အခန်း (၁၀၄၅-၁၀၄၆)
Vol. 88 Ch. 1045-1046
အခန်း ၁၀၄၅- ငြိမ်သက်နေခြင်း၊ နောက်ထပ် သားရဲကြီးတစ်ကောင် ပေါ်လာခြင်း
“သက်ရောက်မှုကတော့ ကျိန်းသေပေါက် ရှိမှာပဲ။”
မုကျူးက ခေါင်းညိတ်ပြလိုက်သည်။
“ဒါပေမဲ့ သူက အဲ့ဒီအပြင်လူနဲ့ တစ်ခါပဲ တွေ့ဖူးသေးတာ။ သူတို့ရဲ့ ခင်မင်မှုက အရမ်းနက်ရှိုင်းမှာ မဟုတ်ဘူး။ ဘေးကင်းအောင်လို့ပဲ ငါ လက်နက်ကုန်သွယ်မှုကို အချိန်မတိုင်မီ အပြီးသတ်လိုက်တာ။”
မုဝူကျိက ခေါင်းတစ်ချက် ညိတ်လိုက်သည်။
“ဒါနဲ့ ရွှေမု လုပ်ကြံသတ်ဖြတ်သူတွေ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ။”
ထိုစကားကို ကြားသောအခါ မုကျူး မျက်မှောင်ကြုတ်သွား၏။
“သူတို့တွေ ရှုံးနိမ့်သွားတာ ဖြစ်နိုင်တယ်။ အဲ့ဒါကလည်း ငါကုန်သွယ်မှုကို စောစောအပြီးသတ်လိုက်ရတဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုပဲ။”
အကယ်၍ ရွှေမုလုပ်ကြံသတ်ဖြတ်သူများသာ ရော်ဂျာကို အလွယ်တကူ လုပ်ကြံနိုင်ခဲ့လျှင် ၎င်းမှာ ထိုအပြင်လူသည် ရော်ဂျာ၏ အသက်ကို ဂရုမစိုက်ကြောင်း သက်သေပြရာရောက်ပြီး လော့ရယ်နှင့်လည်း ရင်းနှီးမှုမရှိဟု ယူဆနိုင်ပေသည်။ အကယ်၍ ရင်းနှီးမှုမရှိပါက ကျန့်မုမိသားစုအနေဖြင့် မူလအစီအစဉ်အတိုင်း အေးအေးဆေးဆေး လုပ်ဆောင်နိုင်မည်ဖြစ်သည်။
သို့သော် ယခုမူ ထိုအပြင်လူသည် ရော်ဂျာ၏အသက်ကို အလွန်အမင်း အလေးထားပုံရ၏။ ထို့ကြောင့် ထိုအပြင်လူ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီ ကောင်းကင်မိုးကြိုးမင်းဆက်ကို အမြန်ဆုံး တိုက်ခိုက်သိမ်းပိုက်ရန် လိုအပ်လာခြင်းဖြစ်သည်။
အမှန်စင်စစ် မုကျူး တစ်ယောက်တည်း အလွန်အကျွံ တွေးတောနေခြင်းသာ ဖြစ်သည်။ ရွှေမုလုပ်ကြံသတ်ဖြတ်သူများ ရှုံးနိမ့်ရခြင်းမှာ ဆော့ကစားလိုသော ရော်ဂျာသည် ရှောင်းယီ ရှိရာဘက်သို့ ထွက်ပြေးသွားသောကြောင့်သာ ဖြစ်သည်။
အကယ်၍ ရော်ဂျာသာ ဆေးရုံခန်းထဲမှ ထွက်မသွားခဲ့လျှင် ရွှေမုလုပ်ကြံသတ်ဖြတ်သူများ ကျိန်းသေပေါက် အောင်မြင်သွားပေလိမ့်မည်။ ထန်လော့ အပြင်တွင် ချထားပေးသော သာမန်ကိုယ်ရံတော်များမှာ သူတို့ကို တားဆီးနိုင်စွမ်း မရှိကြပေ။
မုဝူကျိက မျက်မှောင်ကြုတ်လိုက်၏။
“အဖေ ကျုပ်တို့ ဘယ်တော့ စပြီး လှုပ်ရှားကြမလဲ။”
“ဒီလက်နက်တွေ အားလုံး လက်ထဲရောက်လာပြီဆိုရင် လူတွေကို လက်နက်တွေနဲ့ ရင်းနှီးအောင် အရင်လုပ်ခိုင်းမယ်။ ပြီးတာနဲ့ စပြီးလှုပ်ရှားလို့ ရပြီ။”
မုကျူးက ပြန်ဖြေလိုက်သည်။
“နောက်ထပ် နှစ်ရက် သုံးရက်အတွင်းပေါ့။”
“ဟုတ်ကဲ့။ သုံးရက်အတွင်းမှာ ဒီကောင်းကင်မိုးကြိုးမင်းဆက်က ကျုပ်တို့ ကျန့်မုမိသားစုရဲ့ လက်ထဲကို ရောက်လာတော့မှာပဲ။”
မုဝူကျိက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ မုကျူးကလည်း အနည်းငယ်ပြုံးကာ အမိန့်ပေးလိုက်၏။
