အခန်း (၂၂၁-၂၂၂)
Vol. 23 Ch. 221-222
အခန်း။ ၂၂၁
ဝုန်း ဝုန်း ဝုန်း…
ထိုခဏ၌ပင် ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းတစ်ခုလုံးရှိ မရေတွက်နိုင်သော အကြည့်များသည် လျှပ်စီးအလင်းတန်းများကြားတွင် ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်ဘုရားသားတော်တစ်ပါးအလား ခန့်ညားစွာ ရပ်နေသော အဖြူရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်ထံသို့သာ စုပြုံ၍ ရောက်ရှိသွားကြတော့သည်။
"ဒါ ဘယ်သူလဲ"
"ကြည့်ရတာ... ငါတို့ မိုးကြိုးဂိုဏ်းက တပည့်တော့ မဟုတ်သလိုပဲ။ တော်တော်လေး စိမ်းနေတယ်"
"ဒါဆို သူက မိုးကြိုးကန်ထဲကို ဘယ်လိုလုပ်ပြီး ဝင်သွားတာလဲ"
ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းသားအချင်းချင်း အံ့ဩတကြီး ကြည့်လိုက်ကြပြီး အားလုံးမှာ ဆွံ့အလျက် မှင်တက်နေကြတော့သည်။
စင်မြင့်မြင့်ပေါ်တွင်မူ
"သူပဲလား"
စီကုန်းနန်နှင့် ကျန်ရှိသော ပါရမီရှင်များမှာ တစ်ပြိုင်နက်တည်း ထရပ်လိုက်ကြပြီး မိုးကြိုးကန်၏ အချက်အချာတွင် ရှိနေသော ထိုထူးခြားသည့် အဖြူရောင်ပုံရိပ်ကို စူးစိုက်ကြည့်နေကြသည်။ ဤလူသည် လွန်ခဲ့သော သုံးရက်က ရှောင်ဟွေ့တောင်ပေါ်တွင် တွေ့ခဲ့သည့်သူပင်။
"အော်... ဒီလူက ဘယ်သူလဲဆိုတာ မင်းတို့ သိကြတာလား"
ဂိုဏ်းချုပ် လီဟွာထျန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"သူက ဘယ်သူလဲဆိုတာတော့ ကျွန်တော်တို့ အတိအကျ မသိပါဘူး။ ဒါပေမဲ့ မိုးတိမ်နတ်သမီး ပြောတာအရတော့ သူက ခင်ဗျားတို့ဂိုဏ်းက ရှန်းယန်ဆိုတဲ့တစ်ယောက်ရဲ့ သူငယ်ချင်းပါတဲ့"
"လွန်ခဲ့တဲ့ သုံးရက်တုန်းက ဒီလူက သခင်လေးစီကုန်းကိုတောင် ပြစ်မှားစော်ကားခဲ့တာ။ ဒါပေမဲ့ ကံကောင်းတာက သခင်လေးစီကုန်းက စိတ်ထားကြီးမြတ်လို့ အရေးမယူခဲ့လို့ပေါ့"
"ဟုတ်တယ် ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းရဲ့ မျက်နှာကို မထောက်ထားရင် သခင်လေးစီကုန်းက သူ့ကို အဲဒီနေရာမှာတင် သတ်ပစ်လိုက်မှာ"
ပါရမီရှင်များက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြစဉ်
"သတ္တိရှိလှချည်လား"
ထိုစကားကို ကြားသည်နှင့် ဂိုဏ်းချုပ် လီဟွာထျန်းမှာ ချက်ချင်းပင် ဒေါသအမျက်ချောင်းချောင်း ထွက်သွားတော့သည်။ သူသည် မိုးကြိုးကန်၏ အစွန်အဖျားတွင် ရှိနေသော ရှန်းယန်ကို စူးစိုက်ကြည့်လိုက်၏။
"ဒီရှန်းယန်ကတော့... ဟောင်ရီဓားဂိုဏ်းကို သွားစော်ကားပြီး ငါတို့ဂိုဏ်းနဲ့ ဓားဂိုဏ်းကြားမှာ အဖုအထစ်ဖြစ်အောင် လုပ်ခဲ့တာတင် မကဘူး။ အခုတော့ ဂိုဏ်းရဲ့ တားမြစ်နယ်မြေဖြစ်တဲ့ မိုးကြိုးကန်ထဲကို အပြင်လူကိုပါ ခိုးသွင်းရဲတယ်ပေါ့။ ဒါက သေဒဏ်နဲ့ ထိုက်တန်တဲ့အပြစ်ပဲ"
"ဟေ့လူတွေ... မိုးကြိုးကန်ထဲက အဲဒီလူကို ငါ့ရှေ့ကို အမြန်ဖမ်းခေါ်လာခဲ့ကြ။ ငါတို့ဂိုဏ်းရဲ့ တားမြစ်နယ်မြေကို ကျူးကျော်တာက တခြားလူတွေ သင်ခန်းစာရအောင် ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်"
လီဟွာထျန်းက အမိန့်ပေးကာ ချန်ကျီရှင်းကို မိုးကြိုးကန်ထဲမှ ဖမ်းဆီးရန် ပြင်လိုက်စဉ်မှာပင်
မူး…
ဟင်းလင်းပြင်ကြီးတစ်ခုလုံးကို ဖြတ်သန်းလာသကဲ့သို့ ကမ္ဘာဦးအစကတည်းက မြည်ဟည်းနေသည့်အလား နိမ့်ရှိုင်းပြီး ရှေးကျလှသော အသံကြီးတစ်ခုက တစ်လောကလုံး ဟိန်းထွက်သွားတော့သည်။
ကောင်းကင်ယံအထိ မြင့်မားကာ ဦးချိုများရှိပြီး မြေပြင်ပေါ်တွင် အမြစ်တွယ်နေသည့် ဧရာမအရိပ်ကြီးတစ်ခု... တောင်ကြီးတစ်လုံးအလား ခန့်ညားထည်ဝါလှသော ကမ္ဘာဦးနွားနတ်ဆိုး၏ ပုံရိပ်ယောင်ကြီးသည် မိုးကြိုးကန်၏ အလယ်ဗဟိုတွင် ပေါ်ထွက်လာတော့သည်။
"ဒါက..."
