← Chapters

အခန်း (၁၀၅၁-၁၀၅၂)

Vol. 89 Ch. 1051-1052

အခန်း (၁၀၅၁-၁၀၅၂)

Vol. 89 Ch. 1051-1052

အခန်း ၁၀၅၁ - မဟာမိတ်အဖွဲ့၏ အင်အားနှင့် မုကျူး၏ ဆုံးဖြတ်ချက်

“အရှင်မင်းကြီး သဘောတူပြီဆိုရင် အရှင်မင်းကြီးလူတွေကို သေနတ်လာယူဖို့ လွှတ်လိုက်တော့။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ဒါတွေကို ဘယ်လိုသုံးရမလဲဆိုတာ တိုက်ပွဲထဲမှာပဲ ကျုပ်တို့ သင်ပေးမယ်။ သုံးရတာ အရမ်းလွယ်ပါတယ်။”

လော့လင်တန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် စစ်ဗိုလ်ချုပ် ဂယ်လူးကို လာယူဖို့ ချက်ချင်း အကြောင်းကြားခိုင်းလိုက်သည်။ စစ်ဗိုလ်ချုပ် ဂယ်လူးသည် တိုက်ပွဲ၏ ယမ်းငွေ့များကြားမှ အပြေးအလွှား ရောက်လာပြီး မေးလိုက်သည်။

“လက်နက်တွေ ဘယ်မှာလဲ။ အရှေ့ဘက်ခြမ်းက ပြိုလဲတော့မယ်။”

“ဒီမှာပဲ... အားလုံးကို ခွဲဝေသတ်မှတ်လိုက်ကြ။ ယီရန်ပင်း မဟာမိတ်အဖွဲ့... ငါ့နောက်လိုက်ခဲ့။”

ကျန်းယွင်ထျန်းက ချက်ချင်း အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

ယီရန်ပင်း မဟာမိတ်အဖွဲ့က တညီတညွတ်တည်း တုံ့ပြန်လိုက်သံမှာ ကောင်းကင်ယံတစ်ခုလုံး တုန်ဟည်းသွားတော့သည်။ ကျန်းယွင်ထျန်းသည် သူ၏အဖွဲ့ကို ဦးဆောင်ကာ နန်းတော်၏ အရှေ့ဘက် တံတိုင်းဆီသို့ ချက်ချင်း ပြေးထွက်သွားလိုက်တော့လေသည်။

ရှပ်...ရှပ်...ရှပ်

ကျန်းယွင်ထျန်း၏ အဖွဲ့သည် ခြေလှမ်း၊ ခြေလှမ်းအကွာအဝေးနှင့် အရှိန်အဟုန်တို့မှာ တစ်ထပ်တည်းကျနေပြီး အလွန်စနစ်တကျ ရှိလှသည်။ ကျန်းယွင်ထျန်း ခေါ်ဆောင်လာသည့် အဖွဲ့ကို ကြည့်ရင်း လန်ယုံက ဘေးမှ လော့လင်တန်ကို ပြောလိုက်သည်။

“ဘယ်လိုလဲ... တုန်လှုပ်စရာပဲ မဟုတ်လား။ တပ်ဖွဲ့တစ်ဖွဲ့ကို ဒီလောက်အထိ စနစ်တကျ ရှိအောင် လေ့ကျင့်ပေးနိုင်လိမ့်မယ်လို့ ကျုပ် တစ်ခါမှ မတွေးဖူးဘူး။”

“တကယ်ပဲ အင်မတန် စနစ်ကျလွန်းတယ်။ ဒါပေမဲ့ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကရော ဘယ်လိုရှိမလဲ။”

လော့လင်တန်က ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ သူတို့က အယောက် ၅၀ ပဲ ရှိတယ်။ တိုက်ခိုက်ရေးစွမ်းရည် ဘယ်လောက်ပဲ ကောင်းကောင်း သိပ်တော့ အပြောင်းအလဲ ရှိမှာမဟုတ်ဘူး။”

ထိုအခါ လန်ယုံက ခေါင်းခါပြပြီး ပြောလိုက်သည်။

“သွားကြစို့...။ အတူတူ သွားကြည့်ကြရအောင်။”

လော့လင်တန်သည် မငြင်းဆန်ဘဲ လန်ယုံနောက်မှ နန်းတော်အရှေ့ဘက်တံတိုင်းဆီသို့ လိုက်ပါသွားခဲ့သည်။

တစ်ဖက်တွင် သေနတ်များ ဖြန့်ဝေနေဆဲဖြစ်သော စစ်ဗိုလ်ချုပ် ဂယ်လူးသည် ခြောက်လုံးပြူးထက် ပိုရှည်ပြီး ပင်ဖိုင်းယားရိုင်ဖယ်ထက် ပိုတိုသည့် ထိုလက်နက်များကို ကြည့်ကာ စိတ်ထဲတွင် သံသယဝင်နေမိလေသည်။ ဤအရာများသည် အဆင့်မြင့်လက်နက်များ ဖြစ်သည်မှာ သေချာပါ၏လော။ ဤနန်းတော် ကာကွယ်ရေးတိုက်ပွဲ၏ အားနည်းချက်ကို အမှန်တကယ် ပြောင်းပြန်လှန်ပေးနိုင်ပါ့မည်လော။

