အခန်း (၁၀၅၃-၁၀၅၄)
Vol. 89 Ch. 1053-1054
အခန်း ၁၀၅၃ - စစ်ကူများရောက်ရှိလာခြင်း၊ လက်နက်သစ် - အပေါ့စား စက်သေနတ်
ဖုန်းချပြီးသည်နှင့် ရှောင်းယီသည် ကျန်းယွင်ထျန်းကို ကူညီရန် စစ်သည်တစ်ထောင် စီစဉ်ပေးဖို့ ကျန်းရွှဲ့ထံသို့ ချက်ချင်း မက်ဆေ့ဂျ်ပို့လိုက်သည်။
ထို့နောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့သွားကာ နံနက်ပိုင်း လက်မှတ်ထိုးဝင်ရောက်စဉ်က ရရှိခဲ့သည့် အပေါ့စား စက်သေနတ် ပုံစံခွက်ကို ထုတ်ယူလိုက်သည်။ စက်သေနတ်အပေါ့စား အလက်နှစ်ဆယ်ကို ထုတ်လုပ် ထုပ်ပိုးပြီးနောက် ရှောင်းယီသည် ထိုစက်သေနတ်များကို ယူဆောင်ကာ တည်နေရာကူးပြောင်းခြင်း အစီအရင်ဆီသို့ ဦးတည်သွားတော့သည်။
ထိုအချိန်တွင် ကောင်းကင်မိုးကြိုးအင်ပါယာ၏ နန်းတော်အတွင်း၌ ပရမ်းပတာ ဖြစ်နေချေပြီ။ အပြင်ဘက်ရှိ ကျန့်မု မိသားစုကိုပင် မတွန်းလှန်နိုင်သေးမီ နန်းတော်အတွင်း၌ပါ မသေမျိုးမျိုးနွယ်စုများ ပေါ်လာခြင်းဖြစ်ရာ ‘မိုးယိုသည့်အိမ်တွင် ပက်လက်ကုတင်ပေါ် လေဖြတ်သည့်ကိန်း’ ဆိုက်နေတော့သည်။
“ဘာလို့ ငါတို့နန်းတော်ထဲမှာ မသေမျိုးတွေ ပေါ်လာရတာလဲ။”
လော့လင်တန်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“အရှင်မင်းကြီး... ဒါ ကျန့်မုမိသားစုရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။”
စစ်သေနာပတိ ဂယ်လူးက ချက်ချင်း ပြန်ဖြေလိုက်သည်။
“ကျန့်မုမိသားစုက တကယ်ပဲ မသေမျိုးတွေနဲ့ ပူးပေါင်းနေတာပဲ။ အံ့သြစရာမရှိတော့ဘူး...။ ငါ အရင်က ပတ်ဝန်းကျင် အင်အားစု တော်တော်များများကို စုံစမ်းကြည့်ခဲ့တုန်းက သူတို့နဲ့ ဆက်သွယ်ထားတဲ့ မဟာမိတ်ကို ရှာမတွေ့ခဲ့တာ ဒါကြောင့်ကိုး။”
လော့လင်တန် တစ်ယောက် အမှန်တရားကို သဘောပေါက်သွားခဲ့သည်။
“အရှင်မင်းကြီး... အခု ကျွန်တော်မျိုးတို့ ဘာလုပ်ကြမလဲ။”
ဂရိုးက စိုးရိမ်တကြီး မေးလိုက်သည်။
“အပြင်က ကျန့်မုမိသားစုကလည်း ဒီအခွင့်အရေးကို အသုံးချပြီး ကျွန်တော်မျိုးတို့ကို တိုက်ခိုက်လာမှာ အသေအချာပဲ။”
လော့လင်တန်သည် အနီးအနားရှိ လန်ယုံကိုသာ ကြည့်ပြီး ပြောနိုင်တော့သည်။
“အရှင်မင်းကြီးလန်... ခင်ဗျားတို့ရဲ့ အကူအညီကို ကျုပ် ထပ်ပြီး လိုအပ်နေပြန်ပြီ။”
သို့သော် လူတိုင်း အံ့အားသင့်သွားရသည်မှာ လန်ယုံက ပြုံးကာ ပြန်ပြောလိုက်ခြင်းပင်။
“မဟာမိတ်ခေါင်းဆောင် ရှောင်းရဲ့ တပ်ဖွဲ့တွေ ဒီမှာရှိနေတာပဲ။ ကျုပ်တို့ကို မလိုပါဘူး။ စိတ်မပူပါနဲ့... ခေါင်းဆောင်ရှောင်းက တပ်ဖွဲ့တစ်ဖွဲ့ကို လွှတ်ဖို့ စီစဉ်ပြီးလောက်ပြီလို့ ကျုပ် ယုံကြည်တယ်။”
လော့လင်တန်သည် စိတ်ပျက်အားလျော့စွာ ခံစားလိုက်ရ၏။
‘ဒီလန်ယုံက ရှောင်းယီအပေါ် ဘာလို့ ဒီလောက်တောင် ယုံကြည်မှုလွန်ကဲနေရတာလဲ။’
ထိုစဉ် အနီးတွင် ရပ်နေသော ဂရိုးက ဝင်ပြောလိုက်သည်။
“ယီရန်ပင်းမဟာမိတ် ရောက်လာတဲ့အချိန်ကျရင် ငါတို့နန်းတော်က အသိမ်းခံရပြီးလောက်ပြီ။”
ထိုစဉ် အစောင့်တစ်ဦး ပြေးဝင်လာပြီး သတင်းပို့လာခဲ့လေသည်။
