စက္ကူ ကြိုးကြာ
Vol. 27 Ch. 372
"အခုတော့ ကျုပ် ခင်ဗျားကို ဘာနဲ့ ခြိမ်းခြောက်နေလဲဆိုတာ သေချာသိသွားပြီမလား" စုမင်၏ အေးစက်စက် စကားသံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။
အဘွားအို၏ အမူအယာမှာ အလျင်အမြန် ပြောင်းလဲသွားပြီး ထိုအင်အားအောက်တွင် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် အလိုလို ဆုတ်လိုက်မိသည်။ သူမမျက်ဝန်းများမှာ ကျဉ်းမြောင်းသွားပြီး စုမင်၏ ညာဘက်လက်ညှိုးကို စိုက်ကြည့်ကာ အသက်ကိုပင် ခပ်ပြင်းပြင်း ရှူရှိုက်လိုက်မိချေ၏။
"မာန်နတ်ဘုရားရဲ့ စွမ်းအား..."
ထိုစွမ်းအားသည် အချိန်တစ်ခဏလေးသာ ထွက်ပေါ်လာခဲ့ပြီး သဲလွန်စမကျန်အောင်ပင် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ ၎င်းက ဤနေရာတွင် ဘယ်တုန်းကမျှ ရှိမနေခဲ့ဖူးသလို ခံစားရလုနီးပါးပင် ဖြစ်သည်။ စုမင်၏ ညာဘက်လက်ညှိုးမှ ဆံချည်မျှင်သည်လည်း လောင်ကျွမ်းမှု ရပ်တန့်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိုဧရိယာအတွင်းရှိ အင်အားရပ်မှာလည်း ချက်ချင်းပျောက်ကွယ်သွားသည်။ ထိုဧရိယာအတွင်း ရှိနေခဲ့သော အင်အားများမှာ ပျောက်ကွယ်သွားပြီး စုမင်၏ လွင့်မျောနေသော ဆံပင်များမှာလည်း အောက်သို့ ပြန်လည်ပြုတ်ကျသွားသည်။ သူ့အဝတ်အစားများသည်လည်း လေထဲတွင် တဖျပ်ဖျပ် လှုတ်ခတ်နေခြင်း မရှိတော့ချေ။ သို့သော် စုမင်ကတော့ ထိုနေရာတွင် ကျောက်တောင်ကြီးတစ်ခုသဖွယ် ရပ်နေဆဲသာဖြစ်သည်။ အဘွားအိုကို စိုက်ကြည့်နေသော သူ့အကြည့်မှာ အေးစက်လို့နေသည်။ စုမင်၏ လက်ချောင်းပေါ်ရှိ ဆံချည်မျှင်သည် ယခင်ကလိုပင် အရှိန်ဝါ တစ်စွန်းတစ်စမျှ ထွက်ပေါ်နေခြင်း မရှိတော့သော်လည်း သူမသည် ၎င်း၏ ပေါက်ကွဲထွက်ပေါ်လာသော တည်ရှိမှုကို ယခုပင် မျက်မြင်တွေ့ခဲ့ရပြီးပြီဖြစ်၍ အဘွားအို၏ အသက်ရှူသံက လျင်မြန်နေလေသည်။
စုမင်၏ ညာဘက်လက်ညှိုးကို သူမ စိုက်ကြည့်လိုက်မိ၏။ ယခင်က သူမထိုလက်ညှိုးကို စစ်ဆေးခဲ့ဖူးသော်လည်း ဘာကိုမှ အာရုံမခံမိခဲ့ပေ။ ဤအကြောင်းရင်းကြောင့်ပင် သူမသည် မာန်နတ်ဘုရား၏ စွမ်းအားဆိုသော အရာကို အထင်သေးခဲ့မိခြင်း ဖြစ်သည်။
အဆုံးတွင်တော့ သုမသည် ရှာမန်တစ်ဦးသာ ဖြစ်ပြီး မာန်စွမ်းအားရှင်တစ်ယောက် ဟုတ်မနေခဲ့ချေ။ မာန်နတ်ဘုရားဆိုသည်ကိုလည်း အသိအမှတ်မပြုခဲ့ချေ။
သူမသည် လေ့ကျင့်ခြင်းများမှသာ စွမ်းအားကို ရရှိနိုင်မည်ဟု အခိုင်အမာ ယုံကြည်ထားသူတစ်ဦး ဖြစ်သည်။ ဘယ်လောက်ပင် အားကောင်းနေပါစေ ပြင်ပစွမ်းအားက ပြင်ပစွမ်းအားသာ ဖြစ်သည်။ အဆုံးသတ်ရှာမန် တစ်ဦးဖြစ်သော သူမ၏ စွမ်းအားကြောင့် ရိုးရေစတေးနယ်ပယ်မှ အားနည်းသော မာန်စွမ်းအားရှင်တစ်ဦးအနေဖြင့် ကြီးမားသော ပြင်ပစွမ်းအားတစ်ခုကို ထိန်းချုပ်၍ သူမကို ချက်ချင်းသတ်ဖြတ်နိုင်လိမ့်မည်ဟု သူမ မယုံကြည်ခဲ့ပေ။
