အခန်း (၁၀၄၃-၁၀၄၄)
Vol. 88 Ch. 1043-1044
အခန်း ၁၀၄၃- အချိန်မတိုင်မီ ကုန်သွယ်ခြင်း၊ ငါထောက်ပံ့ပေးတဲ့သူက ကျိန်းသေပေါက် အနိုင်ရလိမ့်မယ်
လန်ယုံက မျက်မှောင်ကြုတ်လိုက်သည်။
“ဒါက အုတ်မြစ်ကျောက် ဘီလီယံ ၅၀၀ တန်တဲ့ အော်ဒါအကြီးကြီးပဲ။ ဒီအတိုင်း ဖျက်သိမ်းလိုက်ရမယ်ဆိုရင် နည်းနည်းတော့ နှမြောစရာကောင်းတယ်။”
ထန်လော့က ပြုံးလိုက်သည်။
“အရှင်မင်းကြီး တကယ်လို့ ကျွန်တော်မျိုးတို့သာ လော့မိသားစုကို ကောင်းကင်မိုးကြိုးမင်းဆက်ရဲ့ အာဏာကို ပြန်ရအောင် ကူညီပေးနိုင်ခဲ့ရင် ဒီအုတ်မြစ်ကျောက်တွေက ကျွန်တော်မျိုးတို့ဆီကိုပဲ ပြန်ပြီးစီးဝင်လာမှာ မဟုတ်ဘူးလား။”
လန်ယုံ အနည်းငယ် မှင်တက်သွား၏။ ပြီးမှ ခေါင်းညိတ်လိုက်သည်။
ယီရန်ပင်း မဟာမိတ်အဖွဲ့ဆီက ပစ္စည်းများက တကယ်ကို ကောင်းလွန်းလှပေသည်။ မည်သည့်နိုင်ငံမှ မဝယ်ဘဲ မနေနိုင်ပေ။ လက်နက်အသစ်များ အဆက်မပြတ် ထွက်ပေါ်လာသည်နှင့်အမျှ သူတို့သည် ပတ်ဝန်းကျင်ရှိ အင်အားစုများထံမှ အုတ်မြစ်ကျောက်အားလုံးကို ကျိန်းသေပေါက် အရယူနိုင်ပေလိမ့်မည်။
“အင်း ငါနားလည်ပြီ။”
လန်ယုံက ပြန်ပြောပြီး ဖုန်းချလိုက်တော့သည်။
“ထန်လုံ ကောင်းကင်မိုးကြိုးမင်းဆက်နဲ့ ဒီဘက်မှာ တင်ထားတဲ့ အော်ဒါကို ဖျက်သိမ်းလိုက်တော့။”
လန်ယုံက ထန်လုံထံ ဖုန်းထပ်ဆက်လိုက်သည်။ ထန်လုံသည် ထိုဖုန်းကို လက်ခံရရှိသောအခါ လုံးဝ ဝေခွဲမရ ဖြစ်သွားခဲ့တော့သည်။
“အရှင်မင်းကြီး ဘာလို့ ဖျက်သိမ်းရတာလဲ။”
ထန်လုံက မေးလိုက်၏။ လန်ယုံသည် ထန်လော့ထံမှ ယခုလေးတင် ရရှိထားသော အချက်အလက်များကို ချက်ချင်း ရှင်းပြလိုက်သည်။
ထန်လုံသည် မျက်မှောင်ကြုတ်ကာ အနည်းငယ် စဉ်းစားလိုက်သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့အမြင်အရတော့ ဒါကို ခေါင်းဆောင်ရှောင်းနဲ့ အရင်ဆုံး ဆက်သွယ်မေးမြန်းကြည့်သင့်သေးတယ်လို့ ထင်ပါတယ်။”
လန်ယုံ အနည်းငယ် တိတ်ဆိတ်သွားခဲ့သည်။ ပြီးမှ စဉ်းစားကာ ပြောလိုက်သည်။
“အင်း မင်းပြောတာ မှန်တယ်။ ထန်လော့ဘက်က ပြောတာက သူတို့ရဲ့ ထင်ကြေးသက်သက်ပဲ ရှိသေးတယ်။ ခေါင်းဆောင်ရှောင်း တကယ်ဘာတွေးနေလဲဆိုတာ ငါတို့ အတိအကျ မသိသေးဘူး။”
“အမှန်ပဲ။ အဲ့ဒါကြောင့် တိုက်ရိုက်မေးလိုက်တာက ပိုကောင်းပါတယ်။ ကိုယ့်ဘာသာကိုယ် မှန်းဆမနေသင့်ဘူး။”
ထန်လုံက ပြောလိုက်သည်။
“ကောင်းပြီ။ ငါ ခေါင်းဆောင်ရှောင်းဆီ အခု ဖုန်းဆက်လိုက်မယ်။”
လန်ယုံက ထိုသို့ပြောကာ ဖုန်းချလိုက်ပြီး ရှောင်းယီထံ ချက်ချင်း ဖုန်းခေါ်လိုက်တော့သည်။
ရှောင်းယီသည် လန်ယုံထံမှ ဖုန်းလာသောအခါ အနည်းငယ် အံ့သြသွားခဲ့၏။
“အရှင်မင်းကြီးလန် ဒီနေ့ ဘာကိစ္စရှိလို့ ကျုပ်ဆီ ဖုန်းဆက်တာလဲ။”
ရှောင်းယီက ပြုံးကာ မေးလိုက်သည်။
