← Chapters

အခန်း (၁၀၄၇-၁၀၄၈)

Vol. 88 Ch. 1047-1048

အခန်း (၁၀၄၇-၁၀၄၈)

Vol. 88 Ch. 1047-1048

အခန်း ၁၀၄၇- စက်သေနတ်အပေါ့စား ပုံစံခွက်၊ ဘဏ္ဍာတိုက်မှ အုတ်မြစ်ကျောက်များ တောင်းခံခြင်း

အန်းရန်က ရှောင်းယီကို စောင်းကြည့်ပြီး “အပြင်က တခြားမိန်းကလေးတွေနဲ့ လျှောက်ပြီး ကဲမနေနဲ့ဦး၊ စောစောနားတော့။” ဟု ပြောကာ လှည့်ထွက်သွားလိုက်၏။

ရှောင်းယီသည် အန်းရန်ကို ဖမ်းဆွဲရန် ချက်ချင်း ရှေ့တိုးလိုက်သော်လည်း သူမက ရုတ်တရက် အရှိန်မြှင့်ကာ ရှောင်းယီ၏လက်ထဲမှ လွတ်အောင် ထွက်ပြေးသွားခဲ့သည်။

“ဒီနေ့ မအားဘူး။”

ထိုစကားကို ကြားသောအခါ ရှောင်းယီက ပြုံးလိုက်သည်။

“မင်းကို ဒီမှာ ခဏလောက် ထိုင်ခိုင်းမလို့ပါ။ ဘာတွေ တွေးနေတာလဲ။”

အန်းရန်က သူ့ကို စူးစူးဝါးဝါးကြည့်လိုက်၏။

“ကောင်းကောင်းနားတော့ ကလေးဆိုး လုပ်မနေနဲ့။”

“ရေနွေး များများသောက်ဦးနော်။”

ရှောင်းယီက တိုက်တွန်းလိုက်သည်။ အန်းရန်က မျက်စောင်းထိုးလိုက်၏။

“ရေနွေးက အရာရာကို ကုသနိုင်တဲ့ နတ်ဆေးများ မှတ်နေလား။”

“တခြားလူတွေရဲ့ ရေနွေးကတော့ မဟုတ်ဘူးပေါ့၊ ဒါပေမဲ့ ငါတို့ရဲ့ SSS အဆင့် ရေနွေးကတော့ တကယ့် နတ်ဆေးပဲလေ။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“စကားကို တတ်လွန်းတယ်။”

အန်းရန်က ထိုသို့ပြောပြီးနောက် အောက်ထပ်သို့ ဆင်းသွားတော့သည်။

ရှောင်းယီသည် သူ၏ မိုဘိုင်းလ်ဖုန်းကို ကိုင်ကာ ကုတင်ပေါ်တွင် လှဲနေရင်း ခဏမျှ စဉ်းစားပြီးနောက် လေပြာအင်ပါယာရှိ ကုန်တင်သင်္ဘော တာဝန်ခံထံသို့ စာတစ်စောင် ပေးပို့လိုက်သည်။

“လေပြာအင်ပါယာဘက်မှာ အရောင်းအဝယ်ကိစ္စ ပြီးပြီလား။”

“မပြီးသေးပါဘူး။ နှစ်ဖက်စလုံးက အရမ်း သတိထားနေကြတယ်။ ကောင်းကင်မိုးကြိုးမင်းဆက်က အုတ်မြစ်ကျောက်တွေကို တစ်ခါတည်း အကုန်မလွှဲဘဲ တစ်ကြိမ်ကို အုတ်မြစ်ကျောက် သန်း ၁၀၀ စီပဲ ခွဲပြီး လွှဲပေးနေပါတယ်။”

တာဝန်ခံက ပြန်ဖြေလိုက်သည်။

ရှောင်းယီ ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ နားလည်ပေးနိုင်စရာ ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် နှစ်ဖက်စလုံးမှာ ယခုမှ စတင်ဆုံတွေ့ကြခြင်းဖြစ်ပြီး တစ်ဦးကိုတစ်ဦး သတိထားနေကြရသည် မဟုတ်ပါလော။

သို့သော် ဤအတိုင်းဆိုလျှင် ဤကုန်သွယ်မှုမှာ အချိန်အတော်ကြာအောင် ဆက်သွားနေမည့်ပုံပင်။

‘ကြည့်ရတာ ကျန့်မု မိသားစုရဲ့ လှုပ်ရှားမှုက စတင်ဖို့ အချိန်နည်းနည်း ထပ်လိုဦးမယ့်ပုံပဲ။’

ရှောင်းယီ စိတ်ထဲမှ တွေးလိုက်သည်။

သို့သော် ကျန့်မုမိသားစု မည်သည့်အချိန်တွင် လှုပ်ရှားမည်ဆိုသည်မှာ ရှောင်းယီနှင့် များစွာ မသက်ဆိုင်ပေ။ သူသည် သင့်တော်သော အချိန်တွင် စစ်မြေပြင်ကို ထိန်းညှိနိုင်ရန်အတွက် အဆင့်မြင့်လက်နက်များကို ထောက်ပံ့ပေးရန်သာ လိုအပ်သည်။

မအိပ်မီ သူသည် ယီထျန်းချတ်ဂရုကို တစ်ခေါက် ပြန်ကြည့်လိုက်ရာ လူတိုင်းမှာ သားရဲကြီးအသား၏ အာနိသင်ကို အံ့သြချီးကျူးနေကြဆဲ ဖြစ်သည်။