သို့သော် ဤအခိုက်အတန့်တွင်တော့ သူမနံဖူးတွင် ချွေးသီးချွေးပေါက်များ ကျစီးနေခဲ့ချေပြီ။ မာန်နတ်ဘုရား၏ စွမ်းအားကို မျက်မြင်ကြုံတွေ့လိုက်ရသော တစ်ခဏတွင် သူမနှလုံးသားအတွင်းမှ အကြောက်တရားများ မြင့်တက်ထွက်ပေါ်လာခဲ့သည်။ ထိုတည်ရှိမှု ထွက်ပေါ်လာသောအခါ သူမသည် ပြန်လည်တိုက်ခိုက်ရန်ပင် မစဉ်းစားနိုင်ခဲ့ချေ။ သူမကို လုံးဝဖိနှိပ်ထားခဲ့ပြီး သူမစိတ်သည်ပင် ဗလာဖြစ်သွားခဲ့သည်။ စုမင်သာ သူမကို သတ်ချင်လျှင် ထိုလက်ချောင်း၏ စွမ်းအားအောက်တွင် သူမ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ကြောင်း သေချာသိသွားခဲ့သည်။
အဘွားအိုတစ်ယောက် အကြောက်တရားတို့ဖြင့် ပိတ်မိနေစဉ် စုမင်သည်တော့ သူမကို အေးတိအေးစက်သာ စိုက်ကြည့်နေလိုက်သည်။ သူ့မျက်ဝန်းများ တောက်ပသွားပြီး ဧရိယာတစ်ဝိုက် တိတ်ဆိတ်ငြိမ်သက်သွားစဉ်မှာပင် အမျိုးသမီးတစ်ဦး၏ ကျက်သရေရှိသော တိတ်ဆိတ်မှုအလယ်တွင် ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။
"ဘွားဘွား၊ သူ့ကို သွားခိုင်းလိုက်ပါ"
၎င်းစကားသံသည် အဝေးမှ လျှောက်လှမ်းလာနေသော အမျိုးသမီးထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သူမသည် အဖြူရောင်ဝတ်ရုံ တစ်ထည်ကို ဝတ်ဆင်ထားပြီး အဘွားအို၏အနားသို့ ရောက်သည်အထိ ရွေ့လျားလာခဲ့သည်။ ဆံပင်ရှည်များကို ပုခုံးထက်သို့ ဖြန့်ချထားသော သူမသည် မယုံနိုင်လောက်အောင်ပင် လှပလွန်းလှ၏။ ထိုနေရာတွင် ရပ်နေသည့် သူမပုံစံမှာ
နက်ရှိုင်းသော ဆောင်းဦးရေကန် တစ်ခုသဖွယ်ပင် ဖြစ်သည်။
သူမသည်ကား ဆောင်းဦးပင်လယ် မျိုးနွယ်စု၏ မြင့်မြတ်သော မိန်းမပျို ဝမ်ချိုးပင် ဖြစ်သည်။
စုမင်အကြည့်များက သူမကိုဖြတ်ကျော်သွားခဲ့သည်။ သူစကားတစ်ခွန်းမျှ မဆိုတော့ပဲ နောက်သို့သာ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး အလင်းတန်းရှည် တစ်ခုအသွင်ဖြင့် မှောင်မည်းနေသော ကောင်းကင်ယံဆီသို့သာ ဦးတည်လိုက်လေသည်။ ထို့နောက် မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ချေ၏။
စုမင် ပျောက်ကွယ်သွားပြီးချိန်မှာပင် အဘွားအို၏ မျက်နှာက အတန်ငယ် ဖြူဖျော့နေဆဲဖြစ်သည်။ မာန်နတ်ဘုရား၏ စွမ်းအား ထွက်ပေါလာခဲ့သော အချိန်တစ်ခဏတာသည် အဘွားအိုအတွက် ဖျောက်ဖျက်ပစ်နိုင်ရန် ခက်ခဲသော မှတ်ဉာဏ်နှင့် အကျိုးသက်ရောက်မှုတစ်ခု ချန်ထားရစ်ခဲ့၏။
"ကျွန်မ အရမ်း အလျင်စလို လုပ်မိသွားတယ်၊ ဘွားဘွား" လှပသော မိန်းမပျိုသည် မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်သည်။ သူမသည်လည်း ထိတ်လန့်တုန့်လှုပ်သွားခဲ့ရသည်။ ဤသည်မှာ သူမအတွက်လည်း မာန်နတ်ဘုရား၏ စွမ်းအားဟုခေါ်သော အရာ၏ အင်အားကို ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်း ဖြစ်သည်။
