တောင်ကို ပိုင်းဖြတ်၍ နေစရာနေရာ တည်ဆောက်ခြင်း
Vol. 27 Ch. 374
သူသာ အသုံးမဝင်သော အရာတစ်ခုကို ရတနာအဖြစ် ပြောင်းလဲလိုသည်ဆိုလျှင် ၎င်းကိုကာကွယ်နိုင်မည့် စွမ်းအားလည်း လိုအပ်ပေသည်။
'ကြည့်ရတာတော့ ဘယ်ရှာမန်ကမှ အခုချိန်အထိ ဒီနေရာနဲ့ပက်သက်ပြီး ဘာမှမသိသေးတဲ့ပုံပဲ။ ဟုတ်သား ငါလည်း နတ်ဆိုးသုံးဖော်ကွပ်မျက်ရဲ့ နောက်ကွယ်က အခြေခံအချက်တွေကိုသာ နားလည်မထားခဲ့ရင် ဒီနေရာရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မှာမှ မဟုတ်တာ'
'ဒီကုန်းမြေကို ဆင်းသက်လာတဲ့ အင်မော်တယ်တွေကရော ဒါကိုမြင်နိုင်လားဆိုတာ ငါသိချင်မိတယ်။ ဒါပေမယ့်လည်း အရှေ့ဘက်ကလာတဲ့ လေပြင်းတွေရဲ့ တိုက်ခတ်မှုကြောင့်သာ ဒီနေရာရဲ့ပုံစံက သေချာဖြစ်ပေါ်နေတာ။ အဲဒီနည်းနဲ့ စဉ်းစားကြည့်မယ်ဆိုရင်တော့ ဒီလေတွေက လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှ အရှေ့မြေရိုင်းကုန်းမြေကြောင့် စတင်တိုက်ခတ်လာတာပဲ။ အဲဒါဖြစ်တဲ့ အချိန်က သိပ်မကြာသေးဘူး။ ဒီနေရာက ပုံစံတွေကို နားလည်နိုင်တဲ့သူတွေ ရှိရင်တောင် သူတို့မှာ ဒီနယ်မြေဧရိယာကို သတိပြုမိဖို့ အချိန်ရှိခဲ့လိမ့်မှာ မဟုတ်ဘူး'
'ငါ လက်လျှော့လိုက်မယ်ဆိုရင်၊ အဲဒါက နှမြောစရာပဲ'
စုမင်မျက်လုံးများအတွင်း စိတ်ပိုင်းဖြတ်မှုများ ပေါ်လာခဲ့သည်။
သူ ဤနေရာကို လက်လျှော့လိမ့်မှာ မဟုတ်ကြောင်း သေချာပေါက်သိနေခဲ့သည်။ ၎င်းက သေချာနေခဲ့ပြီဖြစ်၍ သူနောက်ထပ် ဆက်လုပ်ဆောင်ရမည့် အရာမှာ အနာဂါတ်တွင် ဖြစ်လာမည့် အရာများအတွက် တန်ပြန်အစီအမံများကို စဉ်းစားပြီး ရှာမန်နယ်မြေထဲရှိ သူ၏ ပထမဆုံးသော လှိုဏ်ဂူအတွက် အကာအကွယ်များ တည်ဆောက်ထားရန်သာ ဖြစ်သည်။
'နတ်ဆိုးသုံးဖော်ရဲ့ အဓိက ခန္ဓာကိုယ်ပုံစံကို ပြောင်းလဲမှာ မဟုတ်ပေမယ့် ပြုပြင်ဖို့ လိုအပ်တဲ့ အသေးစိတ် အချက်တစ်ချို့တော့ ရှိနေသေးတယ်'
စုမင်မျက်လုံးများမှာ တောက်ပလာပြီး တောင်စဉ်တန်း၏ အရှေ့ဘက်ခြမ်းဆီသို့ ဦးတည်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် တောင်စဉ်တန်းအတွင်း ရံဖန်ရံခါ ပေါ်လာတတ်ပြီး ထိုနေရာတွင် အစိမ်းရောင်အလင်းများကိုလည်း တွေ့မြင်နိုင်သည်။ စုမင်သည် တောင်ကြီးကို အသွင်ပြောင်းရန် ကျောက်စိမ်းဓားမြောင်ငယ်၏ ချွန်ထက်သော ဓားသွားကို အသုံးချနေသည်မှာ ထင်ရှားလို့နေ၏။
တစ်ရက်ကြာပြီးနောက် သူသည် တောင်စဉ်တန်း၏ မြောက်ဘက်ခြမ်းဆီသို့ သွားကာ အရှေ့ဘက်ခြမ်းတွင် ယခင်က လုပ်ခဲ့သည့်အတိုင်း ပြုလုပ်လိုက်ပြန်သည်။ သူ့လိုအပ်ချက်နှင့် မကိုက်ညီသော တောင်၏ အပိုင်းတစ်ချို့ကို ဖြတ်ထုတ်ပြီးသည်နှင့် ၎င်းတို့အတွက် ဖုံးကွယ်မှုအချို့ ထပ်ဖြည့်ပြီးမှသာ အရှေ့ဘက်နှင့် မြောက်ဘက် တောင်တန်းများကို ဆက်သွယ်ပေးထားသော ထောင့်စွန်းဆီသို့ ပြန်သွားခဲ့သည်။