“အဲဒီ သားရဲကြီးအသားကို စားပြီးတဲ့နောက်မှာ ငါ့လက်ထဲက ကြက်ခြေထောက်တွေတောင် အရသာမရှိတော့သလိုပဲ။”

“ဒါပေါ့။ ဒီသားရဲကြီးအသားက SSS အဆင့်ထက်တောင် ကျော်လွန်နေမှာ သေချာတယ်။ အသားရဲ့ အရည်အသွေးက တခြား ဘယ်အစားအစာကိုမဆို အပြတ်အသတ် အနိုင်ယူသွားတာပဲ။”

“ဟုတ်တယ်။ SSS အဆင့်ရဲ့ အထက်မှာ နောက်ထပ် ဘယ်လိုအဆင့်တွေ ရှိဦးမလဲဆိုတာ သိချင်မိတယ်။”

“ဒါက အွန်လိုင်းဂိမ်း ကစားနေရသလိုပဲ။ အချိန်အတိုင်းအတာ တစ်ခုရောက်တိုင်း အဆင့်သတ်မှတ်ချက်တွေကို တိုးတိုးပေးနေတာ။ ငါတို့ကို အမြဲတမ်း ဆက်ကစားနေစေချင်တဲ့ သဘောမျိုးပဲ။”

“လက်ရှိ အခြေအနေအရတော့ အဲ့ဒီအတိုင်းပဲ။ ဒါပေမဲ့ ကမ္ဘာ့စည်းမျဉ်းတွေက အဆင့်တက်တာ နှေးတဲ့လူတွေကို စောင့်နေပေးတဲ့ ပုံစံမျိုးပဲ။”

“အသက်ရှင်ကျန်ရစ်သူ အားလုံး SSS။အဆင့်ကို ရောက်ပြီးမှပဲ ဒီကမ္ဘာကြီးက ပြုပြင်ထိန်းသိမ်းမှုလုပ်ပြီး အဆင့်မြှင့်တင်မှု လုပ်လိမ့်မယ် ထင်တယ်။”

“ဒီကမ္ဘာကြီးကို အမြန်ဆုံး အဆင့်မြှင့်တင်နိုင်ဖို့ အားလုံးပဲ ကြိုးစားကြစို့။”

ဂရုထဲရှိ ဆွေးနွေးမှုများကို ကြည့်ပြီးနောက် ရှောင်းယီသည် သူ၏ဖုန်းကို ချလိုက်ပြီး နားရန် ပြင်ဆင်လိုက်တော့သည်။ လူတိုင်းသာ အဆင့်တက်ရန် ကြိုးစားကြမည်ဆိုလျှင် ဤကမ္ဘာ၏ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်သည့် အရှိန်မှာ ပိုမိုမြန်ဆန်လာပေလိမ့်မည်။

နောက်တစ်နေ့တွင် ရှောင်းယီသည် စောစောနိုးလာပြီး လက်မှတ်ထိုးဝင်ရန် ချက်ချင်း ရွေးချယ်လိုက်တော့သည်။

“စနစ် လက်မှတ်ထိုးဝင်မယ်။”

“လက်မှတ်ထိုးဝင်ခြင့် အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- ဒက်ဂ်တာယော့ဗ် (Degtyaryov) စက်သေနတ်အပေါ့စား ပုံစံခွက် (SS အဆင့်) ၁။”

ထိုဆုလာဘ်ကို မြင်သောအခါ ရှောင်းယီသည် ကုတင်ပေါ်မှ ဝမ်းသာအားရ ခုန်ဆင်းလိုက်မိ၏။

“ငါ အမြဲတမ်း တောင့်တနေခဲ့တဲ့ ရန်သူကို ဖိနှိပ်နိုင်တဲ့ လက်နက်ကြီး ပေါ်လာပြီကွ။”

ရှောင်းယီ လက်သီးကို တင်းတင်းဆုပ်ရင်း ရေရွတ်လိုက်သည်။

အိပ်ရာမှထကာ ကိုယ်လက်သန့်စင်ခြင်းနှင့် နံနက်ခင်း လေ့ကျင့်ခန်းများ လုပ်ဆောင်ပြီးနောက် ရှောင်းယီသည် ဖုန်းကို ထုတ်ယူကာ ဂရုထဲမှ စာများကို ကြည့်လိုက်သည်။

“မင်းရဲ့ စက်သေနတ်ပုံစံခွက်ကို ငါ အုတ်မြစ်ကျောက် တစ်သောင်းနဲ့ ဝယ်မယ်။”

“တစ်သောင်းတည်းလား။ မင်းက သူတောင်းစားကို ပေးကမ်းနေတာလား။ ငါ နှစ်သောင်း ပေးမယ်။”

“ဒါက သာမန်အဆင့် စက်သေနတ် ထုတ်လုပ်မှုပုံစံပဲ ရှိသေးတာလေ။ ကောင်းမကောင်းတောင် မသိရသေးဘူး။ ဒီလောက် အုတ်မြစ်ကျောက်တွေ အများကြီးပေးပြီး ဝယ်နေတာ... အလိမ်ခံရမှာ မကြောက်ဘူးလား။”

“မင်း ဘာသိလို့လဲ။ စက်သေနတ်လို့ ခေါ်လို့ရရင်တင်ပဲ ရန်သူကို ပစ်အားနဲ့ ဖိနှိပ်ဖို့အတွက် လုံလောက်နေပြီ။”

