အခန်း (၂၈၃-၂၈၄)
Vol. 16 Ch. 283-284
အခန်း(၂၈၃)
နင်းကျော့သည် သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ရာ အသက်ရှူသံမှာ အနည်းငယ် မြန်ဆန်လာချေသည်။
သူသည် ကျူးရွှမ်းကျိအား မလျှော့သောဇွဲဖြင့် စိုက်ကြည့်ရင်း “အကြီးအကဲကျူးက တမ်းတခြင်းပြည်ရဲ့ တော်ဝင်မျိုးနွယ်က လာတာပါ၊ ကျွန်တော်ကတော့ နင်းမျိုးနွယ်စုရဲ့ မျိုးနွယ်စုခွဲက သာမန်လူတစ်ယောက်ပဲ ” ဟု ပြောလိုက်သည်။
“ကျွန်တော် အင်မတန်ငယ်ရွယ်စဉ်မှာပဲ မိခင်က ကွယ်လွန်သွားခဲ့တာပါ၊ ဖခင်ကတော့ ပိုပြီးစောစောစီးစီး ထွက်ခွာသွားခဲ့လို့ ကျွန်တော် တစ်ခါမှတောင် မမြင်ဖူးခဲ့ပါဘူး”
“ကျွန်တော့်မှာ ဦးလေးတစ်ယောက်ရှိပေမဲ့ ကျွန်တော်တို့က သိပ်မရင်းနှီးကြသလို သူကလည်း ကျွန်တော့်အပေါ် သိပ်ပြီးတော့ ဂရုမစိုက်ခဲ့ပါဘူး”
“ဒါကြောင့် ကျွန်တော်ဟာ ငယ်စဉ်ကတည်းက ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတာပါ”
“အကြီးအကဲကတော့ ဖုံးကွယ်ထားတဲ့ အရာတွေကို ဖော်ထုတ်ပြီး ပြည်သူတွေကို အေးချမ်းစေတယ်လို့ ဆိုကြပေမဲ့ အမှန်တော့ အကြီးအကဲဟာ ဘေးကနေ ကြည့်နေရုံသက်သက်ပါပဲ၊ ကိုယ်တိုင်လည်း မခံစားဖူးတော့ ဘယ်သိနိုင်ပါ့မလဲ၊ ကျွန်တော့်မှာ တရားတာ မတရားတာတွေကို စဉ်းစားနေဖို့ထက် နောက်တစ်နပ် ဘာစားရမလဲဆိုတာကိုပဲ တွေးနေခဲ့ရတဲ့ အကြိမ်တွေက မရေမတွက်နိုင်အောင်ပါပဲ”
“အောက်ခြေလူတန်းစားတွေဟာ တစ်နေ့တစ်လံ ပုခုံးထမ်းပြီး ရှင်သန်နိုင်ဖို့ပဲ တွေးနိုင်ကြတာပါ”
“များသောအားဖြင့်တော့ သူတို့မှာ ရွေးချယ်စရာမရှိလို့ ရွေးချယ်မနေတော့တာပါပဲ”
“ဖြောင့်မတ်တဲ့လမ်းလား၊ မှားယွင်းတဲ့လမ်းလား၊ ဟား... သူတို့မျက်လုံးထဲမှာတော့ အစကနေ အဆုံးထိ ရှင်သန်ရာလမ်းဆိုတဲ့ လမ်းတစ်ကြောင်းပဲ ရှိတာပါ”
နင်းကျော့သည် တိုက်ရိုက်အဖြေမပေးသော်လည်း ကျူးရွှမ်းကျိ၏ စကားများကို ထိရောက်စွာပင် တုံ့ပြန်လိုက်ချေသည်။
သူ့တွင် အရေးကြီးသည့် သတင်းအချက်အလက်များ မရှိသေးသဖြင့် ကျူးရွှမ်းကျိက သူ့ကို အဘယ်ကြောင့် စတင်သံသယဝင်ရသနည်းဆိုသည်ကို ပြန်လည်မေးခွန်းထုတ်ရန် မဖြစ်နိုင်ပေ။
ဤသည်မှာ ဝန်ခံလိုက်ခြင်းနှင့်ပင် အလားသဏ္ဌာန်တူနေတော့သည်။
သူသည် စူးစမ်းခြင်း သို့မဟုတ် နှုတ်ဆိတ်နေခြင်းမျိုး မလုပ်ခဲ့ပေ၊ ထိုသို့လုပ်ခြင်းသည် ကျူးရွှမ်းကျိကို စိတ်ပျက်စေခြင်း သို့မဟုတ် ဒေါသထွက်စေခြင်း ဖြစ်နိုင်သောကြောင့်ပင်။
နင်းကျော့သည် အခြေအနေအရ ကာကွယ်ရုံသာ တုံ့ပြန်ရန် ရွေးချယ်လိုက်သည်။
သူသည် ကျူးရွှမ်းကျိ၏ စရိုက်ကို အသုံးချနိုင်ရန်အတွက် သူ၏ ဆင်းရဲဒုက္ခများကို တမင်တကာ ထည့်သွင်းပြောဆိုနေခြင်း ဖြစ်ချေသည်။
မီးလျှံသီးပွဲတော်တွင် ကျူးရွှမ်းကျိ၏ ရုတ်တရက် ပေါ်ပေါက်လာမှုကြောင့် နင်းကျော့မှာ အကျပ်ရိုက်သွားခဲ့ပြီး စွန့်စားမှုများ ပြုလုပ်ခဲ့ရရာမှ ယွမ်တာရှန့် သေဆုံးခဲ့ရသည်။
ထိုဖြစ်ရပ်အပြီးတွင် နင်းကျော့သည် သူ၏ အမှားကို ပြန်လည်သုံးသပ်ခဲ့သည်မှာ ကျူးရွှမ်းကျိနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အလွန်ပင် လိုအပ်နေခြင်းကြောင့်ပင် ဖြစ်၏။
ထိုအချိန်မှစ၍ သူသည် သက်ဆိုင်ရာ သတင်းအချက်အလက်များကို စုဆောင်းရန် အာရုံစိုက်ခဲ့သည်။
အမှားမှ သင်ခန်းစာယူရပေမည်။
အမှားတစ်ခုကို ထပ်မံကျူးလွန်ခြင်းမျိုး မရှိစေရ၊ အဘယ်ကြောင့်ဆိုသော် နောက်ထပ်အမှားတစ်ခုသည် အသက်ဘေးအန္တရာယ် ဖြစ်လာနိုင်သောကြောင့်ပင်။
ဆိုရိုးစကားတစ်ခု ရှိသည်မဟုတ်လော၊ သင့်ရန်သူသည် သင့်အကြောင်းကို အသိဆုံးသူ ဖြစ်နေတတ်သည်။
ကျူးရွှမ်းကျိ၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း ရင်ထဲတွင်မူ အလွန်အမင်းပင် သက်ပြင်းချမိနေသည်။
သူ စိတ်လှုပ်ရှားသွားရချေပြီ။
အမည်နာမတို့သည် အကြောင်းမဲ့ မဟုတ်ကြပေ။
သူသည် ဖုံးကွယ်ထားသည့် အရာများကို ဖော်ထုတ်ပြီး ပြည်သူကို အေးချမ်းစေသူဟု လူသိများရခြင်းမှာ အောက်ခြေလူတန်းစားများနှင့် အားနည်းသူများအပေါ် စာနာစိတ် အမှန်တကယ် ရှိသောကြောင့် ဖြစ်သည်။
နင်းကျော့၏ စကားများက သူ့ရင်ကို ထိမှန်သွားစေသည်။
နင်းကျော့အနေဖြင့် သူ၏ ဆင်းရဲဒုက္ခများကို ပြောပြနေခြင်းမှာ မိမိကိုယ်ကိုယ် အပြစ်မှလွတ်ရန်၊ ကျူးရွှမ်းကျိကို စမ်းသပ်ရန်နှင့် နားလည်မှုရရန် ကြိုးပမ်းနေခြင်းဖြစ်သည်ကို ကျူးရွှမ်းကျိ ကောင်းစွာ သိမြင်နိုင်ပေသည်။
ကျူးရွှမ်းကျိသည် အနည်းငယ် စိတ်သက်သာရာရသွားသည်။
အနည်းဆုံးတော့ နင်းကျော့သည် ငြင်းဆိုခြင်း သို့မဟုတ် ပြန်လည်ချေပခြင်း မလုပ်ဘဲ အမှန်တရားကိုသာ ပြောဆိုပြီး နားလည်မှုရရန် ကြိုးစားနေခြင်းကြောင့်ပင်။
ဘာပြောစရာ ရှိဦးမှာလဲ။