စုမင်သည် ထိုနေရာတွင်ရပ်ကာ တစ်ခဏတာမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ရှေ့တစ်လှမ်းတိုးကာ ထူထပ်သော မြူခိုးများနှင့် သွေးရနံ့များရှိနေသော ချောက်နက်အတွင်းသို့ ဦးတည်ဆင်းသက်သွားခဲ့သည်မှာ
တောင်ကမ်းပါးယံမှ ပြုတ်ကျသွားခဲ့သည့်အလားပင်။
သူသည် အလွန်လျင်မြန်လှသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ချောက်ကမ်းပါးအောက်ခြေသို့ ရောက်ရှိသွားခဲ့ချေပြီ။
ထိုနေရာရှိ အပင်အများစုသည် ခရမ်းရင့်ရောင် ဖြစ်ပြီး အလွန်တရာ ရန်လိုသာ လေထုတစ်ခု ထုတ်လွှတ်နေကြသည်။ နွယ်ပင်အချို့ုဆိုလျှင် စတင်ယိမ်းနွဲ့လှုပ်ရှားလာပြီး စုမင်ပြုတ်ကျလာသည်နှင့် သူ့ထံ တိုးဝင်လာကြလေသည်။
စုမင် ၎င်းတို့နှင့် အလူပ်ရှုပ်ခံမနေတော့ပေ။ ထိုနွယ်ပင်များကို ရှောင်ရှားလျက် လျောက်ကမ်းပါး အောက်ခြေသို့ ရောက်လာပြီးသည်နှင့် သူ့နံဖူးအလယ်မှ အစိမ်းရောင်အလင်းတစ်ဖြာ တောက်ပလာခဲ့သည်။ ဓားငယ်လေးသည် ချက်ချင်းပျံထွက်လာပြီး တောင်စဉ်တန်းကို ခုတ်ချလိုက်သည်။ စုမင်သည် အနီးတွင်ရပ်ကာ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ရင်း ဧရိယာတစ်ခုလုံးကို လွှမ်းခြုံထားလိုက်သည်။ နောက်တစ်ခါ ထပ်မံစစ်ဆေးပြီးသည်နှင့် သူ စိတ်ကျေနပ်သွားခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူသည် ထိုနေရာကို အကြိမ်များစွာ ရှာဖွေခဲ့ပြီး မည်သည့်နေရာကိုမှ မလွတ်သွားကြောင်း သေချာခဲ့သည်။ ဤနေရာတွင် သူ့အပြင် နောက်ထပ်အခြားသူတစ်ယောက် ရှိမနေပေ။
ထိုနေရာကို စူးစမ်းရန်အတွက် စုမင် သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ပြီးသွားသည်နှင့် ကျောက်စိမ်းဓားမြောင်ငယ်သည်လည်း သူ့အရှေ့ရှိ နံရံပေါ်တွင် လှိုဏ်ဂူတစ်ခု ဖွင့်လှစ်ပြီးသွားပြီဖြစ်သည်။ ဂူအတွင်းရှိ ကျောက်တုံးများသည်လည်း ပြာများ ဖြစ်သွားခဲ့ချေပြီ။ စုမင်၏ ဆန္ဒအရ ဓားငယ်လေးသည် လှိုဏ်ဂူအတွင်းမှာပင် ကျောက်တုံးအခန်း ရှစ်ခု တူးကာဖွင့်လှစ်လိုက်ပြီး ထိုနေရာကို တောင်တန်းအတွင်းရှိ ဧရာမ နေစရာလှိုဏ်ဂူကြီးအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
လှိုဏ်ဂူဖြစ်ပေါ်လာသည်နှင့် အပြင်ဘက်ချောက်နက်မှ သွေးညှီနံ့များ သယ်ဆောင်ထားသည့် အရှေ့ဘက်မှလာသော လေများသည် လှိုဏ်ဂူအတွင်းသို့ တိုက်ခတ်ဝင်ရောက်လာကြသည်။ တစ်ခဏအတွင်းမှာပင် လှိုဏ်ဂူတစ်ခုလုံး ထိုလေများဖြင့် ပြည့်သွားခဲ့ပြီး အပြင်ဘက်လိုပင် မြူများဆိုင်းသွားခဲ့သည်။