“ဟုတ်တယ်။ အခုလို အရေအတွက် အဆမတန်များတဲ့ မသေမျိုးတွေကို ရင်ဆိုင်ဖို့ဆိုရင် စက်သေနတ်က အကောင်းဆုံး လက်နက်ပဲ။”

“အားလုံးပဲ တော်ကြပါတော့။ ကျုပ် ဒီထုတ်လုပ်မှုပုံစံကို မရောင်းပါဘူး။”

ဤလူအနည်းငယ်၏ စကားဝိုင်းကို မြင်သောအခါ ရှောင်းယီမှာ ခဏမျှ မှင်တက်သွားခဲ့သည်

“ဂရုထဲက တစ်ယောက်ယောက်က စက်သေနတ်ထုတ်လုပ်မှုပုံစံ ရသွားတာလား။”

“အားကျလိုက်တာဗျာ။ ငါတို့ မဟာမိတ်အဖွဲ့ကကျတော့ ဘာလို့ အဲ့ဒီလို လက်နက်မျိုး မရတာလဲ။ စက်သေနတ်သာ ရှိရင် မသေမျိုးတွေရဲ့ အုပ်လိုက်ကြီးနဲ့ တိုးတိုက်တဲ့ စစ်ဗျူဟာကို ကြောက်စရာ မလိုတော့ဘူး။”

“ဟုတ်တယ်။ အခုချိန်မှာ ငါတို့တွေ တောင့်ခံနိုင်သေးတယ် ဆိုပေမဲ့ တစ်ခုခု အမှားအယွင်း ဖြစ်သွားမလားဆိုပြီး နေ့တိုင်း ရင်တထိတ်ထိတ် ဖြစ်နေရတာ။”

“အဲ့ဒီညီအစ်ကိုက မရောင်းဘူးဆိုတော့ သူဌေးဆီမှာ စက်သေနတ် ပုံစံခွက် တစ်ခုခု မြန်မြန် ရပါစေလို့ပဲ ဆုတောင်းရတော့မယ်။ ဒါမှ ငါတို့လည်း အကျိုးခံစားရမှာ။”

“မှန်တယ်။ သူဌေး စောစောစီးစီး ရပါစေလို့ မျှော်လင့်တယ်။”

ထိုအရာကို မြင်လိုက်ရပြန်သောအခါ ရှောင်းယီ တစ်ယောက် ထပ်မံ ကြောင်အသွားရပြန်သည်။

“ဒီလူတွေ ငါ့ကို ချောင်းကြည့်နေကြတာများလား။ ငါ အခုလေးတင် စက်သေနတ် ပုံစံခွက် ရတာကို ဘယ်လိုလုပ်ပြီး ခန့်မှန်းမိသွားကြတာလဲ။”

“ဒါပေမဲ့ မင်းတို့ရဲ့ မျှော်လင့်ချက်က အရမ်း မြင့်လွန်းနေပြီ။ ငါကတော့ အခုလောလောဆယ် ဆီမီးအော်တို ရိုင်ဖယ်တွေလောက် ရရင်ကို ကျေနပ်ပြီ။”

“အသေးစား စက်သေနတ်ငယ် တွေဆိုရင်လည်း ရတာပဲ။ အဲ့ဒါနဲ့ ဆက်တိုက်ပစ်ရင်လည်း စက်သေနတ်ကြီးတွေနဲ့ သိပ်ကွာမှာ မဟုတ်ပါဘူး။”

“ဟုတ်တယ်။ တစ်ခါတည်းနဲ့ ကျည်ဆန်အများကြီး ထွက်နိုင်ရင် ဘယ်သေနတ်မျိုးမဆို အဆင်ပြေတယ်။”

ဂရုထဲက ဆွေးနွေးမှုများကို ကြည့်ရင်း ရှောင်းယီ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။

“မင်္ဂလာပါ ကျွန်းပိုင်ရှင်။ ဂရုထဲမှာ တစ်ယောက်ယောက်က စက်သေနတ်ပုံစံကွက် ရသွားတယ်တဲ့နော်။”

ဆုဝမ်က သတိပေးလိုက်သည်။

“အင်း ငါ တွေ့လိုက်တယ်။ ထုတ်လုပ်မှုပုံစံ တစ်ခုတည်းက အသုံးဝင်မှု အကန့်အသတ် ရှိတယ်။ သိပ်ပြီး ဂရုစိုက်နေစရာ မလိုပါဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ယခုအခါ မဟာမိတ်အဖွဲ့ တိုင်းသည် လေဟာနယ်တံခါး ၉ ခုထက်မနည်း ရင်ဆိုင်နေရသည်။ စက်သေနတ် တစ်လက်တည်းနှင့်တော့ အခြေအနေကို ပြောင်းလဲနိုင်စွမ်း သိပ်မရှိလှပေ။

ဆုဝမ်က ခေါင်းညိတ်လိုက်သည်။

နံနက်စာ စားပြီးနောက် ရှောင်းယီထံသို့ ကောင်းကင်မိုးကြိုးမင်းဆက်တွင် ထည့်ထားသော သူလျှိုထံမှ သတင်းတစ်ခု ရောက်ရှိလာခဲ့သည်။

“ကျန့်မု မိသားစုရဲ့ စစ်တပ်တွေ စတင် လှုပ်ရှားနေပါပြီ။”

