အခန်း (၁၀၄၉-၁၀၅၀)
Vol. 88 Ch. 1049-1050
အခန်း ၁၀၄၉- စတင်လှုပ်ရှားခြင်း၊ နန်းတော်ရှေ့ တိုက်ပွဲ
လော့ရယ်ထံမှ ကုန်သွယ်မှုကို ချက်ချင်းအပြီးသတ်ရန် တောင်းဆိုချက်ကို လန်ယုံ မကြာမီ လက်ခံရရှိခဲ့သည်။
“အင်း၊ ငါ မင်းတို့အတွက် ကြိုတင်ပြင်ဆင်ထားတာ ကြာပါပြီ။ တည်နေရာကူးပြောက်းခြင်းအစီအရင်ကို အတည်ပြုပြီးတာနဲ့ လွှဲပြောင်းမှုကို စတင်လို့ရပြီ။”
“ကောင်းပါပြီ။ ကျေးဇူးအများကြီးတင်ပါတယ် အရှင်မင်းကြီးလန်။”
လော့ရယ်က ပြန်ဖြေပြီးနောက် နန်းတော်အတွင်းရှိ တည်နေရာကူးပြောင်းခြင်း အစီအရင်၏ တည်နေရာကို လန်ယုံထံသို့ ချက်ချင်း အသိပေးလိုက်သည်။
မကြာမီမှာပင် လက်နက်အမြောက်အမြား အစီအရင်မှတစ်ဆင့် ရောက်ရှိလာပြီး လော့ရယ်ကလည်း မနေ့က သဘောတူထားသည့် အုတ်မြစ်ကျောက်များကို ပြန်လည်ပေးပို့လိုက်လေသည်။
“မင်းတို့ မင်းဆက်ဘက်မှာ တစ်ခုခု ပြဿနာတက်နေလို့လား။”
မဟာမိတ်တစ်ခုအနေဖြင့် လန်ယုံက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
“ကျန့်မု မိသားစုက စတင်လှုပ်ရှားဖို့ ပြင်နေပြီ။”
လော့ရယ်က အကျဉ်းချုပ် ရှင်းပြလိုက်သည်။ လန်ယုံက ခေါင်းညိတ်လိုက်၏။
“လိုအပ်တာရှိရင် အချိန်မီပြောပါ။ ငါတို့ တတ်နိုင်သမျှ ကူညီပေးပါ့မယ်။”
“ကျေးဇူးအများကြီးတင်ပါတယ် အရှင်မင်းကြီး။”
လော့ရယ်က ဆိုသည်။
ဖုန်းချပြီးနောက် လန်ယုံသည် ရှောင်းယီထံသို့ ချက်ချင်း ဖုန်းဆက်လိုက်တော့သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း ကောင်းကင်မိုးကြိုးမင်းဆက်တော့ ရုတ်ရုတ်သဲသဲ စဖြစ်တော့မယ့်ပုံပဲ။”
“ကျုပ်သိတယ်။ သူတို့ အချင်းချင်း တိုက်ခိုက်တာကို အရင်စောင့်ကြည့်ကြတာပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ လန်ယုံ ဖုန်းမဆက်မီကပင် ကောင်းကင်မိုးကြိုးမင်းဆက်ရှိ သူလျှိုများက ရှောင်းယီထံသို့ အခြေအနေများကို တင်ပြထားပြီးဖြစ်သည်။
“ဟုတ်ကဲ့ပါ။”
လန်ယုံက တုံ့ပြန်လိုက်သည်။
လော့ရယ်ဘက်တွင်မူ လန်ယုံထံမှ ကုန်သွယ်ထားသော လက်နက်များကို လက်ခံရရှိပြီးနောက် ချက်ချင်းပင် ဖြန့်ဝေပေးလိုက်ရာ နန်းတွင်းကိုယ်ရံတော် တပ်တစ်ခုလုံး လက်နက်အသစ်များ တပ်ဆင်ပြီးစီးသွားခဲ့သည်။
ယခုအခါ လော့လင်တန် အနေဖြင့် ကိုယ်ရံတော်တပ်ဖွဲ့ကိုသာ ယုံကြည်နိုင်တော့သည်။ အခြားစစ်တပ်များထဲတွင် ကျန့်မုမိသားစု၏ လူများ ပါဝင်နေမလားဆိုသည်ကို သူ မသေချာပေ။
ကျန့်မုမိသားစုသည် ကောင်းကင်မိုးကြိုးမင်းဆက်၏ စစ်ဗိုလ်ချုပ်များအဖြစ် မျိုးဆက်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာခဲ့သူများဖြစ်ရာ စစ်တပ်အတွင်း၌ ၎င်းတို့၏ သြဇာနှင့် အဆက်အသွယ်မှာ အလွန်ကြီးမားလှပေသည်။
ကောင်းကင်မိုးကြိုးမင်းဆက်ကို စတင်တည်ထောင်စဉ်ကပင် စစ်အာဏာကို ပြန်လည်သိမ်းယူခဲ့ခြင်း မရှိခဲ့ပေ။ ယခု ကျန့်မုမိသားစုက မရိုးသားသော ရည်မှန်းချက်များ ရှိလာသောအခါ လော့ မိသားစုအနေဖြင့် ၎င်းတို့ကို ထိန်းချုပ်ရန် ခက်ခဲသွားတော့သည်။