“ဒီလက်နက်တွေကို တိတ်တဆိတ် ဖြန့်ဝေထားလိုက်။”
“ဟုတ်ကဲ့။”
ထိုစဉ် ဝတ်စုံနက်ဝတ်ထားသော လူတစ်ဦး လမ်းလျှောက်ထွက်လာပြီး ဦးညွှတ်ကာ သတင်းပို့လာခဲ့လေသည်။
“မိသားစုခေါင်းဆောင် နန်းတွင်းကိုယ်ရံတော်တွေ စတင်လှုပ်ရှားနေပါပြီ။”
“အို...။”
မုကျူး၏ မျက်မှောင်များ တင်းတင်းကြုတ်သွား၏။
“ကြည့်ရတာ ဟိုအဘိုးကြီး လော့လင်တန်က ငါကုန်သွယ်မှုကို စောစောအပြီးသတ်လိုက်တာကို သိသွားပြီ ထင်တယ်။”
“မိသားစုခေါင်းဆောင် ကျုပ်တို့ အခုချက်ချင်း စပြီးတိုက်ခိုက်ရတော့မလား။”
ဝတ်စုံနက်နှင့်လူက မေးလိုက်သည်။
“မလုပ်နဲ့ဦး။ လက်နက်တွေ ကုန်သွယ်လို့ မပြီးသေးဘူး။ အခုချက်ချင်း လှုပ်ရှားလိုက်ရင် အောင်မြင်ဖို့ ရာခိုင်နှုန်း နည်းလိမ့်မယ်။ အခုလောလောဆယ် ငြိမ်ငြိမ်လေးပဲ နေနေလိုက်။”
မုကျူးက လေးနက်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့။”
ညရောက်သောအခါ ရှောင်းယီသည် ကောင်းကင်မိုးကြိုးမင်းဆက်အတွက် လိုအပ်သော လက်နက်အားလုံးကို ထုတ်လုပ်ပြီးစီးသွားပြီဖြစ်သည်။ လက်နက်အမျိုးအစား အနည်းငယ်သာ လိုအပ်သဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ထုတ်လုပ်ရေးစာမျက်နှာတွင် လိုအပ်သော အရေအတွက်ကို ရိုက်ထည့်လိုက်ရုံသာ ဖြစ်သည်။
လက်နက်များကို ထုတ်လုပ်ကာ လေပြာအင်ပါယာထံသို့ ကုန်သွယ်ပေးလိုက်ပြီးနောက် ရှောင်းယီ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။ လူတိုင်း ထမင်းစားရန် ရှောင်းယီကို ဧည့်ခန်းထဲ၌ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
“အားလုံးစုံနေပြီပဲ။ ထိုင်ကြ။ ထမင်းစားကြရအောင်။”
ရှောင်းယီက ပြောလိုက်သည်။
ထို့နောက် လူတိုင်း ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်ကြ၏။ ဆုဝမ်သည် ဧည့်ခန်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ထလာပြီးမှ တစ်ဖက်၌ ပြန်ထိုင်လိုက်ပြန်သည်။
“ဆုဝမ် ထမင်းစားချိန် ရောက်ပြီလေ။ ဘာကိစ္စပဲဖြစ်ဖြစ် ထမင်းစားပြီးမှ လုပ်လည်း ရပါတယ်။”
အန်းရန်က လှမ်းခေါ်လိုက်သည်။
“အင်း ဒီမှာ တစ်ယောက်ယောက်က ရေနွေးငွေ့သုံး တော်ပီဒိုတွေကို ကုန်သွယ်ချင်နေတယ်။ သူတို့က တော်တော်လေး အလျင်လိုနေပုံပဲ။ ငါ အရင်ဆုံး ကုန်သွယ်ပေးလိုက်ဦးမယ်။”
“မလောလို့ ဘယ်ရမလဲ။ မိုဘိုင်းလ်ဖုန်း ဂရုတွေထဲမှာတောင် ပြောနေကြပြီ။ သူတို့တွေ သားရဲကြီးတစ်ကောင်နဲ့ တိုးနေကြတာတဲ့။”
ဒူခန်က ဘေးမှ ပြုံးကာ ပြောလိုက်သည်။ ရှောင်းယီသည်လည်း သူ၏ မိုဘိုင်းလ်ဖုန်းကို ထုတ်ယူကာ ဂရုထဲမှ စာများကို ကြည့်လိုက်သည်။
“သေစမ်း... ဒီသားရဲကြီးက ဘာလို့ ဒီလောက်တောင် ကိုင်တွယ်ရခက်ခဲနေတာလဲ။ ငါတို့ တော်ပီဒို ငါးခုတောင် သုံးလိုက်ရပြီ။”
