အခန်း (၂၂၇-၂၂၈)
Vol. 23 Ch. 227-228
အခန်း။ ၂၂၇
ချန်ကျီရှင်းသည် သူ၏ ညာလက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ကိုးထပ်အထွတ်အထိပ် မိုးကြိုးတာအိုကျင့်စဉ်ကျမ်းမှာ လက်ထဲ၌ ပေါ်ပေါက်လာပြီး ရှန်းယန်ထံသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်သည်။
သူ ကျင့်ကြံအားထုတ်ထားသော ပညာရပ်များမှာ အတိုင်းအဆမရှိ ကျယ်ပြောလှသည့် ပင်လယ်ပြင်ကြီးသဖွယ် များပြားသည်။ ကိုးထပ်အထွတ်အထိပ် မိုးကြိုးတာအို ကျင့်စဉ်ဆိုသည်မှာ သူပိုင်ဆိုင်ထားသမျှထဲမှ တစ်ခုမျှသာ ဖြစ်၏။
ဤတစ်ကြိမ်တွင် ရှန်းယန်သည် သူ့အတွက် အသက်ကို ပဓာနမထားဘဲ ကူညီပေးခဲ့သည်ဖြစ်ရာ ချန်ကျီရှင်းအနေဖြင့် လက်တွန့်နေမည်မဟုတ်ပေ။
ရှန်းယန်သည် ကျင့်စဉ်ကျမ်းကို လက်ခံရရှိပြီးနောက် အသာအယာ တစ်ချက်မျှ လှန်ကြည့်လိုက်ရုံဖြင့် သူ၏ မျက်သူငယ်အိမ်များမှာ ချက်ချင်းပင် ပြူးကျယ်သွားတော့သည်။
“ဟူး... နတ်ဘုရားမိုးကြိုးကို ခန္ဓာကိုယ်ထဲ ဆွဲသွင်းပြီး ကိုးထပ်မိုးကြိုးတာအို ကမ္ဘာငယ်တစ်ခုအဖြစ် ပြောင်းလဲပစ်ရမှာလား”
“ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ ကျင့်စဉ်မျိုးလဲ”
ရှန်းယန်၏ စိတ်အာရုံမှာ တုန်လှုပ်သွားရသည်။ မိုးကြိုးဓာတ်ကို အခြေခံ၍ ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အားလျော်စွာ ဤကျင့်စဉ်၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူ တစ်ချက်ကြည့်ရုံဖြင့် သိမြင်လိုက်ခြင်းပင်။
“အင်း... မင်း အရင်ဆုံး စတင်ကျင့်ကြံနေနှင့်တော့။ ငါ ခဏလောက် တရားထိုင်ဖို့ လိုအပ်တယ်"
ချန်ကျီရှင်းက ပြုံး၍ ပြောလိုက်ပြီးနောက် အဝေးရှိ ဂူတစ်ခုဆီသို့ အကြည့်ပို့လိုက်သည်။ နောက်တစ်ခဏတွင် သူ၏ ခြေလှမ်းက ထိုဂူအတွင်းသို့ ချက်ချင်းပင် ရောက်ရှိသွားတော့သည်။
ဝုန်း...
ဧရာမ ကျောက်တုံးကြီးများစွာသည် ဆွဲငင်အား၏ ဖိနှိပ်မှုကြောင့် ဂူဝတွင် အစီအရီ ပုံကျသွားကာ ဂူပေါက်ကို ပိတ်ဆို့လိုက်ကြသည်။
ချန်ကျီရှင်း၏ လက်ဝါးထက်တွင် မီးပွင့်လေးတစ်ခု တောက်လောင်လာပြီး ဂူတစ်ခုလုံးကို လင်းထိန်သွားစေသည်။ အလင်းရောင်အောက်တွင် ချန်ကျီရှင်း၏ ဖြူလျော်နေသော မျက်နှာမှာ အနည်းငယ် အဝါရောင်သန်းနေ၏။
သူသည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်ဝန်းများမှာလည်း မရေရာသော အရောင်အဝါများဖြင့် တောက်ပနေသည်။
ယခုအချိန်မှစ၍ သူသည် ဒဏ်ရာများကို ကုသရမည်ဖြစ်သလို မိုးကြိုးတာအို မျိုးစေ့ကို စုစည်းကာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၇ သို့ တက်လှမ်းရမည် ဖြစ်သည်။ အဆင့် ၇ သို့ ရောက်ရှိသွားသည်နှင့် သူ၏ ခွန်အားမှာ အဆမတန် မြင့်တက်လာမည်မှာ အသေအချာပင်။ ထိုအခါကျမှသာ ကောင်းကင်ဘုံ၏ ရွေးချယ်ခံ ဇာတ်လိုက်တစ်ဦးဖြစ်သူ လီချန်ရှန်းကို မည်သို့ ရှင်းလင်းရမည်ဆိုသည်ကို အဖြေထုတ်ရမည် ဖြစ်သည်။
“မလှုပ်မယှက် တောက်ပသော ဘုရင်ကျင့်စဉ်”
