← Chapters

ထူးဆန်းသော တောင်စဉ်တန်း

Vol. 27 Ch. 373

ထူးဆန်းသော တောင်စဉ်တန်း

Vol. 27 Ch. 373

ကောင်းကင်နှင့် မြေပြင်ကို မြင်တွေ့ခဲ့သော ကြိုးကြာတစ်ကောင်။ မာန်စွမ်းအားရှင်များ၏ မြေရိုင်းနယ်မြေတို့ကို မြင်တွေ့ခဲ့သော ကြိုးကြာတစ်ကောင်။

ထိုစက္ကူကြိုးကြာတွင် သဟဇာတမျှခြင်း ပိုးစာ၏ တောင်ပံခတ်ခြင်းကဲ့သို့ လှပသော ဒဏ္ဍာရီမျိုး မရှိကောင်း မရှိနိုင်သော်ငြားလည်း အချိန်နှင့် လေဟာနယ်များကို ဖြတ်သန်းသွားလာနိုင်သည့် စွမ်းအားတစ်မျိုးတော့ ရှိနေခဲ့သည်။ မဟာ အေးခဲကောင်းကင် မျိုးနွယ်စုကြီးမှ ပျံသန်းထွက်ခွာချိန်တွင် မွေးကင်းစလေး ဖြစ်ခဲ့သော ၎င်းသည် အရှေ့မြေရိုင်းနယ်မြေတွင် သေဆုံးချိန်အထိ ရှင်သန်ခဲ့သည်ဟုပင် ပြောဆိုနိုင်၏။

၎င်း၏သက်တမ်းသည် တိုတောင်းခဲ့သော်လည်း ထိုတိုတောင်းသော သက်တမ်းအတွင်းမှာပင် ၎င်း၏ မျက်လုံးများထဲ၌ ကမ္ဘာကြီးတစ်ခုလုံးမှာ  ကျဉ်းမြောင်းသွားပုံပေါ်ပြီး ၎င်းဖြတ်သန်းသွားလာခဲ့သော ကုန်းမြေနှင့် ပင်လယ်အတွင်းရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ခဲ့သည်။

ဤပြတ်သားသော မြင်ကွင်းမှာ စုမင်အပါအဝင် အခြားလူများနှင့် မသက်ဆိုင်ခဲ့သည်ကတော့ နှမြောစရာကောင်းလွန်းလှသည်။ စက္ကူကြိုးကြာကို ကောင်းကင်ဘုံကိုးလွှာဆီသို့ ပျံသန်းစေခဲ့သော အဘိုးအိုတစ်ဦးတည်း သို့တည်းမဟုတ် ပိုမိုတိကျစွာဆိုရလျှင် ဧကရာဇ်ဝတ်ရုံနှင့် သရဖူဆောင်းထားသည့် လူတစ်ဦးတည်းသာ မြင်နိုင်သော အရာဖြစ်သည်။ အကြောင်းမှာ ၎င်းစက္ကူကြိုးကြာသည် သူတစ်ဦးတည်းနှင့်သာ သက်ဆိုင်သောကြောင့် ဖြစ်၏။

စုမင်သည် ဆောင်းဦးပင်လယ်မျိုးနွယ်စုဆီမှ ထွက်ခွာလာခဲ့သည်။

သူသည် ရှာမန်တို့၏ ကောင်းကင်အောက်တွင် လျှောက်လှမ်းနေခဲ့သည်။ သူ့အနောက်တွင် လိုက်လံဖမ်းဆီးနေသူများ မရှိသလို၊ သူ့ရှေ့တွင်လည်း အတားအဆီးများ ရှိမနေခဲ့။ သူမြင်မြင်သမျှ အရာအားလုံးမှာ ကျယ်ပြောသော ကောင်းကင်နှင့် ကျတ်တီးမြေရိုင်း နယ်မြေများသာဖြစ်သည်။ ကောင်းကင်မြူခိုး မြို့တော်၏ စစ်ပွဲတွင် ပါဝါင်ခဲ့သည့် အချိန်မှစ၍ ယခုအချိန်ကာလလေးသည်သာ သူ့အပေါ်ရှိ ကန့်သတ်ချက်များအားလုံးကို ဖယ်ရှားလိုက်နိုင်ပြီဟု အမှန်တစ်ကယ် ယူဆနိုင်ပေ၏။

သူ့အရှေ့ရှိ ကောင်းကင်နှင့် မြေပြင်ကို ကြည့်လိုက်သောအခါ ဟန်တောင်တန်းမြို့တော် အပြင်ဘက်ရှိ တောင်စဉ်တန်းတွင် သူ့မျက်လုံးများ ပထမဆုံးပွင့်လာခဲ့သည့် အတိတ်အချိန်ကို ပြန်ရောက်သွားသကဲ့သို့ စုမင် ရုတ်တရက်ခံစားလိုက်ရသည်။