ဉာဏ်ကောင်းတဲ့သူနဲ့ စကားပြောရတာ အင်မတန် သက်သာတာပဲ။
နင်းကျော့၏ အသိတရားရှိသော အပြုအမူက ဤလူငယ်အား လမ်းမှန်သို့ ပြန်ခေါ်နိုင်ပြီး မိမိဘက်ပါအောင် စည်းရုံးနိုင်သည်ဟု ကျူးရွှမ်းကျိကို ပိုမိုယုံကြည်လာစေသည်။
ကျူးရွှမ်းကျိက ခပ်တိုးတိုး သက်ပြင်းချလိုက်ရင်း “လမ်းဆိုတာ လျှောက်မှ ပေါ်တာပါ” ဟု ပြောလိုက်သည်။
“တချို့လမ်းတွေက လျှောက်ရလွယ်ပေမဲ့ လမ်းမှားဖြစ်နေတတ်တယ်၊ တချို့လမ်းတွေက ခက်ခဲပေမဲ့ လမ်းမှန်ဖြစ်နေတတ်တယ်”
“လီလိုင်ဖုန်းလိုပေါ့၊ သူ့ဘဝနှောင်းပိုင်းမှာ ခက်ခဲကြမ်းတမ်းပြီး ခြိုးခြံချွေတာခဲ့ပေမဲ့ ဒါကြောင့်ပဲ သူဟာ အင်မတန် လေးစားစရာ ကောင်းခဲ့တာပါ”
“လူတိုင်းမှာ သူတစ်ပါးနဲ့ အရာရာကို တိုင်းတာဖို့ ကိုယ်ပိုင်အလေးတင်းတောင်းတွေ ရှိကြတယ်၊ သူတစ်ပါးအတွက် ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးပြီး နွေးထွေးမှုပေးတဲ့သူတွေဟာ အမြဲတမ်း တောက်ပနေကြတာပါ”
“မင်းကိုယ်တိုင်လည်း အဲဒီလို အလင်းရောင်နဲ့ နွေးထွေးခဲ့ဖူးတာပဲ၊ လီလိုင်ဖုန်းက မင်းကို လမ်းပြခဲ့ပြီးသားပါ”
နင်းကျော့မှာ နှုတ်ဆိတ်နေမိသည်။
အားနည်းချက်ကို ပြသပြီး စာနာမှုရအောင် လုပ်သည့် နည်းဗျူဟာမှာ ထိရောက်မှု ရှိခဲ့ချေသည်။
ကျူးရွှမ်းကျိ၏ လေသံ၊ အမူအရာနှင့် စကားလုံးများအရ သူသည် မုန်းတီးခြင်း သို့မဟုတ် မနှစ်မြို့ခြင်း လက္ခဏာ မရှိကြောင်း နင်းကျော့ သတိပြုမိလိုက်သည်။
သို့သော်လည်း ပြဿနာက ရှိနေဆဲပင်။
ကျူးရွှမ်းကျိက သူ့ကို သံသယဝင်ပြီး ဆွဲခေါ်ရန် မည်သည့် သဲလွန်စကို ကိုင်ထားသည်ကို နင်းကျော့ မသိနိုင်သေးပေ။
ဤသည်မှာ အလွန်ပင် အရေးကြီးလှသည်၊ ထိုအချက်ကို မသိပါက ဤဉာဏ်စမ်းတိုက်ပွဲတွင် နင်းကျော့အနေဖြင့် ခုခံရုံသာ တတ်နိုင်ပေလိမ့်မည်။
သူသည် ဦးဆောင်မှုကို ယူနိုင်မည် မဟုတ်ပေ။
“ဒီလိုဖြစ်နေလို့တော့ မဖြစ်သေးဘူး”
“နောက်ဆုံးကျရင် ငါဟာ ထောင့်ပိတ်မိပြီး လှုပ်သာရှားသာ မရှိတော့တဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်”
“အဲဒီလို ဖြစ်မယ့်အစား အခုပဲ စွန့်စားကြည့်တာက ပိုကောင်းမယ်”
နင်းကျော့သည် သူရှုံးနိမ့်မည့် အကျိုးရလဒ်ကို မြင်ယောင်နေပြီး ဖြစ်ရာ စွန့်စားရသည့် လောင်းကစားတစ်ခုကို ပြုလုပ်ရန် စိတ်အတွင်း၌ ကြုံးဝါးလိုက်သည်။
သူက စတင်ပြောဆိုလိုက်သည်မှာ “အကြီးအကဲလီလိုင်ဖုန်းက ဖြောင့်မတ်တဲ့လမ်းရဲ့ စံပြပုဂ္ဂိုလ်ပါ၊ သူ့အကြောင်းကို တွေးလိုက်တိုင်း ကျွန်တော် နွေးထွေးမှုကို ခံစားရတယ်”
“ဒီကမ္ဘာကြီးဟာ ရှင်သန်ရကျိုးနပ်တယ်လို့ သူက ကျွန်တော့်ကို ခံစားရစေတယ်”
“ဒါပေမဲ့ ဒီလောကမှာ အကြီးအကဲလီလိုင်ဖုန်းလိုလူ ဘယ်နှစ်ယောက် ရှိမှာလဲ”
“သူ့ရဲ့ အလင်းရောင်ကို ဘယ်နှစ်ယောက် ခံစားနိုင်မှာလဲ”
“ဟုတ်တယ်၊ ကျွန်တော် ဂရုစိုက်ခြင်း ခံခဲ့ရပါတယ်၊ ကျွန်တော်ဟာ ကံကောင်းသလို ကံလည်းဆိုးခဲ့ပါတယ်”
“အဲဒီနွေးထွေးမှုကို သိခဲ့ရလို့ပဲ အအေးဓာတ်ရဲ့ နာကျင်မှုကို ကျွန်တော် ပိုပြီး နားလည်လာခဲ့ရတာပါ”
နင်းကျော့သည် ခဏမျှ ရပ်တန့်လိုက်ပြီး ကျူးရွှမ်းကျိအား မျက်လုံးများ တောက်ပစွာဖြင့် ကြည့်လိုက်သည်။
“အကြီးအကဲကျူး၊ လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး”
“ကျွန်တော့်အတွက်တော့ အကြီးအကဲလီလိုင်ဖုန်းဟာ အကြီးအကဲတို့လိုပဲ အထက်မှာ ရှိနေကြတဲ့သူတွေပါ၊ စင်မြင့်ပေါ်က ဇာတ်ဆောင်တွေပေါ့၊ အဲဒါက စိတ်ရင်းနဲ့ပဲဖြစ်ဖြစ် ဟန်ပြပဲဖြစ်ဖြစ် အကြီးအကဲတို့ဟာ တောက်ပနေကြတာပါ”
“ဒါပေမဲ့ ကျွန်တော်ကတော့ အမြဲတမ်း စင်အောက်မှာပဲ ရှိနေခဲ့တာပါ”
“ဧည့်သည်တွေ စားကြွင်းစားကျန် မုန့်တွေကို ခိုးစားရတဲ့ အရသာကို အကြီးအကဲ သိလား”
“အဲဒီအချိန်မှာ အံကြိတ်ထားရတယ်၊ သူတစ်ပါးရဲ့ နှိမ်ချတဲ့ အကြည့်တွေနဲ့ မုန်းတီးတဲ့ အကြည့်တွေကို သည်းခံရတယ်၊ အညစ်အကြေးတွေထဲကို လက်နှိုက်ပြီး ရှာဖွေစားသောက်ရတယ်”
“ရှက်စိတ်ဆိုတာ သူတစ်ပါးက ပြောလို့ သိရတာရော၊ ရင်ထဲက လာတာရော ခံစားရပေမဲ့ အစားအစာ လိုချင်တဲ့ စိတ်ဆန္ဒကိုပဲ အရှုံးပေးခဲ့ရတာပါ”
“ကျွန်တော်ဟာ အောက်ခြေလူတန်းစားပါ၊ အမြဲတမ်း အဲဒီလိုပဲ ဖြစ်ခဲ့တာပါ”
“ကျွန်တော့်မှာ နင်းဆိုတဲ့ အမည်ရှိနေပေမဲ့ မြင့်မြတ်တယ်လို့ တစ်ခါမှ မခံစားခဲ့ဖူးပါဘူး”
“ကျွန်တော်ဟာ ယုတ်ညံ့သူ တစ်ယောက်ပါ”
“ကျွန်တော်ဟာ သူခိုးပါ”
“အမှိုက်တွေထဲမှာ အစားအစာ ရှာစားခဲ့ရတဲ့သူပါ”
“ကျွန်တော်ဟာ အောက်ခြေလူပါ၊ ဟား... ဒီလိုပြောနေတာက ဟန်ဆောင်နေသလို ဖြစ်နေမလားပဲ”
“ဒါပေမဲ့ ဒါဟာ ကျွန်တော့်ရဲ့ စိတ်ရင်းအမှန်ပါ”