“အရှင်မင်းကြီး... ယီရန်ပင်းမဟာမိတ်က နောက်ထပ် စစ်သည်တစ်ထောင် ထပ်ရောက်လာပါတယ်။ သူတို့က မသေမျိုးတွေရဲ့ လေဟာနယ်တံခါးကို ရှင်းလင်းဖို့ လာတာလို့ ပြောပါတယ်။ သူတို့ကို ဝင်ခွင့်ပေးရမလား။”
“မြန်လှချည်လား။ အခုချက်ချင်း သူတို့ကို ဝင်ခွင့်ပေးလိုက်။”
လော့လင်တန်က ချက်ချင်း အမိန့်ပေးလိုက်သည်။
ရောက်ရှိလာသော စစ်ကူတပ်ဖွဲ့သည် ကျန်းယွင်ထျန်း၏ ညွှန်ကြားချက်အတိုင်း မသေမျိုးလေဟာနယ်တံခါးရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်ကြသည်။ သို့သော် ထိုအချိန်တွင် မသေမျိုးများသည် နန်းတော်၏ လေးပုံတစ်ပုံခန့်ကို သိမ်းပိုက်ထားပြီးဖြစ်၏။ ကျန်းယွင်ထျန်းနှင့် သူ၏တပ်ဖွဲ့တွင် လူ ၄၀၊ ၅၀ ခန့်သာ ရှိရာ အဆုံးမရှိသော အလောင်းကောင်လှိုင်းလုံးကြီးကို တားဆီးရန် ခက်ခဲနေခဲ့သည်။
နန်းတော်အစောင့် အများအပြားကိုလည်း မြို့ရိုးပေါ်မှ ဆင်းလာခိုင်းရပြီး ထိုသူများ၏ အကူအညီဖြင့်သာ ဇွန်ဘီးများကို မနည်း ထိန်းထားနိုင်ခြင်းဖြစ်သည်။ ယီရန်ပင်းမဟာမိတ် စစ်သည်တစ်ထောင် ရောက်ရှိလာခြင်းကြောင့် အခြေအနေမှာ အနည်းငယ် တည်ငြိမ်သွားသော်လည်း လေဟာနယ်တံခါးထဲမှ ဇွန်ဘီးများမှာလည်း အဆက်မပြတ် ထွက်ပေါ်လာနေဆဲပင်။
“ငါတို့ ဒီမိစ္ဆာကောင်တွေကို လေဟာနယ်တံခါးထဲ ပြန်ပြီးတွန်းပို့နိုင်မှ ဖြစ်မယ်။”
ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
သို့သော် လက်ရှိ ပစ်ခတ်အားဖြင့် ဇွန်ဘီးများကို နောက်ပြန်ဆုတ်သွားအောင် လုပ်ရန် အလွန်ခက်ခဲနေလေသည်။ နန်းတော်အတွင်းတွင် အဆောက်အဦး များလွန်းသဖြင့် အမြောက်များကိုလည်း ထိရောက်စွာ အသုံးမပြုနိုင်ပေ။
ထိုစဉ် နန်းတော်ကို ဝိုင်းရံထားသော ကျန့်မုမိသားစုသည်လည်း စတင်လှုပ်ရှားလာပြီး ပြင်းပြင်းထန်ထန် ပြန်လည် စစ်ကြောင်းထိုးလာတော့လေသည်။ မြို့ရိုးပေါ်တွင် ကာဘိုင်ရိုင်ဖယ် ကိုင်ထားသော စစ်သည်တစ်ထောင်သည် ယီရန်ပင်းမဟာမိတ် စစ်သားများကဲ့သို့ လေ့ကျင့်မှု ကောင်းမွန်ပြီး ခဲယမ်းမီးကျောက် လုံလောက်ပါက ကျန့်မုမိသားစု၏ တိုက်စစ်ကို ခံစစ်ဆင်နိုင်ကောင်းပါလိမ့်မည်။ သို့သော် ကောင်းကင်မိုးကြိုးအင်ပါယာ စစ်သားများသည် ထိုရိုင်ဖယ်များကို အခုမှ ရရှိထားခြင်းဖြစ်ပြီး တိုက်ပွဲဝင် ကျွမ်းကျင်မှုမှာ များစွာ နိမ့်ပါးနေသေးသည်။
ထို့ကြောင့် ကျန့်မုမိသားစုဝင်များသည် မြို့ရိုးခြေရင်းသို့ နောက်တစ်ကြိမ် ရောက်ရှိလာပြီး အပေါ်သို့ အတင်းတိုးတက်ကာ တက်လာကြလေတော့သည်။
“အရှင်မင်းကြီး... အပြင်ဘက်မှာ တောင့်မခံနိုင်တော့ပါဘူး။”
“အရှင်မင်းကြီး... မသေမျိုးမျိုးနွယ်စုတွေက ကျွန်တော်မျိုးတို့ရဲ့ ခံစစ်စည်းကို ဖောက်ထွက်ပါတော့မယ်။”
လက်အောက်ငယ်သားများ၏ အစီရင်ခံမှုကို နားထောင်ရင်း လော့လင်တန်သည် လန်ယုံကို ထပ်ကြည့်ကာ ပြောလိုက်သည်။
“အရှင်မင်းကြီး လန်... မဟာမိတ်ခေါင်းဆောင် ရှောင်းတောင် သူတို့ကို တားနိုင်ပုံမရတော့ဘူး။ ခင်ဗျားရဲ့ တပ်ဖွဲ့တွေကို အမြန်လွှတ်ပေးပါတော့။”
