← Chapters

ဝူပိုင်ကျိုး၏ ရည်ရွယ်ချက်

Vol. 25 Ch. 348

ဝူပိုင်ကျိုး၏ ရည်ရွယ်ချက်

Vol. 25 Ch. 348

ကြယ်တာရာ နယ်မြေရှိ အခြားနေရာများနှင့် မတူညီစွာပင် အနန္တ ကုန်းမြေတိုက်ကြီးမှာ နတ်ဆိုး၊ လူသားနှင့် အယ်ဗန်များ အပါအဝင် များစွာသော မျိုးနွယ်စုများ ရောနှောနေထိုင်သည့် နေရာ ဖြစ်သည်။ ပြောရလျှင်... ၎င်း၏ ဖွဲ့စည်းပုံက ကုန်းမြေတိုက်ကြီး တစ်ခုထက် သုံးလွှာ ကြယ်တာရာ နယ်မြေနှင့်ပင် သွားတူနေသည်။ ဝူကျိုးနှင့် ဝူတိုင်းပြည်၊ အထွတ်အမြတ် အယ်ဗန် ဧကရီနှင့် အယ်ဗန်သစ်တော... စသည့်နာမည်များ ဆိုလျှင် ထူးထူးခြားခြား သွား၍ပင် ဆင်တူနေသေးသည်။

“ ... “

ဝူယု၏ ခန္ဓာက ဆတ်ခနဲ တုန်ခါသွား၏။ ဝေ့ဝူယင် ပြောသည်က လုံးဝကို တည့်ထိကွက်တိပင်။

“မင်းပြောတာ မှန်တယ်... ငါတို့ရဲ့ မျိုးဆက်တွေက အနန္တ ကုန်းမြေတိုက်ကြီးမှာ ရှိနေကြတာက ငါတို့ရဲ့ မျိုးဆက်တွေပါပဲ... ထာဝရ ဧကရာဇ်ခေတ် မတိုင်ခင်တုန်းက ကြယ်တာရာ နယ်မြေရဲ့ အစိတ်အပိုင်း အများစုကို လူသားတွေကပဲ လွှမ်းမိုးထားခဲ့ကြတယ်... လျှို့ဝှက် အာဏာရှင် အဆင့်ကို ရောက်ခဲ့တဲ့ ကျင့်ကြံသူ အများစုကလည်း လူသားတွေပဲ... ငါ၊ သွေးပန်းပဲဖို ဧကရာဇ်၊ ဟန်ရှဲ့၊ မူလ စောင့်ရှောက်သူနဲ့ အရိပ် သူရဲကောင်း လေးဦး အပါအဝင်ပေါ့”

“မူလ စောင့်ရှောက်သူနဲ့ အရိပ် သူရဲကောင်း လေးဦး...”

ဝေ့ဝူယင် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သူ ထိုနာမည်များကို တစ်ခါမှ မကြားခဲ့ဖူးချေ။

ဝူယုက စိတ်ရှည်စွာပင် ရှင်းပြလိုက်သည်။

“မူလ စောင့်ရှောက်သူက ဟန်ရှဲ့နဲ့ ဝမ်းကွဲ တော်စပ်တယ်... သူ လျှို့ဝှက် အာဏာရှင် အဆင့်ရောက်အောင်လည်း ဟန်ရှဲ့ကပဲ ပြုစုပျိုးထောင်ပေးခဲ့တာ...  အရိပ်သူရဲကောင်း‌ ‌လေးဦးက အစစ်အမှန် လျှို့ဝှက် အာဏာရှင် အဆင့်တွေတော မဟုတ်ဘူး... ဒါပေမဲ့ သူတို့က ကပ်ဘေးက လွတ်မြောက်ခဲ့ကြပြီး အတုအ‌ယောင် အဆင့်ထိ တက်လှမ်းနိုင်ခဲ့ကြတယ်... ဘာပဲဖြစ်ဖြစ် သူတို့လည်း သေမျိုးအဆင့်ရဲ့ အကန့်အသတ်ကို ကျော်လွန်ပြီး လျှို့ဝှက်ဆန်းကြယ် တာအိုကို ထိတွေ့နိုင်ခဲ့ကြတာပဲ”

ဝေ့ဝူယင်မှာ ငြိမ်သက်စွာပင် နားထောင်နေ၏။ ထိုပုဂ္ဂိုလ်များ အပြင် လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းနိုင်ခဲ့သည့် အခြား ဇာတ်ကောင် သုံးယောက်ကိုလည်း သူ သိထားသည်။ အသူရာ နတ်ဆိုးသခင်၊ အထွတ်အမြတ် အယ်ဗန် ဧကရီနှင့် အစေခံရီတို့ပင်။

အစေခံရီ...