“မင်းတို့က ဘာဖြစ်လို့ ရုတ်တရက်ကြီး သားရဲကြီးရဲ့ တိုက်ခိုက်တာကို ခံရတာလဲ။ ကျွန်းပေါ်မှာ တစ်ခုခု ထူးထူးခြားခြား ဖြစ်သွားလို့လား။”
“ဟင့်အင်း အရင်တုန်းကအတိုင်းပဲ။ ရိက္ခာသေတ္တာတွေ ဆယ်တယ်၊ မသေမျိုးတွေနဲ့ တိုက်တယ်။ ပြီးတော့ အုတ်မြစ်ကျောက်တွေကို လာတိုက်တဲ့ ရေသတ္တဝါတွေကို တစ်ခါတလေ နှိမ်နင်းရတယ်။ ဒါပါပဲ။”
ထိုအရာကို မြင်လိုက်သည်နှင့် ရှောင်းယီက ဂရုထဲ၌ ချက်ချင်း လှမ်းမေးလိုက်သည်။
“ခင်ဗျားတို့ မဟာမိတ်အဖွဲ့ထဲမှာ SSS အဆင့် အသက်ရှင်ကျန်ရစ်သူတစ်ယောက် ပေါ်လာလို့လား။”
“သူဌေး ပေါ်လာပြီဟေ့။ မြန်မြန်... ဘာတွေဖြစ်နေတာလဲဆိုတာ သူဌေးကို မေးကြည့်ကြ။”
“သူဌေးရဲ့ စကားအရဆိုရင် တစ်ယောက်ယောက်က SSS အဆင့်ကို ရောက်တာနဲ့ သားရဲကြီးတွေက ကျွန်းကို လာတိုက်တော့မယ့် သဘောပဲ။”
“မဖြစ်နိုင်တာ။ ငါတို့ မဟာမိတ်အဖွဲ့ထဲက လူတိုင်းက ရုပ်ခန္ဓာကြံ့ခိုင်မှု တိုးတက်အောင် အသည်းအသန် လုပ်နေကြတာ။ တကယ်လို့ အဲ့ဒီလိုဆိုရင်တော့ အရှိန်လျှော့ထားတာ ပိုကောင်းမယ်။”
“အပေါ်ကလူ မင်းက SS အဆင့်ကို ရောက်ပြီမို့လို့လား။”
“မရောက်သေးဘူး။ ငါက A အဆင့်ပဲ ရှိသေးတယ်။”
“ဒါဆို ဘာလို့ အရှိန်လျှော့မှာလဲ။ အနည်းဆုံး SS အဆင့် ရောက်တဲ့အထိတော့ စောင့်ပါဦး။ ပြီးတော့ လူတိုင်းရဲ့ အခြေအနေက မတူကြဘူး။ ခင်ဗျားက မြန်မြန် တက်ချင်တယ်ဆိုရင်တောင် တက်နိုင်မှာ မဟုတ်ဘူးလေ။”
“အမှန်ပဲ။ အခု ငါတို့ မဟာမိတ်အဖွဲ့က အဆင့်တိုင်းအတွက် အစားအသောက်တွေ အလုံအလောက် ပေးထားတယ်။ ဒါပေမဲ့ တချို့လူတွေပဲ ပိုပြီး မြန်မြန် အဆင့်တက်သွားကြတယ်။”
“ဟူး...တခြားလူနဲ့ ယှဉ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် တကယ် အားမရဘူး။ ကျုပ်နဲ့ အဆင့်တူ အစားအသောက်တွေ စားနေတဲ့လူတွေတောင် ကျုပ်ထက် အဆင့်တစ်ခုစာ အသာရသွားကြပြီ။”
“လူတိုင်း အနည်းဆုံး SS အဆင့်ကို အရင်ရောက်အောင် လုပ်ထားသင့်တယ်။ ပြီးမှ အရှိန်လျှော့ပြီး အခြေအနေကို စောင့်ကြည့်ပေါ့။ တခြားလူတွေထက် အရမ်းကြီး နောက်ကျကျန်ခဲ့လို့ မဖြစ်ဘူး။ မဟုတ်ရင် SSS အဆင့်ကို မရောက်တဲ့ လူနည်းစုထဲမှာ ပါသွားပြီး အထုတ်ခံရနိုင်တယ်။”
“သောက်ကျိုးနည်း... မင်းတို့ စကားပြောနေတာ ရပ်ကြစမ်းပါ။ စောစောက သားရဲကြီး အတိုက်ခံရတဲ့ မဟာမိတ်အဖွဲ့ဝင် ဘယ်ရောက်သွားလဲ။ သူဌေးကို မြန်မြန် ပြန်ဖြေလိုက်ဦး။ ခင်ဗျားတို့အဖွဲ့ထဲမှာ တစ်ယောက်ယောက်က SSS အဆင့်ကို တက်သွားတာလား။”
“ဆောရီးဗျာ...သားရဲကြီးကို နှိမ်နင်းနေရလို့ အခုမှ ပြန်ရောက်တာ။ ဟုတ်တယ်... ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲက တစ်ယောက်က SSS အဆင့်ကို အမှန်တကယ်ပဲ တက်သွားခဲ့တယ်။ သူဌေး ဒါက သားရဲကြီး ကျွန်းကို လာတိုက်တာနဲ့ ပတ်သက်နေလို့လား။”