လန်ယုံ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲတွင် ဝေခွဲမရဖြစ်လာခဲ့လေသည်။
‘တကယ်ပဲ သူတို့ တားမထားနိုင်တော့တာလား။’
ထိုစဉ် ဘေးနားရှိ ထန်လုံကလည်း ဝင်ပြောလိုက်သည်။
“အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ ပြန်သွားပြီး တပ်ဖွဲ့တွေ အရင်စုစည်းပြီးမှ ပြန်လာရင် မကောင်းဘူးလား။”
ထိုစကား၏ ဆိုလိုရင်းမှာ ‘ဒီနေရာက မလုံခြုံတော့ဘူး၊ အမြန်ပြေးကြရအောင်၊ စစ်ကူကို နောက်မှ စီစဉ်ကြတာပေါ့’ ဟု ဆိုလိုခြင်းဖြစ်သည်။
လော့လင်တန်က ထိုအဓိပ္ပာယ်ကို နားလည်သော်လည်း လက်ယှက်လျက်သာ ပြောနိုင်တော့သည်။
“ဒါဆိုရင်တော့ အရှင်မင်းကြီး လန်ကိုပဲ အားကိုးရတော့မှာပဲ။”
လန်ယုံ မတ်တတ်ရပ်လိုက်စဉ်မှာပင် နန်းတော်အစောင့် နောက်တစ်ဦး ပြေးဝင်လာပြီး သတင်းပို့လာခဲ့သည်။
“အရှင်မင်းကြီး... တည်နေရာကူးပြောင်းခြင်း အစီအရင်ထဲကနေ နောက်ထပ် တပ်ဖွဲ့တစ်ဖွဲ့ ထပ်ထွက်လာပြန်ပါပြီ။ အဖွဲ့ခေါင်းဆောင်က သူ့ကိုယ်သူ ရှောင်းယီလို့ ပြောပါတယ်။ သူတို့ကို ပေးဝင်လိုက်ရမလား။”
“အဲ့ဒါ မဟာမိတ်ခေါင်းဆောင် ရှောင်းပဲ။”
အစောင့်၏ စကားကို ကြားလိုက်ရသည်နှင့် လန်ယုံက ဝမ်းသာအားရဖြင့် ချက်ချင်းပြောလိုက်၏။
“အရှင်မင်းကြီး လော့လင်တန်... အခုတော့ ခင်ဗျားတို့ တကယ် အသက်ဘေးက လွတ်ပြီပဲ။”
ထိုအခါ လော့လင်တန်က ချက်ချင်း အမိန့်ပေးလိုက်သည်။
“အခုချက်ချင်း ပေးဝင်လိုက်။ ပြီးတော့ မဟာမိတ်ခေါင်းဆောင် ရှောင်းနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြ။”
“ဟုတ်ကဲ့။”
ရှောင်းယီ ရောက်ရှိလာပြီးနောက် သူ၏နောက်တွင် အသေးစားယာဉ် အစီး ၂၀ ပါလာခဲ့လေသည်။
“သွားကြစို့...အစ်ကို ကျန်းရှိတဲ့နေရာကို။”
ရှောင်းယီက ကားတစ်စီးပေါ် တက်လိုက်ရာ ဘေးရှိ ကားမောင်းသူက ချက်ချင်းပင် မောင်းထွက်လိုက်တော့သည်။
အနီးနားရှိ ကောင်းကင်မိုးကြိုးအင်ပါယာ စစ်သားများမှာ အံ့အားသင့်ကာ ကြောင်ကြည့်နေကြသည်။
“ဒါက ဘာကြီးလဲ။ ဘာလို့ ဒီလောက်တောင် မြန်နေရတာလဲ။”
“ဟုတ်ပါ့... ကွေ့တာပတ်တာလည်း သိပ်သွက်တာပဲ။ ငါတို့ ခြေကျင်ချီတက်တာထက် အများကြီး ပိုမြန်တယ်။”
“ဒီအပြင်လူတွေမှာ ပစ္စည်းကောင်းတွေ တကယ် အများကြီးရှိတာပဲ။”
မကြာမီ ယာဉ်အစီး ၂၀ သည် ကျန်းယွင်ထျန်းရှိရာသို့ ရောက်ရှိသွား၏။
ရှောင်းယီ ကားပေါ်မှ ခုန်ဆင်းလာသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းက ရှေ့တန်းမှ ပြန်ဆုတ်လာပြီး ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်... ဘာလို့ ဒီကို လိုက်လာတာလဲ။ ဒီနေရာက အန္တရာယ်ရှိသေးတယ်။”
ထိုအခါ ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒီမှာ မသေမျိုးတွေ ဒီလောက်တောင် များနေတော့...လက်နက်သစ်ကို စမ်းသပ်ဖို့ အတော်ပဲဆိုပြီး လာခဲ့လိုက်တာ။”
လက်နက်သစ်ဆိုသည့် စကားကို ကြားသည်နှင့် ကျန်းယွင်ထျန်း စိတ်လှုပ်ရှားသွားတော့သည်။ သူက နောက်က ကားများကို ကြည့်ကာ မေးလိုက်သည်။
“လက်နက်သစ်တွေက ကားပေါ်မှာလား။”