လက်နက်အသစ်များ ရရှိသောအခါ ကိုယ်ရံတော်တပ်သားများမှာ စိတ်လှုပ်ရှားသွားကြတော့သည်။ ဤလက်နက်များသာ မရှိပါက ကျန့်မုမိသားစု၏ စစ်အင်အားကို ခုခံရန် သူတို့တွင် ယုံကြည်မှု များများစားစား မရှိကြပေ။ သို့သော် ယခုမူ သူတို့တွင် ယုံကြည်မှု အပြည့်ရှိနေပြီဖြစ်သည်။
မွန်းတည့်ချိန်တွင် ကျန့်မုမိသားစု၏ စစ်တပ်မှာ အသင့်ဖြစ်နေပြီဖြစ်သည်။ မုကျူးသည် စစ်တပ်ကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
“စစ်သည်တို့...နန်းတွင်းထဲမှာ ထိုင်နေတဲ့ လော့မိသားစုက ရည်မှန်းချက်တွေ မရှိတော့ဘူး။ ကောင်းကင်မိုးကြိုးမင်းဆက်ဟာလည်း ဆုတ်ယုတ်လာတဲ့ လက္ခဏာတွေ ပြနေပြီ။ ဒီအတိုင်း ဆက်ပြီး ပျက်စီးသွားတာကို ငါတို့ အဖြစ်မခံနိုင်ဘူး။ ဒါကြောင့် လော့မိသားစုကို ရာထူးကဖယ်ရှားပြီး သူတို့နေရာကို အစားထိုးဖို့ ငါ ဆုံးဖြတ်လိုက်ပြီ။”
“လော့မိသားစုကို ဖယ်ရှားကြ...။ သူတို့နေရာမှာ အစားထိုးကြ...။”
စစ်သည်များက တစ်ဦးပြီးတစ်ဦး ဟစ်ကြွေးကြတော့သည်။
ထိုအခါ မုကျူးက လက်ကို အသာအယာ ဖိချလိုက်ပြီး ဆက်ပြောလိုက်သည်။
“ငါတို့ ကျန့်မုမိသားစုရဲ့ အင်အားက တိုက်ပွဲအတွက် မွေးဖွားလာတာပဲ။ လော့မိသားစုရဲ့ ကိုယ်ရံတော်တွေ စောင့်ကြပ်နေတဲ့ နန်းတော်ကို မင်းတို့ အလွယ်တကူ သိမ်းပိုက်နိုင်မယ်လို့ ငါယုံကြည်တယ်။ ကောင်းပြီ... စစ်ကြောင်းထွက်ကြ။”
“ဟုတ်ကဲ့။”
မြို့စောင့်တပ်ဖွဲ့ဖွဲ့များကို ကျန့်မုမိသားစုဝင်များနှင့် လဲလှယ်ထားသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် ဤစစ်တပ်သည် မည်သည့် အဟန့်အတားမျှမရှိဘဲ မြို့ထဲသို့ ဝင်ရောက်လာပြီး နန်းတော်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာကြတော့လေသည်။
ကျန့်မုမိသားစု၏ အခြေအနေကို မြင်သောအခါ မြို့တော်နေ ပြည်သူများမှာ ဘာဖြစ်နေသည်ကို အလိုလို သိရှိသွားကြ၏။ သူတို့သည် သာမန်အရပ်သားများ ထိခိုက်မှုမရှိစေရန် ဆုတောင်းရင်း အိမ်ထဲ၌သာ ပုန်းအောင်းနေကြတော့သည်။
မကြာမီမှာပင် ကျန့်မုမိသားစု၏ လူများ နန်းတော်တံတိုင်းရှေ့သို့ ရောက်ရှိလာကြတော့လေသည်။
“မိုက်မဲတဲ့ မုကျူး...။ မင်းက ဒီလို ပုန်ကန်တဲ့အမှုကို ကျူးလွန်ရဲတယ်ပေါ့။ အခုချက်ချင်း မင်းရဲ့လက်ကို မင်းပြန်ချည်ပြီး အပြစ်ကလွှတ်ဖို့ လာတောင်းပန်စမ်း။”
တံတိုင်းပေါ်ရှိ ကိုယ်ရံတော်ခေါင်းဆောင်က အော်ဟစ်လိုက်သည်။
“ဟားဟားဟား ဗိုလ်ချုပ် ဂယ်လူး။ မင်းက အခြေအနေကို အခုထိ မမြင်သေးဘူးလား။”
မုကျူးက ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။
“အခုချက်ချင်း နန်းတော်တံခါးကိုဖွင့်ပြီး ငါ့ဆီမှာ အရှုံးပေးမယ်ဆိုရင် မင်းကို ကိုယ်ရံတော်ဗိုလ်ချုပ်အဖြစ် ဆက်ထားပေးမယ်။ မဟုတ်ရင်တော့ အကျိုးဆက်ကို မင်း သိမှာပါ။”