အစေခံရီမှာ ထာဝရ ဧကရာဇ်၏ အယုံကြည်ရဆုံး အစေခံ သုံးယောက်ဖြစ်သည့် ရီ၊ အယ်နှင့် စန်းတို့ထဲမှ တစ်ယောက်ပင် ဖြစ်သည်။ မှတ်တမ်းမှတ်ရာများထဲ၌ ရီသည် ကြီးကျယ်ခမ်းနားလှသော လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်း နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း... အမှန်တကယ် လျှို့ဝှက် အာဏာရှင် အဆင့်လား ဒါမှမဟုတ်... အရိပ် သူရဲကောင်းလေးယောက်လို အတုအယောင် လျှို့ဝှက် အာဏာရှင် အဆင့်လားတော့ သူလည်း မခန့်မှန်းတတ်ချေ။

“ဒါဆို ဝူမျိုးနွယ်က ခင်ဗျားနဲ့ ဆက်စပ်နေတာပေါ့... သူတို့က ခင်ဗျားရဲ့ တိုက်ရိုက် မျိုးဆက်တွေလား ဒါမှမဟုတ် ဆွေမျိုးတော်တာမျိုးပဲလား”

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်ရင်း မူလ မေးခွန်းဆီသို့ ပြန်သွားလိုက်၏။ ဝူယုက ရီဝေစွာ တွေးရင်း ပြန်လည် ဖြေကြားလိုက်သည်။

“သူတို့က ငါနဲ့ ကျွင်းနာတို့ရဲ့ သွေးတွေ စီးဆင်းနေတဲ့ တိုက်ရိုက် မျိုးဆက်တွေပါပဲ”

ဝေ့ဝူယင်မှာ တစ်ခဏမျှ ငြိမ်သက်သွား၏။ ကြည့်ရသည်က နောက်ကွယ်တွင် သူမသိရသေးသည့် စိတ်ဝင်စားစရာ ဇာတ်လမ်းများ ရှိနေသေးပုံ ပေါ်သည်။

“ဒါဆို ဝူပိုင်ကျိုးကလည်း ခင်ဗျားရဲ့ တိုက်ရိုက် မျိုးဆက်ပေါ့”

“ ... “

ဝူယုမှာ ပြန်မဖြေချေ။ သို့သော်လည်း ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်း တစ်မျိုးပင်။ ဝေ့ဝူယင်မှာ ဘာကြောင့်မှန်း စဥ်းစားမရခဲ့။ ဝူယု၏ ခေတ်မှာ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ ကတည်းက ဖြစ်သည်။ ယင်းက ကြယ်တာရာ အမြုတေ အဆင့် မျိုးဆက် ဒါဇင်ဂဏန်းကို လက်ဆင့်ကမ်းရန်ပင် လုံလောက်သည့် နှစ်ကာလမျိုး ဖြစ်သည်။ ဝူယု အနေဖြင့် ရှက်နေစရာ အကြောင်းမရှိချေ။

မကြာခင်မှာပင် ဝေ့ဝူယင်မှာ အဓိက ခန်းမရှေ့သို့ ရောက်ရှိလာခဲ့သည်။ တည်ငြိမ်စွာဖြင့် ရပ်နေခဲ့သည့် ဝူပိုင်ကျိုးကို တံခါးပေါက်မှပင် သူ လှမ်းမြင်တွေ့ လိုက်ရသည်။ သူမ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ ရူးသွပ်စရာကောင်းလောက်အောင် ဆွဲဆောင်မှု ရှိလှသည့်တိုင် ယခုအချိန်တွင်မူ မေးခွန်းတစ်ခုကသာ သူ့ကို သိမ်းပိုက်ထား၏။

သူမ ဘာကို လိုချင်သနည်း။

...

ဝေ့ဝူယင်နှင့် ဝူပိုင်ကျိုးတို့မှာ အဓိက ခန်းမအတွင်း မျက်နှာချင်းဆိုင် မိကြပြီ ဖြစ်သည်။ ဝေ့ဝူယင်က မလှမ်းမကမ်းတွင် ရပ်နေသည့် စုမေ့ကို လှည့်ကြည့်လိုက်၏။

“အရင်သွားနှင့်လိုက်...”