“ဟုတ်တယ်။ ဒပ်ပ် စက်သေနတ်အပေါ့စားပဲ။ လှုပ်ရှားရ လွယ်ကူအောင် ကားတွေပေါ်မှာ အသေတပ်ဆင်ဖို့ စီစဉ်ထားတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဘာ... စက်သေနတ် ဟုတ်လား။”
ကျန်းယွင်ထျန်း၏ မျက်လုံးများ ပြူးသွားခဲ့သည်။
“ဒါ တကယ် ကောင်းတာပဲ။ အခု ငါတို့ ဒါကို အရမ်း လိုအပ်နေတာ။”
“စုစုပေါင်း ၂၀ ရှိတယ်။ ကောင်းပြီ... သူတို့ရဲ့ စွမ်းအားကို စမ်းကြည့်ရအောင်။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ။”
ကျန်းယွင်ထျန်းသည် ကားတစ်စီးပေါ်သို့ ချက်ချင်းခုန်တက်ကာ စက်သေနတ်ကို အဆင်သင့်ပြင်လိုက်တော့လေသည်။ ရှောင်းယီသည်လည်း ကားတစ်စီးပေါ်တက်ကာ စက်သေနတ်ကို ကိုင်လျက် ရှေ့တန်းသို့ မောင်းနှင်ခိုင်းလိုက်သည်။
ယီရန်ပင်းမဟာမိတ် စစ်သားများသည် စက်သေနတ်ကို စူးစမ်းစွာ ကြည့်ရင်း ဝိုင်းဝန်း ပြောဆိုကြတော့သည်။
“ဒါက ဘာကြီးလဲ။ သေနတ်အသစ်နဲ့ တူတယ်။”
“ကျွန်းပိုင်ရှင် ကိုယ်တိုင်ယူလာတာဆိုတော့ ကျိန်းသေပေါက် ပစ္စည်းကောင်းပဲ ဖြစ်ရမယ်။”
“ငါတို့လက်ထဲက ကာဘိုင်ရိုင်ဖယ်ထက်တောင် ပိုစွမ်းမလားမသိဘူး။”
ကောင်းကင်မိုးကြိုးအင်ပါယာ စစ်သားများကမူ ဇဝေဇဝါဖြစ်နေကြသည်။
“အဲ့ဒီသေနတ်က ရိုင်ဖယ်နဲ့ ခပ်ဆင်ဆင်ပဲကို ဘာလို့ ကားပေါ်တင်ထားတာလဲ။”
“ဟုတ်ပါ့... ကားက လှုပ်နေရင် သေနတ်က ငြိမ်မှာမဟုတ်ဘူး။ ဘယ်လိုလုပ် ပစ်မှာလဲ။”
“ဒီလိုသေနတ် နည်းနည်း ထပ်တိုးရုံနဲ့တော့ သိပ်ထူးခြားလာမယ် မထင်...”
ဒပ် ဒပ် ဒပ် ဒပ် ဒပ် ဒပ်...
ထိုစစ်သား စကားပင် မဆုံးသေးမီမှာပင် စက်သေနတ်ပြောင်းဝမှ မီးလျှံများ ပွင့်ထွက်လာပြီး ကျည်ခွံများမှာ စက်သေနတ်ဘေးမှ တဖွဲဖွဲ လွင့်စင်ကျလာတော့သည်။
ရှေ့ရှိ ဇွန်ဘီးတပ်လှိုင်းလုံးကြီးမှာ ချက်ချင်းပင် ရိတ်သိမ်းခံလိုက်ရသည့် နှံစားပင်များကဲ့သို့ အစုလိုက်အပြုံလိုက် လဲကျကုန်ပြီး ထိုအကျိုးသက်ရောက်မှုသည် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့လေသည်။
ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် ကျည်ကပ်တစ်ခုလုံး ကုန်သည်အထိ တစ်ဆက်တည်း ပစ်ခတ်လိုက်ရာ လမ်းမပေါ်ရှိ တိုက်ပွဲစည်းကို မီတာတစ်ရာခန့်အထိ အတင်းအဓမ္မ ရှေ့သို့ တွန်းပို့လိုက်နိုင်ခဲ့သည်။
သို့သော် ဘေးပတ်ဝန်းကျင်ရှိ စစ်သားများမှာမူ အံ့သြမှင်သက်ကာ ငေးကြည့်နေကြပြီး ရှေ့သို့ မလိုက်လာကြသေးပေ။
“မင်းတို့ ဘာတွေ ကြောင်ကြည့်နေကြတာလဲ။ လိုက်ခဲ့ကြလေ။ ဒီဇွန်ဘီးတွေကို လေဟာနယ်တံခါးထဲ ပြန်ရောက်အောင် မောင်းထုတ်ကြမယ်။”
ကျန်းယွင်ထျန်း၏ ဟိန်းဟောက်သံက လူတိုင်းကို သတိပြန်ဝင်လာစေခဲ့လေသည်။
ဇွန်ဘီးများကို ကာကွယ်နေသော စစ်သားများအားလုံး ချက်ချင်းပင် ထရပ်ကာ ရှေ့သို့ အတင်းတိုးတက် တိုက်ခိုက်ကြလေတော့သည်။
အခန်း ၁၀၅၄ - လူတိုင်းအံ့အားသင့်ခြင်း၊ ကျန့်မုမိသားစု နောက်ဆုတ်ခြင်းနှင့် အစွမ်းကုန်လိုက်လံတိုက်ခိုက်ခြင်း
“ကျွန်းပိုင်ရှင်က တကယ့်ကို အံ့မခန်းပဲ။ ဒီလိုပစ္စည်းမျိုးကိုတောင် ဘယ်လိုရအောင် ယူလာတာလဲမသိဘူး။”