ချန်ကျီရှင်းက ခပ်တိုးတိုး အော်ဟစ်လိုက်ရာ ကျင့်စဉ်မှာ ချက်ချင်းပင် လည်ပတ်လာတော့သည်။ ကျင့်စဉ်လည်ပတ်လာသည်နှင့်အမျှ လီဟွာထျန်းနှင့် တိုက်ခိုက်စဉ်က ရရှိခဲ့သော ဒဏ်ရာများမှာ လျင်မြန်စွာ ပြန်လည်သက်သာလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ဂူအပြင်ဘက်၌မူ တူကူးနီသည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ တရားထိုင်လိုက်သည်။ အကျဉ်းကျခံနေရသော နှစ်ပေါင်း ရှစ်ဆယ်အတွင်း သူသည် အရာရာကို လက်လွတ် ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့်ပင် မျိုးဆက်သစ်လူငယ်များက သူ့ကို ကျော်တက်သွားကြခြင်းပင်။
“အဆင့်တက်ဖို့ အချိန်တန်ပြီ"
တူကူးနီသည် ကောင်းကင်ယံကို မော့ကြည့်ရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ သူသည် စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၇ တွင် ရပ်တန့်နေခဲ့သည်မှာ နှစ်ပေါင်း ရှစ်ဆယ်တိုင်ခဲ့ပြီ ဖြစ်သည်။ အဆင့်တက်ရန်အတွက် အခြေခံမှာ လွန်ခဲ့သော အချိန်ကတည်းက ပြည့်စုံနေခဲ့ပြီးသား ဖြစ်သည်။
သူ့အတွက် လိုအပ်နေသည်မှာ ရှေ့သို့ တိုးထွက်လိုသော တာအိုနှလုံးသားတစ်ခုသာ ဖြစ်၏။ ယခုအခါတွင် သူ၏ မိသားစုတစ်ခုလုံး သတ်ဖြတ်ခံလိုက်ရသည့် သတင်းကြောင့် သေဆုံးလုနီးပါး ဖြစ်နေသော သူ၏ တာအိုနှလုံးသားမှာ ပြန်လည် တောက်လောင်လာခဲ့သည်။
နာကျည်းချက်က အကြီးမားဆုံးသော လောင်စာပင်။ ပိုမို သန်မာလာရမည် သန်မာလာမှသာလျှင် သွေးကြွေးကို သွေးဖြင့် ပြန်လည်တောင်းနိုင်ပေလိမ့်မည်။
အခြားတစ်ဖက်တွင်လည်း ရှန်းယန်သည် တင်ပျဉ်ခွေထိုင်ကာ ကိုးထပ်အထွတ်အထိပ် မိုးကြိုးတာအိုကျင့်စဉ်ကို စတင်လေ့လာနေပြီ ဖြစ်သည်။
သူသည် ချန်ကျီရှင်းအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု မဖြစ်လိုသလို ချန်မိသားစုသို့ ရောက်ရှိသည့်အခါတွင်လည်း အရေးမပါသော လူတစ်ယောက် မဖြစ်လိုချေ။
ထို့ထက် ပို၍အရေးကြီးသည်မှာ ယခုကဲ့သို့ သူ၏ ကံကြမ္မာကို သူတစ်ပါးက ထိန်းချုပ်ထားခြင်းမျိုးကို နောင်တွင် လုံးဝ အဖြစ်မခံလိုတော့ခြင်းပင်။
ဝုန်း….
ထိုအခိုက်အတန့်တွင် ထိုတောရိုင်းဒေသ၏ နေရာလေးတစ်ခု၌ ချန်ကျီရှင်း၊ တူကူးနီနှင့် ရှန်းယန်တို့ သုံးဦးစလုံးသည် သူတို့၏ ရည်မှန်းချက်များအတွက် အသည်းအသန် ကျင့်ကြံအားထုတ်နေကြတော့သည်။
...
...
မျက်တောင်တစ်ခတ်အတွင်း ဆယ်ရက်တာ အချိန်က ကုန်ဆုံးသွားခဲ့သည်။ ချန်ကျီရှင်း ဟွိုင်ကျိုးနယ်မြေတွင် ပေါ်လာပြီး ပါရမီရှင် ခုနစ်ဦးကို သတ်ဖြတ်ကာ မိုးကြိုးဂိုဏ်းချုပ် လီဟွာထျန်းနှင့် အကြိတ်အနယ် တိုက်ခိုက်ခဲ့သည့် သတင်းမှာ ဟွိုင်ကျိုးနယ်မြေတစ်ခုလုံးသို့ ဟာရီကိန်းမုန်တိုင်းတစ်ခုအလား ပျံ့နှံ့သွားခဲ့သည်။
ထိုအချိန်တွင် ဟွိုင်ကျိုးနယ်မြေတစ်ခုလုံးမှာ မကြုံစဖူးသော လှုပ်ခတ်မှုများ ဖြစ်ပေါ်နေတော့သည်။ အင်အားစု အကြီးအငယ် အသီးသီးမှာလည်း အံ့ဩတုန်လှုပ်နေကြရသည်။ ယန်ကျိုးနှင့် ကျန်းကျိုး နယ်မြေများတွင်သာ လှုပ်ရှားနေသော ဇီဝေချန်မျိုးနွယ်စု၏ တတိယသခင်လေး ချန်ကျီရှင်းသည် မိုင်ပေါင်းသောင်းချီ ဝေးကွာသော ဟွိုင်ကျိုးနယ်မြေသို့ ရုတ်တရက် ရောက်ရှိလာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။
ထို့အပြင် သူ ရောက်လာသည်နှင့် တစ်ပြိုင်နက် ကမ္ဘာကြီးကို တုန်လှုပ်သွားစေမည့် ကိစ္စရပ်ကြီးကို လုပ်ဆောင်သွားခဲ့ခြင်းပင်။
