အခန်း (၂၉၇-၂၉၈)
Vol. 16 Ch. 297-298
အခန်း (၂၉၇) - နင်းကျော့ စတင်လှုပ်ရှားခြင်း
နင်းကျော့၏ စိုးရိမ်ပူပန်မှုများမှာ အမှန်တကယ်ပင် ဖြစ်လာခဲ့ချေပြီ။ ကျန်းမျိုးနွယ်စုသည် ဆေးဝါးခန်းမကို မျက်စိကျနေခဲ့ခြင်းပင်။
မီးလျှံတောင် မသေမျိုးမြို့တော်ရှိ ချော်ရည်နန်းတော်အတွင်းမှ ဆေးဝါးကုသမှုဆိုင်ရာ အဆောက်အအုံများသည် အဆင့်မြင့်မားလှသဖြင့် စက်မှုယန္တရားများကို ပြင်ဆင်ရန်နှင့် ကျင့်ကြံသူများကို ကုသရန်အတွက် အလွန်ပင် အထောက်အကူပြုလှပေသည်။
မည်သည့်အင်အားစုမဆို ဆေးဝါးခန်းမကို ထိန်းချုပ်နိုင်ပါက ထောက်ပို့ရေးကဏ္ဍတွင် ဩဇာအာဏာ ကြီးမားလာမည်ဖြစ်ရာ ထိုအာဏာသည် အင်အားစုတစ်ခု၏ လွှမ်းမိုးမှုကို အခြားတစ်ဆင့်သို့ မြှင့်တင်ပေးနိုင်သည်။
အကယ်၍ နောင်တစ်ချိန်တွင် ချော်ရည်နန်းတော်ကို လူအများအတွက် ဖွင့်လှစ်ပေးခဲ့ပါက ဆေးဝါးခန်းမသည် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာပေလိမ့်မည်။
ယင်းရှိ အဆောက်အအုံများကြောင့်ပင် နေ့စဉ်နှင့်အမျှ စည်းစိမ်ဥစ္စာများ တောင်ပုံရာပုံ ရရှိမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ကျန်းမျိုးနွယ်စု နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သည့် ရတနာသန့်စင်ခြင်း လုပ်ငန်းသည်ပင် ဤဆေးဝါးခန်းမ၏ အမြတ်အစွန်းကို ယှဉ်နိုင်မည်မဟုတ်ချေ။
အခြားအရာများကို ထားလိုက်ဦးတော့၊ စက်မှုမှော်ရတနာများကို ပြင်ဆင်ပေးသည့် လုပ်ငန်းတစ်ခုတည်းနှင့်တင် အဆမတန် အကျိုးအမြတ် ရရှိနိုင်ပေသည်။
ကျင့်ကြံသူများသည် ချော်ရည်နန်းတော်အတွင်းရှိ အမျိုးမျိုးသော စက်မှုရုပ်သေးများကို ဖြုတ်ယူစစ်ဆေးခြင်းဖြင့် ပညာရပ်ဆိုင်ရာ သတင်းအချက်အလက်များကို ရရှိနိုင်ပြီး စက်မှုပညာရပ်၏ နက်နဲသော အစိတ်အပိုင်းများကို လျင်မြန်စွာ လေ့လာသင်ယူနိုင်ကြပေမည်။
ထိပ်တန်းဂိုဏ်းကြီးသုံးခုမှ ဆင်းသက်လာပြီး ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ပါရဂူများ ဖန်တီးထားသည့် ဤပညာရပ်များသည် တန်ဖိုးဖြတ်မရနိုင်အောင်ပင် ရှိလှသည်။
လောလောဆယ်တွင် နင်းကျော့သည် ဆေးဝါးခန်းမ၊ ဓာတ်ငါးပါး အမြောက်မျှော်စင်နှင့် အမိန့်ပေးစင်မြင့် ဟူသော အဆင့် (၂) ရာထူးသုံးခုကို ရရှိထားရာ ယင်းတို့အနက် ဆေးဝါးခန်းမသည် တန်ဖိုးအရှိဆုံး ဖြစ်နေသည်မှာ အမှန်ပင်ဖြစ်ချေသည်။
အကြောင်းမှာ ဆေးဝါးခန်းမသည် တန်ဖိုးအသစ်များကို ဖန်တီးပေးနိုင်ပြီး ယင်း၏ လက်တွေ့အသုံးဝင်မှုမှာ ကျန်ရာထူးနှစ်ခုထက် များစွာ ပိုမိုကျယ်ပြန့်သောကြောင့် ဖြစ်ပေသည်။
ကျန်းကျန့်သည် နင်းကျော့အား ကိုယ်တိုင်ကိုယ်ကျ လာရောက်ရှာဖွေပြီး ဆေးဝါးခန်းမကို လက်လွှတ်ရန်အတွက် ဈေးနှုန်းတစ်ခု ပြောခိုင်းလေရာ နင်းကျော့မှာ ခပ်ပြုံးပြုံးပင် ဖြစ်သွားရသည်။
မူလက သူသည် ကျန်းမျိုးနွယ်စုမှ ပြင်ဆင်ရေးအဖွဲ့ကို ပွင့်လင်းမြင်သာစွာ မွေးမြူပေးလိုသော်လည်း ယခုအခါတွင်မူ ကျန်းမျိုးနွယ်စုက ဆေးဝါးခန်းမတစ်ခုလုံးကို အပိုင်စီးလိုပြီး အခြားအင်အားစုများကို ဝင်ရောက်စွက်ဖက်ခွင့် မပေးလိုတော့ချေ။
"ဒါဟာ ကျင့်ကြံခြင်း မျိုးနွယ်စုကြီးတွေရဲ့ တကယ့်သဘာဝပဲ" ဟု နင်းကျော့က တွေးတောမိသည်။ ယခင်ကမူ ကျန်းမျိုးနွယ်စုသည် နင်းကျော့ကို ဆွဲဆောင်ရန် ကြိုးစားခဲ့ပြီး အလွန်ပင် ရင်းနှီးဖော်ရွေဟန် ပြသခဲ့သော်လည်း အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်လာသောအခါတွင်မူ ခက်ထန်အေးစက်သော သဘောထားကို ချက်ချင်းပင် ဖော်ပြလာကြတော့သည်။
သူတို့သည် ပြိုင်ပွဲတွင် အနိုင်ရရန်အတွက် အစွမ်းကုန် ကြိုးစားကြမည်ဖြစ်ပြီး ခိုင်မာသော အကျိုးစီးပွားနှင့် ယှဉ်လာလျှင် ယခင်သံယောဇဉ်ဟောင်းများကို အလေးထားတော့မည် မဟုတ်ပေ။
"ကျန်းကျန့်က အခု လာရောက်ဖျောင်းဖျနေတာဟာ ပြိုင်ဆိုင်မှုရဲ့ ပထမခြေလှမ်းပဲ ရှိပါသေးတယ်"။ အကယ်၍ သူသာ ငြင်းပယ်ခဲ့လျှင် ကျန်းမျိုးနွယ်စုထံမှ အစီအစဉ်ပေါင်းများစွာ လိုက်ပါလာမည်ကို နင်းကျော့ ကောင်းစွာ သိရှိနေသည်။
နင်းကျော့က ကျန်းကျန့်အား မကျေနပ်သော အမူအရာဖြင့် ကြည့်ကာ "အစ်ကိုကျန်းကျန့်... နောက်နေတာလား၊ ဆေးဝါးခန်းမလို အရေးကြီးတဲ့ နေရာမျိုးကို ဒီလောက်လွယ်လွယ်နဲ့ ဘယ်လိုလုပ် လက်လွှတ်နိုင်ပါ့မလဲ" ဟု ပြောလိုက်ပြီးနောက် "ကျွန်တော်တို့ စက်မှုမျောက်ကို အတူတူ ဖန်တီးခဲ့တုန်းက အချိန်တွေကို အခုထိ မျက်စိထဲမှာ မြင်နေပါသေးတယ်၊ ဒီနေ့တော့ ကျွန်တော်တို့ မျှမျှတတပဲ ယှဉ်ပြိုင်ကြတာပေါ့" ဟု ဆက်ပြောလိုက်လေသည်။
ကျန်းကျန့်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ခေါင်းခါယမ်းလျက် "နင်းကျော့ရာ... ချော်ရည်နန်းတော်ထဲမှာ ရာထူးတွေ အများကြီး ရှိတာပဲ၊ မင်းတို့ဘက်က ဘာလို့ ဆေးဝါးခန်းမ ရာထူးတွေကိုပဲ ဇွတ်ဖိလုပ်ချင်နေရတာလဲ" ဟု စစ်မှန်သော လေသံဖြင့် မေးမြန်းလေသည်။