“ကြည့်ပါဦး၊ ကျွန်တော် ကြီးပြင်းလာတော့လည်း မှောင်ခိုဈေးကွက်ထဲမှာ ဝင်မွှေနေတုန်းပဲ၊ ဖြောင့်မတ်တဲ့ လမ်းစဉ်ကလူတွေ စက်ဆုပ်ရွံရှာတဲ့ နေရာတွေမှာပဲ စားစရာ ရှာဖွေနေခဲ့တာပါ”
“ကျွန်တော်က ညစ်ပတ်မှာကို မကြောက်ပါဘူး၊ ငတ်မွတ်မှာကိုပဲ ကြောက်တာပါ”
နင်းကျော့သည် သက်ပြင်းချလိုက်ရင်း ဝမ်းနည်းစွာဖြင့် ရယ်မောလိုက်ချေသည်။
“ဒီလောကမှာ အကြီးအကဲလီလိုင်ဖုန်းလို လူတွေရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ သူ့ကို ကျွန်တော် လေးစားသလို ကျေးဇူးလည်း တင်ပါတယ်”
“အကြီးအကဲကျူးကိုလည်း ထို့အတူပါပဲ”
“ကျွန်တော် အကြီးအကဲကို လေးစားပါတယ်”
“ဒါဟာ အမှန်တရားပါ”
“အကြီးအကဲက တော်ဝင်မျိုးနွယ်က ဖြစ်သလို နတ်ဘုရားမုဆိုး တစ်ယောက်လည်း ဖြစ်တယ်၊ ဒါပေမဲ့ အကြီးအကဲမှာ ကိုယ်ပိုင်မူဝါဒတွေ ရှိပြီး အမြဲတမ်းလည်း လိုက်နာခဲ့တယ်”
“အကြီးအကဲဟာ သတင်းကြီးတဲ့အတိုင်း လူကြီးလူကောင်း တစ်ယောက်ပါ”
“ဒါပေမဲ့ ကျွန်တော် ကောင်းကောင်း နားလည်ထားတာက လူတွေဟာ မွေးဖွားကတည်းက မတူကြဘူး၊ လျှောက်ရတဲ့ လမ်းချင်းလည်း မတူကြဘူး”
“ဘယ်သူမှ ကျွန်တော့်ကို အမှန်တကယ် မကူညီနိုင်ပါဘူး၊ လူဆိုတာ တစ်ကိုယ်တည်းပါပဲ၊ တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝ နားမလည်နိုင်ကြပါဘူး”
“များသောအားဖြင့်တော့ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးခဲ့ရတာပါ”
“ကျွန်တော် လျှောက်တဲ့လမ်းဟာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပါပဲ”
ကျူးရွှမ်းကျိမှာ နှုတ်ဆိတ်သွားချေသည်။
သူ့ရင်ထဲတွင် တစ်ခုခု ပိတ်ဆို့နေသကဲ့သို့ ခံစားလိုက်ရသည်။
နင်းကျော့၏ စကားလုံးများက သူ့နှလုံးသားတွင် လှိုင်းတံပိုးများကို ထကြွစေခဲ့သည်။
သူသည် နင်းကျော့အကြောင်းကို များစွာသိထားသဖြင့် နားလည်ပေးနိုင်ပါသည်၊ နင်းကျော့တွင် နင်းမျိုးနွယ်စု အမည်ရှိသော်လည်း ငယ်စဉ်က မျိုးနွယ်စုထံမှ ဘာအကျိုးကျေးဇူးမှ မရရှိခဲ့သည်ကိုလည်း သိရှိပေသည်။
ကျူးရွှမ်းကျိမှာ ဝမ်းနည်းမိသွားသည်။
ရေနစ်နေသူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် ကယ်တင်ရန် အော်ဟစ်ကာ လက်လှမ်းလိုက်သော်လည်း ရေနစ်နေသူကမူ ရေအောက်သို့သာ နစ်ဝင်သွားလိုသကဲ့သို့ ဖြစ်နေချေပြီ။
ထို့ကြောင့် ကျူးရွှမ်းကျိမှာ တတ်နိုင်စွမ်း မရှိတော့သကဲ့သို့ ခံစားရကာ သနားစရာကောင်းပြီး စိတ်ပျက်စရာ ကောင်းသည်ဟုလည်း တွေးမိနေသည်။
ဤမျှ ငယ်ရွယ်ပြီး ပါရမီနှင့် အလားအလာရှိသော လူငယ်တစ်ယောက်အနေဖြင့် ဤသို့ အောက်ခြေသို့ ကျဆင်းသွားရန် အလိုမရှိသင့်ပေ။
ထို့ကြောင့် ကျူးရွှမ်းကျိ၏ အကြည့်များမှာ အေးစက်သွားကာ အကြောင်းအရာကို ပြောင်းလိုက်သည်မှာ “နင်းကျော့၊ မင်း ဖန့်ချင်း တရားမျှတမှု ရှာဖွေခြင်း' ပြဇာတ် ဆိုတဲ့ ပြဇာတ်ကို ကြည့်ဖူးတယ် မဟုတ်လား”
နင်းကျော့က “အကြိမ်ပေါင်းများစွာ ကြည့်ဖူးပါတယ်” ဟု ပြန်ဖြေလိုက်သည်။
ကျူးရွှမ်းကျိက “မင်းပြောတာ မှန်တယ်၊ လူတွေရဲ့ စာနာမှုဆိုတာ ကမ်းပေါ်ကနေ ကြည့်နေရုံသက်သက်ပါပဲ”
“အဲဒီလိုအချိန်မျိုးမှာ ကိုယ်တိုင် လုပ်ဆောင်ကြည့်ဖို့ လိုအပ်တယ်၊ တတ်နိုင်သမျှ ခံစားကြည့်ဖို့ လိုတယ်”
“လီလိုင်ဖုန်းက မင်းအတွက် ဖန့်ချင်း တရားမျှတမှု ရှာဖွေခြင်း' ပြဇာတ် ကို အကြိမ်ပေါင်းများစွာ ကပြခဲ့ဖူးတယ်၊ မင်းကတော့ အမြဲတမ်း ဘေးကနေ ကြည့်နေခဲ့တာပဲ၊ မင်းကိုယ်မင်း အစားအစာ ခိုးယူနေတဲ့ သူခိုးလေးလို့ပဲ တွေးနေခဲ့တာပေါ့”
“ဒါပေမဲ့ မင်းက အဲဒီလို မဟုတ်တော့ဘူး”
“ဒီနေ့မှာတော့ မင်းဟာ ပြောင်းလဲသွားပြီ”
“မင်းဟာ စင်မြင့်ပေါ်မှာ ရှိနေပြီ၊ မင်း သိရဲ့လား၊ လီလိုင်ဖုန်းက မင်းကိုလည်း စင်မြင့်ပေါ် တက်စေချင်ခဲ့တာ”
“မင်း အသက် ခြောက်နှစ်အရွယ်မှာတင် တောက်ပလာပြီး တဖြည်းဖြည်းနဲ့ စင်မြင့်ပေါ် တက်လာလိမ့်မယ်လို့ သူ မျှော်လင့်ခဲ့ဖူးတယ်”
နင်းကျော့၏ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည်။
ကျူးရွှမ်းကျိက ဆက်ပြောသည်မှာ “လီလိုင်ဖုန်းကတော့ ကွယ်လွန်သွားပြီ၊ မင်း တောက်ပလာတာကို သူ မမြင်သွားရဘူး၊ ဒါဟာ သူ့အတွက်တော့ နောင်တတစ်ခုပဲပေါ့”
“မင်းက ဒီနောင်တကို ဖြည့်ဆည်းပေးသင့်တယ်”
“‘ဖန့်ချင်း တရားမျှတမှု ရှာဖွေခြင်း' ပြဇာတ် ကို ကပြလိုက်ပါ”
“လီလိုင်ဖုန်းရဲ့ နေရာမှာ ဝင်ခံစားပြီး စက်မှုရုပ်သေးပြဇာတ်ကို ကပြကြည့်ပါ၊ သူ့ရဲ့ အခြေအနေနဲ့ ခံစားချက်တွေကို လေ့လာကြည့်စမ်း”
နင်းကျော့က တုံ့ဆိုင်းစွာဖြင့် “ဒါကတော့...” ဟု ဆိုလိုက်သည်။
ကျူးရွှမ်းကျိ၏ အကြည့်များမှာ စူးရှသွားကာ “မင်းမှာ စက်မှုရုပ်သေး ထိန်းချုပ်တဲ့ ပညာရပ် မရှိဘူးလို့တော့ မပြောနဲ့ဦး”
နင်းကျော့က ခေါင်းခါပြကာ “အဲလို မဟုတ်ပါဘူး...”
