အခန်း (၁၀၅၇-၁၀၅၈)
Vol. 89 Ch. 1057-1058
အခန်း ၁၀၅၇ - ဆိပ်ကမ်းကို ထိန်းချုပ်ခြင်းနှင့် လန်ယုံ၏ ဆုံးဖြတ်ချက်
လန်ယုံ၏ အမိန့်ကို ရရှိပြီးနောက် လေပြာအင်ပါယာ၏ အမြောက်တပ်များက ပစ်ခတ်မှုကို ရပ်တန့်လိုက်တော့သည်။
ထိုအချိန်တွင် ကျန့်မုမိသားစု၏ အလစ်အငိုက်တိုက်ခိုက်ရေးအဖွဲ့မှာ အကျအဆုံး များပြားနေပြီဖြစ်သည်။ တစ်စုံတစ်ဦးက မုကျူးထံ ချက်ချင်း သတင်းပို့လိုက်သည်။
“မိသားစုခေါင်းဆောင်... သူတို့ရဲ့ အမြောက်ကျည်တွေက အလကားရသလိုမျိုးကို တရစပ် ကျလာနေတာ။ ကျုပ်တို့ ပုန်းခိုထားတဲ့ နေရာအားလုံး အမြောက်မှန်ကုန်ပြီ။ အကျအဆုံးက အရမ်းများနေတယ်။ ဆက်တိုက်ဖို့ မဖြစ်နိုင်တော့ဘူး။”
မုကျူး၏ မျက်နှာမှာ တင်းမာခက်ထန်သွားပြီး ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် ချက်ချင်း ဆုတ်ကြမယ်။ ဒီအပြင်လူက တကယ် သတိကြီးတာပဲ။”
ထိုစဉ် လေပြာအင်ပါယာသို့ သံတမန်စေလွှတ်ရာတွင် တာဝန်ရှိသူတစ်ဦးက ဝင်ပြောလိုက်သည်။
“မိသားစုခေါင်းဆောင်... အခုလေးတင် ကျုပ် စောင့်ကြည့်နေတာ။ ထွက်လာတဲ့တပ်ဖွဲ့က အပြင်လူရဲ့ အဖွဲ့မဟုတ်ဘဲ လေပြာအင်ပါယာရဲ့ အဖွဲ့ဖြစ်နေတယ်။”
“လေပြာအင်ပါယာ ဟုတ်လား။”
မုကျူး အံ့သြသွား၏။
“သူက ကုန်သည်တစ်ယောက်ပဲလေ။ ဘာလို့ ငါတို့အင်ပါယာရဲ့ ကိစ္စထဲကို လာပြီးစွက်ဖက်နေရတာလဲ။”
“ဖြစ်နိုင်တာက ဟိုအပြင်ပလူကြောင့်ပဲ ဖြစ်လိမ့်မယ်။ လော့ရယ်နဲ့ အဲ့ဒီလူကြားမှာလည်း မရေရာတဲ့ ပတ်သက်မှုတွေ ရှိနေတာပဲလေ။ ပြီးတော့ လေပြာအင်ပါယာက အဲ့ဒီလူဆီကနေ လက်နက်တွေ ဝယ်ထားရတာဆိုတော့ သူ့မျက်နှာကို ထောက်ထားရမှာပေါ့။”
သံတမန်က ခန့်မှန်းလိုက်သည်။
“ဟမ့်... ဒါဆိုရင် သူ လက်နက်ကုန်သွယ်မှု မလုပ်နိုင်အောင် ငါလုပ်ပြမယ်။”
မုကျူးက အေးစက်စွာ ပြောလိုက်သည်။
“ဒီတစ်ခါ ကောင်းကင်မိုးကြိုးအင်ပါယာကနေ ထွက်သွားပြီးတာနဲ့ လေပြာအင်ပါယာက ငါတို့ကို လက်နက်တွေ ရောင်းပြီးမှ ပြန်တိုက်ဖို့ စစ်တပ်လွှတ်တယ်ဆိုတာကို ချက်ချင်း လူသိရှင်ကြား ကြေညာပစ်လိုက်။ ဒါဆိုရင် သူတို့ဆီက လက်နက်ဝယ်ချင်တဲ့ တခြားအင်အားစုတွေလည်း သေချာစဉ်းစားရလိမ့်မယ်။”
“အကြံကောင်းပဲ။ ကျုပ် အခုချက်ချင်း သွားပြင်ဆင်လိုက်ပါ့မယ်။”
ဘေးမှ စစ်ဗျူဟာမှူးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ကျန့်မုမိသားစုအဖွဲ့သည် လျှို့ဝှက်ဆိပ်ကမ်းဆီသို့ ဆက်လက် ဆုတ်ခွာသွားကြသည်။ ထိုအချိန်တွင် ရှောင်းယီနှင့် အခြားသူများသည် ဆိပ်ကမ်းအထက်သို့ ရောက်ရှိနေပြီဖြစ်ပြီး မုဝူကျိက ပစ္စည်းများကို သင်္ဘောပေါ်သို့ တင်ရန် လူများအား ညွှန်ကြားနေသည်ကို မြင်နေရသည်။
“အရင်ဆုံး ဆိပ်ကမ်းကို ဗုံးကြဲလိုက်။ ပြီးမှ ကြေညာချက်ထုတ်မယ်။”
ရှောင်းယီက တိုက်လေယာဉ်၏ ဆက်သွယ်ရေးစက်မှတစ်ဆင့် အမိန့်ပေးလိုက်သည်။