စုမင်သည် ယခင်တည်းကပင် ဤဖြစ်စဉ်ကို ကြိုတင်မျေှယ်မှန်းထားခဲ့ပြီး ဖြစ်သည်။ သူသည် လှိုဏ်ဂူအတွင်းသို့ တည်ငြိမ်စွာ ဝင်ရောက်သွားပြီး သူ့ခန္ဓာကိုယ်က ထိုမြူခိုးများအတွင်း ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် လှိုဏ်ဂူ၏ အဆုံးတွင် ပြန်ပေါ်လာခဲ့သည်။ ထိုနေရာတွင် အမြင့်ပေ တစ်ထောင်ခန့်ရှိသော ဧရာမကျောက်နံရံကြီးတစ်ခု ရှိနေသည်။ ၎င်းသည် သူ ထိုနေရာကို ရှင်းလင်းပြီးနောက် ကျန်ရစ်ခဲ့သော တောင်၏ အခွံဖြစ်သည်။
အခွံကြီးမှာ အနံပေပေါင်းများစွာ ကျယ်သည်။ လေပြင်းများသည် ထိုအရာပေါ် တိုက်ခတ်ကျရောက်ပြီး ၎င်းတို့၏ ရှေ့ဆက်သွားမည့် လမ်းကြောင်းက ပိတ်ဆို့ခြင်း ခံရပေလိမ့်မည်။
စုမင်သည် ကျောက်နံရံ နံဘေးတွင်ရပ်ကာ ညာလက်ကိုမြှောက်၍ ထိုအရာပေါ်သို့ ဖိချလိုက်သည်။
သူ့မာန်အရိုးများထံမှ ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအင်များနှင့်အတူ သူ့လက်များထံမှ အက်ကြောင်းတစ်ခု ချက်ချင်းစတင် ပျံ့နှံ့လာခဲ့၏။ လေထုထဲတွင် အက်ကွဲသံများ ပဲ့တင်ထပ်သွားပြီး
ချက်ချင်းဆိုသလို ကျောက်နံရံတစ်လျှောက် အက်ကြောင်းများ ဖြာထွက်သွားပြီး နံရံ၏ အပြင်ဘက်ဆုံးအလွှာအထိ ချိတ်ဆက်သွားခဲ့သည်။
စုမင်သည် ထိုနေရာမှ ခြေလှမ်းအနည်းငယ်လှမ်းကာအခြားတစ်ဖက်သို့သွား၍ အလားတူလုပ်ရပ်မျိုးကို ရှစ်ကြိမ်လုပ်ဆောင်လိုက်သည်။ သူထိုသို့ လုပ်ပြီးချိန်တွင်တော့ ပေတစ်ထောင် ကျောက်နံရံကြီးပေါ်တွင် ပထမဆုံးအက်ကြောင်းကဲ့သို့ အက်ကြောင်းများ များစွာရှိနေခဲ့ချေပြီ။ သို့သော်လည်း စုမင်သည် ၎င်းကိုပြုလုပ်ရာတွင် သူ၏ ကျွမ်းကျင်မှုကို ပြသခဲ့၏။ အက်ကြောင်းများစွာ ရှိနေသော်လည်း နံရံကတော့ ပြိုကျမည့် လက္ခဏာမျိုး မပြပါချေ။
ထိုအက်ကြောင်းများ ဖြစ်ပေါ်လာပြီး လှိုဏ်ဂူအား ပြင်ပကမ္ဘာနှင့် ဆက်သွယ်ထားသော လမ်းကြောင်းပွင့်သွားသည်နှင့် တစ်ပြိုင်နက် လှိုဏ်ဂူအဝင်ဝမှ လေပြင်းများ တိုက်ခတ်ဝင်ရောက်လာခဲ့သည်။ ထိုလေများသည် လှိုဏ်ဂူထဲတွင် ကျန်ရစ်မနေခဲ့ပဲ အက်ကြောင်းများအတွင်းသို့ စိမ့်ဝင်ကာ ပြင်ပကမ္ဘာဆီသို့
ဦးတည်ပျံ့နှံ့သွားကြသည်။
ထိုအချိန်တွင်တော့ ယခင်က လေပြင်းများကို ပိတ်ဆို့ထားခဲ့သော တောင်တန်းကြီးသည် ၎င်း၏ လှုပ်ရှားမှုများကို ထပ်မံ၍ ထိန်းချုပ်မထားနိုင်တော့ပေ။ ယခုအခါ တောင်ကြီးအတွင်း အက်ကွဲရာ အဟများ ရှိနေပြီဖြစ်၍ လေများ အဆက်မပြတ် တိုက်ခတ်လာပြီး တောင်စဉ်တန်းအတွင်းရှိ ပုံစံတစ်ခုလုံးမှာ ချက်ချင်းဆိုသလို စတင်အသက်ဝင်လာခဲ့၏။
လေများသည် စုမင်နံဘေးမှဖြတ်၍ ကျောက်နံရံပေါ်ရှိ အက်ကြောင်းများမှတစ်ဆင့် အပြင်သို့ ဆက်လက်တိုက်ခတ်နေသည်နှင့်အမျှ ပတ်ဝန်းကျင်တစ်ဝိုက်ရှိ နေရာများထံမှ တောင်စဉ်တန်းဆီသို့ ဖြည်းဖြည်းချင်း စုဝေးလာနေသော လောကစွမ်းအားများကို စုမင်ခံစားမိလာခဲ့သည်။ နဂါးဦးခေါင်းကြီးသည် အသက်ဝင်လာပြီး ဖြည်းညှင်းစွာ စတင်အသက်ရှူစ ပြုလာသည့်အလားပင်။
