ကပ်ဘေး
Vol. 25 Ch. 350
ဝူပိုင်ကျိုး ထွက်ခွာသွားသည့်နောက် ဝေ့ဝူယင် အတွေး ရေယာဉ်ကြောတွင် ဆက်လက် လွင့်မြော နေခဲ့၏။ အကယ်၍ သူ သေသွားခဲ့ပါက၊ သို့မဟုတ် ဤနေရာမှ ထွက်ခွာသွားခဲ့ဖြစ်ပါက… သူ့လက်အောက်ငယ်သားများ၊ ချစ်သူများကို ဘေးကင်းလုံခြုံစွာ ထားခဲ့နိုင်ရန် အနန္တဧကရာဇ်ဂိုဏ်း အတွက် ခေါင်းဆောင် တစ်ယောက်ကို သူ အစောကတည်းက ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။
ပထမ၌ ထိုနေရာအတွက် ထို့ပိဟန်ကို တွေးခဲ့မိသေးသော်လည်း သူ့အသက်က အတော်လေး ကြီးလွန်းနေသည်။ ရေရှည်တည်တံ့ လုံခြုံရေး အတွက် စိတ်မချရပေ။ ထို့အပြင် ဝူယုနှင့် စကား ပြောဆိုပြီးနောက်တွင် အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို လက်ဆင့်ကမ်းရန် အတွက် ဝူမျိုးရိုး ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် ဝူမျိုးရိုး၏ မူလယင် ကြားခံ လိုအပ်ကြောင်း ဝေ့ဝူယင် သိလာရသည်။
ထို့ပိဟန်မှာ မဟာဧကရာဇ် ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်တော့။
ယခုတွင်တော့ ထိုက်တန်သူကို သူ တွေ့ရှိခဲ့ပြီ ဖြစ်သည်။ ဝူပိုင်ကျိုးပင်။
သို့သော်လည်း သူ သူမအား မျက်လုံးမှိတ် မယုံကြည်နိုင်သေးချေ။ သေချာအောင် လုပ်စရာများ သူ့တွင် ရှိပေသေးသည်။ လုံချန် အပေါ် သူမတွင် ခံစားချက်များ ရှိနေ၊ မနေ သူ သိလိုသေးသည်။
ကြားခဲ့ရသည့် ဇာတ်လမ်းအရ ဆိုလျှင်တော့ သူမ လုံချန်နောက်သို့ လိုက်ခဲ့ရခြင်းမှာ ကိုယ်ပိုင် ခံစားချက်များထက် ကံကြမ္မာ၏ ကြိုးဆွဲရာကိုသာ ကခဲ့ရခြင်း ဖြစ်သည်။ ဝေ့ဝူယင် အစီအစဉ်များ ဆွဲနေစဉ်မှာပင် စုမေ့မှာ ရောက်ရှိလာခဲ့၏။
"အရှင်ဝေ့… ကျွန်မ ဝူပိုင်ကျိုးကို နေရာချထား ပြီးပြီ"
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ ဤအတောအတွင်း သူမက သူ့ကောင်းကင် နန်းတော်တွင် နေထိုင်ကာ ကျင့်ကြံလိမ့်မည် ဖြစ်သည်။ အကယ်၍ သေချာ ဆုံးဖြတ်ပြီးပါက သူမ အနေဖြင့် မူလ ကြယ်တာရာ ဝိညာဉ်ကို အပြီးတိုင် စွန့်လွှတ်ရပေလိမ့်မည်။ ထို့နောက်… ကျင့်ကြံခြင်း အခြေခံကို နောက်တစ်ကြိမ် ပြန်လည် တည်ဆောက်ကာ အင်ပါယာ ကြယ်တာရာ ဝိညာဉ်ကို ပျိုးထောင် ရပေလိမ့်မည်။