“ကောင်းပြီ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ထို့နောက် တိုက်လေယာဉ် နှစ်စင်းမှာ အောက်ဘက်သို့ ချက်ချင်း ထိုးဆင်းသွားတော့သည်။
ဆိပ်ကမ်းပေါ်တွင် မုဝူကျိနှင့် လူများမှာ တိုက်လေယာဉ်၏ ဟိန်းသံကို ကြားလိုက်ရ၏။ သူတို့ အပေါ်သို့ မော့ကြည့်လိုက်သောအခါ ပျံသန်းနေသော အရာဝတ္ထုကြီးများဆီမှ အထုပ်အချို့ ပြုတ်ကျလာသည်ကို တွေ့လိုက်ရလေသည်။
“ဒါတွေက ဘာတွေလဲ။”
ဆိပ်ကမ်းပေါ်ရှိ လူများ ဇဝေဇဝါဖြင့် ဝိုင်းပြောနေကြသည်။
သို့သော် နောက်အခိုက်တွင် ထိုအထုပ်များသည် ဆိပ်ကမ်း၏အဆောက်အဦးများပေါ်သို့ ကျရောက်သွားပြီး တဝုန်းဝုန်းပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး ဆိပ်ကမ်းအဆောက်အဦးများကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်တော့လေသည်။ ပစ္စည်းသယ်နေသောသူများ အားလုံးမှာလည်း ထိတ်လန့်တကြား ထွက်ပြေးကုန်ကြသည်။ ပေါက်ကွဲမှုမှာ ပြင်းထန်လွန်းလှသည်။
မုဝူကျိသည်လည်း တိုက်လေယာဉ်များ ပြန်ကွေ့လာသည်ကို အံ့သြတုန်လှုပ်စွာ ကြည့်ရင်း အဝေးသို့ စတင် ထွက်ပြေးတော့သည်။
ရှောင်းယီတို့အဖွဲ့ ပြန်ရောက်လာခဲ့သည်။ ဤတစ်ကြိမ်တွင် ရှောင်းယီက ပြောလိုကါသည်။
“သူတို့ကို လက်နက်ချပြီး ငြိမ်ငြိမ်နေဖို့ အော်ပြောလိုက်။ လက်နက်မချရင် လူအုပ်ထဲကို ဗုံးကြဲမယ်လို့ ခြိမ်းခြောက်လိုက်။”
“ဟုတ်ကဲ့”
တိုက်လေယာဉ် နှစ်စင်းမှ တွဲဖက်လေယာဉ်မှူးများသည် အသံချဲ့စက်များမှတစ်ဆင့် ချက်ချင်း အော်ဟစ်အမိန့်ပေးလိုက်တော့သည်။
“လူတိုင်း ငြိမ်ငြိမ်နေပြီး လက်မြှောက်ထားကြ။ မလိုက်နာတဲ့သူတွေကို တိုက်ခိုက်မယ်။ ထပ်လောင်း သတိပေးမယ်။.....”
ဆိပ်ကမ်းရှိ ကျန့်မုမိသားစုဝင်များမှာ ထိုသတိပေးချက်ကို နားထောင်ကြမည် မဟုတ်ပေ။ သူတို့သာ မြန်မြန်ပြေးနိုင်လျှင် ကောင်းကင်မှ ရန်သူများ သူတို့ကို ဘာမှမလုပ်နိုင်ဟု ယူဆထားကြသည်။ ထို့ပြင် ခုနက ဗုံးအထုပ်များ ချလိုက်စဉ်ကလည်း လေထဲတွင် အချိန်အနည်းငယ် ကြာခဲ့သေးသည်။ မြန်မြန် တုံ့ပြန်နိုင်သရွေ့ ကောင်းကင်က အကောင်ကြီးတွေက သူတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးဟု ထင်နေကြသည်။
အသည်းအသန် ထွက်ပြေးနေကြသော လူများကို ကြည့်ရင်း ရှောင်းယီက သက်ပြင်းချကာ ပြောလိုက်သည်။
“ကြည့်ရတာ သူတို့က အသေမကြောက်ကြဘူးပဲ။ ဒါဆိုလည်း သူတို့ဆန္ဒအတိုင်း ဖြစ်စေရမှာပေါ့။”
ထို့နောက် စက်သေနတ်ကို ဆွဲကိုင်ကာ အမိန့်ပေးလိုက်သည်။
“အမြန်ဆုံး ပြေးနေတဲ့လူတွေကို အရင်ပစ်။”
“ကောင်းပြီ။”
ကျန်းယွင်ထျန်း၏ အသံ ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာခဲ့သည်။
