← Chapters

အခန်း (၁၀၃၅-၁၀၃၆)

Vol. 87 Ch. 1035-1036

အခန်း (၁၀၃၅-၁၀၃၆)

Vol. 87 Ch. 1035-1036

အခန်း ၁၀၃၅- လက်ဆောင်ပေးခြင်းနှင့် ရင်းနှီးမှုတည်ဆောက်ခြင်း

လော့ရယ် ဘာတွေးနေသည်ကို ရှောင်ယီ လုံးဝမသိပေ။ သူသည် အလောတကြီး ရောက်လာခဲ့ခြင်းဖြစ်ပြီး လမ်းတစ်ဝက်ရောက်မှသာ နောင်တွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုများ ပြုလုပ်ကြမည်ဖြစ်ရာ လော့ရယ်ကို လက်ဆောင်တစ်ခုခု ပေးသင့်သည်ဟု သတိရမိသွားခြင်းဖြစ်သည်။

စေတနာဖြင့် လက်ဆောင်ပေးခြင်းက နောင်တွင် ပိုမိုကြီးမားသော စီးပွားရေးအခွင့်အလမ်းများကို ဆောင်ကြဉ်းပေးနိုင်သည်မဟုတ်ပါလော။

ကန္တာရလင်းယုန်မှာ လက်မှတ်ထိုးဝင်ရာမှ အသစ်ရရှိထားသော လက်နက်ဖြစ်သော်လည်း တစ်လက်တည်းသာ ပေးလိုက်ရခြင်းဖြစ်သဖြင့် သူ့အတွက် ကြီးမားသော ပြဿနာမဟုတ်ပေ။ တစ်ချိန်တည်းမှာပင် ဤကန္တာရလင်းယုန်သည် ပစ္စတိုတစ်လက်သာ ဖြစ်ပြီး အဆင့်မြင့် လက်နက်ကြီးမျိုးလည်း မဟုတ်ပေ။

အကယ်၍ ရှောင်းယီသာ စနစ်မှ စက်သေနတ် ရရှိခဲ့ပါက လက်ဆောင်ပေးရန် နောက်မှသာ စီစဉ်မည်ဖြစ်သည်။ အကြောင်းမှာ စက်သေနတ်သည် လက်ရှိအင်အားစုအားလုံးအတွက် အဓိကသုတ်သင်ရေးလက်နက်ဖြစ်ပြီး အလွယ်တကူ ပေးကမ်း၍မရနိုင်သောကြောင့်ပင်။

ထို့အပြင် စက်သေနတ်မှာ လက်ဆောင်ပေးရန်အတွက် မသင့်တော်လှဘဲ ပစ္စတိုမှာမူ ကိုယ်ပိုင်ကာကွယ်ရေးအတွက် အသုံးပြုနိုင်သဖြင့် ပို၍ အဆင်ပြေပေသည်။

ရှောင်းယီ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် အိတ်ထဲမှ နောက်ထပ် ကျည်အိမ်နှစ်ခုကို ထုတ်ပေးကာ ပြောလိုက်သည်။

“ဒီကျည်အိမ် နှစ်ခုကိုလည်း ယူထားလိုက်ပါ။”

လော့ရယ်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် မဟာမိတ်ခေါင်းဆောင်ရှောင်း။”

“ရပါတယ်။ အနာဂတ်မှာ ကျုပ်တို့ ဆက်သွယ်ရဖို့ အခွင့်အရေးတွေ အများကြီး ရှိလာဦးမှာပါ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“အင်း... ကျွန်မ လက်ဆောင်ပေးဖို့ ဘာမှ ပြင်ဆင်မထားမိဘူး။ ဒါပေမဲ့ ဒီကျောက်စိမ်းဆွဲပြားလေးကိုတော့ လက်ခံပေးစေချင်ပါတယ်။”

လော့ရယ်သည် သူမနှင့်အတူ အမြဲပါလာလေ့ရှိသော ကျောက်စိမ်းဆွဲပြားလေးကို ထုတ်ပေးရင်း ပြောလိုက်သည်။

ရှောင်းယီသည်လည်း အားနာမနေဘဲ လှမ်းယူလိုက်၏။ ထိုကျောက်စိမ်းဆွဲပြားပေါ်တွင် ထူးဆန်းသော ရုပ်ပုံတစ်ခုကို ထွင်းထုထားလေသည်။ ၎င်းမှာ လူခေါင်းနှင့် နဂါးကိုယ်ထည် ပုံရိပ်ပင် ဖြစ်သည်။

၎င်းမှာ ယီရန်ဖင်း မဟာမိတ်ထဲမှ နဂါးလူသား ပုံစံမျိုးမဟုတ်ဘဲ စစ်မှန်သော နဂါးကိုယ်ထည်ကြီးဖြစ်ကာ နဂါးပြာကြီး၏ ဦးခေါင်းနေရာတွင် လူခေါင်းဖြင့် တိုက်ရိုက် အစားထိုးထားသကဲ့သို့ပင်။

ရှောင်းယီက ထိုဆွဲပြားပေါ်မှ ရုပ်ပုံကို စိတ်ဝင်တစား ကြည့်နေသည်ကို မြင်သောအခါ လော့ရယ်က ရှင်းပြလိုက်သည်။

