← Chapters

အခန်း (၇၀၁-၇၀၂)

Vol. 66 Ch. 701-702

အခန်း (၇၀၁-၇၀၂)

Vol. 66 Ch. 701-702

အခန်း (၇၀၁) - ဆက်တိုက်ပွင့်လန်းလာသော မက်မွန်ပွင့်များ၊ ‘ချစ်ခြင်းမေတ္တာကူ’၏ စွမ်းအား၊ ပထမဆုံးအကြိမ်အတွက် လက်တွဲဖော်အဖြစ် အရည်အချင်းပြည့်မီခြင်း(၃)။

“ဒါဆိုရင် ဖုန်းရှီးမြို့မှာ အခြေချနေထိုင်ဖို့က မလွယ်ကူလှဘူးပေါ့…”

ကျိုးစွေ့က မျက်ခုံးပင့်လိုက်၏။

“အဲဒီလောက်အထိလည်း မခက်ခဲပါဘူး… ဖုန်းရှီးမြို့ထဲမှာ သာမန်လူတွေ နေထိုင်တဲ့ ရပ်ကွက်တွေလည်း ရှိပါသေးတယ်… အဲဒီရပ်ကွက်တွေမှာ အထပ်တစ်ရာလောက် မြင့်တဲ့ အဆောက်အအုံကြီးတွေ တည်ဆောက်ထားပြီး သာမန်လူအများအပြားက အဲဒီ အဆောက်အအုံတွေထဲမှာ နေထိုင်ကြတာ…

မိသားစုတိုင်းမှာ အိပ်ခန်းသုံးခန်းနဲ့ ဧည့်ခန်းတစ်ခန်းပါဝင်တဲ့ ကိုယ်ပိုင်အခန်းတွေ ရှိကြတယ်… သူတို့ရဲ့ ကျင့်ကြံခြင်းက နိမ့်ကျနေတော့ ဝိညာဉ်စွမ်းအင်စုစည်းတဲ့ အစီအရင်တွေလည်း မလိုအပ်ဘူးလေ… လေထဲမှာရှိတဲ့ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူရုံနဲ့တင် သူတို့ရဲ့ ကျင့်ကြံခြင်းလိုအပ်ချက်အတွက် လုံလောက်နေပြီ…

ရွှေအမြုတေအဆင့် ဒါမှမဟုတ် ဝိညာဉ်သန္ဓေသားအဆင့်နဲ့အထက် ကျင့်ကြံသူတွေမှသာ ကိုယ်ပိုင်စံအိမ်ကြီးတွေ လိုအပ်တာ… ဒါပေမဲ့ ကျင့်ကြံခြင်းက ဒီအဆင့်အထိ ရောက်နေပြီဆိုတော့ ဝိညာဉ်ကျောက်တုံး ရှာရတာကလည်း သိပ်မခက်တော့ပါဘူး…

ကျိုးတာအိုရောင်းရင်းလို နတ်ဘုရားအသွင်ပြောင်းအဆင့် ပါရမီရှင်မျိုးအတွက်ဆိုရင် စံအိမ်တစ်လုံးဝယ်ဖို့က အေးဆေးပါပဲ… တခြားဟာ မပြောနဲ့ဦး… ဟို ပဥ္စမအဆင့် မီးလျှံနီရွှေခြင်္သေ့သားရဲရဲ့ အလောင်းတင် တော်တော်လေး တန်ဖိုးရှိနေပြီလေ…”

ပိုင်စုကျဲ့က ရှင်းပြလိုက်၏။

“အော်။ အဲဒီလိုကိုး”

ဤစကားကို ကြားသောအခါ ကျိုးစွေ့က ခေါင်းညိတ်လိုက်လေသည်။

သိသာထင်ရှားသည်မှာ စိတ်ဝိညာဉ်လောကတွင် သာမန်လူသားများ၏ ဘဝမှာလည်း အတန်ငယ် ကောင်းမွန်နေခြင်းပင် ဖြစ်၏။ ကျင့်ကြံသူများစွာ၏ ကာကွယ်မှုအောက်တွင် ရှိနေသဖြင့် ၎င်းတို့သည် တစ်သက်လုံး မြို့ပြင်သို့ ထွက်စရာမလိုဘဲ မြို့ထဲမှာတင် နေထိုင်နိုင်ကြပေသည်။