တိုက်လေယာဉ်သည် အလျင်အမြန် ပြန်ကွေ့လာ၏။ ဤတစ်ကြိမ်တွင် တိုက်လေယာဉ်၏ ဘေးဘက်တွင် အပေါက်တစ်ခု ပွင့်လာပြီး သေနတ်ပြောင်းတစ်ခု ထွက်ပေါ်လာလေတော့သည်။
ဒပ် ဒပ် ဒပ် ဒပ် ဒပ်
တိုက်လေယာဉ်သည် ထွက်ပြေးနေသော လူအုပ်ကြီး၏ အရှေ့မှ ဝဲပျံဖြတ်သန်းသွားကာ ကျည်ဆန်မိုးများ ရွာချလိုက်တော့သည်။
မြေပြင်ပေါ်ရှိ လူတစ်တန်းမှာ ချက်ချင်းပင် လဲကျသွားပြီး တစ်ဦးလျှင် အနည်းဆုံး ကျည်ဆန်ရာ သုံးချက်ခန့်စီ ထိမှန်သွားကြသည်။ အရေးကြီးသော နေရာများကို မှန်သွားသူများမှာ ကံကောင်းသည်ဟု ဆိုရပေမည်။ အနည်းဆုံးတော့ ဝေဒနာ သိပ်မခံစားရတော့ပေ။ အရေးကြီးသော နေရာများကို မမှန်ဘဲ ဒဏ်ရာရသူများမှာမူ အသည်းအသန် အော်ဟစ်နေကြရလေသည်။
သူတို့အဖော်များ၏ အော်ဟစ်သံများကို ကြားလိုက်ရသောအခါ လူတိုင်း ကျောချမ်းသွားကြတော့လေသည်။ ဘယ်သူမှ မိုက်မဲစွာ မလှုပ်ရှားရဲတော့ဘဲ တိုက်လေယာဉ်မှ အစောပိုင်းက ကြေညာထားသည့်အတိုင်း လက်များကို ချက်ချင်း မြှောက်လိုက်ကြတော့သည်။
ရှောင်းယီက အနည်းငယ် စဉ်းစားပြီးနောက် ထပ်မံ အော်ပြောလိုက်သည်။
“လူတိုင်း မင်းတို့ဆီမှာရှိတဲ့ လက်နက်အားလုံးကို ကွင်းပြင်ထဲ ပစ်ချလိုက်။ ပြီးရင် အရှေ့ဘက်က ကွင်းပြင်ဆီကို အကုန်သွားကြ။”
မြေပြင်ပေါ်ရှိ လူများသည် ရှောင်းယီ၏ စကားအတိုင်း လက်နက်များကို စွန့်ပစ်ကာ အရှေ့ဘက်ကွင်းပြင်ဆီသို့ လိမ်လိမ်မာမာဖြင့် လမ်းလျှောက်သွားလိုက်ကြသည်။
“အစ်ကို ကျန်း... ဆင်းသက်ဖို့ သင့်တော်တဲ့နေရာ ရှာတွေ့ပြီလား။”
ရှောင်းယီက မေးလိုက်သည်။
“တွေ့ပြီ...ဆိပ်ကမ်းကို သွားတဲ့ လမ်းမကျယ်ကြီးက အဆင်ပြေတယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
အောက်ကလူအားလုံး လက်နက်ချလိုက်သည်ကို မြင်သောအခါ ရှောင်းယီက အမိန့်ပေးလိုက်သည်။
“ဒါဆိုရင် ဆင်းမယ်။”
“ဟုတ်ကဲ့။”
တိုက်လေယာဉ်သည် မုဝူကျိနှင့် အခြားသူများ၏ အထက်တွင် တစ်ပတ်ဝဲပြီးနောက် ဆင်းသက်ရန် ပြင်ဆင်လိုက်သည်။ မုဝူကျိနှင့် လူများမှာ သူတို့ခေါင်းပေါ်မှ ဝဲပျံသွားသော တိုက်လေယာဉ်ကို ကြည့်ပြီး ရင်တထိတ်ထိတ် ဖြစ်နေကြသည်။
တိုက်လေယာဉ် ဆင်းသက်ပြီးနောက် ရှောင်းယီသည် စက်သေနတ်အပေါ့စား နှစ်လက်နှင့်အတူ လူနှစ်ဦးကို လူအုပ်အနီးတွင် နေရာယူ ခိုင်းလိုက်သည်။ ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့မှာမူ ကျန့်မုမိသားစု သယ်ဆောင်နေသော ပစ္စည်းများကို စတင် စစ်ဆေးတော့သည်။
ရွှေငွေ ရတနာအချို့အပြင် အုတ်မြစ်ကျောက် သေတ္တာ အများအပြားကိုလည်း အမှန်တကယ် တွေ့ရှိခဲ့ရသည်။ ရှောင်းယီသည် ထိုအုတ်မြစ်ကျောက်များကို မထိသေးဘဲ ကျန်းယွင်ထျန်းနှင့် စစ်သားလေးဦးကို သင်္ဘောပေါ်သို့ ဆက်တင်ခိုင်းလိုက်သည်။ ထို့နောက် ဆိပ်ကမ်းပြင်ပသို့ မောင်းထွက်သွားစေပြီး တစ်နေရာရာတွင် ဝှက်ထားခိုင်းလိုက်သည်။