“ကျုပ် ဖုန်းဆက်ရတဲ့ အဓိကအကြောင်းအရင်းက ကောင်းကင်မိုးကြိုးအင်ပါယာနဲ့ ကုန်သွယ်မှုကိစ္စကို ဆွေးနွေးချင်လို့ပါ။ အုတ်မြစ်ကျောက် ဘီလီယံ ၅၀၀ ဖိုးလောက်ရှိတဲ့ အော်ဒါအတွက် ခေါင်းဆောင်တို့ဘက်က ပစ္စည်း ထောက်ပံ့ပေးနိုင်မလားဆိုတာ သိချင်လို့ပါ။”
လန်ယုံက စမ်းတဝါးဝါး မေးကြည့်လိုက်သည်။
ရှောင်းယီ၏ သဘောထားကို ရှင်းရှင်းလင်းလင်း မသိရသေးသဖြင့် အော်ဒါဖျက်သိမ်းမည့်အကြောင်းကို သူ တိုက်ရိုက် မပြောသေးပေ။
“ဒါပေါ့။ ပေးနိုင်ပါတယ်။ ဘာဖြစ်လို့ ရုတ်တရက်ကြီး မေးတာလဲ။”
ရှောင်းယီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။ သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များအကြောင်းကို လန်ယုံအား အရင်က ပြောပြဖူး၏။ ကုန်ကြမ်းပစ္စည်းသာ လုံလောက်လျှင် ထိုကျောက်တိုင်များဖြင့် ပစ္စည်းထုတ်လုပ်ခြင်းမှာ မျက်စိတစ်မှိတ်အတွင်းပင် ပြီးစီးနိုင်သည် မဟုတ်ပါလော။
ရှောင်းယီ၏ အဖြေကို ကြားသောအခါ လန်ယုံက စိတ်ထဲမှ တွေးလိုက်မိသည်။
‘တော်သေးတာပေါ့ ငါအရင်မေးမိလို့။ မဟုတ်လို့ကတော့ ဒီလောက် အော်ဒါအကြီးကြီးကိုသာ ငါ ဖျက်သိမ်းလိုက်ရင် ခေါင်းဆောင်ရှောင်းဆော့ ငါ့ကို သတ်ချင်နေတော့မယ်။”
“ဒီလိုပါ။ ကောင်းကင်မိုးကြိုးအင်ပါယာရဲ့ ပြည်တွင်းရေး အခြေအနေက တော်တော်လေး ရှုပ်ထွေးနေတယ်လို့ ကျုပ် ကြားထားတယ်။ အဖွဲ့အစည်း တစ်ခုတည်းနဲ့ စီးပွားရေးလုပ်နေရင် ပြဿနာများ တက်မလားလို့ နည်းနည်း စိုးရိမ်မိလို့ပါ။”
လန်ယုံက ဆက်ပြောလိုက်သည်။ ရှောင်းယီသည် အနည်းငယ် မှင်တက်သွားခဲ့ပြီး လန်ယုံ ဖုန်းဆက်ရခြင်း၏ ဆိုလိုရင်းကို ချက်ချင်းပင် ရိပ်မိသွားတော့သည်။
“စိတ်မပူပါနဲ့။ စီးပွားရေးကို ဆက်လုပ်ပါ။ တကယ်လို့ ကျုပ် အင်အားစုတစ်ခုခုကို ထောက်ပံ့ပေးချင်တယ်ဆိုရင် သူတို့ရဲ့ ပြိုင်ဘက်က အုတ်မြစ်ကျောက် ဘီလီယံ ၅၀၀ ဖိုး လက်နက်တွေ ဝယ်ထားရင်တောင် သူတို့ နိုင်မှာမဟုတ်ဘူး။”
ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်၏။ ထိုစကားကို ကြားသောအခါ လန်ယုံ လုံးဝ နားလည်သွားတော့သည်။
“ဟုတ်ကဲ့ပါ။ ကျုပ် ဘာလုပ်ရမလဲဆိုတာ သိပါပြီ။”
ဖုန်းချပြီးနောက် လန်ယုံက သူ၏စိတ်ထဲမှ “ထန်လော့ရဲ့ မှန်းဆချက်က မှန်နေတာပဲ” ဟု တွေးလိုက်မိသည်။ ရှောင်းယီ၏ နောက်ဆုံးစကားအရ သူသည် ကောင်းကင်မိုးကြိုးမင်းဆက်မှ လော့မိသားစုကို ထောက်ပံ့ပေးချင်နေဆဲ ဖြစ်ကြောင်း ထင်ရှားနေပေသည်။
ထိုစဉ် ကိုယ်ရံတော်တစ်ဦး ဝင်လာပြီး သတင်းပို့လာခဲ့လေသည်။
“အရှင်မင်းကြီး ကောင်းကင်မိုးကြိုးမင်းဆက်က သံတမန်တစ်ဦး တွေ့ခွင့်တောင်းနေပါတယ်။”
“သူ့ကို ဝင်လာခိုင်းလိုက်။”
လန်ယုံက ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့။”
မကြာမီမှာပင် ကောင်းကင်မိုးကြိုးမင်းဆက်မှ သံတမန်တစ်ယောက် ဝင်လာပြီး ဦးညွှတ်လိုက်သည်။
“အရှင်မင်းကြီးလန်ကို ဂါရဝပြုပါတယ်။”
“အားနာနေစရာ မလိုပါဘူး။ ဒီရက်အနည်းငယ်အတွင်း ကိုယ်တော်တို့ရဲ့ လေပြာအင်ပါယာမှာ နေထိုင်ရတာ အဆင်ပြေရဲ့လား။”