“ဟုတ်တယ်။ အခု အခြေအနေအရ ဆိုရင် ကျွန်းပေါ်က အသက်ရှင်ကျန်ရစ်သူတစ်ယောက် SSS အဆင့်ကို ရောက်တဲ့အခါ သားရဲကြီးတွေရဲ့ တိုက်ခိုက်ခြင်းကို ခံရလိမ့်မယ်။ အဲ့ဒါကလည်း အခါအားလျော်စွာ ဖြစ်နေမှာပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဘာ... အခါအားလျော်စွာ ဟုတ်လား။ ဒါဆိုရင် သားရဲကြီးတွေ ခဏခဏ ပေါ်လာဦးမယ်ဆိုတဲ့ သဘောပေါ့။”
“ဒါဆိုရင်တော့ ငါ SSS အဆင့်ကို မတက်တော့တာပဲ ကောင်းမယ်။ အရမ်း ကြောက်ဖို့ကောင်းလွန်းတယ်။”
“ဟက်...မသိရင် မင်းက တက်ချင်တိုင်း တက်လို့ရနေတာ ကျနေတာပဲ။”
“အဆင့်ဆိုတာ မင်း စိတ်ကူးပေါက်တိုင်း မြှင့်လို့ရတဲ့အရာ မဟုတ်ဘူးကွ။”
“ငါ အဲ့ကြောင်း သီချင်းတောင် ဆိုချင်သွားပြီ။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ကျုပ်အတွက် ရေးထားသလိုပဲ။ ကျုပ်ရဲ့ ပါရမီက အရမ်းညံ့တော့ အဆင့်တက်တာ အရမ်းနှေးတယ်။”
“SSS အဆင့် ရောက်ရင် သားရဲကြီးတွေ လာတိုက်မယ်ဆိုတာ သေချာသွားပြီဆိုတော့ ငါတို့ မဟာမိတ်အဖွဲ့ရဲ့ အင်အားကို ပြန်ပြီးဆန်းစစ်ရတော့မယ်။ SSS အဆင့်ကို မြှင့်လိုက်လို့ ဖြစ်လာမယ့် အကျိုးဆက်ကို ငါတို့ ကိုင်တွယ်နိုင်မလား။ အကယ်၍ မဟာမိတ်အဖွဲ့မှာ သားရဲကြီးကို ရင်ဆိုင်နိုင်တဲ့ အင်အားရှိရင်တော့ ဘာမှ ပြဿနာမရှိဘူး။”
“အခုချိန်မှာ သူဌေးကလွဲရင် ဘယ်မဟာမိတ်အဖွဲ့က သားရဲကြီးကို ပြဿနာမရှိဘဲ ရင်ဆိုင်နိုင်မှာလဲ။”
“အဲဒါလည်း ဟုတ်တာပဲ။ ဒါပေမဲ့ သူဌေးဆီက ရတဲ့ တော်ပီဒိုတွေ ရှိရင်တော့ သိပ်ပြီး ပြဿနာမရှိနိုင်ပါဘူး။ စောစောက သားရဲကြီးနဲ့ တိုးတဲ့ညီအစ်ကို...မင်းတို့ အဆင်ပြေသွားပြီလား။”
“အဆင်ပြေသွားပြီ။ သူဌေးရဲ့ တော်ပီဒိုတွေကိုပဲ အားကိုးလိုက်ရတာ။ နောက်ထပ် အပိုတွေ ပြင်ထားဦးမှပဲ။”
ထိုလူက ပြန်ဖြေလာခဲ့သည်။ ထိုစဉ် ရှောင်းယီက သတိပေးချက်တစ်ခု ထပ်မံ ပြောပြလိုက်၏။
“SSS အဆင့်ကို ရောက်ရင် သားရဲကြီးတွေကို ရင်ဆိုင်ရမှာ မှန်ပေမဲ့ သူတို့ကို သတ်လို့ရတဲ့ အသားတွေက ငါတို့အတွက် အများကြီး အကျိုးရှိတယ်။ အန္တရာယ်နဲ့ အကျိုးအမြတ် ဘယ်ဟာကို ရွေးမလဲဆိုတာ ခင်ဗျားတို့ဘာသာပဲ ဆုံးဖြတ်ကြပါ။”
“တွေ့လား...။ အန္တရာယ်များရင် အကျိုးအမြတ်လည်း များတယ်ဆိုတာ ငါ သိသားပဲ။ သူဌေးကတောင် အကျိုးရှိတယ်လို့ ပြောတယ်ဆိုရင် ဒါက သာမန်တော့ မဟုတ်ဘူး။”
“ဟုတ်တယ်။ လုံးဝ မရိုးရှင်းဘူး။ မဖြစ်တော့ဘူး။ ငါတို့ မဟာမိတ်အဖွဲ့ထဲက လူတွေကို မြန်မြန် အဆင့်တက်အောင် တိုက်တွန်းရမယ်။ ဘာပဲဖြစ်ဖြစ် အဲ့ဒီ သားရဲကြီးအသားကို မြည်းကြည့်ရမှ ဖြစ်မယ်။”
“ငါတို့ မဟာမိတ်အဖွဲ့မှာ S အဆင့် နှစ်ယောက် ရှိနေပြီ။ မကြာခင် ရောက်တော့မှာပဲ။”