“ဟက်...ငါကတော့ မင်းလို သစ္စာဖောက် ပုန်ကန်သူနဲ့ ဘယ်တော့မှ ပူးပေါင်းမှာ မဟုတ်ဘူး။”
ဂယ်လူးက အေးစက်စွာ အော်ပြောလိုက်သည်။
“အမြင်မတူရင် စကားပြောနေတာက အချိန်ကုန်တာပဲ။ ဒါဆိုရင်တော့ တိုက်ပွဲမှာ ဘယ်သူက ပိုသာလဲဆိုတာ ကြည့်ကြတာပေါ့။”
ထိုသို့ပြောကာ မုကျူးက လက်ဝေ့ယမ်း၍ အချက်ပြလိုက်သည်။ ထိုအခါ ကျန့်မုမိသားစု၏ စစ်တပ်သည် နန်းတော်ကို စတင်တိုက်ခိုက်ကြတော့သည်။
ပထမဦးစွာ သူတို့သည် အမြောက်များကို အသုံးပြုကာ တံတိုင်းကို ပစ်ခတ်ကြ၏။ သို့သော် နန်းတော်တံတိုင်းပေါ်တွင်လည်း အမြောက်အမြောက်အမြား ထုတ်ထားပြီးဖြစ်ရာ အောက်ရှိ ကျန့်မုစစ်တပ်ကို ပြန်လည် ခုခံပစ်ခတ်ကြလေတော့သည်။
နန်းတော်တံတိုင်းပေါ်တွင် သူတို့၏အမြောက်များနှင့် ထပ်တူကျသော အမြောက်များကို မြင်လိုက်ရသောအခါ မုကျူး မျက်မှောင်ကြုတ်သွားခဲ့လေသည်။
“သူတို့ အပြင်လူတွေနဲ့ အရောင်းအဝယ် အပြီးသတ်ထားပြီးပြီပဲ။”
“ဒါဆိုရင် ကျုပ်တို့ အထဲကို ထိုးဖောက်ဝင်ရောက်ဖို့ တော်တော်ခက်လိမ့်မယ်။”
မုဝူကျိက ဘေးမှ ဆိုသည်။ မုကျူးက ခေါင်းညိတ်လိုက်၏။
“ဒါက အဲဒီအပြင်လူတွေက သူတို့ကို ပိုပြီးအဆင့်မြင့်တဲ့ လက်နက်တွေ ရောင်းထားသလား ဆိုတာပေါ်မှာလည်း မူတည်သေးတယ်။”
အကယ်၍ ပိုမိုအဆင့်မြင့်သော လက်နက်များ ရှိနေပါက ကျန့်မုမိသားစုအတွက် နန်းတော်ကို သိမ်းပိုက်ရန် အမှန်တကယ်ပင် ခက်ခဲသွားမည်ဖြစ်သော်လည်း မဟုတ်ခဲ့လျှင်မူ ပြောရခက်ပေသည်။ ကျန့်မုမိသားစု၏ စစ်အင်အားမှာ နန်းတွင်းကိုယ်ရံတော်တပ်ထက် ၁၀ ဆကျော် ပိုမိုများနေသည် မဟုတ်ပါလော။
အလောင်းချင်း ထပ်ပြီးတိုက်ရလျှင်ပင် သူတို့က ကိုယ်ရံတော်တပ်ကို အင်အားနှင့် ဖိတိုက်နိုင်စွမ်း ရှိပေသည်။ နှစ်ဖက်စလုံးမှာ အပြန်အလှန် အပြင်းအထန် တိုက်ခိုက်နေကြတော့သည်။
အထိအခိုက် အများဆုံးမှာ ကျိန်းသေပေါက် တိုက်စစ်ဆင်နေသည့် ကျန့်မုမိသားစုဘက်မှ ဖြစ်သော်လည်း မုကျူးကမူ အရေးမစိုက်ပေ။ သူသည် နန်းတော်တံတိုင်းပေါ်ရှိ စစ်သည်များ၏ လက်ထဲမှ လက်နက်များကိုသာ အသေအချာ အကဲခတ်နေခဲ့သည်။ အတော်ကြာအောင် စောင့်ကြည့်ပြီးနောက် ကိုယ်ရံတော်များ၏ လက်ထဲတွင် ထူးခြားသည့် အဆင့်မြင့်လက်နက်များကို မတွေ့ရပေ။
မုကျူး အနည်းငယ် စိတ်အေးသွားခဲ့၏။
“ကြည့်ရတာ အဲ့ဒီအပြင်လူတွေက သူတို့ကို ပိုပြီးအဆင့်မြင့်တဲ့ လက်နက်တွေ မရောင်းထားဘူးထင်တယ်။ လော့ရယ်ဆီမှာ အရင်ကတွေ့တဲ့ လက်နက်က တစ်လက်တည်းပဲ ရှိပုံရတယ်။”
“ဟုတ်တယ်။ အဲ့ဒီကိုယ်ရံတော်တွေ လက်ထဲက လက်နက်တွေက ကျုပ်တို့ဆီက လက်နက်တွေနဲ့ အတူတူပဲ။”
မုဝူကျိက ချက်ချင်း ထောက်ခံလိုက်သည်။
“ဒါဆိုရင် အညှာတာနေစရာ မလိုတော့ဘူး။ အရပ်လေးမျက်နှာလုံးကနေ တစ်ပြိုင်နက် တိုက်စစ်ဆင်ကြ။”