လန်ယုံက ပြုံးကာ မေးလိုက်သည်။
“အရမ်းအဆင်ပြေပါတယ်။ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီးလန်။”
သံတမန်က ပြန်ဖြေလိုက်သည်။
“ကျွန်တော်မျိုး အခုလာရတဲ့ အကြောင်းအရင်းက အရင်က သဘောတူထားတဲ့ ကုန်သွယ်မှုကို အပြီးသတ်ဖို့ပါ။ အရှင်မင်းကြီးတို့ဘက်မှာ အခက်အခဲ တစ်စုံတစ်ရာ ရှိပါသလား။”
“ဒါက အရမ်းမြန်လွန်းမနေဘူးလား။”
လန်ယုံ အနည်းငယ် အံ့သြသွားခဲ့သည်။
“အရင်က ပြောထားသလို ပထမအသုတ် အနေနဲ့ အုတ်မြစ်ကျောက် ဘီလီယံ ၁၀၀ ဖိုး ယူမှာလား။”
“မဟုတ်ပါဘူး။ လက်နက်နဲ့ အသုံးအဆောင် ပစ္စည်းအားလုံးအတွက် အုတ်မြစ်ကျောက် ဘီလီယံ ၅၀၀ ဖိုးကို တစ်ခါတည်း အပြီးသတ် ကုန်သွယ်ချင်တာပါ။”
သံတမန်က ခေါင်းခါကာ ပြောလိုက်သည်။
“အကုန်လုံးကိုလား။”
လန်ယုံမှာ ပို၍ပင် အံ့အားသင့်သွားသော်လည်း ကောင်းကင်မိုးကြိုးမင်းဆက် အတွင်းရှိ အခြေအနေကို ပြန်တွေးမိသောအခါ ချက်ချင်းပင် နားလည်သွားခဲ့သည်။
“ဘာဖြစ်လို့လဲ။ အရှင်မင်းကြီးတို့ဘက်မှာ ပြဿနာရှိလို့လား။”
သံတမန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ပြဿနာမရှိပါဘူး။”
လန်ယုံက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် မင်းတို့ဘက်က အုတ်မြစ်ကျောက်တွေ အဆင်သင့်ပြင်ထားလိုက်ပါ။ ကိုယ်တော်တို့ဘက်ကလည်း လက်နက်နဲ့ အသုံးအဆောင်တွေကို အဆင်သင့်ဖြစ်အောင် ပြင်ထားလိုက်ပါ့မယ်။”
“ကောင်းပါပြီ။ ဘယ်လောက်ကြာမလဲ။”
သံတမန်က မေးလိုက်သည်။
“တစ်ရက်လောက်ဆိုရင် လုံလောက်ပါတယ်။”
လန်ယုံက ပြန်ပြောလိုက်သည်။
“ကောင်းပါပြီ။ ဒါဆို ကျွန်တော်မျိုးတို့ ပြန်သွားပြီး အုတ်မြစ်ကျောက်တွေ ပြင်ဆင်ထားလိုက်ပါ့မယ်။”
ထိုသို့ပြောပြီးနောက် သံတမန်မှာ နှုတ်ဆက်၍ ထွက်ခွာသွားတော့သည်။
သံတမန် ထွက်သွားပြီးနောက် လန်ယုံသည် ချက်ချင်းပင် မိုဘိုင်းလ်ဖုန်းကို ထုတ်ယူကာ ရှောင်းယီထံ အသံဖိုင် ပေးပို့လိုက်တော့လေသည်။
“ခေါင်းဆောင်ရှောင်း ကျန့်မု မိသားစုက အုတ်မြစ်ကျောက် ဘီလီယံ ၅၀၀ ဖိုး လက်နက်တွေ အားလုံးကို တစ်ခါတည်း အပြီးသတ် ဝယ်ချင်နေပြီ။”
ထိုစာကို မြင်သောအခါ ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒါက ကောင်းတဲ့ကိစ္စပဲလေ။ သဘောတူလိုက်ပါ။”
“ဒါပေမဲ့ ကောင်းကင်မိုးကြိုးမင်းဆက်ရဲ့ အခြေအနေက...။”
လန်ယုံက ထပ်မေးလိုက်သည်။
“စောင့်ကြည့်ကြတာပေါ့။ မလောပါနဲ့။ ဘာပဲဖြစ်ဖြစ် ရုတ်ရုတ်သဲသဲ ဖြစ်မှာက ကျုပ်တို့ဘက်က မဟုတ်တဲ့အတွက် အရေးမကြီးပါဘူး။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့။”
လန်ယုံသည် မိုဘိုင်းလ်ဖုန်းဟု ခေါ်သော ဤအရာ၏ အသုံးဝင်ပုံကို ပို၍ပို၍ ခံစားလာရသည်။ သူသည် ကိစ္စရပ်များကို ချက်ချင်း ဆက်သွယ် မေးမြန်းနိုင်နေသည်။