ဝေ့ဝူယင် စုမေ့ကို ထိုင်ရင် အချက်ပြလိုက်၏။
"ဂိတ်တံခါးက မကြာခင် ဖွင့်တော့မယ် စုမေ့… ဒီကြားထဲ ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်… အဂ္ဂိရတ် အစည်းအရုံးကိုလည်း သွားရမယ်… ဆက်သွယ်ရေး ဂိတ်တံခါး အသစ် တပ်ဆင်ဖို့လည်း လုပ်ရမယ်… ဒါပေမဲ့ လောလောဆယ် ကြယ်တာရာ ကပ်ဘေးကို ဖြတ်ကျော်ဖို့က ပိုပြီး အရေးကြီးတယ်လို့ ငါထင်တယ်"
သူ ကောင်းကင် အုပ်စိုးသူ အဆင့်တွင် ပိတ်ဆို့နေခဲ့သည်မှာ အတော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုကာလများ အတွင်း ဝိညာဉ် ဆင်းတု ကပ်ဘေးနှင့် ပတ်သက်မျှ အကြောင်းအရာ မှန်သမျှကို နှံ့စပ်အောင် သူ လေ့လာခဲ့ပြီး ဖြစ်သည်။ ငရဲ၏ ဒုတိယမြောက် ကပ်ဘေး မလာခင် ထိုအဆင့်ကို သူ တက်လှမ်း ထားလိုသည်။ ထို့အပြင်… ဝိညာဉ် ဆင်းတု ကပ်ဘေးအား ရင်ဆိုင်ရန် အတွက်လည်း သူ့တွင် ယုံကြည်ချက် အပြည့်အဝ ရှိနေခဲ့ပြီ ဖြစ်သည်။
ဧကရာဇ် ။ ။ "ကလန့်…"
အိုရီ ။ ။ "ကောင်းတယ်ဟေ့… ကောင်းတယ်…"
ဧဒင် ။ ။ "… "
ခရာတို ။ ။ "နောက်ဆုံးတော့ အချိန်ကျ လာပြီပေါ့"
ကြယ်တာရာ ဝိညာဉ်များ၏ အသံများက တက်ကြွလှုပ်ရှားစွာ ထွက်ပေါ်လာ၏။ ၎င်းတို့ထံမှ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက် အရိပ်အယောင်များကို သူ ရှင်းလင်းစွာပင် ခံစားနိုင်သည်။ အခြား ကျင့်ကြံသူများနှင့် မတူညီစွာပင် သူ၏ ကြယ်တာရာ ဝိညာဉ်များမှာ ကပ်ဘေးများကို နှစ်သက်ကြောင်း ဝေ့ဝူယင် ကောင်းစွာ သိထားသည်။ သူ တိတ်တဆိတ်ပင် စိတ်ထဲမှ ပြုံးလိုက်မိ၏။
…
အနန္တဧကရာဇ် ကြယ်တာရာ ပိုင်နက်၏ အစွန်အဖျား တစ်နေရာတွင် မထင်မရှား ကုန်းမြေတိုက်ကြီး တစ်ခု ရှိသည်။ ၎င်းက ကီလိုမီတာ တစ်ရာနီးပါးမျှသာ ကျယ်ဝန်းကာ အလွန် သေးငယ်၏။ ကျင့်ကြံသူများမှာ ထိုကမ္ဘာပြားလေးကို သားရဲများအား ပျိုးထောင်ရန်နှင့် ဆေးပင်များ စိုက်ပျိုးရန် မကြာခဏ ဆိုသလို အသုံးပြုလေ့ ရှိကြသည်။ ၎င်းကိုတော့ "မိုးဝါ ကုန်းမြေတိုက်ကြီး" ဟူ၍ နာမည် ပေးထားကြပေသည်။