မုကျူးက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
ကျန့်မုမိသားစု၏ တိုက်စစ်မှာ ချက်ချင်းဆိုသလို ပိုမိုပြင်းထန်လာခဲ့သည်။ တံတိုင်းပေါ်ရှိ ကိုယ်ရံတော်များမှာ ကြီးမားသော ဖိအားကို ချက်ချင်းပင် ခံစားလိုက်ကြရ၏။
“မရတော့ဘူး ဗိုလ်ချုပ်။ ကျုပ်တို့ ခံစစ် ကျိုးပျက်တော့မယ်။ သူတို့ရဲ့ အရေအတွက်က အရမ်းများလွန်းတယ်။ ပြီးတော့ ကျုပ်တို့ရဲ့ ခဲယမ်းမီးကျောက် ထောက်ပံ့မှုကလည်း အလျင်မမှီတော့ဘူး။”
“ဟုတ်ပါတယ် ဗိုလ်ချုပ်...ကျွန်တော်တို့ဘက်မှာလည်း အခြေအနေက အတူတူပါပဲ။”
အရပ်မျက်နှာ အသီးသီးမှ သတင်းပို့ချက်များကို ကြားသောအခါ ဂယ်လူး၏ မျက်မှောင်များ အလွန်အမင်း ကြုတ်သွားတော့သည်။ သူသည် လော့လင်တန် ကို ချက်ချင်းသွားတွေ့ပြီး တင်ပြလိုက်သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးတို့ရဲ့ လက်ရှိလက်နက်တွေနဲ့ ကျန့်မုမိသားစုရဲ့ စစ်သည်အမြောက်အမြားကို ဟန့်တားဖို့က တော်တော်လေး ခက်ခဲနေပါတယ်။”
ဂယ်လူး၏ စကားကို ကြားသောအခါ လော့လင်တန်၏ မျက်နှာမှာ ပျက်ယွင်းသွားခဲ့သည်။
“ခမည်းတော်၊ ကျွန်မတို့ လေပြာအင်ပါယာဆီက အကူအညီ တောင်းခံသင့်ပါတယ်။”
လော့ရယ်က ပြောလိုက်သည်။
“ငါတို့ အကူအညီ တောင်းလိုက်တာနဲ့ ဘဏ္ဍာတိုက်ထဲက အုတ်မြစ်ကျောက်တွေ အကုန်ပါသွားတော့မှာကို ငါစိုးရိမ်မိတယ်။”
လော့လင်တန်က အားကိုးရာမဲ့စွာ ဆိုလိုက်သည်။
“ဒါပေမဲ့ ကျန့်မုမိသားစုသာ အထဲကို ဖောက်ဝင်လာရင် ကျွန်မတို့မှာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။”
လော့ရယ်က ပြန်ပြောလိုက်၏။
ဤအချက်ကို လော့လင်တန် မသိဘဲ နေပါမည်လော။ သို့သော် သူသည် ကိုယ်ရံတော်တပ်ဖွဲ့က တံတိုင်းအသာစီးဖြင့် ကျန့်မုမိသားစုကို ဟန့်တားနိုင်လိမ့်မည်ဟု မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။
သူ သက်ပြင်းတစ်ချက်ချလိုက်၏။
“မင်း အရှင်မင်းကြီးလန်ကို ဆက်သွယ်လိုက်ပါ။ ငါကိုယ်တိုင် သူနဲ့ စကားပြောမယ်။”
“ဟုတ်ကဲ့။”
လော့ရယ် အလွန်ဝမ်းသာသွားပြီး လန်ယုံ၏ နံပါတ်ကို ချက်ချင်း ခေါ်ဆိုလိုက်တော့သည်။
“အရှင်မင်းကြီးလန် ကျွန်မတို့ဆီမှာ အခြေအနေက တော်တော်လေး ခက်ခဲနေပါတယ်။ ရှင်တို့ရဲ့ အကူအညီကို ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
ဖုန်းဝင်သွားသည်နှင့် လော့ရယ်က ချက်ချင်း ပြောလိုက်သည်။
“အို... မင်းတို့က စစ်ကူတောင်းချင်တယ်လို့ ဆိုလိုတာလား။”
လန်ယုံက မေးလိုက်သည်။ ထိုအခါ လော့လင်တန်က ဖုန်းကို လွှဲယူလိုက်သည်။
“ဟုတ်ပါတယ်။ ကျုပ်တို့ဘက်က အုတ်မြစ်ကျောက် ဘီလီယံ ၅၀ ပေးဖို့ ဆန္ဒရှိပါတယ်။ ကျုပ်တို့ မျှော်လင့်တာက အဆင့်မြင့်လက်နက်တွေ ထောက်ပံ့ပေးဖို့နဲ့ အနည်းဆုံး စစ်သည် ငါးသောင်းလောက် စစ်ကူလွှတ်ပေးဖို့ပါပဲ။”