"စကြဝဠာ ပရမ်းပတာခေတ်က နတ်ဘုရားသုံးထောင်ထဲက တစ်ပါးဖြစ်တဲ့ ခွန်အားတာအိုရဲ့ အရှင်သခင်... ကမ္ဘာဦးနွားနတ်ဆိုးပဲ"
ထိုခဏချင်းမှာပင် ဂိုဏ်းချုပ် လီဟွာထျန်း ဖြစ်စေ စီကုန်းနန် ဦးဆောင်သော ပါရမီရှင်များဖြစ်စေ အားလုံးမှာ တစ်စုံတစ်ခုကို သဘောပေါက်သွားကြပြီး သူတို့၏ မျက်သူငယ်အိမ်များမှာ အစွန်းကုန် ကျုံ့ဝင်သွားကြတော့သည်။
"ကမ္ဘာဦးနွားနတ်ဆိုးပုံရိပ်က ဘယ်တုန်းကတည်းက လူတစ်ယောက်ရဲ့ အမှတ်အသား ဖြစ်သွားရတာလဲ"
"ဇီဝေချန်မိသားစုရဲ့ တတိယသခင်လေး သက်ရှည်ပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံးကလူ..."
"ကောင်းကင်လှိုင်း နတ်ဘုရားသားတော်... ချန်ကျီရှင်း"
ပါရမီရှင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသည့် စကားတစ်ခွန်းကို တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
ကမ္ဘာဦးနွားနတ်ဆိုး ပုံရိပ်သည် ချန်ကျီရှင်းကို တစ်ကမ္ဘာလုံး ကျော်ကြားစေခဲ့သည့် သူ၏ အစွမ်းထက်လှသော အမှတ်အသားများထဲမှ တစ်ခုပင်။
မိုးကြိုးကန်၏ အလယ်ဗဟိုတွင်မူ
ဝုန်း ဝုန်း ဝုန်း
ဓာတ်ကြီးငါးပါး နတ်ဘုရားမိုးကြိုး ရာပေါင်းများစွာမှာ ချန်ကျီရှင်း၏ အထက်တွင် စုစည်းလာကြပြီး ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ခတ်မှုအလား နားကွဲမတတ် မြည်ဟည်းသံများနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အသွင်သဏ္ဌာန်ကို ဆောင်လာကြသည်။
ချန်ကျီရှင်း၏ အထက်ရှိ မိုးကြိုးထုကြီးထဲမှ ထွက်ပေါ်လာသော ဖျက်ဆီးခြင်း အရှိန်အဝါမှာ သက်ရှိသတ္တဝါအားလုံးကို အစအနမကျန် ချေမှုန်းပစ်တော့မည့်အလား ပြင်းထန်လှသည်။ နတ်ဘုရားမိုးကြိုးများမှာ အသိဉာဏ်ရှိနေသကဲ့သို့ပင် မရိုသေမသေခန့်ပြုသူကို ဆုံးမရန် ပြစ်ဒဏ်များအဖြစ် ဆင်းသက်လာခြင်းပင်။
ချန်ကျီရှင်းက ဤမိုးကြိုးကန်ထဲမှ မိုးကြိုးစွမ်းအားများကို မဆင်မခြင် စုပ်ယူနေသောကြောင့် မိုးကြိုးကန်တစ်ခုလုံးမှာ ဒေါသတကြီးဖြင့် ဆူပွက်လာပြီး ချန်ကျီရှင်း၏ အထက်တွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးဘေးဒုက္ခတစ်ခုကို ဖန်တီးလိုက်ခြင်းပင်။
မြေပြင်မှာ ဆူပွက်နေပြီး ကောင်းကင်မှာ အက်ကွဲနေကာ မိုးကြိုးတန်းများသည် လေဟာနယ်ကို ရူးသွပ်စွာ ဖြတ်သန်းနေပြီး အဆုံးမဲ့သော ကောင်းကင်ယံကို အပိုင်းပိုင်းပြတ်သွားစေတော့မည့်အလားပင်။
"အွပ်~~~~"
ချန်ကျီရှင်းက လေချဉ်တစ်ချက် အရှည်ကြီး တက်လိုက်သည်။ သူ၏ စွန်းထင်းမှုကင်းသော အဖြူရောင်ဝတ်စုံမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေ၏။ သူသည် ခေါင်းကိုမော့ကာ အထက်တွင် အရှိန်အဟုန်ဖြင့် စုစည်းနေသော ကြောက်မက်ဖွယ် မိုးကြိုးဘေးဒုက္ခကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
ငါ တစ်မျှင်ချင်းစီကို ဖြည်းဖြည်းချင်း စားနေတာ နှေးလွန်းလို့ အခုလိုမျိုး တစ်ဝကြီး စားရအောင် အစုံအလင် ပြင်ဆင်ပေးလိုက်တာလား။
မိုးကြိုးလေးက တကယ့်ကို အလိုက်သိတာပဲ။
ဝုန်း ဝုန်း ဝုန်း…
မိုးကြိုးကန်တစ်ခုလုံးမှာ ဆူပွက်လာသည်နှင့်အမျှ မိုးကြိုးကန်ထဲတွင် ကျန်ရှိနေသေးသော တပည့်အနည်းငယ်မှာလည်း ထိတ်လန့်တကြား အော်ဟစ်ကာ ကန်ပြင်ပသို့ ကမန်းကတန်း ခုန်ထွက်လိုက်ကြတော့သည်။
"လာစမ်းပါ"
ချန်ကျီရှင်း၏ ကျဉ်းမြောင်းသော မျက်ဝန်းများမှာ မှေးစင်းသွားပြီး သူ၏ အကြည့်ထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
ဘုန်း….