ဟွိုင်ကျိုးနယ်မြေသည် အခြားသော နယ်မြေများနှင့် မတူဘဲ ထူးခြားသည်။
ဟွိုင်ကျိုးတွင် စီကုန်းမျိုးနွယ်စုသည် ကောင်းကင်ဘုံသဖွယ်ဖြစ်ပြီး ခေတ်အဆက်ဆက် မည်သူမျှ ယှဉ်ပြိုင်၍မရသော တန်ခိုးအာဏာကို ပိုင်ဆိုင်ထားကြသည်။
ဟွိုင်ကျိုးနယ်မြေအတွင်း စီကုန်းမျိုးနွယ်စု၏ သိက္ခာကို စိန်ခေါ်ဝံ့သူ ဟူ၍ မရှိသလောက်ပင်။ မရေတွက်နိုင်သော သက်ရှိများမှာလည်း စီကုန်းမျိုးနွယ်စု၏ သီးသန့်ဆန်မှုနှင့် အုပ်ချုပ်မှုအောက်တွင် ကြာမြင့်စွာကတည်းက ကျင့်သားရနေခဲ့ကြပြီ ဖြစ်သည်။
သို့သော်လည်း ချန်ကျီရှင်းသည် ပေါ်ပေါ်ထင်ထင်ပင် ရောက်ရှိလာခဲ့ပြီး စီကုန်းမျိုးနွယ်စုနှင့် သွေးကြွေးရန်ရှိသူ တူကူးနီကိုပါ ခေါ်ဆောင်လာခဲ့သည်။ ထို့အပြင် စီကုန်းမျိုးနွယ်စု၏ တိုက်ရိုက်မျိုးဆက်ဖြစ်သော စီကုန်းနန်ကိုလည်း မည်သို့မျှ တွန့်ဆုတ်နေခြင်းမရှိဘဲ ခွေးတစ်ကောင်ကို သတ်ဖြတ်သကဲ့သို့ ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့သည်။ သူသည် စီကုန်းမျိုးနွယ်စုကို အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ချေ။
ဤကဲ့သို့သော မြင်ကွင်းမျိုးကို ဟွိုင်ကျိုးနယ်မြေမှ လူများ တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးကြချေ။ ထို့ကြောင့်ပင် အရာအားလုံးမှာ ဟုန်းခနဲ ပေါက်ကွဲသွားတော့သည်။
ချန်ကျီရှင်းဟူသော အမည်နာမမှာ ကောင်းကင်ယံမှ ကျဆင်းလာသည့် အားပြင်းဗုံးတစ်လုံးအလား ဟွိုင်ကျိုးနယ်မြေရှိ လူပေါင်းများစွာကို အံ့အားသင့်သွားစေခဲ့ကာ ဟွိုင်ကျိုး၏ မြေပြင်လက်မတိုင်းတွင် ချန်ကျီရှင်းအကြောင်းကိုသာ ပြောဆိုနေကြတော့သည်။
ထိုအချိန်မှစ၍ ချန်ကျီရှင်း၏ ခေတ်ပြိုင်ပါရမီရှင်စာရင်းတွင် အဆင့် ၁ နေရာမှာလည်း အပြည့်အဝ ခိုင်မာသွားခဲ့ပြီ ဖြစ်သည်။
မည်သူမျှ ချန်ကျီရှင်း၏ အစွမ်းအစကို သံသယမရှိကြတော့ချေ။ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့်မျှဖြင့် နိဗ္ဗာန်နနယ်ပယ်ရှင်၏ တိုက်ခိုက်မှုကို မရှုံးမနိမ့်ဘဲ ရင်ဆိုင်နိုင်ခဲ့ခြင်းမှာ သမိုင်းမှတ်တမ်းများတွင် ရေးထိုးလောက်သည့် တုန်လှုပ်ဖွယ်ရာ စွမ်းဆောင်ချက်ပင်။
အချို့သော ကောလာဟလဖြန့်သူများက ပြောကြသည်။
အခြားသော ပါရမီရှင်များ ပါရမီရှင်စာရင်းတွင် အမည်တွင်နေခြင်းမှာ သူတို့၏ အရည်အချင်းက ထိုအဆင့်အထိသာ ရှိသောကြောင့် ဖြစ်သော်လည်း ချန်ကျီရှင်းသည် ထိုစာရင်း၏ ထိပ်ဆုံးတွင် ရှိနေခြင်းမှာမူ ထိုစာရင်း၏ ကန့်သတ်ချက်မှာ ထိုမျှအထိသာ ရှိသောကြောင့် ဖြစ်သည်ဟု ပြောကြသည်။
ဆိုလိုသည်မှာ ချန်ကျီရှင်း၏ အစွမ်းမှာ ထိုစာရင်း၏ ကန့်သတ်ချက်ထက်ပင် ကျော်လွန်နေခြင်းပင်။
အတိုချုပ်ဆိုရလျှင် စီကုန်းမျိုးနွယ်စု၏ အုပ်ချုပ်မှုအောက်တွင် သေလူတစ်ယောက်ကဲ့သို့ တည်ငြိမ်နေခဲ့သော ဟွိုင်ကျိုးနယ်မြေမှာ ယခုအခါတွင်မူ ဆူပွက်နေသော ရေပူအိုးကြီးအလား ဖြစ်နေတော့သည်။
လူတိုင်းမှာ စီကုန်းမျိုးနွယ်စု ဦးဆောင်သော အင်အားစု ၈ ခုမှ မည်သို့သော အရေးယူမှုများ ပြုလုပ်လာမည်ကို ရင်ခုန်စွာဖြင့် စောင့်ကြည့်နေကြတော့သည်။
...
...