ကျူးရွှမ်းကျိက စကားဖြတ်ပြောလိုက်သည်မှာ “မင်း မသိနိုင်ပေမဲ့ သူက မင်းကို အခွင့်အရေးတွေ အများကြီး ပေးခဲ့တာပါ”
“အခု ငါကလည်း မင်းကို အခွင့်အရေးတစ်ခု ပေးနေတာပဲ”
“မင်းကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် အခွင့်အရေးတစ်ခု ပေးသင့်တယ်”
“စင်မြင့်ပေါ် တက်လိုက်ပါ”
“လီလိုင်ဖုန်း မရှိတော့ပေမဲ့ သူ့ရဲ့ အလင်းရောင်ကတော့ မင်းကို ဖြောင့်မတ်တဲ့ လမ်းဆီကို လမ်းပြပေးနေတုန်းပဲ”
ယခုအချိန်တွင် နင်းကျော့အနေဖြင့် သဲလွန်စမှာ လီလိုင်ဖုန်းထံမှ ဖြစ်နိုင်သည်ဟု ခန့်မှန်းမိလိုက်သည်။
သို့သော် ကျူးရွှမ်းကျိနှင့် ရင်ဆိုင်ရာတွင် သူသည် အကျပ်အတည်းသို့ ရောက်နေပြီ ဖြစ်ရာ ငြင်းဆန်ရန် မဖြစ်နိုင်တော့ဘဲ နာခံရန်သာ ရှိတော့သည်။
ကျူးရွှမ်းကျိ၏ ညွှန်ကြားချက်ကို ရရှိသည်နှင့် ကျူးဟို့က ချက်ချင်းပင် စီစဉ်ပေးလိုက်ချေသည်။
အသက်ကြီးပိုင်း အခမ်းအနားမှူးက စင်ပေါ်တက်လာပြီး အလှူငွေကောက်ခံခြင်း ပြီးဆုံးသွားပြီ ဖြစ်သော်လည်း လူငယ်ပါရမီရှင် တစ်ဦးက လူအများကို ဖျော်ဖြေရန်အတွက် စက်မှုရုပ်သေးပြဇာတ် ကပြလိုကြောင်း ကြေညာလိုက်သည်။
ထို့ကြောင့် နင်းကျော့သည် စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။
သူသည် စင်အောက်ရှိ ကျင့်ကြံသူများနှင့် အဆောက်အအုံအတွင်းရှိ လူများကို ဦးညွှတ်လိုက်ရင်း “လေးစားအပ်ပါတဲ့ စီနီယာတို့၊ ကျွန်တော့်ရဲ့ စိတ်ရင်းမှန်နဲ့ ဂါရဝပြုမှုကို တင်ဆက်ခွင့်ပြုပါ”
“ကျွန်တော် ငယ်စဉ်က မိသားစု ဆင်းရဲနွမ်းပါးပြီး ဘဝက ခက်ခဲခဲ့ပါတယ်၊ အဲဒီအချိန်မှာ အကြီးအကဲ လီလိုင်ဖုန်းက ကျွန်တော့်ကို အမြဲတမ်း ဂရုစိုက်ပေးခဲ့တာပါ”
“သူဟာ ဘာအကျိုးကျေးဇူးမှ မမျှော်လင့်ဘဲ သူတစ်ပါးကို ကူညီချင်တဲ့ စိတ်ပဲ ရှိခဲ့တာပါ၊ သူ့ရဲ့ စေတနာနဲ့ စရိုက်က အင်မတန် လေးစားစရာ ကောင်းလှပါတယ်”
“သူ့ရဲ့ စက်မှုရုပ်သေးပြဇာတ်တွေကို ကျွန်တော် မရေမတွက်နိုင်အောင် ကြည့်ခဲ့ဖူးပြီး အင်မတန်လည်း စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ခံစားခဲ့ရပါတယ်၊ ဒီနေ့မှာတော့ ကျွန်တော် ဒီပညာရပ်ကို သင်ယူခွင့်ရခဲ့လို့ အကြီးအကဲ လီလိုင်ဖုန်းကို အမှတ်ရတဲ့အနေနဲ့ရော၊ အကြီးအကဲကျူးဟို့ ရာထူးဆက်ခံခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ရော ဒီပြဇာတ်ကို တင်ဆက်လိုက်ရပါတယ်”
လက်ခုပ်သံများနှင့် အားပေးသံများမှာ ဆူညံသွားချေသည်။
ကျင့်ကြံသူများမှာ အံ့သြဝမ်းသာ ဖြစ်သွားကြပြီး အခြေအနေမှာ အလွန်ပင် သက်ဝင်လှုပ်ရှားလာသည်။
ရွှေအမြုတေအဆင့် ပဋိပက္ခမတိုင်မီက နင်းကျော့၏ အမည်မှာ ထိပ်တန်းဂိုဏ်းကြီးလေးခု၏ စက်ဝိုင်းငယ်အတွင်း၌သာ ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။
နင်းမျိုးနွယ်စုကမူ သူ နင်းရှောင်ဟွေ့ကို အနိုင်ယူခဲ့သည့် အချိန်ကတည်းက သိရှိထားကြသည်။
ရွှေအမြုတေအဆင့် တိုက်ပွဲအပြီးတွင်မူ ကောလာဟလများနှင့် အခြားအကြောင်းအရာများကြောင့် နင်းကျော့၏ အမည်မှာ လူသိများလာခဲ့သည်။
ယခုတစ်ကြိမ်တွင် ကျူးရွှမ်းကျိက သူ့ကို ဤအခမ်းအနားသို့ ခေါ်ဆောင်လာခြင်းမှာ လူအများအပေါ် လေးနက်သော အထင်ကြီးမှုကို ဖြစ်ပေါ်စေခဲ့သည်။
နင်းကျော့သည် ကျူးရွှမ်းကျိ၏ မျက်စိကျခြင်းကို ခံရပြီး ရာထူးတက်လှမ်းတော့မည်ဟု လူတိုင်းက ခန့်မှန်းနေကြချေပြီ။
ကျူးရွှမ်းကျိကြောင့်ပင် နင်းကျော့သည် ပိုမိုအာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
ယခုအခါ ဖြောင့်မတ်သော လမ်းစဉ်၏ ထွန်းသစ်စကြယ်ပွင့် တစ်ဦးဖြစ်သူက ကိုယ်တိုင်ကိုယ်ကျ စက်မှုရုပ်သေးပြဇာတ် ကပြမည် ဖြစ်ရာ လူတိုင်းက စိတ်ဝင်တစား ရှိနေကြတော့သည်။
ဖျော်ဖြေမှုက မည်သို့ပင်ဖြစ်စေ လူအများအပြားကမူ စိတ်ထဲတွင် ဆုံးဖြတ်ထားကြပြီး ဖြစ်သည်၊ ၎င်းမှာ ဖျော်ဖြေပွဲအပြီးတွင် အလှူငွေများ ထပ်မံထည့်ဝင်ရန်ပင် ဖြစ်၏။
နင်းကျော့ကို ထောက်ပံ့ခြင်းသည် ကျူးရွှမ်းကျိကို ထောက်ပံ့ခြင်းနှင့် အတူတူပင် မဟုတ်လော။
ဖြောင့်မတ်သော လမ်းစဉ်က လူများမှာ ထိုသို့သော ကိစ္စရပ်များတွင် အင်မတန် အကဲခတ် မြန်လှပေသည်။
အခန်း (၂၈၄) - နင်းကျော့၊ မင်းတော့ သွားပြီ။
ကျူးရွှမ်းကျိသည် ကိုယ်တိုင်ကိုယ်ကျ ထွက်မလာသော်လည်း သူ၏ စိတ်ဝိညာဉ်အာရုံမှာမူ ထိုအခန်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ရုပ်သေးစင်မြင့်ထက်ကို အကဲခတ်နေလေသည်။
နင်းကျော့အား ဤသို့ စီစဉ်ညွှန်ကြားလိုက်ရခြင်း၌ ကျူးရွှမ်းကျိ၏ စစ်မှန်သော ရည်ရွယ်ချက်ကို မည်သူမျှ မသိနိုင်ပေ။
သူ့စိတ်ထဲတွင် အနည်းဆုံး အကြောင်းပြချက် သုံးခုရှိနေသည်။
ပထမတစ်ခုမှာ ဒိုင်ယာရီထဲတွင် ရေးသားထားသည်များကို အတည်ပြုရန်ဖြစ်ပြီး 'ဖန့်ချင်း တရားမျှတမှု ရှာဖွေခြင်း' ပြဇာတ်၌ နင်းကျော့၏ စက်မှုပညာကိုင်တွယ်ပုံ အရည်အချင်းကို ကြည့်ရှုလိုခြင်း ဖြစ်သည်။
အခြားတစ်ခုမှာ ဤပြဇာတ်ကို အသုံးပြု၍ နင်းကျော့အား နိုးကြားတက်ကြွလာစေရန် စေ့ဆော်ပေးလိုခြင်း ဖြစ်သည်။