"ဒီလိုသာ ဆက်သွားနေရင် နှစ်ဖက်စလုံး အထိနာကုန်လိမ့်မယ်၊ ဒါဟာ ဘယ်သူ့အတွက်မှ မကောင်းဘူး။ အသိတရား ရှိရှိနဲ့ပဲ တစ်ဖက်နဲ့တစ်ဖက် အလျော့ပေးကြတာက အားလုံးအတွက် ပိုအဆင်ပြေစေလိမ့်မယ်"။
နင်းကျော့က အနည်းငယ် ပြုံးလျက် "ဆေးဝါးခန်းမကို စီမံခန့်ခွဲတဲ့နေရာမှာ ကျွန်တော်တို့ဘက်က တာဝန်မပျက်စေရပါဘူး၊ ဒါကြောင့် ကျန်းမျိုးနွယ်စုဘက်ကပဲ နောက်ဆုတ်ပေးပါလို့ တောင်းဆိုပါရစေ" ဟု ပြန်လည် တုံ့ပြန်လိုက်သည်။
နောက်ဆုံးတွင် ကျန်းကျန့်က နှာခေါင်းရှုံ့ကာ "ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါတို့ ကျန်းမျိုးနွယ်စုရဲ့ အင်အားက မင်းတို့ နင်းမျိုးနွယ်စုထက် အပြတ်အသတ် သာလွန်တယ်။ ငါ့မျိုးနွယ်စုက မီးလျှံတောင် မသေမျိုးမြို့တော်မှာ အခြေကျနေတဲ့ မျိုးနွယ်စုဟောင်းကြီးပါ၊ မင်းတို့ နင်းမျိုးနွယ်စုကတော့ မြောက်လေပြည်က လာတဲ့ ခြေသလုံးအိမ်တိုင် အဖွဲ့လေးပဲ ရှိသေးတာ။ တကယ်သာ ယှဉ်ပြိုင်ကြရင် မင်းတို့ ရှုံးမှာ သေချာတယ်၊ နင်းကျော့... မင်း အခြေအနေကို ကောင်းကောင်း သဘောမပေါက်သေးတာလား" ဟု ဆိုလေသည်။
ဤသို့ဖြင့် စေ့စပ်ညှိနှိုင်းမှုသည် ပျက်ပြားသွားရတော့သည်။ နင်းကျော့ကလည်း တည်ငြိမ်သော မျက်နှာထားဖြင့် "ကျွန်တော်တော့ အဲဒီလို မထင်ဘူး၊ တကယ့်လက်တွေ့မှာ ဘယ်သူနိုင်မလဲဆိုတာ ယှဉ်ကြည့်ကြတာပေါ့" ဟု ပြောကာ လှည့်ထွက်လာခဲ့ရာ တွေ့ဆုံမှုသည် မပြေလည်ဘဲ ပြီးဆုံးသွားခဲ့လေသည်။
ဤကိစ္စတွင် သူ အလျော့ပေး၍ မဖြစ်နိုင်ပေ။ အကြောင်းမှာ ဆေးဝါးခန်းမအတွင်း၌ ဒဏ်ရာပြင်းထန်သူများ ကုသဆောင် ရှိနေသောကြောင့် ဖြစ်သည်။
ထိုနေရာသည် နင်းကျော့အတွက် အလွန်အသုံးဝင်လှရာ အမြင်မတော်သော ပစ္စည်းများကို သိမ်းဆည်းရန်သာမက စွန်းလင်ထုံတို့ကဲ့သို့သော သူများနှင့် လျှို့ဝှက်တွေ့ဆုံရန်အတွက်ပါ အလွန်ပင် လုံခြုံစိတ်ချရသော နေရာဖြစ်ပေသည်။
မကြာသေးမီကပင် သူသည် ထိုကုသဆောင်အတွင်း၌ ရေခဲကျောက်စိမ်းနှင်းနှင့် ဆိုင်သော စက်မှုလက်တံကို ဖန်တီးခဲ့သေးသည်။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိချိန်တွင်လည်း ထိုနေရာ၌ပင် ပြုလုပ်ရန် စဉ်းစားထားလေသည်။
ထို့ကြောင့် ကုသဆောင်သည် နင်းကျော့အတွက် အလွန်အရေးပါလှပေသည်။ ဆွေးနွေးပွဲအတွင်း ကျန်းမျိုးနွယ်စုကို လိုက်လျောဟန် ဆောင်ရန် စဉ်းစားခဲ့သော်လည်း အခြေအနေအရ မဖြစ်နိုင်သည်ကို သူ သိရှိလိုက်ရသည်။
အကယ်၍ သူက နောက်ဆုတ်ရန် သဘောတူခဲ့ပါက ကျန်းမျိုးနွယ်စု၏ စရိုက်အရ နောင်တစ်ချိန်တွင် နင်းကျော့အား ဆေးဝါးခန်းမသို့ လွတ်လပ်စွာ ဝင်ထွက်ခွင့် ပြုလိမ့်မည် မဟုတ်ပေ။
သူတို့ဘက်က သဘောတူခဲ့လျှင်ပင် နင်းကျော့ တစ်ဦးတည်းကိုသာ ခွင့်ပြုမည်ဖြစ်ပြီး အခြားနင်းမျိုးနွယ်စုဝင်များကို ပိတ်ပင်ထားမည်မှာ အသေအချာပင်။ ထိုသို့ဖြစ်လာပါက ခေါင်းဆောင်တစ်ဦးအနေဖြင့် အများအကျိုးကို လျစ်လျူရှုကာ ကိုယ်ကျိုးရှာသူဟု အထင်ခံရပေလိမ့်မည်။
"ဒီကိစ္စကတော့ နည်းနည်း လက်ဝင်နေပြီ..." ဟု နင်းကျော့က ဆေးဝါးခန်းမမှ ထွက်လာရင်း တွေးတောနေမိသည်။ စီယိုဥယျာဉ်သို့ သွားရောက်ခဲ့စဉ်ကပင် သူသည် ချော်ရည်နန်းတော်ကို ထိန်းချုပ်နိုင်ရန်အတွက် အသက်ပေး၍ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ချက် ခိုင်မာခဲ့ပြီး ဖြစ်ပေသည်။
ယခုအခါ နန်းတော်သခင် ရာထူးအတွက် ပြိုင်ဆိုင်မှုသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူသည် နန်းတွင်းစာမေးပွဲကိုသာ စောင့်မျှော်နေရတော့သည်။
ဤစာမေးပွဲသည်သာ နင်းကျော့အတွက် နန်းတော်သခင် ရာထူးကို ရယူနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်လေသည်။
"နန်းတော်သခင် ဖြစ်လာဖို့ဆိုရင် နန်းတွင်းစာမေးပွဲမှာ ထိပ်ဆုံးက အောင်မြင်ရမယ်။ စာမေးပွဲ ဖြေဆိုခွင့်ကတော့ ရရှိထားတဲ့ အကျိုးပြုမှုအပေါ်မှာ မူတည်နေတယ်။ ဒါပေမဲ့ ဒီနေရာမှာ ငါက အားနည်းချက် အကြီးကြီး ရှိနေတာပဲ"။
ဤသည်မှာ နင်းကျော့၏ အကြီးမားဆုံးသော စိုးရိမ်မှုပင်။ ယခင်က မသေမျိုးနန်းတော်ကို ဖောက်ခွဲခဲ့မှုကြောင့် သူ၏ အကျိုးပြုမှု အမှတ်များသည် အနှုတ်ပြနေခဲ့သည်။
ထို့နောက်တွင် တာဝန်များစွာကို ထမ်းဆောင်ကာ အမှတ်များစွာ ရယူခဲ့သော်လည်း ယခုအချိန်အထိ သူ၏ အမှတ်များမှာ ရှက်ဖွယ်ကောင်းလောက်အောင်ပင် အနှုတ်လက္ခဏာ ပြနေဆဲ ဖြစ်လေသည်။
ထို့ပြင် မကြာသေးမီကပင် ဓာတ်ငါးပါး အမြောက်တပ် အရာရှိအဖြစ် မီးလျှံတောင်ခြေကို ပစ်ခတ်ခဲ့သဖြင့် မီးလျှံနတ်ဆိုး သားရဲများ ထွက်ပေါ်လာခဲ့ရသည်။
ယခုအခါ ထိုသားရဲများက ချော်ရည်နန်းတော်ကို ဆက်တိုက် တိုက်ခိုက်နေကြရာ နန်းတော်အတွင်း ပျက်စီးဆုံးရှုံးမှုများအတွက် နင်းကျော့တွင် တာဝန်ရှိနေပြန်သည်။