အလွန်တရာ ထူထဲလှသော ငါးရောင်ခြည် နတ်ဘုရားမိုးကြိုးကြီးတစ်ခုသည် ကောင်းကင်ယံကို ပြင်းထန်စွာ ထိုးခွင်းပြီး ချန်ကျီရှင်းထံသို့ တည့်တည့်မတ်မတ် ကျရောက်လာတော့သည်။
ဤမိုးကြိုးသည် ဓာတ်ကြီးငါးပါးကို ပေါင်းစပ်ကာ ပြီးပြည့်စုံသော စက်ဝန်းတစ်ခုကို ဖန်တီးထားခြင်းဖြစ်ပြီး နတ်ဘုရားမိုးကြိုး ငါးမျိုးကို အစွန်းကုန် ဖိသိပ်ထားခြင်းကြောင့် ရရှိလာသည့် ရလဒ်ဖြစ်ရာ သာမန်နတ်ဘုရားမိုးကြိုးများထက် စွမ်းအားအဆပေါင်းများစွာ သာလွန်လှသည်။
"ဒါ... ဒါက ငါးရောင်ခြည် ကမ္ဘာဦး နတ်ဘုရားမိုးကြိုးပဲ"
မိုးကြိုးဂိုဏ်း၏ အကြီးအကဲများစွာမှာ အံ့ဩတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြသည်။ ဤငါးရောင်ခြည် ကမ္ဘာဦး နတ်ဘုရားမိုးကြိုးသည် ရွှေ၊ ရေ၊ မြေ၊ မီး၊ သစ် ဟူသော ဓာတ်ကြီးငါးပါး မိုးကြိုးများ ပေါင်းစပ်မှသာ ပေါ်ထွက်လာခြင်းပင်။
ဤမိုးကြိုးကန်ထဲတွင် ငါးရောင်ခြည် ကမ္ဘာဦး နတ်ဘုရားမိုးကြိုး ပေါ်ထွက်လာသည်ကို မြင်တွေ့ရရန်မှာ သာမန် ဓာတ်ကြီးငါးပါး နတ်ဘုရားမိုးကြိုး ၈၁ မျှင်၏ ဒဏ်ကို ခံနိုင်ရည်ရှိမှသာ မြင်တွေ့ခွင့်ရနိုင်ခြင်းပင်။
ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းကို တည်ထောင်ခဲ့သည့် နှစ်ပေါင်းထောင်ချီသော သမိုင်းတစ်လျှောက်တွင် သူ၏ လူငယ်ဘဝ၌ ဂိုဏ်းကို အထွတ်အထိပ်သို့ ပို့ဆောင်ပေးခဲ့သော ထူးချွန်လှသည့် ဒုတိယမြောက် ဘိုးဘေးကြီးတစ်ဦးတည်းသာ ဤအဆင့်သို့ ရောက်ရှိခဲ့ဖူးသည်။
"ဒါက... ဒီလူက ငါတို့ဂိုဏ်းရဲ့ ဒုတိယဘိုးဘေးကြီး တင်ခဲ့တဲ့ စံချိန်ကို မှီသွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ"
မိုးကြိုးဂိုဏ်း တပည့်တစ်ဦးမှာ လည်ချောင်းများ ခြောက်ကပ်နေပြီး တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။
"အဲဒီတုန်းက ဒုတိယဘိုးဘေးကြီးတောင်မှ ငါးရောင်ခြည် နတ်ဘုရားမိုးကြိုး ပေါ်လာတဲ့အခါ မခံနိုင်တော့လို့ နောင်တတွေနဲ့ ဆုတ်ခွာခဲ့ရတာ။ ဒီလူကရော... ဒါကို တောင့်ခံနိုင်ပါ့မလား"
ထိုခဏ၌ ဂိုဏ်းချုပ် လီဟွာထျန်း အပါအဝင် မိုးကြိုးဂိုဏ်း၏ တပည့်များ၊ အကြီးအကဲများ အားလုံးမှာ မျက်လုံးအပြူးသားဖြင့် အသက်ရှူရန်ပင် မေ့လျော့နေကြသည်။ သူတို့သည် မည်သည့် အခိုက်အတန့်ကိုမျှ လွတ်မသွားစေရန် စူးစိုက်၍ကြည့်နေကြတော့သည်။
ဝုန်း…
ကမ္ဘာပျက်မတတ် ပြင်းထန်လှသော မိုးကြိုးဟိန်းသံကြီးနှင့်အတူ ထိုငါးရောင်ခြည် နတ်ဘုရားမိုးကြိုးကြီးမှာ ဒေါသတကြီး ကျဆင်းလာခဲ့သည်။ သို့သော်လည်း ရှေးဟောင်းမိုးကြိုးနဂါးကြီးအလား ကြောက်မက်ဖွယ်ကောင်းသော ထိုမိုးကြိုးကြီးကို ရင်ဆိုင်ရာတွင်
ချန်ကျီရှင်းသည် လက်တစ်ဖက်ကိုသာ ဆန့်ထုတ်လိုက်ပြီး လေထဲတွင် လက်ငါးချောင်းကို ဖြန့်ကာ ဖမ်းဆုပ်လိုက်သည့် အမူအရာကို ပြုလုပ်လိုက်သည်။ ကျယ်ပြောလှသော လောကကြီးတစ်ခုလုံးက သူ၏ လက်တစ်ဆုပ်စာအတွင်း၌သာ ရှိနေသကဲ့သို့ပင်။
ရှပ်….
ချန်ကျီရှင်း လက်ကို ဆန့်ထုတ်လိုက်သည်နှင့်အမျှ သူ၏နောက်ကွယ်မှ မြေပြင်ပေါ်တွင် ခြေကုပ်ယူကာ ကောင်းကင်ယံအထိ မြင့်မားနေသည့် မြူခိုးများဖြင့် ရစ်ပတ်ထားသော ကမ္ဘာဦးနွားနတ်ဆိုးကြီးသည်လည်း ထပ်တူညီသော ဖမ်းဆုပ်သည့် အမူအရာကို ပြုလုပ်လိုက်သည်။
ချက်ချင်းပင် ထိုငါးရောင်ခြည် နတ်ဘုရားမိုးကြိုးကြီးမှာ မိစ္ဆာကြီး၏ လက်ဝါးထဲသို့ ရောက်ရှိသွားတော့သည်။
စီ... စီ... စီ...