“ဒါက ကျွန်မတို့ ကောင်းကင်မိုးကြိုးမင်းဆက်ရဲ့ မိုးကြိုးနတ်ဘုရားရဲ့ ပုံရိပ်ပါ။”

ရှောင်းယီက ခေါင်းညိတ်လိုက်ပြီး ကျောက်စိမ်းဆွဲပြားကို လက်ထဲတွင် ဆုပ်ကိုင်ကာ ပြောလိုက်သည်။

“ကောင်းပါပြီ။ ဒါကို ကျုပ်လက်ခံလိုက်ပါမယ်။”

ထိုအခါမှ လော်ရယ်မှာ စိတ်သက်သာရာရသွားပုံပေါ်၏။

“ဒါဆို ကျွန်မ အရင် ပြန်ပါတော့မယ်။”

“ကောင်းပြီ။ အကူအညီ လိုအပ်တာရှိရင် တစ်ယောက်ယောက်ကို လွှတ်ပြီး သတင်းပို့လိုက်ပါ။”

ရှောငယီက ပြန်ပြောလိုက်၏။

ကောင်းကင်မိုးကြိုးမင်းဆက်၏ သင်္ဘောများအားလုံးကို ပြုပြင်ပြီးစီးသွားပြီဖြစ်သည်။ ကျန်းယွင်ထျန်းသည် ပျက်စီးသွားသည်ဟူသော အကြောင်းပြချက်ဖြင့် အမြောက်အချို့ကို သိမ်းဆည်းထားခဲ့ပြီး ၎င်းတို့ကို မဟာမိတ်အတွင်းရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ထားပြီးဖြစ်သည်။

လော့ရယ်၏ သင်္ဘောပေါ်တွင် တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု ပါရှိပြီး ၎င်းကို ဝံပုလွေနီကျွန်းပေါ်ရှိ ယီရန်ပင်းမဟာမိတ်၏ အစီအရင်နှင့် ချိတ်ဆက်ထားပြီးဖြစ်သည်။

ထို့နောက် လော့ရယ်သည် သူမ၏ သင်္ဘောတပ်ဖွဲ့နှင့်အတူ ထွက်ခွာသွား၏။ ကောင်းကင်မိုးကြိုးမင်းဆက်သို့ ရောက်ရန် ပင်လယ်ပြင်၌ နောက်ထပ် နှစ်ရက်ခန့် ခရီးနှင်ရဦးမည်ဖြစ်သည်။

ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးကို ကြည့်ရင်း လော့ရယ်သည် ကန္တာရလင်းယုန်နှင့် ကျည်အိမ်များကို သူမ၏ ကိုယ်ပေါ်တွင် သေချာစွာ သိမ်းဆည်းလိုက်ပြီး တွေးလိုက်၏။

“ငါ ဒီဟာအတွက် တိုက်ပွဲဝင်ရမယ်။”

လော့ရယ်တို့တပ်ဖွဲ့ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ရှောင်းယီက မေးလိုက်သည်။

“စစ်သူကြီးထန်လော့ ရော်ဂျာရော ဘယ်လိုနေသေးလဲ။”

“သူ အတော်လေး ပြန်ကောင်းနေပါပြီ။ ဒါပေမဲ့ အားတော့ နည်းနည်း နည်းနေသေးတယ်။ သူလည်း ခင်ဗျားကို တွေ့ချင်တယ်လို့ တစာစာ အော်နေပါတယ်။”

ထန်လော့က ရိုသေစွာ ပြန်ဖြေလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“အချိန်ကိုက်ပဲ။ အတူတူသွားကြည့်ကြတာပေါ့။”

“ဟုတ်ကဲ့ပါ။”

ထို့နောက် ရှောင်းယီနှင့် အဖွဲ့သားများသည် ဆေးရုံဆီသို့ လျှောက်သွားလိုက်ကြ၏။ ကျန်းယွင်ထျန်းသည်မူ ထိုကန္တာရလင်းယုန်ကို အိတ်ထဲသို့ သေချာထည့်ထားပြီးဖြစ်သည်။

“ငါတောင် တစ်ခါမှ မစမ်းရသေးဘူး။ ငါ့ကို ပေးစမ်းကြည့်ပါဦး။”

ရှောင်းယီက ပြောလိုက်သည်။

ကျန်းယွင်ထျန်းက ချက်ချင်းပင် ဘေးသို့ ခြေနှစ်လှမ်း ဆုတ်လိုက်၏။

“မင်းဟာက ပေးလိုက်ပြီလေ။ ဒါက ငါ့ဟာ။”

“ကြည့်စမ်း။ မင်းကတော့ တကယ် ကပ်စေးနှဲတာပဲ။”

ရှောင်းယီက ပြောလိုက်သည်။

“ငါ့ကို မစမ်းခိုင်းဘူးဆိုရင် နောက်ကျ အပိုကျည်အိမ်တွေ မရဘူးလို့သာ မှတ်ထားလိုက်တော့။”

ရှောင်းယီ၏ ခြိမ်းခြောက်စကားကို ကြားလိုက်ရသောအခါ ကျန်းယွင်ထျန်းက ချက်ချင်းပင် ပြုံးစိစိလုပ်လိုက်၏။