အကယ်၍ တစ်စုံတစ်ဦးကသာ ဤအရာကို လေ့ကျင့်မည်ဆိုပါက လောကစွမ်းအားများသည် သူတို့ထံသို့ စုဝေးရောက်ရှိလာပြီး သူတို့စွမ်းအားများသည်လည်း သူတို့ခန္ဓာကိုယ်များအတွင်း စတင်ပျံ့နှံ့လာပေလိမ့်မည်။ အလားတူပင် ဤပုံစံကြောင့် ဖြစ်ပေါ်လာသော အသက်ရှူခြင်းသည်လည်း တောင်ကြီးတစ်တောင်၊ သို့တည်းမဟုတ် နဂါးတစ်ကောင်၏ အသက်ရှူခြင်းသဖွယ် ဖြစ်နေပေလိမ့်မည်။ တောင်စဉ်တန်းတစ်ခုလုံးသည် အသာအယာ တုန်ခါနေပြီး လောကစွမ်းအားများသည်လည်း မထင်မရှားပုံစံဖြင့်သွားလာရင်း စတင်လည်ပတ်လာကြသည်။
တောင်တန်းပေါ်ရှိ အပင်များသည်လည်း ၎င်းတို့ထံသို့ အရပ်မျက်နှာအနှံ့မှ ရောက်ရှိလာသော လောကစွမ်းအားများကို စုပ်ယူရန် ၎င်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖွင့်လိုက်ကြပုံဖြင့် စတင်တုန်ခါလာကြသည်။
တစ်ချိန်တည်းမှာပင် ကျောက်တောင်ကြီး၏ အသက်ရှူခြင်း စတင်လာပြီး နဂါးဦးခေါင်းသည်လည်း ဝင်သက်ထွက်သက် ရှူရှိုက်လာသည်နှင့်အမျှ သူ့ကိုယ်တွင်းရှိ မာန်အရိုးများသည်လည်း ၎င်းတို့ဘာသာ စတင်လုပ်ဆောင်လာကြကြောင်း စုမင် ရှင်းရှင်းလင်းလင်း ခံစားလိုက်မိသည်။ အပြာရောင်အလင်းတို့ တောင်ပလာသည်နှင့် အမျှ လောကစွမ်းအားများသည်လည်း သူ့ကိုယ်တွင်းသို့ စဉ်ဆက်မပြတ် စိမ့်ဝင်လာကြပြီး မာန်အရိုးလေးခုနှင့် အတူတကွ ပေါင်းစပ်သွားကြသည်။
၎င်းတို့၏ ရုပ်နယ်လွန်အရှိန်ဝါများကို သိပ်သည်း၍ မာန်အရိုးများအဖြစ် ပြောင်းလဲရန်အတွက် အစပိုင်းတွင် မာန်နတ်ဘုရားရုပ်တုထံမှ စွမ်းအားကို ငှါးယူနိုင်သူ အနည်းငယ်မှအပ ရိုးရေစတေးနယ်ပယ်ရှိ ကျန်လူအားလုံးသည်တော့ သူတို့၏ ကျန်ရှိနေသော ကျင့်ကြံခြင်းတစ်လျှောက်တွင် မာန်အရိုးများ တိုးပွားစေနိုင်ရန်အတွက် လောကစွမ်းအားများကို အသုံးပြုရန် လိုအပ်ပေသည်။
လောကစွမ်းအားကို မျက်စိဖြင့်မမြင်နိုင်ပေ။ ရိုးရေစတေးနယ်ပယ်ရှိ လူများသည် ၎င်းကို တိုက်ရိုက် အသုံးပြုနိုင်ခြင်းမရှိပဲ သူတို့၏ ရှူသွင်းရှူထုတ် ကျင့်ကြံခြင်း အချိန်တွင်သာ စုပ်ယူနိုင်ကြသည်။ လောကစွမ်းအားများကို သူတို့သွေးကြောများအတွင်း ပေါင်းစည်းပြီးသည်နှင့် ၎င်းက သူတို့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည့် စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ထိုအရာက မာန်အရိုးများ၏ စွမ်းအားပင်ဖြစ်သည်။
ထိုစွမ်းအားများကို ပမာဏတစ်ခုအထိ စုဆောင်းပြီးသည်နှင့် ၎င်းတို့သည် ဒြပ်ဝတ္ထုကိုယ်ထည် ရရှိလာပြီး ကျောရိုးမကြီးအတွင်းရှိ ကျောရိုးဆစ်တစ်ခုအဖြစ် ပြောင်းလဲကာ မာန်အရိုးတစ်ခုအဖြစ်သို့ ဖြည်းဖြည်းချင်း အသွင်ပြောင်းသွားပေလိမ့်မည်။
စုမင်မျက်လုံးများအတွင်း ပျော်ရွှင်မှုများ ပေါ်လာခဲ့သည်။