အခန်း ၁၀၄၆- သားရဲကြီးအသားကို ထုတ်ရောင်းခြင်း၊ အဆင့်တက်ရန် အားလုံးကို ဆွဲဆောင်ခြင်း
ရှောင်းယီသည် ထိုစာကို ပို့ပြီးနောက် မိုဘိုင်းလ်ဖုန်းကို ချလိုက်ပြီး ပြောလိုက်သည်။
“စားကြရအောင်။ အစ်ကိုကြီးကျန်းနဲ့ ဒူခန်း မင်းတို့နှစ်ယောက် ပိုစားထားကြ။ အခု ငါတို့က မင်းတို့နှစ်ယောက် ဘယ်တော့ SSS အဆင့်ကို တက်မလဲဆိုတာကိုပဲ စောင့်ကြည့်နေတာနော်။”
“ကျုပ်ကတော့ မကြာခင် ရောက်တော့မယ်လို့ ခံစားနေရတယ်။”
ဒူခန်းက ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။ ကျန်းယွင်ထျန်းက ပခုံးတွန့်ပြလိုက်၏။
“ငါ့ဘက်ကတော့ သိပ်မသေချာသေးဘူး။ အချိန်တော့ နည်းနည်း ထပ်လိုဦးမယ် ထင်တာပဲ။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“မဟာမိတ်အဖွဲ့တစ်ခုထဲမှာ SSS အဆင့် နှစ်ယောက် ရှိလာရင် သားရဲကြီးတွေလည်း နှစ်ကောင် ဖြစ်လာမလားဆိုတာ ငါသိချင်မိတယ်။”
“သားရဲကြီး တစ်ကောင်တည်းနဲ့တင် ခေါင်းခဲနေရတာ။ တကယ်လို့ နှစ်ကောင်သာ ပေါ်လာရင် ငါတို့အတွက် အတော်လေး အခက်တွေ့မှာ မဟုတ်ဘူးလား။”
လောင်ယွမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“လောင်ယွမ်က မသိသေးလို့ပါ။ ကျွန်းပိုင်ရှင်က လွန်ခဲ့တဲ့ နှစ်ရက်ကပဲ အဆင့်မြင့် တော်ပီဒိုအသစ်တစ်မျိုး ရထားသေးတယ်။ သားရဲကြီးတစ်ကောင်ကို နှိမ်နင်းဖို့က အရမ်းလွယ်သွားပြီ။”
ကျန်းယွင်ထျန်းက ရှင်းပြလိုက်၏။
“ဒါကြောင့်လည်း ကျွန်းပိုင်ရှင်က ကျုပ်တို့ကို အမြန်ဆုံး အဆင့်တက်အောင် တွန်းအားပေးနေတာပေါ့။”
ယွမ်နွန်နုံသည် လွန်ခဲ့သော နှစ်ရက်လုံး ဓာတ်ခွဲခန်းထဲတွင်သာ ရှိနေပြီး ညဘက်တွင်ပင် ဗီလာသို့ ပြန်မနားခဲ့သဖြင့် ရှောင်းယီက လျှပ်စစ်စွမ်းအင်သုံး အလိုအလျောက်လမ်းညွှန် တော်ပီဒိုများ ရရှိထားသည်ကို မသိရှိခဲ့ပေ။
“အော်... ဒါကြောင့်ကိုး။”
ယွမ်နွန် ပြုံးလိုက်သည်။
“ငါတို့ မဟာမိတ်အဖွဲ့ကတော့ နေ့စဉ်နဲ့အမျှ တိုးတက်ပြောင်းလဲနေတော့တာပဲ။ ဒီနေ့ ငါ ဓာတ်ခွဲခန်းကနေ ထွက်လာတော့မှပဲ အန်းယွဲ့တောင် အလုပ်လုပ်ဖို့ လက်ပ်တော့ပ် စသုံးနေပြီဆိုတာ သိရတော့တယ်။”
“ဟားဟားဟား ကျွန်းပိုင်ရှင် ရှိနေသရွေ့ ငါတို့ မဟာမိတ်အဖွဲ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်က ဒုံးပျံလို မြန်နေဦးမှာပဲ။”
အန်းယွဲ့က ရယ်မောကာ ပြောလိုက်သည်။ရှောင်းယီ ပြုံးကာ ခေါင်းခါလိုက်ပြီး ထမင်းတစ်လုတ် စားလိုက်၏။
ထိုအချိန်တွင် မိုဘိုင်းလ်ဖုန်း ချတ်ဂရုထဲ၌ သားရဲကြီးကိစ္စကို ဆွေးနွေးနေကြဆဲ ဖြစ်သည်။
“သူဌေး သတိပေးလို့သာပေါ့။ မဟုတ်ရင်တော့ ဒီသားရဲကြီးအသားကို ကျုပ် လက်လျှော့လိုက်မိတော့မလို့ပဲ။”
“ဘယ်လိုလဲ။ သားရဲကြီးအသားတွေ အများကြီး ရလိုက်လား။ ကျုပ် နည်းနည်းလောက် ဝယ်ပြီး မြည်းကြည့်ချင်လို့။”