စုမေ့က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမက ဝူပိုင်ကျိုးကို တစ်ချက် ကြည့်ကာ တိတ်တဆိတ်ပင် ထွက်ခွာသွားသည်။

“နှုတ်ဆက်ပါတယ် အာဏာရှင် အင်ပါယာဝေ့...”

ဝူပိုင်ကျိုးက ယဥ်ကျေးသိမ်မွေ့သော အမူအရာဖြင့် ဦးတစ်ချက် ညွှတ်လိုက်၏။ ဝေ့ဝူယင်က ပြုံးရုံသာ ပြုံးလိုက်သည်။ သူက လက်တစ်ဖက် ဝှေ့ယမ်းကာ ထိုင်ရန် အချက်ပြလိုက်သည်။ ထို့နောက် သူကိုယ်တိုင်လည်း ထိုင်ခုံပေါ်တွင် နေရာယူလိုက်သည်။

“မင်းငါ့ကို တွေ့ချင်ရတာက...”

သူ သိချင်နေသည့် အရာကို တိုက်ရိုက်ပင် မေးလိုက်၏။  ဝူပိုင်ကျိုးက ချက်ချင်း ပြန်မဖြေပဲ ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။  ထို့နောက်တွင်မှ သူမက သိမ်မွေ့စွာ ခွင့်တောင်းလိုက်၏။

“ကျွန်မ ဒီနေရာကို ရောက်လာရတဲ့ ရည်ရွယ်ချက် အကြောင်း မရှင်းပြခင် အာဏာရှင် အင်ပါယာဝေ့ကို မေးခွန်းတစ်ခုလောက် မေးချင်ပါတယ်”

“မေးပါ...”

ဝေ့ဝူယင်က တုန့်ပြန်လိုက်သည်။ သူကား မေးခွန်းများအား ကြောက်လန့်တတ်သူ တစ်ယောက် မဟုတ်ပါချေ။ ဝူပိုင်ကျိုးက လေးနက်သော အမူအရာနှင့် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက အမှန်တရားကို ရှာဖွေနေသည့် အလား ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။

“အာဏာရှင် ဧကရာဇ်ဝေ့က စနစ်တကျ အကွက်ချပြီး လုံချန်အတွက် အရေးကြီးဆုံးအရာတွေကို ဘာမှမကျန်အောင် တဖြည်းဖြည်းချင်း လုယူနေတာလား”

ဝေ့ဝူယင်မှာ ထိုမေးခွန်းအပေါ် အံ့အားသင့်ခြင်း မရှိပါချေ။ ထိုမေးခွန်းအတွက် အရိုးသားဆုံး အဖြေမှာလည်း သူ့ထံတွင် ရှိပြီး ဖြစ်သည်။

“အဲဒါတွေ အားလုံးက မရည်ရွယ်ပဲ ဖြစ်သွားတာပါ... နောက်ပြီး သူတို့ကို ရှောင်ဖို့ ငါအကောင်းဆုံး ကြိုးစားခဲ့တာပဲ မလား”

“ ... “

ဝူပိုင်ကျိုးမှာ အတန်ကြာအောင် တိတ်ဆိတ်သွား၏။ ပြန်လည် တွေးကြည့်လိုက်တော့ ဝေ့ဝူယင် ပြောသည်က ဟုတ်သလိုလိုပင်။

အနန္တဧကရာဇ်ဂိုဏ်းသို့ ရောက်ရှိပြီးနောက် သူတို့တွေ တစ်လမ်းဆီ ခွဲခဲ့ကြသည်။ ဤသို့နှင့် နှစ်နှစ် သုံးနှစ်အတွင်းမှာပင် ဝေ့ဝူယင်၏ ဂုဏ်သတင်းက နှိုင်းတု၍ မရအောင် ကြီးမားလာသည်။ ထိုကာလများ အတွင်း သူ၏ အရိပ်အယောင်ပင် သူမတို့ မတွေ့ရခဲ့။