သူ့ပတ်ဝန်းကျင်ရှိ လောကစွမ်းအားများ ပါဝင်နေသောလေကို အသက်ဝဝရှူရှိုက်ပြီးသည်နှင့် သူ့လှိုဏ်ဂူအပြင်သို့ တက်တက်ကြွကြွ ထွက်လာခဲ့လိုက်၏။ ထို့နောက် လေထုအလယ်သို့ တစ်ျက်ခုန်တက်လိုက်ပြီးနောက် အောက်ကို ပြန်ငုံ့ကြည့်လိုက်သည်။
ထိုအချိန်တွင် တောင်စဉ်တန်းပေါ်ရှိ အပင်များအားလုံးမှာ ယိမ်းနွဲ့လှုပ်ရှားနေကြလေသည်။ အရပ်မျက်နှာအနှံ့မှ လောကစွမ်းအားများသည် ရှေ့သို့တိုးဝင်လာနေသဖြင့် ထိုနေရာတစ်ခုလုံးကို လေဝဲကြီးတစ်ခုအသွင် ပြောင်းလဲသွားစေသည်။ လေဝဲသည် အစပိုင်းတွင် သေးငယ်ကောင်း သေးငယ်ခဲ့လိမ့်မည် ဖြစ်သော်လည်း
လောကစွမ်းအားများ တိုးဝင်လာသည်နှင့်အမျှ ပို၍ပို၍ ကြီးမားလာခဲ့သည်။
'ကံကောင်းထောက်မလို့ ငါ ဒါကြီးတစ်ခုလုံးကိုတော့ ဖွင့်မပစ်လိုက်မိဘူးပဲ။ မဟုတ်လို့ကတော့ အဲဒီနဂါးဦးခေါင်းကြီး ချောချောမွေ့မွေ့ အသက်ရှူလိုက်တာနဲ့တင် ဒီနေရာမှာရှိတဲ့ အရှိန်ဝါတွေက အနည်းဆုံးဆယ်ဆလောက် ပိုအားကောင်းသွားလိမ့်မှာ'
'ပြီးတော့ အဲဒီလိုအချိန်သာ ရောက်လာရင် ဖြစ်နိုင်တာက' စုမင်သည် တစ်ခဏတာ တုန့်ဆိုင်းနေမိပြီးမှ ခေါင်းခါယမ်းကာ သူ့ခေါင်းထဲတွင် ရုတ်တရက်ပေါ်လာသော အတွေးကို ပယ်ချလိုက်သည်။
ထိုအတွေးမှာ အနည်းငယ် ယုတ္တိမတန်ဟု သူတွေးလိုက်မိ၏။
ထိုအတွေးသည် သူလေထဲမှ အောက်သို့ ငုံ့ကြည့်လိုက်စဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ တောင်စဉ်တန်း၏ ပုံစံနှင့် ၎င်း၏ ရှူရှိုက်မှုပုံစံက အသက်ရှူနေသော နဂါးဦးခေါင်းကြီးနှင့် တူနေစေ၏။ တောင်ကြီးတစ်ခုလုံးသာ လုံးလုံးလျားလျား ပွင့်သွားပြီး ဤနေရာဆီသို့ လေပြင်းများ တစ်နှစ်ပတ်လုံး တိုက်ခတ်တိုးဝင်ကာ ကျောက်တောင်ကြီးသည်လည်း ရှူသွင်းရှူထုတ် ကျင့်ကြံခြင်းဖြင့် လောကစွမ်းအားများကိုသာ ဆက်လက်စုပ်ယူနိုင်လိမ့်မည်ဆိုပါက ဤတောင်စဉ်တန်းကြီးမှာ လှုပ်ရှားကောင်း လှုပ်ရှားနိုင်လာလိမ့်မည်လား။
"တောင်က မြေပြင်နဲ့ဆက်နေတာ ဘယ်လိုလုပ်ပြီးတော့များ လှုပ်ရှားနိုင်မှာတဲ့လဲ။ အဲဒီအတွေးက အရမ်း ယုတ္တိမရှိလွန်းနေတာပဲ" စုမင်သည် ထိုအကြံကို သူကိုယ်တိုင် ပယ်ချနေသော်လည်း စတင်၍ တွေးတောမိနေဆဲပင် ဖြစ်သည်။
'ဒီတောင်စဉ်တန်းက နဂါးတစ်ကောင်ရဲ့ ဦးခေါင်းလိုပဲ။
ငါ အဲဒါကို လုံးလုံးဖွင့်လိုက်တာနဲ့ အဲဒါက အသက်ရှူနေတဲ့ပုံ ပေါ်သွားလိမ့်မယ်။ အဲဒီနောက်ပိုင်း လေပြင်းတွေရဲ့ တိုက်ခတ်မှုကြောင့် အဲဒါကြီး အမှန်တစ်ကယ် စတင်ရွေ့လျားလာမယ်ဆိုရင် နတ်ဆိုးသုံးဖော်ပုံစံက အခုလေးတင် အသက်ဝင်သွားခဲ့တာလား... မြေပြင်ပေါ်မှာသာ ဒီလို ရွေ့လျားနေတဲ့ နဂါးတစ်ကောင်ရှိမယ်ဆိုရင် ငါသာ အဲဒီလိုလုပ်နိုင်ခဲ့မယ်ဆိုရင်၊ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် အနာဂါတ်မှာ ဒီတောင်စဉ်တန်းဟာ စိတ်ဝိညာဉ်တစ်ခု ပိုင်ဆိုင်လာလိမ့်မယ်...'