ထိုအချိန်က သူသည် လွမ်းဆွတ်တမ်းတစွာဖြင့် သူနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသော ကောင်းကင်ကြီးကို ကြည့်နေခဲ့ရသည်။ သူ၏ ခွန်အားနည်းပါးမှုက သူ့အား အချိန်အတော်ကြာ စိတ်ရှုပ်ထွေးစေခဲ့သည်။

ယခုအချိန်တွင်လည်း သူသည် ကမ္ဘာလောကအတွင်း လျှောက်လှမ်းရင်း မရင်းနှီးသော ကောင်းကင်ကြီးကို ကြည့်နေရဆဲဖြစ်သည်။ လေသည် သူ့ဆံပင်များကို လှုပ်ရှားသွားစေပြီး ၎င်းတို့အောက်မှ လေးနက်သော မျက်ဝန်းများကို ထွက်ပေါ်လာစေသည်။

သို့သော် ယခုအချိန်မှာတော့ သူသည် အနည်းငယ် စိတ်ရှုပ်ထွေးနေသေးသော်လည်း သူ့တွင် ဦးတည်ချက်တစ်ခု ရှိနေပြီဖြစ်သည်။ သူ့ကျင့်ကြံဆင့်သည် သူ့ကို အထွတ်အထိပ်တွင် ရပ်တည်ခွင့် မပေးနိုင်သေးသော်လည်း ယခင်အတိတ်က သူနှင့် ယှဉ်လျှင်တော့ ချောက်နက်တစ်ခု၏ မတူညီသော ဘက်ခြမ်းနှစ်ခုသဖွယ် ဖြစ်နေခဲ့ချေပြီ။

'တစ်ခြားကမ္ဘာက အင်မော်တယ်တွေ နောက်တစ်ကြိမ် ရောက်မလာခင် ငါ့ကိုယ်ငါ ပိုသန်မာလာအောင် လုပ်ထားရမယ်... ' စုမင်သည် ရင်ဘတ်အတွင်းမှ မျက်နှာဖုံးကို ထုတ်ယူကာ သူ့မျက်နှာပေါ်တွင် တပ်ဆင်လိုက်သည်။ သူ့ထံတွင် ၎င်းကို ထပ်မံချွတ်ရန် ရည်ရွယ်ချက်မရှိတော့ပေ။

ဤသည်က ရှာမန်နယ်မြေထဲတွင် သူမည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားရန် သူ၏ နည်းလမ်းဖြစ်သည်။ ပိုမိုကောင်းမွန်သော နည်းလမ်းတစ်ခု ရှာမတွေ့သေးသရွေ့ မျက်နှာဖုံးကိုသာ တပ်ဆင်ထားမှာ ဖြစ်သည်။

ဝိညာဉ်လုယက်နှင့် သူ၏ နတ်ဘုရားစိတ်အာရုံတို့ ရှိနေခြင်းကြောင့် အစွမ်းထက်သော အဆုံးသတ်ရှာမန်များနှင့် ထိပ်တိုင်မရင်ဆိုင်ရသရွေ့ နှောင်းပိုင်းရှာမန်များနှင့် တွေ့ခဲ့လျှင်တောင် သူရှာမန်မဟုတ်ကြောင်း ၎င်းတို့ ရှာတွေ့နိုင်စွမ်းက သိပ်မများလှပေ။

ထို့အပြင် သူရှာမန်မဟုတ်ကြောင်း ပြောနိုင်သော အစွမ်းထက်ရှာမန်များနှင့် ရင်ဆိုင်တွေ့မိလျှင်ပင် စုမင်ထံတွင် သူမည်သူမည်ဝါဖြစ်ကြောင်း ရှင်းပြနိုင်သော နည်းလမ်းတစ်ခု ရှိနေဆဲဖြစ်သည်။

'အကယ်၍ ငါ့မျက်နှာကသာ... တစ်ခြားကမ္ဘာက အင်မော်တယ်တွေနဲ့ အရမ်းတူနေတယ်ဆိုရင်... အဲလိုဆိုရင်တော့...' စုမင်သည် မျက်လုံးများကို မှိတ်လိုက်ပြီးနောက် ၎င်းတို့ကို ပြန်ဖွင့်လိုက်သောအခါ သူ့မျက်ဝန်းများအတွင်း စူးစမ်းလိုသော အကြည့်တစ်ခု ရှိနေခဲ့သည်။

'ဒါပေမယ့် ငါသိချင်မိတယ်။ ငါ့ကို ကံကြမ္မာလို့ ခေါ်ခဲ့တဲ့ လူနှစ်ယောက်က ဘာကြောင့်များ... ငါက ကံကြမ္မာပါဆိုပြီး အရမ်းသေချာနေရတာလဲ'