မကြာမီ ကျန်းယွင်ထျန်းတို့ တပ်ဖွဲ့သည် အရှေ့ဘက်တံတိုင်းသို့ ရောက်ရှိသွားခဲ့သည်။ တံတိုင်းအောက်ရှိ လူအုပ်ကြီးကို ကြည့်ကာ ကျန်းယွင်ထျန်းက အေးစက်စွာ ပြောလိုက်သည်။

“အလွတ်သဘော ပစ်ခတ်ကြ။ သူတို့ရဲ့ အရှိန်ကို အရင်ချိုးပစ်။ တံခါးကို ဖြိုဖို့ပြင်နေတဲ့ စစ်သားတွေကို အဓိကထား ရှင်းပစ်ကြ။”

“ဟုတ်ကဲ့။”

အားလုံးက တုံ့ပြန်လိုက်သည်။

“စနိုက်ပါသမားတွေ... သူတို့ရဲ့ ခေါင်းဆောင်တွေကို ရွေးထုတ်ပစ်။”

ကျန်းယွင်ထျန်းက ဆက်လက် အော်ဟစ်ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့...”

စနိုက်ပါသမား နှစ်ဦးက တုံ့ပြန်ကာ ပစ်မှတ်ရှာရန် တံတိုင်းဘေးရှိ ကင်းမျှော်စင်ဆီသို့ အပြေးသွားလိုက်ကြသည်။

“ဒါက တိုက်ပွဲစစ်စစ်ပဲ။ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခဲ့သမျှ အကုန်ထုတ်သုံးကြ။ အခုမှ ထုတ်မသုံးရင် အဲ့ဒါတွေကို ငရဲမင်းဆီပဲ ယူသွားဖို့ ပြင်ထားကြတော့။”

ကျန်းယွင်ထျန်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့...။”

ဒိုင်း...ဒိုင်း...ဒိုင်း...

ကျန်းယွင်ထျန်း ခေါ်ဆောင်လာသည့် အဖွဲ့သည် ချက်ချင်း ပစ်ခတ်ကြတော့ရာ လှေကားများပေါ်သို့ ပြေးတက်လာသည့် ရန်သူ့စစ်တပ်မှာ ဖျာဆိပ်သလို တရစပ် ပြုတ်ကျကုန်တော့သည်။

နောက်မှ စောင့်ကြည့်နေသည့် လော့လင်တန်သည်လည်း မျက်လုံးပြူးသွားကာ ချက်ချင်းပင် မတ်တပ်ရပ်ထမိသွားတော့လေသည်။

“ဒါ ဘယ်လိုလက်နက်မျိုးလဲ။ ကျည်ဆန်တွေကို ဒီလောက်အများကြီး တရစပ် ဘယ်လို ပစ်နိုင်ရတာလဲ။”

လော့လင်တန်သည် စောစောက သူတို့တွင် လွယ်ထားသည့် ကာဘိုင်ရိုင်ဖယ်များကို မြင်ခဲ့သော်လည်း ဤမျှ တရစပ် ပစ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ကျုပ်တို့ အင်ပါယာတောင်မှ ဒါမျိုးကို ဝယ်ဖို့ အခွင့်အရေး မရှိဘူး။ ဒါကို ကာဘိုင်ရိုင်ဖယ်လို့ ခေါ်တယ်။ ဆီမီးအော်တိုမတ်တစ်လို့ ပြောကြတယ်။ ခလုတ်တစ်ခါဆွဲရင် တစ်ခါထွက်တယ်။ သူ့မှာ ကျည် ၄၀ ဆံ့ ကျည်အိမ် ပါဝင်ပြီး ကျည်အိမ်မကုန်မချင်း တရစပ် ပစ်လို့ရတယ်။”

လန်ယုံက စိတ်လှုပ်ရှားစွာဖြင့် မှတ်ချက်ပေးလိုက်သည်။

“မဟာမိတ်ခေါင်းဆောင် ရှောင်းက ဒီပုန်ကန်မှုကို ဖြေရှင်းဖို့ ဒီဟာတွေကိုတောင် ထုတ်ပေးတယ်ဆိုတော့ ခင်ဗျားတို့ မျက်နှာပန်း တော်တော်လှတာပဲ။”

ထိုသို့ပြောပြီးနောက် လန်ယုံသည် လော့လင်တန်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။ လော့လင်တန်သည် မျက်ခုံးအနည်းငယ် ပင့်မိသွားခဲ့သည်။ လန်ယုံ၏ စကားထဲမှ အဓိပ္ပာယ်ကို သူ သေချာပေါက် ကြားလိုက်ရသော်လည်း လော့ရယ်ကမူ ရှေ့တန်းတိုက်ပွဲကိုသာ အာရုံစိုက်နေသဖြင့် လန်ယုံ၏ ထိုစကားကို သတိမပြုမိခဲ့ပေ။

စစ်ဗိုလ်ချုပ် ဂယ်လူးသည် ကာဘိုင်ရိုင်ဖယ်များကို ဝေငှပြီးနောက် အရှေ့ဘက်တံတိုင်းသို့ ချက်ချင်း အပြေးအလွှား ရောက်ရှိလာတော့သည်။ သူတို့ ရောက်ရှိလာချိန်တွင် အရှေ့ဘက်ခြမ်းမှ တိုက်ခိုက်မှုမှာ လုံးဝ ချေမှုန်းခံထားရပြီးဖြစ်သည်။ စစ်ဗိုလ်ချုပ် ဂယ်လူးသည် တစ်ကီလိုမီတာကျော်အကွာသို့ ဆုတ်ခွာသွားပြီဖြစ်သော ကျန့်မုမိသားစု စစ်ကြောင်းကို ကြည့်ကာ မှင်သက်သွားပြီး အချိန်ခဏကြာသည်အထိ ကြောင်အသွားတော့သည်။