“အဆင့်မြင့်လက်နက်တွေနဲ့ ပတ်သက်ရင်တော့ ကျုပ် တစ်ယောက်တည်း ဆုံးဖြတ်လို့ မရဘူး။ ခဏလောက် စောင့်ပေးပါ။ ကျုပ် မဟာမိတ်ခေါင်းဆောင် ရှောင်းနဲ့ အရင်တိုင်ပင်လိုက်ပါဦးမယ်။”
အခန်း ၁၀၅၀- လေပြာအင်ပါယာတွင် စစ်ကူမရှိ၊ ရှောင်းယီအပေါ်တွင်သာ မူတည်သည်
“ကောင်းပါပြီ။ ဒါဆိုရင် သတင်းကို စောင့်နေပါ့မယ်။ အမြန်ဆုံး အတည်ပြုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
ရှောင်းယီနှင့် အရင်အတည်ပြုရဦးမည်ဟူသော လန်ယုံ၏ စကားကြောင့် လော့လင်တန် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“နားလည်ပါပြီ။ အလွန်ဆုံး ဆယ်မိနစ်အတွင်းမှာ အကြောင်းပြန်ပေးပါမယ်။”
လန်ယုံက ပြန်ဖြေပြီးနောက် ဖုန်းချကာ ရှောင်းယီထံသို့ တိုက်ရိုက်ဖုန်းခေါ်လိုက်တော့သည်။
ရှောင်းယီသည် လန်ယုံ၏ ဖုန်းကို လက်ခံရရှိသောအခါ တစ်ချက်ရယ်မောလိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။
“ကြည့်ရတာ ဒီမိသားစု တောင့်ခံဖို့ တော်တော်ရုန်းကန်နေရပုံပဲ။”
ဖုန်းချိတ်ဆက်မိသည်နှင့် လန်ယုံက တိုက်ရိုက်ပင် ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် ဟို လော့လင်တန်က အုတ်မြစ်ကျောက် ဘီလီယံ ၅၀ ပေးပြီး အဆင့်မြင့်လက်နက်တွေနဲ့ စစ်ကူ ငါးသောင်း တောင်းနေပါတယ်။ စစ်ကူကိစ္စကိုတော့ ကျုပ် ကိုင်တွယ်နိုင်ပေမဲ့ အဆင့်မြင့်လက်နက်တွေနဲ့ ပတ်သက်ရင်တော့ ကျွန်းပိုင်ရှင် ဘယ်လိုထင်ပါသလဲ။”
ရှောင်းယီက ပြုံးလိုက်သည်။
“သူတို့ကို အုတ်မြစ်ကျောက်တွေ အရင်ပေးခိုင်းလိုက်ပါ။ အဆင့်မြင့်လက်နက်တွေ သယ်သွားဖို့ ကျုပ် လူလွှတ်လိုက်မယ်။ နန်းတော်ထဲက တည်နေရာကူးပြောင်းခြင်းအစီအရင်ရဲ့ တည်နေရာကို ကျုပ်တို့ဆီ ပို့ခိုင်းလိုက်တော့။”
“ဟုတ်ကဲ့။”
လန်ယုံက ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်မိုးကြိုးမင်းဆက် နန်းတော်အတွင်း၌ လော့လင်တန်နှင့် အခြားသူများသည် စားပွဲပေါ်တွင် တင်ထားသော မိုဘိုင်းလ်ဖုန်းကို စိုးရိမ်တကြီး စိုက်ကြည့်နေကြ၏။
“ဒီအပြင်လူက ကျွန်တော်မျိုးတို့ အကျပ်ရိုက်နေတာကို အခွင့်ကောင်းယူပြီး ဈေးတင်မှာလား။”
ဗိုလ်ချုပ်ဂယ်လူးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
လော့လင်တန်၏ မျက်မှောင်များမှာလည်း ပို၍ပင် ကြုတ်သွားတော့သည်။
အကယ်၍ သူသာ ထိုနေရာတွင်ဆိုလျှင်လည်း ပိုမိုကြီးမားသော အကျိုးအမြတ်ကို ရှာဖွေမိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့မှာ အကျွမ်းတဝင်ရှိသူများသာ ဖြစ်ပြီး အရင်းနှီးကြီး မဟုတ်ကြပေ။
“သူ အဲ့ဒီလို လုပ်မှာမဟုတ်ဘူး။”
လော့ရယ်က ရုတ်တရက် ဝင်ပြောလိုက်သည်။
“မဟာမိတ်ခေါင်းဆောင် ရှောင်းက တခြားသူတွေရဲ့ ဒုက္ခအပေါ်မှာ အခွင့်ကောင်းယူမယ့် လူမျိုးမဟုတ်ဘူးလို့ ကျွန်မ ယုံကြည်တယ်။”
လော့လင်တန်က ခေါင်းခါလိုက်သည်။
