← Chapters

အခန်း (၁၀၃၉-၁၀၄၀)

Vol. 87 Ch. 1039-1040

အခန်း (၁၀၃၉-၁၀၄၀)

Vol. 87 Ch. 1039-1040

အခန်း ၁၀၃၉ - ဆက်သွယ်ပြောဆိုခြင်း၊ ကြွယ်ဝသော သတ္တုသိုက်များနှင့် မျိုးနွယ်ခြားတို့၏ အခန်းကဏ္ဍ

“ဒါပေါ့... မဟုတ်ပါဘူး။”

လော့ရယ်က ချက်ချင်းပင် ပြန်ပြောလိုက်သည်။

“ကျွန်မ အခုလို ဖုန်းဆက်ရတဲ့ အကြောင်းရင်းက ခမည်းတော်က ရှင်နဲ့ စကားပြောချင်နေလို့ပါ။”

“အင်း... ဖုန်းကို မင်းရဲ့ခမည်းတော်ဆီ ပေးလိုက်ပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

လော့ရယ်သည် ဖုန်းကို လော့လင်တန်ထံသို့ ချက်ချင်းကမ်းပေးလိုက်၏။

“ခမည်းတော် ဒါက မဟာမိတ်ခေါင်းဆောင် ရှောင်းပါ။ နှစ်ယောက်သား စကားပြောလို့ရပါပြီ။”

ထိုအခါ လော့လင်တန်က ဖုန်းကိုယူကာ မိတ်ဆက်လိုက်သည်။

“မဟာမိတ်ခေါင်းဆောင် ရှောင်း...ကျုပ်က ထျန်းလေ့အင်ပါယာရဲ့ ဘုရင် လော့လင်တန်ပါ။”

“မင်္ဂလာနံနက်ခင်းပါ အရှင်မင်းကြီး လော့လင်တန်။”

ရှောင်းယီက ပြန်လည်နှုတ်ဆက်လိုက်၏။

“ကျုပ်နဲ့ဆွေးနွေးစရာ ဘာကိစ္စများ ရှိလို့လဲဆိုတာ သိပါရစေ။”

“လေပြာအင်ပါယာရဲ့ လက်နက်တွေကို ခင်ဗျားဆီက ထောက်ပံ့ပေးတယ်လို့ ကျုပ် ကြားရတယ်။ ဟုတ်ပါသလား။”

လော့လင်တန်က မေးလိုက်သည်။

“ဟုတ်ပါတယ်။ ဒါပေမဲ့ လေပြာအင်ပါယာကို တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ပေးထားမယ်လို့ ကျုပ် ကတိပေးထားပြီးသားမို့ အရှင်မင်းကြီးတို့အနေနဲ့ ကျုပ်ဆီကနေ လက်နက်တွေကို တိုက်ရိုက် ဝယ်ယူလို့ မရနိုင်ပါဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဟင်...။”

လော့လင်တန် အံ့အားသင့်သွား၏။

“ကျုပ်တို့ဘက်က ဈေးကောင်းပေးမယ်ဆိုရင်ရော။”

“ကျုပ်တို့ ယီရန်ပင်း မဟာမိတ်အဖွဲ့က စီးပွားရေး ဂုဏ်သိက္ခာကို တန်ဖိုးထားပါတယ်။ ဈေးကောင်းပေးရုံနဲ့ ကျုပ်တို့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို မချိုးဖောက်နိုင်ပါဘူး။”

ရှောင်းယီက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“အင်း... နားလည်ပါပြီ။ နောင်တစ်ချိန်မှာ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေးရမယ်လို့ မျှော်လင့်ပါတယ်။”

လော့လင်တန်က ဆိုသည်။

“ကောင်းပါပြီ။ ကိစ္စတစ်ခုခုရှိရင် ဒီဖုန်းနဲ့ပဲ ကျုပ်ဆီ ဆက်သွယ်လိုက်ပါ။”

ရှောင်းယီက ပြန်ပြောပြီးနောက် ဖုန်းချသွားခဲ့သည်။ လော့လင်တန်က ဖုန်းကို လော့ရယ်ထံ ပြန်ပေးလိုက်၏။ လော့ရယ်က မျက်မှောင်ကြုတ်လိုက်သည်။

“မဟာမိတ်ခေါင်းဆောင် ရှောင်းက ကျွန်မတို့ကို သဘောမတူဘူးလား။”

လော့လင်တန်က ခေါင်းခါပြလိုက်သည်။

“သူတို့ မဟာမိတ်အဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို လေပြာအင်ပါယာကိုပဲ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် လွှဲပေးထားတယ်လို့ သူက ပြောတယ်။”

“ဒါကြောင့်လည်း ထန်လော့က မဟာမိတ်ခေါင်းဆောင် ရှောင်းအပေါ် အရမ်း ရိုသေနေတာကိုး။”

လော့ရယ်က ဆိုသည်။

“အခု ငါတို့က မဟာမိတ်ခေါင်းဆောင် ရှောင်းဆီကနေ လက်နက်နဲ့ အသုံးအဆောင်တွေကို တိုက်ရိုက် မရနိုင်ဘူးဆိုတော့ ရှေ့လျှောက် အန္တရာယ်ကြီးလာနိုင်တယ်။”