စုမင်သည် နယ်မြေတစ်လျှောက် ဖြတ်သန်းခရီးနှင်လာရင်း ရှာမန်တစ်ချို့နှင့် တွေ့ဆုံခဲ့ရ၏။ အချိန်အများစုတွင် ၎င်းတို့သည် သူ့ကိုတွေ့သောအခါ ၎င်းတို့၏ ဖြန့်ကျက်လိုက်သော စိတ်အာရုံများက စုမင်၏ နတ်ဘုရားစိတ်အာရုံကို ထိတွေ့မိသည်နှင့် သူတို့၏ စိတ်အာရုံကို ပြန်လည် ရုပ်သိမ်းသွားကြလေသည်။

ကြိုသိထားပြီးသား မဟုတ်သရွေ့တော့ အများစုက စုမင်ကို သံသယဝင်မိမှာ မဟုတ်ချေ။

'ဟန်တောင်တန်းဘိုးဘေးက သူ့ကိုခေါ်ဆောင်သွားမယ့် ကံကြမ္မာဆိုတဲ့လူကို စောင့်နေခဲ့တာ။ အဲဒါကြောင့် နှစ်ပေါင်းများစွာ စောင့်နေခဲ့ပြီး နောက်မှာမှ ငါက သူပထမဆုံး တွေ့ရတဲ့လူ ဖြစ်နေလို့ ငါ့ကိုတွေ့တဲ့အချိန်မှာ ငါက ကံကြမ္မာပါလို့ တွေးသွားတယ်ဆိုတာ အကျိုးအကြောင်းသင့်သေးတယ်'

'ဒါပေမယ့် စစ်မြေပြင်က ဆံပင်ရှည် အမျိုးသမီးကကျတော့ ငါ့ကို တစ်ကြိမ်ပဲ မြင်ဖူးပေမယ့် ကံကြမ္မာလို့ ပြောခဲ့တယ်။ အဲဒီနေရာက ထူးဆန်းနေတာပဲ'

'အဲဒီလို အချိန်မျိုးမှာ ငါ့ကို ကံကြမ္မာလို့ ခေါ်ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က... သူငါ့ကို အရင်က မြင်ဖူးလို့ပဲ' စုမင်သည် အတွေးများအတွင်း နစ်မြုပ်နေ၏။ သူ့တွင် မှန်ကန်၊ ခိုင်လုံသော အချက်အလက်များ မရှိခဲ့ချေ။

သူသည် ယာမူပေးခဲ့သော မြေပုံကို ရံဖန်ရံခါ စူးစမ်းလေ့လာရင်း ခုနစ်ရက်ဆက်တိုက် ပျံသန်းခဲ့သည်။ သူသည် ရှာမန်နယ်မြေ၏ အလယ်ဗဟိုနှင့် ပိုမိုနီးကပ်လာပြီဖြစ်ကြောင်း သူသိနေခဲ့သည်။ သို့သော် သူသည် နီးကပ်လာရုံသာ ဖြစ်၏။ ရှာမန်နယ်မြေ၏ ပိုင်နက်တစ်ခုလုံးကိုသာ ကြည့်လိုက်မည်ဆိုလျှင် သူသည် အတော် ဝေးလံခေါင်သီသော အရပ်တွင် ရှိနေသေးကြောင်း တွေ့ရပေလိမ့်မည်။ ဤနေရာတွင် စိမ်းလန်းသော သစ်ပင်ချုံနွယ်များ ပိုမိုများပြားသော်ငြား ဤနေရာရှိ လေသည်လည်း အပြင်ဘက်ဧရိယာနှင့် ယှဉ်လျှင် များစွာပိုမိုပြင်းထန်နေခဲ့သည်။

ပင်လယ်သေမှလာသော လေအများစုသည် ရှာမန်နယ်မြေကို ဖြတ်ကျော်စိမ့်ဝင်လာပြီ ဖြစ်သောကြောင့် လေထဲတွင် သွေးနံ့များကိုပင် သူရနေ၏။

စုမင်သည် တောင်တန်းကွန်ချာကြီး သဖွယ် တည်ရှိနေသည့် တောင်စဉ်တန်းတစ်နေရာတွင် ရပ်ကာ နယ်မြေတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုမိသည်။ ၎င်းသည် သူခရီးသွားချိန်တွင် ရံဖန်ရံခါဆိုသလို ပြုလုပ်တတ်သော အရာတစ်ခုဖြစ်၏။ သူ့ပတ်ဝန်းကျင်တွင် အန္တရာယ်များ ရှိမရှိ သိနိုင်ရန် ပတ်ဝန်းကျင်ဧရိယာကို ဂရုတစိုက် စောင့်ကြည့်စစ်ဆေးခြင်း ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ တောင်စဉ်တန်းကို ဝေ့ဝဲကြည့်ရှုမိလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်မှာ ရုတ်ခြည်း ရပ်တန့်သွားခဲ့ရသည်။ အံ့အားသင့်မှု၏ ခပ်တိုးတိုး ပင့်သက်တစ်ခုနှင့်အတူ တောင်စဉ်တန်းတစ်ခုလုံးကို လွှမ်းခြုံသွားစေရန် နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ရင်း ထိုနေရာသို့ ချက်ချင်း အာရုံစူးစိုက်လိုက်မိ၏။