အဘယ်ကြောင့်ဆိုသော် မြို့တော်တစ်ခုလုံးသည် မိမိဘာသာ လုံလောက်စွာ ရပ်တည်နိုင်သောကြောင့်ပင် ဖြစ်၏။ နှစ်ပေါင်းများစွာ ဝိုင်းရံပိတ်ဆို့ခံရလျှင်ပင် အတွင်းရှိ လူသားများမှာ ရှင်သန်နိုင်ကြဦးမည်သာ။

ထို့အပြင် မြို့တော်အတွင်းရှိ ဥပဒေမှာလည်း အလွန်တင်းကြပ်လှသည်။ လူသတ်မှုတစ်ခုခု ဖြစ်ပွားလာလျှင်လည်း ချက်ချင်းပင် စုံစမ်းဖော်ထုတ်နိုင်ပေသည်။ ဤသည်မှာ ပြစ်မှုကျူးလွန်နှုန်းကို များစွာ လျော့ကျစေ၏။

ယခင် ကျင့်ကြံခြင်းလောကနှင့် နှိုင်းယှဉ်ပါက စိတ်ဝိညာဉ်လောကရှိ လူသားများ၏ဘဝမှာ တကယ့်ကို နိဗ္ဗာန်ဘုံနှင့် တူညီလှသည်ဟု ဆိုနိုင်ပေသည်။ သူ၏ စိတ်ထဲတွင်လည်း အတန်ငယ် ခံစားလိုက်ရလေသည်။

အကယ်၍ သူသာ စိတ်ဝိညာဉ်လောကသို့ စတင်ဝင်စားခဲ့မည်ဆိုလျှင် လေလွင့်ကျင့်ကြံသူတစ်ဦး ဖြစ်မလာဘဲ မိမိအသက်ကို အချိန်ပြည့် စိုးရိမ်နေစရာ လိုအပ်မည် မဟုတ်ပေ။

မကြာမီအချိန်အတွင်းမှာပင် ပိုင်စုကျဲ့၏ ဦးဆောင်မှုဖြင့် ကျိုးစွေ့သည် ဖုန်းရှီးမြို့၏ အခွန်နှင့် ဘဏ္ဍာရေးဌာနသို့ ရောက်ရှိလာလေတော့သည်။ တခြားသော အမျိုးသမီး ကျင့်ကြံသူများမှာမူ ၎င်းတို့၏အိမ်သို့ ပြန်သွားကြပြီဖြစ်ရာ အခွန်နှင့် ဘဏ္ဍာရေးဌာနသို့ လိုက်မလာကြတော့ပေ။

ကျိုးစွေ့၏ ရှေ့တွင် မြင်တွေ့နေရသည်မှာ ရှေးဆန်ပြီး ခမ်းနားလှသော အဆောက်အအုံကြီး တစ်ခုဖြစ်ကာ ပတ်ဝန်းကျင်တွင်လည်း အစီအရင်များနှင့် တားမြစ်ချက်များစွာ လွှမ်းခြုံထားလေသည်။ ကျင့်ကြံသူ အများအပြားမှာ ဤနေရာတွင် အဝင်အထွက် ပြုလုပ်နေကြပြီး မျက်နှာများမှာလည်း တည်ကြည်လွန်းလှသဖြင့် ဤနေရာတွင် အသက်ပြင်းပြင်းပင် ရှူဝံ့ပုံမရကြပေ။

အဆောက်အအုံပေါ်တွင်မူ အခွန်နှင့် ဘဏ္ဍာရေးဌာနဟု ရေးထိုးထားသော ရွှေရောင်ဆိုင်းဘုတ်မှာ ခန့်ညားထည်ဝါစွာ တည်ရှိနေသည်။ မှန်ပေသည်၊ ဤသည်မှာ စိတ်ဝိညာဉ်လောကရှိ လူသားမျိုးနွယ်၏ စာသားများဖြစ်သဖြင့် ကျင့်ကြံခြင်းလောက၏ စာသားများနှင့် လုံးဝ ကွဲပြားလှသည်။