“အဲ့ဒီလို မလုပ်ပါနဲ့။ ငါက နောက်နေတာပါ။ ရော့... ဒီမှာ။”

ထိုသို့ဆိုကာ သေနတ်ကို ကမ်းပေးလိုက်လေသည်။

ရှောင်းယီသည် ကန္တာရလင်းယုန်ကို ယူလိုက်ပြီး အနီးနားရှိ သစ်သားဓာတ်တိုင်များကို ပစ်မှတ်ထားကာ စတင်ပစ်ခတ်တော့လေသည်။

ဒိုင်း...ဒိုင်း...ဒိုင်း

ရှောင်းယီသည် ကျည်အိမ်ထဲတွင် ကျန်ရှိနေသော ကျည်ဆန် ၈ တောင့်စလုံးကို တစ်ဆက်တည်း ပစ်ထုတ်လိုက်ရာ တစ်တောင့်မျှ မကျန်တော့ပေ။

ဓာတ်တိုင် ၈ တိုင်မှာ တိုက်ရိုက်ပင် ကျိုးပြတ်သွားခဲ့၏။ မီတာနှစ်ရာခန့် အကွာအဝေးတွင် ရှိနေသည့် အဝေးဆုံးတိုင်ကို ကြည့်ရင်း ရှောင်းယီက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ထိုအတောအတွင်း ထန်လော့မှာလည်း တစ်ဖန် အံ့အားသင့်သွားရပြန်၏။ စောစောက ဆိပ်ကမ်းတွင် စမ်းသပ်စဉ်က ဆိုင်းဘုတ်နှင့် သူတို့ကြား အကွာအဝေးမှာ မီတာ ၂၀၊ ၃၀ ခန့်သာ ရှိပေသည်။

ထန်လော့က ကန္တာရလင်းယုန်သည် အနီးကပ်ပစ်ခတ်မှုတွင်သာ စွမ်းအားပြင်းပြီး ပေါက်ကွဲအားကောင်းသည်ဟု အမြဲထင်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ပစ်ခတ်နိုင်စွမ်းမှာ မီတာနှစ်ရာကျော်အထိ ရောက်ရှိပြီး သူတို့၏ ယမ်းခဲသုံး ရိုင်ဖယ်အဟောင်းများနှင့်ပင် ယှဉ်နိုင်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ ထို့ပြင် မီတာနှစ်ရာအကွာမှာပင် တိကျမှုမှာ အလွန် မြင့်မားနေသေးသည်။

အကယ်၍ သူတို့သာ ဤကဲ့သို့ ပစ္စတိုမျိုး ရရှိခဲ့မည်ဆိုလျှင် မြို့တွင်း တိုက်ပွဲများတွင် မည်သူကမျှ ယှဉ်နိုင်တော့မည် မဟုတ်ချေ။

ထန်လော့သည် ထိုကန္တာရလင်းယုန်ကို အလွန်ပင် မနာလိုဖြစ်မိသော်လည်း ဤလက်နက်အမျိုးအစားသစ်ကို အများပြည်သူသို့ ရောင်းချရန်မှာ အချိန်အတော်ကြာဦးမည်ဖြစ်ကြောင်း သူသိထားပေသည်။

“ဟူး... ငါက ဘာလို့ ချောမောလှပတဲ့ အမျိုးသမီးတစ်ယောက် မဖြစ်ခဲ့ရတာလဲ။”

ထန်လော့တစ်ယောက် သူ၏ရင်ထဲတွင် ရုတ်တရက် ညည်းတွားလိုက်မိ၏။

စကားပြောနေရင်းဖြင့် ရှောင်းယီနှင့် အခြားသူများသည် ဆေးရုံသို့ ရောက်ရှိလာခဲ့ကြလေသည်။ ဟွာချန်းရှို့ သည် ရော်ဂျာ၏ အခန်းထဲတွင် ရှိနေပြီး ရော်ဂျာ၏ ခန္ဓာကိုယ်ကို စစ်ဆေးနေခဲ့သည်။ ထိုစက်ပစ္စည်းက ရော်ဂျာကို မည်သို့ဤမျှ မြန်မြန်ဆန်ဆန် ကုသပေးနိုင်ခဲ့သည်ကို သူ အခုထိ နားမလည်နိုင်သေးပေ။

ရှောင်းယီ ရောက်လာသည်ကို မြင်သောအခါ ရော်ဂျာက စိတ်လှုပ်ရှားစွာဖြင့် “မဟာမိတ်ခေါင်းဆောင်ရှောင်း” ဟု အော်ဟစ်နှုတ်ဆက်လိုက်၏။

ဘေးနားရှိ ဟွာချန်းရှို့သည်လည်း စစ်ဆေးမှုများကို ရပ်တန့်ကာ နှုတ်ဆက်လိုက်သည်။

“မင်္ဂလာနံနက်ခင်းပါ မဟာမိတ်ခေါင်းဆောင်ရှောင်း။”

ရှောင်းယီက ခေါင်းညိတ်ပြကာ မေးလိုက်သည်။

“ရော်ဂျာ မင်း ဘယ်လိုနေသေးလဲ။”

“အရမ်းကောင်းတယ်။ အခုချက်ချင်းတောင် အပြင်ထွက်လို့ရပြီလို့ ခံစားနေရတယ်။”