နှစ်စဉ်နှစ်တိုင်း မိုးဝါ ကုန်းမြေတိုက်ကြီး ပေါ်တွင် အဝါရောင် မိုးများ ရွာသွန်းလေ့ ရှိသည်။ ထိုမိုးများတွင် အန္တရာယ် ဖြစ်စေနိုင်သည့် ဓာတုဓာတ်များ မပါဝင်ပဲ သဘာဝ ဖြစ်စဉ် တစ်ခုမှ နေ၍ ထူးဆန်းစွာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဒါတောင်မှ မြက်ခင်းများ၊ သစ်ပင်များ၊ အိမ်များနှင့် တောင်တန်းများမှာ အဝါရောင်များနှင့် စွန်းထင်းနေသည်။
ဟူး… ဟူး…
အရပ်ရှည်ရှည်နှင့် ခန့်ညားသော ပုံရိပ်တစ်ခုမှာ တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေခဲ့၏။ သူက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ကောင်းကင်ကို စူးစိုက်ကြည့်နေခဲ့သည်။ သူ၏ ငွေရောင်မျက်လုံးများက တဖျပ်ဖျပ်နှင့် တောက်ပနေကာ လောကကြီး၏ အမှန်တရားနှင့် နိယာမများကို ဆုပ်ကိုင်ထားဟန် ရလေသည်။
ယနေ့တွင်ပင် ဝေ့ဝူယင် ဂိတ်တံခါးကို ဖြတ်သန်းကာ မိုးဝါ ကုန်းမြေတိုက်ကြီးပေါ်သို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ ရှုပ်ထွေးပွေလီလှသော ကပ်ဘေးအား ဖြတ်ကျော်ရန် ဆိတ်ကွယ်ရာ အရပ်သည်သာလျှင် အကောင်းဆုံး ဖြစ်သည် ဟု သူ ခံစားရသည်။ အကြိမ်ကြိမ် အခါခါ ဆန်းစစ်ပြီးနောက် မိုးဝါ ကုန်းမြေတိုက်ကြီးကို ဦးတည်ခြင်းက သာလျှင် အကောင်းဆုံး အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေလိမ့်မည်ဟု သူ ခံစားရသည်။
စုမေ့၏ အဖြစ်အပျက်နှင့် ကောင်းကင်နန်းတော်ကို ပြိုကျသွားစေခဲ့သည့် မတော်တဆမှုတို့ အပြီးတွင် နောက်ထပ် ပျက်စီးရန် ဖြစ်နိုင်ချေများကို တတ်နိုင်သမျှ ရှောင်တိမ်းရလိမ့်မည် ဖြစ်သည်။ ယခု၌ ဝမ်မင်ယာ၊ လင်းကျိရန်၊ ရှောင်ပင်း၊ ဟုန်ယုနှင့် ဝူပိုင်ကျိုးတို့ ငါးယောက်မှာ သူ့ ကောင်းကင် နန်းတော်ထဲတွင် ကျင့်ကြံနေကြသည်။ သူတို့အား ရွှေ့ပြောင်းခိုင်းရန်က သိပ် မသင့်တော်ချေ။
မိုးဝါ ကုန်းမြေတိုက်ကြီး၏ ခပ်ပါးပါး ကောင်းကင် အလွှာကို မော့ကြည့်မိသော အခိုက်၌ သူ့နှလုံးသားထဲမှ အပူဓာတ်က ထိုးတက်လာ၏။ ဤသည်က ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သူ ရင်ဆိုင်ရမည့် တတိယ အကြိမ်မြောက် ကပ်ဘေးပင်။ ထိုကပ်ဘေးကို နာမည် အမျိုးမျိုးဖြင့် ခေါ်ဝေါ် သုံးစွဲကြသော်လည်း ဝေ့ဝူယင်ကတော့ "ဝိညာဉ် ပုံရိပ်ယောင် ကပ်ဘေး" ဆိုသော နာမည်နှင့်သာ လိုက်သည်ဟု ခံစားရသည်။