“အဟုတ်ပဲ... ဒီလိုသေနတ်မျိုးသာရှိရင် ဘယ်သူက လူအင်အားသုံးပြီး တိုးလာတာကို ကြောက်နေတော့မှာလဲ။ အကုန်လုံးကို အပင်ရိပ်သလို ရိတ်ချပစ်လိုက်ရုံပဲ။”
“ကြည့်ရတာ တကယ့်ကို အားရစရာပဲ။ ဒီတိုက်ပွဲပြီးရင်တော့ ဒီလိုသေနတ်မျိုးကို ဘယ်လိုသုံးရမလဲဆိုတာ ငါ ကျိန်းသေပေါက် သင်ယူရမယ်။”
ယီရန်ပင်းမဟာမိတ် စစ်သားများသည် စိတ်လှုပ်ရှားစွာ ဆွေးနွေးရင်း ရှေ့သို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားကြသည်။
တစ်ဖက်တွင်မူ ကောင်းကင်မိုးကြိုးအင်ပါယာ စစ်သားများမှာမူ အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ နောက်တန်းမှ ကြည့်နေသော လော့လင်တန်၊ လန်ယုံနှင့် အခြားသူများအားလုံးမှာလည်း တံတွေးများကို အနိုင်နိုင် မျိုချနေကြရသည်။
“ယီရန်ပင်းမဟာမိတ်မှာ ဒီလောက်အစွမ်းထက်တဲ့ လက်နက်မျိုး။ရှိနေမယ်လို့ ဘယ်သူက ထင်မှာလဲ။”
လန်ယုံမှာ မအောင့်နိုင်ဘဲ ရေရွတ်လိုက်မိသည်။ ထိုစဉ် လော့လင်တန်က သတိပြန်ဝင်လာပြီး လန်ယုံကို အံ့သြတကြီး ကြည့်ကာ မေးလိုက်သည်။
“ခင်ဗျားတောင် ဒီလိုလက်နက်မျိုးကို တစ်ခါမှ မမြင်ဖူးဘူးလား။”
လန်ယုံက ခေါင်းခါပြပြီး ပြန်ဖြေလိုက်သည်။
“ကျုပ်မြင်ဖူးသမျှ အဆင့်မြင့်ဆုံးလက်နက်ဆိုလို့ နည်းပြကျန်း ယူလာတဲ့ ကာဘိုင်ရိုင်ဖယ်ပဲ ရှိတယ်။”
“ဒီယီရန်ပင်းမဟာမိတ်မှာ အဆင့်မြင့်လက်နက်တွေ ဘယ်နှမျိုးတောင် ရှိနေတာလဲ။”
လော့လင်တန်က မချိတင်ကဲ မှတ်ချက်ပေးလိုက်မိလေသည်။
“ဘယ်သူမှ မသိနိုင်ဘူး။ ကျုပ်ထင်တာကတော့ ခေါင်းဆောင်ရှောင်း ကိုယ်တိုင်ပဲ သိလိမ့်မယ်။”
လန်ယုံက ပြုံးကာ ပြောလိုက်သည်။
ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် ကျန်ရှိနေသော စက်သေနတ်အပေါ့စား ၁၈ လက်ကို တပ်ဆင်ရန် စစ်သား ၂၀ ခန့်ကို ရှာဖွေပြီးစီးသွားကာ စတင်ပစ်ခတ်ခိုင်းလိုက်ပြီဖြစ်သည်။
ဤစက်သေနတ်အပေါ့စားများ၏ ပစ်အားသည် မူလရှိရင်းစွဲ ကာဘိုင်ရိုင်ဖယ်များနှင့် ပေါင်းစပ်သွားသောအခါ ကျန်းယွင်ထျန်းသည် သူ၏တပ်ဖွဲ့ကို ဦးဆောင်ကာ မသေမျိုးမျိုးနွယ်စုတို့၏ နယ်မြေကို အဆက်မပြတ် ဖိအားပေး ကျဉ်းမြောင်းစေလိုက်သည်။
နန်းတော်မြို့ရိုးပေါ်တွင်မူ ကျန့်မုမိသားစု၏ စစ်သားများသည် မြို့ရိုးထိပ်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
၎င်းတို့သည် မြို့ရိုးပေါ်သို့ တက်ရန် အထူးပြုလုပ်ထားသည့် သံချပ်ကာ ဒိုင်းများကို အသုံးပြုထားကြ၏။ နန်းတော်အစောင့်များသည် မြို့ရိုးပေါ်သို့ တက်လာသည့် လှေကားများကို တွန်းချရန်နှင့် အောက်မှ ပစ်ခတ်နေသော ကျည်ဆန်များကို ကာကွယ်ရန် လူအင်အားကိုသာ အားကိုးနေရသည်။ မြို့ရိုးပေါ်တွင် လူအင်အား မလုံလောက်မှုကြောင့် အခြေအနေမှာ အလွန်စိုးရိမ်စရာ ကောင်းနေပြီဖြစ်သည်။
“ဗိုလ်ချုပ်... ကျုပ်တို့ တားမထားနိုင်တော့ဘူး။”
မြို့ရိုးပေါ် တက်လာသူတစ်ဦးကို ပြန်တွန်းချပြီးနောက် စစ်သားတစ်ဦးက အော်ဟစ်အစီရင်ခံလိုက်သည်။