သူသည် ဤအုတ်မြစ်ကျောက်အားလုံးကို လန်ယုံထံ အပ်နှံမည်ဖြစ်ပြီး သူ၏ ဆုလာဘ်နှစ်ဆရရှိမည့် အခြေအနေရှိသည့် အချိန်မှသာ ပြန်တောင်းမည် ဖြစ်သည်။ ဤနည်းဖြင့် ဆုလာဘ်နှစ်ဆ စနစ်ကို အစပျိုးနိုင်မည်ဖြစ်ရာ ဤမျှများပြားသော အုတ်မြစ်ကျောက်များကိုလည်း အလဟဿ ဖြစ်စေတော့မည်မဟုတ်ပေ။
တစ်ဖက်တွင်မူ ထန်လုံ၏ အထိန်းအကွပ်မဲ့ ပြင်းထန်လှသော တိုက်စစ်ကြောင့် ကျန့်မုမိသားစု တပ်ဖွဲ့သည် လေပြာအင်ပါယာတပ်ဖွဲ့ကို အလစ်တိုက်ခိုက်ရန် မကြိုးစားဝံ့တော့ဘဲ သူတို့ လျှို့ဝှက်တည်ဆောက်ထားသော ဆိပ်ကမ်းဆီသို့သာ အရှိန်မြှင့်၍ ပြေးသွားကြတော့သည်။
“သတင်းပို့ပါတယ်။ ရန်သူတွေက ရှေ့ကိုပဲ အတင်းပြေးနေပြီး အလစ်တိုက်ဖို့ အရိပ်အယောင် မတွေ့ရတော့ပါဘူး။”
ကင်းထောက်တစ်ဦးက အော်ပြောလိုက်သည်။
“အင်း... ရန်သူ့တပ်ဖွဲ့ကို ဆက်ပြီး အနီးကပ် စောင့်ကြည့်ထား။”
ထန်လုံက အမိန့်ပေးလိုက်သည်။
ထို့နောက် လေပြာအင်ပါယာ တပ်ဖွဲ့သည် အေးအေးဆေးဆေးပင် အနောက်မှ လိုက်ပါသွားခဲ့ကြလေသည်။
“အရှင်မင်းကြီး... ခေါင်းဆောင်ရှောင်းက ဆိပ်ကမ်းက ရန်သူတွေကို ရှင်းပြီးလောက်ပြီလား မသိဘူးနော်။”
ထန်လုံက ဘေးတွင် ထိုင်ရင်း ပြောလိုက်သည်။ လန်ယုံက ကားပြတင်းပေါက် အပြင်ဘက်မှ လျင်မြန်စွာ ကျန်ရစ်ခဲ့သော သစ်ပင်များကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။
“ရှင်းပြီးလောက်ပါပြီ။ တိုက်လေယာဉ်တွေက ပုံမှန်ထက် အရမ်းကို အစွမ်းထက်လွန်းတယ်။ သူတို့တင်မကဘူး၊ ကောင်းကင်မိုးကြိုးအင်ပါယာ တစ်ခုလုံးမှာတောင် တိုက်လေယာဉ်ကို ယှဉ်နိုင်တဲ့ လက်နက် ရှိမှာမဟုတ်ဘူး။”
ထန်လုံက ခေါင်းညိတ်လိုက်သည်။
“ပြီးခဲ့တဲ့တစ်ခေါက် ဝံပုလွေနီ ပင်လယ်ဓားပြတွေကို တိုက်တုန်းက ဒီလောက်အရှိန်မြန်တဲ့ သေနတ်တွေ မပါသေးဘူး။ အခု ဒီလက်နက်တွေနဲ့ဆိုရင်တော့ ဆိပ်ကမ်းက လူတွေအတွက် ဆုတောင်းပေးရုံပဲ ရှိတော့တယ်။”
“အမှန်ပဲ။ ငါတို့ လေပြာအင်ပါယာရဲ့ ယီရန်ပင်းအပေါ်ထားတဲ့ မဟာဗျူဟာကို ထပ်ပြီး ပြောင်းလဲဖို့ လိုနေပြီလို့ ငါ ခံစားရတယ်။”
လန်ယုံက လေသံအေးအေးဖြင့် ပြောလိုက်သည်။ ထန်လုံ မျက်မှောင်ကြုတ်သွားခဲ့လေသည်။
“အရှင်မင်းကြီး... ဘာကို ဆိုလိုတာလဲ။”
“သူက အရမ်းလည်း အင်အားကြီးတယ်။ စရိုက်ကလည်း အရမ်းကောင်းတယ်။ အားကိုးထိုက်တဲ့ တကယ့် မဏ္ဍိုင်ကြီး တစ်ခုပဲ မဟုတ်လား။”
လန်ယုံက ပြန်လည် မေးခွန်းထုတ်လိုက်လေသည်။
အခန်း ၁၀၅၈ - လော့လင်တန်ကို အနိုင်ယူခြင်း၊ မုကျူး ဆိပ်ကမ်းသို့ ရောက်ရှိလာခြင်း
ထန်လုံ အနည်းငယ် ကြောင်အသွားခဲ့သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက မေးလိုက်သည်။
“အရှင်... အရှင်မင်းကြီး တကယ်ပဲ ဒီလို ဆုံးဖြတ်လိုက်ပြီလား။”
