ဝူပိုင်ကျိုး၏ ဇာတ်လမ်း
Vol. 25 Ch. 349
အရာအားလုံးက ဝူတိုင်းပြည်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်က သူမသည် လက်အောက်ငယ်သားများကို ခေါ်ဆောင်ကာ ရှေးဟောင်း ဘုရင်တစ်ပါး ပိုင်ဆိုင်ခဲ့သည့် အပျက်အစီးနယ်မြေဆီသို့ လေ့လာ ရှာဖွေရေး ခရီး ခြေဆန့်ခဲ့ကြည်။ လုံချန်သည်လည်း ထိုခရီးစဥ်သို့ ရောက်ရှိလာခဲ့ကာ သူမတို့ အဖွဲ့ထက် အားမနည်းသော အုပ်စု တစ်ခုနှင့် ရန်ငြိုးဖွဲ့ခဲ့ကြသည်။ ကတောက်တဆများ ဖြစ်ပွားခဲ့သည်။
လုံချန်မှာ ကိုယ့်အစွမ်းအစကို ထည့်မတွက်ပဲ ရန်လိုလွန်းသည်ဟု ဝူပိုင်ကျိုး မှတ်ချက်ချခဲ့မိသည်။ သူ၏ ကျင့်ကြံခြင်း အခြေခံနှင့် နိမ့်ကျသော နောက်ခံတို့ကြောင့် ကျိန်းသေ အသတ်ခံရလိမ့်မည်ဟုပင် သူမ ယုံကြည်ခဲ့သည်။
ဤသို့နှင့် ရှေးဟောင်းနယ်မြေထဲသို့ သူတို့ ဝင်ရောက်ခဲ့ကြသည်။ ကံဆိုးမိုးမှောင်ကျစွာပင် အန္တရာယ်များနှင့် ရင်ဆိုင်ရကာ သူမ၏ လက်အောက်ငယ်သား အချို့မှာ အသက်များပင် ဆုံးရှုံးသွားခဲ့ရသည်။ ထို့နောက်တွင် သူမ မတော်တဆ လုံချန်နှင့် ဆုံတွေ့ခဲ့သည်။ သူတို့ နှစ်ယောက် ယာယီ မဟာမိတ် ဖွဲ့စည်းကာ အန္တရာယ်များကို အတူ ဖြတ်ကျော်ခဲ့သည်။ ထိုလူငယ်လေး၏ ခွန်အားက သာမန် စံနှုန်းများထက် ကျော်လွန်နေသည်ကို မြင်တွေ့ရသည့် အခါ သူမ အံ့အားသင့်ခဲ့ရသည်။
ဝူပိုင်ကျိုး သူကို ဝူတိုင်းပြည် အတွက် အမှုထမ်းပေးရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း သူက လွတ်လပ်စွာသာ နေထိုင်လိုကြောင်း ပြောဆိုခဲ့သည်။ အင်အားကြီး ရန်သူတစ်စုနှင့် ရင်ဆိုင်နေရသည့်တိုင် သူ့တွင် ကြောက်ရွံ့မှု၊ စိုးရွံ့မှု တစ်ခုတစ်လေပင် မရှိ။ ဝူပိုင်ကျိုး ပထမဆုံး အကြိမ် အဖြစ် လုံချန်ကို စိတ်ဝင်စားမိသွား၏။ သို့သော်လည်း သူ့အပေါ် ထူးထူးခြားခြား ခံစားချက်များ မဖြစ်ပေါ်မိခဲ့။
ထိုစဥ်က သူမမှာ ဝူတိုင်းပြည်၏ ထိပ်တန်း မိန်းမလှ လေးယောက်ထဲမှ တစ်ယောက် ဖြစ်ခဲ့သည်။ သူမအား လိုက်ကြသူများစွာ ရှိသည်။ သူတို့အထဲမှ များစွာမှာ လုံချန်ထက် ကျင့်ကြံခြင်း အဆင့် ပိုမို မြင့်မားသူများ၊ ပိုမို ချောမောသူများ၊ နောက်ခံ ပိုမို တောင့်တင်းသူများ ဖြစ်ကြသည်။
ဤသို့နှင့် သူတို့ စွန့်စားခန်း ဆက်ဖွင့်ခဲ့သည်။ လုံချန်၏ ရန်သူ အဖွဲ့နှင် နောက်တစ်ကြိမ် ထပ်တွေ့ခဲ့သည်။ အံ့အားသင့်စွာပင် ထိုအဖွဲ့မှာ အင်အားတူ နောက်တစ်ဖွဲ့နှင့် မဟာမိတ်ပင် ဖွဲ့ထားသေးသည်။ သူတို့က လုံချန် ပါဝင်နေသည့် သူမတို့ အုပ်စုအား တွေ့သည်နှင့် ဘာမှ မမေးမစမ်းပဲ ဝိုင်ကာ တိုက်ခိုက်ကြတော့၏။