“ဒါ... ဒါက ဘယ်လိုဖြစ်သွားတာလဲ။”

စစ်ဗိုလ်ချုပ် ဂယ်လူး မမေးဘဲ မနေနိုင်တော့ပေ။ ထိုအခါ ကျန်းယွင်ထျန်းက တည့်တည့် လျှောက်လာပြီး ပြောလိုက်သည်။

“ခင်ဗျားလူတွေကို ဒီကိုခေါ်လိုက်ပါ။ ခင်ဗျားတို့ကို ကာဘိုင်ရိုင်ဖယ် ဘယ်လိုသုံးရမလဲဆိုတာ တစ်ခါတည်း သင်ပေးမယ်။”

“ဟုတ်ကဲ့”

စစ်ဗိုလ်ချုပ် ဂယ်လူးက ချက်ချင်း တုံ့ပြန်လိုက်ပြီး သေနတ်ရရှိထားသော စစ်သားအားလုံးကို စုစည်းလိုက်လေသည်။

ကျန်းယွင်ထျန်းက သူတို့ကို သေနတ်အသုံးပြုပုံ သင်ကြားပေးနေစဉ်မှာပင် မုကျူးထံသို့ အရှေ့ဘက်တံတိုင်းတွင် စစ်ရှုံးနိမ့်သွားသည့် သတင်း ရောက်ရှိသွားတော့သည်။

“ဘာ... ငါတို့မှာ လူအင်အား ဒီလောက်အသာစီးရနေတာတောင် ရှုံးသွားတယ် ဟုတ်လား။”

မုကျူးသည် ဤရလဒ်ကို လုံးဝ မယုံကြည်နိုင်ဖြစ်နေခဲ့လေသည်။

“သတင်းပို့ပါတယ် မိသားစုခေါင်းဆောင်၊ ရန်သူ့ဘက်က ပုံစံသစ်လက်နက်တွေ အများကြီးနဲ့ ရုတ်တရက် ပေါ်လာတာပါ။ အဲ့ဒါတွေက အချက်ပေါင်း ၃၀ ကျော် တရစပ် ပစ်နိုင်သလို ပစ်ခတ်အားကလည်း ခြောက်လုံးပြူးထက် ပိုဝေးပါတယ်။ ပင်ဖိုင်းယားရိုင်ဖယ်ထက်ပဲ အနည်းငယ် အားနည်းတာပါ။”

အရှေ့ဘက်ခြမ်း တာဝန်ခံက ထိတ်လန့်တုန်လှုပ်နေသော မျက်နှာထားဖြင့် အစီရင်ခံလိုက်သည်။

“ဘာ... အဲ့လိုလက်နက်မျိုး ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ။”

မုကျူး လန့်ဖျပ်ကာ ထရပ်မိသွား၏။

“ပိုပြီး ကြောက်ဖို့ကောင်းတာက ဘယ်ကမှန်းမသိတဲ့ စစ်တပ်တစ်ခုက တံတိုင်းပေါ်မှာ ရုတ်တရက် ပေါ်လာတာပါ။ သူတို့ရဲ့ ပစ်ခတ်မှုက အရမ်းတိကျတယ်။ ကျည်ဆန်တစ်တောင့်တိုင်းက ကျုပ်တို့ညီအစ်ကိုတစ်ယောက်စီရဲ့ အသက်ကို နှုတ်ယူသွားတာပဲ။”

တာဝန်ခံက ဆက်ပြောလိုက်သည်။

“ပြီးတော့ ကျုပ်တို့ရဲ့ တိုက်စစ်မှူးတွေကိုပဲ ရွေးပစ်နေတဲ့ စနိုက်ပါသမား နှစ်ယောက်လည်း ရှိသေးတယ်။ အခု အရှေ့ဘက်ခြမ်းက အခြေခံခေါင်းဆောင်မှု ယန္တရားတစ်ခုလုံး ပြိုလဲသွားပါပြီ။”

ထိုအခါ မုကျူးက မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။

“ဒီလော့ရယ်နဲ့ အဲ့ဒီ နိုင်ငံခြားသားနဲ့က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ။”

“တောက်... အဲ့ဒီခွေးမ လော့ရယ်က သူ့ရဲ့ဂုဏ်သိက္ခာကို ရောင်းစားလိုက်ပြီ ထင်တယ်။ သေစမ်း... ငါတောင် သူ့ရဲ့ အပျိုစင်ဘဝကို မရသေးဘူး။ အဲ့ဒီနိုင်ငံခြားသားက အချောင်နှိုက်သွားတာပေါ့။”

မုဝူကျိက နာနာကျင်ကျင် ပြောလိုက်သည်။

အမှန်စင်စစ် ကျန့်မုမိသားစု၏ မူလအစီအစဉ်မှာ လော့ရယ်ကို မုမိသားစုထဲသို့ အတင်းအကျပ် လက်ထပ်ခိုင်းရန်ဖြစ်ပြီး လော့မိသားစု၏ အမျိုးသားအမွေဆက်ခံသူအားလုံးကို ရှင်းလင်းရန်ဖြစ်သည်။ ထိုသို့ဆိုလျှင် ကောင်းကင်မိုးကြိုး မင်းဆက်သည် သူတို့၏ ကျန့်မုမိသားစုလက်ထဲသို့ အလိုလို ရောက်ရှိလာမည်ဖြစ်သည်။