“ဒီကမ္ဘာက အားကြီးတဲ့သူက အားနည်းတဲ့သူကို အနိုင်ကျင့်တဲ့ သဘာဝရှိတယ်။ ကိုယ်ကိုယ်တိုင် အသိအမှတ်ပြုရတဲ့ အားကြီးတဲ့သူတစ်ယောက်ဆီမှာ ခိုလှုံခွင့်ရတာက ကောင်းချီးတစ်ခုပဲ။”
လန်ယုံက ပြုံးကာ ပြန်ဖြေလိုက်သည်။
ထန်လုံ အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်လိုက်ကာ ဘာမှ ထပ်မပြောတော့ပေ။
ရှောင်းယီ ထုတ်ယူလာသည့် စက်သေနတ်အပေါ့စားများသည် လန်ယုံတို့တပ်ဖွဲ့ကို အမှန်တကယ် တုန်လှုပ်သွားစေခဲ့လေသည်။ အမှန်စင်စစ် လန်ယုံတစ်ယောက်တည်းသာမက လော့လင်တန်သည်လည်း အလားတူပင် အံ့သြမှင်သက်နေခဲ့သည်။
လေပြာအင်ပါယာ၏ တပ်ဖွဲ့များ နန်းမြို့တော်မှ ထွက်ခွာသွားပြီးနောက် လော့လင်တန်သည် လန်ယုံတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း အတွေးနက်နေခဲ့သည်။
ထိုစဉ်သူ့ဘေးရှိ လော့ရယ်က ပြောလိုက်သည်။
“ခမည်းတော်... အခု သမီးတော် ဘာလို့ အဲ့ဒီတုန်းက အကြံပေးခဲ့တယ်ဆိုတာကို နားလည်လောက်ပြီ ထင်ပါတယ်။”
ယခင်က လော့ရယ်သည် ရှောင်းယီထံတွင် တိုက်ရိုက်ခိုလှုံရန် လော့လင်တန်ကို အကြံပေးခဲ့သော်လည်း လော့လင်တန်က ဘာမှမစဉ်းစားဘဲ ငြင်းပယ်ခဲ့ဖူးသည်။
လော့လင်တန်တစ်ယောက် သက်ပြင်းချကာ ခေါင်းညိတ်လိုက်၏။
“သမီးတော် ပြောတာ မှန်ပါတယ်။”
လော့လင်တန်က ထိုသို့ပြောသည်ကို ကြားသောအခါ လော့ရယ်က အံ့သြတကြီးဖြင့် မေးလိုက်သည်။
“ခမည်းတော်... အခု အဲ့ဒီအတိုင်း လုပ်ဖို့ ပြင်နေတာလား။”
“အင်း... မဟာမိတ်ခေါင်းဆောင် ရှောင်းကို အမြော်အမြင်ရှိတဲ့ အုပ်ချုပ်သူတစ်ယောက်လို့ သတ်မှတ်လို့ရတယ်။ ငါတို့ မြင်ခဲ့ရသမျှက ငါတို့ကို ပြချင်လို့ ဟန်ဆောင်ထားတာမျိုး မဟုတ်ဖို့တော့ မျှော်လင့်ရတယ်။”
လော့လင်တန်က လေသံလေးလေးဖြင့် ပြန်ဖြေလိုက်သည်။ လော့ရယ်က ပြုံးလိုက်၏။
“ခမည်းတော်... ဒါ ဟန်ဆောင်တာ မဟုတ်ဘူးဆိုတာ သမီးတော် အာမခံနိုင်ပါတယ်။ သမီးတော်တို့ သူနဲ့ အဆက်အသွယ် သိပ်မရှိခဲ့ပေမဲ့ သူ့ရဲ့ အခုနက လုပ်ရပ်တွေက ကျိန်းသေပေါက် ဇာတ်တိုက်ထားတာ မဟုတ်ပါဘူး။”
လော့လင်တန်က သူမကို ကြည့်ပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။ လော့ရယ်၏ မျက်နှာလေး အနည်းငယ် နီမြန်းသွား၏။
“ခမည်းတော်... ဘာလို့ ရယ်နေတာလဲ။”
“အပြင်လူတစ်ယောက်ကို သမီးတော် ဒီလောက်အထိ ကာကွယ်ပေးတာကို ခမည်းတော် တစ်ခါမှ မမြင်ဖူးလို့ပါ။”
လော့လင်တန်က ရယ်မောရင်း ပြန်ဖြေလိုက်သည်။
“သမီးတော်က အမှန်တရားကို ပြောပြနေတာပါ။ သူ့ကို ကာကွယ်ပြောနေတာ မဟုတ်ပါဘူး။”
လော့ရယ်က ရှင်းပြလိုက်သည်။
“ရှင်းပြနေဖို့ မလိုပါဘူး။ ‘ရှင်းပြတဲ့စကားတွေက ဖုံးကွယ်မှုတွေဖြစ်ပြီး၊ ဖုံးကွယ်မှုတွေကမှ အမှန်တရားပဲ’ ဆိုတဲ့ စကားကို မကြားဖူးဘူးလား။”
လော့လင်တန်က အားရပါးရ ရယ်မောလိုက်သည်။
“ဟွန့်... ခမည်းတော်နဲ့ မပြောတော့ဘူး။”