လော့လင်တန်က မျက်မှောင်ကြုတ်ကာ ဆက်ပြောလိုက်သည်။

“ဒီတစ်ခေါက် လေပြာအင်ပါယာကို လွှတ်လိုက်တဲ့သူတွေကလည်း ကျန့်မုမိသားစုက လူတွေချည်းပဲ။ အဲ့ဒီလက်နက်တွေကို ဝယ်နိုင်ခဲ့ရင်တောင် ငါတို့လူတွေ လက်ထဲကို ရောက်ဖို့က ခက်ခဲလိမ့်မယ်။”

“ဒါကြောင့်လည်း အဲ့ဒီသံတမန်က ခုနက တစ်ဗူးလုံးမှောက်ပြီး လိမ်ညာနေတာပေါ့။”

လော့ရယ်က ဒေါသတကြီး ပြောလိုက်သည်။

နန်းတော်ခန်းမထဲတွင် လေပြာအင်ပါယာသို့သွားခဲ့သော သံတမန်က လေပြာအင်ပါယာသည် ဝံပုလွေနီပင်လယ်ဓားပြများကို မနှိမ်နင်းနိုင်ခဲ့သလို ခေါင်းဆောင်ကိုလည်း မဖမ်းမိခဲ့ဟု လိမ်ညာပြောဆိုခဲ့ခြင်းဖြစ်သည်။

အကယ်၍ ကျန့်မုမိသားစုသာ ထိုလက်နက်အသစ်များကို ရရှိသွားပါက ၎င်းတို့ ပုန်ကန်မည့်အချိန်သည်လည်း ရောက်လာပေတော့မည်။

လောရယ် အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ခမည်းတော် သမီးတော်မှာ အကြံတစ်ခု ရှိပါတယ်။”

“ပြောကြည့်ပါဦး။”

“ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ လက်အောက်ကို တိုက်ရိုက် ဝင်လိုက်ကြရအောင်။”

လော့ရယ်က အလေးအနက် ပြောလိုက်သည်။

“မဖြစ်ဘူး။ လော့မိသားစုရဲ့ အင်ပါယာကို ငါ့လက်ထက်မှာ တခြားသူလက်ထဲ အပ်လိုက်လို့ မရဘူး။”

လော့လင်တန်က ချက်ချင်းပင် ငြင်းဆိုလိုက်သည်။ ထိုအခါ လော့ရယ်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။

“ခမည်းတော်... ကျန့်မုမိသားစုရဲ့ အင်အားက တစ်နေ့ထက်တစ်နေ့ ကြီးထွားလာနေပြီ။ သူတို့ရဲ့ အမူအရာတွေကလည်း ပိုပြီး ရိုင်းစိုင်းလာတယ်။ ဒီအတိုင်းသာ သူတို့ကို ထိန်းချုပ်မှုမရှိဘဲ ဆက်လွှတ်ထားမယ်ဆိုရင် ကျန့်မုမိသားစုကို ပြန်တိုက်ဖို့ ဘယ်လိုမှ အခွင့်အရေး ရှိမှာမဟုတ်တော့ဘူး။”

“ဆက်မပြောနဲ့တော့။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် တခြားအင်အားစုတစ်ခု လက်အောက်မှာ ခေါင်းငုံ့နေဖို့ ငါသဘောမတူနိုင်ဘူး။”

လော့လင်တန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ကောင်းပြီ...သမီး သွားတော့။”

လော့ရယ်သည် သက်ပြင်းချကာ အားကိုးရာမဲ့စွာ ထွက်ခွာသွားခဲ့ရလေသည်။

ထိုအချိန်တွင် ရှောင်းယီမှာ ဝံပုလွေနီပင်လယ်ဓားပြများ၏ စခန်းတွင် ရှိနေဆဲဖြစ်သည်။ မနေ့က ကျွန်းကို စူးစမ်းတိုင်းတာရန် ချထားသော စက်ကိရိယာများသည် အလုပ်ပြီးဆုံးသွားပြီဖြစ်ရာ ရလဒ်များကို ရှောင်းယီ၏ ဖုန်းထဲသို့ ပို့ထားပြီးဖြစ်သည်။

“သတ္တုသိုက်တွေက ဒီလောက်တောင် များတာလား။”

ရှောင်းယီ ရလဒ်များကို ကြည့်ရင်း ရေရွတ်လိုက်၏။ သတ္တုအမျိုးမျိုး၏ ပမာဏမှာ ရှောင်းယီ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည်။

ယခင်က ဝံပုလွေနီပင်လယ်ဓားပြများ၏ ခန့်မှန်းထားချက်မှာ မတိကျခဲ့ပေ။ ဤနေရာရှိ သတ္တုသိုက်ပမာဏမှာ ၎င်းတို့ တူးဖော်ပြီးသမျှထက် အဆ ၂၀ မက ပိုမိုများပြားနေလေသည်။