စစ်သေနာပတိ ဂယ်လူးတွင်လည်း အခြားရွေးချယ်စရာ မရှိတော့ပေ။ နန်းတော်အတွင်း၌ မသေမျိုးများကလည်း အဆက်မပြတ် ထွက်ပေါ်နေရာ တစ်ဖက်ဖက်ကသာ ခံစစ်ကျိုးသွားပါက နန်းတော်တစ်ခုလုံး ကျဆုံးပေတော့မည်။
ထိုစဉ် မုကျူးသည် သူ၏တပ်သားများ မြို့ရိုးထိပ်သို့ ရောက်လုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ ဝမ်းသာအားရ ပြောလိုက်သည်။
“ငါတို့ နန်းတော်ကို သိမ်းပိုက်ဖို့ အခွင့်အရေး ရှိသေးတယ်။”
“မှန်ပါတယ်... နန်းတော်ကို သိမ်းပိုက်ပြီး အဲ့ဒီအဆင့်မြင့်လက်နက်တွေကိုသာ ရခဲ့မယ်ဆိုရင် နန်းတော်ထဲက မသေမျိုးတွေကိုပါ ထိန်းချုပ်ထားနိုင်လိမ့်မယ်။ ဒါဆိုရင် ထီးနန်းသိမ်းပိုက်တဲ့ ကိစ္စက အောင်မြင်တယ်လို့ ပြောလို့ရပြီ။”
ဘေးရှိ စစ်ဗျူဟာမှူးကလည်း စိတ်လှုပ်ရှားစွာ ထောက်ခံလိုက်သည်။
အကယ်၍ လော့မိသားစု၏ အောင်သီးအောင်နှံများကို ခိုးယူနိုင်မည့် အခွင့်အရေးရှိနေပါက မည်သူမျှ ကောင်းကင်မိုးကြိုးအင်ပါယာကို စွန့်ခွာပြီး အစကနေ ပြန်စချင်ကြမည် မဟုတ်ပေ။
နန်းတော်အတွင်း၌ ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် ထိုစက်သေနတ် ၂၀ ကို အသုံးပြုကာ လေဟာနယ်တံခါး အနီးရှိ မသေမျိုးများကို လုံးဝ နှိမ်နင်းထားနိုင်ပြီဖြစ်သည်။
“ကောင်းကင်မိုးကြိုးအင်ပါယာက စစ်သားတွေ... မြို့ရိုးပေါ်ကို ချက်ချင်းပြန်သွားပြီး ကျန့်မုမိသားစုကို တားဆီးရာမှာ ကူညီပေးကြ။”
အခြေအနေကို ထိန်းချုပ်နိုင်လိုက်ပြီဖြစ်ကြောင်း မြင်သည်နှင့် ကျန်းယွင်ထျန်းက ချက်ချင်း အမိန့်ပေးလိုက်သည်။
မြို့ရိုးပေါ်မှ ပြောင်းရွှေ့လာခဲ့ရသော အစောင့်များက “ဟုတ်ကဲ့” ဟု ချက်ချင်းတုံ့ပြန်ကာ မြို့ရိုးပေါ်သို့ အပြေးပြန်သွားကြတော့သည်။ လတ်လတ်ဆတ်ဆတ် စစ်ကူများ ရောက်ရှိလာခြင်းကြောင့် မြို့ရိုးပေါ်ရှိ အခြေအနေမှာ မကြာမီ ပြန်လည် တည်ငြိမ်သွားတော့သည်။
“ဘာလဲ... ဒါ ဘယ်လိုဖြစ်တာလဲ။ လော့မိသားစုက မသေမျိုးတွေကို ခုခံဖို့ လက်လျှော့လိုက်ပြီလား။”
မုကျူး၏ မျက်လုံးများ ပြူးသွားကာ ရေရွတ်လိုက်၏။
စစ်ဗျူဟာမှူး၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုများလည်း ပျောက်ကွယ်သွားပြီး ဝေခွဲမရစွာဖြင့် ပြောလိုက်သည်။
“မသေမျိုးတွေက လော့မိသားစုနဲ့ တစ်ခုခု သဘောတူညီမှု ရသွားတာများလား။”
ထိုစကားကို ကြားသောအခါ မုကျူး၏ ရင်ထဲ၌ စိုးရိမ်စိတ်များ ဝင်လာပြီး အနည်းငယ် စဉ်းစားကြည့်လိုက်သည်။
“မသေမျိုးတွေက တကယ်ပဲ ယုံကြည်ရလို့လား။”
“မသေမျိုးမျိုးနွယ်စုဆိုတာ မျိုးနွယ်ခြားတွေထဲမှာ ထူးဆန်းတဲ့ အစုအဖွဲ့ပဲ။ သူတို့ကို အမြဲတမ်း သတိထားရပါမယ်။”
ဘေးနားရှိ စစ်ဗျူဟာမှူးက အလျင်အမြန် အကြံပေးလိုက်သည်။
ထိုစကားကို ကြားရသည်နှင့် မြို့ရိုးပေါ်ရှိ အစောင့်တပ်များ၏ တိုက်စစ်မှာလည်း အရှိန်အဟုန်ဖြင့် ပြန်လည်အားကောင်းလာသည်ကို တွေ့ရသဖြင့် မုကျူးက လေသံလေးလေးဖြင့် အမိန့်ပေးလိုက်သည်။
“ဆုတ်ခွာကြ...။”