သို့သော်လည်း ဝံပုလွေနီ ပင်လယ်ဓားပြများက ရော်ဂျာကို တိုက်ရိုက် မသတ်ပစ်ဘဲ ပြန်ပေးငွေတောင်းရန် အသုံးချချင်နေခဲ့သည်။ မုကျူးကို ပို၍ အံ့အားသင့်စေသည်မှာ အပြင်လူတစ်ယောက်က လမ်းခုလတ်တွင် ရုတ်တရက် ပေါ်လာကာ ရော်ဂျာကို ကယ်တင်ခဲ့ပြီး လော့ရယ်နှင့် အလွန်နီးကပ်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ယခုအခါ အခြေအနေမှာ လုံးဝ ထိန်းချုပ်မရအောင် ဖြစ်သွားပြီဖြစ်သည်။

“အဖေ အခု ကျုပ်တို့ ဘာလုပ်ကြမလဲ။”

မုဝူကျိက မေးလိုက်သည်။

မုကျူးက သက်ပြင်းရှည်ကြီးချကာ ပြန်ပြောလိုက်သည်။

“မြှားက လေးထဲကနေ ထွက်သွားပြီ။ နောက်ပြန်လှည့်လို့ မရတော့ဘူး။ ထီးနန်းကို လုယူဖို့ မျှော်လင့်ချက် မရှိတော့ဘူးဆိုရင် အကုန်ပျက်စီးသွားခိုင်းလိုက်တော့။”

“မိသားစုခေါင်းဆောင်... ခင်ဗျားက...”

ဘေးမှ စစ်ဗျူဟာမှူးမှာ မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။

“ဟုတ်တယ်...။”

မုကျူးက ပြန်ပြောလိုက်သည်။

“မသေမျိုးတပ်ဖွဲ့ကို အသင့်ပြင်လိုက်တော့။ နန်းတော်ထဲကို လေဟာနယ်တံခါး တည်နေရာပြ ကိရိယာတွေ ပစ်ချခိုင်းလိုက်။”

ထိုအခါ စစ်ဗျူဟာမှူးက တံတွေးကို ခက်ခက်ခဲခဲ မျိုချရင်း ပြောလိုက်သည်။

“မိသားစုခေါင်းဆောင်... ဒါကို လုပ်လိုက်ရင် နောက်ဆုတ်လို့ မရတော့ဘူးနော်။ ကောင်းကင်မိုးကြိုး မင်းဆက်လည်း တည်ရှိတော့မှာ မဟုတ်ဘူး။”

“ငါပြောတဲ့အတိုင်း လုပ်စမ်း။ ဝူကျိ... မင်း ခုချက်ချင်း မိသားစုဆီ ပြန်သွား။ ပစ္စည်းတွေ သိမ်းဆည်းပြီး အသစ်ဝယ်ထားတဲ့ သံချပ်ကာ စစ်သင်္ဘောပေါ် အကုန်တင်ပြီး အချိန်မရွေး ထွက်ခွာဖို့ အသင့်ပြင်ထားလိုက်တော့။”

မုကျူးက လေးနက်သော လေသံဖြင့် မှာကြားလိုက်သည်။

“ဟုတ်ကဲ့။”

မုဝူကျိသည် နန်းတော်တံတိုင်းကို နောက်ဆုံးအကြိမ် လှည့်ကြည့်ပြီးနောက် ထွက်ခွာသွားတော့သည်။ စစ်ဗျူဟာမှူးသည် အရာအားလုံးကို စီစဉ်ပြီးနောက် မုကျူးဘေးသို့ ပြန်လာကာ သတင်းပို့လိုက်သည်။

“မိသားစုခေါင်းဆောင်၊ စီစဉ်ပြီးပါပြီ။ ကျုပ်တို့ တပ်ဖွဲ့တွေကို ဆုတ်ခွာခိုင်းလိုက်ရတော့မလား။”

“ဆုတ်ရမယ် ဟုတ်လား။”

မုကျူးက ရက်စက်စွာ ပြောလိုက်သည်။

“မဟုတ်ဘူး။ ငါ နောက်ဆုံးတစ်ကြိမ် ထပ်ကြိုးစားကြည့်ချင်သေးတယ်။”

စစ်ဗျူဟာမှူးမှာ ခဏတာ ကြောင်အသွားပြီးနောက် မုကျူးကို နားမလည်နိုင်စွာ ကြည့်လိုက်မိသည်။ မုကျူးသည် တံတိုင်းပေါ်ရှိ စစ်သားများကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်၏။

“လေဟာနယ်တံခါး တည်နေရာပြ ကိရိယာတွေ နန်းတော်ထဲက မြေကွက်လပ်ပေါ်ကို ကျသွားတာနဲ့ တည်နေရာကူးပြောင်းခြင်း လေဟာနယ်တံခါးတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။ အဲ့ဒီကနေ မသေမျိုးမျိုးနွယ်တွေ စုပြုံထွက်လာမှာပဲ။ အဲ့ဒီကျရင် ငါတို့ တံတိုင်းကို သိမ်းပိုက်နိုင်ဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်သေးတယ်။”