အကယ်၍ ဤနေရာရှိ သတ္တုသိုက်အားလုံးကိုသာ တူးဖော်နိုင်ပါက ယီရန်ပင်း မဟာမိတ်အဖွဲ့အနေဖြင့် သတ္တုမလုံလောက်သည့် ပြဿနာကို စိုးရိမ်စရာ လိုတော့မည်မဟုတ်ပေ။ ၎င်းမှာ လက်ရှိ သတ္တုသုံးစွဲမှုနှုန်းအရ ပြောခြင်းဖြစ်သည်။ အနာဂတ်တွင် သတ္တုကုန်ကြမ်း ပိုမိုလိုအပ်မည့် အရာများ ရှိလာပါက အခြေအနေမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါသေးသည်။

“ဦးလေးအန်း... မဟာမိတ်အဖွဲ့ထဲမှာရှိတဲ့ ဉာဏ်ရည်မြင့် သတ္တုတူးဖော်ရေးစက်တွေနဲ့ သတ္တုအရည်ကျိုစက်တွေကို ဒီဘက်ပို့ဖို့ စီစဉ်လိုက်ပါ။ ဒီနေရာက သတ္တုသိုက်တွေက တကယ့်ကို ကြွယ်ဝလွန်းတယ်။”

ရှောင်းယီက အန်းယွဲ့ထံ ဖုန်းဆက်၍ ပြောလိုက်သည်။

“ဟုတ်ပြီ။”

အန်းယွဲ့က ပြန်ဖြေပြီးနောက် ထိုကိစ္စကို ချက်ချင်းပင် စီစဉ်တော့သည်။

ထို့နောက် ရှောင်းယီသည် သူ၏လက်ကိုင်ဖုန်းမှတစ်ဆင့် ချက်ဂရုကို စတင်ကြည့်ရှုလိုက်တော့သည်။

“ဒီ မသေမျိုးမျိုးနွယ်စုတွေက မကုန်နိုင်တော့ဘူးလား။ မနေ့ညကဆိုရင် ငါတို့ မဟာမိတ်အဖွဲ့က အကောင်ရေ သိန်းချီပြီး သတ်ခဲ့ရတယ်လို့ ခံစားရတယ်။”

“ဟုတ်တယ်။ ကျွန်တော်တို့လည်း အဲ့ဒီလောက်နီးပါး သတ်ခဲ့ရမယ်လို့ ခန့်မှန်းမိတယ်။ ဒီအတိုင်းသာ ဆက်သွားနေရင်တော့ ကျွန်တော်တို့ မဟာမိတ်အဖွဲ့ရဲ့ အုတ်မြစ်ကျောက်တွေ ကုန်သွားလိမ့်မယ်။”

“ဒီနေ့သာ အုတ်မြစ်ကျောက်တွေသုံးပြီး ခဲယမ်းတွေ ထပ်ဝယ်လိုက်ရင် ကျွန်တော်တို့ဆီမှာ အုတ်မြစ်ကျောက် ကျန်တော့မှာ မဟုတ်ဘူး။”

“အဲ့ဒါကြောင့် လက်နက်အေးတွေကိုပဲ သုံးရမယ်။ တကယ်ကို မခံနိုင်တော့တဲ့ အခြေအနေရောက်မှပဲ လက်နက်ပြင်းတွေကို သုံးတော့မယ်။”

“ကျုပ်တို့လည်း အဲ့ဒီလိုပဲ လုပ်နေတာ။ မဟုတ်ရင် အုတ်မြစ်ကျောက်တွေက ဟိုးအရင်ကတည်းက ကုန်နေလောက်ပြီ။”

“လူတိုင်းပဲ မျိုးနွယ်ခြားတွေကို ခုခံတဲ့နေရာမှာ ကူခိုင်းလို့ရတယ်နော်။ သူတို့တွေက ဒီမသေမျိုးတွေကို သတ်တဲ့နေရာမှာ အတွေ့အကြုံ အများကြီးရှိပုံရတယ်။ မနေ့ညက ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ ကျွန်းခွဲ လေးကျွန်းမှာ မျိုးနွယ်ခြားတွေရဲ့ အကူအညီနဲ့ မသေမျိုးတွေကို ပြန်ပြီးတွန်းလှန်နိုင်ခဲ့တယ်။”

“တကယ်လား။ ကျုပ်က သူတို့ကို အကူအညီတောင်းဖို့ သိပ်မရဲလို့။ အကယ်၍ သူတို့သာ မကာကွယ်နိုင်ခဲ့ရင် အဲ့ဒီနောက်ဆက်တွဲ ပြဿနာကို ရှင်းရတာက ပိုခက်သွားမှာစိုးလို့။”

“စိတ်ချစမ်းပါ။ မနေ့ညက ကျုပ်တို့ ကိုယ်တိုင် စမ်းကြည့်ပြီးပြီ။ အဲ့ဒီမျိုးနွယ်ခြားတွေက မသေမျိုးတွေကို သတ်တဲ့နေရာမှာ တကယ့်ကို ကျွမ်းကျင်ပညာရှင်တွေပဲ။”

“အဲ့ဒီလိုဆိုရင်တော့ ကျုပ်လည်း မြန်မြန်စီစဉ်ရတော့မယ်။ ဒီလောက်အထိ ကုန်ကျနေတာ တကယ် မခံနိုင်တော့ဘူး။”