အဘွားအိုသည် အချိန်အတော်ကြာ ငြိမ်သက်နေခဲ့ပြီးမှ ခေါင်းခါယမ်းလိုက်သည်။
"အဲဒီလို ခွန်အားမျိုးနဲ့ မာန်နတ်ဘုရားရဲ့ စွမ်းအား၊ ငါတို့ သူ့ကို လျှော့တွက်မိခဲ့တာပဲ။ မင်း မတောင်းဆိုရင်တောင် မာန်နတ်ဘုရားရဲ့ စွမ်းအားဆိုတာကို အတွေ့အကြုံရဖို့ ငါဒီလို လုပ်ဖြစ်ခဲ့မိမှာပဲ။ ဆရာကုန်းစီရဲ့ အဆင့်ချိုးဖျက်မှုအတွက် အကူအညီဖြစ်ကောင်း ဖြစ်နိုင်တယ်။ အခုဖြစ်သွားခဲ့တဲ့အရာကို မင်းမှတ်တမ်းတင်ထားခဲ့လား"
စုမင် ထွက်ခွာသွားရာဘက်ဆီသို့ ကြည့်နေသော အဘွားအို၏ မျက်နှာထက်တွင် ရှုပ်ထွေးသော အမူအယာတစ်ခု ရှိနေခဲ့သည်။
မိန်းမပျိုက အသာအယာ ခေါင်းညိမ့်ပြလာ၏။ သူမညာလက်ကို မြှောက်လိုက်သည်နှင့် သူမလက်ထဲတွင် လက်တစ်ဝါးစာ အရွယ်ခန့်ရှိသော ရှေးဟောင်းမှန်တစ်ချပ် ထွက်ပေါ်လာခဲ့သည်။ မှန်အထက်တွင် မြူခိုး အလွှာတစ်ခုရှိနေပြီး မိန်းမပျိုက ၎င်းကို ဘယ်လက်ဖြင့် ထိလိုက်သောအခါ မြူများအားလုံး မှန်ထဲသို့ ချက်ချင်းစုပ်ယူခံလိုက်ရသည်။ မှန်ဆီမှ စူးရှသော အလင်းတန်းတစ်ခု တိုးထွက်လာပြီး ပတ်ဝန်းကျင်ဧရိယာတစ်ဝိုက်ရှိ လေဟာနယ်ကို စတင်ပုံပျက်လာစေသည်။
ထိုသို့ ပုံပျက်လာရင်းမှပင် ပုံရိပ်ယောင်မြင်ကွင်းတစ်ခု ထွက်ပေါ်လာပြီး လေထုထဲတွင် ရုပ်ပုံများ ပေါ်လာခဲ့သည်။ ထိုရုပ်ပုံများမှာ စုမင်နှင့် အဘွားအိုတို့၏ အမှန်တစ်ကယ်တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပဲ လောကစွမ်းအားများကိုသာ သုံး၍ တိုက်ခိုက်ခဲ့သော တိုက်ပွဲပုံရိပ်များ ဖြစ်သည်။
၎င်းက ကွက်ကွက်ကွင်းကွင်း ဖြစ်ပြီး မာန်နတ်ဘုရား၏ စွမ်းအားအတွင်းမှ ဖိနှိပ်သော လေထုကိုပင် မူလအခြေအနေအတိုင်း ရှင်းရှင်းလင်းလင်း ထိန်းသိမ်းထားလေသည်။
"စိတ်မကောင်းစရာပဲ။ ကျွန်မတို့နဲ့ အဲဒီစုမင်ရဲ့ ဆက်ဆံရေးအရဆိုရင် အနာဂတ်မှာ သူနဲ့ အဆက်အသွယ်ရနိုင်ဖို့ ခက်ခဲသွားတော့မှာ။ ပြီးတော့ ကျွန်မတို့ ရှာမန်သခင်ရဲ့ အမျက်ဒေါသကိုလည်း ခံစားရဦးမယ်" ဝတ်စုံဖြူဝတ် အမျိုးသမီးက ညင်သာစွာပြောလိုက်သည်။
"အဲဒီ စုမင်က စိုးရိမ်စရာမလိုပါဘူး။ မာန်နတ်ဘုရားရဲ့ စွမ်းအားသာ မရှိတော့ဘူးဆိုတာနဲ့ သူက ဘာမှမဟုတ်တဲ့ လူတစ်ယောက်သက်သက်ပဲ။ ငါတို့ သူနဲ့ ရင်းနှီးဖို့ လိုမှာမဟုတ်ပါဘူး။ ပြီးတော့ အစောပိုင်းတုန်းကလည်း မင်းရဲ့ ဟောကိန်းထုတ်ခြင်းစွမ်းအားတွေကို သုံးပြီး သူ့အနာဂါတ်ကို ကြိုတင်ဟောကိန်း ထုတ်ထားခဲ့တာပဲ မဟုတ်ဘူးလား"