အခန်း ၁၀၅၂ - မသေမျိုးမျိုးနွယ်၏ လေဟာနယ်တံခါး

မုကျူး၏ စကားကို ကြားလိုက်ရသောအခါ စစ်ဗျူဟာမှူးမှာ ခဏတာ မှင်သက်သွားသော်လည်း မိသားစုခေါင်းဆောင်၏ ဆိုလိုရင်းကို ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

“မိသားစုခေါင်းဆောင်... ဆိုလိုတာက ကျုပ်တို့သာ မြို့တံတိုင်းတွေကို သိမ်းပိုက်နိုင်ရင် အဲ့ဒီမသေမျိုးတွေကို နန်းတော်ထဲမှာတင် ပိတ်လှောင်ထားနိုင်မယ်လို့ ပြောတာလား။ ဒါဆိုရင် လော့မိသားစုကို ဖြုတ်ချနိုင်ရုံတင်မကဘဲ မသေမျိုးမျိုးနွယ်စုကိုပါ ထိန်းချုပ်နိုင်မှာပေါ့။”

စစ်ဗျူဟာမှူးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဟမ့်... ငါ့ရဲ့ ရည်ရွယ်ချက်က ကောင်းကင်မိုးကြိုး မင်းဆက်ကို ဖျက်ဆီးဖို့သက်သက်ပဲဆိုရင် လေဟာနယ်တံခါး တည်နေရာပြ ကိရိယာတွေကို နန်းတော်ထဲအထိ ပစ်ချနေစရာ အကြောင်းမရှိဘူး။”

မုကျူးက အေးစက်စွာ တုံ့ပြန်လိုက်သည်။

“မိသားစုခေါင်းဆောင်က တကယ်ကို ပညာရှိတာပဲ။”

စစ်ဗျူဟာမှူးက လက်မထောင်၍ ချီးကျူးလိုက်သည်။

မြို့တံတိုင်းပေါ်တွင်မူ စစ်ဗိုလ်ချုပ် ဂယ်လူး ဦးဆောင်သော လူတစ်ထောင်ခန့်မှာ ကာဘိုင်ရိုင်ဖယ် အသုံးပြုပုံကို အခြေခံအားဖြင့် တတ်မြောက်သွားကြပြီဖြစ်သည်။ ကာဘိုင်ရိုင်ဖယ်သည် အချက်ပေါင်း ၄၀ တရစပ် ပစ်ခတ်နိုင်ပြီး ပစ္စတိုထက် ပစ်ခတ်အား ပိုဝေးကြောင်း သိလိုက်ရချိန်တွင် အားလုံး အံ့အားသင့်သွားကြတော့သည်။

“အချက် ၄၀ တရစပ် ပစ်နိုင်တဲ့အပြင် အကွာအဝေးကလည်း ပိုဝေးတယ်...။ ဒါနဲ့ဆိုရင် ငါတို့ အနိုင်မရနိုင်စရာ အကြောင်းမရှိတော့ဘူး။”

“ဟုတ်တယ်။ ငါတို့မှာ ဒီလိုလက်နက်မျိုးသာ အစကတည်းက ရှိခဲ့ရင် ကျန့်မုမိသားစု ငါတို့တံတိုင်းရဲ့ မီတာ ၅၀၀ အနားကိုတောင် ကပ်ရဲမှာ မမဟုတ်ဘူး။”

“အစက စစ်ကူက အယောက် ၄၀၊ ၅၀ ပဲဆိုတော့ ငါတို့တော့ သွားပြီလို့ ထင်နေတာ။ ဒီလောက်ထိ စစ်ကူအများကြီး မလိုဘူးဆိုတာ ခုမှပဲ သိတော့တယ်။ ဒီလက်နက်သာရှိရင် စစ်ကူတောင် ထပ်မလိုတော့ဘူး။”

ကောင်းကင်မိုးကြိုး မင်းဆက်၏ ကိုယ်ရံတော်တပ်သားများမှာ စိတ်လှုပ်ရှားစွာဖြင့် တီးတိုး ပြောဆိုနေကြသည်။

“ကောင်းပြီ... အားလုံးပဲ လက်နက်နဲ့ ခဲယမ်းတွေကို ယူပြီး မြို့တံတိုင်း လေးဘက်စလုံးမှာ အချိုးကျ ခွဲဝေနေရာယူကြ။”

စစ်ဗိုလ်ချုပ် ဂယ်လူးက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့....”

စစ်သားများက တုံ့ပြန်ပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နည်းပြကျန်း။”

စစ်ဗိုလ်ချုပ် ဂယ်လူးက သူ၏ ညာလက်သီးကို ရင်ဘတ်ပေါ်တင်၍ ကျန်းယွင်ထျန်းကို အလေးပြုလိုက်သည်။

ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြလိုက်၏။

“ရပါတယ်။ ဒါက ကျုပ်ရဲ့ တာဝန်ပါပဲ။”

ကျန့်မုမိသားစု၏ တပ်ဖွဲ့များကို ပြန်လည် မောင်းထုတ်နိုင်ခဲ့သည်ကို မြင်ရသောအခါ လော့လင်တန် စိတ်သက်သာရာ ရသွားတော့သည်။

“တွေ့တယ်မလား။ မဟာမိတ်ခေါင်းဆောင် ရှောင်းသာ ပါဝင်လာရင် ကျုပ်ဘက်က စစ်ကူတွေ မလိုတော့ဘူးလို့ ကျုပ်ဘာလို့ ပြောတာလဲဆိုတာ ခင်ဗျား အခု သိပြီမလား။”