တစ်ခဏကြာပြီးနောက် စုမင်မျက်လုံးများ တောက်ပသွားခဲ့ရသည်။ သူ၏ ယခုလက်ရှိ စွမ်းအင်အဆင့်နှင့် ဆိုလျှင် လောကစွမ်းအားကို အသုံးချနိုင်စွမ်း မရှိသေးသော်လည်း မာန်အရိုးသည်တော့ လေးခု ရှိနေခဲ့ပြီး ဖြစ်၏။ ရိုးရေစတေးနယ်ပယ် အလယ်ဆင့်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်သော သူ့အတွက် နေရာတစ်ခုတွင် လောကစွမ်းအားပမာဏ မည်မျှရှိနေသည်ကို ဆိုသည်ကိုလည်း မြင်နိုင်နေပြီဖြစ်သည်။

ပထမဆုံး အကြည့်တစ်ချက်တွင် ထိုတောင်စဉ်တန်း၏ ပုံစံမှာ မယုံနိုင်လောက်အောင်ပင် သာမန်ဆန်နေခဲ့သည်။

တစ်စုံတစ်ဦး အနေဖြင့် သေချာဂရုတစိုက် ကြည့်မိမည်ဆိုလျှင်လည်း ၎င်း၏ ပုံစံမှာ အလွန်အမင်း သာမန်ဆန်နေဆဲ ဖြစ်ပြီး ၎င်းနှင့် ပက်သက်၍ ထူးခြားချက် တစ်စုံတစ်ရာ မရှိသည်ကို တွေ့ရဦးမှာဖြစ်သည်။ သူတို့၏ နတ်ဘုရားစိတ်အာရုံများနှင့် ရှာမန်တို့၏ စိတ်အာရုံများကို ထိုနေရာသို့ ဖြန့်ကျက်ဖြည့်သွင်းလိုက်လျှင်တောင် ၎င်းက တူညီနေဦးမှာ ဖြစ်၏။

၎င်းသည် အန္တရာယ်များသော တောင်တစ်လုံးသဖွယ်ပင်။ ထိုနေရာရှိ လောကစွမ်းအားများမှာ အလွန်ပါးလွှာပြီး လေထုထဲရှိ သွေးနံ့များသည်လည်း ယခင်နှစ်များကလောက် မပြင်းထန်သော်ငြား ထူထပ်နေဆဲဖြစ်သည်။ ထို့ကြောင့်ပင် ဤနေရာကို ဖြတ်သန်းသွားလာကြသော နှောင်းပိုင်းရှာမန်များ အပါအဝင် ရှာမန်အများစုက ၎င်းကို အလွန်အမင်း ဂရုမစိုက်မိကြချေ။

သို့သော် စုမင်မျက်လုံးထဲတွင်တော့ ဤနေရာက တစ်ဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။ သူ့မျက်စိရှေ့ရှိ တောင်စဉ်တန်းထံမှ ထူထဲသော ကန့်လန်ကာသည် ပင့်တင်ခံလိုက်ရပုံပေါ်ပြီး ၎င်း၏ ပုံစံအစစ်အမှန်ကို ထုတ်ဖော်ပြလာခဲ့သည်။

တောင်စဉ်တန်းသည် အရှေ့ဘက်မှ စတင်ကာ မြောက်ဘက်ဆီသို့ ကွေးကောက်သွားပြီး အဝေးရှိနယ်မြေအတွင်း ပျောက်ကွယ်သွားခဲ့သည်။ ၎င်း၏ပုံစံသည် နဂါးတစ်ကောင်၏ ကျောမှ အပိုင်းငယ်တစ်ခုက မြေပြင်တွင် ဖြတ်သန်းတည်ရှိနေသကဲ့သို့ပင်။ တောင်များသည် လေထုထဲသို့ မြင့်မားစွာတည်ရှိနေပြီး ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် ကျောက်တုံးများမှာ နေရာအနှံ့ ပြန့်ကျဲနေသည်။ ၎င်းတို့အပေါ်တွင် ပေါက်ရောက်ကြီးပြင်းနေသော အပင်များလည်း ရှိ၏။