မိုဘိုင်းလ်ဖုန်းသာ မရှိပါက သူသည် စွမ်းအင်သလင်းကျောက်များကို အသုံးပြုကာ တည်နေရာကူးပြောင်းခြင်း အစီအရင်မှတစ်ဆင့် ရှောင်းယီထံ အပြေးအလွှား သွားရောက် အစီရင်ခံရမည် ဖြစ်သည်။
ဥပမာအားဖြင့် ကျန့်မုမိသားစု၏ မိသားစုခေါင်းဆောင်က လက်နက်ကုန်သွယ်မှုကို အရှိန်မြှင့်ရန် ဆုံးဖြတ်ချက်ချသည်မှာ လွန်ခဲ့သော တစ်ရက်ခွဲကပင် ဖြစ်သော်လည်း ဤသတင်းသည် လေပြာအင်ပါယာသို့ ရောက်ရှိနေသော သံတမန်ထံသို့ ယခုမှ ရောက်လာခြင်းဖြစ်သည်။ ဤအရှိန်မှာ တကယ်ပင် နှေးကွေးလွန်းလှသည်။
ထိုသတင်းကို ရရှိပြီးနောက် ရှောင်းယီသည် အနည်းငယ် စဉ်းစားကာ လော့ရယ်ထံသို့ စာတစ်စောင် ပေးပို့လိုက်သည်။
“ကျန့်မုမိသားစုက လက်နက်နဲ့ အသုံးအဆောင် ကုန်သွယ်မှုကို အချိန်မတိုင်မီ အပြီးသတ်ဖို့ အဆင်သင့် ဖြစ်နေပြီ။”
ထိုအချိန်တွင် လော့ရယ်သည် လော့လင်တန်၏ စာကြည့်ခန်းထဲ၌ ရှိနေ၏။
“ခမည်းတော် ခေါင်းဆောင်ရှောင်း။ပြောတာက အရမ်း အဓိပ္ပာယ်ရှိတယ်။ ကျန့်မုမိသားစုက ပြင်ပအင်အားစု တစ်ခုခုနဲ့ ပူးပေါင်းထားတာ ကျိန်းသေတယ်။ ကျွန်မတို့လည်း မဟာမိတ် တစ်ခုခု မရှာသင့်ဘူးလား။”
လော့ရယ်က ဆိုလိုက်သည်။ လော့လင်တန်က ခေါင်းညိတ်လိုက်၏။
“ဒီအခြေအနေကို ငါတို့ စဉ်းစားထားတာ ကြာပါပြီ။ ဒါပေမဲ့ အခုထိ ကျန့်မုမိသားစု ပြင်ပအင်အားစုနဲ့ ပူးပေါင်းထားတဲ့ လက္ခဏာ တစ်ခုမှ မတွေ့ရသေးဘူး။ ပြီးတော့ မဟာမိတ် ရှာဖို့ဆိုတာ ပြောသလောက် မလွယ်ကူဘူး။”
သူသည် အားနည်းသော အင်အားစုများကို စိတ်မဝင်စားသလို အားကောင်းသော အင်အားစုများကလည်း သူ့ကို စိတ်မဝင်စားကြချေ။ အင်အားချင်း တူညီသူများကျပြန်တော့လည်း နောက်ကျောကို ဓားနဲ့ အထိုးခံရမလား ဆိုသည်ကို စိုးရိမ်ရပြန်သည်။
“ခမည်းတော် ကျွန်မတို့ ဘာလို့ လေပြာအင်ပါယာကို မဟာမိတ်အဖြစ် မရှာတာလဲ။”
လော့ရယ်က အကြံပြုလိုက်သည်။
“ကျွန်မ လေပြာအင်ပါယာ စစ်သူကြီး ထန်လော့နဲ့ စကားပြောခဲ့ပြီးပြီ။ သူက သူတို့ရဲ့ အရှင်မင်းကြီးဆီကို အဆိုပြုချက် တင်ပြပေးမယ်လို့ ပြောထားပါတယ်။”
“လေပြာအင်ပါယာလား။”
လော့လင်တန် မျက်မှောင်ကြုတ်သွားခဲ့သည်။
လက်ရှိတွင် လေပြာအင်ပါယာ၏ အင်အားမှာ ကောင်းကင်မိုးကြိုးမင်းဆက်ထက် အနည်းငယ် အားနည်းပုံရသော်လည်း ၎င်းတို့၏ နောက်ကွယ်တွင် ယီရန်ပင်း မဟာမိတ်အဖွဲ့ ရှိနေသဖြင့် အားသာချက်များကို ထည့်တွက်လိုက်လျှင် မည်သူက ပိုသန်မာသည်ကို ပြောရန် ခက်ခဲလှပေသည်။
လော့လင်တန် စဉ်းစားနေစဉ်မှာပင် လော့ရယ်၏ ဖုန်းမှ အသံမြည်လာရာ ၎င်းမှာ အသံဖိုင် တစ်ခုဖြစ်သည်။
“ကျန့်မုမိသားစုက လက်နက်နဲ့ အသုံးအဆောင် ကုန်သွယ်မှုကို အချိန်မတိုင်မီ အပြီးသတ်ဖို့ အဆင်သင့် ဖြစ်နေပြီ။”
ထိုအသံဖိုင်ကို နားထောင်ပြီးနောက် လော့လင်တန်နှင့် လော့ရယ်တို့ နှစ်ဦးစလုံး အလွန်အမင်း ထိတ်လန့်သွားကြတော့လေသည်။
“ကျန့်မုမိသားစုက သူတို့ရဲ့ အစီအစဉ်ကို စတင်တော့မှာပဲ။”
