဖွဲ့ ကံဆိုးလို့ပဲနေမှာပေါ့။”
“လူတိုင်း တစ်ခုခုတော့ ရထားကြပုံပဲ။”
“တကယ်တော့ သူဌေးက ဒီလောက်များတဲ့ သတ္တုတွေကို ဘယ်ကနေ ရတာလဲဆိုတာ ငါ ပိုသိချင်နေတာ။”
“အရင်က ပြောဖူးပြီးသားပဲ မဟုတ်ဘူးလား။ သူဌေးက ဒေသခံ အင်အားစုတွေနဲ့ ကုန်သွယ်ပြီး ရလာတာလေ။”
“ညီအစ်ကို... ငါ ငတုံးမဟုတ်ပါဘူးကွာ။ ငါလည်း ဒေသခံ အင်အားစုတစ်ခုနဲ့ ပြေလည်အောင် လုပ်ထားတာပဲ။ ဒေသခံတွေဆီမှာရှိတဲ့ သတ္တုက အကန့်အသတ်ရှိတယ်။ အဲ့လောက် အများကြီး ထောက်ပံ့ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
“အဲ့ဒါက မင်းတွေ့တဲ့ ဒေသခံ အင်အားစုက သေးလွန်းလို့နေမှာပေါ့။ သူဌေးတွေ့တဲ့ အဖွဲ့နဲ့ မင်းတွေ့တဲ့အဖွဲ့က အဆင့်ချင်း တူပါ့မလား။”
“ဟမ့်... ငါတို့ မဟာမိတ်အဖွဲ့နဲ့ တွေ့ခဲ့တာက အင်ပါယာတစ်ခုပဲ။ ငါ သူတို့နဲ့ ဆက်သွယ်ပြီးပြီ။ သတ္တုအရင်းအမြစ် အကြွယ်ဝဆုံး နေရာက လေပြာအင်ပါယာတဲ့။ ဒါပေမဲ့ သူဌေး ထုတ်ပေးနေတဲ့ သတ္တုပမာဏက လေပြာအင်ပါယာမှာ ရှိတဲ့ သတ္တုစာရင်းထက်တောင် သေချာပေါက် သာလွန်နေပြီ။”
“ဝိုး... အပေါ်ကလူကလည်း ဆရာကြီးတစ်ယောက်ပဲဟ။ အင်ပါယာတစ်ခုနဲ့တောင် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်တယ်ဆိုတော့ အထင်ကြီးစရာပဲ။”
“ဟုတ်တယ်။ အင်ပါယာတစ်ခုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်တဲ့ ဘယ်မဟာမိတ်အဖွဲ့မဆို အဲ့ဒီအင်ပါယာနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အင်အားရှိနေပြီဆိုတာ သေချာတယ်။”
“ငါတို့ မဟာမိတ်အဖွဲ့ကျတော့ ဘာလို့ ဒေသခံအင်အားစုတွေနဲ့ ငြိမ်းချမ်းရေး မဆွေးနွေးနိုင်ရတာလဲ။”
“ဒါကတော့ အားကျနေလို့ မရဘူးလေ။ ဒေသခံတွေ ငါတို့ အပြင်လူတွေအပေါ် ထားတဲ့ သဘောထားအပြင် အရေးကြီးဆုံးက ကိုယ့်မဟာမိတ်အဖွဲ့ရဲ့ အင်အားကို ကြည့်ရတာပဲ။ တကယ်လို့ မဟာမိတ်ရဲ့ အင်အားက တစ်ဖက်လူကို လုံးဝ ဖိနှိပ်ထားနိုင်ရင် သူတို့ကို အညံ့ခံခိုင်းလို့ ရတယ်။”
“မှန်တယ်။ အဲ့ဒါကြောင့် ငါတို့ အပြင်လူတွေအပေါ် ရန်မလိုတဲ့ ဒေသခံအင်အားစုနဲ့ ဆုံပါစေလို့ ဆုတောင်းရုံပဲ ရှိတော့တယ်။ ဒါမှမဟုတ်လည်း ကိုယ့်မဟာမိတ်အဖွဲ့ အင်အားတောင့်တင်းလာအောင် အစွမ်းကုန် ကြိုးစားရမှာပဲ။”