ထိုသတင်းကို မြင်သောအခါ ရှောင်းယီ မျက်ခုံးတစ်ချက် ပင့်လိုက်မိလေသည်။

“ကုန်သွယ်မှုတောင် မပြီးသေးဘူး။ သူတို့က စပြီး လှုပ်ရှားနေပြီလား။”

ထိုအချိန်တွင် ကောင်းကင်မိုးကြိုးမင်းဆက်၏ နန်းရင်ပြင် ခန်းမဆောင်အတွင်း၌ မုကျူးသည် လော့လင်တန်ထံမှ အုတ်မြစ်ကျောက်များ ထုတ်ယူရန် လျှောက်ထားနေ၏။

“အရှင်မင်းကြီး အခုတစ်ခေါက် ကျွန်တော်မျိုးတို့ သံတမန်နဲ့ လေပြာအင်ပါယာတို့ရဲ့ အရောင်းအဝယ်က အလွန်ချောမွေ့နေပါတယ်။ အုတ်မြစ်ကျောက် ဘီလီယံ ၅၀၀ ဖိုး သဘောတူညီချက် ရထားပြီးပြီမို့လို့ ဒီကုန်သွယ်မှုအတွက် ဘဏ္ဍာတိုက်ထဲက အုတ်မြစ်ကျောက် ဘီလီယံ ၅၀၀ ကို ထုတ်ပေးဖို့ အရှင်မင်းကြီးကို လျှောက်ထားချင်ပါတယ်။”

မုကျူးက အသံကျယ်ကျယ်ဖြင့် ဆိုသည်။ ထိုစကားကို ကြားသောအခါ လော့လင်တန်က ချက်ချင်း ပြောလိုက်သည်။

“အဲ့ဒီလက်နက်တွေရဲ့ စွမ်းအားကို ငါတို့ အတည်မပြုနိုင်သေးဘူး။ အစကတည်းက အုတ်မြစ်ကျောက် ဘီလီယံ ၅၀၀ ဖိုး ကုန်သွယ်တာက အရမ်း စွန့်စားရာ မကျလွန်းဘူးလား။”

“အရှင်မင်းကြီး အထင်မှားနေပါပြီ။ ကျွန်တော်မျိုးတို့ သံတမန်က အဲ့ဒီလက်နက်တွေကို ကိုယ်တိုင် စမ်းသပ်ကြည့်ပြီးပါပြီ။ ကဏ္ဍတိုင်းမှာ ကျွန်တော်မျိုးတို့ လက်ရှိလက်နက်တွေထက် အများကြီး သာလွန်ပါတယ်။ ဒီလက်နက်တွေကိုသာ တပ်ဆင်နိုင်ရင် ကျွန်တော်မျိုးတို့ရဲ့ တိုက်ပွဲဝင်နိုင်စွမ်းက နှစ်ဆလောက် တက်လာမှာပါ။”

မုကျူးက ချက်ချင်း တုံ့ပြန်လိုက်သည်။

“တခြားသူတွေကရော ဘာပြောချင်သေးလဲ။”

လော့လင်တန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ကျွန်တော်မျိုးတို့လည်း မြို့စားမင်း မုကျူးရဲ့ စကားက ယုတ္တိရှိတယ်လို့ ယူဆပါတယ်။ ဘဏ္ဍာတိုက်ကနေ အုတ်မြစ်ကျောက်တိုင်တွေ ထုတ်ပေးသင့်ပါတယ်။”

“ကျွန်တော်မျိုးတို့ ကောင်းကင်မိုးကြိုးမင်းဆက်ရဲ့ တိုက်ပွဲဝင်စွမ်းအား တိုးတက်ဖို့အတွက်ဆိုရင် ဒီအုတ်မြစ်ကျောက်တွေကို ပေးသင့်ပါတယ်။”

“ပတ်ဝန်းကျင်က အင်အားစုတွေလည်း လေပြာအင်ပါယာနဲ့ လက်နက်ကုန်သွယ်မှုတွေ လုပ်နေကြတယ်လို့ ကြားနေပါတယ်။ ကျွန်တော်မျိုးတို့သာ နှောင့်နှေးနေရင် တကယ်ပဲ နောက်ကျကျန်ရစ်ခဲ့ပါလိမ့်မယ်။”

နန်းတွင်းရှိ လူအများစုမှာ မုကျူး၏ လျှောက်ထားချက်ကို ဝိုင်းဝန်း ထောက်ခံနေကြ၏။ မုကျူးသည်လည်း ဂုဏ်ယူဝင့်ကြွားသော အမူအရာ ရှိနေခဲ့လေသည်။ ယခုအခါ နန်းတွင်းရှိ လူအများစုမှာ သူ့လူများ ဖြစ်နေကြပြီး အနည်းငယ်သော လူများသာ ကြားနေအဖြစ် ရှိတော့သည်။

လော့လင်တန် ဘက်တော်သားအဖြစ် ဆို၍ သစ္စာရှိ ဝန်ကြီး အနည်းငယ်သာ ကျန်တော့သည်။

“ကျွန်တော်မျိုးကတော့ အခုအချိန်မှာ ဒါက မသင့်တော်သေးဘူးလို့ ထင်ပါတယ်။ ထပ်ပြီး စဉ်းစားသင့်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အုတ်မြစ်ကျောက် ဘီလီယံ ၅၀၀ ဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ပါဘူး။”