လျှပ်စီးအလင်းတန်းများ ပွင့်ထွက်လာပြီး မိုးကြိုးသံများ ဟိန်းထွက်သွားသည်။ ရှေးဟောင်းမိုးကြိုးနဂါးကြီးနှင့် တူလှသော ငါးရောင်ခြည် နတ်ဘုရားမိုးကြိုးမှာ ကမ္ဘာဦးနွားနတ်ဆိုးကြီး၏ လက်ထဲတွင်တော့ ရုန်းကန်နေသော်လည်း လွတ်မြောက်နိုင်ခြင်းမရှိသည့် ရွှံ့နွံထဲက ငါးရှည့်လေးတစ်ကောင်အလားပင်။
မိုးကြိုးသံများ တဖြည်းဖြည်း တိုးညှင်းသွားကာ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားပြီး နေမင်းနှင့် လမင်းကိုပင် အမှောင်ချနိုင်လောက်သည့် ဧရာမ နတ်ဘုရားမိုးကြိုးကြီးမှာ အံ့ဩနေသော အကြည့်ပေါင်းများစွာ၏ ရှေ့မှောက်တွင် လက်မောင်းခန့်အထိ မှန်မှန်ကြီး ကျုံ့ဝင်သွားတော့သည်။
ချန်ကျီရှင်းသည် ထိုမိုးကြိုးကို ဆုပ်ကိုင်လိုက်ပြီး လူတိုင်း မယုံနိုင်လောက်အောင်ပင် သူ၏ ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်ကာ သောက်ချပစ်လိုက်သည်။
"ဖိနှိပ်စမ်း"
ချန်ကျီရှင်းသည် မိုးကြိုးတာအို အထွတ်အထိပ် ကောင်းကင်ကိုးထပ်ကျင့်စဉ်ကို လည်ပတ်လိုက်သည်။ သူ၏ အတွင်းပိုင်း၌ ရုန်းကန်နေသော ငါးရောင်ခြည် နတ်ဘုရားမိုးကြိုးမှာ ချက်ချင်းပင် အပြင်းအထန် ဖိနှိပ်ခြင်းခံလိုက်ရပြီး ကြီးမားကာ အလွန်တရာ သန့်စင်လှသော ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားတော့သည်။
ချန်ကျီရှင်း၏ ကျင့်ကြံမှုမှာလည်း တစ်ဟုန်ထိုး မြင့်တက်လာပြီး စစ်မှန်သောကိုယ်ပိုင်
နယ်ပယ် အဆင့် ၆ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
"သူ... သူက ဒါကို တစ်ငုံတည်းနဲ့ မျိုချလိုက်တာလား"
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ဒုတိယဘိုးဘေးကြီးတောင် မခံနိုင်ခဲ့တဲ့ ငါးရောင်ခြည် ကမ္ဘာဦး နတ်ဘုရားမိုးကြိုးကို သူက တစ်ငုံတည်းနဲ့ မျိုချလိုက်တယ် ဟုတ်လား"
"ဘုရားရေ"
"ဒုတိယဘိုးဘေးကြီးကိုတောင် ကျော်ဖြတ်သွားပြီ"
"ဒီလူက ဒုတိယဘိုးဘေးကြီးရဲ့ စံချိန်ကို မှီရုံတင်မကဘူး။ စံချိန်ကိုပါ အပြတ်အသတ် ချိုးဖျက်ပစ်လိုက်တာပဲ"
နှစ်ပေါင်းထောင်ချီအောင် တည်ရှိခဲ့သည့် ဒုတိယဘိုးဘေးကြီး၏ စံချိန်မှာ ယခုအခါ အစအနမကျန် ကြေမွသွားခဲ့သည်။
ခဏချင်းမှာပင် ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းတစ်ခုလုံးမှာ မကြုံစဖူးသော အုတ်အော်သောင်းနင်း ဖြစ်မှုကြီးဖြင့် ဆူညံသွားတော့သည်။ မိုးကြိုးဂိုဏ်းသားများစွာမှာ ဤမြင်ကွင်းကို ကြည့်ရင်း ဆွံ့အလျက် ထိတ်လန့်တုန်လှုပ်နေကြသည်။
စင်မြင့်မြင့်ပေါ်ရှိ ဂိုဏ်းချုပ် လီဟွာထျန်းပင်လျှင် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်မိပြီး မယုံကြည်နိုင်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ဖြစ်နေတော့သည်။ တစ်ဂိုဏ်းလုံးမှာတော့ အံ့ဩတုန်လှုပ်သံများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
အခန်း။ ၂၂၂
ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းတစ်ခုလုံးတွင် မကြုံစဖူးသော အုတ်အော်သောင်းနင်း ဖြစ်မှုကြီးမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
မရေတွက်နိုင်သော မိုးကြိုးဂိုဏ်းသားများနှင့် အကြီးအကဲများမှာ ဤမြင်ကွင်းကို ကြည့်ရင်း တစ်ကိုယ်လုံး တုန်ရီနေကြသည်။
"ငါးရောင်ခြည် နတ်ဘုရားမိုးကြိုးကို တစ်ငုံတည်းနဲ့ မျိုချပစ်လိုက်တယ်ဆိုတာ ဘယ်လိုမျိုး အဓိပ္ပာယ်လဲ။ ဒါက လူတွေရဲ့ နားလည်မှုကို လုံးဝကျော်လွန်နေပြီး ဘယ်လိုမှ တွေးလို့တောင် မရနိုင်တဲ့ အခြေအနေပဲ"
အထူးသဖြင့် ကမ္ဘာဦးနွားနတ်ဆိုး ပုံရိပ်ပေါ်ထွက်လာပြီးနောက် ချန်ကျီရှင်း၏ အထောက်အထားကို သိရှိသွားကြသောအခါ မိုးကြိုးဂိုဏ်း၏ ဆူညံသံများမှာ အထွတ်အထိပ်သို့ ရောက်သွားတော့သည်။
"ချန်ကျီရှင်း သူက သက်ရှည်ပါရမီရှင်စာရင်းရဲ့ နံပါတ်တစ် ချန်ကျီရှင်းပဲ"
"ချန်ကျီရှင်းက အခုမှ အသက် ၁၃ နှစ်ပဲ ရှိသေးတယ်လို့ ကောလာဟလတွေ ကြားဖူးတယ်။ ဒါ... ဒါက တကယ်ကြီး ၁၃ နှစ်ပဲလား"
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အစွမ်းလဲ"
"ချန်ကျီရှင်းရဲ့ တိုက်ပွဲအောင်မြင်မှုတွေက အတုတွေပါလို့ ပြောတဲ့လူတွေ ရှိခဲ့တယ်။ ဒါကိုရော အတုလို့ ပြောနိုင်ဦးမှာလား"
"ဇီဝေချန်မိသားစုရဲ့ အနာဂတ်ခေါင်းဆောင်၊ ကောင်းကင်လှိုင်း နယ်မြေရဲ့ နတ်ဘုရားသားတော်၊ သက်ရှည်ပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံးကလူ သူက မိုင်ပေါင်း တစ်သိန်းကျော်ဝေးတဲ့ ဟွိုင်ကျိုးနယ်မြေထဲက ငါတို့ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းကို တကယ်ကြီး ရောက်လာတာလား"
"ဒါ... ဒါက တကယ့်ကို မယုံနိုင်စရာပဲ"
မိုးကြိုးဂိုဏ်းသားများမှာ မှင်တက်နေကြပြီး သူတို့မြင်နေရသောအရာများကို မယုံကြည်နိုင်သဖြင့် မျက်လုံးများကိုသာ ထပ်ခါတလဲလဲ ပွတ်နေကြတော့သည်။ ချန်ကျီရှင်းသည် ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်း၏ စံချိန်များကို ချိုးဖျက်ကာ ဒုတိယဘိုးဘေးကြီးကို ကျော်ဖြတ်သွားသည်ဟူသော သတင်းမှာ သူတို့အတွက် အကြီးအကျယ် ထိတ်လန့်စရာပင်။
၎င်းမှာ ဒဏ္ဍာရီထဲတွင်သာ ကြားဖူးသောသူ တစ်ယောက်က သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာသကဲ့သို့ ခံစားရစေသည်။
ထိုအံ့ဩတုန်လှုပ်မှုများကြားတွင် မိုးကြိုးကန်ထဲမှ ထွက်လာခဲ့သည့် မိုးတိမ်နတ်သမီးသည်လည်း သူမ၏ ရုပ်သွင်အစစ်ကို ဖော်ပြလိုက်သော ချန်ကျီရှင်းကို ငေးမောကြည့်နေမိသည်။
"ဒါကြောင့်လည်း နင်က သခင်လေးစီကုန်းကို ပြစ်မှားစော်ကားပြီးတော့တောင် သူ့ဘက်က ရပ်တည်ပေးခဲ့တာကိုး..."