"အဲဒီလူရဲ့ ဘဝက သာမန်ပါပဲ။ ဘာမှ ထူးခြားနေတာမျိုး မရှိဘူး။ သူက အသက်လည်း ရှည်မှာမဟုတ်ပါဘူး။ ငါတို့ စိုးရိမ်ရမယ့် တစ်ခုတည်းသောအရာက ရှာမန်သခင်ရဲ့ အမျက်ဒေါသပဲ... ဒါပေမယ့် ဒီဖြစ်ရပ်ကသာ ဆရာကုန်းစီရဲ့ ကျင့်ကြံဆင့်ကို မြင့်တင်ဖို့ အကူအညီ ဖြစ်စေနိုင်မယ်ဆိုရင်တော့ အဲဒါ ထိုက်တန်ပါတယ်" ဖြည်းညှင်းစွာ ရှင်းပြနေသော အဘွားအို၏ မျက်လုံးများအတွင်း တောက်ပသော အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုအချိန်ထိတိုင်အောင်ပင် သူမသည် စုမင်အား များစွာ အာရုံမစိုက်သေးပါချေ။ သူမ ဂရုစိုက်သည့် တစ်ခုတည်းသော အရာမှာ သူမအား သေခြင်းတရားကိုပင် ခံစားမိစေခဲ့သည့် မာန်နတ်ဘုရား၏ စွမ်းအားကိုသာ ဖြစ်သည်။ သူမအတွင်းစိတ်ထဲတွင်တော့ မာန်နတ်ဘုရား၏ စွမ်းအားသာ မရှိလျှင် စုမင်ဆိုသည်မှာ ပုရွက်ဆိတ်တစ်ကောင်နှင့်ပင် ခြားနားမည်မဟုတ်ချေ။
"ဒါပေမယ့် ဘွားဘွား၊ စောစောက စုမင် မာန်နတ်ဘုရားရဲ့ စွမ်းအားကို သုံးလိုက်တဲ့အချိန်မှာ ကျွန်မရဲ့ အာရုံခံမှုတွေ မတည်ငြိမ်ဖြစ်သွားခဲ့တယ်။ အဲဒီ စုမင်က ကျွန်မခန့်မှန်းထားသလို မဟုတ်ပဲနဲ့များ..." ဝတ်စုံဖြူဝတ် မိန်းမပျိုက မျက်မှောင်ကြုတ်လိုက်သည်။
"ဟမ်" အဘွားအိုမှာ အံ့သြမင်သက်သွားခဲ့၏။ စုမင်ကို မတားဆီးခင်က သူမသည် ဝမ်ချိုးနှင့် အတူရှိနေခဲ့ပြီး စုမင်အနာဂါတ်နှင့် ပက်သက်သည့် ဟောကိန်းကို သူမမြင်ခဲ့ရသည်။
လုပ်ငန်းစဉ်တစ်ခုလုံးမှာ မယုံနိုင်ဖွယ် ချောမွေ့နေခဲ့ပြီး စုမင်၏ အနာဂါတ်အလုံးစုံကိုလည်း သူမတို့ အလွန်ရှင်းလင်းစွာ မြင်ခဲ့ရသည်။ ထိုလူ၏ဘဝသည် ထူးထူးခြားခြား မရှိလှချေ။ ရိုးရေစတေးနယ်ပယ် အလယ်ဆင့်မှာ သူ၏ အကန့်အသတ်ဖြစ်ပြီး နှစ်ပေါင်းများစွာကြာပြီးနောက် အရှေ့မြေရိုင်းဒေသ၏ ကပ်ဘေးအတွင်း သေဆုံးပေလိမ့်မည်။
သို့သော် ယခုလို မသေချာမရေရာမှုများနှင့် ပြည့်နေသော ဝမ်ချိုး၏ စကားများကို ကြားလိုက်ရသောအခါ သူမ အံ့အားသင့်သွားမိတော့၏။
"သူနဲ့ ပက်သက်ပြီး အရမ်းထူးဆန်းနေတာ တစ်ခုရှိတယ်။ သူ့အနာဂါတ်ကို အရင်ခန့်မှန်းခဲ့တုန်းက ကျွန်မ အောင်မြင်ခဲ့တယ်။ အခု သူ့အနာဂါတ်ကို ထပ်ခန့်မှန်းကြည့်တော့လည်း အောင်မြင်နေတုန်းပဲ။ ကျွန်မရတဲ့ အဖြေကလည်း အတူတူပဲ"
"ဒါပေမယ့် စောစောက မာန်နတ်ဘုရားရဲ့ စွမ်းအားကို သူအသုံးပြုလိုက်တဲ့ အချိန်မှာကြတော့ အဲဒီ ခွန်အားကြီးမားတဲ့ လောကစွမ်းအားအောက်မှာ ကျွန်မ ရုတ်တရက်ဆိုသလို စိတ်မသက်မသာ ခံစားလိုက်ရတယ်။ ဟောကိန်းထုတ်ခြင်းကို ကျွန်မ ထပ်အသုံးချလိုက်ချိန်မှာ တိမ်မြုပ်နေတဲ့ ဝေဝါးဝါး အမြင်အာရုံတစ်ခုကိုပဲ မြင်လိုက်ရတယ်။ တစ်ကယ်တော့... ကျွန်မ ဘာကိုမှ မမြင်နိုင်သေးခင်မှာတင် အသက်အန္တရာယ်ရှိတဲ့ ခံစားချက်မျိုး ခံစားလိုက်ရတာ" ဝတ်စုံဖြူဝတ် မိန်းမပျိုသည် မျက်မှောင်ကြုတ်လျက် တစ်စုံတစ်ရာကို အာရုံခံရန် ကြိုးစားနေဟန်ဖြင့် မျက်လုံးများကို မှိတ်ထားလေသည်။