သို့သော် ကျိုးစွေ့သည် ကျူးကျင်းဟိုင်တို့၏ မှတ်ဉာဏ်များမှတစ်ဆင့် ဆက်စပ်အသိပညာများကို ရရှိထားပြီး ဖြစ်သဖြင့် စိတ်ဝိညာဉ်လောက လူသားမျိုးနွယ်၏ စာသားများကိုလည်း သူ ကျွမ်းကျင်နေပြီ ဖြစ်သည်။

ရွှစ်…။

သိသာထင်ရှားစွာပင် ပိုင်စုကျဲ့သည် ဤနေရာကို အလွန်ရင်းနှီးနေပုံရပြီး သူမ၏ ကိုယ်ပိုင်အိမ်သို့ ပြန်လာသကဲ့သို့ပင် ဖြစ်နေသည်။ ဤနေရာရှိ ကျင့်ကြံသူများသည် သူမကို ဖော်ဖော်ရွေရွေ နှုတ်ဆက်နေကြပြီး အချို့မှာမူ မြှောက်ပင့်ဖားသည့် အဆင့်သို့ပင် ရောက်ရှိနေကြလေသည်။

သူမသည် လမ်းသွယ်လေးများမှတစ်ဆင့် အခွန်နှင့် ဘဏ္ဍာရေးဌာန၏ အနက်ရှိုင်းဆုံးနေရာရှိ အခန်းတစ်ခန်းသို့ တိုက်ရိုက် သွားလိုက်တော့၏။

“အစ်မဟွား… ကျွန်မ ဝင်လာပြီနော်…”

ပိုင်စုကျဲ့က အခန်းတံခါးကို တွန်းဖွင့်လိုက်လေသည်။

အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အလွန်လှပသည့် အမျိုးသမီးကြီးတစ်ဦးသည် စားပွဲအနက်ရောင်ပေါ်တွင် ပျင်းရိစွာ မှီအိပ်နေသည်ကို မြင်လိုက်ရပြီး ပတ်ဝန်းကျင်တွင်လည်း အမျိုးမျိုးသော ဝိညာဉ်ကျောက်တုံးများ ပျံ့ကြဲနေလေသည်။

“စုကျဲ့… နင် ဘယ်လိုလုပ် ထူးထူးဆန်းဆန်းရောက်လာတာလဲ”

ပိုင်စုကျဲ့၏အသံကို ကြားသောအခါ ထိုအလှပဂေးကြီးမှာ အိပ်ချင်မူးတူးဖြင့် နိုးလာပုံရပြီး သူမ၏ လှပသောမျက်လုံးအစုံမှာ ဝမ်းသာအားရ ဖြစ်သွားတော့၏။

သူမသည် စားပွဲခုံမှ ချက်ချင်း ထရပ်လိုက်သောအခါ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်မှာ ထင်ထင်ရှားရှား ပေါ်ထွက်လာလေသည်။ သူမ၏ရင်အစုံမှာ စိတ်ကူးမယဉ်နိုင်အောင်ပင် ကြီးမားလှပြီး ချန်ဇီယွင်နှင့်ပင် ယှဉ်နိုင်လောက်ပေသည်။

သူမသည် ပိုင်စုကျဲ့ကို ချက်ချင်း ပြေးဖက်လိုက်ပြီး ပိုင်စုကျဲ့၏ခေါင်းကို သူမ၏ ရင်နှစ်မွှာကြားထဲတွင် နစ်ဝင်သွားသည်အထိ ဖက်ထားသဖြင့် ပိုင်စုကျဲ့မှာ အသက်ရှူပင် ကျပ်သွားမတတ် ဖြစ်သွားရသည်။