မိုးတိမ်နတ်သမီးသည် အဝေးတွင် ဝမ်းသာအားရ ဖြစ်နေသော ရှန်းယန်ကို ကြည့်ကာ တစ်ယောက်တည်း ရေရွတ်လိုက်သည်။ ထို့နောက် သူမသည် ခေါင်းကိုဖြည်းညှင်းစွာ ခါယမ်းကာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။
"နှမြောစရာပဲ။ တကယ်တမ်းတော့ နဂါးကောင်းပေမဲ့လည်း ဒေသခံမြွေကိုတော့ မနိုင်နိုင်ဘူး"
"ဒီနေရာက ကောင်းကင်လှိုင်း နယ်မြေရှိတဲ့ ကျန်းကျိုးလည်း မဟုတ်သလို ဇီဝေတောင်ရှိတဲ့ ယန်ကျိုးလည်း မဟုတ်ဘူး"
"ဒီနေရာက စီကုန်းမိသားစုရဲ့ နယ်မြေဖြစ်တဲ့ ဟွိုင်ကျိုးပဲ"
"ဒီမှာဆိုရင် ဘယ်သူမှ စီကုန်းမိသားစုကို စိန်ခေါ်လို့မရဘူး။ ချန်ကျီရှင်းတောင်မှ မရဘူး"
မိုးတိမ်နတ်သမီးသည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်နေမိသည်။ သူမသည် မိုးကြိုးကန်၏ အလယ်ဗဟိုတွင် ရှိနေသော သူမတစ်သက်တွင် တစ်ခါမျှ မမြင်ဖူးလောက်အောင် ချောမောသည့် လူငယ်ကို ကြည့်လိုက်သည်။
ချန်ကျီရှင်းသည် ယနေ့ မိုးကြိုးဂိုဏ်း၏ တားမြစ်နယ်မြေကို ကျူးကျော်ဝင်ရောက်ခဲ့ခြင်းကြောင့် ကောင်းကျိုးရနိုင်မည် မဟုတ်ချေ။
စင်မြင့်မြင့်ပေါ်တွင်မူ
"ဒီကောင်စုတ်"
ဂိုဏ်းချုပ် လီဟွာထျန်းသည် ခဏမျှ မှင်တက်သွားပြီးနောက် ချက်ချင်းပင် ဒေါသအမျက် ချောင်းချောင်းထွက်လာတော့သည်။
"ချန်ကျီရှင်းက ငါ့ရဲ့ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းကို သူလာချင်တိုင်းလာ ယူချင်တာယူလို့ရတဲ့ နေရာလို့ ထင်နေတာလား"
"မြန်မြန်... သူ့ကို တားကြစမ်း သူသာ ဒီလိုမျိုး မိုးကြိုးစွမ်းအားတွေကို ဆက်ပြီး စုပ်ယူနေမယ်ဆိုရင် ငါတို့ရဲ့ မိုးကြိုးကန်ကြီး ခမ်းခြောက်သွားလိမ့်မယ်။ နောက်နှစ်ပေါင်း တစ်ရာကြာရင်တောင် ပြန်ကောင်းလာမှာ မဟုတ်ဘူး"
ပြောပြောဆိုဆိုဖြင့် ဂိုဏ်းချုပ် လီဟွာထျန်းသည် ချန်ကျီရှင်းကို အင်အားသုံး ဖမ်းဆီးသတ်ဖြတ်ရန် အသင့်ပြင်လိုက်တော့သည်။
ချန်ကျီရှင်း ကောင်းကင်လှိုင်း နယ်မြေသို့ ဝင်ရောက်စဉ်က ချင်ထျန်းကျုံးက သူ့ကို လေးစားစွာ ဆက်ဆံခဲ့သည်နှင့် မတူဘဲ ယခုအချိန်တွင် လီဟွာထျန်း၏ စိတ်ထဲ၌ ပထမဆုံး ပေါ်လာသည့် အတွေးမှာ ချန်ကျီရှင်းကို အစပျောက်အောင် ရှင်းပစ်ရန်သာ ဖြစ်သည်။ မဟုတ်ပါက သူတို့၏ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းမှာ လှောင်ပြောင်စရာ ဖြစ်သွားေလိမ့်မည်။
"ဂိုဏ်းကြီးတစ်ခုလုံးက လူငယ်လေးတစ်ယောက် ခိုးဝင်လာပြီး အဖိုးတန်ရတနာကို ခိုးသွားတဲ့အထိ ဘာမှမသိလိုက်ရဘူးလို့သာ ကမ္ဘာက သိသွားရင် သူတို့တွေ ငါတို့ကို ဘယ်လိုတောင် မြင်ကြမလဲ"
"ဂိုဏ်းချုပ်... ဒီတတိယသခင်လေးရဲ့ နောက်ကွယ်မှာ ကောင်းကင်လှိုင်း နယ်မြေနဲ့ ဇီဝေချန်မိသားစုဆိုတဲ့ ထိပ်တန်း အင်အားကြီးနှစ်ခု ရှိနေတာနော်။ တကယ်လို့..."