ရော်ဂျာက ပြန်ဖြေလိုက်သည်။

“အင်း... အနားယူလိုက်ပါဦး။ မင်း အရှင်းပျောက်သွားပြီဆိုရင် ငါတို့မဟာမိတ်ရဲ့ အပန်းဖြေစခန်းဆီ ပျော်ပျော်ပါးပါး လည်ပတ်ဖို့ ဖိတ်ခေါ်ပါ့မယ်။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

မင်းသမီး၏ မောင်လေးဖြစ်သဖြင့် သူ၏ အဆင့်အတန်းမှာလည်း နိမ့်ကျမည်မဟုတ်ပေ။ ကောင်းကင်မိုးကြိုးမင်းဆက်နှင့် စီးပွားရေးလုပ်ငန်းများ တိုးချဲ့နိုင်ရန်အတွက် သူ့ကို ကောင်းကောင်း ဂရုစိုက်ရမည်ဖြစ်သည်။

“ဒါဆို ကတိနော်။ မဟာမိတ်ခေါင်းဆောင်ရှောင်း ကတိမဖျက်ရဘူး။”

ရော်ဂျာက ဝမ်းသာအားရ ပြောလိုက်သည်။

ရှောင်းယီသည် အပြင်လူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရကတည်းက သူသည် အပြင်လူများ၏ ကျွန်းသို့ အလွန်သွားချင်နေခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် စကားပြောတတ်သောစက်ကြီး နာ့နာကို တွေ့လိုက်ရပြီးနောက် ရော်ဂျာသည် ယီရန်ပင်းမဟာမိတ်အပေါ် အလွန်အမင်း စိတ်ဝင်စားသွားခဲ့လေသည်။

“ဒါပေါ့။ ငါက ပြောပြီးရင် ဘယ်တော့မှ ကတိမဖျက်ဘူး။”

အသက် ၁၂ နှစ်၊ ၁၃ နှစ်ခန့်သာ ရှိသေးသော ကောင်လေးကို ကြည့်ရင်း ရှောင်းယီက ပြုံး၍ ပြန်ဖြေလိုက်သည်။

ဟွာချန်းရှို့သည် မနေ့က အံ့အားသင့်လွန်းသဖြင့် ဘာမှ မပြောနိုင်ခဲ့သော်လည်း ယနေ့တွင်မူ သူ၏ စမ်းသပ်စစ်ဆေးမှုများအရ တွေ့ရှိချက်များကို ရှင်းပြရန် အချိန်ရသွားပြီဖြစ်သည်။

“မဟာမိတ်ခေါင်းဆောင်ရှောင်း ရော်ဂျာရဲ့ ဒဏ်ရာတွေက တကယ်တော့ အရမ်းကို ပြင်းထန်လွန်းနေခဲ့တာပါ။”

ဟွာချန်းရှို့က ဆိုသည်။

ရှောင်းယီ အနည်းငယ် ကြောင်အသွား၏။ ရော်ဂျာ၏ ဒဏ်ရာမှာ နာ့နာအတွက်တော့ သေးငယ်သော ခွဲစိတ်မှုတစ်ခုမျှသာ ဖြစ်သဖြင့် နာ့နာက ထိုကဲ့သို့ ပြောလိမ့်မည် မဟုတ်ပေ။

ရှောင်းယီ ဇဝေဇဝါ ဖြစ်နေသည်ကို မြင်သောအခါ ဟွာချန်းရှို့က အသေးစိတ် ရှင်းပြလိုက်ပြီး နောက်ဆုံးတွင် ရှောင်းယီ နားလည်သွားတော့သည်။

“ခင်ဗျား ဆိုလိုတာက ဝံပုလွေနီ ပင်လယ်ဓားပြတွေက ရော်ဂျာကို အသက်ရှင်စေချင်တဲ့ ဆန္ဒ လုံးဝမရှိခဲ့ဘူးပေါ့။”

ရှောင်းယီက အကျဉ်းချုပ် ကောက်ချက်ချလိုက်သည်။ ဟွာချန်းရှို့က ခေါင်းညိတ်လိုက်၏။

“ဟုတ်ပါတယ်။ ဒါက ပင်လယ်ဓားပြတွေရဲ့ ပုံမှန်လုပ်ရပ်မျိုး မဟုတ်ဘူး။ အရင်ကဆိုရင် သူတို့က ဥစ္စာပစ္စည်းကိုပဲ မက်မောပြီး လူကို အသက်အန္တရာယ် မပေးတတ်ကြဘူး။ ဒါပေမဲ့ ဒီတစ်ခါကတော့ စည်းစိမ်ဥစ္စာအတွက်တင် မဟုတ်တာ သေချာတယ်။”

“ဒီလောက်အထိ ထူးဆန်းနေမှတော့ ဝံပုလွေနီ ပင်လယ်ဓားပြခေါင်းဆောင်ကို စစ်ဆေးမေးမြန်းဖို့ ခေါ်ထုတ်လာခဲ့။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“သူတို့ ဘာတွေ ကြံစည်နေလဲ ကြည့်ရတာပေါ့။”

“ဟုတ်ကဲ့။”