ထို့နောက်တွင်လည်း သူသည် နဂါးလိပ် မီးလျှံဝိညာဉ်နှင့် ပူးပေါင်းကာ သားရဲများကို တမင်လွှတ်ပေးခဲ့သဖြင့် ရာဇဝင်မှတ်တမ်းဆောင် ပျက်စီးသွားရသည်။ ထိုဆုံးရှုံးမှုများအတွက် နင်းကျော့ကိုသာ အပြစ်ပုံချကြပေလိမ့်မည်။
"ဒါပေမဲ့ ဒီကိစ္စတွေကို အပြီးသတ် စာရင်းမတွက်ရသေးဘူး" ဟု သူက တွေးသည်။ စာရင်းဇယားများ ထွက်လာပါက သူ၏ အကျိုးပြုမှု အမှတ်များသည် တွင်းနက်ကြီးတစ်ခုကဲ့သို့ အဆမတန် နည်းပါးနေမည်ကို နင်းကျော့ ခန့်မှန်းမိလေသည်။
"စာမေးပွဲ မတိုင်ခင် ဒီတွင်းနက်ကြီးကို အရင်ဆုံး ဖို့ရမယ်။ ဖို့ရုံတင် မကဘူး၊ စာမေးပွဲ ဖြေဆိုခွင့်ရဖို့အတွက် အမှတ်တွေ အများကြီး ရထားမှ ဖြစ်မယ်"။
ဤအခြေအနေတွင် နင်းကျော့ တစ်ဦးတည်း၏ ကြိုးစားမှုဖြင့် အမှတ်ရှာရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ သူ့ရှေ့တွင် ရှိနေသော တစ်ခုတည်းသော လမ်းစမှာ အခြားသူများ၏ အင်အားကို အသုံးချရန်ပင် ဖြစ်တော့သည်။
နင်းမျိုးနွယ်စု၊ ကျန်းမျိုးနွယ်စုနှင့် ကျိုးမျိုးနွယ်စုတို့မှ ပြင်ဆင်ရေးအဖွဲ့များ၊ မြို့စားမင်းဂေဟာဘက်မှ လူများအားလုံး၏ အင်အားကို ပေါင်းစပ်နိုင်မှသာ နင်းကျော့အတွက် စာမေးပွဲ ဖြေဆိုခွင့်ရရန် အခွင့်အလမ်း ရှိပေလိမ့်မည်။
ထို့ကြောင့် ကျန်းမျိုးနွယ်စုနှင့် ကျန်းကျန့်အား ရင်ဆိုင်ရာတွင် နင်းကျော့အတွက် အလွန်လက်ဝင်နေခြင်း ဖြစ်ပေသည်။ သူတို့ကို အလွယ်တကူ နှိမ်နင်း၍လည်း မရသလို၊ အလျှော့ပေးလိုက်၍လည်း မဖြစ်ပေ။
သူသည် တိုက်ပွဲ၏ အခြေအနေကို သေချာစွာ ထိန်းချုပ်ကာ သူ့အတွက် အကျိုးအရှိဆုံး ရလဒ်ထွက်ပေါ်လာအောင် ဆောင်ရွက်ရမည် ဖြစ်သည်။
နက်နက်ရှိုင်းရှိုင်း စဉ်းစားပြီးနောက် ထိုနေ့ မွန်းလွဲပိုင်းတွင်ပင် နင်းကျော့ စတင်လှုပ်ရှားလေတော့သည်။ သူသည် နင်းမျိုးနွယ်စုဝင် တစ်စုကို ဦးဆောင်ကာ လမ်းဘေးတွင် စောင့်ဆိုင်းနေခဲ့သည်။
တိုက်ပွဲတစ်ခု ပြီးဆုံးသွားချိန်တွင် စက်မှုမှော်ရတနာများသည် မြစ်ရေကဲ့သို့ စီးဆင်းကာ နောက်ဆုတ်သွားကြသည်။
နင်းကျော့က လူအုပ်ရှေ့တွင် ရပ်ကာ "ဟိုမှာတွေ့လား စက်မှုတိုင်ကြီး... နင်းယုံ၊ အဲဒါကို သွားယူလိုက်စမ်း" ဟု ညွှန်ပြလိုက်သည်။
နင်းယုံသည် အားကုန်ခုန်ထွက်ကာ ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ထိုစက်မှုတိုင်ကို စက်မှုတပ်စုထဲမှ ဆွဲထုတ်ကာ နင်းကျော့ထံသို့ သယ်ဆောင်လာခဲ့သည်။
နင်းကျော့က ထိုတိုင်ကို မြေပြင်ပေါ်တွင် ချခိုင်းပြီး နင်းယုံနှင့်အတူ ပြင်ဆင်ရေး တာဝန်ကို ယူလိုက်လေသည်။ ၎င်းမှာ လူအများ ပူးပေါင်းဆောင်ရွက်ရမည့် တာဝန်မျိုး ဖြစ်ပေသည်။
နင်းကျော့က ဒူးထောက်ကာ စတင်ပြင်ဆင်ပြီး နင်းယုံက ဘေးမှ စောင့်ကြည့်နေသည်။ ခေတ္တမျှအတွင်းမှာပင် နင်းကျော့က တိုင်၏ အပြင်ဘက်အလွှာကို ဖွင့်ထုတ်လိုက်ပြီး အတွင်းဘက်ရှိ အဆောက်အအုံများကို ဖော်ထုတ်ပြသလိုက်သည်။
တိုင်၏ အတွင်းပိုင်းမှာ အခေါင်းပွဖြစ်ပြီး နံရံများတွင် ဝိညာဉ်အင်းကွက်များစွာ ရှိနေကာ ကြေးဝါရောင် ဂီယာများနှင့် ဆံချည်မျှင်ကဲ့သို့ သေးသွယ်သော ရွှေချည်မျှင်များစွာ ရှိနေသည်။
ထိုရွှေချည်မျှင်များနှင့် ကြေးဂီယာများသည် ရှုပ်ထွေးစွာ ရောယှက်နေပြီး အချို့မှာ အထုပ်အထွေး ဖြစ်နေသဖြင့် နင်းယုံမှာ ကြည့်ရင်းပင် ခေါင်းနားပန်း ကြီးသွားရသည်။
နင်းကျော့၏ မျက်လုံးများက တောက်ပသွားပြီး "သိပ်တော့ အခက်ကြီး မဟုတ်ပါဘူး၊ ကြေးဂီယာအချို့ကို လဲလှယ်ပြီး ရွှေချည်မျှင်တွေရဲ့ လမ်းကြောင်းကို ပြန်ပြင်လိုက်ရင် ရပြီ" ဟု ဆုံးဖြတ်လိုက်သည်။
သူသည် အခက်ခဲဆုံးနှင့် အနုစိတ်ဆုံး အစိတ်အပိုင်းများကို အောင်မြင်စွာ ပြုပြင်လိုက်ပြီး နင်းယုံကလည်း ဘေးမှ အသေအချာ လေ့လာနေသည်။
နောက်ဆုံးအဆင့်သို့ ရောက်သောအခါ နင်းကျော့သည် သူ၏ သိုလှောင်မှု အဆောင်လက်ဖွဲ့ထဲမှ အဆောင်ပုံစံများ ပါဝင်သော အနုစိတ်လှသည့် ကြေးဝါရောင် ဝရိန်စက်ကို ထုတ်ယူလိုက်သည်။
နင်းကျော့က နင်းယုံအား ဂီယာများ၏ ထောင့်ကို ချိန်ညှိရန် လမ်းညွှန်ပေးသည်။ နင်းယုံသည် ဂီယာတစ်ခုစီကို ချိန်ညှိတိုင်း မန္တန်တစ်ခုကို ရွတ်ဆိုကာ တစ်ခုချင်းစီ တပ်ဆင်ရသည်။
သူသည် နင်းကျော့၏ အမိန့်ကို တသေဝမတိမ်း လိုက်နာခဲ့သည်။ နင်းကျော့ ဘာခိုင်းခိုင်း သူက စဉ်းစားမနေဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ သူ၏ အဓိက ထူးခြားချက်မှာ အမိန့်နာခံမှုပင် ဖြစ်ပေသည်။
နင်းယုံ ပြုပြင်ပြီးသွားသောအခါ စက်မှုတိုင်သည် ပြန်လည် မတ်တပ်ရပ်လာပြီး ခြေလေးချောင်းကို ဖွင့်ကာ နောက်ဆုတ်နေသော စက်မှုတပ်စုထဲသို့ ပြန်လည် ပြေးဝင်သွားတော့သည်။
ထို့နောက်တွင် နင်းကျော့က အကျိုးပြုမှု အမှတ်များကို စတင်ခွဲဝေလေသည်။ အမှတ်များကို လုပ်ဆောင်ချက်အလိုက် ခွဲဝေပေးခြင်း ဖြစ်သော်လည်း လုပ်ဆောင်ချက်ကို တိုင်းတာရန်မှာ ခက်ခဲလှသည်။