“မင်းက သူ့ကို သိတာ နှစ်ရက်ပဲ ရှိသေးပြီး နှစ်ခါပဲ တွေ့ဖူးတာ။ မင်းရဲ့ ယုံကြည်မှုက သူ့ကို ရနိုင်တဲ့ အကျိုးအမြတ်တွေ စွန့်လွှတ်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။”
လော့ရယ်က ထပ်ပြီး ငြင်းခုံရန် ပြင်စဉ်မှာပင် ဖုန်းမြည်လာခဲ့သည်။ လော့ရယ်က ချက်ချင်း ဖုန်းကိုင်လိုက်ပြီး မေးလိုက်သည်
“ဘယ်လို ဖြစ်သွားပြီလဲ။”
လန်ယုံက ပြုံးလိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်းက သဘောတူလိုက်ပြီ။ အဲ့ဒါကြောင့် စိတ်အေးအေးထားလို့ ရပါပြီ။”
“ခေါင်းဆောင်ရှောင်းဘက်က တခြား တောင်းဆိုချက်တွေရော ရှိသေးလား။”
လော့လင်တန်က သွယ်ဝိုက်သောနည်းဖြင့် စူးစမ်းမေးမြန်းလိုက်သည်။
လန်ယုံ ခေတ္တမျှ မှင်တက်သွားသော်လည်း လော့လင်တန်၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွား၏။
“ခေါင်းဆောင်ရှောင်းက သစ္စာတရားကို တန်ဖိုးထားတဲ့လူပါ။ သူ ဘာတောင်းဆိုချက်မှ ထပ်မလုပ်ခဲ့ဘူး။”
လော့လင်တန်က သက်ပြင်းအရှည်ကြီး တစ်ချက်ကို စိတ်သက်သာရာရစွာ ချလိုက်မိသည်။
“ဒါ့အပြင် ခေါင်းဆောင်ရှောင်းက လူလွှတ်ပြီး အကူအညီပေးပါလိမ့်မယ်။ သူလွှတ်လိုက်တဲ့ လူတွေကို အပြည့်အဝ ပူးပေါင်းပေးတာက ခင်ဗျားတို့အတွက် အကောင်းဆုံးပဲ။ အဲ့ဒါဆိုရင် ခင်ဗျားတို့ မိသားစုက ကောင်းကင်မိုးကြိုးမင်းဆက်ကို ကျိန်းသေပေါက် ပြန်လည် ထိန်းချုပ်နိုင်လိမ့်မယ်။ ဘယ်သူ သိမှာလဲ... ဒီကိစ္စကြောင့် ခင်ဗျားတို့ အမြင့်ဆုံးကိုတောင် ပျံသန်းနိုင်သွားဦးမလားဆိုတာ။”
လန်ယုံက သတိပေးလိုက်သည်။
ဖုန်းနားထောင်နေသည့် လော့လင်တန်နှင့် အခြားနှစ်ဦးမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြပြီး လန်ယုံ၏ စကားကို အနည်းငယ် ဝေခွဲမရ ဖြစ်သွားကြတော့သည်။
ထိုအချိန်တွင် အပြင်ဘက်မှ ကိုယ်ရံတော်တစ်ဦးက အော်ဟစ်သတင်းပို့သည်။
“အရှင်မင်းကြီးနဲ့ ဗိုလ်ချုပ်တို့ကို အစီရင်ခံပါတယ်။ ကျုပ်တို့ တောင့်မခံနိုင်တော့ပါဘူး။ ကျန့်မုမိသားစုက အသေခံ တိုက်ခိုက်တဲ့ ပုံစံမျိုးနဲ့ တိုးဝင်လာနေကြပါတယ်။”
အပြင်ဘက်မှ ကိုယ်ရံတော်၏ အော်ဟစ်သံကို ကြားသောအခါ လော့လင်တန်က ချက်ချင်းပင် မေးလိုက်သည်။
“အရှင်မင်းကြီးလန် ခင်ဗျားတို့ရဲ့ စစ်ကူတွေကရော...ဘယ်တော့ ရောက်မှာလဲ။”
လန်ယုံသည်လည်း အပြင်ဘက်မှ ကိုယ်ရံတော်၏ အသံကို ဖုန်းထဲမှ သဲ့သဲ့လေး ကြားလိုက်ရ၏။
“ခေါင်းဆောင်ရှောင်းက လူလွှတ်ပေးမယ်လို့ ပြောထားပါတယ်။ ပညာရှင်တွေရှေ့မှာ ကျုပ်က ဟန်ရေးလာပြပြီး အရှက်မကွဲချင်တော့ပါဘူး။”
ထိုစကားကို ကြားသောအခါ လော့လင်တန် မျက်မှောင်ကြုတ်သွားခဲ့လေသည်။
“အရှင်မင်းကြီးလန် ခင်ဗျား ဘာကို ဆိုလိုတာလဲ။ ခင်ဗျားတို့ စစ်ကူ မလွှတ်ပေးတော့ဘူးလို့ ပြောချင်တာလား။”