မုကျူး၏ အမိန့်ကြောင့် ကျန့်မုမိသားစု၏ တပ်ဖွဲ့များသည် မင်းနေပြည်တော် အပြင်ဘက်သို့ ချက်ချင်းပင် ဆုတ်ခွာသွားကြတော့သည်။ မြို့ရိုးပေါ်ရှိ အစောင့်စစ်သည်များသည် ရန်သူများ ဆုတ်ခွာသွားသည်ကို မြင်သောအခါ ဝမ်းသာအားရ ကြွေးကြော်လိုက်ကြတော့လေသည်။
ထိုအခါ စစ်သေနာပတိ ဂယ်လူးက ချက်ချင်း အမိန့်ပေးလိုက်သည်။
“ရန်သူတွေ ပြန်မလာနိုင်အောင် သတိနဲ့ စောင့်ကြည့်ထားကြ။ မင်းတို့ အဖွဲ့နှစ်ဖွဲ့ ငါ့နောက်လိုက်ခဲ့။”
“ဟုတ်ကဲ့။”
ဂယ်လူးသည် သူ၏အဖွဲ့ကို ဦးဆောင်ကာ မသေမျိုး လေဟာနယ်တံခါးရှိရာသို့ သွားရောက်ပြီး ကျန်းယွင်ထျန်းနှင့် သူ၏လူများထံမှ မသေမျိုးများကို ခုခံကာကွယ်သည့်တာဝန်ကို လွှဲပြောင်းရယူရန် ပြင်ဆင်လိုက်တော့သည်။ သို့သော် လေဟာနယ်တံခါးထဲမှ တဖွဲဖွဲ ထွက်ပေါ်လာနေသော ဇွန်ဘီးများကို မြင်သောအခါ ဂယ်လူးတစ်ယောက် တံတွေးကို အနိုင်နိုင် မျိုချလိုက်ရ၏။ သူခေါ်လာသော လူအင်အားမှာ ခုခံရန် လုံးဝ မလုံလောက်ပေ။
ကားပေါ်တွင် မတ်တတ်ရပ်လျက် ကျန်းယွင်ထျန်း အသုံးပြုနေသော စက်သေနတ်ကို မြင်သောအခါ သူ လုံးဝ အံ့သြမှင်သက်သွားခဲ့သည်။ ထိုစက်သေနတ်သည် လုံးဝ ရပ်တန့်ခြင်းမရှိဘဲ တရစပ် ပစ်ခတ်နေပြီး သူ၏လက်ထဲရှိ ကာဘိုင်ရိုင်ဖယ်ထက်ပင် အဆပေါင်းများစွာ ပိုမြန်နေသေး၏။
အမှန်စင်စစ် ကျန်းယွင်ထျန်းသည် သေနတ်ပြောင်းကို တစ်ကြိမ် လဲလှယ်ပြီးဖြစ်သည်။ အချိန်ကြာမြင့်စွာ တရစပ် ပစ်ခတ်ခြင်းသည် သေနတ်ပြောင်းကို အလွန်အမင်း ပူလာစေပြီး ပုံသဏ္ဌာန်ပျက်ယွင်းကာ ပစ်မှတ်လွဲချော်ခြင်း သို့မဟုတ် ပေါက်ကွဲခြင်းအန္တရာယ်ကို ဖြစ်စေနိုင်သောကြောင့်ပင်။
“ဒါက ဘာလက်နက်မျိုးလဲ။ ဘယ်လိုလုပ်ပြီး ဒီလောက် တရစပ် ပစ်နိုင်ရတာလဲ။”
ဂယ်လူးက မအောင့်နိုင်ဘဲ မေးလိုက်မိသည်။ ထိုအခါ ဘေးနားရှိ စစ်သားတစ်ဦးက ပြန်ဖြေလိုက်သည်။
“ကျွန်တော်လည်း မသိဘူး။ နောက်မှ ရောက်လာတဲ့လူ ယူလာခဲ့တာပဲ။ ကံကောင်းလို့ ဒီလိုလက်နက်ရှိလို့ပေါ့။ မဟုတ်ရင် ဒီမသေမျိုးတွေကို လေဟာနယ်တံခါးထဲ ပြန်ရောက်အောင် တွန်းပို့နိုင်မှာ မဟုတ်ဘူး။”
ဂယ်လူးသည် အံ့သြတုန်လှုပ်မှုများနှင့်အတူ ခေါင်းညိတ်လိုက်၏။
မကြာမီ ကျန်းယွင်ထျန်းနှင့် သူ့လူများသည် မသေမျိုးများကို လေဟာနယ်တံခါးရှိရာ ရင်ပြင်အထိ ပြန်လည် တွန်းပို့လိုက်နိုင်ပြီဖြစ်သည်။
“ဗိုလ်ချုပ် ဂယ်လူး... ခင်ဗျားလူတွေကို ဒီရင်ပြင်ကို တံတိုင်းနဲ့ အမြန်ကာခိုင်းလိုက်ပါ။ မဟုတ်ရင် နောက်နောင် မသေမျိုးတွေရဲ့ တိုက်ခိုက်မှုကို ခုခံဖို့ ခက်ခဲလိမ့်မယ်။”
ကျန်းယွင်ထျန်းက လှမ်းအော်ပြောလိုက်သည်။
“ကောင်းပြီ။”
ဂယ်လူးက ပြန်ဖြေပြီး နန်းတော်အတွင်းရှိ အင်ဂျင်နီယာအဖွဲ့ကို အရေးပေါ် တံတိုင်းတည်ဆောက်ရန် ချက်ချင်း စေခိုင်းလိုက်တော့သည်။
ထိုအချိန်တွင် ရှောင်းယီသည် စက်သေနတ်ကို အခြားသူတစ်ဦးထံ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။ သူသည် လော့လင်တန်ထံသို့ လျှောက်သွားကာ မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။