နောက်ဆုံးအချက်မှာ ပြဇာတ်ဖြင့်ပင် နင်းကျော့ကို ဖျောင်းဖျပြီး နောက်ဆုံးသတိပေးချက် တစ်ခုပေးလိုခြင်း ဖြစ်၏။ အမှောင်ကိုစွန့်၍ အလင်းသို့ ကူးပြောင်းနိုင်မည့် အခွင့်အရေးမှာ ယခု နင်းကျော့၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ဒါတွေက လီလိုင်ဖုန်း အသက်ရှိစဉ်က ကပြဖျော်ဖြေခဲ့တဲ့ ရုပ်သေးကိရိယာတွေပဲ" ကျူးဟို့သည် စင်ပေါ်သို့ ကိုယ်တိုင်တက်လာပြီး နင်းကျော့ထံသို့ ရုပ်သေးပစ္စည်းကိရိယာ တစ်စုံကို ကမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်" နင်းကျော့က ကျေးဇူးတင်စကား ဆိုလိုက်၏။
အနီးကပ်တွင် ကျူးဟို့သည် နင်းကျော့အား သိချင်စိတ်အပြည့်ဖြင့် အကဲခတ်ကြည့်ရှုကာ နွေးထွေးစွာ ပြုံးပြလိုက်ပြီး "လူငယ်လေး၊ အစွမ်းကုန် ကြိုးစားပါဦး" ဟု ပြောဆိုခဲ့သည်။
ကျူးဟို့ စင်ပေါ်မှ ဆင်းသွားသည်နှင့် နင်းကျော့သည် လက်ထဲရှိ ရုပ်သေးရုပ်များကို စတင်လေ့လာတော့သည်။
ထိုရုပ်သေးရုပ်များသည် တည်ဆောက်ပုံ ရိုးရှင်းပြီး အဓိကအားဖြင့် ကြိုးများဖြင့် ထိန်းချုပ်ရခြင်း ဖြစ်သည်။
နင်းကျော့ ထိုပစ္စည်းများနှင့် ရင်းနှီးကျွမ်းဝင်လာချိန်တွင် မီးလျှံနတ်ဆိုး ချော်ရည်တွင်းမှ ဝိညာဉ်ခေါ်ယူခြင်း ပညာရပ် အလင်းတန်းတစ်ခုမှာ လျှပ်ခနဲ ထွက်ပေါ်လာပြီး နင်းကျော့၏ ဦးခေါင်းထိပ်ရှိ ဝိညာဉ်နှင့် လာရောက် ဆက်သွယ်လိုက်လေသည်။
နဂါးလိပ် မီးလျှံဝိညာဉ်၏ အသံမှာ ထိုဆက်သွယ်မှုမှတစ်ဆင့် စိုးရိမ်တကြီးနှင့် အရေးတကြီး ထွက်ပေါ်လာ၏။ "သခင်လေး၊ သခင်လေးရေ။"
"ဒုက္ခပါပဲ၊ နင်းရှောင်ဟွေ့က ရွှေဖီးနစ်မှန်ကို ဆက်သလိုက်ပြီ။ ငါတို့တော့ သွားပြီ၊ သွားပါပြီ။"
"သူမသာ အကျိုးဆောင်မှု အကြီးအကျယ် ရသွားရင် ရာဇဝင်မှတ်တမ်းဆောင်ကို ချက်ချင်း တာဝန်ယူ အုပ်ချုပ်တော့မှာ။"
"အဲဒီအချိန်ကျရင် ဘယ်လျှို့ဝှက်ချက်မှ ဖုံးကွယ်ထားလို့ ရမှာမဟုတ်တော့ဘူး။"
နင်းကျော့က သက်ပြင်းတစ်ချက်ချကာ ထိုဆက်သွယ်မှုမှတစ်ဆင့် တိုးညှင်းစွာ ပြန်ပြောလိုက်သည်။ "နဂါးလိပ် မီးလျှံဝိညာဉ်၊ ငါ အခု ထွက်သွားလို့ မရဘူး၊ ထွက်ပြေးလို့လည်း မရဘူး။"
"ကြည့်စမ်း၊ ဒီရုပ်သေးစင်မြင့်က လှောင်အိမ်တစ်ခုလိုပဲ။"
"ဟိုအရာရှိက ငါ့ကို သိန်းငှက်တစ်ကောင်လို စောင့်ကြည့်နေတာ။"
နဂါးလိပ် မီးလျှံဝိညာဉ်၏ အသံမှာ ပို၍ စူးရှလာပြီး ရင်တွင်း၌ မီးဟုန်းဟုန်းတောက်သကဲ့သို့ အရေးတကြီးလေသံဖြင့် "ဒါဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုလုပ်ရမှာလဲ" ဟု မေးမြန်းလေသည်။
"တစ်ခုခု မြန်မြန်စဉ်းစားဦးလေ။"
"ငါ အရင်ကတည်းက ပြောသားပဲ၊ နင်းရှောင်ဟွေ့ကို အရေးယူပါဆိုတာကို။"
"အခုကြည့်စမ်း၊ သူမက အောင်မြင်တော့မယ်။ မင်းကတော့ မသေမျိုးနန်းတော်ရဲ့ အပြင်ဘက်မှာ ရှိနေတုန်းပဲ။"
နဂါးလိပ် မီးလျှံဝိညာဉ်မှာ ဆဲရေးတိုင်းထွာချင်စိတ်ပင် ပေါက်နေမိသည်။ ဤကဲ့သို့ အသက်အန္တရာယ်နှင့် ကြုံတွေ့နေရသည့် အရေးကြီးအချိန်တွင် နင်းကျော့က ရုပ်သေးပြဇာတ် ကပြရန် ပြင်နေသည် မဟုတ်လော။
သူသည် အမြဲတမ်း အကြံကောင်း ဉာဏ်ကောင်းရှိသူ မဟုတ်လော။ အခုကျမှ ဘာလို့ ဒီလောက်တုံးအသွားရတာလဲ။
ကျူးရွှမ်းကျိက စိုက်ကြည့်လိုက်ရုံနှင့် သူသည် လှုပ်ပင်မလှုပ်နိုင်တော့ဘဲ အသုံးမကျသည့် အခြေအနေသို့ လုံးလုံးလျားလျား ရောက်ရှိသွားရလေပြီ။
"ဒါမျိုး ဖြစ်လာမယ်မှန်း သိရင် ငါ ဘာလို့ မင်းအပေါ်မှာ ပုံအောပြီး လောင်းကြေးထပ်ခဲ့မိပါလိမ့်။"
"ဟူး။"
"ငါ တကယ်ကို မျက်စိကန်းခဲ့တာပဲ၊ တကယ်ကို မျက်စိကန်းခဲ့တာ။"
မီးလျှံနတ်ဆိုး ချော်ရည်တွင်း၏ ပင်မခန်းမဆောင်ထဲတွင် နဂါးလိပ် မီးလျှံဝိညာဉ်မှာ စိတ်မသက်မသာဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေပြီး ရံဖန်ရံခါ မီးလျှံများကို မှုတ်ထုတ်နေမိသည်။
နင်းကျော့မှာမူ နဂါးလိပ် မီးလျှံဝိညာဉ်ကို ဂရုမစိုက်တော့ပေ။
ရုပ်သေးစင်မြင့်ပေါ်တွင် စင်မြင့်သုံးဆင့်ကို ပြင်ဆင်ထားသည်။
သူသည် လှေကားထစ်များအတိုင်း တက်သွားပြီး အမြင့်ဆုံးနေရာသို့ ရောက်သောအခါ ထိုင်ခုံဝိုင်းလေးတစ်ခုပေါ်တွင် ထိုင်လိုက်လေသည်။
ဤနေရာမှာ လီလိုင်ဖုန်း အသက်ရှိစဉ်က အမြဲထိုင်လေ့ရှိသော နေရာဖြစ်သည်။
ထိုထိုင်ခုံဝိုင်းမှာ သာမန်အတိုင်းပင် ဖြစ်သော်လည်း နင်းကျော့၏ ကျောပြင်မှာမူ ဆူးများပေါ်တွင် ထိုင်နေရသကဲ့သို့ ချွေးများဖြင့် စိုရွှဲနေပြီ ဖြစ်သည်။
သူ့အတွေးများမှာ တရစပ် လှုပ်ရှားနေ၏။ ကျူးရွှမ်းကျိသည် မိမိအပေါ် ဖိအားပေးနေခြင်း ဖြစ်သော်လည်း တစ်ဖက်တွင်မူ နောက်ကြောင်းပြန်လှည့်ရန် အခွင့်အရေး ပေးနေခြင်းဖြစ်ကြောင်း သူ ကောင်းကောင်း နားလည်ထားသည်။
နင်းကျော့အနေဖြင့် ရုပ်သေးပြဇာတ်ကို ကပြပြီးနောက် ကျူးရွှမ်းကျိနှင့် ပြန်လည်တွေ့ဆုံကာ ဒူးထောက်၍ ဝမ်းနည်းပန်းနည်း ငိုကြွေးပြီး မိမိမှာ ငယ်ရွယ်နုနယ်သေး၍ မိစ္ဆာဂိုဏ်း ကျင့်ကြံသူများ၏ မြှူဆွယ်မှုကို ခံခဲ့ရကြောင်း၊ ၎င်းတို့၏ ထောက်ပံ့မှုဖြင့် မှားယွင်းသော လမ်းကြောင်းပေါ်သို့ ရောက်ရှိခဲ့ရကြောင်း ဝန်ခံလိုက်ရုံသာ ရှိသည်။