ထန်လော့က ဘေးမှ ချက်ချင်း တုံ့ပြန်ပြီး ထွက်သွားတော့သည်။ သူသည် ဝံပုလွေနီ ပင်လယ်ဓားပြခေါင်းဆောင် ဂျက်ကို ခေါ်ဆောင်ရန် လေပြာအင်ပါယာသို့ ပြန်သွားရမည်ဖြစ်သည်။

အခန်း ၁၀၃၆- ပင်လယ်ဓားပြခေါင်းဆောင်ကို ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သူလျှိုများစေလွှတ်ခြင်း

“ကောင်းပြီ။ မင်း ဒီမှာပဲ ကောင်းကောင်းအနားယူလိုက်ပါ။ တစ်ခုခု ထူးခြားတာသိရရင် ငါ မင်းကို အကြောင်းကြားပေးမယ်။”

ရော်ဂျာကို ကြည့်ရင်း ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ။ ဒါဆိုရင်တော့ မဟာမိတ်ခေါင်းဆောင်ရှောင်းကို ကျေးဇူးအများကြီးတင်ပါတယ်။”

ရော်ဂျာက ပြန်ဖြေလိုက်သည်။

ရော်ဂျာကို ကြည့်ရှုစစ်ဆေးပြီးနောက် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့ ဆေးရုံမှ ပြန်ထွက်ခွာလာခဲ့ကြ၏။

“ကျွန်းပိုင်ရှင် ငါတို့ တကယ်ပဲ ကောင်းကင်မိုးကြိုးမင်းဆက်ရဲ့ ပြည်တွင်းရေးထဲကို ဝင်ပါတော့မလို့လား။”

ကျန်းယွင်ထျန်းက မျက်မှောင်အနည်းငယ်ကြုတ်ကာ မေးလိုက်သည်။

“အင်း... ဒီကောင်းကင်မိုးကြိုးမင်းဆက်မှာ အုတ်မြစ်ကျောက်တွေ အများကြီးရှိနေတယ်။ ငါတို့ ဒါကို လက်လွှတ်လို့မရဘူးလေ။”

ရှောင်းယီက အတန်ငယ် မတတ်သာဟန်ဖြင့် ပြောလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်၏။

“ဒီကိစ္စက စစ်မေးနေစရာတောင်မလိုဘဲ ခန့်မှန်းလို့ရတယ်။ ကောင်းကင်မိုးကြိုးမင်းဆက်ထဲက တစ်ယောက်ယောက်က ထီးနန်းကို လုချင်နေတာ သေချာတယ်။”

“ဟုတ်တယ်။ အရမ်းကြီး အလုပ်မရှုပ်ဖို့ မျှော်လင့်ရတာပဲ။ မဟုတ်ရင်တော့ ရင်းရကျိုး နပ်မှာမဟုတ်ဘူး။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

မကြာမီမှာပင် ထန်လော့သည် ဝံပုလွေနီပင်လယ်ဓားပြခေါင်းဆောင် ဂျက်ကို တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် ခေါ်ဆောင်လာခဲ့သည်။

မိမိ၏ အသိုက်အမြုံဟောင်းသို့ ပြန်ရောက်လာချိန်တွင် ဂျက်မှာ ရင်ထဲ၌ ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေ၏။ လွန်ခဲ့သော ရက်အနည်းငယ်ကပင် သူသည် ဤနေရာ၌ ဒေသခံဘုရင်တစ်ပါးကဲ့သို့ မင်းမူနေခဲ့ခြင်းဖြစ်သည်။ သူ၏သင်္ဘောတပ်စုမှာ လေပြာအင်ပါယာ၏ ချေမှုန်းခြင်းကို ခံလိုက်ရပြီး သူကိုယ်တိုင်လည်း တပ်ဖွဲ့ကိုဦးဆောင်ကာ လက်တုံ့ပြန်ရန် ကြိုးစားရင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ယခုမူ သူ၏အသိုက်အမြုံမှာလည်း အခြားသူများ၏ လက်ထဲသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်ရလေသည်။

“မဟာမိတ်ခေါင်းဆောင်ရှောင်း ဂျက်ကို ခေါ်လာခဲ့ပါပြီ။ ခင်ဗျားကိုယ်တိုင် စစ်မေးချင်လား။”

ထန်လော့က ရှောင်းယီ၏အနားသို့ လာကာ သတင်းပို့လိုက်သည်။

“သူ့ကို ဒီကို ခေါ်ခဲ့လိုက်ပါ။”

ထိုအခါ ထန်လော့သည် ဂျက်ကို ရှောင်းယီ၏ရှေ့သို့ ဆွဲခေါ်လာပြီး လေသံမာမာဖြင့် အမိန့်ပေးလိုက်သည်။

“သူမေးတာမှန်သမျှ အကုန် ဖြေရမယ်။ မဟုတ်ရင်တော့ အကျိုးဆက်ကို မင်းသိပါတယ်။”

ဂျက်သည် ထန်လော့၏ တုံ့ပြန်ပုံကို ကြည့်ကာ စူးစမ်းမိသွား၏။ သူ့ရှေ့မှ လူသည် လေပြာအင်ပါယာမှ မဟုတ်ကြောင်း သိသာလှပေသည်။ သို့သော် ထန်လော့က ဘာကြောင့် ဤမျှ ရိုသေနေရသနည်း။