လော့ရယ်က နှာခေါင်းလေးရှုံ့ကာ မျက်နှာလွှဲသွားတော့သည်။
လေပြာအင်ပါယာ တပ်ဖွဲ့များ လိုက်လံတိုက်ခိုက်နေစဉ်မှာပင် ကျန့်မု မိသားစု တပ်ဖွဲ့များသည် ဆိပ်ကမ်းသို့ နီးကပ်လာခဲ့ပြီဖြစ်သည်။
“သခင်လေး ပစ္စည်းတွေ အကုန်ရွှေ့ပြီးပြီလား မသိဘူး။”
ဘေးမှ စစ်ဗျူဟာမှူးက ပြောလိုက်သည်။
“ငါတို့ နန်မြို့တော်မှာ သူတို့ကို အချိန်အကြာကြီး ဆွဲထားနိုင်ခဲ့တာပဲ။ ရိက္ခာတွေ နှစ်ဆရှိနေရင်တောင် အခုလောက်ဆို ရွှေ့လို့ ပြီးသလောက် ဖြစ်နေလောက်ပါပြီ။”
မုကျူးက ပြုံးကာ ပြန်ဖြေလိုက်သည်။
“မှန်ပါတယ်... သခင်လေးဘက်မှာ အဆင်သင့်ဖြစ်နေသရွေ့ ကျုပ်တို့ ရောက်တာနဲ့ ချက်ချင်း ထွက်သွားလို့ရပြီ။ ဒါဆို အနောက်က လိုက်လာတဲ့ စစ်သားတွေကိုလည်း စိုးရိမ်နေစရာ မလိုတော့ဘူး။”
စစ်ဗျူဟာမှူးက ဆိုသည်။
ကျန့်မုမိသားစု၏ ကင်းထောက်များသည် အနောက်မှ လိုက်လာသော လေပြာအင်ပါယာ တပ်ဖွဲ့များသည် စက်မှုသုံးယာဉ်များကို အသုံးပြုနေကြောင်း ကြိုတင်သိရှိထားကြသည်။ ၎င်းတို့ကဲ့သို့ မြင်းလှည်းများ သို့မဟုတ် ခြေကျင်ခရီးကို အားကိုးနေရခြင်း မဟုတ်ပေ။
သို့သော် ထူးဆန်းသည်မှာ လေပြာအင်ပါယာ တပ်ဖွဲ့များသည် အမှီလိုက်ရန် အလောတကြီး မရှိဘဲ အေးအေးဆေးဆေးပင် အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ၎င်းမှာ သူတို့ကို များစွာ ဇဝေဇဝါ ဖြစ်စေခဲ့လေသည်။ လေပြာအင်ပါယာ၏ တပ်ဖွဲ့များနှင့် လက်နက်များအရ ၎င်းတို့ကို အလွယ်တကူ တိုက်ခိုက်နိုင်သော်လည်း တိုက်ခိုက်ခြင်းမပြုဘဲ အနောက်မှသာ လိုက်နေခြင်းဖြစ်သည်။
မုကျူးက အနည်းငယ် စဉ်းစားပြီးနောက် အမိန့်ပေးလိုက်သည်။
“ငါတို့ ခံစစ်စည်းတွေကို စတင် တည်ဆောက်လို့ ရပြီ။ ဆိပ်ကမ်းနဲ့ နီးနေပြီဆိုတော့ သူတို့ရဲ့ တိုးတက်မှုကို ဟန့်တားရမယ်။ ငါတို့ ဆိပ်ကမ်းဆီကို အလွယ်တကူ ချဉ်းကပ်လို့ မရအောင် လုပ်ရမယ်။”
“ဟုတ်ကဲ့။”
မုကျူး၏ အမိန့်အရ ကျန့်မုမိသားစုသည် ခံစစ်စည်းကို ချက်ချင်းပင် စတင်တည်ဆောက်ကြတော့သည်။ သူတို့၏ လှုပ်ရှားမှုကို လေပြာအင်ပါယာ ကင်းထောက်များက ချက်ချင်း သိရှိသွားပြီး လန်ယုံနှင့် ထန်လုံတို့ထံ သတင်းပို့လိုက်ကြလေသည်။
“ရိုးရိုးလေးပါပဲ။ အမြောက်တွေနဲ့ ဆက်ပြီး ဗုံးကြဲမယ်။ ပြီးမှ ရှေ့တိုးမယ်။”
ထန်လုံက ပြတ်သားသော လေသံဖြင့် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
ကျန့်မုမိသားစု၏ ခံစစ်စည်း တည်ဆောက်၍ မပြီးသေးမီမှာပင် လေပြာအင်ပါယာ၏ အမြောက်ကျည်များမှာ ပျံသန်းရောက်ရှိလာတော့သည်။
ဝုန်း...ဝုန်း...ဝုန်း
“တောက်... ဒီလေပြာအင်ပါယာက ငါတို့ဆီကနေ ပိုက်ဆံတွေ ဘယ်လောက်တောင်ရထားလို့ အမြောက်ကျည်တွေကို ဒီလောက်အထိ အလဟဿ သုံးနေနိုင်ရတာလဲ။”
အနောက်ဘက်မှ ထွက်ပေါ်နေသော အမြောက်သံများကို နားထောင်ရင်း မုကျူးက ဒေါသတကြီး ပြောလိုက်သည်။