ရှောင်းယီသည် ဆွေးနွေးမှုများကို မြင်သောအခါ ဂရုထဲတွင် စာတစ်စောင် ရေးသားလိုက်သည်။

“မျိုးနွယ်ခြားတွေအားလုံးမှာ ထူးခြားတဲ့ စွမ်းရည်ကိုယ်စီ ရှိကြတယ်။ သူတို့နဲ့ သေချာနားလည်အောင် ဆက်သွယ်ပြောဆိုနိုင်သရွေ့ အဆင်ပြေပါတယ်။ အခု အဲ့ဒီမျိုးနွယ်ခြားတွေက မဟာမိတ်အဖွဲ့နဲ့ တစ်သားတည်း ဖြစ်နေပြီ။ အကယ်၍ သူတို့သာ မကာကွယ်နိုင်ရင် သူတို့ရဲ့ကျွန်းတွေလည်း မသေမျိုးတွေရဲ့ ကျူးကျော်မှုကို ခံရမှာပဲ။ အဲ့ဒါကြောင့် သူတို့ အစွမ်းကုန် ကြိုးစားကြမှာ သေချာတယ်။”

“သူဌေးကိုယ်တိုင်က အဆင်ပြေတယ်လို့ ပြောမှတော့ ပြဿနာမရှိတော့ဘူး။”

“သူဌေးက မျိုးနွယ်ခြားတွေကို သုံးစရာတောင် မလိုဘူး မဟုတ်လား။”

“သေချာတာပေါ့။ သူဌေးရဲ့ စစ်တပ်က အရမ်းအင်အားကြီးတယ်။ မသေမျိုးတွေကို လေဟာနယ်တံခါးထဲကနေတောင် ထွက်မလာနိုင်အောင် ပိတ်ဆို့ထားနိုင်မှာပဲ။”

“ကျုပ်လည်း သူတို့ကို သုံးထားတယ်။ မျိုးနွယ်ခြားတွေကို အားနေအောင် မထားသင့်ဘူးလေ။ ဒါကြောင့် သူတို့ကို လေဟာနယ်တံခါးတစ်ခုကို စောင့်ခိုင်းပြီး အလုပ်ပေးထားလိုက်တယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“သူဌေးကတော့ တကယ်ကို ပါရမီရှင်ပဲ။ မျိုးနွယ်ခြားတွေကို သုံးပြီး မသေမျိုးတွေကို ပိတ်ဆို့ထားတယ်ပေါ့။ ငါ ဘာလို့ အဲဒါကို မစဉ်းစားမိခဲ့ပါလိမ့်။ အဲ့ဒီတုန်းကသာ ငါတို့လည်း မျိုးနွယ်ခြားတွေကို သုံးပြီး ပိတ်ဆို့ခဲ့ရင် တားဆီးနိုင်ခဲ့လောက်တယ်။”

“မဖြစ်နိုင်ဘူး။ ငါတို့ မဟာမိတ်အဖွဲ့မှာ မျိုးနွယ်ခြား တစ်မျိုးပဲ ရှိတာ။ လေဟာနယ်တံခါး တစ်ခုကို ပိတ်ဆို့ဖို့ ဖြစ်နိုင်ပေမဲ့ အားလုံးကို ပိတ်ဖို့ဆိုတာတော့ လက်တွေ့မကျဘူး။”

“အဲ့ဒါလည်း ဟုတ်တာပဲ။ မျိုးနွယ်ခြား ၁၀ မျိုးလောက်သာ ရှိရင် သိပ်ကောင်းမှာပဲ။ အဲ့လိုဆို ငါတို့ကိုယ်တိုင် လုပ်နေစရာ မလိုတော့ဘူး။”

“သိပ်ပြီး စိတ်ကူးယဉ်မနေနဲ့။ အဲ့ဒီလိုသာ အလွယ်တကူ ဖြစ်နေရင် ငါတို့အတွက် စိန်ခေါ်မှုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ ကမ္ဘာ့စည်းမျဉ်းတွေက အဲ့လောက်အထိ ကြင်နာတတ်မယ်လို့ မင်းထင်လို့လား။”

“ဟူး... ကျုပ်အတွက်တော့ တကယ်ကို ခက်ခဲလွန်းတယ်။”

“ခက်ခဲနေတာတော့ အမှန်ပဲ။ ဒါပေမယ့် ဒီလိုခက်ခဲနေတယ်ဆိုတာ မင်းရဲ့ဘဝက အထက်ကို တက်လှမ်းနေလို့ပဲ။ ဒါက ကောင်းတဲ့ လက္ခဏာပဲလေ။”

“ချီး... ဒီလိုအချိန်မျိုးမှာ လာပြီး စိတ်ဓာတ်ခွန်အားပေးတဲ့ စကားတွေ မပြောစမ်းပါနဲ့။”

“ကျုပ် အရေးကြီးတဲ့ အချက်တစ်ခုကို သတိထားမိတယ်။ ကျုပ်တို့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကြံ့ခိုင်မှုက တိုးတက်လာပေမဲ့ အဲ့ဒီ မသေမျိုးတွေရဲ့ အဆင့် ကတော့ တိုးမလာဘူး။”

“အဲ့ဒါက အပိုစကားတွေ မဟုတ်ဘူးလား။ ဒီမသေမျိုးတွေက ကမ္ဘာ့စည်းမျဉ်းတွေက သတ်မှတ်ထားတဲ့ ပြိုင်ဘက်တွေပဲလေ။ သူတို့ရဲ့ အဆင့်က သတ်မှတ်ထားတဲ့အတိုင်းပဲ ရှိမှာပေါ့။”