သို့သော် အပင်အများစု၏ ပုံသဏ္ဍာန်မှာ အလွန်အမင်း ထူးဆန်းနေသည်။ ၎င်းတို့သည် လေအဝှေ့တွင် ယိမ်းထိုးနေပြီး အန္တရာယ်ရှိသည်ဟူသော အာရုံတစ်ခု ပေးစွမ်းနေသည်။ ဤအပင်များ၏ ပင်ကိုယ်သဘာဝကိုက ရန်လိုနေသကဲ့သို့ပင်။

စုမင်သည် တောင်စဉ်တန်းကို ငေးစိုက်ကြည့်နေရင်း ညာလက်ကို ဘယ်ဘက်သို့ အသာအယာ ခုတ်ထစ်လိုက်သည်။ သူ့ကိုယ်တွင်းရှိ ရိုးရေစတေးနယ်ပယ် စွမ်းအားများကိုတော့ အသက်မသွင်းခဲ့ချေ။ ၎င်းသည် ပေါ့ပေါ့ပါးပါး ခုတ်ချက်တစ်ခုသာဖြစ်သော်လည်း လေထုထဲသို့ လှိုင်းဂယက်အလွှာများ ချက်ချင်း ပြန့်နှံ့သွားခဲ့သည်။ စုမင် မျက်ဝန်းတို့မှာ အနည်းငယ် ကျဉ်းမြောင်းသွားပြီး တစ်စုံတစ်ခုကို ခံစားလိုက်မိဟန်ဖြင့် သူ့ညာဘက်လက်က လှိုင်းအလွှာများအတွင်း ရောက်ရှိသွားခဲ့သည်။

'တောင်စဉ်တန်းဟာ အရှေ့အရပ်က စတင်ပြီး မြောက်ဘက်ကို ဦးတည်သွားတယ်။ တောင်စဉ်တန်း ဦးတည်သွားတဲ့ အရပ်မျက်နှာကြောင့် ဒီနေရာဟာ လေးထောင့်ကွက် တစ်ခုအတွင်းက ထောင့်ချိုး တစ်ခုပုံ ဖြစ်နေရတာပဲ။ သူ့ပုံစံက နဂါးတစ်ကောင်နဲ့ တူတယ်ဆိုပေမယ့် တစ်ကယ်တမ်းတော့ အနည်းငယ် မပြည့်စုံတဲ့ နတ်ဆိုးသုံးဖော်ရဲ့ သဘာဝအတိုင်း ဖွဲ့စည်းဖြစ်ပေါ်နေတဲ့ ပုံစံပဲ' အချိန်အတော်ကြာပြီးနောက် စုမင်မျက်ဝန်းများအတွင်း စူးစမ်းလိုသော အကြည့်တစ်ခု ပေါ်လာခဲ့သည်။ သူသည် အောက်သို့ဆင်းသက်ကာ တောင်စဉ်တန်းတစ်ခုလုံးကို တစ်ကြိမ် လှည့်ပတ်ကြည့်လိုက်သည်။

၎င်းက ကောက်ကောက်ကွေ့ကွေ့ တောင်စဉ်တန်းကြီး တစ်ခု ဖြစ်သည်။

'ခွဲခြားခြင်း၊ အစပျိုးခြင်းနဲ့ ပြုစုပျိုးထောင်ခြင်း... လုယက်မှု၊ ဘေးဒုက္ခနဲ့ အချိန်... အရှေ့မြောက် ဧရိယာက ဒီနေရာရဲ့ အသက်ဓာတ်ပဲ။ အနောက်တောင်မှာတော့ ဘာမှမရှိပဲ ဗလာနတ္ထိဖြစ်နေတယ်။ ဗလာဧရိယာကနေ အနောက်ဘက်အထိက အစပျိုးခြင်း ဖြစ်ပြီး ဗလာဧရိယာကနေ တောင်ဘက်အထိက ပြုစုပျိုးထောင်ခြင်းပဲ။ အခု ဒီနေရာမှာ လိုအပ်နေတာက ခွဲခြားခြင်းအတွက် နေရာပဲ။ ဒါက မူလတည်းကကို မပြည့်စုံခဲ့တဲ့ ပုံစံတစ်ခု ဖြစ်လိမ့်မယ်'

စုမင်သည် တောင်စဉ်တန်းကို အချိန်အတော်ကြာ လေ့လာနေလိုက်သည်။ ထို့နောက် နတ်ဆိုးသုံးဖော်ကွပ်မျက် ကျင့်စဉ်အကြောင်း သူနားလည်သဘောပေါက် ထားသည်များနှင့်အတူ ဤတောင်စဉ်တန်း၏ ထူးခြားဆန်းကြယ်မှုကို ဖြည်းဖြည်းချင်း ခွဲခြမ်းစိပ်ဖြာ ကြည့်နေမိ၏။