ဒီထန်လော့က သူလျှိုတစ်ယောက်များလား။ သူ့နောက်ကွယ်မှာ တခြားသခင်တစ်ယောက် ရှိနေတာလား။

ဂျက်၏ ဦးနှောက်မှာ အတွေးပေါင်းစုံဖြင့် လည်ပတ်နေစဉ် ရှောင်းယီက မေးလာခဲ့သည်။

“ခင်ဗျားမှာ ဘာမေးစရာရှိလို့လဲ။”

“မင်းတို့က ကောင်းကင်မိုးကြိုးမင်းဆက်ထဲက ဘယ်မိသားစုတွေနဲ့ ပူးပေါင်းပြီး မင်းသားရော်ဂျာကို သတ်ဖို့ ကြံစည်နေတာလဲ။”

ရှောင်းယီက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။

ဂျက်မှာ ကြောင်အသွားပြီး ရှောင်းယီကို အံ့အားသင့်စွာ ကြည့်လိုက်၏။

“ခင်... ခင်ဗျားဘာတွေပြောနေတာလဲ။ ကျုပ် နားမလည်ဘူး။”

ရှောင်းယီက သူ၏ ဟန်ဆောင်မှုကို ကြည့်ပြီး ပြောလိုက်သည်။

“ငါ့ဘေးကလူက သတင်းရဖို့အတွက် စစ်မေးတဲ့နေရာမှာ အရမ်းကျွမ်းကျင်တာနော်။ အကယ်၍ သူ့ကိုသာ အရေးယူခိုင်းလိုက်ရင် ငါ့လို နူးညံ့မှာ မဟုတ်ဘူး။”

“ခင်ဗျားဘာတွေပြောနေမှန်း ကျုပ် တကယ်မသိဘူး။”

ဂျက်က ထပ်မံဖြေကြားလိုက်သည်။

ထိုအခါ ရှောင်းယီ လက်ဝှေ့ယမ်းပြလိုက်၏။ ထိုအခါ ကျန်းယွင်ထျန်းသည် သူ၏ ဓားမြှောင်ကို ဆွဲထုတ်ကာ လျှောက်လာပြီး ပြောလိုက်သည်။

“ငါတို့ဆီမှာ လက်ချောင်း ၁၀ ချောင်းက နှလုံးသားနဲ့ ဆက်သွယ်နေတယ်လို့ ဆိုရိုးရှိတယ်။ မင်းလည်း အဲဒီခံစားချက်ကို မြည်းစမ်းကြည့်သင့်တယ်။”

ထိုသို့ပြောပြီးနောက် ကျန်းယွင်ထျန်းသည် ဂျက်၏ ညာဘက်လက်ကို ဆုပ်ကိုင်လိုက်၏။ ပြီးနောက် ဓားမြှောင်ကို အသုံးပြုကာ သူ၏ လက်သည်းများကို ဖြည်းဖြည်းချင်း ခွာထုတ်လိုက်တော့သည်။

“အားးး”

ပြင်းထန်လှသော နာကျင်မှုကြောင့် ဂျက်မှာ အော်ဟစ်တော့လေသည်။

“မလုပ်ပါနဲ့...ရပ်လိုက်...။ ငါ ပြောမယ်...ငါ အကုန်ပြောပြပါ့မယ်။”

“မရပ်ရဘူးဟုတ်လား။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။

“ဒီလောက် ထူးဆန်းတဲ့ တောင်းဆိုမှုမျိုး ငါ တစ်ခါမှ မကြားဖူးဘူး။”

စကားပြောနေရင်းဖြင့်ပင် ကျန်းယွင်ထျန်းသည် နောက်ထပ် လက်သည်းတစ်ချောင်းကို ထပ်မံ ခွာထုတ်လိုက်ပြန်သည်။

“အားးး...ကျုပ် အကုန်ပြောပါ့မယ်။ ကောင်းကင်မိုးကြိုးမင်းဆက်ရဲ့ ကျန့်မုမိသားစုက မင်းသားရော်ဂျာရဲ့ တည်နေရာကို ကျုပ်ကို ပြောပြခဲ့တာပါ။ ပြီးတော့ သူ့ကို ဖမ်းခိုင်းပြီး အသက်ရှင်လျက် ပြန်မလာစေနဲ့လို့လည်း မှာထားတယ်။ သူက ဘယ်လိုပဲဖြစ်ဖြစ် သေရမှာဆိုတော့ ကျုပ် သူ့ကို အသုံးချပြီး မင်းဆက်ဆီကနေ ငွေညှစ်ဖို့ ကြံစည်ခဲ့တာပါ။ မင်းဆက်ဆီက အကြောင်းပြန်ကြားချက်ကို စောင့်နေတုန်းမှာပဲ ခင်ဗျားတို့ရဲ့ ချေမှုန်းတာကို ခံလိုက်ရတာပါ။”