“ဘာလို့ အပိုစကား ဖြစ်ရမှာလဲ။ ဒါက ဘာကို ဆိုလိုသလဲဆိုတော့ ကျုပ်တို့ရဲ့ အဆင့်နဲ့ ကျုပ်တို့ လက်အောက်ငယ်သားတွေရဲ့ အဆင့်ကိုသာ မြှင့်တင်နိုင်မယ်ဆိုရင် သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မယ်လို့ ဆိုလိုတာပဲလေ။”

အခန်း ၁၀၄၀ - အဆင့်တက်ခြင်း၊ ရော်ဂျာ ဖုန်းလိုချင်ခြင်းနှင့် လုပ်ကြံမှု

“သူတို့ကို တကယ်ပဲ အလွယ်တကူ အနိုင်ယူနိုင်မယ်လို့ မင်းသေချာလို့လား။”

“လွယ်တော့ မလွယ်ဘူးပေါ့။ ဒါပေမဲ့ အနည်းဆုံးတော့ လူတိုင်း အရမ်း စိတ်မလှုပ်ရှားရတော့အောင် ကူညီပေးနိုင်လိမ့်မယ်။ ဒီလို တွေးကြည့်ရအောင်။ မနေ့က ကျုပ်ရဲ့ ရုပ်ခန္ဓာအဆင့်က S အဆင့်အထိ တက်သွားတယ်။ B အဆင့် မသေမျိုးစစ်တပ်ထဲကို ကျုပ် တစ်ကိုယ်တော် ခုန်ဝင်ပြီး မွှေနှောက်ပြီးတာတောင် မြို့ရိုးပေါ်ကို အခြစ်အရာ တစ်ခုတောင် မပါဘဲ ပြန်တက်လာနိုင်ခဲ့တယ်။ အကယ်၍ ကျုပ်တို့ဆီမှာ S အဆင့်ရှိတဲ့သူ တစ်ရာလောက်သာ ရှိမယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ။”

“သောက်ကျိုးနည်း... မင်း အဲ့လိုပြောမှပဲ ခဲယမ်းတွေ အများကြီး မကုန်တော့မယ့် နည်းလမ်းကို ရှာတွေ့သွားသလို ခံစားလိုက်ရပြီဟ။”

“ဟုတ်တယ်။ ငါတို့အားလုံးသာ အဆင့်တက်သွားမယ်ဆိုရင် သေနတ်တွေကို လျှော့သုံးလို့ရပြီ။”

“ဒါဆို ဘာကို စောင့်နေကြတာလဲ။ မြန်မြန် အဆင့်တက်အောင် လုပ်ကြစို့။”

ခဏအတွင်းမှာပင် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ အဆင့်မြင့်အစားအစာများသည် တစ်ကျော့ပြန် အရောင်းရဆုံးစာရင်းဝင် ဖြစ်သွားပြန်တော့သည်။

“မဟာမိတ်ခေါင်းဆောင် ရှောင်း။”

ထိုအချိန်တွင် ဘေးဘက်မှ ကလေးငယ်တစ်ဦး၏ အသံထွက်ပေါ်လာ၏။

ရှောင်းယီ လှည့်ကြည့်လိုက်သောအခါ ဆေးရုံဝတ်စုံ ဝတ်ထားသည့် ရော်ဂျာ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

“မင်း ဘာလို့ အပြင်ထွက်လာတာလဲ။ ဆေးရုံမှာ သေချာ အနားယူပြီး ဒဏ်ရာကုသနေရမှာ မဟုတ်ဘူးလား။”

ရှောင်းယီက သူ့ကိုကြည့်ပြီး မေးလိုက်သည်။ ရော်ဂျာက ကိုယ်လက်အနည်းငယ် ဆန့်ထုတ်လိုက်၏။

“ကြည့်ကြည့် ကျုပ်က လူနာနဲ့ တူလို့လား။ သက်သာနေပါပြီ။ ဒါပေမဲ့ အဲ့ဒီ သမားတော်ဟွားက ကျုပ်ကို အပြင်ပေးမထွက်တဲ့အပြင် သုတေသနလုပ်ဖို့ စမ်းသပ်ခံ ကြွက်ဖြူလေးတစ်ကောင်လို ဆက်ဆံနေတာ။ ဒီလို မွန်းကြပ်စရာကောင်းတဲ့ ဆေးရုံခန်းထဲမှာ အမြဲတမ်း အောင်းမနေနိုင်ဘူး။”

ရှောင်းယီက မျက်လုံးအနည်းငယ် ကစားလိုက်ပြီး ပြန်မေးလိုက်သည်။

“ဒါဆို ဘာလို့ ငါ့ဆီ ပြေးလာတာလဲ။”

“ဒီဘက်မှာ ပျော်စရာကောင်းလို့လေ။”

ရော်ဂျာက ပြန်ဖြေလိုက်သည်။

“ဒါနဲ့ ခုနက ခင်ဗျားလက်ထဲမှာ ကိုင်ပြီး ဆော့နေတာ ဘာကြီးလဲ။”