ယခုအခါ ကျူးရွှမ်းကျိ၏ ဖျောင်းဖျမှုကြောင့်လည်းကောင်း၊ လီလိုင်ဖုန်းကို သတိရခြင်းကြောင့်လည်းကောင်း နောင်တရမိသဖြင့် မိမိ၏ ပြစ်မှုများကို ဝန်ခံကာ အမှားပြင်၍ အသစ်တစ်ဖန် စတင်လိုကြောင်း ပြောဆိုနိုင်သည်။
ထိုသို့ဆိုလျှင် ကျူးရွှမ်းကျိသည် သူ့ကို ဧကန်မုချ ထူမပေးမည်ဖြစ်ပြီး အပြစ်ကို အကျိုးပြုမှုဖြင့် အစားထိုး ချေဖျက်ရန် အခွင့်အရေး ပေးပေလိမ့်မည်။
နင်းကျော့အနေဖြင့် စွန်းလင်ထုံနှင့် ဆက်သွယ်ကာ ဗုဒ္ဓနှလုံးသားဂိုဏ်းကို အပြစ်ပုံချ၍ ဤပြဇာတ်ကို ကောင်းမွန်စွာ ကပြသွားနိုင်ပေသည်။
"ကျူးရွှမ်းကျိ ငါ့ကို စင်ပေါ်တက်ခိုင်းတာက တကယ်တော့ ငါ့အတွက် ထွက်ပေါက်တစ်ခု ပေးနေတာပဲ။ ငါသာ သူ လမ်းခင်းပေးတဲ့အတိုင်း လိုက်လျှောက်သွားရင် အမှားပြင်ဖို့ အခွင့်အရေး ရလိမ့်မယ်။"
"ငါ့ရဲ့ နာမည်ဆိုးကိုလည်း ဆေးကြောနိုင်မှာပဲ။"
"နောင်တစ်ချိန်မှာ ကျူးရွှမ်းကျိကို အားကိုးရင် ငါဟာ ဖြောင့်မတ်သော လမ်းစဉ်မှာ မြင့်မားတဲ့ အဆင့်အတန်းတစ်ခု ရလိမ့်မယ်။ လူတွေက ဒီစင်မြင့်အကြောင်း ပြောကြတဲ့အခါ ဒါဟာ ဒဏ္ဍာရီဆန်တဲ့ ပုံပြင်တစ်ပုဒ် ဖြစ်လာမှာပဲ။"
"ရှေးဟောင်း ပြဇာတ်တွေ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာသလိုမျိုးပေါ့။"
နင်းကျော့သည် မျက်မှောင်ကြုတ်ကာ ခံစားချက်များ လှုပ်ရှားလာလေသည်။
စုန့်ဖူလီနှင့် စကားပြောခဲ့စဉ်က သူသည် ဒုတိယမြောက် အသက်ရှင်သန်ရာ လမ်းစကို မြင်တွေ့ခဲ့ရသည်။ ထိုလမ်းမှာ ပျံလွှားတိမ်တိုက်ပြည်သို့ ဦးတည်သည်။
ယခုအချိန်တွင်မူ သူသည် တတိယမြောက် အသက်ရှင်သန်ရာ လမ်းစကို မြင်တွေ့နေရပြန်ပြီ။ ဤလမ်းမှာ တမ်းတခြင်းပြည်၏ နန်းတွင်းသို့ ဦးတည်နေလေသည်။
လောကတွင် အသက်ရှင်သန်ရန် လမ်းကြောင်းမှာ တစ်ခုတည်း မဟုတ်ကြောင်း ထင်ရှားလှပေသည်။
အကယ်၍ သူသည် မူလအစီအစဉ်အတိုင်း မီးလျှံနတ်ဆိုး ချော်ရည်တွင်းကို သိမ်းပိုက်ရန် ဆုံးဖြတ်ခဲ့လျှင် ၎င်းသည် မုန့်ခွေနှင့် ကျူးရွှမ်းကျိတို့ကို ဆန့်ကျင်ခြင်း၊ မုန့်မျိုးနွယ်စုနှင့် တမ်းတခြင်းပြည် တော်ဝင်မိသားစုကို ဆန့်ကျင်ခြင်းပင် ဖြစ်ပေလိမ့်မည်။
"ငါ အရင်က ရွေးချယ်ခဲ့တဲ့ လမ်းက... တကယ်ပဲ အောင်မြင်နိုင်ပါ့မလား။"
"ငါ တကယ်ပဲ မသေမျိုးနန်းတော်ရဲ့ အရှင်သခင် ဖြစ်လာနိုင်ပါ့မလား။"
"ငါသာ မသေမျိုးနန်းတော်ရဲ့ အရှင်သခင် ဖြစ်လာခဲ့ရင်တောင် မုန့်ခွေနဲ့ ကျူးရွှမ်းကျိတို့လို ရန်သူတွေကို ဘယ်လို ရင်ဆိုင်ရမလဲ။"
"ငါကပဲ အဲဒီကနေ ထွက်ပြေးသွားရမှာလား။ မီးလျှံနတ်ဆိုး ချော်ရည်တွင်းကြီးနဲ့အတူ ပျံသန်းထွက်ပြေးသွားရမှာလား။"
နင်းကျော့သည် မိမိကိုယ်မိမိ အာမမခံနိုင်ပေ။
အနာဂတ်ကိုလည်း ကြိုတင် မခန့်မှန်းနိုင်။
သူ ရွေးချယ်ခဲ့ဖူးသော လမ်းကြောင်းမှာ အန္တရာယ်များနှင့် ပြည့်နှက်နေပြီး အဆုံးမရှိသော ချော်ရည်များထဲသို့ ခုန်ဆင်းလိုက်သကဲ့သို့ သို့မဟုတ် မိမိကိုယ်ကိုယ် အဆုံးစီရင်လိုက်သကဲ့သို့ပင် ဖြစ်သည်။
သို့သော် ကျူးရွှမ်းကျိကို အားကိုးလိုက်မည်ဆိုလျှင်မူ အခြေအနေက ကွဲပြားသွားပေလိမ့်မည်။
ကျူးရွှမ်းကျိက သူ့ကို အထင်ကြီးလေးစားနေသည် မဟုတ်လော။
ဤအချက်ကို နင်းကျော့ ကောင်းစွာ ခံစားမိသည်။
ထူးချွန်ထက်မြက်သည့် ပါရမီရှင်များမှာ အမြဲရှိနေတတ်သော်လည်း ထိုသူတို့ကို သိမြင်တန်ဖိုးထားမည့် ပုဂ္ဂိုလ်မျိုးမှာမူ ရှားပါးလှပေသည်။
ကျူးရွှမ်းကျိကို မှီခိုခြင်းဖြင့် နင်းကျော့သည် ကြီးပွားအောင်မြင်မှုဆီသို့ အရှိန်အဟုန်ဖြင့် တက်လှမ်းနိုင်မည် ဖြစ်သည်။ ကျူးရွှမ်းကျိသည် တော်ဝင်မိသားစုအတွင်း၌ မည်မျှအဆင့်အတန်း မြင့်မားကြောင်းလည်း နင်းကျော့ ကောင်းစွာ နားလည်ထား၏။
တမ်းတခြင်းပြည် တော်ဝင်မိသားစုတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ မရှားပါးသော်လည်း ကျူးရွှမ်းကျိမှာမူ ၎င်းတို့ထဲတွင် အထူးခြားဆုံး ဖြစ်သည်။
ကျင့်စဉ်အဆင့်တစ်ခုတည်းက အရာအားလုံးကို ဆုံးဖြတ်ပေးသည်မဟုတ်ဘဲ စိတ်နေသဘောထား၊ အရည်အချင်းနှင့် ပါရမီတို့ကသာ ကျင့်ကြံသူများကြားရှိ ခြားနားချက်ကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။
ကျူးရွှမ်းကျိ၏ အနာဂတ်မှာ အလွန်ကျယ်ပြောပြီး သူသည် တမ်းတခြင်းပြည် နန်းတွင်းတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်ဟု နင်းကျော့ ယုံကြည်နေသည်။
"ပညာရှိသူဆိုတာ အခြေအနေကို ကြည့်ပြီး အလျှော့ပေးတတ်ရတာပဲ... တမ်းတခြင်းပြည် ဘုရင်ကလည်း လူတော်စုဆောင်းရေး အမိန့်ပြန်တမ်းကို ထုတ်ပြန်ထားပြီးပြီ။"
"ငါသာ ကျူးရွှမ်းကျိကို အားကိုးမယ်ဆိုရင် မသေမျိုးနန်းတော် အရှင်သခင် နေရာအတွက် ဆက်ပြီး ယှဉ်ပြိုင်နိုင်ဦးမှာပဲ။ အဲဒီနောက် လူတော်စုဆောင်းရေး အမိန့်အတိုင်း မသေမျိုးနန်းတော်ကို ဆက်သလိုက်မယ်ဆိုရင် ငါဟာ တမ်းတခြင်းပြည်ရဲ့ နန်းတွင်းအရာရှိ ဖြစ်လာပြီး ကျူးရွှမ်းကျိရဲ့ ထောက်ပံ့မှုနဲ့ အရှိန်အဟုန်နဲ့ တက်လှမ်းနိုင်မှာပဲ။"
"ဒီလို အနာဂတ်မျိုးကတော့..."