တစ်ချိန်တည်းမှာပင် ဟွိုင်ကျိုးနယ်မြေ၌ ဖြစ်ပျက်ခဲ့သော ချန်ကျီရှင်း၏ သတင်းများမှာ ဒီရေအလား ပြန့်နှံ့သွားရာမှ နယ်မြေ ၁၃ ခုလုံးသို့ ရောက်ရှိသွားခဲ့သည်။
ယန်ကျိုးနယ်မြေ၊ နယ်စပ်ဒေသ
ကျိလဲ့မြို့တော်
ဤမြို့မှာ ကျိလဲ့ဂိုဏ်းကို အစွဲပြု၍ မှည့်ခေါ်ထားခြင်းပင်။ ကျိလဲ့ဂိုဏ်းမှာ အရှေ့ဘက် နက်နဲသောနယ်မြေတွင် အလွန်ကျော်ကြားသော အင်အားစုတစ်ခု ဖြစ်၏။
သူ၏ ကျော်ကြားမှုမှာ အစွမ်းထက်၍ မဟုတ်ဘဲ ထိုဂိုဏ်းသည် အမျိုးသမီးကျင့်ကြံသူများကိုသာ လက်ခံပြီး အမျိုးသမီးတိုင်းမှာ ပန်းကလေးများအလား လှပကာ အိပ်ယာထက်က ပညာရပ်များတွင် အလွန်ကျွမ်းကျင်သောကြောင့်ပင်။
ထိုဂိုဏ်းတွင် ငွေကြေးအမြောက်အမြား အသုံးပြုရုံဖြင့် အလွန်ထူးကဲသော အပျော်အပါး ပညာရပ်များကို ခံစားနိုင်သည်။
ထို့ကြောင့်ပင် ကျင့်ကြံသူများစွာမှာ တစ်ညတာ ပျော်ပါးမှုအတွက် သူတို့၏ စည်းစိမ်များကို ပုံအောရန် ဤနေရာသို့ လာရောက်ကြခြင်းပင်။
ကျိလဲ့မြို့တော်ရှိ သီးသန့်အခန်းတစ်ခုအတွင်း လူတစ်ယောက်သည် စကားတစ်လုံးမျှ မပြောဘဲ တည်ငြိမ်စွာဖြင့် လက်ဖက်ရည်ကို သောက်နေချိန်တွင် သူသည် ဘဝအတွက် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နေခြင်း ဖြစ်သည်ဟု ဆိုရိုးရှိသည်။
ယခုအခါတွင်လည်း အမှောင်ဌာနခွဲဝင်များကို ဦးဆောင်ကာ တာဝန်တစ်ခုဖြင့် ခရီးထွက်လာသော အကြီးအကဲ မဟူရာသည် ကျိလဲ့မြို့ကို ဖြတ်သန်းသွားစဉ် တစ်ညတာ တည်းခိုရန် ဆုံးဖြတ်ခဲ့ပြီး တည်ငြိမ်စွာဖြင့် လက်ဖက်ရည် သောက်နေခြင်းပင်။
နောက်တစ်ခဏတွင် ရင်ထဲ၌ အလွန်ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပြီးသည့်အလား သူသည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ဒိုင်းခနဲ မြည်အောင် ချလိုက်ကာ အံကြိတ်၍ ပြောလိုက်သည်။
“ငါ ဒီအထိ ရောက်မှတော့... ရှစ်သောင်းဆိုလည်း ရှစ်သောင်းပဲကွာ”
“ဒါ့အပြင် ဒါက ကျိလဲ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲလေ။ ဝိညာဉ်ကျောက်တုံး ရှစ်သောင်းဆိုတာ တန်ပါတယ်"
“ငါ ဆင်းရဲဒုက္ခ ခံနိုင်တယ်။ ချွေတာပြီး နေနိုင်တယ်။ ဒါပေမဲ့ ငါ့ရဲ့ ညီလေးကတော့ အပြစ်မရှိပါဘူး။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ သူ့ကိုတော့ ဆင်းရဲမခံနိုင်ဘူး”
စကားအဆုံးတွင် အကြီးအကဲ မဟူရာသည် ကျိလဲ့ဂိုဏ်းရှိရာသို့ သွားရန် ပြင်လိုက်သည်။
“အကြီးအကဲရေ... ပြဿနာတက်ပြီ”
ထိုအချိန်မှာပင် ယုန်မျက်နှာဖုံး စွပ်ထားသော အမှောင်ဌာနခွဲဝင်တစ်ဦးမှာ တံခါးဝသို့ အပြေးအလွှား ရောက်ရှိလာပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ဘာဖြစ်တာလဲ”
အကြီးအကဲ မဟူရာက အနည်းငယ် စိတ်မရှည်သော လေသံဖြင့် မေးလိုက်၏။
“ဟွိုင်ကျိုးကနေ ရောက်လာတဲ့ ဒီသတင်းတွေကို ကြည့်လိုက်ပါဦး"
ထိုသူက အသံသြသြဖြင့် ပြောကာ စာလိပ်တစ်ခုကို အကြီးအကဲ မဟူရာထံသို့ ကမ်းပေးလိုက်သည်။
“ဟမ်”
အကြီးအကဲ မဟူရာသည် ထိုစာလိပ်ကို ယူကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ တဖြည်းဖြည်း ကျဉ်းမြောင်းသွားတော့သည်။ ခဏအကြာတွင် သူသည် အံ့ဩတုန်လှုပ်စွာဖြင့်
“ဘုရားရေ... ဝေါင်း”
“တတိယသခင်လေးက ဘယ်လိုလုပ်ပြီး ဟွိုင်ကျိုးကို ရောက်သွားပြန်တာလဲ။ ပြီးတော့ သူတို့နယ်မြေမှာတင် ဂိုဏ်းချုပ်ကိုတောင် ဝိုင်းရိုက်ခဲ့တယ်လား။ တကယ်ကို ထက်မြက်လွန်းတာပဲ”
အကြီးအကဲ မဟူရာသည် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