ယင်းမှာ နင်းကျော့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် နဂါးလိပ် မီးလျှံဝိညာဉ်၏ အမြင်အပေါ်တွင်သာ မူတည်ပေသည်။
ရာဇဝင်မှတ်တမ်းဆောင် ပျက်စီးသွားကတည်းက နင်းကျော့သည် မီးလျှံဝိညာဉ်နှင့် အဆက်အသွယ် ပြတ်တောက်နေခဲ့ရာ ယခုအခါ မေတ္တာဂေဟာပြင်ဆင်ရေးစခန်း အကြီးအကဲဖြစ်သော နင်းကျော့၏ တစ်ဦးတည်းသော ဆုံးဖြတ်ချက်သာ ဖြစ်နေတော့သည်။
အကြီးအကဲတစ်ဦးအနေဖြင့် သူသည် မြင့်မြတ်သော သူတော်စင်တစ်ဦးကဲ့သို့ပင် မိမိအတွက် အမှတ်များကို အနည်းဆုံးသာ ယူပြီး ကျန်အမှတ်အများစုကို နင်းယုံအား ပေးလိုက်လေသည်။
ထို့ကြောင့် နင်းယုံ၏ အကျိုးပြုမှု အမှတ်များသည် များစွာ တိုးတက်လာပြီး သမားတော်အဖြစ် တာဝန်ယူနိုင်သည့် အဆင့်သို့ ချက်ချင်းပင် ရောက်ရှိသွားတော့သည်။
နင်းယုံသည် ယခင်ကတည်းက အမှတ်အချို့ကို စုဆောင်းထားပြီးသားလည်း ဖြစ်သည်။
နင်းကျော့က နင်းယုံအား မေတ္တာဂေဟာပြင်ဆင်ရေးစခန်းကို ချက်ချင်းသွားစေပြီး သမားတော်တစ်ဦးအနေဖြင့် အမှတ်များ ဆက်လက်ရှာဖွေရန် စီစဉ်ပေးလိုက်သည်။
ထို့နောက် သူက လူအုပ်ကို ပြန်ကြည့်ကာ "နောက်တစ်ယောက် ဘယ်သူလဲ" ဟု မေးလိုက်သည်။
နင်းချန်က ရှေ့သို့ တိုးထွက်လာပြီး "သခင်လေး... ကျွန်တော်ပါ" ဟု ပြောလေသည်။
"သတိထားဦး၊ ကျန်းကျန့်ဘက်က ကျင့်ကြံသူတစ်ယောက် ငါတို့ကို အနီးကပ် စောင့်ကြည့်နေတယ်။ သူဟာ ကျန်းကျန့် လွှတ်လိုက်တဲ့ ထောက်လှမ်းရေး ကျင့်ကြံသူ ဖြစ်ရမယ်"။
နင်းကျော့က ရယ်မောကာ "ဒါက ဘာမှ မဟုတ်ပါဘူး၊ ငါတို့ လုပ်နေတာတွေက အများအကျိုးအတွက်ပဲလေ" ဟု ဆိုပြီးနောက် "ကျန်းကျန့် တစ်ယောက်တည်းနဲ့တော့ ငါတို့ရဲ့ တက်ကြွနေတဲ့ အရှိန်အဝါကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ဆက်လုပ်ကြစို့" ဟု အားပေးလိုက်သည်။
"ဟုတ်ကဲ့ပါ" အားလုံးက တညီတညွတ်တည်း ပြန်လည် ဖြေကြားလိုက်ကြရာ သူတို့၏ စိတ်ဓာတ်မှာလည်း မိုးထိအောင် မြင့်မားနေတော့သည်။
အခန်း (၂၉၈)လုပ်ကြံမှု
အလတ်စား စက်မှုသားရဲတစ်ကောင်သည် ၎င်း၏ခြေလက်များကို လှုပ်ရှားလျက် ကျန်းကျန့်နှင့် သူ၏အဖွဲ့ထံမှ လျင်မြန်စွာ ထွက်ခွာသွားချေသည်။
သို့သော် ကျန်းကျန့်၏ အာရုံမှာမူ သူ၏ဘေးရှိ ကျန်းမျိုးနွယ်စု ကျင့်ကြံသူထံ၌သာ ရှိနေပြီး "ဘယ်လိုလဲ" ဟု မေးလိုက်၏။
ထိုကျန်းမျိုးနွယ်စု ကျင့်ကြံသူ၏ မျက်နှာတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေကာ "ထူးဆန်းလိုက်တာ၊ ငါခွဲတမ်းရတဲ့ အကျိုးပြုမှုတွေက နည်းနည်းလေးရယ်။ တစ်ယောက်တည်း လုပ်တာထက်တောင် ပိုနည်းနေသေးတယ်" ဟု ပြန်ပြောလေသည်။
ကျန်းကျန့်၏ မျက်နှာအမူအရာမှာ ပို၍ပင် တင်းမာသွားပြီး ဘာစကားမျှ မဆိုတော့ပေ။
သူ့ပတ်ဝန်းကျင်ရှိ ကျန်းမျိုးနွယ်စု ကျင့်ကြံသူများမှာလည်း များစွာ နားမလည်နိုင်အောင် ဖြစ်နေကြရသည်။
၎င်းတို့သည် နင်းကျော့၏ လုပ်ဆောင်ပုံကို အတုယူခဲ့ကြသော်လည်း ရလဒ်များမှာ အဘယ်ကြောင့် ဤမျှအထိ ကွာဟနေရသည်ကို မတွေးတတ်အောင် ရှိနေကြခြင်းပင်။
နင်းကျော့၏ မြှင့်တင်ပေးမှုကြောင့် နင်းမျိုးနွယ်စု ကျင့်ကြံသူများမှာမူ တစ်ဦးပြီးတစ်ဦး အကျိုးပြုမှုများ အရှိန်အဟုန်နှင့် တိုးတက်လာကာ ဆေးဝါးခန်းမဆီသို့ အပြိုင်အဆိုင် ချီတက်နေကြပြီ ဖြစ်သည်။
ကျန်းကျန့်ဘက်တွင်မူ ကျန်းကျန့်ကိုယ်တိုင် နှောင့်နှေးကြန့်ကြာသွားရုံသာမက အခြားသူများ၏ အကျိုးပြုမှု ရရှိမှုများမှာလည်း အားရစရာ လုံးဝမရှိခဲ့ပေ။
"နောက်တစ်ခေါက် ထပ်စမ်းကြည့်ကြမလား" ဟု ကျန်းမျိုးနွယ်စု ကျင့်ကြံသူတစ်ဦးက အကြံပြုသည်။
ကျန်းကျန့်က ခေါင်းခါယမ်းလျက် "တော်ပြီ၊ ငါတို့ သုံးကြိမ်တောင် စမ်းပြီးပြီပဲ၊ ထပ်စမ်းနေဖို့ မလိုတော့ဘူး" ဟု ဆိုလိုက်၏။
ထိုစဉ် သူသည် ဆေးဝါးခန်းမအတွင်း စူးစမ်းလေ့လာခဲ့သည်များကို ပြန်လည် စဉ်းစားနေမိသည်။
ကျန်းကျန့်သည် သူ၏ မွေးရာပါပါရမီဖြစ်သော 'ငရဲဘုံသို့ ထိုးဖောက်အမြင်' ကို အမြဲတစေ အသုံးချနေသူ ဖြစ်သည်။
သူဝင်ရောက်၍မရသော အခန်းအချို့နှင့် ကြုံတွေ့ရသည့်အခါ ထိုပါရမီကို အသုံးပြု၍ သွယ်ဝိုက်သောနည်းဖြင့် စမ်းသပ်လေ့ရှိ၏။
အခြားအခန်းများမှာ ထူးထူးခြားခြား မရှိလှသော်လည်း ဒဏ်ရာပြင်းထန်သူများ ကုသဆောင် တံခါးဝသို့ ရောက်ရှိချိန်၌မူ ထိုးဖောက်ဝင်ရောက်လိုသော စိတ်ဆန္ဒကြောင့် 'ငရဲဘုံသို့ ထိုးဖောက်အမြင်' မှာ နိုးကြားလာခဲ့ရသည်။
ထိုစဉ် သူ၏နှလုံးသားထဲမှ ရုတ်တရက် သတိပေးချက်တစ်ခု ပေါ်ထွက်လာပြီး အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ပါက သေချာပေါက် အသက်ဆုံးရှုံးလိမ့်မည်ဟု သတိပေးနေခြင်းပင်။
"ဆေးဝါးခန်းမ တစ်ခုလုံးမှာ ဒဏ်ရာပြင်းထန်သူများ ကုသဆောင်က တစ်ခုတည်းပဲ ရှိတာ။"