“ကျုပ်တို့ မဟာမိတ်အဖွဲ့လည်း ဝယ်ချင်တယ်။ နည်းနည်းလောက် ထုတ်ရောင်းပါဦး။”
“ကျုပ် မရောင်းချင်လို့ မဟုတ်ပါဘူး။ သားရဲကြီးအသားတွေက မသေမျိုးတွေ သယ်လာတဲ့ အဏုဇီဝပိုးမွှားတွေကြောင့် တော်တော်များများ ပုပ်သိုးကုန်တယ်။ နည်းနည်းလေးပဲ ကယ်တင်လိုက်နိုင်တယ်။”
“ဘာဖြစ်တယ်...။ မသေမျိုးတွေက အဲ့ဒီလို အဏုဇီဝပိုးမွှားတွေကိုပါ သယ်လာတာလား။”
“ဟုတ်တယ်။ ကျုပ် ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ ဖောက်သည်ဝန်ဆောင်မှုဆီကို သီးသန့်စာပို့ပြီး မေးကြည့်တော့မှ သူတို့က ပြောပြတာ။ အခု ယီရန်ပင်းမဟာမိတ်အဖွဲ့က အသားအရည်အသွေးကို မထိခိုက်စေဘဲ အဲ့ဒီအဏုဇီဝပိုးတွေကို သတ်နိုင်တဲ့ ဆေးရည်ကိုလည်း ရောင်းချပေးနေပြီ။ ကျုပ် တုံ့ပြန်တာ လက်နှေးသွားလို့ သားရဲကြီးအသားတွေ အများကြီး ဆုံးရှုံးလိုက်ရတာ။”
“နှမြောစရာကြီးကွာ...။ အဲ့ဒီလို ထူးဆန်းတဲ့ အဏုဇီဝပိုးတွေ ရှိလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။”
“ညီးအစ်ကို...ငါ အများကြီး မလိုပါဘူး။ ၅၀ ဂရမ် ဒါမှမဟုတ် ၁၀၀ ဂရမ်လောက်ဆို ရပါပြီ။ သူဌေး ပြောတဲ့ အကျိုးကျေးဇူးတွေကို အတည်ပြုချင်ရုံပါပဲ။ ငါတို့ ဒီကမ္ဘာကို စရောက်တုန်းက သူဌေးက အဆင့်မြင့်အစားအစာတွေကို ဂရမ်အနည်းငယ်စီ ခွဲရောင်းသလိုမျိုးပေါ့။”
“ဟုတ်တယ်။ နည်းနည်းလောက် တင်ပေးပါဦး။ ငါတို့က အတည်ပြုချင်ရုံတင်ပါ။ အများကြီး မလိုပါဘူး။”
ဂရုထဲရှိ လူတိုင်းက ဝိုင်းဝန်း တောင်းဆိုကြသဖြင့် သားရဲကြီးနှင့် ရင်ဆိုင်ခဲ့ရသော မဟာမိတ်အဖွဲ့က ချက်ချင်း ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ကျုပ် အစုံ ၁၀၀ တင်ပေးပါ့မယ်။ တစ်စုံကို ၅၀ ဂရမ်နဲ့ ဈေးနှုန်းက အုတ်မြစ်ကျောက် ၅ ခုစီပဲ။ အိုင်ဒီ တစ်ခုကို တစ်ပုံပဲ ဝယ်လို့ရမယ်။ ကိုယ့်ဘာသာပဲ ရွေးဝယ်လိုက်ကြပါ။”
“ကောင်းပြီ။ ကျေးဇူးပဲ ညီအစ်ကိုရေ..။
“အပုံ ၁၀၀ ပဲလား။ အားလုံးပဲ လက်အရှိန်ကို လျှော့ထားကြပြီး ကျုပ်ကို စောင့်ပါဦး။”
“ဒီလိုအချိန်မျိုးမှာ လက်အမြန်ဆုံးလူပဲ ရမှာလေ။ စောင့်ဖို့လား... မဖြစ်နိုင်ဘူး။”
မကြာမီမှာပင် သားရဲကြီးအသား အပုံ ၁၀၀ သည် ဂရုထဲသို့ ရောက်လာပြီး မျက်စိတစ်မှိတ်အတွင်း ကုန်သွားတော့သည်။ အချို့လူများမှာ ဘာဖြစ်သွားမှန်းပင် မသိလိုက်ရပေ။
“ညီအစ်ကို...ဘာလို့ အခုထိ မတင်သေးတာလဲ။ ငါ စောင့်နေတာ ကြာပြီ။”
“အပေါ်ကလူက မင်း အခုမှ လိုင်းမိတာလား။ ရောင်းတာ ကုန်သွားပြီလေ။ ဘာကို စောင့်နေတာလဲ။”
“ဘာရယ်...။ ဘာဖြစ်တာလဲ။ ငါ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုပဲ စိုက်ကြည့်နေတာလေ။ ဘယ်သူမှ သားရဲကြီးအသား တင်တာ မတွေ့မိပါဘူး။”