လန်ယုံက ပြုံးကာ ပြောလိုက်သည်။ လော့လင်တန်က အလွန်အမင်း သဘောတူသည့်အလား ခေင်းညိတ်ပြလိုက်သည်။

လူအများစုက ယီရန်ပင်း မဟာမိတ်အဖွဲ့သည် အဆင့်မြင့်လက်နက်များ ကိုင်ဆောင်ထားသောကြောင့် ကျန့်မုမိသားစု၏ တိုက်ခိုက်မှုကို အလွယ်တကူ ချေမှုန်းနိုင်သည်ဟု ထင်ကြသော်လည်း လော့လင်တန်၏ အမြင်မှာမူ ထိုသို့ မဟုတ်ပေ။

ပထမအချက်မှာ ယီရန်ပင်း မဟာမိတ်စစ်သားများ၏ ပစ်ခတ်မှုမှာ အလွန်တိကျလှသည်။ စနိုက်ပါသမား နှစ်ယောက်မှာ ပြောနေစရာပင် မလို၊ တစ်ချက်ပစ် တစ်ယောက်သေပင် ဖြစ်သည်။ သာမန် ကာဘိုင်ရိုင်ဖယ်ကိုင်ထားသည့် စစ်သားများပင်လျှင် တစ်ချက်ချင်းစီတိုင်း ပစ်မှတ်ကို ထိမှန်နေခြင်းဖြစ်သည်။ အနည်းဆုံး လော့လင်တန် စောင့်ကြည့်ခဲ့သမျှ လူတိုင်းမှာ ပစ်မှတ်ကို လွဲချော်ခြင်း မရှိကြချေ။

ဒုတိယအချက်မှာ ယီရန်ပင်း စစ်သားများ၏ စစ်ဗျူဟာပိုင်း စည်းကမ်းလိုက်နာမှုမှာ အလွန်မြင့်မားသည်။ သာမန်စစ်သားတစ်ယောက်ပင်လျှင် ရန်သူ၏ မည်သည့်နေရာကို အဓိကထား တိုက်ခိုက်ရမည်ကို သိရှိပြီး မိမိကိုယ်ကိုယ် ကာကွယ်ရာတွင်လည်း အလွန်ကျွမ်းကျင်ကြသည်။

သူ၏ကိုယ်ပိုင် ကိုယ်ရံတော်အများအပြားမှာ ဒဏ်ရာရခြင်း သို့မဟုတ် ကျည်ဆန်ထိမှန်ခြင်းများ ရှိသော်လည်း စောစောက တိုက်ပွဲတွင် ယီရန်ပင်း မဟာမိတ်အဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ ဒဏ်ရာမရခဲ့ပေ။ အခြစ်အရာလေးတောင် မရှိခဲ့ချေ။

နောက်ဆုံးအချက်အနေဖြင့် ဤစစ်သားများ၏ ရုပ်ခန္ဓာ ကြံ့ခိုင်မှုမှာ သူ၏ ကိုယ်ရံတော်များထက် သာလွန်နေသည်မှာ သေချာပေသည်။ သူတို့၏ ခွန်အားနှင့် တုံ့ပြန်မှုနှုန်းမှာ ကိုယ်ရံတော်များထက် များစွာ သာလွန်နေပေသည်။ ထိုသို့ နှိုင်းယှဉ်ကြည့်လိုက်သောအခါ လော့လင်တန်သည် သူ၏ ကိုယ်ရံတော်များမှာ အပျော်တမ်းအဆင့်မျှသာ ရှိသေးသည်ဟု ခံစားလိုက်ရသည်။

ကျန့်မုမိသားစု၏ ထိုးစစ်မှာ နာရီဝက်ခန့် ငြိမ်သက်သွားသော်လည်း ထို့နောက်တွင် သူတို့ ထပ်မံ တိုက်ခိုက်လာကြပြန်သည်။

“ဟမ့်... သေတွင်းထဲကို တိုးဝင်လာဖို့ သတ္တိရှိသေးတာပဲ။”

စစ်ဗိုလ်ချုပ် ဂယ်လူးက လှောင်ပြောင်လိုက်သည်။

“ချက်ချင်း ပစ်ခတ်ကြ။”

“ဟုတ်ကဲ့။”

လူအုပ်ကြီးက တုံ့ပြန်လိုက်သည်။

ထို့နောက် ကာဘိုင်ရိုင်ဖယ်များ ရရှိထားသော ကိုယ်ရံတော်များသည် ပြေးတက်လာသော ကျန့်မုမိသားစု စစ်သားများကို ချက်ချင်း ပစ်ခတ်ကြတော့သည်။

ဒိုင်း ဒိုင်း ဒိုင်း

ပစ်ခတ်မှုများ စတင်လိုက်သည်နှင့်အမျှ လော့လင်တန်မှာ နှုတ်ခမ်းများပင် တွန့်လိမ်သွားတော့သည်။ နှိုင်းယှဉ်ကြည့်လိုက်သောအခါ စိတ်ပျက်စရာပင် ကောင်းလှသည်။ သူ၏ ကိုယ်ရံတော်များ၏ တိကျမှုမှာ ယီရန်ပင်းအဖွဲ့နှင့် ယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေလေသည်။ သူတို့၏ ပစ်ခတ်မှုမှာ တိကျမှုအားနည်းသော်လည်း ရန်သူကို ထိမှန်သရွေ့ ရန်သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အထိုက်အလျောက် ကျဆင်းစေသည်မှာတော့ အမှန်ပင်။