ဂျက်မှာ ကမူးရှုထိုးနှင့်ပင် ကိစ္စအဝဝကို ဖွင့်ဟဝန်ခံလိုက်တော့သည်။ ရှောင်းယီ ခေါင်းညိတ်ပြလိုက်မှ ကျန်းယွင်ထျန်းက သူ၏လက်ကို လွှတ်ပေးလိုက်၏။ ဂျက်မှာမူ မျက်တောင်တစ်ချက် မခတ်ဘဲ လက်သည်းခွာရဲသည့် ဤမိစ္ဆာကောင်ကို ထိတ်လန့်တကြားသာ ကြည့်နေမိတော့သည်။

“ဧကရာဇ် လန်ယုံကို မေးကြည့်လိုက်၊ ဒီတစ်ခါ လေပြာအင်ပါယာနဲ့ ကုန်သွယ်ဖို့ လာညှိနှိုင်းတဲ့သူတွေက ကျန့်မုမိသားစုကလား ဆိုတာ။”

အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

ထန်လော့က တုံ့ပြန်ပြီးနောက် ဘေးသို့ခက်လှမ်းလှမ်းသွားကာ လန်ယုံထံသို့ ဖုန်းခေါ်လိုက်လေသည်။

“အရှင်မင်းကြီး မဟာမိတ်ခေါင်းဆောင်ရှောင်းက အမိန့်ရှိပါတယ်။ သူက အခုတစ်ခေါက် ကောင်းကင်မိုးကြိုးမင်းဆက်ကနေ လာညှိနှိုင်းတဲ့သူတွေက ကျန့်မုမိသားစုကလူတွေလားဆိုတာ သိချင်နေပါတယ်။”

ထန်လော့က ရိုသေစွာ မေးမြန်းလိုက်သည်။ ဘေးနားတွင် ပြင်းထန်သော နာကျင်မှုကို အောင့်ခံနေရသည့် ဂျက်မှာ ထိုစကားကို ကြားလိုက်ရသောအခါ ပို၍ပင် ထိတ်လန့်သွားတော့သည်။

ဧကရာဇ် လန်ယုံကတောင် သူ့ရှေ့ကလူကို သိနေတာလား။ ထန်လော့ပြောပုံအရဆိုရင် ဒီလူ့ရဲ့ အဆင့်အတန်းက ဧကရာဇ်ထက်တောင် ပိုပြီး မြင့်မြတ်နေသလိုပဲ။

သူသည် ထန်လော့ကို မေးခိုင်းရုံတင်မကဘဲ ထန်လော့ကလည်း တကယ်သွားမေးပေးခဲ့သည်။ ထန်လော့၏ တုံ့ပြန်ပုံကို ကြည့်ခြင်းအားဖြင့် ဧကရာဇ် လန်ယုံကလည်း အကြောင်းပြန်ပေးပြီးလောက်ပြီဖြစ်သည်။

ထန်လော့သည် ဖုန်းချလိုက်ပြီးနောက် ရှောင်းယီအနားသို့ လျှောက်လာကာ သတင်းပို့လာခဲ့လေသည်။

“မဟာမိတ်ခေါင်းဆောင်ရှောင်း ဒီတစ်ခေါက် ကုန်သွယ်ရေးအတွက် လာညှိနှိုင်းတဲ့သူတွေက ကျန့်မုမိသားစုကလူတွေ အမှန်ပါပဲ။”

“ကြည့်ရတာ ဒီကျန့်မုမိသားစုက တော်တော်လေး အကြံကြီးပုံပဲ။”

ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။ အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီက ဆက်လက်ညွှန်ကြားလိုက်သည်။

“အစ်ကိုကျန်း ကောင်းကင်မိုးကြိုးအင်ပါယာဆီကို သူလျှိုနည်းနည်းလောက် အခုချက်ချင်း စေလွှတ်လိုက်ပါ။ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့အတွက် ငါတို့ သတင်းအချက်အလက်တွေ ပိုပြီး လိုအပ်တယ်။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ ဆုံးဖြတ်ပြီးသည်နှင့် သူတို့ ချက်ချင်း အကောင်အထည်ဖော်လိုက်၏။ ကျန်းယွင်ထျန်းသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ မဟာမိတ်စစ်စခန်းသို့ တိုက်ရိုက် ပြန်သွားခဲ့လေသည်။

ယီရန်ပင်း မဟာမိတ်၏ သူလျှိုဌာနမှာ ယခုအခါ အတော်ပင် အင်အားတောင့်တင်းနေပြီဖြစ်သည်။ ကျန်းယွင်ထျန်း၏ အမိန့်အရ သူလျှိုများသည် ဝံပုလွေနီပင်လယ်ဓားပြအသိုက်သို့ ကူးပြောင်းလာကြပြီး ထိုမှတစ်ဆင့် ကောင်းကင်မိုးကြိုးမင်းဆက်သို့ တည်နေရာကူးပြောင်းခြင်း အစီအရင်မှတစ်ဆင့် ထပ်ဆင့်ကူးပြောင်းသွားကြသည်။

ဤသူလျှိုများသည် လော့ရယ်၏ သင်္ဘောပေါ်ရှိ တည်နေရာကူးပြောင်းခြင်းအစီအရင်မှ ထွက်လာကြခြင်းဖြစ်လေသည်။