ရှောင်းယီက လက်ထဲမှ ဖုန်းကို မြှောက်ပြလိုက်သည်။

“ဒါကို ပြောတာလား။”

“ဟုတ်တယ်။”

ရော်ဂျာက ခေါင်းညိတ်ပြလိုက်သည်။

“ဒါက မိုဘိုင်းဖုန်းလေ။ သူ့ရဲ့ အကြီးမားဆုံး အားသာချက်က တခြားသူတွေနဲ့ အချိန်မရွေး ဆက်သွယ်လို့ရတာပဲ။”

ရှောင်းယီက ရှင်းပြလိုက်သည်။

“ကျုပ်ကို တစ်လုံးလောက် ရောင်းလို့ရမလား။ ကျုပ်လည်း ဆော့ချင်တယ်။”

ရော်ဂျာက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ကလေးတွေ ဖုန်းမဆော့ရဘူး။”

ရှောင်းယီက ချက်ချင်း ပိတ်ပြောလိုက်သည်။

“ကျုပ် ကလေးမဟုတ်တော့ဘူး။ ၁၃ နှစ် ရှိပြီဗျ။”

ရော်ဂျာက ပြန်အော်၏။ ရှောင်းယီက မျက်မှောင်ကြုတ်လိုက်သည်။

“မင်းအစ်မကို မေးကြည့်လိုက်။ သူ သဘောတူရင် ငါ မင်းကို တစ်လုံး လက်ဆောင်ပေးမယ်။”

“အခု အစ်မနဲ့ ဆက်သွယ်လို့ မရတာ ခင်ဗျားသိလျက်နဲ့ ပြောနေတာပဲ။ ခင်ဗျား သက်သက်မဲ့ လုပ်နေတာ မဟုတ်လား။”

ရော်ဂျာက နှုတ်ခမ်းဆူကာ ပြန်ပြောလိုက်သည်။ ထိုအခါ ရှောင်းယီသည် လော့ရယ်၏ နံပါတ်ကို ရှာပြီး ချက်ချင်း ခေါ်လိုက်၏။

ထိုအချိန်တွင် လော့ရယ်မှာ မင်းသမီးစံအိမ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။ သူမ၏ ဖုန်းတုန်ခါလာသည်ကို ခံစားလိုက်ရသဖြင့် ချက်ချင်း ထုတ်ကြည့်လိုက်သည်။

“ဟယ်လို... မဟာမိတ်ခေါင်းဆောင် ရှောင်းလား။”

လော့ရယ်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ကျုပ်ပါ။ မင်းရဲ့မောင်က မင်းကို မေးစရာ ရှိလို့တဲ့။”

ပြောပြောဆိုဆိုပင် ရှောင်းယီသည် ကြောင်တောင်တောင် ဖြစ်နေသည့် ရော်ဂျာ့ထံသို့ ဖုန်းကမ်းပေးလိုက်၏။

ရော်ဂျာသည် ဤစက်ပစ္စည်း သေးသေးလေးထဲမှ သူ့အစ်မ၏ အသံကို အမှန်တကယ် ကြားရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ရှောင်ကျယ် နင် ပြဿနာရှာပြန်ပြီလား။”

လော့ရယ်က ချက်ချင်း လှမ်းမေးလိုက်သည်။ ရော်ဂျာမှာ ထိုအခါမှ သတိဝင်လာခဲ့သည်။

“ကျုပ် ဘယ်မှာ ပြဿနာရှာလို့လဲ။ ကျုပ် ဖုန်းတစ်လုံး လိုချင်လို့ မမကို ခွင့်တောင်းမလို့။”

ရော်ဂျာက ပြန်ပြောလိုက်သည်။

“ရပါတယ်။ ဒါပေမဲ့ အရေးကြီးတာက မဟာမိတ်ခေါင်းဆောင် ရှောင်းက မင်းကို ရောင်းပေးဖို့ မရှိဖို့တော့ လိုတယ်။”

လော့ရယ်က ပြန်ဖြေလိုက်သည်။ ထိုစကားကို ကြားသောအခါ ရော်ဂျာက စိတ်လှုပ်ရှားသွား၏။

“မဟာမိတ်ခေါင်းဆောင် ရှောင်း... ခင်ဗျား ကြားတယ်မဟုတ်လား။ မမက သဘောတူတယ်တဲ့။ ဖုန်းပေးတော့။”

ဖုန်းအခြားတစ်ဖက်မှ လော့ရယ်သည် ရော်ဂျာ၏ ရိုင်းစိုင်းသော စကားကြောင့် ဆူပူလိုက်သည်။

“ရှောင်ကျယ်...မရိုင်းနဲ့။”

“မမ... ကျုပ် ရိုင်းတာမဟုတ်ဘူး။ မဟာမိတ်ခေါင်းဆောင် ရှောင်းက မမ သဘောတူရင် ဖုန်းပေးမယ်လို့ ခုနက ကတိပေးထားတာ။”

ရော်ဂျာက ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လော့ရယ်၏ စိတ်ထဲတွင် ကျေးဇူးတင်လှိုက်လှဲမှု အနည်းငယ် ဖြစ်ပေါ်သွားခဲ့သည်။ ထိုစဉ် ရှောင်းယီက ဝင်ပြောလိုက်သည်။