"အထဲမှာ တစ်ခုခုတော့ ရှိနေမှာပဲ။"
"နင်းကျော့က အထဲကို နှစ်ခေါက်တောင် ဝင်သွားပြီးပြီ၊ ဒါပေမဲ့ ငါကတော့ အဲ့ဒီနဲ့ ပတ်သက်တဲ့ တာဝန်တစ်ခုတောင် မတွေ့မိသေးဘူး။"
ထိုသို့ တွေးတောရင်း ကျန်းကျန့်က ဘေးနားရှိလူများကို ပြောလိုက်သည်မှာ "နင်းကျော့က တစ်ချိန်က ဗုဒ္ဓနှလုံးသားဂိုဏ်းရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရဖူးတယ်၊ အဲ့ဒါကြောင့် သူ အကုန်မထုတ်ပြောသေးတဲ့ လျှို့ဝှက်ချက်အချို့ ရှိနေနိုင်သေးတယ်။"
"အဲ့ဒီလျှို့ဝှက်ချက်တွေထဲမှာ ဗုဒ္ဓနှလုံးသားဂိုဏ်းက ချော်ရည်နန်းတော်ထဲကို ခိုးဝင်ပြီး စဉ်ဆက်မပြတ် စူးစမ်းခဲ့တဲ့ ရလဒ်တွေ ပါနေမှာ အသေအချာပဲ။"
"အဲ့ဒါကြောင့်လည်း သူက တာဝန်တွေကို ခွဲဝေပေးပြီး သူ့ရဲ့ အပေါင်းအဖော်တွေကို မြှင့်တင်ပေးနိုင်နေတာပေါ့။"
"ဒါပေမဲ့ ဒါက ဘာမှမဟုတ်ပါဘူး။"
"နင်းမျိုးနွယ်စုဆိုတာက မျိုးနွယ်စုကြီး သုံးခုထဲမှာ အောက်ဆုံးအဆင့်ပဲ ရှိတာပါ။
ငါတို့မျိုးနွယ်စုကသာ အင်အားအစစ်အမှန်ကို ထုတ်သုံးလိုက်မယ်ဆိုရင် အားကြီးသူနဲ့ အားနည်းသူကြားက ကွာခြားချက်က အထင်အရှား ပေါ်လာလိမ့်မယ်။ သူလို ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်ပဲ ရှိသေးတဲ့ လူမမယ်လေး နင်းကျော့ကတော့ ဟားဟား၊ ကြာကြာခံမှာ မဟုတ်ပါဘူး။"
"ငါတို့က သင့်တော်တဲ့ အချိန်ကို စောင့်နေဖို့ပဲ လိုတာ။"
ကျန်းကျန့်အနေဖြင့် နင်းကျော့နှင့် နင်းမျိုးနွယ်စုကို တရားဝင်နည်းလမ်းများဖြင့် မယှဉ်နိုင်ကြောင်း သိရှိသွားသောအခါ ၎င်း၏ မိသားစုအင်အားကို အသုံးချ၍ မျိုးနွယ်စုအဆင့် ပြိုင်ဆိုင်မှုများကို စတင်ရန် ပြင်ဆင်လေတော့သည်။
ကောင်းကင်ယံ၌မူ -
မီးလျှံနဂါးတစ်ကောင်မှာ ဝဲပျံနေချေသည်။
မီးလျှံမြွေများမှာ ဦးချိုများ ပေါက်လာသည့်အခါ နဂါးအသွင်သို့ ကူးပြောင်းသွားကြပြီး အများစုမှာ ပျံသန်းနိုင်စွမ်းကို ရရှိကြသည်။
ရွှေအမြုတေအဆင့်ရှိ အရှိန်အဝါများမှာ နေရာအနှံ့သို့ လွှမ်းခြုံထား၏။
ဤကဲ့သို့သော မီးလျှံနတ်ဆိုး သားရဲကို ချော်ရည်နန်းတော်အတွင်းရှိ မှော်ရတနာများဖြင့်သာ ယှဉ်ပြိုင်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။
တာအိုဆရာ သို့မဟုတ် မိစ္ဆာစစ်သူကြီး အဆင့်ရှိသော စက်မှုလက်နက်များကို အသုံးမပြုပါက တွန်းလှန်ရန် ခဲယဉ်းပေလိမ့်မည်။
အခြေအနေကို ကယ်တင်ရန်အတွက် နင်းကျိုဖန်နှင့် ကျန်းတန်လျန်တို့မှာ တစ်ချိန်တည်းနီးပါး ရောက်ရှိလာကြသည်။
ကျန်းတန်လျန်သည် စက်မှုရုပ်သေးတစ်ရုပ်ကို ကိုင်ဆောင်လျက် နင်းကျိုဖန်အား ပြုံး၍ ကြည့်ကာ "ညီနောင်နင်း၊ ငါ့လက်ထဲက စက်မှုလက်နက်က ဒီနဂါးရဲ့ အသက်ကို နှုတ်နိုင်မလားဆိုတာ ခန့်မှန်းကြည့်ပါဦးလား" ဟု ဆိုသည်။
နင်းကျိုဖန်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး "သေချာပေါက် နှုတ်နိုင်မှာပေါ့" ဟု ပြန်ပြောလိုက်ရ၏။
ထိုအခါ ကျန်းတန်လျန်က စက်မှုလက်နက်ကို စတင် အသက်သွင်းလိုက်သည်။
လက်နက်၏ ဓားသွားမှာ သရဲပုံရိပ် အလင်းတန်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ တဖျတ်ဖျတ် တောက်ပသွားချေသည်။
နောက်တစ်ခဏ၌ပင် ကောင်းကင်တွင် ဟိန်းဟောက်ဝဲပျံနေသော မီးလျှံနဂါးမှာ ခေါင်းနှင့် ကိုယ် တခြားစီ ပြတ်တောက်သွားတော့သည်။
၎င်း၏ နတ်ဆိုးအမြုတေမှာ ခန္ဓာကိုယ်ထဲမှ လွင့်စင်ထွက်ကာ မြေပြင်သို့ ကျဆင်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားရရှာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်း၏ အသက်ဝိညာဉ် ချုပ်ငြိမ်းသွားခဲ့ရ၏။
နင်းကျိုဖန်၏ မျက်ဝန်းများမှာလည်း ရုတ်တရက် ကျဉ်းမြောင်းသွားရသည်။
ကျန်းတန်လျန်က လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရာ သူ၏မျက်ဝန်းထဲမှ အနီရောင်အလင်းမှာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ခုနက အေးဆေးတည်ငြိမ်သယောင် ပြနေသော်လည်း အမှန်စင်စစ် သူသည် ရှိသမျှ အင်အားကို အကုန်အသုံးချခဲ့ရခြင်း ဖြစ်သည်။
ထိုတစ်ကြိမ် အသက်သွင်းမှုကပင် သူ၏ ရွှေအမြုတေ စွမ်းအား၏ လေးဆယ်ရာခိုင်နှုန်းကို ကုန်ဆုံးစေခဲ့သည်။
စွမ်းအားကုန်ဆုံးမှုမှာ ကြောက်ခမန်းလိလိ ဖြစ်သော်လည်း ရလဒ်မှာမူ ထူးကဲလှသဖြင့် နင်းကျိုဖန်ကို ကောင်းကောင်းကြီး ခြိမ်းခြောက်နိုင်ခဲ့ပေသည်။
"ညီနောင်နင်း၊ ဂုဏ်ယူပါတယ်၊ မင်းမှန်အောင် ခန့်မှန်းနိုင်ခဲ့တယ်" ဟု ကျန်းတန်လျန်က ဆက်လက်ပြောကြားပြီး "ကဲ၊ အခု ကြည့်လိုက်ပါဦး၊ ဒီစက်မှုလက်နက်က ဆေးဝါးခန်းမကိုပါ သိမ်းပိုက်နိုင်မလားဆိုတာကို" ဟု မေးခွန်းထုတ်လိုက်ပြန်သည်။
နင်းကျိုဖန်မှာ ခေတ္တမျှ ဆိတ်ဆိတ်နေပြီးနောက် "နိုင်တာပေါ့" ဟု လေသံတိုးတိုးဖြင့် ပြန်လည် ဖြေကြားလိုက်ရလေတော့သည်။
...