"ကျွန်မဘက်က အမြင်မှားတာသာ မဟုတ်ရင်၊ ဒီလူ့ရဲ့ အနာဂါတ်ကို ကြည့်ဖို့ကြိုးစားတဲ့ ဘယ်လိုစွမ်းအားမျိုးကိုမဆို ကြားဝင်နှောင့်ယှက်နေတဲ့ သန်မာတဲ့စွမ်းအားတစ်မျိုး ရှိနေတာပဲ။ အဲဒီစွမ်းအားက သူ့ရဲ့ အနာဂါတ် အစစ်အမှန်ကို ဖုံးကွယ်ထားပြီး ကျွန်မတို့ကို တမင်ဖန်တီးထားတဲ့ အနာဂါတ်တစ်ခုကို ပြခဲ့တာပဲ။ အဲဒါက အစစ်အမှန် မဟုတ်ဘူး"
"အဲဒါသာ တစ်ကယ်ဆိုရင်၊ ဒီလူက... ကျွန်မတို့ မစော်ကားမိသင့်တဲ့ လူတစ်ယောက်ပဲ..." ဝမ်ချိုး၏ မျက်လုံးများ ပြန်ပွင့်လာခဲ့သည်။ သူမ၏ မျက်လုံးများအတွင်း နွမ်းနယ်မှုနှင့် စိတ်ရှုပ်ထွေးမှု အရိပ်အမြွက်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
"အဲဒါတွေက ပြီးသွားပါပြီ။ အာရုံထပ်စိုက်မနေနဲ့တော့။ အဲဒီစုမင်က မင်းပြောသလို ဖြစ်လိမ့်မယ်လို့ ငါတော့မထင်ပါဘူး။ သူက ဒီတိုင်း ပုရွက်ဆိတ်တစ်ကောင်ပါပဲ" အဘွားအိုသည် အချိန်အတော်ကြာ ငြိမ်သက်နေပြီးနောက်မှ ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။
"သွားကြစို့။ ဆရာကုန်းစီနဲ့ သွားတွေ့ကြမယ်" စကားဆုံးသည်နှင့် အဘွားအိုသည် နောက်လှည့်ကာ ထွက်ခွာသွားတော့၏။ ဝမ်ချိုးသည် ထိုနေရာတွင် ရပ်နေရင်းမှ စုမင် ထွက်ခွာသွားရာဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူမသည် မျက်မှောင်ကြုတ်နေဆဲ ဖြစ်သော်လည်း ထပ်မံခန့်မှန်းရန်တော့ မကြိုးစားတော့ချေ။ ထိုအစား အဘွားအိုနှင့် အတူသာ ထွက်ခွာသွားခဲ့လေသည်။
ကောင်းကင်မြူခိုး အတားအဆီး၏ မာန်စွမ်းအားရှင်များ ပိုင်ဆိုင်သော ပိုင်နက်ဧရိယာအတွင်း ရေခဲနှင့် နှင့်များ ဖုံးအုပ်နေသော နေရာတစ်ခုရှိသည်။ လီသိန်းပေါင်းများစွာ ဖြန့်ကျက်တည်ရှိနေသော ငွေဖြူရောင်ဆီးနှင်းများ၏ အဆုံးသတ်တစ်နေရာ၊ စိတ်တစ္ဆေကပ်ဆိုး မျိုးနွယ်စုနှင့် ဝေးကွာလှသော နေရာတစ်ခုတွင် နယ်နိမိတ်ကန့်သတ်ချက်များ ရှိပုံမပေါ်သည့် ဧရာမ မျိုးနွယ်စုကြီးတစ်ခု ရှိနေသည်။
မျိုးနွယ်စု၏ အရွယ်အစားမှာ အလွန်ကြီးမားလွန်းလှပြီး ကျယ်ပြန့်သော ဧရိယာတစ်ခုလုံးကို ဖုံးအုပ်ထားသဖြင့် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေ၌ မြင်ရခဲသော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။
၎င်းသည် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေရှိ မဟာမာန်စွမ်းအားရှင် မျိုးနွယ်စုကြီး နှစ်ခုထဲမှ တစ်ခုဖြစ်သော မဟာအေးခဲကောင်းကင် မျိုးနွယ်စုဖြစ်သည်။
မဟာအေးခဲကောင်းကင် မျိုးနွယ်စု၏ ပိုင်နက်အတွင်းတွင် မယုံနိုင်ဖွယ် ခမ်းနားထည်ဝါလှသော မျှော်စင်တစ်ခု ရှိသည်။ ထိုအချိန်တွင် မျှော်စင်အတွင်း၌ တင်ပလ္လင်ခွေ ထိုင်နေသော လူတစ်ဦးရှိနေ၏။ ပိန်လှီသော ထိုလူသည် အပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ့ဆံပင်များမှာတော့ ဖြူဖွေးနေချေသည်။ သူသည် ယခုအချိန်တွင် မျက်လုံးများကို မှိတ်လျက် ကျင့်ကြံနေခြင်း ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် အဘိုးအို၏ မျက်လုံးများက ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့သည်။ မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ် တစ်ဝိုက်တွင် လှိုင်းဂယက်ငယ်လေးများနှင့် တွန့်လိမ်ပုံပျက်မှုများ ဖြစ်ပေါ်လာခဲ့ပြီး များမကြာမီမှာပင် သူ့တစ်ကိုယ်လုံးက ဝေဝါးလာခဲ့သည်။ တစ်ဖြည်းဖြည်းနှင့်ပင် သူ၏ယခု ဝေဝါးနေသော ခန္ဓာကိုယ်ပေါ်တွင် အခြားသူတစ်ဦး ထွက်ပေါ်လာပုံပေါ်၏။
ထိုလူက ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ကာ ဧကရာဇ်သရဖူကို ဆောင်းထားလေသည်။ သူ့မျက်နှာ ပုံပန်းသွင်ပြင်အား ရှင်းရှင်းလင်းလင်း မမြင်ရသော်ငြားလည်း ဤလူသည် လူအိုတစ်ဦး မဟုတ်ပဲ သက်လတ်ပိုင်း ယောကျ်ားတစ်ယောက်သာ ဖြစ်သည်ကိုတော့ သေချာမြင်နေရဆဲ ဖြစ်သည်။
ထိုလူ၏ လေးနက်သော အကြည့်သည် မျှော်စင်၊ ဗလာလေဟာနယ်နှင့် အဆုံးမရှိသော နယ်မြေကို ဖြတ်သန်းကာ အဝေးရှိ ရှာမန်နယ်မြေထဲတွင် ယာယီစတည်းချနေသော ဆောင်းဦးပင်လယ် မျိုးနွယ်စုအတွင်းမှ ဝမ်ချိုး အပေါ်သို့ ကျရောက်သွားပုံပေါ်သည်။
"ရှာမန်မျိုးနွယ်ရဲ့ နိမိတ်ဖတ်ပညာရှင်... အဲဒီထူးခြားဆန်းကြယ်တဲ့ စွမ်းအားက ငါ့ဝင်ရောက်စွက်ဖက်မှုကနေတောင် သဲလွန်စတစ်ချို့ ရှာတွေ့နိုင်ခဲ့တာပဲ။ ဒါပေမယ့် မင်းဆက်ပြီး မစုံစမ်းခဲ့တဲ့အတွက် ငါမင်းကို ညှာတာလိုက်ပါ့မယ်" ဧကရာဇ်သရဖူ ဆောင်းထားသော အမျိုးသားက ခပ်တိုးတိုးရေရွတ်လိုက်သည်။
ထို့နောက် သူ့ညာဘက်လက်ကို မြှောက်လိုက်ရာ လက်ဖဝါးထဲတွင် ဆန်စက္ကူဖြင့် ခေါက်ထားသော စက္ကူကြိုးကြာတစ်ကောင် ရှိနေလေသည်။ ထိုကြိုးကြာသည် ပြူတင်းပေါက်မှတစ်ဆင့် ကောင်းကင်ဆီသို့ ဦးတည်ကာ ပျံထွက်သွားခဲ့သည်။ ၎င်းက ကောင်းကင်ဘုံကိုးလွှာ အထက်သို့ ဝင်ရောက်ပျောက်ကွယ်သွားသည်နှင့် အမျိုးသားသည်လည်း သူ့မျက်လုံးများကို ပြန်ပိတ်လိုက်၏။
သူမျက်လုံးမှိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်ပေါ်ရှိ မပီမသ တွန့်လိမ်ပုံပျက်မှုများသည်လည်း ချက်ချင်း ပျောက်ကွယ်သွားပြီး အပြာရောင် ဝတ်ရုံရှည်များကို ဝတ်ဆင်ထားသော ဆံဖြူအဘိုးအိုအဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့လေသည်။
သူ့ပုံစံမှာ ယခင်အတိုင်း ပိန်ပါးပါးသာ ဖြစ်ပြီး မည်သည့်အရာမျှ ထူးခြားနေခြင်း မရှိခဲ့ချေ။
မဟာ အေးခဲကောင်းကင်ကလန် မျိုးနွယ်စုကြီးထံမှတစ်ဆင့် ကောင်းကင်ဘုံကိုးလွှာ၏ အထက်ကောင်းကင်သို့ ပျံသန်းထွက်ခွာလာခဲ့သော စက္ကူကြိုးကြာ၏ အနီးတစ်ဝိုက်တွင် လှိုင်းဂယက်ငယ်များ ပျံ့နှံ့နေသည်။ ၎င်းသည် တစ်ခဏအတွင်း ပျောက်ကွယ်သွားပြီး အဝေးရှိ ကောင်းကင်မြူခိုး မြို့တော်အထက်တွင် ပြန်ပေါ်လာခဲ့သည်။