“ငါတို့ မဟာမိတ်အတွက်ကတော့ ပထမအချက်ကမှ ပိုပြီး ဖြစ်နိုင်ခြေ ရှိတယ်လို့ထင်တယ်။”
“ဟုတ်တယ်။ မဟာမိတ်အင်အား မြှင့်တင်ဖို့ဆိုတာ ပြောသလောက် မလွယ်ဘူး။”
“ငါ့မှာ နည်းလမ်းတစ်ခုရှိတယ်။ အုတ်မြစ်ကျောက် ၅၀၀ ပေးရင် ပြောပြမယ်။”
“ဒီလို လိမ်နည်းမျိုးက ခေတ်နောက်ကျကျန်ခဲ့တာ ကြာလှပြီ။ မင်းက အခုထိ သုံးနေတုန်းလား။”
“မင်းပြောမယ့် နည်းလမ်းက သူဌေးရှောင်းယီဆီက တိုက်ရိုက်ဝယ်လိုက်ပါလို့ ပြောမှာ မဟုတ်လား။”
“အိုင်ယား... ညီအစ်ကိုရာ အကျယ်ကြီး မပြောပါနဲ့လား။ ငါက ဒါလေးနဲ့ အုတ်မြစ်ကျောက် အနည်းအကျဉ်းလောက် ရှာမလို့ဟာကို။”
“ချီး...မင်း လူလိမ်ပဲ။ ဒီနည်းလမ်းကို ဘယ်သူက မသိဘဲ နေလို့လဲ။”
“ဟားဟားဟား...အမြဲတမ်း အရူးလုပ်ခံရတဲ့လူကတော့ ရှိစမြဲပဲလေ။”
“ဒီည ဘယ်လို အသက်ရှင်အောင် နေရမလဲဆိုတာပဲ စဉ်းစားကြရအောင်။ ဒီနေ့နေ့လယ်က မသေမျိုးမျိုးနွယ်စုရဲ့ တိုက်ခိုက်မှုက ဟိုတစ်စ ဒီတစ်စပဲ ရှိပေမဲ့ ညဘက်ကျရင်တော့ ပြင်းထန်လာဦးမှာပဲ။”
“မှန်တယ်။ ဒီည မသေမျိုးတွေရဲ့ တိုက်ခိုက်မှု အရှိန်အဟုန် ထပ်မတိုးလာဖို့ မျှော်လင့်ရတာပဲ။”
“ဟုတ်တယ်။ မနေ့ညက တိုက်ခိုက်မှုက အရင်ထက် ပြင်းထန်ပေမဲ့ ငါတို့ ခုခံနိုင်သေးတယ်။ တကယ်လို့ ဒီထက် ပိုပြီးပြင်းထန်လာရင်တော့ တောင့်ခံနိုင်ဖို့ မလွယ်တော့ဘူး။”
ထိုဆွေးနွေးမှုများကို မြင်သောအခါ ရှောင်းယီသည် အန်းယွဲ့ထံ ချက်ချင်း ဖုန်းဆက်ပြီး မေးလိုက်သည်။
“စမ်းသပ်မှုအတွက် သုံးနေတဲ့ ကျွန်းပတ်လည်က အသစ်တိုးချဲ့ထားတဲ့ နေရာတွေကို ရှင်းလင်းပြီးပြီလား။”
“အားလုံး ရှင်းပြီးပါပြီ။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
အသစ်တိုးချဲ့ထားသော မြေကွက်လပ်များပေါ်တွင် အရုဏ်တက်ချိန်၌ ပစ္စည်းများ အသစ်ပြန်လည်ဖြစ်ပေါ်လာခြင်းသည် ပုံသေမဟုတ်ဘဲ ကျပန်းသာ ဖြစ်သည်။ တစ်ခါတစ်ရံ ဘာပစ္စည်းမှ ထွက်မလာသည်မျိုးလည်း ရှိတတ်၏။
အကယ်၍ ပစ္စည်းများ ထွက်မလာခဲ့လျှင် အန်းယွဲ့အနေနဲ့ လူလွှတ်ပြီး နေရာယူထားရန် စီစဉ်ရမည်ဖြစ်သည်။ အကြောင်းမှာ အသစ်တိုးချဲ့ထားသော မြေလွတ်များကို နေရာမယူထားပါက ထိုနေရာများတွင် လေဟာနယ်တံခါးများ ကျပန်း ဖြစ်ပေါ်လာနိုင်သောကြောင့် ဖြစ်သည်။