တတိယသခင်လေးသည် ဟွိုင်ကျိုးတွင် ကြီးကျယ်သော ကိစ္စရပ်ကြီးကို လုပ်ဆောင်လိုက်ကာ အထူးပြောနေစရာ မလိုတော့ချေ။ သူတို့အားလုံး ချက်ချင်းပင် ဟွိုင်ကျိုးသို့ ဦးတည်သွားကြရပေလိမ့်မည်။
အကြီးအကဲ မဟူရာသည် ဤကိစ္စကို စိတ်မရှိချေ။ ယခုအခါတွင် ချန်မိသားစုသည် မုန့်မိသားစုနှင့် ဆေးဘုရင်တောင်ကြားမှ ရရှိခဲ့သော အရင်းအမြစ်များကြောင့် အစွမ်းထက်သော စစ်သည်များနှင့် ထက်မြက်သော ဓားများရှိနေသည့် အချိန် ဖြစ်သည်။
ယခုအခါတွင် ချန်မိသားစုဝင်တိုင်းသည် အပြင်သို့ ထွက်သည့်အခါ ငါ့ကိုလာပြီး ပြဿနာရှာကြည့်စမ်းဟူသော အမူအရာဖြင့် မော်ကြွားစွာ သွားလာနေကြပြီ ဖြစ်သည်။
ချန်မိသားစု၏ တိုက်ခိုက်လိုသော စိတ်ဓာတ်မှာ ထိုတိုက်ပွဲကြောင့် အစွမ်းကုန် တောက်
လောင်နေခဲ့ကာ အကြီးအကဲ မဟူရာလည်း အပါအဝင်ပင်။
သူသည် နိဗ္ဗာန်နနယ်ပယ် အဆင့် ၇ သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ သူ၏ စွမ်းအားများကို ထုတ်ပြရန် အလွန်ပင် ဆန္ဒပြင်းပြနေသူ ဖြစ်သည်။ လမ်းဘေးက ခွေးတစ်ကောင်ကို တွေ့လျှင်ပင် ပါးရိုက်ချင်စိတ် ပေါက်နေသူပင်။
“ဒါပေမဲ့လည်း...”
အကြီးအကဲ မဟူရာက သက်ပြင်းချရင်း “ငါ့ရဲ့ အသိဉာဏ်ပညာတွေ ပွင့်လင်းလာမယ့် အချိန်အထိ စောင့်လို့ မရဘူးလား။ ဘာလို့ အခုမှ ဒီသတင်းက ရောက်လာရတာလဲ”
“ဝန်ကြီး... ကျွန်တော်တို့ အခုပဲ ထွက်ကြမှာလား။ စီကုန်းမျိုးနွယ်စုက တတိယသခင်လေးကို ဖမ်းဖို့အတွက် တစ်ပြည်နယ်လုံးကို အမိန့်ထုတ်ထားတယ်လို့ ကြားရတယ်”
အမှောင်ဌာနခွဲဝင်က တိုးတိုးလေး မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ အကြီးအကဲ မဟူရာက ချက်ချင်း ပြန်မဖြေဘဲ သူ၏ မျက်နှာတွင် အားပြိုင်နေသော အမူအရာများ ပေါ်ပေါက်လာသည်။ နောက်တစ်ခဏတွင်
ဘာစကားမှ မပြောတော့ဘဲ အကြီးအကဲ မဟူရာသည် တည်းခိုခန်း အပြင်ဘက်သို့ အပြေးအလွှား ထွက်သွားတော့သည်။
“အကြီးအကဒ... ဘယ်ကို သွားမလို့လဲ”
ထိုသူက နားမလည်နိုင်စွာဖြင့် လှမ်းအော်မေးလိုက်၏။
အကြီးအကဲ မဟူရာကမူ မရပ်မနား ဆက်လျှောက်သွားရင်း မျက်နှာသေဖြင့် ပြောလိုက်သည်။
“မင်းတို့ ဒီမှာပဲ စောင့်နေကြ"
“ငါ့ကို နာရီဝက်ပဲ အချိန်ပေး ငါ ချက်ချင်း ပြန်လာခဲ့မယ်။ နာရီဝက်အတွင်းပဲ”
ခဏရပ်ပြီးနောက် အကြီးအကဲ မဟူရာက အံကြိတ်ကာ
“မလိုဘူး နာရီဝက်တောင် မလိုပါဘူး။ ငါ့ညီလေးအတွက် ဆယ်မိနစ်လောက်ဆို ရပြီ”
စကားအဆုံးတွင် သူသည် အမှောင်ဌာနခွဲဝင်၏ နားမလည်နိုင်သော အကြည့်များအောက်၌ ကျိလဲ့ဂိုဏ်းရှိရာသို့ အမြန်ဆုံး ဦးတည်သွားတော့သည်။
အခန်း။ ၂၂၈
အချိန်ကာလသည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ကာ ဟွိုင်ကျိုးနယ်မြေတွင် ဖြစ်ပွားခဲ့သော ချန်ကျီရှင်း၏ သတင်းများမှာ ပိုမိုပြင်းထန်လာပြီး အနီးနားရှိ နယ်မြေများအထိပါ ပျံ့နှံ့သွားတော့သည်။
ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းမှ တိုက်ပွဲအခြေအနေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုကျော်ကြားလာပြီး အရှေ့ဘက် နက်နဲသောနယ်မြေ၏ ပြည်နယ် ၁၃ ခုလုံးကို မီးဟုန်းဟုန်းတောက်စေကာ အခြေအနေမှာ ပိုမိုပရမ်းပတာ ဖြစ်လာခဲ့သည်။
အကြောင်းမှာ ဤသည်မှာ ပါရမီရှင်များအကြား တိုက်ပွဲမျှသာမဟုတ်ဘဲ နောက်ကွယ်မှ ထိပ်တန်းအင်အားစု တစ်ဆယ်ကျော် ပါဝင်ပတ်သက်နေသောကြောင့်ပင်။