“အရှင်မင်းကြီး လော့လင်တန်။ ခင်ဗျား အထင်မှားနေပါပြီ။ ကျုပ်က စစ်ကူ မလွှတ်ချင်တာ မဟုတ်ပါဘူး။ စစ်ကူလွှတ်ဖို့ကို လုံးဝ မလိုတာပါ။ ယီရန်ပင်းမဟာမိတ်အဖွဲ့ စတင်လှုပ်ရှားလိုက်ပြီဆိုရင် ဘယ်လိုမိသားစုမျိုးပဲ ဖြစ်ဖြစ် ကျိန်းသေပေါက် ရှုံးနိမ့်သွားလိမ့်မယ်။”
လန်ယုံက ပြုံးကာ ပြန်ဖြေလိုက်လေသည်။
လော့လင်တန်၏ မျက်မှောင်များမှာ အတော်လေး ကြုတ်နေသော်လည်း ဘေးရှိ လော့ရယ်ကမူ မျက်လုံးများ တောက်ပသွားကာ တိုက်ရိုက်ပင် မေးလိုက်သည်။
“ကျွန်မတို့ဘက်က ဘာတွေလုပ်ပေးဖို့ လိုမလဲ။”
“ပထမဦးဆုံး ခင်ဗျားတို့ရဲ့ တည်နေရာကူးပြောက်းခြင်းအစီအရင်ရဲ့ တည်နေရာကို ခေါင်းဆောင်ရှောင်းဆီ ပို့လိုက်ပါ။ ဒါမှ သူက အဆင့်မြင့်လက်နက်တွေ သယ်လာဖို့ လူလွှတ်လို့ရလိမ့်မယ်။”
လန်ယုံက ပြန်ဖြေလိုက်သည်။
လော့ရယ်သည် ချက်ချင်းပင် ချတ်ဆော့ဖ်ဝဲလ်သို့ ပြောင်းလဲကာ သူတို့၏ တည်နေရာကို ရှောင်းယီထံ ပေးပို့လိုက်တော့သည်။
ထိုစဉ် လန်ယုံက အနည်းငယ် စဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။
“ကျုပ်စကားအပေါ် ခင်ဗျားတို့ သံသယရှိနေနိုင်တာကို ကျုပ်သိပါတယ်။ ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ။ ကျုပ်မှာလည်း အခုလောလောဆယ် ဘာအလုပ်မှ မရှိတာနဲ့ ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ တပ်ဖွဲ့ ဘယ်လိုတိုက်သလဲဆိုတာကို ကိုယ်တိုင်လာကြည့်မယ်လေ။”
လန်ယုံ ကိုယ်တိုင်လာမည်ဟု ကြားသောအခါ လော့လင်တန်က ချက်ချင်း ပြောလိုက်သည်။
“အရှင်မင်းကြီးလန် လာလည်မှာကို ကျုပ်တို့ ကြိုဆိုပါတယ်။”
နိုင်ငံတစ်ခု၏ အရှင်သခင် လာမည်ဖြစ်ရာ ကိုယ်ရံတော်များစွာ ပါလာမည်မှာ သေချာသဖြင့် ၎င်းကို နောက်ထပ် စစ်ကူအချို့အဖြစ် ယူဆနိုင်သည် မဟုတ်ပါလော။
ဖုန်းချပြီးနောက် ရှောင်းယီသည် လော့ရယ်ပို့ပေးလာသော တည်နေရာကို လက်ခံရရှိကာ ထိုအချက်အလက်ကို ကျန်းယွင်ထျန်းထံ တိုက်ရိုက် ပေးပို့လိုက်တော့သည်။
“အစ်ကိုကျန်း ဒါက ကောင်းကင်မိုးကြိုးမင်းဆက် နန်းတော်ထဲက တည်နေရာကူးပြောင်းခြင်းအစီအရင်ရဲ့ တည်နေရာပဲ။ တပ်ဖွဲ့တစ်ဖွဲ့နဲ့ ကာဘိုင်ရိုင်ဖယ် တစ်ထောင်လောက်ကို ယူပြီး စစ်ကူသွားပေးလိုက်ပါ။ ခဲယမ်းမီးကျောက်တွေလည်း အများကြီး ယူသွားဦး။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက လက်ခံလိုက်သည်။
ထို့နောက် သူသည် တပ်ဖွဲ့ကို လျင်မြန်စွာ စုစည်းပြီး အစီအရင်မှတစ်ဆင့် ကောင်းကင်မိုးကြိုးမင်းဆက်သို့ ကူးပြောင်းသွားတော့သည်။
ထိုအချိန်တွင် လန်ယုံသည် ထန်လော့နှင့် ကိုယ်ရံတော် ကိုးဦးကို ခေါ်ဆောင်ကာ ကောင်းကင်မိုးကြိုးမင်းဆက်၏ အစီအရင်ထဲမှ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။
“ကြိုဆိုပါတယ် အရှင်မင်းကြီးလန်။”
လော့လင်တန်သည် အစီအရင် အပြင်ဘက်၌ စောင့်ဆိုင်းနေပြီးသား ဖြစ်သည်။ လန်ယုံက လက်ယှက် နှုတ်ဆက်ကာ ပြောလိုက်သည်။
“အရှင်မင်းကြီးလော့လင်တန်က အရမ်း ယဉ်ကျေးလွန်းနေပါပြီ။”