လော့လင်တန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ ထိုအခါ လော့ရယ်က စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။
“ခမည်းတော် ဝေခွဲမရ ဖြစ်မနေပါနဲ့တော့။ လေပြာအင်ပါယာနဲ့ မဟာမိတ်ဖွဲ့လိုက်ပါ။ ဒါမှ ကျွန်မတို့အတွက် အခွင့်အရေး ရှိလိမ့်မယ်။”
အခန်း ၁၀၄၄- လော့မိသားစု၏ လှုပ်ရှားမှု၊ မဟာမိတ်၏ ရိုးသားမှု
လော့လင်တန်သည် မျက်မှောင်ကို ခပ်တင်းတင်းကြုတ်လိုက်ပြီး အတော်ကြာအောင် စဉ်းစားပြီးနောက် တိုးညှင်းသောလေသံဖြင့် ပြောလိုက်သည်။
“ကောင်းပြီ။ မင်းရဲ့ အကြံပြုချက်အတိုင်း လေပြာအင်ပါယာနဲ့ မဟာမိတ်ဖွဲ့တဲ့ကိစ္စကို ဆက်လုပ်ကြတာပေါ့။”
“ဟုတ်ကဲ့။ ကျွန်မ စစ်သူကြီး ထန်လော့ဆီကို အခုချက်ချင်း ဆက်သွယ်လိုက်ပါ့မယ်။”
လော့ရယ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ လော့လင်တန်က သဘောတူလိုက်ပြီဖြစ်သဖြင့် လော့ရယ်သည် ထန်လော့ထံသို့ ချက်ချင်း ဖုန်းခေါ်လိုက်တော့သည်။
“မင်းသမီး လော့ရယ် ကျုပ်ဆီကို ဒီလောက်မြန်မြန် ဆက်သွယ်လာတာဆိုတော့ သတင်းကောင်းပါလာမယ်လို့ ယူဆရတော့မှာပေါ့။”
ထန်လော့က ပြုံးကာ ဆိုလိုက်သည်။ လော့ရယ်က ခေါင်းညိတ်လိုက်၏။
“ကျွန်မရဲ့ ခမည်းတော်က ရှင်တို့နဲ့ မဟာမိတ်ဖွဲ့ဖို့ သဘောတူလိုက်ပါပြီ။ ရှင်တို့ဘက်က တုံ့ပြန်မှုကရော ဘယ်လိုရှိလဲ။”
သူမက ပြန်မေးလိုက်သည်။
“ကျုပ်တို့ အရှင်မင်းကြီးဘက်ကလည်း ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အဲဒါက မင်းသမီးတို့ ကောင်းကင်မိုးကြိုးမင်းဆက်ရဲ့ ရိုးသားမှုပေါ်မှာတော့ မူတည်နေဦးမှာပါ။”
ထန်လော့က ပြန်ဖြေလိုက်သည်။ လော့ရယ်သည် မျက်မှောင် အနည်းငယ်ကြုတ်သွားပြီးနောက် သူမ၏ ခမည်းတော် လော့လင်တန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
လော့လင်တန်သည် ဖုန်းတစ်ဖက်မှ အသံကို သေချာစွာ နားထောင်နေခြင်းဖြစ်သည်။ သူက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ကျုပ်တို့ အုတ်မြစ်ကျောက် ဘီလီယံ ၂၀၀ ဖိုး လက်နက်တွေကို ခင်ဗျားတို့ရဲ့ ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူဖို့ ဆန္ဒရှိတယ်။”
လေပြာအင်ပါယာက လိုလားသော ရိုးသားမှုဆိုသည်မှာ အုတ်မြစ်ကျောက်များနှင့် ကျိန်းသေပေါက် သက်ဆိုင်နေပေလိမ့်မည်။ သူတို့ကို အလကားပေးရန်မှာ မဖြစ်နိုင်သဖြင့် အုတ်မြစ်ကျောက်များကို အသုံးပြု၍ လက်နက်များ ဝယ်ယူခြင်းက အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
“ကောင်းပြီ၊း။ ဒါကို ကျုပ်တို့ အရှင်မင်းကြီးဆီကို အစီရင်ခံလိုက်ပါဦးမယ်။ ခဏလောက် စောင့်ပေးပါ။”
ထန်လော့က မျက်ခုံးတစ်ချက် ပင့်ရင်း ပြန်ဖြေလိုက်သည်။ လော့လင်တန်က တစ်ခုခု ထပ်ပြောရန် ပြင်သော်လည်း ထန်လော့က ဖုန်းချသွားနှင့်ပြီ ဖြစ်သည်။
“လေပြာအင်ပါယာက ဒီလက်နက်တွေကို ကျွန်မတို့ဆီ တကယ်ပဲ ရောင်းပါ့မလား။”