သူလျှိုများသည် ယီရန်ပင်းမဟာမိတ်၏ အမှတ်အသားတံဆိပ်ကို ပြသလိုက်သောအခါ သင်္ဘောပေါ်ရှိ မင်းသမီးလော့ရယ်၏ ကိုယ်ရံတော်များက ချက်ချင်းပင် လမ်းဖွင့်ပေးလိုက်ကြ၏။ လော့ရယ်သည် ထိုသူလျှိုများနှင့် ချက်ချင်းပင် တွေ့ဆုံခဲ့လေသည်။

“မင်းသမီး မင်္ဂလာပါ။ ကျုပ်တို့က ကျွန်းပိုင်ရှင်ရဲ့ အမိန့်အရ မင်းသမီးတို့နဲ့အတူ ကောင်းကင်မိုးကြိုးအင်ပါယာကို လိုက်ပါပြီး ဒေသန္တရ ဓလေ့ထုံးစံတွေကို လေ့လာဖို့ ရောက်လာခဲ့တာပါ။”

သူလျှိုအဖွဲ့ခေါင်းဆောင်က ပြုံးကာ နှုတ်ဆက်လိုက်သည်။ လော့ရယ်က ခေါင်းညိတ်လိုက်၏။

“ကောင်းပါပြီ...အချိန်တန်ရင် ကျွန်မတို့ မြို့တော်ကို လိုက်လံပြသပေးဖို့ လူတစ်ယောက် သီးသန့် စီစဉ်ပေးပါ့မယ်။”

“မင်းသမီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့ကိုယ်တိုင် လေ့လာကြည့်ဖို့ ကျွန်းပိုင်ရှင်က မှာထားလို့ပါ။ လူတစ်ယောက်က လိုက်ပြနေမယ်ဆိုရင် အရှိကိုအရှိအတိုင်း မြင်ရမှာ မဟုတ်ဘူးလေ။”

သူလျှိုက ပြန်ပြောလိုက်သည်။ လော့ရယ်မှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းပါပြီ။ ဒါဆို အရင်ဆုံး အဲ့ဒီကို ခေါ်သွားပေးပါ့မယ်။”

“ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ရဲ့ အထောက်အထားကို လျှို့ဝှက်ထားပေးတာ အကောင်းဆုံးပါပဲ။ မဟုတ်ရင် မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်လို့ပါ။”

သူလျှိုက ဆက်ပြောလိုက်သည်။ လော့ရယ်က ခေါင်းညိတ်ကာ သူတို့ကို ခေါ်ဆောင်ပြီး သင်္ဘောပေါ်ရှိ အစီအရင်မှတစ်ဆင့် ကောင်းကင်မိုးကြိုးမင်းဆက်၏ မြို့တော်သို့ တစ်ဖန် ပြန်လည်ကူးပြောင်းရောက်ရှိသွားခဲ့ကြလေသည်။

လော့ရယ်က ဦးဆောင်လာသဖြင့် ကင်းစောင့်ရဲမက်များက တားဆီးခြင်း မပြုကြပေ။

အစီအရင်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် သူလျှိုများသည် ချက်ချင်းပင် နှုတ်ဆက်ထွက်ခွာသွားပြီး ကောင်းကင်မိုးကြိုးမင်းဆက် မြို့တော်၏ လူအုပ်ကြီးထဲသို့ လျင်မြန်စွာ တိုးဝင်ပျောက်ကွယ်သွားကြတော့သည်။

သူလျှိုများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လော့ရယ် မျက်မှောင်ကြုတ်လိုက်မိ၏။ ဤလူများ၏ အထောက်အထားကို သူမ သိထားသော်လည်း ရှောင်းယီအပေါ် နားမလည်နိုင်သော ယုံကြည်မှုကြောင့် ဤသူလျှိုများကို သူမတို့မင်းဆက်၏ မြို့တော်အတွင်းသို့ ဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

လော့ရယ် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် နန်းတော်ဆီသို့ ချက်ချင်း လျှောက်သွားခဲ့လိုက်၏။ ထိုအချိန်မှာ မင်းဆက်၏ ညီလာခံကျင်းပနေချိန်ဖြစ်သဖြင့် ဝန်ကြီးများအားလုံး ခန်းမထဲတွင် ရှိနေကြလေသည်။ သူမသည် သူမ၏ ခမည်းတော်နှင့် တိုက်ရိုက်တွေ့ဆုံခွင့် တောင်းခံလိုက်သည်။

စစ်သားတစ်ဦး သတင်းပို့ပြီးနောက် လော့ရယ်သည် ပဓာနခန်းမဆောင်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

“ဘာလို့ တစ်ယောက်တည်း ပြန်လာရတာလဲ။”

ဝန်ကြီးများ၏ ရှေ့တွင် ထိုင်နေသော လူအိုကြီးတစ်ဦးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ခမည်းတော် သမီးတော် တာဝန်ကျေပွန်ခဲ့ပါပြီ။ ဝံပုလွေနီ ပင်လယ်ဓားပြတွေကို နှိမ်နင်းနိုင်ခဲ့ပြီး ရော်ဂျာကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရော်ဂျာက ဒဏ်ရာပြင်းထန်လို့ အခု အနားယူနေရဆဲပါ။”

လော့ရယ်က ပြန်ဖြေလိုက်သည်။

“သမီးတော်က အခြေအနေတွေကို အစီရင်ခံဖို့ အရင်ပြန်လာခဲ့တာပါ။”

All Chapters