အကြီးအကဲတစ်ဦးက တွေဝေစွာဖြင့် လှမ်းပြောသည်။
"အဓိပ္ပာယ်မရှိတာ ယန်ကျိုးနဲ့ ကျန်းကျိုးက ငါတို့ ဟွိုင်ကျိုးနဲ့ မိုင်ပေါင်း တစ်သိန်းလောက် ဝေးတာ။ ဇီဝေချန်မိသားစုက နယ်မြေတွေအများကြီးကို ဖြတ်ကျော်ပြီး ဒီအထိ လာတိုက်ခိုက်မယ်လို့ မင်းထင်နေတာလား"
လီဟွာထျန်းက အထင်သေးသော အပြုံးဖြင့် စကားဖြတ်ပြောလိုက်ပြီး "ဒါ့အပြင် ဟွိုင်ကျိုးရဲ့ တကယ့်ကောင်းကင်ယံက စီကုန်းမိသားစုပဲ။ ငါတို့က ဟွိုင်ကျိုးရဲ့ အင်အားစုတစ်ခု ဖြစ်နေသရွေ့ စီကုန်းမိသားစုက ငါတို့ကို အနိုင်ကျင့်ခံရအောင် လွှတ်ထားမယ် ထင်လား။ အဲဒါက စီကုန်းမိသားစုရဲ့ ပါးကို ရိုက်လိုက်တာနဲ့ အတူတူပဲ"
"စိတ်အေးအေးထားစမ်းပါ ချန်ကျီရှင်းက ငါတို့ရဲ့ တားမြစ်နယ်မြေကို ကျူးကျော်ခဲ့တာ။ သူ့ကို ဒီမှာတင် သတ်ပစ်လိုက်ရင်တောင် ငါတို့ဘက်က တရားတယ်။ ဘာမှကြောက်စရာမလိုဘူး ချန်တောက်ယန်က ဘယ်လောက်ပဲ မောက်မာပါစေ။ စီကုန်းမိသားစုကို မျက်ကွယ်ပြုပြီး ငါတို့ မိုးကြိုးဂိုဏ်းကို လာတိုက်ရဲမယ်လို့ ငါမယုံဘူး"
ထိုစကားများအဆုံးတွင် လီဟွာထျန်းသည် တွေဝေမနေတော့ဘဲ ချန်ကျီရှင်းကို ဖမ်းဆီးရန် စတင်လှုပ်ရှားလိုက်တော့သည်။
"နေဦး"
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။ လီဟွာထျန်း ဘေးသို့ လှည့်ကြည့်လိုက်သောအခါ စီကုန်းနန်ကို တွေ့လိုက်ရသည်။ သိမ်မွေ့ထက်မြက်ပုံရသော စီကုန်းနန်သည် မိုးကြိုးကန်အလယ်ရှိ ချန်ကျီရှင်းကို အလွန်အမင်း စိတ်လှုပ်ရှားနေသော မျက်နှာပေးဖြင့် စိုက်ကြည့်နေသည်။
"တကယ်တော့ ငါက ဒီခေတ်ရဲ့ ထိပ်တန်းပါရမီရှင်ဆိုသူနဲ့ ယှဉ်ပြိုင်ချင်နေတာ ကြာပြီ။ ဒါပေမဲ့ အကွာအဝေးကြောင့် မဖြစ်နိုင်ခဲ့ဘူး"
"မထင်မှတ်ဘဲ... ဖိနပ်အစုတ်နဲ့ လိုက်ရှာနေစရာ မလိုတော့ဘဲ ချန်ကျီရှင်းက သူ့အလိုလို အိမ်ရှေ့အထိ လာခေါက်တာပဲ ဟားဟားဟား"
စီကုန်းနန်၏ လည်ချောင်းထဲမှ တိုးညှင်းသော ရယ်သံများ ထွက်ပေါ်လာပြီး သူ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှု အလင်းတန်းများ တောက်ပနေသည်။
"ဂိုဏ်းချုပ်... သူ့ကို ကျွန်တော့်လက်ထဲပဲ လွှတ်ထားလိုက်ပါ"
ပြောပြောဆိုဆိုဖြင့် စီကုန်းနန်သည် သူ၏ လည်ပင်းကို အသာအယာ လှည့်လိုက်ရာ တစ်ကိုယ်လုံးမှ အရိုးမြည်သံများ တကျိကျိ ထွက်ပေါ်လာသည်။ သူသည် ပထမဆုံးအဖြစ် ရှေ့သို့ လှမ်းတက်ကာ မိုးကြိုးကန်ဆီသို့ ဦးတည်သွားတော့သည်။ သူ၏နောက်တွင်လည်း ပါရမီရှင်တစ်စုမှာ အားကျမခံ စိတ်လှုပ်ရှားစွာဖြင့် လိုက်ပါလာကြသည်။
တကယ်လို့သာ သူတို့ ဒီနေ့ ချန်ကျီရှင်းကို နှိမ်နင်းနိုင်ခဲ့ရင် သူတို့က ဒီခေတ်ရဲ့ အနှိုင်းမဲ့ ပါရမီရှင်တွေ ဖြစ်လာကြမှာပဲဟာ။
သူတို့အားလုံး လှုပ်ရှားလိုက်ကြသည်နှင့်အမျှ
ဝုန်း…
အရင်ကထက် အဆပေါင်းများစွာ ပြင်းထန်လှသော မိုးကြိုးဟိန်းသံကြီးက ချန်ကျီရှင်း၏ အထက်တွင် ပေါက်ကွဲထွက်သွားသည်။ မိုးကြိုးကန်အထက်တွင် ငါးရောင်ခြည် နတ်ဘုရားမိုးကြိုး ရာပေါင်းများစွာမှာ လေထဲတွင် ရောယှက်နေပြီး ကမ္ဘာပျက်တော့မည့်အလား ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်နေတော့သည်။
"ဒါ နောက်ဆုံးတိုက်ကွက်လား"
ချန်ကျီရှင်းသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ပြီး လည်ချောင်းကို တစ်ချက်လှုပ်လိုက်သည်။
ဗိုက်ဆာလိုက်တာ။
တကယ်ကို ဗိုက်ဆာနေပြီ။
အကုန်လုံးကို ဝါးမြိုပစ်ချင်နေပြီ။
နောက်တစ်ခဏတွင်
ဝုန်း…
အလွန်အမင်း ဖိသိပ်ထားသည့် မိုးကြိုးစွမ်းအားများပါဝင်သော ငါးရောင်ခြည် နတ်ဘုရားမိုးကြိုး ရာပေါင်းများစွာသည် ဆည်ကျိုးသွားသော ရေလှိုင်းကြီးအလား ကောင်းကင်ယံမှ ဒေါသတကြီး ကျဆင်းလာတော့သည်။
ငါးရောင်ခြည် နတ်ဘုရားမိုးကြိုး တစ်မျှင်ချင်းစီမှာ ရှေးဟောင်းမိုးကြိုးနဂါးကြီးတစ်ကောင်နှင့် တူလှ၏။ ထိုမိုးကြိုး ရာပေါင်းများစွာ တစ်ပြိုင်နက် ကျဆင်းလာချိန်တွင် ကောင်းကင်နှင့် မြေကြီးမှာ တုန်ခါနေပြီး မည်သို့မျှ မမှန်းဆနိုင်သော စွမ်းအားများ ထွက်ပေါ်နေတော့သည်။
"လာစမ်း... လာစမ်း... လာစမ်း"