လော်ရယ်က မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
“ရောင်းမှာပါ။ ငါတို့က ယီရန်ပင်း မဟာမိတ်အဖွဲ့နဲ့ တိုက်ရိုက် ကုန်သွယ်နေတာမှ မဟုတ်တာ။ သူတို့ဘက်က ဒီလို စီးပွားရေးအခွင့်အလမ်းကို ငြင်းပယ်စရာ အကြောင်းမရှိဘူး။”
လော့လင်တန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ဘုရင့်အမိန့်တော်တံဆိပ်တုံးကို ယူပြီး နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့တွေကို စုစည်းလိုက်တော့။ ငါတို့ရဲ့ မင်းနေပြည်တော်ကို လုံခြုံအောင် ကျိန်းသေပေါက် လုပ်ထားရမယ်။”
လော့ရယ်က ခေါင်းညိတ်ကာ ဘုရင့်တံဆိပ်တုံးကို လက်ခံယူပြီး အပြင်သို့ ထွက်ခွာသွားခဲ့တော့သည်။
ရှောင်းယီသည် ကျန်းယွင်ထျန်းအား ဝံပုလွေနီပင်လယ်ဓားပြများ၏ စခန်းကို စောင့်ကြည့်ရန် ညွှန်ကြားခဲ့ပြီးနောက် သူကိုယ်တိုင်မှာမူ တည်နေရာကူးပြောင်းကာ ပြန်လာခဲ့လိုက်သည်။
သူ့ကျွန်းသို့ ပြန်ရောက်သည်နှင့် ရှောင်းယီထံသို့ လန်ယုံထံမှ ဖုန်းဝင်လာခဲ့သည်။
“ခေါင်းဆောင်ရှောင်း ကောင်းကင်မိုးကြိုးမင်းဆက် လော့မိသားစုက ကျုပ်တို့နဲ့ မဟာမိတ်ဖွဲ့ချင်နေပါတယ်။ ပြီးတော့ အုတ်မြစ်ကျောက် ဘီလီယံ ၂၀၀ ဖိုး လက်နက်တွေ ဝယ်ယူဖို့လည်း အဆိုပြုထားပါတယ်။”
လန်ယုံက အခြေအနေကို တိုက်ရိုက်ပင် ပြောပြလိုက်သည်။ ရှောင်းယီက ပြုံးလိုက်၏။
“ဒီကောင်းကင်မိုးကြိုးမင်းဆက်က တကယ်ကို ချမ်းသာကြွယ်ဝတာပဲ။ ဘီလီယံ ရာနဲ့ချီပြီး ဒီအတိုင်း ထုတ်သုံးနိုင်တယ်။ ဒီလို အခွင့်အရေးကောင်းကို လက်ခံလိုက်ပါ။”
“ဒါပေမဲ့ ခေါင်းဆောင်ရှောင်း တကယ်လို့ ကျုပ်တို့သာ သူတို့နဲ့ မဟာမိတ်ဖွဲ့ဖို့ သဘောတူလိုက်မယ်ဆိုရင် သူတို့မင်းဆက်ထဲမှာ အကျပ်အတည်းတစ်ခုခု ဖြစ်လာတဲ့အခါ ကျုပ်တို့ဘက်က စစ်ကူလွှတ်ပေးဖို့ လိုအပ်လာမှာ မဟုတ်ဘူးလား။”
လန်ယုံက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“မဟာမိတ်ဖွဲ့ထားပြီးဆိုမီတော့ သဘာဝအတိုင်း အကူအညီပေးရမှာပေါ့။ ဒါပေမဲ့ စစ်တပ်ကြီး လွှတ်ပေးဖို့အထိတော့ မလိုအပ်ပါဘူး။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ကောင်းပြီ။ သူတို့ရဲ့ ကမ်းလှမ်းချက်ကို သဘောတူလိုက်ပါ။”
ရှောင်းယီ၏ စကားကို ကြားသောအခါ လန်ယုံက “နားလည်ပါပြီ” တုံ့ပြန်လိုက်လေသည်။
မကြာမီမှာပင် ထန်လော့သည် သတင်းရရှိသွားပြီး လော့ရယ်ထံသို့ ဖုန်းဆက်လိုက်တော့သည်။ ထိုအချိန်တွင် လော့ရယ်မှာ မင်းနေပြည်တော် ကိုယ်ရံတော် စစ်စခန်းဆီသို့ အပြေးအလွှား သွားနေခြင်း ဖြစ်သည်။
‘တကယ်လို့ လူတိုင်းမှာသာ မိုဘိုင်းလ်ဖုန်းရှိရင် အမိန့်ပေးရတာက အများကြီး ပိုမြန်ပြီး လွယ်ကူသွားမှာပဲ။ ကြည့်ရတာ မိုဘိုင်းလ်ဖုန်းတွေကလည်း မဝယ်မဖြစ် ဝယ်ရမယ့် စစ်ဘက်ဆိုင်ရာ အသုံးအဆောင်တွေပဲ’
လော့ရယ်က စိတ်ထဲမှ တွေးနေမိသည်။
တူ....တူ... တူ...တူ...