ဒါဟာ နင်းကျော့ တစ်ခါမှ မစဉ်းစားဖူးခဲ့တဲ့ အနာဂတ်မျိုး ဖြစ်သည်။
ကျူးရွှမ်းကျိ ခုနက သတိပေးလိုက်သလိုပင် သူသည် ယခင်ကနှင့် မတူတော့ပေ။
သူသည် စင်အောက်က ခိုးသားလေး မဟုတ်တော့ဘဲ စင်ပေါ်က လူကြီးလူကောင်း တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ဒုန်း။
ရုပ်သေးစင်မြင့်၏ ဘေးတစ်ဖက်တစ်ချက်စီရှိ တူရိယာသမားများက စတင်တီးခတ်လိုက်ကြသည်။
ဗုံကြီးသံက နင်းကျော့၏ အတွေးများကို ဖြတ်တောက်လိုက်၏။
ထို့နောက်...
ဒုန်း၊ ဒုန်း၊ ဒုန်း။
ဗုံကြီးကို နှေးကွေးစွာ တီးခတ်နေသည်။
၎င်းနောက်တွင် ကျင်းဟုတယောသံက လိုက်ပါလာပြီး တည်ကြည်လေးနက်သော အငွေ့အသက်ကို ဖန်တီးလိုက်လေသည်။
ရုပ်သေးစင်မြင့်မှာ တကျိကျိမြည်ကာ စင်မြင့်မှာ နိမ့်ဆင်းသွားပြီး ပြန်တက်လာသောအခါ စက်မှုတည်ဆောက်ပုံလေးများစွာ ပါဝင်သည့် မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။
ကပြဖျော်ဖြေမည့် ရုပ်သေးရုပ်များမှာ ထိုနေရာတွင် ရပ်နေကြပြီး ၎င်းတို့၏ ခြေလက်အင်္ဂါများကို ကြိုးပေါင်း တစ်ဒါဇင်ကျော်ဖြင့် ဆက်သွယ်ထားသည်။
ထိုကြိုးများကို ခပ်ရေးရေးသာ မြင်နိုင်သော်လည်း နင်းကျော့က ဝိညာဉ်စွမ်းအားကို ထိုကြိုးများအတွင်းသို့ စီးဆင်းစေလိုက်သောအခါ ၎င်းတို့မှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး သာမန်မျက်စိဖြင့် မမြင်နိုင်သော အခြေအနေသို့ ရောက်ရှိသွားတော့သည်။
နင်းကျော့သည် လက်ချောင်း ဆယ်ချောင်းလုံးကို ဝတ်ရုံစအတွင်း၌ ဝှက်ထားကာ ထိန်းချုပ်လှုပ်ရှားမှုများကို စတင်လိုက်သည်။
သူ့လက်ချောင်းထိပ်များရှိ ကြိုးများသည် ရုပ်သေးရုပ်တစ်ခုချင်းစီကို ထိန်းချုပ်လိုက်ပြီး 'ဖန့်ချင်း တရားမျှတမှု ရှာဖွေခြင်း' ၏ ပထမပိုင်းကို စတင်ကပြတော့သည်။
စင်မြင့်ထက်တွင် ဖန့်ချင်းအသွင်ဆောင်သော ရုပ်သေးရုပ်မှာ တည်ကြည်စွာ ထိုင်နေသည်။
သူ့ရှေ့ရှိ စားပွဲပေါ်တွင် အမှုတွဲများ၊ တရားစီရင်ရေးတူ၊ တံဆိပ်ပြားများနှင့် စာရေးကိရိယာများ ရှိနေသည်။
ဖန့်ချင်းရုပ်သေးရုပ်က ပါးစပ်ကိုဖွင့်ကာ အရှိန်အဝါအပြည့်ဖြင့် "တရားခံကို ရုံးတော်ထဲ ခေါ်ခဲ့စေ" ဟု ပြောဆိုလိုက်၏။
ရဲမက်နှစ်ဦးသည် ဘေးတစ်ဖက်တစ်ချက်စီမှနေ၍ တရားခံကို ရုံးတော်ရှေ့သို့ ခေါ်ဆောင်လာသည်။
တရားခံမှာ ဒူးထောက်နေပြီး မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော်လည်း တည်ငြိမ်ဟန်ဆောင်ထားလေသည်။
ဤကဲ့သို့ ရိုးရှင်းသော အစပြုမှုလေးကပင် ကြည့်ရှုသူများကို အံ့အားသင့်စေခဲ့သည်။
ဖျော်ဖြေရေးအတွက် အသုံးပြုသော ရုပ်သေးများသည် တိုက်ပွဲသုံး စက်မှုရုပ်သေးများနှင့် မတူပေ။
၎င်းတို့ကို ကြိုးများစွာဖြင့် ထိန်းချုပ်ရသဖြင့် ပိုမိုနုနယ်သော လှုပ်ရှားမှုများနှင့် ခံစားချက်များကို ဖော်ပြနိုင်သည့်အပြင် ဝိညာဉ်စွမ်းအား စီးဆင်းမှုအပေါ် မူတည်၍ လေသံကိုပင် ပြောင်းလဲနိုင်လေသည်။
နင်းကျော့သည် ထိုရုပ်သေးရုပ်များကို ကျွမ်းကျင်စွာ ထိန်းချုပ်နေသဖြင့် ၎င်းတို့မှာ လူအစစ်များကဲ့သို့ပင် အသက်ဝင်နေတော့သည်။
ဖန့်ချင်းရုပ်သေးရုပ်က တရားခံ၏ ပြစ်မှုများကို အသေးစိတ် ပြောဆိုနေပြီး ၎င်းတို့မှာ တိကျခိုင်မာလှပေသည်။
တရားခံက ရင်တွင်း၌ နာကျည်းမှုများ ပြည့်နှက်နေသည့် အရေးတကြီး လေသံဖြင့် သီဆိုလိုက်သည်။ "ကျွန်ုပ်က သာမန်အရပ်သားတစ်ဦးပါ၊ သင် ဖန့်ချင်းကတော့ အရာရှိကြီးပီပီ ကျွန်ုပ်ကို မနားမနေ စစ်ဆေးမေးမြန်းနေပါလား။"
"ဒီလောကမှာ ကျွန်ုပ်လိုလူတွေ အများကြီး ရှိပါတယ်။ ဘာဖြစ်လို့ ကျွန်ုပ်တစ်ယောက်တည်းကိုပဲ ညှဉ်းပန်းနှိပ်စက်နေရတာလဲ။"
ဖန့်ချင်းရုပ်သေးရုပ်က သီဆိုလိုက်သည်။ "တရားမျှတမှုရဲ့ လက်တံက ရှည်လျားလှတယ်၊ ဘယ်သူ့ကိုမှလည်း ချန်လှပ်ထားမှာ မဟုတ်ဘူး။ ရာထူးအဆင့်အတန်း ဘယ်လိုပဲရှိရှိ အားလုံးကို ပြင်းထန်စွာ အပြစ်ပေးရလိမ့်မယ်။"
"ဥပဒေဆိုတာ မျက်နှာမလိုက်ဘူး။ မင်းက ဘယ်လိုများ မဟုတ်မမှန် ငြင်းဆိုရဲရတာလဲ။"
"မင်းက ကြံရာပါတစ်ယောက်ပဲ။ အပြစ်ကနေ လွတ်မြောက်နိုင်မယ်လို့ မထင်နဲ့။"
ဖြောက်။
ဖန့်ချင်းရုပ်သေးရုပ်က စားပွဲပေါ်ရှိ တရားစီရင်ရေးတူကို တိကျစွာ ဆုပ်ကိုင်ကာ ထုနှက်လိုက်သဖြင့် စူးရှသောအသံ ထွက်ပေါ်လာသည်။
ထို့နောက် သူက ဟစ်အော်လိုက်သည်။ "သက်သေအထောက်အထားတွေက ခိုင်လုံနေပြီ၊ စစ်မှန်တဲ့ တရားခံကို အခုချက်ချင်း ဝန်ခံစမ်း။"
တရားခံရုပ်သေးရုပ်မှာ ခေါင်းငိုက်စိုက်ကျသွားပြီး ဘာမှ ပြန်မပြောတော့ပေ။
ရဲမက်များက သူ့ကို ခေါ်ဆောင်သွားပြီး ထောင်နန်းဆီသို့ ဦးတည်သွားကြတော့သည်။
တံခါးကို ဖွင့်လိုက်၏။
နင်းရှောင်ဟွေ့သည် ရာဇဝင်မှတ်တမ်းဆောင်အတွင်းသို့ လှမ်းဝင်လိုက်လေပြီ။
သူမ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာမှုများဖြင့် ပြည့်နှက်နေသည်။