“မင်္ဂလာပါ အရှင်မင်းကြီး လော့လင်တန်... ကျုပ်က ယီရန်ပင်းမဟာမိတ်ရဲ့ ခေါင်းဆောင် ရှောင်းယီပါ။”
“နှုတ်ခွန်းဆက်သပါတယ် ခေါင်းဆောင်ရှောင်း။”
လော့လင်တန်မှာ ယခုအခါ အလွန်ပင် နှိမ့်ချသော အမူအရာ ရှိနေခဲ့လေသည်။
ယခင်က လော့လင်တန်သည် ဤအပြင်လူ ရှောင်းယီကို သိပ်ဂရုမစိုက်ခဲ့ဘဲ အလွန်ဆုံးရှိလှ အဆင့်မြင့်လက်နက် တစ်ခုနှစ်ခုသာ ရှိမည်ဟု ထင်မှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ ဤလူတွင် အဆင့်မြင့်လက်နက် တစ်ခု၊ နှစ်ခုမက ရှိနေသည်မှာ ထင်ရှားနေပြီ ဖြစ်သည်။
“ကျန့်မုမိသားစုကို ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ။”
ရှောင်းယီက မေးလိုက်သည်။
“ကျန့်မုမိသားစုရဲ့ တပ်ဖွဲ့တွေက အရမ်းများတယ်။ သူတို့ကို အကုန်လုံး နှိမ်နင်းဖို့ဆိုတာကတော့ မဖြစ်နိုင်သလောက်ပဲ။”
လော့လင်တန်သည် နိုင်ငံတွင်းရေးကိစ္စ ဖြစ်သော်လည်း ရှောင်းယီနှင့် ဆွေးနွေးရန် ငြင်းဆန်ခြင်း မပြုခဲ့ပေ။
ရှောင်းယီက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“ကျုပ်နဲ့ အလဲအလှယ်တစ်ခု လုပ်မလား။ ကျန့်မုမိသားစုကို ရှင်းပစ်ဖို့ ကျုပ် ကူညီပေးမယ်။ ဒါပေမဲ့ ကျန့်မုမိသားစုဆီက ရတဲ့ အုတ်မြစ်ကျောက် အားလုံးကတော့ ကျုပ်အပိုင် ဖြစ်ရမယ်။ ဘယ်လိုလဲ...။”
ရှောင်းယီ ဤသို့ ကမ်းလှမ်းရခြင်းမှာ ကျန့်မုမိသားစုက မသေမျိုးများနှင့် ပူးပေါင်းသည်ကို အလွန်စိတ်ပျက်မိသလို ဤအခွင့်အရေးမှ အုတ်မြစ်ကျောက်အချို့ ရနိုင်မလားဟု ကြည့်ချင်ခြင်းလည်း ဖြစ်သည်။
ရှောင်းယီ၏ အကြံပြုချက်ကို ကြားသောအခါ လော့လင်တန်သည် တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။
“ကောင်းပြီ... ခင်ဗျားသာ ကျန့်မုမိသားစုကို ရှင်းပေးနိုင်ရင် သူတို့မိသားစုဆီကရတဲ့ အုတ်မြစ်ကျောက် အားလုံးကို ခင်ဗျား ယူနိုင်တယ်။”
“ဒါဆို သဘောတူလိုက်ပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“မသေမျိုးတွေရဲ့ လေဟာနယ်တံခါးအတွက်တော့ ခင်ဗျားတို့ရဲ့ ကာဘိုင်ရိုင်ဖယ် အားလုံးကို အဲ့ဒီမှာ နေရာချထားလိုက်ပါ။ တံတိုင်းတွေနဲ့ပါ ပေါင်းလိုက်ရင် သူတို့ကို ဟန့်တားနိုင်မှာပါ။”
“ကောင်းပါပြီ။”
လော့လင်တန်က ပြန်ဖြေလိုက်သည်။
“အစ်ကို ကျန်း... ငါတို့ လုပ်စရာရှိလာပြီ။”
ရှောင်းယီက ကျန်းယွင်ထျန်းကို လှမ်းခေါ်ကာ ကျန့်မုမိသားစုကို ကြားဖြတ်တိုက်ခိုက်မည့်အကြောင်း ပြောပြလိုက်တော့သည်။
ကျန်းယွင်ထျန်းသည် ယီရန်ပင်းမဟာမိတ် တပ်ဖွဲ့များကို ချက်ချင်း စုစည်းလိုက်ပြီး နန်းတော်အတွင်းအပြင် ခုခံရေးတာဝန်များကို နန်းတော်အစောင့်တပ်များထံ ပြန်လည် လွှဲပြောင်းပေးလိုက်သည်။
မြို့ရိုးအပြင်ဘက်တွင်မူ ကျန့်မုမိသားစု၏ တပ်ဖွဲ့များသည် နန်းတော်နှင့် ဝေးရာသို့ ဆုတ်ခွာသွားကြပြီဖြစ်သည်။
“မိသားစုခေါင်းဆောင်... ကျုပ်တို့ ဆုတ်ခွာဖို့ ပြင်ဆင်ထားပြီးမှတော့ တစ်ခါတည်း ပစ္စည်းအချို့ ယူသွားသင့်တယ် မဟုတ်လား။”
စစ်ဗျူဟာမှူးက အကြံပေးလိုက်သည်။