တစ်ချိန်တည်းမှာပင် ဒဏ်ရာရရှိသော်လည်း မသေသေးသည့် ရန်သူများသည် ရန်သူ့တပ်သားများ၏ စိတ်ဓာတ်ကိုပါ ထိခိုက်စေနိုင်ရာ ၎င်းမှာ မမျှော်လင့်ထားသည့် အပိုဆုလာဘ်တစ်ခုပင်ဖြစ်သည်။

ကျန့်မုမိသားစု စစ်သားများသည် ဒိုင်းအမျိုးမျိုးကို ကိုင်ဆောင်ကာ မြို့တံတိုင်းဆီသို့ ဆက်လက် တိုးကပ်လာကြသည်။ ပစ်မှတ်ကို ရှင်းရှင်းလင်းလင်း မမြင်ရတော့သည်ကို တွေ့သောအခါ တံတိုင်းပေါ်ရှိ ကိုယ်ရံတော်များသည် လက်ပစ်ဗုံးများကိုသာ တရစပ် ပစ်ချလိုက်ကြတော့သည်။

ဒိုင်းများသည် ကျည်ဆန်ကို ကာကွယ်နိုင်သော်လည်း လက်ပစ်ဗုံး၏ ဒဏ်ကိုမူ မတားဆီးနိုင်ကြချေ။

ဘုန်း ဘုန်း ဘုန်း

ကျန့်မုမိသားစု၏ စစ်သားများမှာ အုပ်စုလိုက်ကြီး လွင့်စင်ပျက်စီးသွားတော့သည်။ ရှေ့သို့တိုးလျှင် သေမည်မှန်းသိသော်လည်း သူတို့သည် မဆင်မခြင် ဆက်လက် ပြေးဝင်လာကြဆဲပင်။ မြို့တံတိုင်းနှင့် မီတာနှစ်ရာခန့်အကွာသို့ ရောက်ရှိချိန်တွင် ထိုဒိုင်းများမှာ ရုတ်တရက် ပွင့်ထွက်သွားပြီး ၎င်းအောက်တွင် ပုန်းအောင်းနေသော စစ်သားများသည် လေးများကို ဆွဲထုတ်ကာ မြားများဖြင့် တရစပ် ပစ်ခတ်ကြတော့သည်။

ထိုလုပ်ရပ်ကြောင့် တံတိုင်းပေါ်ရှိ ကိုယ်ရံတော်များမှာ ကြောင်အသွားကြ၏။ သူတို့သည် သေနတ်များဖြင့်ပင် မယှဉ်နိုင်ဘဲနှင့် လက်နက်အေးများကို ပြောင်းသုံးနေကြသည်မှာ ရယ်စရာပင် မကောင်းပါလော။ ရန်သူ၏ လုပ်ရပ်မှာ ရယ်စရာဟု ထင်ရသော်လည်း တံတိုင်းပေါ်ရှိ ကိုယ်ရံတော်များသည် လက်တွန့်မနေဘဲ မြားပစ်သမားများကို တိုက်ရိုက် ပစ်ခတ်ချေမှုန်းလိုက်ကြသည်။

ဒိုင်း ဒိုင်း ဒိုင်း

ကျန့်မုမိသားစု စစ်သားများသည် ရိတ်သိမ်းခံရသည့် ဂျုံပင်များကဲ့သို့ တပြိုင်နက်တည်း လဲကျကုန်ကြသည်။

“ဒီကျန့်မုမိသားစုဝင်တွေ ရူးနေတာလား။ မြားတွေနဲ့ ငါတို့တံတိုင်းကို ဖောက်ထွက်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား။”

“ပြဿနာက သူတို့လေးတွေမှာ ပစ်မှတ်ချိန်ကိရိယာ တပ်ဖို့ မေ့နေပုံရတာပဲ။”

“ဟုတ်တယ်။ မြားတွေက ငါတို့ခေါင်းပေါ်ကနေ နန်းတော်ထဲကိုပဲ အကုန် ပျံဝင်ကုန်တာ။”

တံတိုင်းပေါ်ရှိ ကိုယ်ရံတော်များက အချင်းချင်း ဝေဖန်နေကြသည်။ စစ်ဗိုလ်ချုပ် ဂယ်လူးသည် မကြာမီမှာပင် လက်အောက်ငယ်သားထံမှ သတင်းကို ရရှိသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“သူတို့ ဒီလိုလုပ်တာ ရည်ရွယ်ချက် တစ်ခုခုတော့ ရှိရမယ်။ နန်းတော်ထဲ ကျသွားတဲ့ မြားတွေမှာ တခြားတစ်ခုခု ပါလာသလားဆိုတာ သတိထားကြည့်ကြစမ်း။”

“ဟုတ်ကဲ့ သူတို့မြားတွေက နန်းတော်ထဲက မြေကွက်လပ်တစ်ခုပေါ်ကို အကုန် ကျကုန်တာပါ။ ကျုပ်တို့ ချက်ချင်း သွားစစ်ဆေးလိုက်ပါမယ်။”