“လက်နက်ရောင်းဝယ်ရေးဆိုတာ အမြတ်အစွန်း အရမ်းများတဲ့ လုပ်ငန်းပဲလေ။ ပြီးတော့ သူတို့က အပြင်လူတွေနဲ့ တိုက်ရိုက်ကုန်သွယ်နိုင်တော့ လက်နက်ခဲယမ်းတွေ အများကြီး စုဆောင်းထားနိုင်မှာပဲ။ ဒါကိုတော့ ကျုပ်တို့ ဘာမှမတတ်နိုင်ဘူး။”
စစ်ဗျူဟာမှူးက ကူကယ်ရာမဲ့နေသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။
အမြောက်ဖြင့် တစ်ကျော့ ဗုံးကြဲပြီးနောက် ထန်လုံက သူ၏တပ်များကို ချက်ချင်းပင် ထိုးစစ်ဆင်ရန် အမိန့်ပေးလိုက်တော့သည်။ သူ၏ လက်ရှိတပ်ဖွဲ့တွင် ကာဘိုင်ရိုင်ဖယ် တစ်ထောင်နှင့် စက်သေနတ်အပေါ့စား နှစ်လက် ပါဝင်ပြီး ၎င်းတို့အားလုံးမှာ ယီရန်ပင်းမဟာမိတ် စစ်သားများထံမှ ယာယီလွှဲပြောင်းရယူထားခြင်း ဖြစ်သည်။
ရှောင်းယီ မထွက်ခွာမီက သူ၏စစ်သားများကို ကာဘိုင်ရိုင်ဖယ်များအား လေပြာအင်ပါယာတပ်များထံ လွှဲပေးရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
ကာဘိုင်ရိုင်ဖယ်များနှင့် စက်သေနတ်များ၏ ပစ်အားအောက်တွင် ကျန့်မု မိသားစုအနေဖြင့် ကြိုတင်ပြင်ဆင်ထားသည့် ခံစစ်အခိုင်အမာ မရှိလျှင် မည်သည့်ခံစစ်စည်းကိုမျှ တည်ဆောက်နိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။
“မိသားစုခေါင်းဆောင်...ကျုပ်တို့ ဆိပ်ကမ်းကို ရောက်မှပဲ ပြန်တိုက်ကြရအောင်။ ဒီနေရာမှာ ကျုပ်တို့အတွက် ဘာအခွင့်အရေးမှ မရှိဘူး။”
စစ်ဗျူဟာမှူးက အကြံပြုလိုက်သည်။
“အင်း... အစွမ်းကုန် အရှိန်မြှင့်ပြီး ရှေ့ဆက်ကြ။”
မုကျူးက လေသံလေးလေးဖြင့် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
မကြာမီ ကျန့်မုမိသားစု တပ်ဖွဲ့များ ဆိပ်ကမ်းသို့ ရောက်ရှိသွားကြတော့လေသည်။
“ဟင်? ဆိပ်ကမ်းအဝင်မှာ ဘာလို့ အစောင့်တွေ တစ်ယောက်မှ မရှိတာလဲ။”
ဆိပ်ကမ်းအဝင်တွင် ကင်းစောင့်နေသည့် စစ်သားတစ်ဦးမျှ မတွေ့ရသဖြင့် မုကျူး ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။
“ဖြစ်နိုင်တာက သခင်လေးက ပစ္စည်းတွေ အကုန်ရွှေ့ပြီးလို့ လူအားလုံးကို သင်္ဘောပေါ် စုထားတာ ဖြစ်လိမ့်မယ်။”
စစ်ဗျူဟာမှူးက ခန့်မှန်းကြည့်လိုက်သည်။
“ဒါဆိုရင် ငါတို့ အနောက်က လိုက်လာတဲ့ စစ်သားတွေကို ဒီမှာပဲ ပိတ်ဆို့တိုက်ခိုက်ကြမယ်။”
မုကျူးက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
ဤနေရာသည် မူလကတည်းက ကျန့်မုမိသားစုက တည်ဆောက်ထားသည့် ခံစစ်စည်းဖြစ်သဖြင့် အခိုင်အမာ ကာကွယ်ထားပြီးသားဖြစ်သည်။ ကျန့်မုမိသားစု စစ်သားများသည် အတွင်း၌ ပုန်းအောင်းကာ ပြန်လည် တိုက်ခိုက်ရုံသာ ဖြစ်သည်။
ထိုစဉ်မှာပင် မုကျူးနှင့် အခြားသူများသည် ကျယ်လောင်သော အင်ဂျင်ဟိန်းသံကြီးတစ်ခုကို ကြားလိုက်ရပြီး ငှက်ကြီးတစ်ကောင်ကဲ့သို့ အရာဝတ္ထုတစ်ခု ကောင်းကင်သို့ ပျံတက်သွားသည်ကို မြင်လိုက်ရလေသည်။