“မင်းသားရော်ဂျာက ငယ်သေးတော့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်မှာကို ကျုပ် စိုးရိမ်မိတယ်။ တစ်နေကုန် ဖုန်းပဲထိုင်ဆော့နေရင် သိပ်တော့မကောင်းဘူးလေ။”

ထိုအခါ ရော်ဂျာက ချက်ချင်း ပြောလိုက်၏။

“ကျုပ်က ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှု အရမ်းကောင်းတယ်။ ပြီးတော့ ခုနတင် သဘောတူထားပြီးပြီ မဟုတ်ဘူးလား။ ခင်ဗျားလည်း ကတိဖျက်လို့မရသလို အစ်မလည်း ဖျက်လို့မရဘူး။”

ရှောင်းယီက ပခုံးတွန့်ပြလိုက်သည်။

“ငါ ကတိမဖျက်ပါဘူး။ ခဏနေရင် မင်းကို လူတစ်ယောက်ကို ဖုန်းအသစ်တစ်လုံး လာပေးခိုင်းလိုက်မယ်။ ဒါပေမဲ့ ဘယ်လိုသုံးရမလဲဆိုတာကိုတော့ မင်းသမီးက ကြီးကြပ်ပေးရလိမ့်မယ်။”

ထိုစကားကို ကြားသောအခါ လော့ရယ်က ပြောလိုက်သည်။

“ရှောင်ကျယ်က အရမ်းဆိုးတယ်။ မဟာမိတ်ခေါင်းဆောင် ရှောင်းအပေါ် ရိုင်းစိုင်းတာမျိုး ရှိခဲ့ရင် ခွင့်လွှတ်ပေးပါဦး။”

“အရမ်းလည်း အားနာနေစရာမလိုပါဘူး။ မင်းသားရော်ဂျာက တကယ်တော့ တော်တော်လေး အလိုက်သိတတ်ပါတယ်။”

ရှောင်းယီက ချီးကျူးလိုက်သည်။

“ကြားတယ်နော် မမ။ မဟာမိတ်ခေါင်းဆောင် ရှောင်းက ကျုပ်ကို ချီးကျူးနေတာ။”

ရော်ဂျာက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ လော့ရယ်က သက်ပြင်းချလိုက်သည်။

“ဒါက သူ မင်းအကြောင်း ကောင်းကောင်းမသိသေးလို့ပါ။ လိမ္လိမ္မာမ္မာနေ။”

“ဟုတ်ကဲ့ပါ...။”

ရော်ဂျာက တုံ့ပြန်လိုက်သည်။

“ကောင်းပြီ... ဒါဆို ဖုန်းချလိုက်တော့မယ်။”

ရှောင်းယီက ဖုန်းချလိုက်ပြီး အန်းရန်ထံမှ ဖုန်းအသစ်တစ်လုံးတောင်းကာ ရော်ဂျာ့ထံ ကမ်းပေးလိုက်သည်။

ရှောင်းယီ အနည်းငယ် လမ်းညွှန်ပြသရုံဖြင့် ရော်ဂျာသည် ဖုန်းကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်သွားခဲ့သည်။

“မင်းက တော်တော်လေး အတတ်မြန်တာပဲ။ တော်တော်ဉာဏ်ကောင်းတယ်။”

ရှောင်းယီက လက်မထောင်ပြလိုက်သည်။

“ဒါပေါ့။”

ရော်ဂျာက ခေါင်းမော့ကာ ဂုဏ်ယူပြလိုကါသည်။

“ဒါပေမဲ့ ခင်ဗျားတို့ဖုန်းက ခင်ဗျားတို့ ဘာသာစကားကိုပဲ သုံးထားတာဆိုတော့ ကျုပ်တို့အတွက် သိပ်အဆင်မပြေဘူး။”

ရှောင်းယီက ပခုံးတွန့်လိုက်သည်။

“ငါတို့က မင်းတို့ဘာသာစကားကို နားမလည်ဘူးလေ။ အဲ့တော့ ထည့်ပေးလို့ မရဘူး။”

ထိုအခါ ရော်ဂျာက မျက်လုံးလေးကလည်ကလည်ဖြင့် ပြောလိုက်သည်။

“ဒီလိုလုပ်ရင်ရော...။ ခင်ဗျားတို့ အပြင်လူတွေရဲ့ ဘာသာစကားကို ကျုပ်ကို သင်ပေး။ ကျုပ်က ဒီထဲက အရာတွေကို ကျုပ်တို့ ဘာသာစကားနဲ့ ပြန်ဘာသာပြန်ပေးမယ်...ဘယ်လိုလဲ။”

“ရတာပေါ့။ ဒါပေမဲ့ ငါကိုယ်တိုင် သင်ပေးမှာတော့ မဟုတ်ဘူး။ ငါတို့ မဟာမိတ်အဖွဲ့မှာ အထူးကျောင်းရှိတယ်။ မင်း အဲ့ဒီမှာ သွားသင်လို့ရတယ်။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“အဲ့ဒါ အကောင်းဆုံးပဲ။”

ရော်ဂျာက ဝမ်းသာအားရ ပြောလိုက်သည်။ ထိုစဉ် ရှောင်းယီက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ဘေးနားရှိ ရွှမ်းယွမ်ဓားကို ဆွဲထုတ်ကာ ရော်ဂျာ့ထံသို့ တိုက်ရိုက် ခုတ်ချလိုက်တော့သည်။