ထို့နောက် ဟွိုင်ကျိုးနယ်မြေရှိ စီကုန်းမျိုးနွယ်စု ဦးဆောင်သော အဓိကအင်အားစု ခုနစ်ခုမှာ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းတွင် စုရုံးရောက်ရှိနေကြကြောင်း တစ်စုံတစ်ယောက်က သတိပြုမိလိုက်သည်။
တစ်ချိန်တည်းမှာပင် ယန်ကျိုးနှင့် ကျန်းကျိုးနယ်မြေများ၌လည်း ဇီဝေချန်မျိုးနွယ်စုနှင့် ထျန်းလန်သန့်စင်နယ်မြေတို့သည် ရှောင်ချောင်အမည်ရှိသော အဆောင်တစ်ခု၌ တွေ့ဆုံခဲ့ကြသည်။
မကြာမီမှာပင် ဇီဝေချန်မျိုးနွယ်စုနှင့် ထျန်းလန်သန့်စင်နယ်မြေတို့မှ အစွမ်းထက်လှသော ပုဂ္ဂိုလ်များစွာ ထွက်ပေါ်လာကြပြီး ဟွိုင်ကျိုးနယ်မြေဆီသို့ ဦးတည်ထွက်ခွာလာကြတော့သည်။ ဤသည်မှာ လူပေါင်းများစွာကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပြီး ကောင်းကင်ပြာကြီးကို မော့ကြည့်ရင်း လူတိုင်းက ခံစားမိလိုက်ကြသည်။
ချင်းကျိုး မုန့်မိသားစုတိုက်ပွဲထက် များစွာသာလွန်သော ကြီးကျယ်ခမ်းနားသည့် ထိပ်တိုက်ရင်ဆိုင်မှုကြီးတစ်ခုမှာ မကြာမီ ဖြစ်ပွားတော့မည်ဟူ၍ပင်။
.....
...
တစ်ချိန်တည်းမှာပင်
ဟွိုင်ကျိုးနယ်မြေ။
ညဉ့်နက်သန်းခေါင်ယံအချိန်တွင် ညနေခင်းလေညင်းမှာ အေးမြစွာ တိုက်ခတ်နေသည်။
တောရိုင်းဒေသ၏ နေရာတစ်ခုတွင်မူ
ဝုန်း…
ဓားမိစ္ဆာ တူကူးနီသည် ပထမဆုံးအဖြစ် အဆင့်တက်နိုင်ခဲ့ပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှ ကြီးမားလှသော မိစ္ဆာစွမ်းအားများနှင့် ဓားအရှိန်အဝါများမှာ ဟုန်းခနဲ ပေါ်ထွက်လာသည်။ ဓားစွမ်းအားနှင့် မိစ္ဆာစွမ်းအားတို့မှာ အပြန်အလှန် ယှက်နွယ်နေကြပြီး နောက်ဆုံးတွင် ကမ်းခြေသို့ ရိုက်ခတ်လာသော လှိုင်းလုံးကြီးများအလား ပြင်းထန်လာတော့သည်။
စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၈…
စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၉….
မျက်တောင်တစ်ခတ်အတွင်းမှာပင် တူကူးနီ၏ ခန္ဓာကိုယ်အတွင်းရှိ နယ်ပယ်အတားအဆီးနှစ်ခုမှာ ကြေမွသွားပြီး သူ၏ ကျင့်ကြံမှုမှာ နယ်ပယ်နှစ်ခုကို ကျော်ဖြတ်ကာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၉ ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
"ဟူး....."
တူကူးနီသည် သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ သူ၏ မျက်သူငယ်အိမ်ထဲတွင် ခပ်မှိန်မှိန် လခြမ်းနီသင်္ကေတတစ်ခု ပေါ်လာပြီးမှ တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားသည်။
"နောက်တစ်ဆင့်ကတော့ နိဗ္ဗာန်နနယ်ပယ်ပဲ"
တူကူးနီက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ နယ်စပ်စည်းမျဉ်းအတွင်း ပိတ်လှောင်ခံထားရသော ထိုနှစ်ပေါင်း ရှစ်ဆယ်အတွင်း သူ၏ ကျင့်ကြံမှုမှာ ရပ်တန့်နေသည်ဟု ထင်ရသော်လည်း တကယ်တမ်း၌ သူသည် တာအိုလမ်းစဉ်ကို နားလည်သဘောပေါက်ရန် အားထုတ်မှုကို တစ်
စက္ကန့်မျှပင် မရပ်နားခဲ့ချေ။
ယခုအခါတွင် သူ၏ အခြေခံမှာ အပြည့်အဝ ပြည့်စုံနေပြီဖြစ်ရာ နိဗ္ဗာန်နနယ်ပယ်သို့ တက်လှမ်းရန်အတွက် ကြိုးပမ်းနိုင်ပြီ ဖြစ်သည်။
"ဒါပေမဲ့... နိဗ္ဗာန်နနယ်ပယ်ကို အဆင့်တက်ဖို့ဆိုတာ အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်းလိုမျိုး အချိန်အတော်ကြာတဲ့ ဖြစ်စဉ်တစ်ခု လိုအပ်တယ်"
"ပြင်ဆင်မှုအချို့တော့ လိုဦးမယ်"
တူကူးနီ၏ မျက်ဝန်းများမှာ အနည်းငယ် အရောင်တောက်သွားပြီးနောက် သူသည် ဘေးနားရှိ ရှန်းယန်ကို လှည့်ကြည့်လိုက်သည်။ ရှန်းယန်မှာမူ နတ်ဘုရားခရီးသွားနယ်ပယ်သို့ တက်လှမ်းရန် အသည်းအသန် ကြိုးပမ်းနေခြင်းပင်။