စုမင်သည် ခေါင်းကိုကုတ်ကာ တောင်စဉ်တန်းကို အကြိမ်အနည်းငယ် လှမ်းကြည့်လိုက်သည်။ တောင်တန်းအတွင်းရှိ လေဝဲမှာ များစွာ ပိုမိုကြီးမားလာကြောင်း မြင်လိုက်ရသော်လည်း သူသည် ထိုအရာကို မျှော်လင့်ထားပြီးဖြစ်ဟန်ဖြင့် အံ့သြမသွားခဲ့ပေ။ တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် တောင်တန်းများဘက်တွင် ပြန်ပေါ်လာပြီး သူအတွင်းဘက်မှ ပြုလုပ်ခဲ့သော အက်ကြောင်းများနှင့် ဆက်စပ်နေသည့် တောင်၏ အပြင်လွှာပေါ်ရှိ နေရာကို တွေ့လိုက်ရသည်။ သူသည် ထိုအရာကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေခဲ့မိပြီးမှ ၎င်းကို စတင်ဖုံးကွယ်လိုက်၏။ မည်သူတစ်ဦးတစ်ယောက်မှ ဂရုတစိုက်မကြည့်သ၍ တစ်စုံတစ်ရာ လွဲမှားနေကြောင်း ရှာမတွေ့နိုင်မှန်း သေချာသွားသည်နှင့် လေထဲသို့ ပြန်တက်လိုက်သည်။
'ငါက ကျောက်တောင်ရဲ့ အစိတ်အပိုင်းငယ်လေး တစ်ခုကိုပဲ ဖွင့်ခဲ့ပေမယ့် ကျောက်တောင်ကြီး စတင်ပြီး အသက်ရှူသွင်းရှူထုတ် လုပ်လာတာကြောင့် လေဝဲပေါ်လာခဲ့တယ်။ အဲဒါက ရက်အနည်းငယ်ကြာရင် လုံးဝပျောက်ကွယ်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် တောင်ရဲ့ ပုံပန်းသွင်ပြင်ဟာ အရင်အတိုင်းပဲ ဖြစ်နေဦးမှာ ဆိုပေမယ့် အတွင်းမှာရှိတဲ့ အရာကတော့ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လောက်ပြီ'
'ပြီးရင်တော့ ငါဒီအပေါ်မှာ အစီအရင်တွေ စထွင်းလို့ရလောက်ပြီ။ ဟူကျီသာ ဒီနေရာမှာ ရှိနေမယ်ဆိုရင် သူကတော့ ဒီနေရာအတွက် အထူးသီးသန့် အစီအရင်တစ်ခုကို သေချာပေါက် ဖန်တီးပေးနိုင်လိမ့်မှာပဲ။ အခုလောလောဆယ်တော့ သူပေးထားတဲ့ အစီအရင်တွေနဲ့ပဲ ငါဒီနေရာကို စီစဉ်ထားနိုင်ဦးမယ်'
'ငါသူတို့ကို နည်းနည်းလောက် ဖုံးကွယ်ပုံဖျက်ပြီးတာနဲ့ ဒီနေရာက ရှာမန်နယ်မြေထဲမှာ ငါ့ရဲ့ ပထမဆုံး နေစရာလှိုဏ်ဂူ ဖြစ်လာလိမ့်မယ်'
စုမင်မျက်ဝန်းများအတွင်း စိတ်ကျေနပ်မှုများ ပေါ်လာခဲ့သည်။ သူသည် အောက်သို့ဆင်းသက်ကာ တောင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်ချလိုက်သည်။ ဝိညာဉ်လုယက်ကိုလည်း ထုတ်ယူကာ သူ့ခေါင်းအထက်တွင် လွင့်မျောနေစေလိုက်၏။ သူသည် မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားပြီး တစ်ကိုယ်လုံး အနက်ရောင်ဝတ်ဆင်ထားသည်။ တရားထိုင်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံးမှ စိတ်ဝိညာဉ်ဖမ်းစားသူများတွင်သာ ရှိတတ်သည့် အရှိန်ဝါတစ်မျိုး စတင်ထွက်ပေါ်လာခဲ့သည်။