သစ္စာရှိ အရာရှိတစ်ဦးက ကန့်ကွက်စကား ဆိုလိုက်လေသည်။

အခန်း ၁၀၄၈- လောပရယ်ကို လုပ်ကြံခြင်း၊ ကန္တာရလင်းယုန်၏ စွမ်းပကား

မုကျူးက ထိုဝန်ကြီးကို တစ်ချက်ကြည့်ကာ ပြုံးပြီး ပြောလိုက်သည်။

“မုခိုင် ဒါဆို ပြောပါဦး။ ဒီအုတ်မြစ်ကျောက်တွေကို ဘဏ္ဍာတိုက်ထဲမှာ ဒီအတိုင်း သိမ်းထားတော့ရော ဘာထူးလာမှာလဲ။”

မုခိုင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

“ဒါတွေက နတ်ရွာစံ အရှင်မင်းကြီး လက်ထက်ကတည်းက လက်ဆင့်ကမ်းလာတဲ့ အရာတွေပဲ။ လက်နက်တွေနဲ့ လဲဖို့အတွက် ဒါတွေအားလုံးကို ထုတ်သုံးလိုက်မယ်ဆိုရင် နတ်ရွာစံ အရှင်မင်းကြီးကို မျက်နှာပျက်အောင် လုပ်ရာမကျဘူးလား။”

“မျက်နှာပျက်အောင် လုပ်တာ ဟုတ်လား။ တကယ်လို့ ကောင်းကင်မိုးကြိုးမင်းဆက်သာ တခြားလူတွေရဲ့ သိမ်းပိုက်တာ ခံလိုက်ရရင် အဲ့ဒါမှ တကယ် မျက်နှာပျက်ဖို့ ကောင်းတာပဲ။ ငါတို့ရဲ့ အင်အားကို မြှင့်တင်နိုင်ဖို့ဆိုရင် ဒီအုတ်မြစ်ကျောက် အနည်းငယ်လောက်ကို စတေးရမှာပဲ။”

မုကျူးက လှောင်ပြုံးဖြင့် တုံ့ပြန်လိုက်သည်။ ထိုအခါ မုခိုင်က ဆက်ပြောလိုက်သည်။

“တကယ်လို့ ငါတို့သာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု ရလာခဲ့မယ်ဆိုရင် ဒီအုတ်မြစ်ကျောက်တွေက ငါတို့ မင်းဆက် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံအုတ်မြစ်တွေပဲ။ ဒါတွေကို အလွယ်တကူ ထုတ်မပေးနိုင်ဘူး။ ပြီးတော့ ငါ သိသလောက်ဆိုရင် ကျန့်မုမိသားစုမှာလည်း အုတ်မြစ်ကျောက်တွေ အများကြီး ရှိနေရမှာ မဟုတ်ဘူးလား။”

“မုခိုင် မင်း အထင်မှားနေပြီ။ ဒီကုန်သွယ်မှုက ကောင်းကင်မိုးကြိုးမင်းဆက်ရဲ့ စစ်တပ်အင်အားကို မြှင့်တင်ဖို့ လုပ်တာဖြစ်တဲ့အတွက် ဘဏ္ဍာတိုက်က ကုန်ကျခံရမှာက သဘာဝပဲ။ ငါတို့ ကျန့်မုမိသားစုက ပေးရမယ်ဆိုတာ ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူး။”

မုကျူးက ပြန်ပြောလိုက်သည်။

“ဒါ့အပြင် ငါတို့ ကျန့်မုမိသားစုမှာလည်း အုတ်မြစ်ကျောက်တွေ အများကြီး မကျန်တော့ဘူး။ အရင်က တခြားနိုင်ငံတွေနဲ့ ရိက္ခာတွေ လဲလှယ်တုန်းက အကုန်သုံးလိုက်ရပြီ။”

“ကောင်းပြီ... အားလုံးပဲ တော်ကြတော့။ ဒီကိစ္စကို ငါ ထပ်ပြီး စဉ်းစားဖို့ လိုသေးတယ်။ တခြား ပြောစရာ ရှိသေးလား။”

လော့လင်တန်က သူတို့၏ အငြင်းပွားမှုကို ချက်ချင်း ရပ်တန့်လိုက်သည်။

မည်သူမျှ ထပ်မံ စကားမဆိုကြတော့ပေ။

“တခြားကိစ္စ မရှိရင် အားလုံး ပြန်နိုင်ပြီ။”

လော့လင်တန်က လက်ဝေ့ယမ်းကာ အချက်ပြလိုက်သည်။ ဝန်ကြီးများအားလုံး ခန်းမဆောင်ထဲမှ ထွက်ခွာသွားကြသည်။

မုကျူး နန်းတော်ထဲမှ ထွက်လာသည်နှင့် လူတစ်ယောက်က ချက်ချင်း လျှောက်လာပြီး ဦးညွှတ်ကာ သတင်းပို့လိုက်၏။

“မိသားစုခေါင်းဆောင် သတင်းအသစ် ရောက်လာပါတယ်။ မနေ့က မင်းသမီး လော့ရယ်က ရက္ခစစ်တပ်ကို ခေါ်ထုတ်သွားခဲ့ပေမဲ့ သူတစ်ယောက်တည်းပဲ ပြန်ရောက်လာပါတယ်။ ကျုပ်တို့ ခန့်မှန်းချက်အရဆိုရင် အဲ့ဒီစစ်သားတွေကို ဝံပုလွေနီပင်လယ်ဓားပြတွေရဲ့ စခန်းမှာ ထားခဲ့တာ ဖြစ်ရပါမယ်။”