'ဒါပေမယ့် အရှေ့အရပ်က လာတဲ့လေတွေဟာ အရင်က မပြင်းထန်လောက်ပေမယ့် အခုတော့ အရှေ့မြေရိုင်း ကုန်းမြေရဲ့ ကပ်ဘေးကြီးကြောင့် သိသိသာသာကို ပိုပြင်းထန်လာခဲ့ပြီ။ လေထုထဲမှာ သွေးနံ့တွေတောင် ရနေတယ်... ဒီတောင်စဉ်တန်းကို နဂါးတစ်ကောင်အဖြစ် ကြည့်မယ်ဆိုရင် ဒါက မူလတုန်းက သေဆုံးနေခဲ့ပြီးဖြစ်တဲ့ အရာတစ်ခုလိုပဲ။ ဒါပေမယ့် အရှေ့ဘက်ကလာတဲ့ လေက နဂါးဦးခေါင်းကို ဖြတ်သန်းတိုက်ခတ် နိုင်သွားရင်တော့ နဂါးဦးခေါင်းဟာ အသက်ရှင်နေပြီး အသက်ရှူနေပုံ ပေါ်သွားလိမ့်မယ်'

'ဒီခွဲခြားခြင်းနဲ့ လုယက်မှု နတ်ဆိုးက ငါ တစ်ခါမှ မမြင်ဖူးတဲ့ နတ်ဆိုးသုံးဖော်ကွပ်မျက်ပဲ။ ဒီကျင့်စဉ်ဟာ အရာဝတ္ထုတွေကို ဖြတ်တောက်ဖျက်စီးရုံ အတွက်တင်မဟုတ်ပဲ တည်ဆောက်ဖို့အတွက်ပါ သုံးလို့ရနိုင်တယ်ဆိုတာကို ကောင်းကင်မြူခိုး မြို့တော်စစ်မြေပြင်မှာ ရှိနေခဲ့တုန်းက ငါဉာဏ်အလင်းပွင့်ခဲ့တယ်'

'ကြည့်ရတာတော့ ငါ့အကြံက သိပ်မပြည့်စုံသေးတဲ့ပုံပဲ။ ပုံစံတွေကို ဖျက်ဆီးတာနဲ့ တည်ဆောက်တာအပြင် ငါအဲဒါတွေကို ပြောင်းလဲလို့လည်း ရသေးတယ်။ မြေပြင်ပုံစံကို ပြောင်းလဲပြီး သူတို့ကို သတ်ဖြတ်လိုတဲ့ အသိတစ်ခုအဖြစ် ပြောင်းလဲနိုင်တာပဲ'

'အံ့သြဖို့ကောင်းလိုက်တဲ့ သဘာဝပုံစံ။ အဲဒါက လောကစွမ်းအားတွေကို ဒီနေရာမှာ စုစည်းစေရုံတင်မကပဲ နတ်ဆိုးသုံးဖော် စွမ်းအားကိုလည်း ဖန်တီးထားပြီး  ဒီနေရာကို အများကြီး ပြောင်းလဲစရာ မလိုပဲနဲ့ စိတ်ကိုငြိမ်းချမ်းစေဖို့နဲ့ သတ်ဖြတ်ဖို့ နေရာတစ်ခုအဖြစ် ပြောင်းလဲသွားစေတယ်' ထိုနေရာကို လေ့လာလေလေ၊ စုမင်အမူအယာက တစ်ဖြည်းဖြည်း ပြောင်းလဲလာလေလေ ဖြစ်သည်။

ခွဲခြားခြင်းပုံစံသည် မူလနေရာမှ ပျောက်ကွယ်သွားပြီဖြစ်၍ ဤနေရာတွင် နတ်ဆိုးသုံးဖော်မှ လုယက်မှု နတ်ဆိုးမရှိဟု ဆိုလိုနေသည်။ စုမင် နားလည်ထားသည်အရဆိုလျှင် ကမ္ဘာပေါ်ရှိ နေရာအများစုတွင် နတ်ဆိုးသုံးဖော်လုံး ပါဝင်နေကြသည်။ သို့ရာတွင် နတ်ဆိုးသုံးဖော်မှာ များသောအားဖြင့် မမြင်ရသော တည်ရှိမှုတစ်ခု ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ဤနေရာတွင်တော့ အချိန်ကာလများ ပြောင်းလဲလာသည်နှင့် အမျှ ၎င်းသည် သာမန်မျက်စိဖြင့်ပင် မြင်နိုင်သော ဤပုံစံအဖြစ် အလိုလို ပြောင်းလဲသွားခဲ့ချေပြီ။

ထိုအရာက ကြီးမားသော ခြားနားချက်ကြီးတစ်ခု ဖြစ်သည်။

ထိုခြားနားချက်သည် ပုံရိပ်ယောင် တစ်စုံတစ်ရာကို ရုပ်ဝတ္ထုကိုယ်ထည်ရှိသော အရာတစ်ခုနှင့် နှိုင်းယှဉ်လိုက်သလိုပင် ဖြစ်သည်။