ချန်ကျီရှင်းသည် ခြေတစ်လှမ်းလှမ်းကာ ကောင်းကင်ယံသို့ တိုက်ရိုက်ပျံတက်လိုက်ပြီး လွှမ်းမိုးထားသော ငါးရောင်ခြည် နတ်ဘုရားမိုးကြိုးများကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆို လိုက်သည်။ လေဟာနယ်ထဲတွင် သူ၏ တစ်ကိုယ်လုံး၌ နက်မှောင်သော ကျမ်းစာသားများ ပေါ်ထွက်လာပြီး သူ၏ မျက်သူငယ်အိမ်များမှာ ပျောက်ကွယ်သွားကာ နက်မှောင်သောသင်္ကေတနှစ်ခုနှင့် အစားထိုးခံလိုက်ရသည်။
"ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းအထိ ရောက်လာမှတော့ သူတို့ရဲ့ အခြေခံအုတ်မြစ်တွေကို အကုန်လုံး ဝါးမြိုမပစ်ခဲ့ရင် နှမြောစရာကြီး မဟုတ်ဘူးလား။ ငါအကုန်စုပ်ယူပြီးသွားတဲ့နောက်မှာ မိုးကြိုးဂိုဏ်းသားတွေ ဘာကို အားကိုးပြီး ကျင့်ကြံရမလဲဆိုတာကတော့ ငါ့ကိစ္စ မဟုတ်တော့ဘူးလေ"
တစ်ချိန်တည်းမှာပင်
ရှုး
ဓားရိုးပေါ်တွင် ထောင်လိုက်မျက်လုံးတစ်လုံးပါသော အနီရောင် မိစ္ဆာဓားတစ်လက်သည် အဝေးမှနေ၍ ရုတ်တရက် ပျံသန်းလာပြီး စီကုန်းနန်တို့အဖွဲ့၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။ စီကုန်းနန်နှင့် အခြားသူများမှာ လမ်းပိတ်ထားသော ထိုမိစ္ဆာဓားကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် ချက်ချင်း ရပ်တန့်သွားကြသည်။
"ဖယ်ကြစမ်း"
အေးစက်စက် လေသံတစ်ခု ထွက်ပေါ်လာသည်။ မကြာမီမှာပင် ဆံပင်ဖြူများ ပုခုံးပေါ်အထိ ကျဆင်းနေပြီး သားရေဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးသည် ဟင်းလင်းပြင်ပေါ်တွင် တစ်လှမ်းချင်း လျှောက်လာခဲ့ပြီး ထိုအနီရောင် မိစ္ဆာဓားကို လှမ်းဖမ်းဆုပ်လိုက်သည်။ သူ၏ ပတ်ဝန်းကျင်တွင် မိစ္ဆာအငွေ့အသက်များ ဝိုင်းရံနေပြီး အရိုးပလ္လင်ပေါ်တွင် ထိုင်နေသည့် မိစ္ဆာဘုရင်တစ်ပါးအလား ခန့်ညားလှသည်။
သူသည် ဓားကို ကန့်လန့်ကာထားပြီး ထိပ်တန်းပါရမီရှင် ခုနစ်ယောက်ကို တစ်ဦးတည်းနှင့် ပိတ်ဆို့ထားခြင်းပင်။
"မိစ္ဆာဓား မျက်လုံးဖျက်ဆီးသူ... မင်းက ဓားမိစ္ဆာ တူကူးနီလား"
စီကုန်းနန်က ထိုအဘိုးအိုကို ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။
ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် တစ်နေရာလုံးမှာ ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားတော့သည်။ မိုးကြိုးဂိုဏ်းသား အမြောက်အမြားမှာ ဆူညံသွားကြ၏။
ဓားမိစ္ဆာ တူကူးနီ….
"တစ်ချိန်က ဟွိုင်ကျိုးနယ်မြေရဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ တုန်းက သူဟာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၇ ပဲ ရှိသေးပေမဲ့ စီကုန်းမိသားစုက အဆင့်တူ ပညာရှင် ၉ ယောက်ကို တစ်ယောက်တည်းနဲ့ သတ်ဖြတ်ပြီးတဲ့နောက် လူမသိသူမသိ ပျောက်ကွယ်သွားခဲ့သူပဲ"
"ဟုတ်တယ်... ငါပဲ မင်းရဲ့ အဘိုးကြီး တူကူးနီပေါ့"
တူကူးနီက ခပ်အေးအေးပဲ ခေါင်းညိတ်ပြလိုက်သည်။
"မင်း"
စီကုန်းနန်၏ မျက်ဝန်းများတွင် ဒေါသများ ဟုန်းခနဲ တောက်သွားသော်လည်း သူက အသက်ကို ပြင်းပြင်းရှူကာ ပြန်ပြီး လှောင်ရယ်လိုက်သည်။
"ဘယ်သူလဲလို့ ကြည့်နေတာ။ ငါတို့ စီကုန်းမိသားစုကနေ နှင်ထုတ်ခံလိုက်ရလို့ အိမ်တောင် မပြန်ရဲတဲ့ ရှုံးနိမ့်သူကြီးကိုး။ ကြည့်စမ်း... နှစ်ပေါင်း ၈၀ ကြာသွားတာတောင် မင်းက စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၇ မှာပဲ ရှိနေသေးတာလား ဘာမှမတိုးတက်ပါလား"
တူကူးနီက လှောင်ပြုံးပြုံးကာ "ဟုတ်တယ် ဘာမှမတိုးတက်ဘူး။ အဲဒီနှစ် ၈၀ ဆိုတာ ငါ့ဓားအောက်မှာ သေသွားတဲ့ မင်းရဲ့ ဦးလေးတွေ၊ ဘိုးဘေးတွေ အကြိမ်ကြိမ် လူပြန်ဖြစ်ဖို့ လုံလောက်တဲ့ အချိန်ပဲ မဟုတ်လား"
ခဏအကြာတွင် တူကူးနီက သက်ပြင်းချကာ ဆက်ပြောသည်။
"ဒါနဲ့... မင်းအဖေ စီကုန်းထန်လည်း လွန်ခဲ့တဲ့ နှစ် ၈၀ တိုက်ပွဲမှာ ပါခဲ့တာပဲ။ ကံကောင်းတာက မင်းအဖေက အတော်လေး ပါးနပ်တယ်။ အခြေအနေမကောင်းတာ မြင်တာနဲ့ ချက်ချင်း ဒူးထောက်ပြီး ငါ့ကို အဖေလို့ ခေါ်ပြီး အသက်ချမ်းသာခွင့် တောင်းခဲ့တာလေ။ ငါက စိတ်ထားနူးညံ့လွန်းတော့ ကျားတောင် သူ့သားကို ပြန်မစားဘူးဆိုပြီး မင်းအဖေကို လွှတ်ပေးလိုက်တာ... အခုတော့ မင်းလိုမျိုး ကျေးဇူးကန်းတဲ့ သားတစ်ယောက် မွေးလာလိမ့်မယ်လို့ မထင်ထားမိဘူး..."