မုကျူးက ခေါင်းညိတ်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“သူက ရက္ခစစ်တပ်ကို ပင်လယ်ဓားပြစခန်းဆီ ပေါ်တင်ကြီး ခေါ်သွားတာလား။”

“အဲ့ဒီလိုပဲ ဖြစ်ရပါမယ်။ မဟုတ်ရင် လော့ရယ်ကိုယ်တိုင် အဲ့ဒီကို သွားစရာ အကြောင်းမရှိပါဘူး။”

“ကြည့်ရတာ လော့ရယ်နဲ့ လေပြင်းအင်ပါယာနဲ့ အဲ့ဒီအပြင်လူရဲ့ ပတ်သက်မှုကို ငါတို့ ပြန်ပြီး သေချာတွက်ချက်ဖို့ လိုနေပြီပဲ။”

မုကျူးက သူ၏မျက်လုံးများကို မှေးကျဉ်းပြီး ပြောလိုက်သည်။ ထိုအခါ သူ့ဘေးတွင် ရပ်နေသော စစ်ဗျူဟာမှူးက တိုးတိုးလေး အကြံပြုလိုက်သည်။

“တကယ်လို့ သူတို့ရဲ့ ဆက်ဆံရေးကို ကျုပ်တို့ သေချာ မသိရဘူးဆိုရင် သူတို့ကြားက ကြိုးကို တိုက်ရိုက် ဖြတ်တောက်ပစ်ဖို့ အကြံပေးချင်ပါတယ်။”

ထိုသို့ပြောရင်းဖြင့် စစ်ဗျူဟာမှူးက လည်ပင်းလှီးပြသည့် အမူအရာကို လုပ်ပြလိုက်သည်။

မုကျူး အနည်းငယ် စဉ်းစားလိုက်၏။

“တကယ်တော့ ငါက သူ့ကို ငါတို့ ကျန့်မုမိသားစုရဲ့ ချွေးမအဖြစ် ထားချင်ခဲ့တာ။ အခုတော့ အဲ့ဒီလို ဖြစ်မလာနိုင်တော့ဘူး။ ကောင်းပြီ... လူလွှတ်ပြီး စီစဉ်လိုက်တော့။”

“ဟုတ်ကဲ့။”

ထိုအချိန်တွင် လော့ရယ်သည် နံနက်စာ စားပြီးနောက် နန်းတော်သို့ သွားရန် ပြင်ဆင်နေ၏။ မိုဘိုင်းလ်ဖုန်းမှာ သူမထံတွင် ရှိနေသဖြင့် သတင်းတစ်စုံတစ်ရာ ရလာပါက ခမည်းတော်အား အချိန်မီ အသိပေးရန် လိုအပ်သည် မဟုတ်ပါလော။

သို့သော် လူပြတ်သော လမ်းတစ်ခုကို ဖြတ်သန်းစဉ်မှာပင် လမ်းကြားထဲမှ လူအချို့ ရုတ်တရက် ပြေးထွက်လာပြီး လော့ရယ်၏ ဝေါယာဉ်ဆီသို့ ဦးတည်ကာ တိုက်ခိုက်ကြတော့သည်။

“လုပ်ကြံသတ်ဖြတ်သူတွေပဲ။ မင်းသမီးကို ကာကွယ်ကြ။”

အနီးရှိ ကိုယ်ရံတော်များက ချက်ချင်း အော်ဟစ်လိုက်ကြသည်။

ကိုယ်ရံတော်များသည် ရှေ့မှ ပြေးဝင်လာသော လုပ်ကြံသူများကို အာရုံစိုက်နေစဉ် ဘေးဘက်မှ အဆိပ်လူးအပ်များစွာ ပျံဝဲလာ၏။ ကိုယ်ရံတော်များသည် သတိမထားမိဘဲ အပ်မှန်ကာ ပါးစပ်မှ အမြှုပ်များထွက်လျက် လဲကျကုန်ကြတော့လေသည်။

တပ်မှူးတစ်ယောက်သာ လျင်မြန်စွာ တုံ့ပြန်နိုင်ပြီး အဆိပ်အပ်များကို ရှောင်တိမ်းနိုင်ခဲ့သည်။ သို့သော် ယခုအခါ လော့ရယ်ကို ကာကွယ်ရန် သူတစ်ယောက်တည်းသာ ကျန်တော့သဖြင့် ဝေါယာဉ်ဘေးသို့သာ ဆုတ်ခွာလိုက်ရတော့သည်။

ဝတ်စုံနက်ဝတ် လုပ်ကြံသူ ကိုးဦးသည် ဘေးပတ်လည်မှ ချက်ချင်းပင် ပေါ်ထွက်လာခဲ့သည်။ သူတို့သည် မည်သည့်စကားမျှ မဆိုဘဲ တပ်မှူးကို ဝိုင်းဝန်း တိုက်ခိုက်ကြတော့၏။

ဒါကို မြင်သောအခါ တပ်မှူးက လေသံတိုးတိုးဖြင့် အော်ပြောလိုက်သည်။

“မင်းသမီး မြန်မြန်ပြေးတော့။ ကျုပ် သူတို့ကို တားထားမယ်။”

သို့သော် လော့ရယ်သည် တည်ငြိမ်အေးစက်သော မျက်နှာပေးဖြင့် ဝေါယာဉ်ပေါ်မှ ဆင်းလာ၏။

“သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြသလိုက်ပြီဆိုမှတော့ ပြန်ထွက်သွားခွင့်ပေးဖို့ မလိုတော့ဘူး။”