သို့သော် လော့လင်တန်သည် လန်ယုံ၏ နောက်ဘက်ကို ကြည့်လိုက်ရာ နောက်ထပ် မည်သူမျှ ထွက်မလာသည်ကို သတိပြုမိသွားခဲ့သည်။ သူက သံသယဖြင့် မေးလိုက်သည်။
“ခင်ဗျား ဒီလူအနည်းငယ်ပဲ ခေါ်လာခဲ့တာလား။”
“ဒါပေါ့။ ကျုပ်က လာကြည့်ရုံသက်သက်ပဲဆိုတော့ လူအများကြီး မလိုပါဘူး။”
လန်ယုံက ပြုံးကာ ပြန်ဖြေလိုက်သည်။
လော့လင်တန်မှာ အနည်းငယ် စိတ်ပျက်သွားသော်လည်း နွေးထွေးစွာပင် ဖိတ်ခေါ်လိုက်သည်။
“ကောင်းပါပြီြီ... အထဲကို ဝင်ပြီး ထိုင်ကြရအောင်။”
သို့သော် လန်ယုံက လက်ဝေ့ယမ်းကာ ပြောလိုက်သည်။
“ဒီမှာပဲ ယီရန်ပင်းမဟာမိတ်အဖွဲ့ကို စောင့်ပြီး ကြိုဆိုကြရအောင်။”
လော့လင်တန်မှာ နောက်တစ်ကြိမ် ကြောင်အမ်းသွားပြန်၏။ လန်ယုံသည် နိုင်ငံတစ်ခု၏ အရှင်သခင်ဖြစ်ပါလျက်နှင့် မဟာမိတ်အဖွဲ့တစ်ခုကို ကိုယ်တိုင် ကြိုဆိုချင်နေသည်လော။ ၎င်းမှာ သူ၏ အဆင့်အတန်းနှင့် ယှဉ်လျှင် အောက်ကျနောက်ကျ မနိုင်လွန်းဘူးလော။
သို့သော် လန်ယုံက ထိုနေရာ၌ပင် ရပ်တန့်နေသဖြင့် သူလည်း ဘာမှ ထပ်မပြောတော့ဘဲ အတူတူ စောင့်နေလိုက်သည်။
မကြာမီမှာပင် အစီအရင်မှ အလင်းရောင်များ ထွက်ပေါ်လာပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားသော တပ်ဖွဲ့တစ်ဖွဲ့ ထွက်ပေါ်လာခဲ့သည်။ ဦးဆောင်လာသူမှာ ကျန်းယွင်ထျန်းပင် ဖြစ်သည်။
“နည်းပြကျန်းကိုယ်တိုင် ဦးဆောင်လာတာလား။”
လန်ယုံသည် ကျန်းယွင်ထျန်းကို မြင်သည်နှင့် လှိုက်လှိုက်လှဲလှဲ ဆီးကြိုနှုတ်ဆက်လိုက်၏။
“အို... အရှင်မင်းကြီးလန် ခင်ဗျား ဘာလို့ ဒီရောက်နေတာလဲ။”
ကျန်းယွင်ထျန်းမှာ လန်ယုံကို ဤနေရာ၌ တွေ့ရသဖြင့် အနည်းငယ် အံ့သြသွားခဲ့သည်။ လန်ယုံက ပြုံးလိုက်၏။
“ဒါပေါ့...ခင်ဗျားတို့ ယီရန်ပင်းမဟာမိတ်အဖွဲ့ ဘယ်လိုတိုက်လိုက်မလဲဆိုတာ လာကြည့်တာလေ။”
ထိုအခါ ကျန်းယွက်ထျန်းကလည်း ပြုံးလိုက်သည်။
“ဒီတိုက်ပွဲကတော့ ခင်ဗျားအတွက် ထူးထူးခြားခြား မြင်ရမှာ မဟုတ်လောက်ဘူး။ နောက်မှ အေးအေးဆေးဆေး စကားပြောကြတာပေါ့။ ဘယ်သူက အရှင်မင်းကြီးလော့လင်တန်လဲ။”
သူက မေးလိုက်သည်။ ထိုအခါ လော့လင်တန်က ချက်ချင်း ရှေ့တက်လာကာ ပြောလိုက်သည်။
“ကျုပ်ပါ...။”
“မင်္ဂလာပါ အရှင်မင်းကြီး။ ကျုပ်တို့က ကျွန်းပိုင်ရှင် မဟာမိတ်ခေါင်းဆောင်ရှောင်းရဲ့ အမိန့်အရ ခင်ဗျားတို့ကို စစ်ကူပေးဖို့ ရောက်လာတာပါ။ ကျုပ်တို့နဲ့အတူ ကာဘိုင်ရိုင်ဖယ် တစ်ထောင် ယူလာခဲ့ပါတယ်။ ဒါတွေကို ခင်ဗျားတို့ သုံးဖို့အတွက် ငှားပေးတာဖြစ်ပြီး တိုက်ပွဲပြီးရင်တော့ ကျုပ်တို့ ပြန်ယူသွားပါ့မယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ရပါတယ်၊ ပြဿနာမရှိပါဘူး။”
ဤအချိန်တွင် လော့လင်တန်မှာ အဆင့်မြင့်လက်နက်များကို ချက်ချင်း အသုံးပြုနိုင်ရန်သာ မျှော်လင့်နေခဲ့သည်။ ဝယ်တာဖြစ်ဖြစ်၊ ငှားတာဖြစ်ဖြစ် သူ အခုလောလောဆယ် ထည့်မစဉ်းစားအားတော့ပေ။