“ငါတို့ ဂရုထဲမှာ လက်မြန်တဲ့လူတွေ အများကြီးပဲ။ ငါတို့သာ ဒီကမ္ဘာကို ရောက်မနေရင် သူတို့တွေ လက်မှတ်လုတဲ့ ဆော့ဖ်ဝဲလ်တွေ သုံးနေကြတာလားလို့တောင် သံသယဝင်မိမှာ။”
“အေးကွာ...။ တစ်ယောက်ယောက် ရလိုက်သေးလား။ ကျုပ်ကို နည်းနည်းလောက် ခွဲပေးပါဦး။ မြည်းကြည့်ရုံလေးပါပဲ။”
“ရော့...၁၀ ဂရမ်ကို အုတ်မြစ်ကျောက် ၁၀၀။ လိုချင်ရင် နည်းနည်း ခွဲပေးမယ်။”
“မင်း အဲ့လောက်ကြီးတော့ မယုတ်မာနဲ့ လေကွာ...။ မင်းအလိုကျတော့ အဖြစ်မခံနိုင်ဘူး။ မစားရရင်နေပါစေ။”
ရှောင်းယီသည် ထမင်းစားပြီးနောက် ဂရုထဲတွင် လူအချို့ သားရဲကြီးအသား ရောင်းနေသည်ကို သတိပြုမိလိုက်ရာ ပြုံးကာ ပြောလိုက်သည်။
“ကျုပ်လည်း ဒီမှာ အားလုံးမြည်းကြည့်ဖို့ နည်းနည်း တင်ပေးပါ့မယ်။ အရသာက တော်တော်လေး ကောင်းတယ်နော်။”
“သူဌေး ပေါ်လာပြီဟေ့။ သူဌေးဆီမှာ သားရဲကြီးအသား ရှိနေမယ်ဆိုတာ ငါသိသားပဲ။”
“မိုက်တယ်။ သူဌေး ကိုယ်တိုင် ထုတ်ရောင်းတာဆိုတော့ ငါတို့ လုဝယ်နိုင်တော့မှာပါ။”
“ကျုပ် ထိုင်စောင့်နေပြီ။ အဆင်သင့်ပဲ။”
ရှောင်းယီ ဤသို့လုပ်ရခြင်းမှာ လူတိုင်း ဤသားရဲကြီးအသား၏ အကျိုးကျေးဇူးများကို သိရှိစေရန်ဖြစ်ပြီး တစ်နေရာတည်းတွင် အချိန်မဖြုန်းဘဲ အမြန်ဆုံး အဆင့်တက်စေရန် ရည်ရွယ်ခြင်း ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ တွက်ဆချက်အရ အသက်ရှင်ကျန်ရစ်သူ အားလုံး SSS အဆင့်သို့ ရောက်ရှိမှသာ နောက်ထပ် အဆင့်တစ်ခုသို့ ကူးပြောင်းနိုင်မည် ဖြစ်သောကြောင့်ပင်။ သူကိုယ်တိုင်မှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤလူတစ်စုကို စောင့်ဆိုင်းနေရသည်မှာ တော်တော်လေး ပျင်းစရာကောင်းလှသည် မဟုတ်ပါလော။
ရှောင်းယီသည် သားရဲကြီးအသားများကို အတော်များများ တင်ပေးခဲ့ရာ လူတိုင်းမစားရသော်လည်း အနည်းဆုံး အသက်ရှင်ကျန်ရစ်သူ ၆၀ ရာခိုင်နှုန်းခန့်မှာ ထိုသားရဲကြီးအသားကို မြည်းစမ်းခွင့် ရရှိသွားခဲ့ကြသည်။
“တောက်... ဒါ ဘယ်လို နတ်သုဒ္ဓါအသားမျိုးလဲ။ ဘာလို့ ဒီလောက်တောင် အရသာရှိနေရတာလဲ။”
“အရသာရှိတာကို ထားလိုက်ဦး။ စားပြီးတာနဲ့ ကိုယ်ခန္ဓာထဲမှာ အပူရှိန်တစ်ခု စီးဆင်းသွားသလို ခံစားရတယ်။”
“ဟုတ်တယ်။ တစ်ကိုယ်လုံး နွေးသွားပြီး ခွန်အားတွေ အကန့်အသတ်မရှိ ပြည့်လျှံလာသလိုပဲ။”
“မင်းတို့ ပြောနေတာ နားထောင်ရရင် အဲ့ဒါက အရိုးအကြောတွေကို ပြန်လည် ပြုပြင်ပေးသလိုမျိုး ခံစားချက်ကြီးလား။”
“အတိအကျပဲ။ အဲ့ဒီလို ခံစားချက်မျိုးပဲ။ ငါ ၁၀၀ ဂရမ်ပဲ စားရသေးပေမဲ့ ငါ့ရဲ့ ရုပ်ခန္ဓာကြံ့ခိုင်မှုက သိသိသာသာ တိုးတက်သွားပြီလို့ ခံစားရတယ်။”
“သေစမ်း မင်းတို့ ပြောတာ နားထောင်ပြီး သွားရည်တောင် ကျလာပြီ။ မဖြစ်ဘူး။ ငါ အမြန်ဆုံး အဆင့်တက်မှ ဖြစ်မယ်။ ပြီးရင် သားရဲကြီးတစ်ကောင်ကို သတ်ပြီး စားပွဲသောက်ပွဲကြီး လုပ်ပစ်လိုက်ဦးမယ်။”