ရှောင်းယီ၏ ရည်ရွယ်ချက်မှာ လေဟာနယ်တံခါးအားလုံးကို နေရာတစ်ခုတည်းမှာ စုထားပြီး ပေါ်လာစေချင်ခြင်းဖြစ်ရာ အခြားမြေလွတ်များကို အလွတ်မပေးထားနိုင်ပေ။
အန်းယွဲ့ထံမှ အားလုံး အဆင်ပြေကြောင်း ကြားရသောအခါ ရှောင်းယီ စိတ်အေးသွားပြီး ဖုန်းကို ဘေးချကာ အနားယူလိုက်တော့သည်။
နောက်တစ်နေ့ မနက်စောစောတွင် ရှောင်းယီသည် မနက်ခင်း ကျင့်ကြံခြင်းကို အဆုံးသတ်ပြီးနောက် မနေ့ညက မသေမျိုးမျိုးနွယ်စု၏ တိုက်ခိုက်မှု အခြေအနေကို အရင်မေးမြန်းလိုက်လေသည်။
“အစ်မရွှဲ့... မနေ့က မသေမျိုးတွေရဲ့ တိုက်ခိုက်မှု အရှိန်အဟုန် ထပ်တိုးလာသေးလား။”
အောက်ထပ်တွင် မနက်စာစားရင်း ရှောင်းယီက ကျန်းရွဲ့ကို မေးလိုက်သည်။ ကျန်းရွှဲ့က အနည်းငယ် စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“အဲ့ဒါက ပြောဖို့ခက်တယ်။ ဘာလို့လဲဆိုတော့ သူတို့က လေဟာနယ်တံခါးထဲက ထွက်လာကတည်းက ကျွန်မတို့ရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကို တစ်ချိန်လုံး ခံနေရတာလေ။”
“ကောင်းပြီ။ လေဟာနယ်တံခါး အသစ်တွေကော ထပ်ပေါ်သေးလား။”
ရှောင်းယီက ဆက်မေးလိုက်သည်။
“ပေါ်လာတယ်။ မင်း စီစဉ်ထားတဲ့ နေရာမှာပဲ ကွက်တိပေါ်လာတာ။”
ကျန်းရွှဲ့က ပြန်ဖြေလိုက်သည်။
“အဲ့ဒီနေရာက သီးခြားကျွန်းငယ်လေး ဖြစ်နေတော့ ကျွန်မတို့အတွက် ခုခံရတာ အရမ်း အဆင်ပြေတယ်။”
ကုန်ပေါ်ရှိ လေဟာနယ်တံခါးများမှ ထွက်ပေါ်လာသော မသေမျိုး စစ်တပ်များသည် ကြည်းတပ်များသာ ဖြစ်ကြရာ ၎င်းတို့အနေဖြင့် ပင်မကျွန်းကြီးသို့ ကျူးကျော်ရန်အတွက် ပင်မကျွန်းကြီးနှင့် ဆက်သွယ်ထားသော မီတာအနည်းငယ်သာ ကျယ်ဝန်းသည့် လမ်းကျဉ်းလေးကိုသာ ဖြတ်သန်းနိုင်ပေသည်။
ထိုလမ်းကျဉ်းလေးကိုလည်း မြို့ရိုးဖြင့် ပိတ်ဆို့ထားပြီးဖြစ်ကာ မြို့ရိုးပေါ်တွင် အင်အားကြီးမားသော စစ်တပ်များဖြင့် စောင့်ကြပ်လျက် ရှိပေသည်။
အခန်း ၁၀၃၄- ဒက်စတ်အီးဂဲလ် ပုံစံခွက်နှင့် သေနတ်လက်ဆောင်ပေးခြင်း
မသေမျိုးမျိုးနွယ်စု စစ်တပ်သည် ပင်လယ်ကိုဖြတ်ကာ ကျွန်းများကို မကျူးကျော်နိုင်ပေ။ ထို့ပြင် ဤလေဟာနယ်တံခါးရှိရာ ကျွန်းကိုလည်း သံချပ်ကာစစ်သင်္ဘော အများအပြားက ဝန်းရံထားလေသည်။