ရှန်းယန်သည် အံတင်းတင်းကြိတ်ထားပြီး နဖူးမှ ချွေးများမှာလည်း အဆက်မပြတ် စီးကျနေကာ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ထင်ရှားလှသည်။
"ကိုယ့်ကိုကိုယ် တည်ငြိမ်အောင်ထားပြီး မီးလျှံတွေကို ပေါင်းစပ်လိုက်စမ်း"
တူကူးနီက ခပ်တိုးတိုး ဟောက်လိုက်ပြီး ရှန်းယန်၏ ပုခုံးပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။ နူးညံ့သော စွမ်းအားတစ်ခုမှာ သူ၏ လက်ဝါးမှတစ်ဆင့် ရှန်းယန်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့သည်။
ခဏအကြာတွင်
ဘုန်း
ရှန်းယန်၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာလေတော့သည်။
“ကျွန်တော်... ကျွန်တော် နတ်ဘုရားခရီးသွားနယ်ပယ်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ”
ရှန်းယန်သည် ချက်ချင်းပင် အတိုင်းမသိ ဝမ်းသာအားရဖြစ်သွားပြီး တူကူးနီကို ကျေးဇူးတင်စကား အလျင်အမြန် ပြောလိုက်သည်။
“ဒါက ကိစ္စမရှိပါဘူး။ ငါတို့အားလုံးက တတိယသခင်လေးရဲ့ လက်အောက်မှာ အမှုထမ်းနေကြတာပဲ။ ငါတို့က တစ်ဖက်တည်းသားတွေပဲလေ"
တူကူးနီက ခပ်ဖွဖွ ပြုံးပြလိုက်သည်။ ရှန်းယန်သည် ထိုစကားကို ကြားသောအခါ ရိုးသားစွာပင် ရယ်မောလိုက်ပြီးနောက် ညမှောင်မှောင်တွင် ကျောက်တုံးများဖြင့် ပိတ်ဆို့ထားသော ဂူဆီသို့ ကြည့်ကာ စပ်စုလိုက်မိသည်။
“တတိယသခင်လေးက အခုထိ တရားထိုင်နေတုန်းပဲလား”
“အင်း"
တူကူးနီက ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုကို ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင်
ဝုန်း
အဆုံးမဲ့သော ညအမှောင်ထုအတွင်း အလွန်ထူထပ်လှသော လျှပ်စီးတန်းကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ဖြူဖျော့သော လျှပ်စီးအလင်းတန်းသည် အဆုံးမဲ့သော မှောင်အတိဖြစ်နေမှုကို ချက်ချင်းပင် ဖယ်ရှားပစ်လိုက်ပြီး တစ်လောကလုံးကို နေ့ခင်းဘက်
အလား တောက်ပသွားစေသည်။
ထို့နောက်တွင်မူ ပြင်းထန်လှသော မိုးကြိုးသံကြီးသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေတော့၏။
ဂျိန်း
ဤမိုးကြိုးသံကြီးမှာ ကောင်းကင်ဘုံ၏ အမျက်ဒေါသအလား နတ်ဘုရားတစ်ပါး၏ ဟိန်းဟောက်သံအလားပင်။ လူသူကင်းမဲ့သော ဤတောရိုင်းဒေသအတွင်းရှိ မရေတွက်နိုင်သော သားရဲတိရစ္ဆာန်များသည် ထိုမိုးကြိုးသံကို ကြားရသည်နှင့်တစ်ပြိုင်နက် တုန်ရီသွားကြပြီး ခြေလေးဖက်စလုံး မြေမှာကပ်ကာ အမြီးများကို ဝှက်လျက် ကောင်းကင်ယံကို ထိတ်လန့်တကြား မော့ကြည့်နေကြတော့သည်။
“တစ်ယောက်ယောက်က မိုးကြိုးဘေးဒုက္ခကို ရင်ဆိုင်နေရတာလား”
ရှန်းယန်က ကောင်းကင်ကို အမြန်မော့ကြည့်လိုက်ရာ မသိစိတ်မှနေ၍ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။
“မဟုတ်ဘူး သခင်လေးက နတ်ဘုရားရုပ်ထုအသစ်တစ်ခုကို စုစည်းနေတာ”
တူကူးနီက တောက်ပနေသော မျက်ဝန်းများ၊ လေးနက်သော အသံများဖြင့် ပြောလိုက်သည်။
“နတ်ဘုရားရုပ်ထုအသစ် ဟုတ်လား”
ရှန်းယန်သည် ထိုစကားကို ကြားသောအခါ ရင်ထဲတွင် တုန်လှုပ်သွားရသည်။ ဇီဝေချန်မျိုးနွယ်စု၏ တတိယသခင်လေး ချန်ကျီရှင်းသည် နတ်ဘုရားရုပ်ထု အမြောက်အမြားကို ကိုင်တွယ်နိုင်ပြီး လောကတွင် အနှိုင်းမဲ့သော စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု ကောလာဟလများ ရှိခဲ့သည်။ ယခုအခါတွင် သခင်လေးက နောက်ထပ် နတ်ဘုရားရုပ်ထုတစ်ခုကို ထပ်မံစုစည်းနေပြီဆိုလျှင် သူ၏ ခွန်အားမှာ အဆပေါင်းများစွာ ခုန်ပျံကျော်လွှားသွားတော့မည်ပင်။