သူတို့ လုပ်ကြံရမည့် ပစ်မှတ်မှာ ကိုယ်တိုင် ထွက်လာသည်ကို မြင်သောအခါ လုပ်ကြံသူများသည် သူတို့၏ အာရုံကို ချက်ချင်းပြောင်းလဲကာ လော့ရယ်ထံသို့ ပြေးဝင်တိုက်ခိုက်လိုက်ကြတော့သည်။

လော့ရယ်မှာ S အဆင့် ဖြစ်သော်လည်း ဤလုပ်ကြံသူများအားလုံးမှာလည်း S အဆင့်များ ဖြစ်နေကြသည်မှာ သိသာလှသည်။ သူမတစ်ယောက်တည်းနှင့် ဤလုပ်ကြံသူ ကိုးဦးကို ယှဉ်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။

ကိုယ်ရံတော်တပ်မှူးက လော့ရယ်၏ ရှေ့တွင် ကာဆီးရပ်လိုက်ပြီး ပြောလိုက်သည်။

“မင်းသမီး ဒီကနေ မြန်မြန် ထွက်သွားတော့။ ကျုပ် သူတို့ကို တားထားပေးမယ်။”

သို့သော် လော့ရယ်က အနည်းငယ်ပြုံးလိုက်ပြီး သူမ၏ ခါးကြားမှ အရာတစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းမှာ ရှောင်းယီ သူမကို လက်ဆောင်ပေးထားသော ကန္တာရလင်းယုန်သေနတ်ပင် ဖြစ်သည်။ သူမသည် ‘ဒိုင်း... ဒိုင်း...’ နှင့် ကျယ်လောင်သော အသံများထွက်ပေါ်ခာသည်အထိ လုပ်ကြံသူများကို စတင် ပစ်ခတ်တော့သည်။

အကွာအဝေးမှာ အလွန်နီးကပ်လှသဖြင့် လုပ်ကြံသူ ကိုးဦးမှာ ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ ကျည်ဆန်များ တစ်ယောက်ပြီးတစ်ယောက် ထိမှန်ကာ မြေပြင်ပေါ်သို့ လဲကျကုန်ကြ၏။

ကန္တာရလင်းယုန်၏ ပစ်အားမှာ ပြင်းထန်လှပေသည်။ အကယ်၍ အရေးကြီးသော နေရာကိုသာ ထိမှန်ပါက ငရဲပြည်သို့ တန်းတန်းမတ်မတ် ပို့ဆောင်ပေးနိုင်ပြီး အရေးကြီးသော နေရာကို မထိမှန်လျှင်ပင် ပြင်းထန်သော ဒဏ်ရာကို ရရှိစေမည်ဖြစ်သည်။

ပြင်းထန်စွာ ဒဏ်ရာရသွားသော လုပ်ကြံသူများသည် သူတို့၏ သွားကြားထဲတွင် ဝှက်ထားသော အဆိပ်ကို ချက်ချင်း ကိုက်ဖောက်လိုက်ကြတော့သည်။

ကိုယ်ရံတော်တပ်မှူးမှာ ထိတ်လန့်တကြား ခေါင်းလှည့်ကြည့်ရင်း လော့ရယ်၏ လက်ထဲမှ ကန္တာရလင်းယုန်ကို ငေးကြည့်နေမိသည်။ မင်းသမီးတွင် ဤမျှ အစွမ်းထက်သော လက်နက်ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

“ဒီနေရာကို ရှင်းလင်းလိုက်တော့။ အသက်စွန့်သွားတဲ့ ကိုယ်ရံတော်တွေကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးပြီး သူတို့ရဲ့ မိသားစုတွေကိုလည်း သေချာ စောင့်ရှောက်ပေးလိုက်ပါ။”

လော့ရယ်က ညွှန်ကြားလိုက်သည်။

“ငါ နန်းတော်ကို အရင်သွားနှင့်မယ်။”

“ဒါပေမဲ့ မင်းသမီး တစ်ယောက်တည်း သွားတာက အန္တရာယ်များပါတယ်။”

တပ်မှူးက စိုးရိမ်တကြီး ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ငါ့မှာ ဒီဟာရှိတယ်။”

လော့ရယ်က သူမလက်ထဲမှ ကန္တာရလင်းယုန်ကို မြှောက်ပြလိုက်သည်။

တပ်မှူးက ခေါင်းညိတ်ပြလိုက်၏။ လော့ရယ်သည် နန်းတော်ဆီသို့ ဆက်လက် လျှောက်လှမ်းသွားရာ ကျန်ရှိသော လမ်းခရီးတွင် နောက်ထပ် လုပ်ကြံသူများ ပေါ်မလာတော့ပေ။

သူမ လုပ်ကြံသူ ကိုးဦးကို သတ်လိုက်သည့် သတင်းမှာလည်း မကြာမီပင် မုကျူးထံသို့ ရောက်ရှိသွားခဲ့သည်။

“ဘာ...။ သူ့လက်ထဲမှာ အဲ့ဒီလောက်တောင် အစွမ်းထက်တဲ့ လက်နက်မျိုး ရှိနေတာလား။”