နင်းကျော့သည် နင်းကျိုဖန်၏ စာကြည့်ခန်းထဲသို့ လျှောက်လှမ်းဝင်လာခဲ့၏။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူသည် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး နင်းမျိုးနွယ်စု ပြင်ဆင်ရေးအဖွဲ့ဝင် အများစုကို ဆေးဝါးခန်းမအတွင်းသို့ ရောက်ရှိအောင် မြှင့်တင်ပေးနိုင်ခဲ့သည်။
ဆေးဝါးခန်းမသို့ ရောက်ရှိသည်နှင့် သူ၏ ရာထူးကို အသုံးပြု၍ နင်းမျိုးနွယ်စု ပြင်ဆင်ရေးအဖွဲ့ဝင်များအတွက်သာ ကောင်းမွန်သော တာဝန်များကို သီးသန့်ခွဲဝေပေးခဲ့သဖြင့် ၎င်းတို့မှာ ပိုမိုမြင့်မားသော ဆုလာဘ်များကို ရရှိနေကြသည်။
လက်ရှိတွင် ဆေးဝါးခန်းမရှိ ရာထူးနေရာများအတွက် ပြိုင်ဆိုင်မှု၌ နင်းမျိုးနွယ်စုသည် ကျန်းမျိုးနွယ်စုကို အပြတ်အသတ် အနိုင်ရရှိထားပြီ ဖြစ်သည်။
နင်းကျိုဖန်က ချောင်းတစ်ချက်ဟန့်ကာ ထိုင်ခုံတစ်ခုကို ညွှန်ပြလျက် "အရင် ထိုင်ဦး" ဟု ဆိုသည်။
နင်းကျော့ ထိုင်လိုက်၏။
"ဒါကို အရင်ကြည့်လိုက်ဦး" ဟု ဆိုကာ နင်းကျိုဖန်က ကျောက်စိမ်းပြား အချို့ကို ကမ်းပေးလိုက်သည်။
နင်းကျော့သည် ကျောက်စိမ်းပြားကို သူ၏ နဖူးတွင် ကပ်လိုက်ပြီး စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရာ ထိုအရာများမှာ နင်းမျိုးနွယ်စု ပင်မမျိုးနွယ်စုမှ ပေးပို့လာသော အစီရင်ခံစာများနှင့် အကူအညီတောင်းခံစာများ ဖြစ်နေသည်ကို တွေ့ရှိရသည်။
စာများထဲတွင် ကျန်းမျိုးနွယ်စုက နင်းမျိုးနွယ်စု၏ လုပ်ငန်းအတော်များများကို နည်းမျိုးစုံဖြင့် နှောင့်ယှက်တိုက်ခိုက်နေကြောင်း ပါရှိသည်။
ကျန်းမျိုးနွယ်စုသည် နေရာအနှံ့အပြားတွင် နင်းမျိုးနွယ်စုကို ပစ်မှတ်ထား တိုက်ခိုက်နေသဖြင့် နင်းမျိုးနွယ်စုမှာ ရှေ့ဆက်ရန် ခက်ခဲနေရခြင်းပင်။
အကူအညီတောင်းခံစာ အချို့မှာ မှောင်ခိုဈေးကွက်ရှိ နင်းမျိုးနွယ်စု၏ အုပ်ချုပ်ရေးမှူးဟောင်းများထံမှ ဖြစ်သည်။
နင်းကျော့ ထိန်းချုပ်ထားသော မှောင်ခိုဈေးကွက်မှာလည်း မကြာခဏဆိုသလို ပြဿနာများနှင့် ရင်ဆိုင်နေရပြီး ၎င်းမှာ ကျန်းမျိုးနွယ်စု၏ နောက်ကွယ်မှ လက်ချက်ဖြစ်ကြောင်း ထင်ရှားလှသည်။
နင်းမျိုးနွယ်စု ပင်မအဖွဲ့အစည်း၏ အကာအကွယ် မရှိတော့သဖြင့် မှောင်ခိုဈေးကွက်မှာ ယခုအခါ အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
နင်းကျော့က နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ "ကျန်းမျိုးနွယ်စုက ဆေးဝါးခန်းမကို ရဖို့ တော်တော်လေး စိတ်ပိုင်းဖြတ်ထားပုံပဲ" ဟု ဆိုသည်။
သူသည် နင်းကျိုဖန်ကို ကြည့်ကာ "ဘိုးဘေး၊ ကျွန်တော်တို့ကို လက်လျှော့ခိုင်းဖို့ ခေါ်လိုက်တာလား" ဟု မေးလိုက်၏။
နင်းကျိုဖန်က တိုက်ရိုက်အဖြေမပေးဘဲ "နင်းကျော့၊ မင်းကော ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲ" ဟု ပြန်မေးသည်။
နင်းကျော့ အတန်ကြာအောင် စဉ်းစားနေမိသည်။
သူသည် စာကြည့်ခန်းထဲတွင် သုံးပတ်ခန့် လမ်းလျှောက်နေပြီးနောက် နင်းကျိုဖန်၏ ရှေ့တွင် ရပ်ကာ စိတ်မသက်မသာ ဖြစ်နေသော လေသံဖြင့် "ကျန်းမျိုးနွယ်စုက အင်အားကြီးတယ်၊ ဒါကြောင့် သူတို့နဲ့ ထိပ်တိုက်မတွေ့သင့်ဘူးဆိုတာ မှန်ပါတယ်" ဟု ဆိုလိုက်၏။
"ဒါပေမဲ့ အခွင့်အရေးတစ်ခုတော့ ရှိနေသေးတယ်လို့ ကျွန်တော်ထင်တယ်။"
"ကျွန်တော်တို့ အကြီးအကဲ ကျူးရွှမ်းကျိကို အကူအညီတောင်းလို့ ရတာပဲ။"
နင်းကျိုဖန်က ခေါင်းခါယမ်းလျက် "ကျန်းမျိုးနွယ်စုရဲ့ လှုပ်ရှားမှုတွေက ငါတို့ နင်းမျိုးနွယ်စုကိုပဲ တိုက်ရိုက်ပစ်မှတ်ထားတာ၊ ဒါက သူတို့ကြားမှာ နားလည်မှုယူထားတဲ့ နည်းလမ်းတွေပဲ။ အကြီးအကဲ ကျူးရွှမ်းကျိက ငါတို့ဘက်ကနေ သိသိသာသာ ဘယ်လိုလုပ် ပါပေးနိုင်မှာလဲ" ဟု ဆိုသည်။
နင်းကျော့က "ဒါဆိုရင် အကြီးအကဲ မုန့်ခွေကို တရားမျှတမှုအတွက် တောင်းဆိုကြတာပေါ့" ဟု ဆိုပြန်သည်။
နင်းကျိုဖန် ခေတ္တမျှ မှင်တက်သွားပြီးမှ ခေါင်းခါကာ "ဒါက မသင့်တော်ဘူး။ ငါတို့မျိုးနွယ်စုက ကျူးရွှမ်းကျိ၊ ကျန်းမျိုးနွယ်စု၊ ကျိုးမျိုးနွယ်စုတို့နဲ့ မဟာမိတ်ဖွဲ့ထားပြီးပြီလေ။ အကြီးအကဲ မုန့်ခွေကို ကြားဝင်ပေးဖို့ တောင်းဆိုတာက မဟာမိတ်ကို သစ္စာဖောက်သလို ဖြစ်သွားလိမ့်မယ်" ဟု ပြန်ပြောလေသည်။
နင်းကျော့က "ဒီအတွက် နည်းလမ်းရှိပါတယ်။ ဥပမာ ကျွန်တော်က မျိုးနွယ်စုကနေ ခွဲထွက်လိုက်ပြီး အဖွဲ့ခွဲတစ်ခုကို ဦးဆောင်ပြီး မုန့်ခွေဆီမှာ ခိုလှုံလိုက်မယ်လေ" ဟု ဆိုသည်။
"တကယ်တော့ ပြင်ဆင်ရေးအဖွဲ့ဝင် အားလုံးနီးပါးက မျိုးနွယ်စုခွဲတွေကချည်းပဲ။"
"တကယ်လို့ မုန့်ခွေက ကျွန်တော်တို့ကို အကာအကွယ်ပေးနိုင်တယ်ဆိုရင် ကျွန်တော်တို့ လက်လျှော့စရာ မလိုတော့ဘူးပေါ့။"
"ဟောဒီ လူမိုက်လေး၊ မင်းက မျိုးနွယ်စုကို ထပ်ပြီး ခွဲချင်ပြန်ပြီလား" ဟု ဆိုကာ နင်းကျိုဖန်က စိတ်တိုတိုဖြင့် နင်းကျော့၏ ခေါင်းကို ခေါက်လိုက်လေသည်။