ထိုမဟာမိတ် အဖွဲ့ကြီး၏ ဝိုင်းဝန်းတိုက်ခိုက်မှုတွင် သူတို့ အလူးအလဲ ခံစားခဲ့ကြရသည်။ သူမ ခေါ်ဆောင်လာခဲ့သည့် လက်အောက်ငယ်သား အများအပြားမှာ အသက် ဆုံးရှုံးသွားခဲ့ကာ လုံချန်နှင့် သူမတို့ နှစ်ယောက်တည်းသာလျှင် ရှေးဟောင်း ထောင်ချောက်တစ်ခုထဲ ပြုတ်ကျကာ လွတ်မြောက်သွားခဲ့သည်။ ဒေါသက အကန့်အသတ် မရှိအောင် မြင့်တက်လာခဲ့သည့်တိုင် ဝူပိုင်ကျိုး စိတ်ကို ထိန်းခဲ့သည်။ တည်ငြိမ်စွာ အစီအစဥ်များ ချမှတ်ရင်း လွတ်မြောက်ရေးနှင့် လက်စားချေရေး အတွက် ကြိုးပမ်းခဲ့သည်။
မကြာခင်မှာပင် ရှေးဟောင်းဧကရာဇ် ပိုင်ဆိုင်ခဲ့ဟန်ရသည့် ခေါင်းတလား ထားရှိရာ နေရာသို့ သူတို့ ရောက်ရှိ လာခဲ့၏။ လွတ်မြောက်ရန် အခွင့်အရေး တစ်ခု ရလို့ရငြား ရှာဖွေနေဆဲမှာပင် ရှေးဟောင်း ဝိညာဥ် အချို့ကို သူတို့ မမျှော်လင့်ပဲ နိုးထလာစေခဲ့သည်။ ထိုရှေးဟောင်း ဝိညာဥ်က ကျင့်ကြံခြင်း အခြေခံ မြင့်မားစေနိုင်သည့် ရှေးဟောင်း ကျင့်စဥ်တစ်ခုကို သူတို့ နှစ်ယောက်အား ပေးအပ်ခဲ့သည်။ သို့သော်လည်း ဆိုးသည်က ၎င်းမှာ နှစ်ကိုယ့်တစ်စိတ် ကျင့်စဥ်တစ်ခု ဖြစ်နေခဲ့ခြင်းပင်။
ဝူပိုင်ကျိုး ချက်ချင်းပင် ငြင်းဆိုခဲ့သည်။ အပျိုစင် ဘဝကို ဤနည်းလမ်းဖြင့် ဆုံးရှုံးခံမည့် အစား သေပင် သေလိုက်မည် ဖြစ်ကြောင်း သူမ ကြေညာခဲ့သည်။ မင်းသမီးတစ်ပါး အနေဖြင့် မူလယင်မှာ အရေး အကြီးဆုံး ဖြစ်ပြီး လက်ထပ်ရန် အခွင့်အရေးများနှင့် တိုက်ရိုက် ဆက်နွယ်နေသည်။ သည်နည်းလမ်းဖြင့် အပျိုစင် ဘဝကို ဆုံးရှုံးပါက တော်ဝင် မင်းသမီး ဟူသော အဆင့်အတန်းကိုပါ လက်လွှတ်သွားရပေလိမ့်မည်။
သို့သော်လည်း ရှေးဟောင်း ဝိညာဥ်မှာ သူမ၏ ငြင်းဆိုမှုကို ဒေါသထွက်သွားဟန် ရ၏။ သူက စိတ်ဆိုးမာန်ဆိုးဖြင့် ပန်းရောင် မြူမှုန်များကို မှုတ်လွှတ်ခဲ့သည်။ နိမ့်ကျသော ကျင့်ကြံခြင်း အခြေခံဖြင့် ထိုအရာများကို မည်ကဲ့သို့ တားဆီးနိုင်ပါမည်နည်း။ သူမ တဖြည်းဖြည်း အသိစိတ် ကင်းလွတ်သွားကာ လုံချန်နှင့် အတူ နှစ်ကိုယ့်တစ်စိတ် ကျင့်စဥ်ကို ကျင့်ကြံခဲ့မိသည်။ ရှေးဟောင်းဝိညာဥ်ကလည်း သူတို့ကို လမ်းညွှန်ပေးခဲ့သည်။ ဤသို့နှင့် သူတို့၏ ကျင့်ကြံခြင်း အခြေခံများက အောင်အောင်မြင်မြင်ပင် နောက်တစ်ဆင့်ထိ မြင့်တက်သွားခဲ့သည်။