"အလကားစကားတွေ လိမ်ညာနေတာပဲ"
စီကုန်းနန်သည် ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားရသည်။ အထူးသဖြင့် သူ၏ဘေးမှ ပါရမီရှင်များက အော်... ဒါကြောင့်ကိုးဆိုသည့် အကြည့်များဖြင့် ကြည့်နေကြခြင်းက သူ၏ ဒေါသကို ပို၍ လောင်မြိုက်စေသည်။
"နှစ်ပေါင်း ၈၀ တုန်းက ငါ့အဖေက မြောက်ပင်လယ်ကို သွားနေတာ။ မင်းနဲ့ ဘယ်လိုလုပ် တွေ့နိုင်မှာလဲ"
စီကုန်းနန်က အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၉အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။
၎င်းကို မြင်လိုက်ရသောအခါ လူပေါင်းများစွာမှာ ထိတ်လန့်သွားကြသည်။ လွန်ခဲ့သော ၃ လကမှ အဆင့် ၈ သာ ရှိသေးသော စီကုန်းနန်မှာ ယခုအခါ အဆင့် ၉ သို့ ရောက်ရှိသွားခြင်းပင်။
"တူကူးနီ လွန်ခဲ့တဲ့ နှစ် ၈၀ တုန်းက မင်းအသက် ၂၉ နှစ်မှာ အဆင့် ၇ ပဲ ရှိတာ အခု ငါ့အသက်
လည်း ၂၉ နှစ်ပဲ။ ဒါပေမဲ့ ငါက အဆင့် ၉ မှာ ရှိနေပြီ မင်းက ငါ့ကို ဘာနဲ့ ယှဉ်ချင်တာလဲ အခုချက်ချင်း လမ်းဖယ်စမ်း။ ဒီနေ့ ငါ့ရဲ့ ပြိုင်ဘက်က ချန်ကျီရှင်းပဲ"
စီကုန်းနန်၏ ဆံပင်နက်များမှာ လေထဲတွင် ဝေ့ယမ်းနေပြီး အေးစက်စွာ ပြောလိုက်သည်။
"အဆင့် ၉ လား... ငါမသတ်ဖူးတာလည်း မဟုတ်ပါဘူး..."
တူကူးနီ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ယှက်သန်းသွားသည်။
သူ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင်
ရှုး
သူ့နောက်ကွယ်ရှိ မိုးကြိုးကန်အတွင်းမှ မိုးကြိုးသံများအားလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။ လူတိုင်းမှာ အံ့ဩသွားကြပြီး လှည့်ကြည့်လိုက်ကြရာ
ကောင်းကင်ယံရှိ ကမ္ဘာပျက်တော့မည့်အလား မည်းမှောင်နေသော မိုးကြိုးထုကြီးမှာ ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်နှင့် မြေကြီးမှာ ကြည်လင်နေပြီး ပြာလွင်နေသော ကောင်းကင်ကြီးမှာ ဆေးကြောထားသကဲ့သို့ သန့်ရှင်းနေသည်။
နှင်းကဲ့သို့ ဖြူစင်သော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရေတံခွန်အလား ဆံပင်နက်များဖြင့် နတ်ဘုရားတစ်ပါးကဲ့သို့ ချောမောလှပသော လူငယ်တစ်ဦးသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ရပ်နေသည်။
သူ၏ ပတ်ဝန်းကျင်တွင် နတ်ဘုရားအလင်းတန်းများ ဝိုင်းရံနေပြီး ဆံပင်တစ်မျှင်ချင်းစီမှာပင် တောက်ပသော အလင်းတန်းများ စွန်းထင်နေသည်။ သူ၏ မျက်ဝန်းများထဲတွင် နတ်ဘုရားတို့၏ တောက်ပမှုများ စီးဆင်းနေပြီး လူသားထက် နတ်ဘုရားနှင့် ပို၍ တူနေတော့သည်။
ခဏမျှ လူပေါင်းများစွာမှာ ထိုမြင်ကွင်းကို မှင်တက်ကာ ငေးကြည့်နေမိကြသည်။ တောင်လေညင်းတစ်ချက်က အဖြူရောင် ဝတ်ရုံစွန်းကို အသာအယာ လွင့်ခါသွားစေသည်။
"လောကကြီးရဲ့ အပြင်ဘက်ကို ရောက်နေသလိုပဲ။ တကယ့်ကို နတ်ဘုရားတစ်ပါးအလား ခန့်ညားလိုက်တာ"
တစ်စုံတစ်ယောက်က ငေးမောရင်း ရေရွတ်လိုက်မိသည်။
နောက်တစ်ခဏတွင် မရေတွက်နိုင်သော အကြည့်များ၏ ရှေ့မှောက်၌ ချန်ကျီရှင်းက အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ၏ အကြည့်သည် စီကုန်းနန် ဦးဆောင်သော ပါရမီရှင်တစ်စုပေါ်သို့ ကျရောက်သွားပြီး အေးစက်တည်ငြိမ်စွာ ပြောလိုက်သည်။
"အားလုံး တစ်ပြိုင်နက်တည်း လာခဲ့ကြပါ... ငါ အလျင်လိုနေလို့"