၎င်းက ကျင့်ကြံခြင်း၏ အခြေခံနှင့် အားသာချက်များကို ရှင်းလင်းစွာ ဖော်ပြနိုင်သည့် ပထမဆုံး ကပ်ဘေး ဖြစ်သည်။ ကပ်ဘေးအတွင်း ကျင့်ကြံသူများမှာ ဝိညာဉ်ကို တည်ဆောက်ရသည်။ ဝိညာဉ် ကွင်းများကို ဖွဲ့စည်းရသည်။ ရှေးခေတ် ကျင့်ကြံသူများ၏ အဆိုအရဆိုလျှင် ဝိညာဉ် ပုံရိပ်ယောင် ကပ်ဘေးမှာ လူတစ်ဦး၏ တိုးတက်မှုများကို အပြီးတိုင် အဆုံးသတ် ပစ်နိုင်သည့် ကပ်ဘေးလည်း ဖြစ်သည်။
ကပ်ဘေးအတွင်း သေဆုံးရန် ဖြစ်နိုင်ချေကတော့ အလွန် နည်းသည်။ ထိုကဲ့သို့ ဖြစ်ပွားနိုင်သည့် အကြောင်းရင်း နှစ်ရပ်သာ ရှိသည်။ ကျင့်ကြံခြင်း အခြေခံ အုတ်မြစ် ရစရာ မရှိအောင် နိမ့်ပါးနေခြင်းနှင့် ကြောက်မက်ဖွယ် ကောင်းအောင် အကန့်အသတ်အသတ်တို့ကို ကျော်လွန်၍ မြင့်မားနေခြင်းတို့ပင်။
ထိုအချက်နှစ်ချက်မှ လွဲ၍ သတိထားနေသမျှ ဝိညာဉ် ပုံရိပ်ယောင် ကပ်ဘေးကို အောင်မြင်နိုင်ပေသည်။ သို့သော်လည်း သုံးလွှာ ကြယ်တရာ နယ်မြေအတွင်းရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ဝိညာဉ် ကွင်းတစ်ကွင်းကိုသာ ဖွဲ့စည်းနိုင်ကြပေသည်။ ကုန်းမြေတိုက်ကြီးများကို ကြီးကြပ်ရသည့် စောင့်ရှောက်သူများပင် ဝိညာဉ်ကွင်း နှစ်ခုကိုသာ ပိုင်ဆိုင်ထားကြသည်။
ဝိညာဉ်ကွင်း တစ်ခု ပိုမို တိုးတက်လာသည်နှင့် အမျှ ကျင့်ကြံသူ၏ စွမ်းအားမှာ နှစ်ဆ အထိ ပိုမို မြင့်တက်သွားလိမ့်မည် ဖြစ်သည်။ ကွင်းများ၏ အရေအတွက် များလေလေ ကျင့်ကြံသူ၏ ခွန်အားက ပိုမို ထင်ရှားလာလေလေ ဖြစ်သည်။ ဝိညာဉ်ကွင်း ကိုးကွင်း ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများ ဆိုလျှင် ဝိညာဉ်ကွင်း တစ်ကွင်း ပိုင်ရှင်များထက် အဆရာချီ ပိုမို သာလွန်သည်။
ဝေ့ဝူယင် ဝင်လေ ထွက်လေကို စည်းချက် ညီညီ ရှူသွင်း ရှူထုတ်နေ၏။ သူ့တွင် ကြယ်တာရာ ဝိညာဉ် လေးခုရှိရာ သီးခြား ကြယ်တရာ ကပ်ဘေး လေးခုကို ရင်ဆိုင်ရ ပေလိမ့်မည်။ ကြယ်တာရာ ဝိညာဉ်များ၏ အခြေခံက အလွန် မြင့်မားလှရာ ကပ်ဘေးက ခက်ခဲမည် ဖြစ်ကြောင်း သေချာပေသည်။ သို့သော်လည်း သူ အရာရာကို သေချာ ပြင်ဆင်ပြီး ဖြစ်သည်။