“ဒါက ဘာကြီးလဲ။”
မုကျူး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ငါတို့ ဆိပ်ကမ်းထဲကနေ ဒီလိုဟာမျိုးက ဘယ်လိုလုပ်ပြီး ပျံထွက်လာရတာလဲ။”
စစ်ဗျူဟာမှူးသည်လည်း အံ့သြတုန်လှုပ်စွာဖြင့် ခေါင်းခါပြလိုက်သည်။
ကျန့်မုမိသားစုအနောက်မှ ထပ်ကြပ်မကွာ လိုက်လာသော လေပြာအင်ပါယာ တပ်ဖွဲ့များသည်လည်း တိုက်လေယာဉ် ပျံတက်သွားသည်ကို မြင်လိုက်ရ၏။ ထန်လုံက ချက်ချင်း အမိန့်ပေးလိုက်သည်။
“တိုက်ခိုက်တာ ခဏရပ်ပြီး အားလုံး သေသေချာချာ ကြည့်ထားကြ။ နောင်တစ်ချိန်မှာ ငါတို့လည်း ဒီလိုတိုက်လေယာဉ်မျိုးနဲ့ ပျံသန်းခွင့်ရမယ့် အခွင့်အရေး ရှိကောင်းရှိနိုင်တယ်။”
“ဟုတ်ကဲ့။”
လေပြာအင်ပါယာ စစ်သားအားလုံး စိတ်လှုပ်ရှားသွားကြသည်။
ကောင်းကင်ယံသို့ ပျံသန်းရခြင်းမှာ လူအများ၏ အိပ်မက်ပင်ဖြစ်သည်။ ယခင်က မိုးပျံပူဖောင်းများနှင့် လေသင်္ဘောများသာ ရှိခဲ့သော်လည်း ၎င်းတို့မှာ အလွန်နှေးကွေးလှသည်။ တိုက်လေယာဉ်၏ ရင်ခုန်စိတ်လှုပ်ရှားစရာ အရှိန်နှုန်းနှင့်မူ မည်သည့်အရာမျှ မနှိုင်းယှဉ်နိုင်ပေ။
ရှောင်းယီနှင့် အဖွဲ့သည် ကျန့်မုမိသားစု တပ်ဖွဲ့များ ချဉ်းကပ်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ပြန်လည် ပျံတက်လာကြသည်။ ယခင်အတိုင်းပင် ကျန့်မုမိသားစု၏ ပင်မတပ်ဖွဲ့များရှိရာသို့ ထိုးဆင်းကာ လူစုလူဝေး ထူထပ်သော နေရာများသို့ ယမ်းထုပ်များကို ကြဲချလိုက်တော့သည်။
ကောင်းကင်မှ တစ်စုံတစ်ခု ပြုတ်ကျလာသည်ကို မြင်လိုက်ရသောအခါ မုကျူး၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး အော်ဟစ်လိုက်သည်။
“ဖယ်ကြ...လူတိုင်း အမြန်ဖယ်ကြစမ်း။”
သို့သော် နောက်ကျသွားပြီဖြစ်သည်။ စစ်သားများသည် ဘာမှမတုံ့ပြန်နိုင်အားဘဲ သူတို့ဘေးနားသို့ ကျရောက်လာသော ယမ်းထုပ်များကို ကြောင်ကြည့်နေမိကြသည်။
ဝုန်း...ဝုန်း
ပြင်းထန်သော ပေါက်ကွဲမှုများသည် မီတာ ၂၀ ပတ်လည်အတွင်းရှိ စစ်သားအားလုံးကို တစစီ ဆွဲဖြဲပစ်လိုက်သည်။ မီတာ ၂၀ အပြင်ဘက်ရှိ သူများပင်လျှင် ယမ်းထုပ်များတွင် ချည်နှောင်ထားသည့် သံမှိုများနှင့် အပိုင်းအစများ၏ ဒဏ်ကို ခံလိုက်ကြရသည်။
ခဏချင်းမှာပင် ထိုနေရာတစ်ခုလုံး၌ ပြတ်တောက်နေသော ခြေလက်များနှင့် အဆက်မပြတ် အော်ဟစ်သံများဖြင့် ပြည့်နှက်သွားတော့သည်။
“အား... ငါ့လက်။”
“အား... အရမ်းနာတယ်။ ငါ့ခြေထောက် မရှိတော့ဘူး။”
“အား... ငါ့ခေါင်း... အား... ငါ့မျက်လုံးတွေ....။”
ထိုမြင်ကွင်းကို ကြည့်ရင်း အသူရာငရဲဘုံသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရကာ ကျန့်မုမိသားစု စစ်သားအားလုံး၏ ခြေထောက်များမှာ တုန်ယင်လာကြတော့သည်။