တစ်ခဏတာ စဉ်းစားလိုက်ပြီးနောက် စုမင်သည် သူ၏သိုလှောင်အိတ်ကို ညာလက်ဖြင့် ထိလိုက်သည်။ ချက်ချင်းဆိုသလိုပင် အနီရောင်အလင်းတစ်ဖြာ တောက်ပသွားပြီး မီးတောက်မျောက်ဝံလေး ခုန်ထွက်လာခဲ့သည်။ ၎င်းသည် လက်ထဲတွင် တုတ်ချောင်းတစ်ခုကို ကိုင်ဆောင်ထားပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။ ထိုသို့ ကြည့်ရှုပြီးသည်နှင့် ၎င်း၏ မျက်နှာလေးပေါ်တွင် အံ့သြဝမ်းသာမှုများ ချက်ချင်းပေါ်လာခဲ့သည်။ ၎င်းသည် စုမင်ကို လက်ဟန်ခြေဟန် အမူအယာပြကာ သွားဖြဲပြလိုက်သည်။
စုမင် ပြုံးလိုက်ပြီး သူ့အကြည့်က တောင်တန်းကြီးအပေါ် ကျရောက်သွားခဲ့သည်။ တစ်ဖြည်းဖြည်းဖြင့် သူ့မျက်ဝန်းများအတွင်း အေးစက်စက် အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
'ဒီနေရာကို လုံးလုံးလျားလျား ဖွင့်မထားပေမယ့် တစ်ယောက်ယောက်ကသာ ငါ့ကို ရန်စလာရဲရင်တော့ သူတို့ကို ဒီနေရာဆီ ဆွဲခေါ်ပြီး ဒီနေရာရဲ့ ပုံစံကို အသုံးချလို့ နတ်ဆိုးသုံးဖော်ကွပ်မျက်ကို ထုတ်ဖော်ပစ်လိုက်မယ်။ အဲဒီကျင့်စဉ်ရဲ့ စွမ်းအားကိုလည်း ငါထိန်းချုပ်နိုင်တယ်။ တစ်ကယ်တော့ အစွမ်းထက်တဲ့ ရန်သူတွေနဲ့ ရင်ဆိုင်တွေ့ရင်တောင် ငါက လောကစွမ်းအားတွေရဲ့ အင်အားအပြည့်ကို အသက်သွင်းဖို့အတွက် ဒီနေရာမှာရှိတဲ့ နဂါးဦးခေါင်းကို လုံးလုံးလျားလျား ဖွင့်ပစ်လိုက်နိုင်သေးတယ်'
မျက်စိတ်တစ်မှိတ်အတွင်းမှာပင် အချိန်သုံးရက် ကုန်လွန်သွားခဲ့သည်။ ထိုသုံးရက်တာ ကာလအတွင်း ရှာမန်အများအပြားသည် ဤနေရာကို ဖြတ်သန်းသွားစဉ် နယ်မြေပေါ်ရှိ လေဝဲကြောင့် ဆွဲဆောင်ခံခဲ့ကြရသည်။ ထိုသူတို့သည် ၎င်းကို စစ်ဆေးရန် အနီးသို့ ကပ်လာချင်သောအခါ စုမင်က အေးတိအေးစက် နှာခေါင်းရှုံ့လိုက်ပြီး ၎င်းတို့အား သူ၏တည်ရှိမှုကို ရှာဖွေသိရှိစေလိုက်သည်။
"ကျုပ် ဒီနေရာမှာ လျှို့ဝှက်မန္တာန်တစ်ခု လေ့ကျင့်နေတယ်။ ကျူးကျော်လာသူ မှန်သမျှ အမေးအမြန်းမရှိ သတ်ဖြတ်ခြင်းခံရမယ်"
စုမင်က မျက်နှာဖုံး တပ်ဆင်ထားလျှင်ပင် သူ့တစ်ကိုယ်လုံးမှ စိတ်ဝိညာဉ်ဖမ်းစားသူတစ်ဦး၏ အရှိန်ဝါများ ဖြာထွက်နေခဲ့သည်။ သူ၏ နက်နဲသိမ်မွေ့သော အကြည့်များကလည်း ထိုလူများ၏ အသားပေါ်တွင် ကြက်သီးများ ချက်ချင်းထလာစေသည်။
သူတို့သည် ရှာမန်ငယ်များသာ ဖြစ်ပြီး စုမင်ကတော့ အလယ်အလတ်ရှာမန်တစ်ဦးဖြစ်ကြောင်း သိလိုက်ကြသည်။ ထို့အပြင် စုမင်သည် အလယ်အလတ် ရှာမန်ကိုမှ စိတ်ဝိညာဉ်ဖမ်းစားသူ တစ်ဦးပါ ဖြစ်နေသေးပြန်ရာ ဤအမျိုးအစားအုပ်စုသည် အလယ်အလတ်ရှာမန်များ ဖြစ်သွားသည်နှင့် ကိုင်တွယ်ရန် လွန်စွာခက်ခဲကြောင်းကိုလည်း သူတို့သိထားကြသည်။
ရှာမန်များသည် အဝေးမှနေ၍ လေးလေးစားစားဖြင့် လက်သီးဆုပ် အရိုအသေပေးလိုက်ရန်သာ တတ်နိုင်ကြ၏။