"စမယ်… စမယ်…"
အိုရီ၏ အသံက စိတ်လှုပ်ရှားစွာ ထွက်ပေါ် လာ၏။ ထိုကြယ်တာရာ ဝိညာဉ်ကား နောက်ထက်တစ်ဆင့်ကို တက်လှမ်းရန် ဝေ့ဝူယင်ထက်ပင် ပိုမို စိတ်အားထက်သန် နေဟန်ရသည်။
"ကောင်းပြီ…"
ဝေ့ဝူယင်က ကောင်းကင်ဘုံ နတ်မျက်လုံးကို ထုတ်ဖော်ကာ အိုရီနှင့် ချိတ်ဆက်လိုက်၏။ ဝိညာဉ်ဆင်းတု အဆင့်နှင့် သက်ဆိုင်သော ဉာဏ်အလင်းများက ချက်ချင်းပင် အိုရီကို ဝန်းရံသွားသည်။ သူကား သတိမမူမိခင် မှာပင် ကြယ်တရာ ကပ်ဘေးကို ဆင့်ခေါ်လိုက်မိပြီ ဖြစ်လေတော့သည်။
ကံကောင်းထောက်မစွာပင် သည်ကပ်ဘေးအား ဖြတ်ကျော်ရန် သူ ဘောင်းဘီများကို အလုံအလောက် ပြင်ဆင်ထားပြီး ဖြစ်သည်။
ဝေ့ဝူယင် ခေါင်းအား မော့ကြည့်လိုက်ရာ လောကကြီး တစ်ခုလုံး တိတ်ဆိတ်သွားသလို ခံစားလိုက်ရသည်။ သူ့ဖြစ်တည်မှုက အထီးကျန် ဆန်လှကာ နားလည်မှုကို ကျော်လွန်နေသည့် လမ်းအား မကြာခင် လျှောက်လှမ်းရပေတော့မည်။ ရုတ်ချည်းပင် ဝေ့ဝူယင်၏ နှလုံးသားက ရုန်းထွက် မရနိုင်လောက်သော အတိုင်းအတာ တစ်ခု အထိ တင်းကြပ်သွား၏။
၎င်းက ကောင်းကင်တာအို၏ လွှမ်းမိုးမှု ဖြစ်ကြောင်း ဝေ့ဝူယင် တန်းကာ သိရှိ လိုက်သည်။ ကောင်းကင်တာအိုသည် လူ့စိတ်အတွင်း ဝင်ရောက်ကာ အတွေးနှင့် ခံယူချက်များကိုပင် ပြောင်းလဲအောင် တွန်းအားပေးနိုင်သည်။ ကြောက်ရွံ့မှုတို့ အတိုင်းအဆ မရှိအောင် မြင့်တက်သွားလေ့ ရှိသည်။
ဇာတ်သိမ်းကား ကျရှုံးခြင်းပင်။
ဟူး… ဟူး…
ဝေ့ဝူယင်၏ အနက်ရောင် အင်္ကျီစတို့က လေနှင့် အတူ တဖျပ်ဖျပ် လွင့်ပါနေ၏။ သတ္တိ ခွန်အားတို့က သူ့နှလုံးသားထဲတွင် ပြည့်လျှံနေ၏။ အကယ်၍ သေမင်းနှင့် ရင်ဆိုင်ရမည် ဆိုလျှင်ပင် သူ ကြောက်လန့်လိမ့်မည် မဟုတ်ပါချေ။
အူ… ဝူး…
ရုတ်တရက် ရေနေသတ္တဝါကြီ တစ်ကောင် ဆွဲဆွဲငင်ငင် အူလိုက်သကဲ့သို့ အူသံကြီး တစ်ခု ထွက်ပေါ်လာလေ၏။ တက်ကြွနေသော အိုရီမှာ ရုတ်ချည်း ဆိတ်ငြိမ်သွား၏။ သူ၏ ရယ်မောသံမှာလည်း လုံးဝ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
***