ဤတစ်ကြိမ်တွင်မူ နင်းကျော့က ခေါင်းကို မော့ထားပြီး သူ၏မျက်ဝန်းများမှာ ပြတ်သားမှုများဖြင့် တောက်ပနေကာ "ဘိုးဘေး၊ ကျွန်တော့်ရဲ့ အကြံအစည်က ဖြစ်နိုင်ချေရှိမရှိကိုပဲ ပြောပြပေးပါ" ဟု ဆိုသည်။
နင်းကျိုဖန် အနည်းငယ် အံ့အားသင့်သွားရ၏။
သေချာပြန်လည် စဉ်းစားကြည့်လိုက်သောအခါ၊.. တကယ်ပဲ ဖြစ်နိုင်ချေ ရှိနေသည် မဟုတ်လော။
မုန့်ခွေအနေဖြင့် မဟာမိတ်အဖွဲ့ကို ဖြိုခွဲချင်နေသည်မှာ လူတိုင်းအသိပင် ဖြစ်သည်။
ထိုသို့မဟုတ်ပါက သူသည် သူ၏ရာထူးကို အသုံးချ၍ ဤကဲ့သို့သော ဗျူဟာများကို ခင်းကျင်းနေမည် မဟုတ်ပေ။
တကယ်လို့ နင်းကျော့ကသာ မျိုးနွယ်စုကို ခွဲထွက်ပြီး မုန့်ခွေထံတွင် ခိုလှုံသွားမည်ဆိုလျှင် မုန့်ခွေအနေဖြင့် ဝမ်းမြောက်ဝမ်းသာ လက်ခံပေလိမ့်မည်။
ထို့နောက် ထိုအကြောင်းပြချက်ကို အသုံးချကာ နင်းမျိုးနွယ်စု၏ ကိစ္စရပ်များတွင် သူက တရားဝင် ဝင်ရောက်စွက်ဖက်နိုင်ခွင့် ရရှိသွားပေမည်။
နင်းမျိုးနွယ်စု၏ အတွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခွင့် ရသည်နှင့် မြို့စားမင်းဂေဟာအနေဖြင့်လည်း မဟာမိတ်အဖွဲ့နှင့် အခြားမျိုးနွယ်စုများ၏ ကိစ္စရပ်များတွင် အခွင့်ကောင်းယူကာ နှောင့်ယှက်နိုင်မည် ဖြစ်သည်။
သို့သော် နင်းကျိုဖန်က သေချာစွာ ပြန်လည် စဉ်းစားပြီးနောက် နင်းကျော့၏ အကြံပြုချက်ကို ငြင်းပယ်လိုက်ပြန်သည်။
မျိုးနွယ်စုကို ခွဲထုတ်ခြင်းက အန္တရာယ် များလွန်းလှသည် မဟုတ်လော။
နင်းကျော့က သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်ကာ "တကယ်လို့ ပြင်ပအကူအညီကို အသုံးချလို့ မရဘူးဆိုရင်တော့ ကျန်းမျိုးနွယ်စုနဲ့ အပေးအယူလုပ်ဖို့ပဲ ရှိတော့တာပေါ့" ဟု ဆိုသည်။
နင်းကျိုဖန်က "ကောင်းပြီလေ နင်းကျော့။ မင်းရဲ့ အသက်အရွယ်နဲ့ အခြေအနေအရ လိုတိုးပိုလျှော့ လုပ်တတ်တာက တကယ်ကို ချီးကျူးစရာပါပဲ" ဟု ဆိုသည်။
နင်းကျော့က နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ "ကျွန်တော်ကတော့ ကျန်းကျန့်ကို တရားမျှတစွာ အနိုင်ယူချင်တာပါ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ မိသားစုက အင်အားမရှိဘူးလေ။ ကျွန်တော် ကျန်းကျန့်ကို နောက်တစ်ကြိမ် ထပ်တွေ့ပြီး အပေးအယူလုပ်ဖို့ ကမ်းလှမ်းလိုက်ပါ့မယ်။ သက်ပြင်း... ကျွန်တော်တို့ကတော့ အလကားသက်သက် လက်လျှော့လိုက်လို့ မဖြစ်ဘူးလေ၊ ဟုတ်တယ်မလား" ဟု ဆိုလေသည်။
နင်းကျိုဖန်က ခေါင်းညိတ်ကာ "အေး၊ အဲ့ဒီလိုပဲ လုပ်ကြတာပေါ့" ဟု ဆိုသည်။
နင်းကျော့၏ ဂါရဝပြုစာမှာ ကျန်းကျန့်၏ လက်ထဲသို့ ပထမဆုံး ရောက်ရှိသွားချေသည်။
စာကို ဖတ်ပြီးနောက် ကျန်းကျန့်က အခြားသူများကို ကမ်းပေးလိုက်၏။
ကျန်းမျိုးနွယ်စု ပြင်ဆင်ရေးအဖွဲ့ဝင်များမှာ ဝမ်းသာအားရ ရယ်မောကြပြီး ၎င်းတို့၏ စိတ်ဓာတ်များမှာလည်း မြင့်တက်လာကြသည်။
"ခေါင်းဆောင်၊ ခေါင်းဆောင် ခန့်မှန်းထားတာ တကယ်မှန်တာပဲ၊ နင်းကျော့ တကယ်ပဲ အရှုံးပေးလိုက်ပြီ"
"သူက အကန်ခံရမှ ဦးညွှတ်တတ်တာပဲ။ ဒါက သနားစရာ မကောင်းလွန်းဘူးလား"
"အေးဆေးပြောတုန်းက မရဘူး၊ အခုမှ လာပြီးတော့၊ ဟားဟား၊ သူ တကယ်ပဲ ထိုက်တန်တာကို ရတာပါပဲ။ ကျွန်တော့်အမြင်အရတော့ သူ့ကို တွေ့နေဖို့ မလိုပါဘူး။ သူက သူ့ကိုယ်သူ ဘာများ ထင်နေလို့လဲ"
ကျန်းကျန့်က ခေါင်းခါယမ်းကာ "နင်းကျော့က တကယ်တော့ စွမ်းဆောင်ရည် အချို့ရှိပါတယ်" ဟု ဆိုသည်။
"မင်းတို့ ဘာပဲပြောပြော၊ ငါကတော့ သူ့ရဲ့ စက်မှုပညာရပ်ကို တော်တော်လေး လေးစားမိတယ်။"
"သူ့ကို နောက်တစ်ခေါက် ထပ်တွေ့ပြီး သူစာထဲမှာ ပြောထားတဲ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးကြည့်တာ ဘာမှမဖြစ်ပါဘူး။
နင်းကျော့နှင့် ကျန်းကျန့်တို့ ပြန်လည် ဆုံတွေ့ကြသည်။
ကျန်းကျန့်က လက်အုပ်ချီလျက် "ညီအစ်ကိုနင်း" ဟု နှုတ်ဆက်လိုက်၏။
သူသည် မာနထောင်လွှားခြင်း မရှိသော်လည်း သူ၏မျက်နှာပေါ်ရှိ အပြုံးမှာ မျိုးနွယ်စုကြီးတစ်ခု၏ သာလွန်မှုကို ဖော်ပြနေပေသည်။
နင်းကျော့က သက်ပြင်းအရှည်ကြီး ချလိုက်ကာ "ညီအစ်ကို ကျန်းကျန့်၊ ဒီတစ်ခါ ကျွန်တော် ရှုံးတာက ကျွန်တော် မင်းကို ရှုံးတာမဟုတ်ဘဲ နင်းမျိုးနွယ်စုက ကျန်းမျိုးနွယ်စုကို ရှုံးတာပါ" ဟု ဆိုလိုက်သည်။
ကျန်းကျန့်က ခေါင်းညိတ်လျက် "အတိအကျပဲ။ ကဲ၊ မင်းစာထဲမှာ ရေးထားတဲ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောကြရအောင်လေ" ဟု ဆိုသည်။
နင်းကျော့က ထပ်မံ သက်ပြင်းချကာ "လူအများအပြား လုပ်ဆောင်ရတဲ့ တာဝန်တစ်ခုမှာ ကျွန်တော့်ရဲ့ အပေါင်းအဖော်တွေရဲ့ အောင်မြင်မှုကို သိသိသာသာ တိုးတက်စေနိုင်တဲ့ နည်းလမ်းတစ်ခုကို ကျွန်တော် တတ်မြောက်ထားတယ်ဆိုတာ မင်းသိမှာပါ" ဟု ဆိုသည်။
ကျန်းကျန့် ခေါင်းညိတ်ပြ၏။