စုမင်သည် တစ်ခဏတာခန့် အတွေးထဲတွင်နစ်မြုပ်ကာ တိတ်ဆိတ်သွားမိသည်။ သူ့တွင် မူလက သွားလိုသော ဦးတည်ရာဟူ၍ ရှင်းရှင်းလင်းလင်း မရှိခဲ့သော်လည်း ယခု ဤတောင်စဉ်တန်း၏ ဆွဲဆောင်မှုရှိသော အချက်များကို မြင်လိုက်ရပြီးချိန်တော့ သူ့မျက်လုံးများမှာ တလက်လက် တောက်ပသွားပြီး ဆုံးဖြတ်ချက် ချလိုက်မိချေသည်။

'ဒီနေရာက ဆိုးတော့မဆိုးပါဘူး။ ငါ ဒီနေရာမှာပဲ လှိုဏ်ဂူတစ်ခုတူးပြီး ခဏတဖြုတ်နေဖို့ နေရာအဖြစ် လုပ်နိုင်သားပဲ။ ဒါပေမယ့် ဒီနေရာက အတော်လေး ချောင်ကျတယ်ဆိုပေမယ့်လည်း ပတ်ဝန်းကျင်မှာ ရှာမန်တွေအများကြီး ရှိနေနိုင်သေးတယ်။ ငါ သတိတော့ထားရမယ်'

တစ်ချက်လှုပ်ရှားလိုက်ရင်းဖြင့် စုမင် တောင်စဉ်တန်းဆီ ပျံသန်းသွားခဲ့သည်။ များမကြာမီမှာပင် သူသည် အရှေ့ဘက်တောင်တန်းကို မြောက်ဘက်တောင်တန်းနှင့် ဆက်သွယ်ပေးထားသော ထောင့်တစ်နေရာတွင် ရပ်နေခဲ့ပြီ ဖြစ်သည်။ ထိုနေရာသည် စုမင် ကောင်းကင်တွင် ရှိနေခဲ့စဉ်က နဂါးဦးခေါင်းသဖွယ် ဖြစ်နေသော နေရာဖြစ်၏။

ထိုနေရာရှိ တောင်တန်းမှာ အလွန်မြင့်မားလှသဖြင့် အရှေ့ဘက်မှ တိုက်ခတ်လာသော လေအများစုကို ပိတ်ဆို့ကာဆီး ပေးထားလေသည်။ ၎င်းလေများသည် ထိုနေရာတွင်သာ စုဝေးနေပြီး ပြန့်ကျဲပျောက်ကွယ်သွားခြင်း မရှိသဖြင့် စုမင် တောင်ထိပ်ပေါ်မှ ငုံ့ကြည့်လိုက်သောအခါ ထူထဲသော မြူခိုးလွှာတစ်ခုကိုသာ မြင်ရလေသည်။ ထိုနေရာ၌ သွေးနံ့များမှာလည်း အလွန်ထူထပ်နေခဲ့သည်။

ပတ်ဝန်းကျင်ရှိ ကျောက်တောင်၊ ကျောက်စိုင်များမှာလည်း စိုစွတ်နေပြီး အချို့နေရာများတွင် နှင်းရည်၊ နှင်းစက်များပင် စိမ့်ထွက်နေကြသည်။

'ငါ ထိလိုက်သင့်လား...'

စုမင် ခဏတာ တုန့်ဆိုင်းသွားမိသည်။ သူ့အတွက် တောင်စဉ်တန်း၏ ထောင့်စွန်းတစ်ခုဖြစ်သည့် သူ့ခြေထောက်အောက်ရှိ နေရာကို ဖွင့်ကာ ထိုနေရာတွင် အလွန်ကြီးမားသော အက်ကြောင်းတစ်ခုကို ဖန်တီးလိုက်ရန်သာ လို၏။ ထိုသို့ ပြုလုပ်လိုက်သည်နှင့် အရှေ့ဘက်မှလာသော လေများမှာ ဖြတ်သန်းတိုက်ခတ်သွားပြီး နဂါးတစ်ကောင် အသက်ရှူနေသည့် မြင်ကွင်းမျိုး ဖြစ်ပေါ်လာမှာ ဖြစ်သည်။