မသေမျိုးတစ်ကောင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သံချပ်ကာစစ်သင်္ဘောများပေါ်မှ အမြောက်ကျည်များက ချက်ချင်းဆိုသလို ပျံဝဲရောက်ရှိလာမည်ဖြစ်သည်။
ထို့အပြင် အထက်ကောင်းကင်မှလည်း လေကြောင်းခံတပ်တစ်ခုက စောင့်ကြည့်နေပြီး အကယ်၍ အမြောက်ဒဏ်မှ လွတ်မြောက်သွားသည့် ပစ်မှတ်များရှိပါက လေကြောင်းခံတပ်က ဗုံးများ ချက်ချင်းကြဲချမည်ဖြစ်သည်။ သတ်မှတ်ထားသော ကိုဩဒိနိတ်များအတိုင်း ဗုံးကြဲခြင်းဖြစ်သဖြင့် တိကျမှုမှာ အလွန်မြင့်မားလှပေသည်။
တစ်ချိန်တည်းမှာပင် ရေငုပ်သင်္ဘောတစ်စင်းကလည်း ထိုလေဟာနယ်တံခါးကျွန်းပတ်ပတ်လည်ရှိ ရေပြင်တွင် ကင်းလှည့်စောင့်ကြပ်နေ၏။ ထိုကျွန်း၏ ကျည်း၊ ရေ၊ လေ ခုခံကာကွယ်မှုမှာ အရပ်မျက်နှာအနှံ့မှ လုံခြုံနေသည်ဟု ဆိုနိုင်ပြီး မသေမျိုးမျိုးနွယ်စုများအနေဖြင့် ဤကာကွယ်ရေးစည်းကို ဖောက်ထွက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ မသေမျိုးတွေကို ခုခံဖို့ကိစ္စကို အစ်မတို့ဆီပဲ လွှဲထားခဲ့မယ်။ ကျုပ် ဝံပုလွေနီပင်လယ်ဓားပြတွေရဲ့ အသိုက်ဟောင်းဆီ တစ်ခေါက်သွားဖို့ လိုသေးတယ်။ အဲဒီမှာ အုတ်မြစ်ကျောက်တွေ အများကြီးရနိုင်ခြေရှိတယ်။”
“ဟုတ်ကဲ့။ စိတ်ချပါ ကျွန်းပိုင်ရှင်။”
ကျန်းရွှဲ့က ချက်ချင်းပင် ပြန်လည်ဖြေကြားလိုက်သည်။
နံနက်စာစားပြီးနောက် ရှောင်းယီ စိတ်ထဲမှ ရေရွတ်လိုက်တော့သည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - ကန္တာရလင်းယုန် ပုံစံခွက် (SS အဆင့်) ၁။”
ထိုဆုလာဘ်ကို မြင်လိုက်ရသောအခါ ရှောင်းယီမှာ ဝမ်းသာတစ်ဝက်၊ နောင်တတစ်ဝက် ဖြစ်သွားရ၏။
သူဝမ်းသာရခြင်းမှာ ကန္တာရလင်းယုန်သည် သေနတ်ပစ်ဂိမ်းများတွင် မကြာခဏပါဝင်လေ့ရှိပြီး အလွန်ကျော်ကြားသော ပစ္စတိုတစ်လက်ဖြစ်သောကြောင့်ပင်။ သူနောင်တရမိသည်မှာ သူ၏လက်ထဲတွင် ခြောက်လုံးပြူး ပုံစံခွက် ရှိနှင့်ပြီးသားဖြစ်ရာ နောက်ထပ် ပစ္စတိုပုံစံခွက်တစ်ခုမှာ အနည်းငယ် ပိုလျှံနေသလို ဖြစ်နေခြင်းကြောင့်ပင်။
နီးကပ်သော အကွာအဝေးတွင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်သည့် လက်နက်များအနေဖြင့် ဤသေနတ်နှစ်မျိုးစလုံး၏ အခန်းကဏ္ဍမှာ ထပ်တူကျလုနီးပါး ဖြစ်နေလေသည်။ ရှောင်းယီ အခုလက်ရှိ အမှန်တကယ် လိုအပ်နေသည်မှာ စက်သေနတ်များကဲ့သို့ ရန်သူကို ဖိနှိပ်ပစ်ခတ်နိုင်မည့် လက်နက်များသာ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တိုက်လေယာဉ်များတွင်လည်း စက်သေနတ်များ တပ်ဆင်ရန် လိုအပ်နေသေးသည်။