လောရယ်၏ ဖုန်းမှ အသံမြည်လာသော်လည်း သူမ၏ လက်ထဲတွင် ရှိမနေပေ။ လော့လင်တန်က ဖုန်းကို ကောက်ကိုင်ကာ ပြန်ဖြေလိုက်သည်။
“ဟယ်လို ကျုပ် လော့လင်တန်ပါ။”
ထိးန်လော့က အနည်းငယ် တန့်သွားပြီးနောက် ပြောလိုက်သည်။
“နှုတ်ခွန်းဆက်သပါတယ် အရှင်မင်းကြီး လော့လင်တန်။ ကျွန်တော်မျိုစတို့ အရှင်မင်းကြီးက မဟာမိတ်ဖွဲ့ဖို့ သဘောတူလိုက်ပါပြီ။ အရှင်မင်းကြီးတို့ရဲ့ အုတ်မြစ်ကျောက် ဘီလီယံ ၂၀၀ ကို အဆင်သင့်ပြင်ထားလိုက်ပါ။ အချိန်မရွေး အရောင်းအဝယ် လုပ်လို့ရပါပြီ။”
လော့လင်တန်က အနည်းငယ် စဉ်းစားပြီး မေးလိုက်သည်။
“မဟာမိတ်တစ်ခုအနေနဲ့ ကျုပ်တို့မင်းဆက်က သံတမန်တွေ ဘယ်လိုလက်နက်တွေနဲ့ အသုံးအဆောင်တွေ ဝယ်သွားသလဲဆိုတာ မင်း ကျုပ်ကို ပြောပြနိုင်မလား။”
ထန်လော့က ရယ်မောလိုက်သည်။
“ဆိုလိုတာက သူတို့ ဘာတွေဝယ်သွားလဲဆိုတာတောင် အရှင်မင်းကြီးတို့ မသိဘူးပေါ့။”
“ပွင့်ပွင့်လင်းလင်း ပြောရရင် ကျန့်မု မိသားစုက အရမ်းအင်အားကြီးလွန်းတယ်။ အခုသံတမန်ကလည်း သူတို့ရဲ့ လက်ကိုင်တုတ်တစ်ယောက်ပဲလေ။ ဒါကြောင့် ကျုပ်က မင်းဆီကနေပဲ စုံစမ်းရမှာပါ။”
လော့လင်တန်က အားကိုးရာမဲ့စွာ ပြန်ဖြေလိုက်သည်။
“နားလည်ပါပြီ။ ကျွန်တော်မျိုး အရှင်မင်းကြီးနဲ့ အတည်ပြုပြီးရင် သူတို့ဝယ်သွားတဲ့ လက်နက်စာရင်းကို ပို့ပေးပါ့မယ်။”
ထန်လော့က ဆိုသည်။
“ဒါဆိုရင် တကယ် ကျေးဇူးတင်ပါတယ်။”
လော့လင်တန်က ပြောလိုက်သည်။
“မလိုပါဘူး။ ကျွန်တော်မျိုးတို့က မဟာမိတ်တွေပဲလေ။”
ထန်လော့က ပြန်ဖြေလိုက်သည်။ ထိုစဥ် လော့လင်တန်က အနည်းငယ် စဉ်းစားပြီးနောက် စမ်းတဝါးဝါးဖြင့် မေးကြည့်လိုက်သည်။
“ကျုပ်မှာ နောက်ထပ် တောင်းဆိုချက် အသေးလေးတစ်ခု ရှိပါသေးတယ်။ ကျုပ်တို့ဆီ ရောင်းတဲ့လက်နက်တွေကို ကျန့်မုမိသားစုဆီ ရောင်းတာထက် ပိုပြီး အဆင့်မြှင့်ပေးလို့ ရမလား။”
“ဒါကိုတော့ ကျွန်တော်မျိုး အာမမခံနိုင်ပါဘူး။ ခေါင်းဆောင်ရှောင်း သဘောတူ၊ မတူပေါ်မှာပဲ မူတည်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလက်နက်တွေရဲ့ ပင်မထုတ်လုပ်သူက ယီရန်ပင်း မဟာမိတ်အဖွဲ့ ဖြစ်နေလို့ပါ။”
ထန်လော့က ပြန်ဖြေလိုက်သည်။
“အင်း နားလည်ပါပြီ။ မင်းရဲ့ သတင်းကို စောင့်နေပါ့မယ်။”
လော့လင်တန်က ထိုသို့ပြောပြီးနောက် ဖုန်းချလိုက်တော့သည်။
ထိုအချိန်တွင် လေပြာအင်ပါယာသည် ကျန့်မုမိသားစု ဝယ်ယူသွားသော လက်နက်စာရင်းကို သူတို့ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ကုန်တင်သင်္ဘောထံသို့ ပေးအပ်ပြီးဖြစ်သည်။
သင်္ဘောပေါ်ရှိ တာဝန်ခံသည် ထိုစာရင်းကို ရှောင်းယီထံ ချက်ချင်း အစီရင်ခံခဲ့ရာ ရှောင်းယီကလည်း လိုအပ်သည်များကို ချက်ချင်း စတင်ထုတ်လုပ်တော့သည်။ ထုတ်လုပ်ပြီးနောက် သင်္ဘောပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုကာ လက်နက်များကို လေပြာအင်ပါယာထံသို့ ကုန်သွယ်ပေးလိုက်တော့လေသည်။
ကျန့်မုမိသားစုသည်လည်း အလွန်လျှင်မြန်စွာ လှုပ်ရှားခဲ့ကြ၏။ သူတို့သည် အုတ်မြစ်ကျောက် ဘီလီယံ ၅၀၀ ကို ချက်ချင်းပြင်ဆင်ပြီးနောက် ပထမဆုံးအနေဖြင့် အုတ်မြစ်ကျောက် သန်း ၁၀၀ ကို တည်နေရာကူးပြောင်းခြင်း အစီအရင်မှတစ်ဆင့် ပေးပို့ကာ ထိုတန်ဖိုးနှင့်ညီမျှသော လက်နက်ခဲယမ်းများကို ယူဆောင်သွားကြသည်။