နင်းကျော့က "မင်းတို့ ကျန်းမျိုးနွယ်စုအတွက် ကျွန်တော် ကူညီပေးနိုင်ပါတယ်။ မင်းတို့လူတွေကို သမားတော်တွေ မြန်မြန်ဖြစ်လာအောင် ကျွန်တော် လုပ်ပေးနိုင်တယ်" ဟု ဆိုသည်။
"တစ်ယောက်ယောက်က သမားတော် ဖြစ်လာပြီဆိုရင် ဆေးဝါးခန်းမရဲ့ အသုံးအဆောင်တွေနဲ့ သမားတော်တွေအတွက်ပဲ သီးသန့်ရှိတဲ့ တာဝန်တွေကို အသုံးပြုပြီး ကျန်းမျိုးနွယ်စု ကျင့်ကြံသူတွေရဲ့ တိုးတက်မှုက အံ့ဩစရာကောင်းလောက်အောင် ဖြစ်လာလိမ့်မယ်"
ကျန်းကျန့် စိတ်ဝင်စားသွားပြီး "မင်းရဲ့ အကြံပြုချက်က စိတ်ဝင်စားစရာပဲ။ ဒါဆိုရင် ငါ့ဘက်က ပြန်ပြီး ဘာပေးရမှာလဲ" ဟု မေးသည်။
နင်းကျော့က အသက်ကို ဝဝရှူလိုက်ပြီး "ကျွန်တော့်ရဲ့ နင်းမျိုးနွယ်စုအတွက် ဆေးဝါးခန်းမထဲမှာ ရာထူးနေရာ အနည်းငယ် လိုချင်တယ်" ဟု ပြောလိုက်၏။
ကျန်းကျန့်က ချက်ချင်းပင် ခေါင်းခါယမ်းကာ "ဒါက လုံးဝမဖြစ်နိုင်ဘူး" ဟု ဆိုသည်။
နင်းကျော့က သွားကို တင်းတင်းကြိတ်လျက် "ဒါဆိုရင် ကျွန်တော့်တစ်ယောက်တည်းအတွက်ပဲ ရာထူးတစ်ခု ချန်ထားပေးမယ်ဆိုရင်ကော" ဟု မေးပြန်သည်။
ကျန်းကျန့်က ထပ်မံ ခေါင်းခါပြန်ကာ "ညီအစ်ကိုနင်းကျော့၊ မင်းကို ဆေးဝါးခန်းမထဲမှာ ထားခဲ့ဖို့ ငါ မဝံ့ရဲဘူး။ တကယ်တော့ သမားတော်ထက် မြင့်တဲ့ ရာထူးတွေ ရှိသေးတယ်လေ၊ ပြီးတော့ ရာထူးမြင့်လေလေ ရာထူးနေရာက ရှားပါးလေလေပဲ" ဟု ဆိုသည်။
"တကယ်လို့ ငါတို့က မင်းကို ဆေးဝါးခန်းမထဲမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးလိုက်လို့ တစ်နေ့မှာ မင်းက ဆေးဝါးခန်းမရဲ့ အရှင်သခင်၊ ဆိုလိုတာက အမြင့်ဆုံး ရာထူးကို ရသွားမယ်ဆိုရင် ကျန်းမျိုးနွယ်စု တစ်ခုလုံးနဲ့ ငါ ကျန်းကျန့်ဟာ ရယ်စရာ ဖြစ်မသွားပေဘူးလား"
"ဒီလောက်တောင်မှ လက်မခံနိုင်ဘူးလား" ဟု ဆိုကာ နင်းကျော့က ကျန်းကျန့်ကို စိုက်ကြည့်လိုက်သည်။
ကျန်းကျန့်က "လုံးဝ မရဘူး" ဟု ပြတ်ပြတ်သားသား ငြင်းဆိုလိုက်၏။
ဖလပ် -
တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
ကျန်းကျန့်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး သူ၏ ရင်ဘတ်မှ ထိုးထွက်လာသော ဓားဖျားကို မယုံကြည်နိုင်စွာဖြင့် ငုံ့ကြည့်လိုက်ရရှာသည်။
လက်တစ်ဖက်တည်းသုံး ဓားတစ်စင်မှာ သူ၏ နောက်ကျောဘက်မှနေ၍ နှလုံးသားကို ဖောက်ထွက်ကာ ရင်ဘတ်ရှေ့သို့ ထွက်ပေါ်လာခြင်းပင်။
နင်းကျော့မှာလည်း ခေတ္တမျှ မှင်တက်သွားပြီးနောက် ရုတ်တရက် နောက်သို့ ဆုတ်ကာ "လုပ်ကြံသူ၊ လုပ်ကြံသူ" ဟု အော်ဟစ်လိုက်လေတော့သည်။
သူ၏ အော်ဟစ်သံမှာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး အနီးအနားတွင် ရှိနေသော ကျန်းမျိုးနွယ်စု ပြင်ဆင်ရေးအဖွဲ့ဝင်များမှာ ကူညီရန် အပြေးအလွှား ရောက်ရှိလာကြသည်။
ထိုအခါ သူတို့သည် ကျန်းကျန့်ကို သတ်ဖြတ်လိုက်သော ယန်ချန်ယွီက ၎င်း၏ ဓားကို ပြန်လည် သိမ်းဆည်းလိုက်သည်ကို မြင်တွေ့လိုက်ရ၏။
ကျန်းကျန့်မှာ မျက်လုံးအစုံ ပြူးလျက် မြေပြင်ပေါ်သို့ လဲကျသွားပြီး အသက်ဝိညာဉ် လုံးဝ ချုပ်ငြိမ်းသွားခဲ့ရလေပြီ။
'ပုရစ်ဟောင်းပညာရပ်' ကို ကျင့်ကြံထားသော ယန်ချန်ယွီသည် စွမ်းအင်များကို စုဆောင်းထားပြီး လုပ်ကြံသတ်ဖြတ်မှုများတွင် အလွန်ထူးချွန်သူ ဖြစ်သည်။
ယခင်က အင်အားကြီးမားသော လော့ရှန်ပင်လျှင် သူမ၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရဖူးသည်။
ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်မျှသာ ရှိသေးသော ကျန်းကျန့်မှာမူ ပြောနေရန်ပင် မလိုတော့ပေ။
"ခေါင်းဆောင်"
"အကြီးအကဲ"
"မိစ္ဆာမ၊ ငါ မင်းကို အသေသတ်မယ်"
ကျန်းမျိုးနွယ်စု ကျင့်ကြံသူများမှာ အလွန်အမင်း ဒေါသထွက်သွားကြပြီး ၎င်းတို့၏ သွေးနှင့် သတ္တိများမှာ ပေါက်ကွဲထွက်ကာ ရွှေအမြုတေအဆင့်ရှိသော ယန်ချန်ယွီကိုပင် မကြောက်မရွံ့ဘဲ တိုက်ခိုက်ရန် ပြင်ကြလေသည်။
သို့သော် ယန်ချန်ယွီက ၎င်းတို့ကို လျစ်လျူရှုကာ နင်းကျော့ထံသို့သာ ဦးတည်၍ တိုက်ခိုက်လိုက်၏။
နင်းကျော့က အကူအညီတောင်းကာ အော်ဟစ်နေစဉ် သူ၏ 'ဆီကြည်အလွှာ ရွှန်းမြအဆောင်' မှာ အလိုအလျောက် ပွင့်လာပြီး တောက်ပသော အကာအကွယ် အလွှာတစ်ခုကို ဖန်တီးပေးလိုက်သည်။
ယန်ချန်ယွီ၏ ဓားချက်များမှာ ထိုအကာအကွယ် အလွှာကြောင့် အရာမထင်ဘဲ ဖြစ်နေရသည်။
"စိတ်ဝင်စားစရာပဲ" ဟု ဆိုကာ သူမသည် တိုက်ခိုက်မှုကို ရုတ်တရက် ရပ်တန့်လိုက်ပြီး အရှေ့တောင်ဘက်သို့ လှမ်းကြည့်လိုက်ကာ "နောက်တစ်ခါကျမှ မင်းအသက်ကို လာနှုတ်မယ်၊ သစ္စာဖောက်လေး" ဟု ဆိုလိုက်၏။
နင်းကျော့ကို အေးစက်စက် တစ်ချက်ကြည့်ကာ ထိုစကားများကို ပြောကြားပြီးနောက် သူမသည် ကောင်းကင်ယံသို့ ပျံတက်သွားလေတော့သည်။
မြေပြင်ပေါ်တွင် လဲကျကျန်ရစ်သော နင်းကျော့မှာမူ သူ၏ ထိတ်လန့်တုန်လှုပ်မှုများကို ဖုံးကွယ်နိုင်ခြင်း မရှိဘဲ ချွေးစေးများ ပြန်ကာ ကြောက်လန့်တကြား ဖြစ်နေရှာလေတော့သည်။