ရှောင်းယီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်ပြီး မြို့တော်ပြန်ကျောက်ကို အသုံးပြုလိုက်၏။ မကြာမီ ရှောင်းယီ၏ ပုံရိပ်မှာ ဝံပုလွေနီပင်လယ်ဓားပြမြို့၏ နောက်ဘက်ရှိ တောင်နံရံအတွင်း၌ ထွက်ပေါ်လာတော့သည်။
ရှောင်းယီ ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေပြာအင်ပါယာ၏ စစ်သားများက တွေ့ရှိသွားပြီး ထန်လော့ထံ သတင်းပို့လိုက်ကြ၏။ ထန်လော့သည် ထိုအချိန်တွင် ကျွန်း၏ ဆိပ်ကမ်းတွင် လောရယ်ကို လိုက်လံပို့ဆောင်နေခြင်းဖြစ်သည်။
သူသည် ရွက်လွှင့်ရန် ပြင်ဆင်နေသော လော့ရယ်ကို ချက်ချင်းပင် လှမ်းခေါ်လိုက်ကာ ပြောလိုက်သည်။
“ခဏစောင့်ပါဦး။ မဟာမိတ်ခေါင်းဆောင်ရှောင်း ရောက်လာပြီထင်တယ်။”
ထန်လော့၏ စကားကို ကြားသောအခါ လော့ရယ်၏ မျက်လုံးများ တောက်ပသွားပြီး ဆိပ်ကမ်းမှ ထွက်ခွာရန် ပြင်နေသော သင်္ဘောကို ရပ်တန့်ရန် အမိန့်ပေးလိုက်၏။ ထို့နောက် ထန်လော့က ရှောင်းယီထံသို့ ဖုန်းချက်ချင်း ခေါ်လိုက်တော့သည်။
ထိုအချိန်တွင် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်ပေါ်တွင် ကန္တာရလင်းယုန်နှစ်လက်နှင့် ၎င်းနှင့်သက်ဆိုင်သော ကျည်အိမ် ၅ ခုကို ထုတ်လုပ်လိုက်သည်။ သူသည် ကျန်းယွင်ထျန်းကို ဖုန်းခေါ်ပြီး သေနတ်အသစ်ကို အတူတူ စမ်းသပ်ရန် ခေါ်ဖို့ပြင်နေစဉ်မှာပင် ဖုန်းမှ အသံမြည်လာ၏။ ခေါ်ဆိုသူအမည်မှာ ထန်လော့ဖြစ်နေသည်ကို မြင်သောအခါ သူက ချက်ချင်းကိုင်လိုက်သည်။
“စစ်သူကြီးထန် ဒီလောက်စောစောကြီး ဘာကိစ္စရှိလို့လဲ။”
“မဟာမိတ်ခေါင်းဆောင်ရှောင်း မင်းသမီးလော့ရယ်က ပြန်ဖို့ပြင်နေပါပြီ။ ခင်ဗျား သူ့ကို လိုက်ပို့ချင်သေးလားလို့ပါ။”
ထန်လော့က မေးလိုက်သည်။
“ဟမ်...ပြန်တော့မလို့လား။”
ရှောင်းယီ အနည်းငယ် ကြောင်အသွား၏။
“ဘာလို့ ဒီလောက်အစောကြီး ပြန်ရတာလဲ။”
“သူ့မောင်လေးက ကယ်တင်ခံလိုက်ရပြီလေ။ အသက်အန္တရာယ်လည်း မရှိတော့ဘူးဆိုတော့ သူ ပြန်ဖို့ ဆုံးဖြတ်လိုက်တာပါ။”
ထန်လော့က ရှင်းပြလိုက်သည်။