သူတို့ ဤသို့လုပ်ရခြင်းမှာ အုတ်မြစ်ကျောက် ဘီလီယံ ၅၀၀ စလုံးကို တစ်ခါတည်း သယ်ယူပါက လေပြာအင်ပါယာက သူတို့ကို အပြတ်အသတ် သိမ်းပိုက်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထိုပမာဏမှာ စွန့်စားရကျိုးနပ်သော ပမာဏဖြစ်သည် မဟုတ်ပါလော။
လန်ယုံကမူ ထိုအရာကို ဂရုမစိုက်ပေ။ ဤသည်မှာ သူတို့၏ ပထမဆုံး အရောင်းအဝယ်ဖြစ်သဖြင့် နှစ်ဖက်စလုံး တစ်ဦးကိုတစ်ဦး သတိထားနေကြသည်မှာ သဘာဝပင် ဖြစ်သည်။
ကျန့်မုမိသားစုထံမှ အုတ်မြစ်ကျောက်များ ရရှိပြီးနောက် လန်ယုံသည် ရှောင်းယီထံသို့ ချက်ချင်း ဖုန်းဆက်လိုက်တော့သည်။
“ခေါင်းဆောင်ရှောင်း ကုန်သွယ်ထားတဲ့ အုတ်မြစ်ကျောက်တွေ ကျုပ်ဆီ ရောက်ပါပြီ။ ဒါတွေကို ကုန်တင်သင်္ဘောဆီ ချက်ချင်း လွှဲပေးလိုက်ရမလား။”
လန်ယုံက မေးလိုက်သည်။
“မလိုသေးဘူး။ အဲ့ဒီမှာပဲ ခဏသိမ်းထားလိုက်ပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ထိုအဖြေကို ကြားသောအခါ လန်ယုံမှာ မှင်တက်သွား၏။ ဤသည်မှာ အုတ်မြစ်ကျောက် ဘီလီယံ ၅၀၀ ဖြစ်သည်။ ရှောင်းယီအနေဖြင့် သူက ဤအုတ်မြစ်ကျောက်များကို ကိုယ်ကျိုးအတွက် သိမ်းပိုက်သွားမည်ကို မစိုးရိမ်ဘူးလော။
သူက အဲ့ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား။
“အုတ်မြစ်ကျောက် ဘီလီယံ ၅၀၀ စလုံးကို ကျုပ်ဆီမှာပဲ ထားမှာလား။”
လန်ယုံက ထပ်မံအတည်ပြုလိုက်သည်။
“ဟုတ်တယ်။ နောင်တစ်ချိန်မှာ ကုန်သွယ်မယ့် အုတ်မြစ်ကျောက်တွေအားလုံးကိုလည်း အရှင်မင်းကြီးဆီမှာပဲ အရင်သိမ်းထားလိုက်ပါ။ ကျုပ် လိုအပ်တဲ့အခါကျရင်တော့ အရှင်မင်းကြီးက ချက်ချင်း ပြန်ပေးရမယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ရှောင်းယီ အဘယ်ကြောင့် ဤသို့လုပ်သည်ကို သူ မသိသော်လည်း လန်ယုံက ပြန်ပြောလိုက်သည်။
“နားလည်ပါပြီ။ ခေါင်းဆောင်ရှောင်းရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။”
“အားမနာပါနဲ့။ နောင်တစ်ချိန်မှာ ကျုပ်ရဲ့ စီးပွားရေးတွေ အဆင်ပြေလာရင် လေပြာအင်ပါယာကို ပိုပြီး အဆင့်မြင့်တဲ့ လက်နက်ကိရိယာတွေကို ဦးစားပေး ကမ်းလှမ်းပေးပါ့မယ်။”
ရှောင်းယီက ပြောလိုက်သည်။ ထိုစကားကြောင့် လန်ယုံမှာ အလွန်အမင်း စိတ်လှုပ်ရှားသွား၏။
“ခေါင်းဆောင်ရှောင်း ကတိတည်ရမယ်နော်။”
“ကျုပ် ကတိတည်မှာပါ။”
ထိုအချိန်တွင် ကျန့်မုမိသားစုအတွင်းရှိ တည်နေရာကူးပြောင်းခြင်း အစီအရင်တစ်ခု၏ ဘေး၌ မုကျူးနှင့် မုဝူကျိတို့သည် အစီအရင်မှတစ်ဆင့် အဆက်မပြတ် ရောက်ရှိလာနေသော လက်နက်များကို ကြည့်နေကြလေသည်။
“ဒီလို သေနတ်မျိုးတွေတောင် ရှိတာလား။”
မုဝူကျိက ခြောက်လုံးပြူးသေနတ်တစ်လက်ကို ကိုင်ရင်း အံ့သြတကြီး ရေရွတ်လိုက်သည်။
“ကျည်ဆန် ခြောက်တောင့်ကို တစ်ပြိုင်နက် ပစ်လို့ရတယ်ပေါ့။ မြို့တွင်း တိုက်ပွဲတွေမှာဆိုရင် ဒါက အနှိုင်းမဲ့ ဖြစ်မနေဘူးလား။”
မုကျူးက ခေါင်းညိတ်လိုက်သည်။
“အင်း ဒီအပြင်လူတွေက တကယ်ကို မရိုးရှင်းဘူး။ မသေမျိုး မျိုးနွယ်စုတွေတောင် သူတို့ကို ဘာလို့ အခုထိ အနိုင်မတိုက်နိုင်သေးတာလဲဆိုတာ ငါ နားလည်သွားပြီ။”
“အဖေ လော့ရယ်က အဲ့ဒီအပြင်လူနဲ့ သိတယ်လို့ ကျုပ် ကြားထားတယ်။ ဒါက ကျုပ်တို့ရဲ့ အစီအစဉ်ကို ထိခိုက်နိုင်မလား။”
မုဝူကျိက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။