ကောင်းကင်မြူခိုး မြို့တော်အပြင်ဘက်ရှိ စစ်မြေပြင်တွင် နှစ်ဖက်ကြားရှိ တိုက်ပွဲငယ်များ ရံဖန်ရံခါ ဖြစ်ပေါ်နေတတ်၏။ ရှာမန်စစ်တပ်များ စုဝေးနေကြစဉ်
မာန်စွမ်းအားရှင် မျိုးနွယ်စုအားလုံးမှ စစ်သည်အုပ်စု အသစ်များသည်လည်း ကောင်းကင်မြူခိုးကို ကာကွယ်ရန် နေ့စဉ်ရက်ဆက်ဆိုသလို ရောက်ရှိလာနေကြသည်။
မြို့တော်အတွင်းရှိ ဧရာမ အထိမ်းအမှတ် ကျောက်တိုင်ကြီးသည် မယုံနိုင်လောက်အောင်ပင် မျက်စိကို ဖမ်းစားထားနိုင်၏။ ကျောက်တိုင်တွင် ဖော်ပြထားသော အမည်အားလုံးမှာ လူတိုင်း၏စိတ်ထဲတွင် စွဲထင်လို့နေသည်။ ၎င်းတို့၏ အမည်များသည် နယ်မြေတစ်လျှောက် ပျံ့နှံ့ကာ လူများ၏ လေးစားအားကျမှုကို ခံယူရမှာဖြစ်သည်။
ယခုအချိန်တွင် အဆင့်၁၇၀နေရာ၌ နာမည်တစ်ခု ရှိနေ၏။ ထိုအမည်မှာ ယွဲ့ဖုန်းဖြစ်ပြီး သူသည် မျိုးနွယ်စုငယ်လေး တစ်ခု၏ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဖြစ်သည်။
ကောင်းကင်ပေါ်ရှိ စက္ကူကြိုးကြာကို မည်သူမှ သတိထားမိပုံ မပေါ်ချေ။ ၎င်းသည် အတောင်ပံများကို တစ်ချက်ခတ်လိုက်သည်နှင့် ထပ်မံပျောက်ကွယ်သွားပြန်သည်။ ဤတစ်ကြိမ် ပြန်ပေါ်လာချိန်တွင်တော့ ပင်လယ်သေ ကျယ်ပြန့်လာနေခဲ့သော တောင်ပိုင်းအရုဏ်ဦး ကုန်းမြေအစွန်းသို့ ရောက်ရှိနေခဲ့ချေပြီ။
အော်မြည်နေသော လှိုင်းတံပိုးများ တဝုန်းဝုန်း ရိုက်ခတ်နေသော ပင်လယ်မျက်နှာပြင်တွင် မရေမတွက်နိုင်အောင် များပြားသည့် အနက်ရောင်အရိပ်များ ကူးခတ်နေကြသည်။ ပင်လယ်ရေများသည် လှေကားထစ်ပုံသဏ္ဍာန် တောင်ကြောတွင် ပြည့်လျှံနေပြီး ရှာမန်နယ်မြေဆီသို့
တရွေ့ရွေ့ တိုးလာနေသည်။
အဝေးရှိ အနက်ရောင် ပင်လယ်နက်ထဲတွင် ဧရာမဦးခေါင်းကြီးတစ်လုံးကို ခပ်ရေးရေး တွေ့မြင်နိုင်သည်။ ထိုဦးခေါင်းကြီးသည် တောင်ပိုင်းအရုဏ်ဦးကုန်းမြေကို အေးစက်စက် စိုက်ကြည့်နေခဲ့သည်။
ကောင်းကင်ရှိ စက္ကူကြိုးကြာသည် ရှေ့သို့ ထပ်မံဦးတည်ကာ ပျောက်ကွယ်သွားပြန်သည်။ ဤတစ်ကြိမ် ပြန်ပေါ်လာသောအခါ ၎င်းသည် ပင်လယ်သေ၏ အထက်တွင်သာ ရှိနေသေးသော်လည်း တောင်ပိုင်းအရုဏ်ဦး ကုန်းမြေဆီမှ မယုံနိုင်ဖွယ် ဝေးကွာသော နေရာတစ်ခုဆီသို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။
အောက်ဘက်ရှိ ပင်လယ်ရေများသည် အဆုံးမရှိ ဖြန့်ကျက်တည်ရှိနေပုံပေါ်ပြီး ပင်လယ်မျက်နှာပြင်ပေါ်ရှိ ရေများက တဖိတ်ဖိတ်တောက်နေကြသည်။ ရံဖန်ရံခါဆိုသလို ပေတစ်သိန်းခန့် ရှည်သော ရေနဂါးတစ်ကောင်သည် ပင်လယ်အတွင်းမှ ခုန်ထွက်ကာ ဟိန်းဟောက်သံတစ်ခု ပြုလုပ်တတ်သည်။ မည်သူမဆို ဂရုတစိုက် ကြည့်မိမည်ဆိုလျှင် ထိုနေရာတွင် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေရှိရာဘက်ဆီသို့ ဦးတည်ရွေ့လျားနေကြသော အဆုံးမရှိသည့် ပမာဏဖြင့် ပင်လယ်သေ သတ္တဝါများကို တွေ့မြင်ရပေလိမ့်မည်။