ကျန်းယွင်ထျန်းလည်း အခြေအနေကို သိရှိသွားခဲ့သည်။ ရန်သူ ဘာကြောင့် ဤသို့လုပ်သည်ကို သူ လုံးဝ စဉ်းစားမရသော်လည်း ထိုမြားများတွင် တစ်ခုခု မှားယွင်းနေသည်ဟု သူ၏ ဗီဇက အချက်ပေးနေခဲ့သည်။

“စစ်ဗိုလ်ချုပ် ဂယ်လူး၊ မြို့တံတိုင်းကို ခင်ဗျားပဲ တာဝန်ယူလိုက်ပါ။ ကျုပ် တပ်ဖွဲ့ကို ခေါ်ပြီး အဲ့ဒီမြေကွက်လပ်က အခြေအနေကို သွားစစ်လိုက်ဦးမယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် နည်းပြကျန်း။”

စစ်ဗိုလ်ချုပ် ဂယ်လူးက ကျန်းယွင်ထျန်းကို အားမနာတမ်းပင် တာဝန်ပေးလိုက်တော့သည်။

ကျန်းယွင်ထျန်းသည် သူ၏တပ်ဖွဲ့ကို ဦးဆောင်ကာ မြေကွက်လပ်ဆီသို့ ပြေးသွားလိုက်၏။ သူတို့ မရောက်ခင်မှာပင် မြေကွက်လပ်တွင် ရုန်းရင်းဆန်ခတ် ဖြစ်သံများ ထွက်ပေါ်လာတော့သည်။

“ကယ်ကြပါဦး... မသေမျိုးတွေ... မသေမျိုးမျိုးနွယ်တွေ နန်းတော်ထဲကို ကျူးကျော်ဝင်ရောက်လာပြီ။”

“မသေမျိုးတွေက ဒီကို ဘယ်လိုရောက်လာတာလဲ။”

“လွတ်အောင်ပြေးကြ... သူတို့က အရမ်းများလွန်းတယ်။”

ရှေ့မှ အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် ကျန်းယွင်ထျန်း၏ စိတ်ထဲ၌ လေးလံသွားခဲ့သည်။ သူတို့သည် ဘုရင်တစ်ပါး၏ ပုန်ကန်မှုကို နှိမ်နင်းပေးရန်သာ လာခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ မသေမျိုးမျိုးနွယ်စုနှင့်ပါ ထိပ်တိုက်တွေ့နေရပြီ မဟုတ်ပါလော။

မကြာမီ ကျန်းယွင်ထျန်းနှင့် သူ၏လူများ မြေကွက်လပ် အနီးအနားသို့ ရောက်ရှိသွားခဲ့ကြလေသည်။ မျက်စိတစ်ဆုံး မြင်ရသမျှမှာ ရွံရှာဖွယ်ကောင်းသော ဇွန်ဘီးများပင် ဖြစ်တော့သည်။

“အခုချက်ချင်း ဒီနေရာမှာ ကာကွယ်ရေးစနစ် တည်ဆောက်ကြ။”

ကျန်းယွင်ထျန်းက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

ထို့နောက် ကျန်းယွင်ထျန်းသည် လေဟာနယ်တံခါးကို ကြည့်ရင်း ရှောင်ယီထံသို့ ဖုန်းခေါ်လိုက်တော့သည်။

“ကျွန်းပိုင်ရှင်၊ ကောင်းကင်မိုးကြိုး မင်းဆက်ရဲ့ နန်းတော်ထဲမှာ မသေမျိုးမျိုးနွယ်ရဲ့ လေဟာနယ်တံခါးတစ်ခု ဖြစ်ပေါ်နေပါတယ်။ လေဟာနယ်တံခါးထဲကနေ ဇွန်ဘီးတွေ ထွက်လာနေပြီ။”

ထိုဖုန်းလက်ခံရရှိသောအခါ ရှောင်းယီသည် ခဏတာ မှင်သက်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“အဲ့ဒါက ရုတ်တရက်ကြီး ပေါ်လာတာလား။”

“မဟုတ်ဘူး။ ကျန့်မုမိသားစုက နန်းတော်ထဲကို မြားတွေနဲ့ ပစ်လိုက်ပြီးတဲ့နောက်မှ ပေါ်လာတာ။”

ကျန်းယွင်ထျန်းက လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်သည်။

“ဒီကျန့်မုမိသားစုက မသေမျိုးမျိုးနွယ်တွေနဲ့ ပူးပေါင်းနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒါဆိုရင်တော့ သူတို့ကို အကုန် အမြစ်ပြတ် ရှင်းပစ်ရမှာပဲ။”

ရှောင်းယီက ဆိုသည်။

“ငါ မင်းတို့ဆီကို တပ်ဖွဲ့တွေ ထပ်လွှတ်ပေးဖို့ လိုသေးလား။”

“သေချာပေါက် လိုတာပေါ့။ အခု နန်းတော်ထဲမှာ ဇွန်ဘီးတွေ ပေါ်နေပြီဆိုတော့ အပြင်က ကျန့်မုမိသားစုကလည်း အခွင့်ကောင်းယူပြီး တိုက်ခိုက်လာမှာပဲ။ ငါတို့ လူအင်အား မလုံလောက်တော့ဘူး။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။

“ကောင်းပြီ ငါ နားလည်ပြီ။ ငါ ခုချက်ချင်းပဲ တပ်ဖွဲ့တွေ ထပ်လွှတ်ပေးလိုက်မယ်။”

ရှောင်းယီက ပြောလိုက်သည်။

All Chapters