ဤသို့နှင့် သူတို့ နှစ်ယောက် ထောင်ချောက်ကို အတူတကွ ဖျက်ဆီးနိုင်ခဲ့ကြ၏။ ရှေးဟောင်း ဝိညာဥ်ကို အပြစ်တင်ခြင်းမှ တစ်ပါး ဝူပိုင်ကျိုး ဘာမှ မတတ်နိုင်ခဲ့။ သို့သော် ၎င်းမှာလည်း ဘဝသစ်သို့ ကူးသွားသည့် အလား အပြီးတိုင် ပျောက်ကွယ်သွားခဲ့ချေပြီ။
ထောင်ချောက် အပြင်သို့ ပြန်လည် ရောက်ရှိသူနှင့် တာဝန်ရှိသူများကို သူမ ဒေါသတကြီး တိုက်ခိုက်ခဲ့သည်။ အသစ်မြင့်တက်လာသော ခွန်အားနှင့် အတူ ရန်သူများ၏ သွေးများက စမ်းချောင်းများလို စီးဆင်သွားခဲ့၏။ မူလယင် ပျက်စီးသွားခဲ့မှုအား ဖုံးကွယ်ရန် အစီအစဥ်တစ်ခုကို သူမ ချမှတ်ခဲ့သည်။ အကယ်၍ အခြားလူများ သိသွားလျှင် တာဝန်ယူပါမည့် အကြောင်း လုံချန်က ပြောဆိုသည်။ အနည်းဆုံးတော့ သူ့လို ထိပ်တန်း ပါရမီရှင် တစ်ယောက်ကို သူမ လက်ထပ်နိုင်ပေလိမ့်မည်။
ဤသို့နှင့် နောက်နှစ်အနည်းငယ် ကုန်လွန်လာခဲ့သည်။ ထိုနှစ်များ အတွင်း သူမ လုံချန်အား အကောင်းဆုံး ပံ့ပိုးပေးခဲ့သည်။ ဤသို့နှင့် လင်းကျိရန်၏ လက်ထပ်ပွဲနေ့သို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာမှ စတင်သည့် ဇာတ်လမ်းများကိုတော့ အားလုံး သိရှိကြပြီး ဖြစ်သည်။
“ ... “
ဝေ့ဝူယင် တိတ်တဆိတ်ပင် ဝူပိုင်ကျိုး၏ ဇာတ်လမ်းကို နားထောင်နေခဲ့၏။ ကောင်းကင်တာအိုက မည်မျှ ရက်စက်ကြောင်း သူ တွေးနေမိသည်။ ယင်းက စနစ်တကျပင် အကွက်ဆင်ကာ လုံချန်နှင့် ဝူပိုင်ကျိုးတို့ကို တဏှာရူးနေသည့် ရှေးဟောင်းဝိညာဥ်နှင့် တွေ့ဆုံစေခဲ့သည်။
“တဏှာရူးနေတဲ့ ရှေးဟောင်းဝိညာဥ်... နေဦး...”
ဝေ့ဝူယင်၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွား၏။
ထိုကဲ့သို့ ဝိညာဉ်မျိုး ဤလောက၌ မရှိသည်မှာ ကျိန်းသေသည်။ သူ ရုတ်တရက် လည်ပင်းရှိ အနက်ရောင် လက်စွပ်လေးကို ငုံ့ကြည့်လိုက်၏။ ဝူပိုင်ကျိုး အကြောင်း ပြောသောအခိုက်၌ ဝူယုထံမှ အရှက်ရသလို အရိပ်အယောင်များ ထွက်ပေါ်လာသည်ကို သူ ပြန်လည် အမှတ်ရလိုက်သည်။
ဝေ့ဝူယင် ချက်ချင်းပင် ဝူယုကို ဆက်သွယ် လိုက်၏။
"ဇာတ်လမ်းရဲ့ အခြားတစ်ပိုင်းကို ခင်ဗျားပဲ ဆက်ပြောတော့"
ဝေ့ဝူယင် အသံက အမိန့်ပေးသလို ပြတ်သား နေ၏။ ဖြစ်နိုင်ချေ အမျိုးမျိုးကို သူ စိတ်ထဲမှ တွက်ဆခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အမှန်တရားက သူ ထင်ထားသည်ထက် ပိုမို ကြီးကျယ်မည်မှာ သေချာလှသည်။
ဝူယုက သက်ပြင်းတစ်ချက် ချလိုက်၏။ ထိုလူငယ်၏ ဆက်စပ် တွေးနိုင်စွမ်းကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ အမှန်တရားကို ရှင်းပြရုံမှ လွဲ၍ ဘာတတ်နိုင်မည်နည်း။