ကျူးရွှမ်းကျိ ပေးအပ်ထားသော တာဝန်ကို ဤမျှမြန်မြန်ဆန်ဆန် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပြီး ဤနေရာသို့ ဝင်ရောက်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
"ငါ အောင်မြင်ပြီ။"
"ရွှေဖီးနစ်မှန်ရဲ့ အကူအညီနဲ့ ဆိုပေမဲ့လည်း နောက်ဆုံးတော့ ငါ အောင်မြင်ခဲ့ပြီ။"
"ဟားဟားဟား။"
နင်းရှောင်ဟွေ့သည် ဤအချိန်တွင် အလွန်ပင် ဂုဏ်ယူဝင့်ကြွားနေမိပြီး အားရပါးရ ရယ်မောလိုက်လေသည်။
ရာဇဝင်မှတ်တမ်းဆောင်အတွင်း၌ ကျောက်စိမ်းပြားပေါင်း မြောက်မြားစွာ ရှိနေသည်။
နင်းရှောင်ဟွေ့သည် ၎င်းတို့ကြားတွင် လမ်းလျှောက်ရင်း ကျောက်စိမ်းပြားများကို လက်ဖြင့် ထိတွေ့ကာ ပြုံးရွှင်နေပြီး မျက်လုံးများမှာလည်း ကျေနပ်အားရမှုဖြင့် တောက်ပနေ၏။
"အခုကစပြီး ငါလည်း ဆရာကြီး ကျူးရွှမ်းကျိရဲ့ မျက်စိထဲ ရောက်ပြီပေါ့။"
"ကောင်းလိုက်တာ၊ မသေမျိုးနန်းတော်ထဲ ဝင်ရတာက ငါ့အတွက် အသင့်တော်ဆုံး လမ်းပဲ။"
"ငါဟာ ဘဝမှာ တစ်ခါပဲ ရနိုင်တဲ့ အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့ပြီ။"
နင်းရှောင်ဟွေ့သည် စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ မိမိ၏ ရာထူးကို အသုံးပြု၍ မီးလျှံနတ်ဆိုး ချော်ရည်တွင်း၏ အတိတ်မှတ်တမ်းများကို စတင်ရှာဖွေတော့သည်။
သူမသည် ဦးစွာ စဉ်းစားဆင်ခြင်လိုက်ပြီးနောက် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားကာ အလွန်အံ့အားသင့်ဖွယ် လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိသွားလေသည်။
"ဒါဟာ ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုပဲ။"
"ကျန်းမျိုးနွယ်စုရဲ့ စက်မှုမြွေနက်ကြီးက တကယ်တော့ ဒီနေရာကနေ မြစ်ဖျားခံတာပါလား။"
နင်းရှောင်ဟွေ့သည် ဝမ်းသာအားရဖြင့် ဆက်လက်စုံစမ်းစစ်ဆေးသည်။
မကြာမီတွင် သူမ၏ ပါးစပ်မှာ အလွန်အမင်း အံ့အားသင့်မှုကြောင့် ဟပြဲကြီး ဖြစ်သွားရ၏။
"နဂါးလိပ် မီးလျှံဝိညာဉ်။ ဒီနဂါးလိပ် မီးလျှံဝိညာဉ်မှာ တစ်ခုခုတော့ မှားနေပြီ။"
နင်းရှောင်ဟွေ့သည် အလွန်တရာ စိတ်လှုပ်ရှားသွားလေသည်။ ဤအချိန်၌ ကျူးရွှမ်းကျိသည် သူမကို ရာဇဝင်မှတ်တမ်းဆောင်တွင် အဘယ်ကြောင့် စုံစမ်းစစ်ဆေးခိုင်းရခြင်းဖြစ်ကြောင်း သူမ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။
ဤအဆင့်မှာ တကယ်ကို အရေးကြီးလှပေသည်။
"ဆရာကြီး ကျူးရွှမ်းကျိ ဆိုတာအတိုင်းပါပဲ။
သူဟာ သံသယရှိနေပေမဲ့ သက်သေအထောက်အထား မရှိခဲ့တာ ဖြစ်ရမယ်။"
"အခု ငါ့လက်ထဲမှာ ရှိနေတာက သက်သေတွေပဲ၊ ငါတော့ အကျိုးဆောင်မှု အကြီးအကျယ် ရတော့မှာပဲ။"
နင်းရှောင်ဟွေ့သည် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာမှာ နီမြန်းနေပြီး ဆက်လက်စစ်ဆေးနေမိသည်။
သို့သော် မကြာမီတွင်ပင် သူမ၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော့သွားပြီး မျက်လုံးများမှာလည်း ထိတ်လန့်တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားကာ စိတ်လှုပ်ရှားမှုများမှာ ကြောက်ရွံ့ထိတ်လန့်မှုများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"နင်းကျော့၊ နင်းကျော့..."
"ဒါတွေအားလုံးက နင်ဖြစ်နေတာလား။"
"ပူးပေါင်းကြံစည်မှုပဲ၊ ဒါဟာ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုပဲ။"
"တကယ်ကို ကြောက်စရာကောင်းလိုက်တာ၊ နင်ဟာ အသက်နှစ်နှစ်ကတည်းက ဒီဇာတ်ကောင်အတိုင်း ကပြနေခဲ့တာလား။"
"ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်မှာပဲ ရှိနေသေးတာကို၊နင်က မီးလျှံနတ်ဆိုး ချော်ရည်တွင်းကိုတောင် ကြံစည်ရဲတယ်ပေါ့။ တကယ်ကို သတ္တိကောင်းလွန်းတယ်၊ ခွင့်မလွှတ်နိုင်စရာပဲ။"
နင်းရှောင်ဟွေ့သည် စိတ်ထဲမှ ကြိမ်းမောင်းနေမိသည်။
အမှန်တရားမှာ တကယ်ပင် ထိတ်လန့်ဖွယ်ကောင်းလှပြီး သူမကို တုန်လှုပ်သွားစေသည်။
သို့သော် မကြာမီတွင် သူမသည် ပြန်လည် စိတ်လှုပ်ရှားလာပြန်သည်။
"နင်းကျော့၊ နင်တော့ မိပြီ၊ ရာဇဝတ်ကောင်လေး။"
"ဟားဟားဟား၊ နင်က စစ်မှန်တဲ့ တရားခံပဲ။"
"နင်တော့ သွားပြီ၊ လုံးဝကို သွားပြီ။"
"ငါကတော့ နင့်ကို အသုံးချပြီး အကျိုးဆောင်မှု အကြီးအကျယ် ရတော့မှာ။ ဝမ်းသာစရာပဲ၊ ဝမ်းသာစရာကြီး။"
ဗုန်း။
နောက်တစ်ခဏတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မီးလျှံနတ်ဆိုး ချော်ရည်တွင်းကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတော့သည်။
နင်းရှောင်ဟွေ့မှာ ယိုင်တိယိုင်တိုင်ဖြစ်ကာ မှောက်လျက်လဲကျလုနီးပါး ဖြစ်သွားရ၏။
သူမသည် သံသယနှင့် စိုးရိမ်မှုများဖြင့် ပြည့်နှက်သွားကာ "ဘာတွေဖြစ်နေတာလဲ။ ဘာဖြစ်တာလဲ" ဟု ရေရွတ်နေမိတော့သည်။