ဂရုထဲရှိ လူများ၏ တုံ့ပြန်မှုကို မြင်သောအခါ ရှောင်းယီ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သားရဲကြီးအသား အများကြီး ထုတ်ရောင်းလိုက်ရကျိုး နပ်သွားပြီဖြစ်သည်။
ဖုန်းကို ချလိုက်ရန် ပြင်စဉ်မှာပင် ရှောင်းယီထံသို့ စာတစ်စောင် ရောက်လာခဲ့လေသည်။
“မဟာမိတ်ခေါင်းဆောင် ရှောင်း ကျေးဇူးတင်ပါတယ်။”
၎င်းမှာ လော့ရယ်ဆီက ဖြစ်သည်။ ရှောင်းယီ ခဏမျှ မှင်တက်သွားပြီးမှ ပြန်စာပို့လိုက်၏။
“ဘာအတွက် ကျေးဇူးတင်တာလဲ။”
“ရှင်သာ မရှိရင် လေပြာအင်ပါယာက ကျွန်မတို့ လော့မိသားစုနဲ့ မဟာမိတ်ဖွဲ့မှာ မဟုတ်ဘူးဆိုတာ ကျွန်မ သိပါတယ်။ ပြီးတော့ ကျန့်မု မိသားစုရဲ့ လက်နက်ဝယ်ယူတဲ့ စာရင်းကို ကျွန်မတို့ကို ပေးဖို့ သဘောတူခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ချင်လို့ပါ။”
လော့ရယ်က ပြန်ဖြေလိုက်သည်။
“ရပါတယ်။ ကျုပ်က စီးပွားရေးသမားတစ်ယောက်ပါ။ စီးပွားရေးသမားဆိုတာ အကျိုးအမြတ်ကိုပဲ ရှေ့တန်းတင်တယ်။ အမြတ်ရှိသရွေ့တော့ ကျုပ်တို့ လုပ်မှာပဲ။”
ရှောင်းယီက စာပြန်ပို့လိုက်သည်။
“ဒါဆိုရင် ဘာလို့ ကျွန်မတို့ဆီကို လက်နက်တွေ တိုက်ရိုက်မရောင်းတာလဲ။ ဒါဆိုရင် လေပြာအင်ပါယာကို ကြားထဲက အမြတ်ခွဲပေးစရာ မလိုတော့ဘူးလေ။”
လော့ရယ်က ပြုံးကာ မေးလိုက်သည်။
“စီးပွားရေးသမားဆိုတာ အမြတ်ကို ရှာဖွေသလို သစ္စာတရားကိုလည်း ပိုတန်ဖိုးထားရတယ်လေ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ထိုစာကို ပို့ပြီးသည်နှင့် အန်းရန်က တံခါးခေါက်ပြီး လှမ်းမေးလိုက်သည်။
“ရှောင်းယီ နင် အထဲမှာ ရှိလား။”
“ရှိတယ် ဝင်ခဲ့လေ။”
ရှောင်းယီ မော့ကြည့်ပြီး ပြန်ဖြေလိုက်သည်။
“အခုနက မိန်းကလေးတစ်ယောက်နဲ့ စကားပြောနေတာ ကြားလိုက်သလိုပဲ။”
အန်းရန်က ရှောင်းယီကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်ရင်း မေးသည်။
ရှောင်းယီ အနည်းငယ် ကြောင်အသွားပြီးနောက် ပြုံးကာ သူ၏ဖုန်းကို အန်းရန်ရှေ့သို့ ချပေးကာ ပြောလိုက်သည်။
“ဒါက ကောင်းကင်မိုးကြိုးမင်းဆက်က မင်းသမီး လော့ရယ်လေ။ ငါ့ကို ကျေးဇူးတင်ကြောင်း ပြောနေတာ။ လေပြာအင်ပါယာက သူတို့ လော့မိသားစုနဲ့ မဟာမိတ်ဖွဲ့တာက ငါတို့ ခိုင်းလို့ဆိုတာ သူ ရိပ်မိသွားပုံရတယ်။”
အန်းရန်က ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး သူတို့၏ စကားပြောမှတ်တမ်းများကို ဆက်လှန်မကြည့်တော့ဘဲ ရုတ်တရက် မေးလိုက်သည်။
“အဲ့ဒီ မင်းသမီးက လှလား။”
“လှတာပေါ့။ ဒါပေမဲ့ မင်းလောက်တော့ မလှပါဘူး။”
ရှောင်းယီက ချက်ချင်း ပြန်ဖြေလိုက်၏။
တကယ့်ကို ကြောက်စရာကောင်းတဲ့ ရှင်သန်မှု ဗီဇပါလား။