“ဒါ့အပြင် မနေ့က ကျုပ် သူနဲ့ စကားပြောဖြစ်ခဲ့သေးတယ်။ သူတို့နိုင်ငံရဲ့ အတွင်းရေးအခြေအနေက နည်းနည်း ရှုပ်ထွေးပုံရတယ်။ ဒါပေမဲ့ ဒီကောင်းကင်မိုးကြိုးမင်းဆက်မှာ အုတ်မြစ်ကျောက်တွေ အများကြီး ရှိနေနိုင်တာကတော့ ငြင်းလို့မရတဲ့ အချက်ပဲ။”
မူလက သတင်း၏ ပထမပိုင်းကို ကြားသောအခါ ရှောင်းယီက ဝင်မပါတော့ရန် ဆုံးဖြတ်ထားသော်လည်း နောက်ဆုံးစာကြောင်းကို ကြားလိုက်ရချိန်တွင်မူ သူ၏ စိတ်ဝင်စားမှုများမှာ ပြန်လည် နိုးကြားလာခဲ့လေသည်။
“ကောင်းပြီ။ ငါလည်း သူ့ကို လိုက်ပို့ပေးရတာပေါ့။”
ရှောင်းယီက ထိုသို့ပြောပြီးနောက် ဖုန်းချလိုက်လေသည်။
ဖုန်းချပြီးသည်နှင့် ရှောင်းယီသည် အပြင်ဘက်ရှိ ဆိပ်ကမ်းဆီသို့ လျှောက်ခဲ့၏။ လမ်းတွင် သူသည် ကျန်းယွင်ထျန်းထံသို့ ဖုန်းခေါ်လိုက်သည်။
“အစ်ကိုကျန်း မင်း ဘယ်မှာလဲ။”
ရှောင်းယီက မေးလိုက်သည်။
“ငါ ဆိပ်ကမ်းမှာ မင်းကို စောင့်နေတယ်။ မင်း ဒီကိုလာမယ်ဆိုတာ သိလို့ ဒီမှာပဲ စောင့်နေလိုက်တာ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“အိုကေ။ အဲ့ဒီမှာပဲ စောင့်နေလိုက်တော့။ ငါ့ဆီမှာ မင်းစမ်းကြည့်ဖို့ သေနတ်အသစ်တစ်လက် ပါလာတယ်။”
ရှောင်းယီက ပြောပြီးသည်နှင့် ဖုန်း တန်းချလိုက်တော့သည်။
သို့သော် ကျန်းယွင်ထျန်းမှာမူ ရင်ထဲ၌ ကြောင်ကုပ်နေသကဲ့သို့ တယားယား ဖြစ်ကျန်ခဲ့လေသည်။ ရှောင်းယီသည် စကားစလေးပေးပြီးမှ ဖုန်းချသွားခြင်းမှာ သူ့ကို အငမ်းမရဖြစ်အောင် တမင်လုပ်လိုက်သကဲ့သို့ပင်။
ကျန်းယွင်ထျန်း ဂနာမငြိမ်ဖြစ်နေစဉ်မှာပင် ရှောင်းယီသည် ဆိပ်ကမ်းသို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့တော့လေသည်။ ကျန်းယွင်ထျန်းသည် ချက်ချင်းဆိုသလို ပြေးကြိုပြီး အလောတကြီး မေးတော့သည်။
“သေနတ်အသစ်က ဘယ်မှာလဲ။ အရင်ကြည့်ပါရစေဦး။”
“မင်းကလည်း ဘယ်လောက်တောင် စိတ်လောနေတာလဲ။ ခဏစောင့်ဦး။”
ရှောင်းယီသည် ကျန်းယွင်ထျန်းကို ကျော်ဖြတ်ကာ ကမ်းခြေဘက်သို့ လျှောက်သွားလိုက်၏။ ထိုစဉ် ထန်လော့က လျှောက်လာပြီး နှုတ်ဆက်လိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း မင်္ဂလာနံနက်ခင်းပါ။”
အနီးအနားတွင် ရပ်နေသော လော့ရယ်သည်လည်း ကျော့ရှင်းသော ခြေလှမ်းများဖြင့် ရှောင်းယီ၏အနားသို့ တိုးလာကာ နှုတ်ခွန်းဆက်လိုက်၏။