ဘုန်း ဘုန်း ဘုန်း
ဘုန်း ဘုန်း ဘုန်း
နားကွဲမတတ် မိုးကြိုးသံများမှာ ကောင်းကင်နှင့် မြေပြင်အကြား အဆက်မပြတ် မြည်ဟည်းနေတော့သည်။ ဤမိုးကြိုးလှိုင်းများအကြားတွင် သက်ရှိအပေါင်းတို့မှာ တုန်ရီစွာဖြင့် ဦးညွှတ်နေကြရ၏။
မကြာမီမှာပင် အထက်ရှိ ကျယ်ပြောလှသော ကောင်းကင်ယံကြီးမှာ တစ်စုံတစ်ခုကို ပြုလုပ်နေသကဲ့သို့ တောက်ပသော အလင်းတန်းများနှင့်အတူ အဆက်မပြတ် လူးလွန့်နေတော့သည်။
နောက်တစ်ခဏတွင်
ဝုန်း
ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားများ ပြည့်နှက်နေသည့် နှင်းကဲ့သို့ ဖြူဖွေးထူထပ်သော လျှပ်စီးတန်း ထောင်ပေါင်းများစွာမှာ ကောင်းကင်ယံမှနေ၍ ရုတ်တရက် အုံနှင့်ကျင်းနှင့် ဆင်းသက်လာတော့သည်။ လျှပ်စီးတန်းတိုင်းတွင် ဓာတ်ကြီးငါးပါး၏ စွမ်းအားများ ကိန်းအောင်းနေ၏။
လျှပ်စီးတန်းတိုင်းမှာ ဟိန်းဟောက်ကာ ပါးစပ်ကို ဖြဲထားသည့် ရှေးဟောင်းမိုးကြိုးနဂါးကြီးတစ်ကောင်နှင့် ဆင်တူပြီး ကောင်းကင်ယံကို ဆွဲဖြဲပစ်နေကြသည်။
လျှပ်စီးတန်း ထောင်ပေါင်းများစွာ တစ်ပြိုင်နက်တည်း ကျရောက်လာသည်မှာ လောကကြီးတစ်ခုလုံး ပျက်စီးသွားမည့် မြင်ကွင်းအလားပင် တစ်တောလုံး နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားတော့သည်။
တောနက်အတွင်းရှိ ကျားများ၊ မျောက်ဝံများနှင့် ကျင့်ကြံနေသော ဝိညာဉ်သတ္တဝါများမှာ အဆက်မပြတ် အော်ဟစ်ဆုတ်ခွာနေကြပြီး စူးရှလှသော လျှပ်စီးများကို ရင်ဆိုင်ရန် မဝံ့မရဲ တုန်ရီနေကြရှာသည်။
“ဒါ... ဒါက ဘယ်လိုမျိုး မိုးကြိုးတာအို နတ်ဘုရားရုပ်ထုလဲဗျာ”
ရှန်းယန်၏ မျက်သူငယ်အိမ်များမှာ ကျုံ့ဝင်သွားပြီး သူ၏မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ အတိုင်းသား ပေါ်လွင်နေသည်။
ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းတွင် ရှိစဉ်က မိုးကြိုးကျင့်ကြံသူများ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သို့ အဆင့်တက်ကာ မိုးကြိုးတာအို နတ်ဘုရားရုပ်ထုကို စုစည်းကြသည်ကို သူ အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးသည်။
သို့သော် ယခုမြင်တွေ့နေရသော မြင်ကွင်းနှင့် နှိုင်းယှဉ်ပါက လုံးဝကို ယှဉ်နိုင်စရာ မရှိချေ။
ချန်ကျီရှင်းရှိရာ တောင်ဂူ၏ အထက်ကို ကြည့်လိုက်ရာတွင် ထိုနေရာမှာ မည်သူမျှ မချဉ်းကပ်ဝံ့သော ထိတ်လန့်ဖွယ်ရာ မိုးကြိုးပင်လယ်ကြီးအဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ကာ ထိုဆူပွက်နေသော မိုးကြိုးပင်လယ်ကြီးအတွင်း၌ ရှေးဟောင်းမိုးကြိုးနဂါးများ ကခုန်နေကြပြီး ငွေရောင်မြွေကြီးများမှာလည်း လူးလွန့်နေကြသည်။
မိုးကြိုးဟိန်းသံများကို အဆက်မပြတ် ကြားနေရပြီး ရှေးဟောင်း မိုးကြိုးသတ္တဝါကြီးတစ်ကောင် ဟိန်းဟောက်နေသကဲ့သို့ပင်။ တစ်လောကလုံးကို ပေါက်ကွဲပစ်တော့မည့်အလား ခြိမ်းခြောက်နေ၏။
ထိုကြောက်မက်ဖွယ်ရာ မိုးကြိုးပင်လယ်ကြီးအတွင်း၌ လျှပ်စီးတန်းများစွာမှာ စုစည်းသွားကြပြီး တဖြည်းဖြည်းနှင့် ပေတစ်ထောင်ခန့် မြင့်မားသော လူသားပုံသဏ္ဌာန် သတ္တဝါကြီးတစ်
ကောင်အဖြစ် ပေါ်ထွက်လာတော့သည်။
လျှပ်စီးတန်း ထောင်ပေါင်းများစွာ၏ အလယ်တွင် စံပယ်နေသော ဤလူသားပုံသဏ္ဌာန် သတ္တဝါကြီးမှာ မိုးကြိုးပင်လယ်အတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာကာ နေနှင့်လကိုပါ နင်းခြေလျက် လောကကြီးကို အပေါ်စီးမှ ငုံ့ကြည့်နေတော့သည်။