ထိုသို့ ပြုလုပ်ပြီးသည်နှင့် ဤနေရာတွင် စုဝေးနေသော လောကစွမ်းအားများမှာလည်း အဆပေါင်းများစွာ တိုးပွားသွားပေလိမ့်မည်။ ဤနေရာတွင် တရားထိုင်ခြင်းနှင့် ကျင့်ကြံခြင်းတို့သည် စုမင် သူ့စွမ်းအားကို သန့်စင်လိုသောအခါ ကြီးမားသော အကျိုးကျေးဇူးများ ရရှိစေလိမ့်မှာ ဖြစ်သည်။ အမှန်စင်စစ် သူဆေးလုံးများ ဖန်တီးဖော်စပ်ချိန်တွင်လည်း မယုံနိုင်လောက်အောင်ပင် အကျိုးပြုပေလိမ့်မည်။

အလားတူပင် ထိုနေရာတွင် အက်ကြောင်းတစ်ခုလုပ်ကာ ဤပုံစံအတွင်းရှိ နဂါးဦးခေါင်းကို ပြန်လည်ရှင်သန်လိုက်စေမည် ဆိုပါကလည်း သူသာ ဤနေရာတွင် နတ်ဆိုးသုံးဖော်ကွပ်မျက်ကို ထုတ်ဖော်လိုက်လျှင် ထိုကျင့်စဉ်၏ စွမ်းအားမှာ သူစစ်မြေပြင်တွင် ထုတ်ဖော်ခဲ့စဉ်ကထက် များစွာ သာလွန်သွားပေလိမ့်မည်။

တစ်ကယ်တမ်းတော့ သူသာ ထိုအကြံအတိုင်း လိုက်လုပ်ပြီး ဤနေရာတွင် နတ်ဆိုးသုံးဖော်ကွပ်မျက်ကို ထုတ်ဖော်ပါက သူသည် ဤနေရာနှင့် တစ်သားတည်းပင် ဖြစ်နေလိမ့်မည်ဟူ၍ပင် စုမင်ခံစားခဲ့ရခြင်း ဖြစ်သည်။ ထိုအချိန်တွင် ထွက်ပေါ်လာမည့် ကျင့်စဉ်၏ စွမ်းအားသည်လည်း သူ့နှလုံးသားကို တဒိန်းဒိန်း ခုန်သွားစေနိုင်ရန် လုံလောက်ပေလိမ့်မည်။

၎င်းက အကြောင်းပြချက်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ စုမင်သည် နေရာတော်တော်များများကို ရောက်ဖူးသော်လည်း တောင်စဉ်တန်းတစ်ခုတွင်ရှိနေသော ဤပုံစံမျိုးကိုတော့ ပထမဆုံး မြင်ဖူးခြင်းဖြစ်၏။ အချိန်ကြာမြင့်စွာ ရုပ်ဝတ္ထုကိုယ်ထည် ရရှိထားခဲ့ပုံပေါ်သော ဤနတ်ဆိုးသုံးဖော်ကို စစ်ဆေးကာ ၎င်း၏ လျှို့ဝှက်ချက်များကို စူးစမ်းလေ့လာပြီး ၎င်း၏ ဖွဲ့စည်းပုံအတိုင်းသာ ခံစားနိုင်ခဲ့မည်ဆိုလျှင် သူ၏ နတ်ဆိုးသုံးဖော်ကွပ်မျက်နှင့် ပက်သက်၍ ပိုမိုနက်ရှိုင်းစွာ သဘောပေါက် နားလည်လာပေလိမ့်မည်။

'နက်မှောင်တောင် ချန်ထားရစ်ခဲ့တဲ့ တစ်ခြားကျင့်စဉ်တွေက ငါ့အတွက် ဆက်အသုံးပြုဖို့ မသင့်တော်တော့ဘူး။ နတ်ဆိုးသုံးဖော်ကွပ်မျက်ကိုပဲ သုံးလို့ ရနိုင်တော့မှာ... အဲဒါအပြင် သွေးလောင်ကျွမ်းခြင်းပဲ ကျန်တယ်'

စုမင်သည် ခေါင်းမော့ကာ ကောင်းကင်ကို လှမ်းကြည့်လိုက်၏။ ဤတောင်တန်းမှာ အလွန်မြင့်မားလှသဖြင့် ညအချိန်တွင် လရောင်ဖြာကျလာသည်နှင့် ဤနေရာမှာ အလွန်ရှင်းလင်းပြတ်သား နေပေလိမ့်မည်။

သို့သော် အက်ကြောင်းကို ဖွင့်လှစ်ခဲ့လျှင် အကျိုးကျေးဇူးများစွာ ရှိသလို အားနားချက်များစွာလည်း ရှိနေ၏။ ပထမဦးစွာ ဤနေရာသည် အလွန်တရာ ထူးခြားကာ သိသာပေါ်လွင်သွားလိမ့်မည်။ ၎င်းက အာရုံစူးစိုက်မှုများကို ဆွဲဆောင်နိုင်ရုံသာမက အငြင်းပွားမှုများကိုပါ ဖြစ်ပွားစေနိုင်လေသည်။

***

All Chapters