ရှာမန်များအားလုံးသည် တူညီသော မျိုးနွယ်ဝင်များ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူတို့အချင်းချင်း တိုက်ခိုက်ရာတွင် သုံးသော နည်းလမ်းများကတော့ ရက်စက်ဆိုးရွားတတ်ကြသည်။ အထူးသဖြင့် စိတ်ဝိညာဉ်ဖမ်းစားသူများပင်။ ရှာမန်နယ်မြေအတွင်း သတ်ဖြတ်သူများအဖြစ် ကျော်ကြားသော သူတို့ဂုဏ်သတင်းက ကျယ်ပြန့်လှ၏။ သက်ရှိများကို သက်မဲ့ဖြစ်စေနိုင်သလို၊ ထိုသက်ရှိများကိုပင် ရှင်လျက်နှင့်သေနေသော ရုပ်သေးများအဖြစ် ပြောင်းလဲပစ်ရာတွင် ကျွမ်းကျင်သော ဤလိုလူမျိုးများ၏ တည်ရှိမှုက သူတို့ရန်သူများအကြား ကြောက်မက်ဖွယ်ရာပင် ဖြစ်သည်။
ထို့အပြင် စိတ်ဝိညာဉ်ဖမ်းစားသူများသည် ကျိန်စာမန္တာန်တိုက်ခြင်းများတွင် ကျွမ်းကျင်သည်ဟူသည့် ကောလဟာလများလည်း ရှိနေသေး၏။ သူတို့သည် သူတို့ရန်သူ၏ ဆံချည်တစ်မျှင်၊ လက်သည်းခွံတစ်စ ရရုံဖြင့် သူတို့ရန်သူကို ထိပ်တိုက်ရင်ဆိုင်စရာမလိုပဲ သတ်ဖြတ်နိုင်သည့် မန္တန်အား ထုတ်ဖော်နိုင်ကြသည်။
ထိုအရာများကြောင့်ပင် စိတ်ဝိညာဉ်ဖမ်းစားသူများသည် အလိုအလျောက် ဆိုသလိုပင် လူအများစု အလွယ်တကူ ရန်မစရဲသည့် ထူးခြားဆန်းကြယ်သော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့လေသည်။
"ကျုပ်တို့က ဒီအနီးအနားမှာရှိတဲ့ နွားသိုးဖြူမျိုးနွယ်စုက မျိုးနွယ်ဝင်တွေပါ။ စီနီယာ ဒီမှာ လေ့ကျင့်နေမှန်း မသိခဲ့လို့ ပေါ့ပေါ့ဆဆ လာခဲ့မိတာပါ။ စိတ်မဆိုးပါနဲ့၊ ကျုပ်တို့ ချက်ချင်းထွက်သွားပါ့မယ်"
အဖွဲ့ခေါင်းဆောင်မှာ လူလတ်ပိုင်းတစ်ဦးဖြစ်သည်။ သူသည် ရှာမန်ငယ်တစ်ဦးသာ ဖြစ်ဟန်တူသော်လည်း
စုမင်၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ စိတ်ဝိညာဉ်ဖမ်းစားသူတစ်ဦး၏ အရှိန်ဝါကို ရှာဖွေတွေ့ရှိလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းတုန်လှုပ်သွားပြီး အလျင်အမြန် တလေးတစား ဦးညွှတ်လိုက်သည်။
သူ့မျိုးနွယ်စုက မျိုးနွယ်စုငယ်လေး တစ်ခုသာဖြစ်သည်။ အကယ်၍ ဤသည်က သာမန် အလယ်အလတ်ရှာမန် တစ်ယောက်သာဆိုလျှင် ကိစ္စရပ်များက လွယ်ကူလိမ့်ဦးမည် ဖြစ်သော်လည်း အလယ်အလတ် နတ်ဆရာများ၊ အလယ်အလတ် စိတ်ဝိညာဉ်ဖမ်းစားသူများနှင့်သာ ထိပ်တိုက်ရင်ဆိုင်ရလျှင်တော့ သူတို့ သေချာပေါက်ကို တလေးတစား ဆက်ဆံရတော့မှာဖြစ်သည်။
ထိုလူသည် စကားဆုံးသည်နှင့် သူ့မျိုးနွယ်ဝင်များကို စုစည်းကာ နေရာမှ အလျင်အမြန် ပြန်လည်ထွက်ခွာသွားခဲ့သည်။ သူတို့သည် အတော်ဝေးဝေးသို့ ပျံသန်းလာခဲ့ပြီး ထိုစိတ်ဝိညာဉ်ဖမ်းစားသူက သူတို့အပေါ် တစ်စုံတစ်ရာ မလုပ်ကြောင်း တွေ့လိုက်ရသောအခါမှသာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိလိုက်ကြလေသည်။
***