"ငါ လုံချန့်ကို စတွေ့ခဲ့တုန်းက သူ့အသက်က ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ်… အဲဒီအချိန်က ငါ ဝိညာဉ်စွမ်းအားကိုတောင် ပြန်ရဖို့ အသည်းအသန် ကြိုးစားနေခဲ့ရတဲ့ အချိန်ပေါ့… ရုပ်ခန္ဓာကို ဆုံးရှုံးပြီးတဲ့နောက်မှာ ကောင်းကင် နှလုံးသား ချီနည်းလမ်းကို သူ့ဆီ တိုက်ရိုက် လက်ဆင့်ကမ်းပေးလို့ မရခဲ့ဘူး… မူလယင် ကြားခံတစ်ခု ရှိဖို့ မဖြစ်မနေ လိုအပ်ခဲ့တယ်… နောက်ပြီး အဲဒီ ကြားခံကလည်း ငါ့ရဲ့ မျိုးဆက် တစ်ယောက် ဖြစ်ဖို့ လိုအပ်တယ်… ငါ့မှာ ရွေးချယ်စရာ တစ်ခုပဲ ရှိတယ်"
"လုံချန် အဲဒါကို သိလား…"
ဝေ့ဝူယင် မေးလိုက်၏။ ဝူယုက ချက်ချင်းပင် ခေါင်းခါလိုက်သည်။
"ဟင့်အင်း… သူသာ သိရင် အဲဒီ နည်းလမ်းကို ကျင့်ကြံမှာ မဟုတ်ဘူး… ဒါပေမဲ့ ဝူပိုင်ကျိုးက ငါ ပြန်ပြီး ရှင်သန်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးပဲလေ… ဘယ်လိုလုပ်ပြီး ငါ လက်လွှတ်နိုင်ခဲ့မှာလဲ"
ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်ကာ ဝူပိုင်ကျိုးကို ကြည့်လိုက်၏။ သူမ ရင်ဆိုင်ခဲ့ရသည့် အဖြစ်ဆိုးများ အတွက် သူ စိတ်မကောင်း မဖြစ်မိပေ။ ထို့အစား ဂုဏ်ယူမှုတစ်ခုကို သာလျှင် ခံစားလိုက်ရသည်။ ဘာတွေပဲ ကြုံခဲ့ ကြုံခဲ့… နောက်ဆုံးတွင်တော့ သူမမှာ ကောင်းကင်တာအို၏ လွှမ်းမိုးမှုများကို ချိုးဖျက်ကာ သူ့ထံ ရောက်လာခဲ့ပြီ ဖြစ်သည်။
အပြောင်းအလဲ တစ်စုံတစ်ရာ မရှိသော မျက်ဝန်းများမှ တစ်ဆင့် သူမ၏ ရွေးချယ်မှုက လုံးဝ ခိုင်မာနေပြီ ဖြစ်ကြောင်း ဝေ့ဝူယင် သိရှိနေသည်။ ထိုရွေးချယ်မှုတွင် ကောင်းကင်တာအို၏ လွှမ်းမိုးမှုများ မပါရှိသလို အပြစ်သား သွေးမျိုးဆက်၏ လမ်းညွှန်မှုလည်း မပါဝင်ပေ။ ထိုအရာက သူမ၏ ဆန္ဒတစ်ခုတည်းပေါ်တွင်သာ အခြေခံ နေခြင်း ဖြစ်သည်။
တောက်ပစွာ ပြုံးလိုက်ရင်း ဝူပိုင်ကျိုး၏ ခန္ဓာကိုယ်လေးကို ဝေ့ဝူယင် ဆွဲထူ လိုက်၏။
"နင် ဗိုက်ဆာနေလား…"
အဆက်အစပ် မရှိသော စကားကြောင့် ဝူပိုင်ကျိုးမှာ ဆွံ့အနေ၏။ သို့သော်လည်း အကြောင်း တစ်စုံတစ်ရာကြောင့် ပြင်းထန်သော ဆာလောင် မွတ်သိပ်မှု တစ်ခုမှာ သူမ၏ စိတ်၊ ခန္ဓာနှင့် ဝိညာဉ်တို့ ပေါ်တွင် ဖြစ်ပေါ်လာသည်။ ပါးလွှာ နီရဲနေသည့် နှုတ်ခမ်းတို့ကို ကိုက်လိုက်ရင်း ဝူပိုင်ကျိုး ခေါင်းညိတ် ပြလိုက်၏။
ဝေ့ဝူယင်၏ မျက်လုံးများက ဖျပ်ခနဲ တောက်ပသွားသည်။ ခဏကြာပြီးနောက် သူက ပေါ့ပေါ့ပါးပါးပင် ရယ်မော လိုက်သည်။
"မဟာ မင်းသမီး ဖြစ်လာဖို့ အတွက်နင် ဘယ်လို သဘောရလဲ"
***