“မင်္ဂလာနံနက်ခင်းပါ မဟာမိတ်ခေါင်းဆောင်ရှောင်း။”
“ဘာလို့ ဒီလောက် အလျင်စလို ပြန်ရတာလဲ။”
ရှောင်းယီက မေးလိုက်သည်။
“ကျွန်မတို့ မင်းဆက်အတွင်းမှာ အခြေအနေတွေက နည်းနည်း ရှုပ်ထွေးနေလို့ပါ။ ကိစ္စတချို့ကို ကိုင်တွယ်ဖို့ ကျွန်မ အရင်ဆုံး ပြန်သွားဖို့ လိုအပ်နေတယ်။”
လော့ရယ်က ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ပြလိုက်၏။
“အင်း... ကောင်းပါပြီ။ ငါ့လက်ထဲမှာ ပေးစရာ သိပ်မရှိတာနဲ့ ဒီပစ္စတိုလေးပဲ လက်ဆောင်ပေးပါရစေ။ မင်းကိုယ်မင်း ကာကွယ်ဖို့အတွက် သုံးလို့ရတာပေါ့။”
ရှောင်းယီ ထုတ်ပေးလိုက်သော ငွေရောင်တလက်လက် တောက်ပနေသည့် ပစ္စတိုကို မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်းဆီမှ ချက်ချင်းပင် အာမေဍိတ်သံ ထွက်လာ၏။
“ကန္တာရလင်းယုန်ပဲ...။”
ရှောင်းယီက သူ့ကို လက်မထောင်ပြလိုက်သည်။
“တကယ့် ပညာရှင်ပီသပါပေတယ်။ တစ်ချက်ကြည့်ရုံနဲ့ သိသွားတော့တာပဲ။”
“နောက်ထပ် ရှိသေးလား။ ငါ့ကို စမ်းကြည့်ခွင့်ပေးပါဦး။”
ကျန်းယွင်ထျန်းက ရှောင်းယီ၏ ချီးမွမ်းမှုကို ဂရုမစိုက်ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။
ရှောင်းယီက နောက်ထပ်တစ်လက်ကို ထုတ်ယူကာ လှမ်းပစ်ပေးလိုက်သည်။ ကျန်းယွင်ထျန်းက ဖမ်းယူလိုက်ပြီးနောက် သေနတ်ကို စတင်ကိုင်တွယ် စမ်းသပ်တော့သည်။
အနီးအနားရှိ လမ်းညွှန်ဆိုင်းဘုတ်တစ်ခုကို ကြည့်ရင်း ကျန်းယွင်ထျန်းသည် လက်ထဲမှ ကန္တာရလင်းယုန်ကို မြှောက်ကာ ဆိုင်းဘုတ်တိုင်ကို ပစ်မှတ်ထားပြီး တစ်ချက် ပစ်လိုက်သည်။
ဒိုင်း
လူကြီးတစ်ယောက်၏ လက်ကောက်ဝတ်ခန့် အထူရှိသော ဆိုင်းဘုတ်တိုင်မှာ ချက်ချင်းပင် ပျက်စီးသွားတော့သည်။
ထန်လော့၊ လော့ရယ်နှင့် အနီးနားရှိ ဒေသခံစစ်သားများအားလုံး ကျန်းယွင်ထျန်း၏ လက်ထဲမှ ပစ္စတိုကို အံ့အားသင့်စွာ ကြည့်မိလိုက်ကြသည်။ ဤပစ္စတိုလေးမှာ ဤမျှ ပြင်းထန်သော စွမ်းအားရှိလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။
“အမဲလိုက်ပစ္စတိုဆိုတဲ့ နာမည်နဲ့ တကယ်ထိုက်တန်တာပဲ။ စွမ်းအားက တကယ်ကို ကြောက်စရာပဲ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။ သူက လော့ရယ်၏ လက်ထဲရှိ ကန္တာရလင်းယုန်ကို ကြည့်ပြီး ဆက်ပြောလိုက်သည်။