ပင်လယ်ရေပြင်တွင် မျောပါနေသော ဧရာမအရာကြီးတစ်ခုရှိသည်။ ၎င်းပုံစံသည် ပြိုကျပျက်စီးသွားခဲ့သော နန်းတော်တစ်ခု၏ ထောင့်စွန်းတစ်ခုလိုပင်ဖြစ်သည်။ ၎င်းသည် ပင်လယ်ရေလှိုင်းများနှင့်အတူ တောင်ပိုင်းအရုဏ်ဦး ကုန်းမြေဆီသို့ မျောပါနေသည်။ ၎င်း၏ အနောက်ဘက်တွင်တော့ ထိုတစ်ခုလိုပင် မရေမတွက်နိုင်အောင် များပြားသော နန်းတော်အပျက်အစီးများ ရှိနေခဲ့သည်။ ထိုအပျက်အစီးများကြားတွင် ကမ္ဗည်းထိုးထားသကဲ့သို့ အပိုင်းအစတစ်ခုရှိနေပြီး ၎င်းအပျက်အစီးပေါ်တွင် ကြီးမားသော စာလုံးကြီးအချို့ ရှိနေခဲ့လေသည်။
"မဟာယု ကောင်းကင်နန်းတော်"
ထိုစကားလုံးများထံမှ ရှေးကျသော ခံစားချက်တစ်ခု ထွက်ပေါ်နေသည်။ အပျက်အစီးများ ပတ်လည်ရှိ မရေမတွက်နိုင်သော ပင်လယ်သေ သတ္တဝါများအပြင် ပင်လယ်ရေ မျက်နှာပြင်ထက်တွင် မျောပါနေသော ပြူးကျယ်သည့် မျက်လုံးကြီးများဖြင့် အခြားဧရာမဦးခေါင်းကြီး ရှစ်လုံးလည်း ရှိနေသည်။ ၎င်းတို့ပုံစံမှာ ပင်လယ်ရေအောက်ကြမ်းပြင်တွင် ဧရာမဘီလူးကြီးများ လမ်းလျှောက်နေသလိုပင် ဖြစ်သည်။
လျှပ်တပြက် အတွင်းမှာပင် စက္ကူကြိုးကြာသည် နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြန်၏။ ပြန်လည်ထွက်ပေါ်လာသောအခါ ၎င်းသည် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေမှ အလွန်ဝေးကွာသော နေရာတွင်ရှိသည့် ကုန်းမြေတိုက်ကြီးတစ်ခုတွင် ရောက်ရှိနေပြီး ဖြစ်သည်။ ထိုကုန်းမြေတိုက်ကြီးတွင် ပင်လယ်သေအနီး၌ လူပေါင်းတစ်သန်းကျော် နီးနီးကပ်ကပ် ထိုင်နေကြသည်။ ၎င်းတို့အားလုံးသည် ထိုနေရာတွင် ထိုင်နေပြီး လူအုပ်ကြီး၏ အဆုံးသတ်ကိုပင် မမြင်နိုင်လောက်သည်အထိ ကျယ်ဝန်းသော ဧရိယာကို လွှမ်းမိုးထားခဲ့သည်။
သူတို့မျက်လုံးများကို တောင်ပိုင်းအရုဏ်ဦး ကုန်းမြေတည်ရှိရာ တောင်ဘက်ပိုင်းဆီသို့သာ အာရုံစိုက်ထားကြသည်။
"ဆယ်နှစ် ကျန်သေးတယ်..."
ကောင်းကင်ပေါ်ရှိ စက္ကူကြိုးကြာသည် နောက်ထပ်တစ်ဖန် တောက်ပကာ ပျောက်ကွယ်သွားခဲ့ပြန်သည်။ ပြန်ပေါ်လာသောအခါ ၎င်းသည် အရှေ့မြေရိုင်း ကုန်းမြေတွင်သာ ရှိနေဆဲဖြစ်သော်ငြား ကုန်းမြေတိုက်၏ အခြားနေရာတစ်ခုတွင် ရောက်ရှိနေခဲ့ချေပြီ။ ထိုနေရာသည် အရှေ့မြေရိုင်းကုန်းမြေ၏ အရှေ့ခြမ်းအပိုင်းပင်ဖြစ်သည်။
ကုန်းမြေတိုက်၏ အရှေ့ပိုင်းတစ်ခုလုံးသည် အနက်ရောင်မြူခိုးများ ဖုံးလွှမ်းနေ၏။ ၎င်းအထဲတွင် အသက်ဓာတ် အရိပ်အယောင် တစ်ခုတစ်လေလေးပင် ရှိမနေချေ။ ထိုနေရာတွင် ရှိနေသည့် တစ်ခုတည်းသော အရာများမှာ စူးရှနာကျင်စွာ အော်မြည်သံများသာ ဖြစ်သည်။ ရုတ်တရက်ဆိုသလို ထိုအနက်ရောင် မြူခိုးများအတွင်းမှ ဧရာမလက်ကြီးတစ်ဖက် တိုးထွက်လာပြီး စက္ကူကြိုးကြာကို ဖမ်းဆီးလိုက်သည်။
"ဖုံးကွယ်နဂါး ဂိုဏ်း၊ မဟာသစ်ရွက် အင်မော်တယ်ဂိုဏ်း၊ ငါ၊ ထျန်းလန်တောက် လာနေပြီ"
***