မုကျူး ထိတ်လန့်တကြားဖြင့် မတ်တတ်ရပ်လိုက်မိ၏။

“မှန်ပါတယ်။ သူ့မှာရှိတဲ့ သေနတ်အမျိုးအစားက အနည်းဆုံး ကိုးချက် ဆက်တိုက် ပစ်နိုင်ပြီး သူ့ရဲ့ စွမ်းအားက ကျုပ်တို့ အခုလေးတင် ဝယ်ထားတဲ့ ခြောက်လုံးပြူးတွေထက် အများကြီး ပိုပြီးပြင်းထန်ပါတယ်။”

“ကြည့်ရတာ လော့ရယ်နဲ့ အဲ့ဒီအပြင်လူရဲ့ ဆက်ဆံရေးက တကယ်ကို မရိုးရှင်းဘူးပဲ။”

မုကျူးက လေးနက်သောလေသံဖြင့် ဆိုလိုက်သည်။

“ငါတို့ ထပ်စောင့်နေလို့ မဖြစ်တော့ဘူး။ အခုချက်ချင်း လှုပ်ရှားရမယ်။ လော့မိသားစုက အဲ့ဒီအပြင်လူနဲ့ ကုန်သွယ်မှု မပြီးသေးပါစေနဲ့လို့ မျှော်လင့်ရတော့မှာပဲ။”

“ဒါပေမဲ့ သူတို့ ကုန်သွယ်မှု ပြီးသွားပြီဆိုရင်ရော...။”

သူ့ဘေးမှ စစ်ဗျူဟာမှူးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဟက်... တကယ်လို့ ကုန်သွယ်မှုက ပြီးသွားပြီဆိုရင်တော့ တခြားအင်အားစုတွေကိုပါ ဒီကိစ္စထဲ ဆွဲသွင်းတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့တော့။”

မုကျူးက အေးစက်စွာ ပြောလိုက်သည်။ ထိုစရားကို ကြားသောအခါ စစ်ဗျူဟာမှူး၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွား၏။

“မိသားစုခေါင်းဆောင် ဒီကိစ္စကို ပြန်ပြီး မစဉ်းစားတော့ဘူးလား။”

မုကျူးက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

“ငါတို့ ဒီအခြေအနေအထိ ရောက်နေပြီ။ နောက်ပြန်ဆုတ်လို့ မရတော့ဘူး။ ငါတို့မှာရှိသမျှ အရာရာကို ပုံအောပြီး အောင်မြင်ဖို့ပဲ ဆုတောင်းရတော့မယ်။”

စစ်ဗျူဟာမှူးက ခေတ္တမျှ မှင်တက်သွားခဲ့ပြီး “ဟုတ်ကဲ့...နားလည်ပါပြီ” ဟု ပြန်ဖြေလိုက်လေသည်။

နန်းတော်၏ ပြင်ပတွင် ကျန့်မုမိသားစု၏ တပ်ခုလုံးမှာ နန်းတော်ရှိရာ ဘက်သို့ အပြင်းအထန် ချီတက်လာနေကြသည်။

တစ်ချိန်တည်းမှာပင် လော့ရယ်သည် လော့လင်တန်နှင့် တွေ့ဆုံပြီး လမ်းတွင် ကြုံတွေ့ခဲ့ရသော လုပ်ကြံမှုအကြောင်းကို ရှင်းပြလိုက်သည်။

လော့လင်တန်က မျက်မှောင်ကြုတ်ကာ မေးသည်။

“မင်း ဒီကန္တာရလင်းယုန်ကို သုံးလိုက်တာလား။”

“ဟုတ်ကဲ့။ ဒီသေနတ်သာ မရှိရင် ကျွန်မ ခမည်းတော်ကို အသက်ရှင်လျက် ပြန်တွေ့နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်။”

လော့ရယ်က ပြန်ဖြေလိုက်သည်။

“ဒါဆိုရင် မကောင်းတော့ဘူး။ ကျန့်မုမိသားစုက အရာရာကို ပုံအောပြီး အချိန်မတိုင်ခင် စတင်တိုက်ခိုက်လာနိုင်ခြေ ရှိတယ်။”

လော့လင်တန်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

“မင်း လေပြာအင်ပါယာကို ချက်ချင်း ဆက်သွယ်လိုက်တော့။ မနေ့က ပြောထားတဲ့ ကုန်သွယ်မှုကို အခုချက်ချင်း အပြီးသတ်ဖို့ ပြောလိုက်။ ပြီးတော့ ငါတို့နန်းတော်ထဲက တည်နေရာကူးပြောင်းခြင်း အစီအရင်ကို ဖွင့်ပြီး ဝယ်ထားတဲ့ လက်နက်တွေကို နန်းတော်ထဲကို တိုက်ရိုက် ပို့ခိုင်းလိုက်။”

“ဟုတ်ကဲ့။”

လော့ရယ်က ပြန်ဖြေပြီး ချက်ချင်း ထွက်ခွာသွားတော့သည်။

တစ်ချိန်တည်းမှာပင် လော့လင်တန်က အမိန့်ထုတ်လိုက်၏။

နန်းတော်တစ်ခုလုံးကို ချက်ချင်း စစ်အုပ်ချုပ်ရေး အမိန့်ထုတ်လိုက်ပြီး နန်းတွင်းကိုယ်ရံတော်များက ထိန်းချုပ်လိုက်ကြသည်။ သူ့အမိန့်မပါဘဲ မည်သူမျှ အဝင်အထွက် မလုပ်ရ၊ အမိန့်မနာခံသူ မည်သူမဆို ချက်ချင်း သတ်ပစ်ရန် အမိန့်ပေးလိုက်လေတော့သည်။

All Chapters