“ချွင်... ချွင်... ချွင်”

ကျိုးပဲ့သွားသော အပ်ငယ်သုံးချောင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ ရော်ဂျာမှာ ခဏမျှ ကြောင်အသွားခဲ့ပြီး ချက်ချင်းပင် သတိဝင်လာကာ ပြောလိုက်သည်။

“တစ်ယောက်ယောက်က ကျုပ်ကို သတ်ပစ်ဖို့ ကြိုးစားနေတာလား။”

ရှောင်းယီမှာ ထိုနေရာမှ လွှားကနဲ ခုန်ထွက်သွားပြီး ငွေရောင်အပ်များ ပျံထွက်လာသည့် ဘက်သို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။

“ဆုတ်ကြ”

လေပြာအင်ပါယာစစ်သည်ဝတ်စုံများ ဝတ်ဆင်ထားသော လူအချို့သည် အဝေးသို့ ချက်ချင်းပင် ထွက်ပြေးကြတော့သည်။

ရှောင်းယီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံဖြင့် သူတို့နောက်သို့ မှီသွားကာ ဓားကို လှော်တက်ကဲ့သို့ အသုံးပြု၍ သူတို့အားလုံးကို ရိုက်နှက်ကာ သတိမေ့သွားစေလိုက်၏။

ရွှမ်းယွမ်ဓားကို လှော်တက်လို သုံးသည့်လူမှာ ရှောင်းယီက ပထမဆုံး ဖြစ်ပေလိမ့်မည်။

ထိုစဉ် ရော်ဂျာလည်း လမ်းလျှောက်လာပြီး ထိုလူများ၏ လည်ပင်းရှိ အထူးအမှတ်အသားကို မြင်သည်နှင့် ပြောလိုက်သည်။

“ဒါ ကျန့်မုမိသားစုရဲ့ ရွှေမု လုပ်ကြံသတ်ဖြတ်သူတွေပဲ။”

ရှောင်းယီ အနည်းငယ် အံ့ဩသွား၏။

“မင်းက ဒါတွေတောင် သိတာလား။”

“ဒါပေါ့။ ကျုပ်က ငယ်ငယ်ကတည်းက အင်အားကြီးအဖွဲ့အစည်းတွေကြားမှာ နေလာတာလေ။ ဒါတွေက အခြေခံ ဗဟုသုတတွေပဲ။”

ရော်ဂျာက ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်ပြီး ကျန်းယွင်ထျန်းထံသို့ ဖုန်းဆက်လိုက်သည်။

“အစ်ကိုကျန်း မင်းအတွက် အလုပ်ရောက်လာပြီ။ ကျန့်မုမိသားစုကလူတွေ ဒီထဲကို ခိုးဝင်လာကြတယ်။ ဘယ်ကနေ ဝင်လာသလဲဆိုတာကို စုံစမ်းလိုက်ဦး။ ဒီမှာ သုံ့ပန်းတချို့ ရှိတယ်။ သူတို့ကို အစ်ကို့ကိုပဲ အပ်လိုက်မယ်။”

“ကောင်းပြီ ငါ အခုချက်ချင်း လာခဲ့မယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ ထိုအချိန်တွင် ရော်ဂျာသည် လော့ရယ်ထံသို့ အသံဖိုင် ပေးပို့လိုက်၏။

“မမ... ကျန့်မုမိသားစုက ကျုပ်ကိုသတ်ဖို့ ရွှေမုလုပ်ကြံသူတွေကို လွှတ်လိုက်တယ်။”

လော့ရယ်သည် ထိုအသံဖိုင်ကို လက်ခံရရှိသည်နှင့် ၎င်းမှာ ရော်ဂျာ၏ အကောင့်ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ သူမသည် ရော်ဂျာ့ကို အမြန်ဆုံး ဖုန်းပြန်ခေါ်လိုက်၏။

“နင် ဘာမှမဖြစ်ဘူး မဟုတ်လား။”

လော့ရယ်က စိုးရိမ်တကြီး မေးလိုက်သည်။

“စိတ်မပူပါနဲ့ မမရဲ့။ ဒီမှာ မဟာမိတ်ခေါင်းဆောင် ရှောင်းရှိနေတာပဲ။ သူတို့ ကျုပ်ကို ဘာမှလုပ်လို့မရပါဘူး။”

လော့ရယ်တစ်ယောက် ထိုအခါမှ စိတ်အေးသွားခဲ့သည်။

“အဲ့ဒါက ရွှေမုလုပ်ကြံသူတွေဆိုတာ နင် သေချာလား။”

“သေချာတာပေါ့။ ခဏစောင့်...ကျုပ် သူတို့ကို ဓာတ်ပုံရိုက်ပြီး မမဆီ ပို့ပေးလိုက်မယ်။ မမ ကိုယ်တိုင်ကြည့်လိုက်ရင် သိလိမ့်မယ်။”

ရော်ဂျာက ထိုသို့ပြန်ပြောပြီး ဖုန်းချသွားခဲ့သည်။

“ဓာတ်ပုံရိုက်မှာလား။”

လော့ရယ်မှာ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့တော့သည်။

All Chapters