အားလုံးကို စခဲ့သည်က နာ့ရှင်းရှီ...။ သူမက ဝေ့ဝူယင်၏ နာမည်ကို သုံးကာ ချင်ချူးမူနှင့် လုံထျန်းယုတို့ကို ကယ်တင်ခဲ့သည်။ ထိုမှစ၍ ဝေ့ဝူယင်နှင့် သူတို့ အကြား ပတ်သက်စရာများ ဖြစ်လာခဲ့သည်။ ထို့အပြင် လင်းကျိရန်နှင့် ဟုန်ယုတို့ကို အတွက် ဝေ့ဝူယင်ထံမှ အကူအညီအား ရှာဖွေခဲ့ရသည်ကလည်း လုံချန်ပင်။

ထို့အပြင် အနီးကပ်ဆုံး သူငယ်ချင်း တစ်ယောက် အနေဖြင့် လင်းကျိရန်၏ ခံစားချက်များကိုလည်း သူမ ကောင်းစွာ နားလည်သည်။ သူမ၏ ‌ရွေးချယ်မှုက ကျိုးကြောင်းဆီလျော်ကာ လက်ခံနိုင်ပေသည်။ ထို့အပြင် တစ်ချိန်လုံး ငြိမ်သက်နေသည့် နာ့ရှင်းရီမှာလည်း မကြာခင် ဝေ့ဝူယင်၏ ဇနီးဖြစ်လာရန် ဆုံးဖြတ်လိမ့်မည် ဖြစ်ကြောင်းကိုလည်း မျက်ဝန်းများမှ တစ်ဆင့် သူမ ခန့်မှန်းနိုင်သည်။

“နင် လိုချင်တာက ဘာလဲ...”

ဝေ့ဝူယင်က နောက်တစ်ကြိမ် ထပ်မေးလိုက်၏။ ဝူပိုင်ကျိုးက ဘာမှ မပြောပဲ ထိုင်ရာမှ ထရပ်လိုက်သည်။ ထို့နောက် မတုန့်မဆိုင်းပင် ကြမ်းပြင်ထက်၌ ဒူးထောက်ချလိုက်၏။

“ကျွန်မ အာဏာရှင်များ အဖွဲ့ထဲကို ဝင်ချင်ပါတယ်”

“ ... “

ဝေ့ဝူယင်မှာ ဆွံ့အသွား၏။ သူမက အဘယ်ကြောင့် ထိုကဲ့သို့ ဆုံးဖြတ်ရသနည်း။ သူ တွေးမရေချေ။ သူ မေးစေ့ကို ပွတ်သပ်လိုက်၏။

“လုံချန်နဲ့ ငါက မကြာခင် သေခြင်းရှင်ခြင်း တိုက်ပွဲ တိုက်ခိုက်ကြမှာ မင်းလည်း သိတာပဲ... နင်က တစ်ဖက်လှည့်နဲ့ ငါတို့နှစ်ယောက်ကြားကို ဝင်ပြီး ဖျန်ဖြေဖို့ ကြိုးစားနေတာလား”

အင်ပါယာတိုက်ပွဲ ကြေညာအပြီးတွင် ဝေ့ဝူယင်နှင့် လုံချန်တို့ အကြားရှိ ပဋိပက္ခမှာ တစ်ယောက်မဟုတ် တစ်ယောက် သေပါမှ ရပ်တန့်ရတော့မည့် အခြေအနေသို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်၏ စကားလုံးများကို ကြားသောအခါ ဝူပိုင်ကျိုး၏ ခန္ဓာကိုယ်လေးက ဆတ်ခနဲ တုန်ခါသွား၏။ သို့သော်လည်း သူမက ချက်ချင်းပင် ပြတ်သားစွာ ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး...”

ဝေ့ဝူယင်မှာ မေးစေ့ကို ပွတ်သပ်ရင်း ဆက်လက် စဥ်းစားခန်း ဝင်နေခဲ့၏။ အတန်ကြာပြီးနောက်မှ သူက ဝူပိုင်ကျိုးကို ငုံ့ကြည့်လိုက်၏။

“ငါသိချင်တာ နောက်တစ်ခု ရှိသေးတယ်... နင်ဘာကြောင့် လုံချန်နောက်ကို လိုက်ဖို့ ဆုံးဖြတ်ခဲ့ရတာလဲ”

ဝူပိုင်ကျိုးက ခေါင်းမော့ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများက အမျိုးအမည် မသိရသော အလင်းတန်းများဖြင့် ရီဝေနေ၏။ သူမက ဖြည်းညင်းစွာပင် စတင် ရှင်းပြလိုက်လေသည်။

***

All Chapters