“ဒီလိုသေနတ်မျိုးက အရမ်းလေးပြီး ခါယမ်းမှုလည်း ပြင်းတယ်။ တကယ်တော့ အမျိုးသမီးတွေနဲ့ သိပ်မကိုက်ညီဘူး။ ဒါပေမဲ့ မင်းသမီးရဲ့ ရုပ်ခန္ဓာအဆင့်က မြင့်တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။”
ကျန်းယွင်ထျန်း၏ သတိပေးစကားကို ကြားသောအခါ ရှောင်းယီက လော့ရယ်ကို အမူအရာပြကာ ပြောလိုက်လိုက်သည်။
“မင်းလည်း စမ်းကြည့်လိုက်ပါ။ သတိတော့ထားနော်။ ဒီသေနတ်က ပစ်လိုက်ရင် နောက်ပြန်ကန်တဲ့အားက အရမ်းပြင်းတယ်။”
လော့ရယ်က ခေါင်းညိတ်ပြလိုက်သည်။
ရှောင်းယီက ဘေးနားရှိ ကျန်းယွင်ထျန်းကို ကြည့်လိုက်၏။
“မင်း သူ့ကို ဘယ်လိုသုံးရမလဲဆိုတာ မသင်ပေးတော့ဘူးလား။”
“ကိုယ့်အလုပ်ကိုယ်လုပ်စမ်းပါ။ ဒီကန္တာရလင်းယုန်ကို လက်ဆောင်ပေးနေတာ ငါမှ မဟုတ်တာ။”
ကျန်းယွင်ထျန်းက ပြန်ဖြေပြီး ဘေးသို့လျှောက်သွားကာ လက်ထဲမှ သေနတ်ကိုသာ ဆက်လက် စမ်းသပ်နေတော့သည်။
ရှောင်းယီက ခေါင်းခါလိုက်ပြီး လော့ရယ်၏ အနားသို့ လျှောက်သွားလိုက်လေသည်။ သူက အကျဉ်းချုပ် ရှင်းပြလိုက်သောအခါ လော့ရယ်မှာ မည်သို့အသုံးပြုရမည်ကို ချက်ချင်းနားလည်သွားတော့သည်။ သူတို့၏ ကောင်းကင်မိုးကြိုးမင်းဆက်တွင်လည်း ဖလင့်လော့ခ်ပစ္စတို များ ရှိခဲ့ဖူးသည်မဟုတ်ပါလော။
လော့ရယ်သည် ကျန်းယွင်ထျန်း ပစ်ထား၍ ကျိုးနေသော တိုင်ကိုပင် ထပ်မံချိန်ရွယ်ကာ နောက်ထပ်တစ်ချက် ပစ်လိုက်ပြန်သည်။
ဒိုင်း
သစ်စများ လွင့်စင်သွား၏။ လော့ရယ်သည် ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်သွားခဲ့လေသည်။
သူမ ယခင်က သေနတ်များကို သုံးဖူးသော်လည်း စွမ်းအားကို ခဏထားဦး၊ တိကျမှုမှာ ဤမျှ မမြင့်မားခဲ့ပေ။
ယခုမူ ဤပစ္စတိုကို ပထမဆုံးအကြိမ် သုံးခြင်းဖြစ်သော်လည်း မီတာ ၅၀ အကွာမှ တိုင်ကို တိတိကျကျ ထိမှန်ခဲ့လေသည်။
ပစ္စတို၏ ပြင်းထန်လှသော နောက်ပြန်ကန်အားမှာမူ S အဆင့်ရှိသော လော့ရယ်အတွက်တော့ အမှန်တကယ် ပြဿနာမဟုတ်ပေ။
‘ဒီလောက် စွမ်းအားကြီးတဲ့ သေနတ်ကို သူက ငါ့ကိုယ်ငါ ကာကွယ်ဖို့အတွက် ဒီတိုင်းပဲ ပေးပစ်လိုက်တာလား။’
လော့ရယ်၏ ရင်ထဲတွင် တုန်လှုပ်မှုနှင့် ခံစားချက်လှိုင်းတံပိုးများ တစ်ဖန် ထပ်မံ ဖြစ်ပေါ်လာတော့သည်။