အခန်းတစ်ခုလုံးတွင် ပန်းရနံ့များ လွှမ်းခြုံသွားပြီး ပန်းပေါင်းများစွာထဲတွင် ရောက်ရှိနေသကဲ့သို့ပင် စိတ်ကြည်နူးစရာ ကောင်းလှသည်။ အလှပဂေးနှစ်ဦး ပွေ့ဖက်ထားသည်မှာ တကယ့်ကိုလှပသော ပန်းချီကားတစ်ချပ်သဖွယ် ဖြစ်နေပြီး မည်မျှပင်ကြည့်သည်ဖြစ်စေ ငြီးငွေ့သွားလိမ့်မည် မဟုတ်ပေ။

“အစ်မဟွား… တော်တော့။ ဒီမှာ တခြားလူ ပါလာတယ်လေ…”

ပိုင်စုကျဲ့မှာ မျက်နှာတစ်ခုလုံး နီမြန်းနေပြီး ဤနွေးထွေးလှသော အမျိုးသမီးကို အမြန်ပင် တွန်းထုတ်လိုက်ရသည်။

“အိုး.. ယောက်ျားတစ်ယောက် ခေါ်လာတာကိုး။ ဒါက နင့်ရဲ့ တာအိုလက်တွဲဖော်လား… ငါနဲ့ မိတ်ဆက်ပေးချင်လို့ ခေါ်လာတာလား.. ဒါပေမဲ့ နင့်မျက်လုံးက တကယ်မဆိုးဘူးပဲ… ရုပ်ရည်ကတော့ အတော်အသင့် ရှိသား… ငါ့ရဲ့ စံနှုန်းကိုတော့ အသာလေး မှီတယ်…

ဒါပေမဲ့ ယောက်ျားဆိုတာ ရုပ်ရည်ရှိရုံနဲ့တင် မပြည့်စုံဘူးလေ… အရည်အချင်းလည်း ရှိဖို့ လိုသေးတာပေါ့… ငါ့ညီမလေးရဲ့ နှလုံးသားကို ရအောင်ယူနိုင်ဖို့ နင့်မှာ ဘယ်လို အရည်အချင်းတွေ ရှိလဲဆိုတာ မသိရသေးဘူးနော်”

ထိုအလှပဂေးကြီးမှာ ကျိုးစွေ့ ရှိနေသည်ကို ယခုမှ သတိပြုမိပုံရသည်။ သူမသည် ကျိုးစွေ့ကို အထက်အောက် အကဲခတ်ကြည့်လိုက်၏။ သူမ၏ကိုယ်မှ ထွက်ပေါ်နေသော မွှေးပျံ့သည့်ရနံ့နှင့်အတူ မသိမသာ ထွက်ပေါ်လာသော ဆွဲဆောင်မှုများကြောင့် လူကို ရင်ခုန်တုန်လှုပ်သွားစေနိုင်လောက်သည်။

“အစ်မဟွား… အစ်မ ဘာတွေ ပြောနေတာလဲ။ သူက ကျွန်မရဲ့ တာအိုလက်တွဲဖော် မဟုတ်ပါဘူး… သူ့နာမည်က ကျိုးစွေ့… သူက အထက်ဘုံတက်လှမ်းသူ တစ်ဦးပါ… မိုးကြိုးတောင်တန်းမှာ ကျွန်မတို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့လို့ စာရင်းသွင်းဖို့အတွက် ခေါ်လာတာ”

ပိုင်စုကျဲ့မှာ မျက်နှာလေး နီမြန်းသွားပြီး ဤအစ်မဖြစ်သူကို မျက်စောင်းထိုးလိုက်လေသည်။ တစ်ဖက်လူက လွဲမှားစွာ တွေးတောနေတော့မည်ကို သူမ ကြိုသိနေသည် မဟုတ်ပါလော။

သူမသည် အစောပိုင်းက ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုပ် ရှင်းပြလိုက်၏။ ဤအမျိုးသားမှာ သူမ၏ အသက်သခင်ကျေးဇူးရှင် ဖြစ်သောကြောင့်သာ ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်းကိုလည်း အလေးပေး ပြောကြားလိုက်လေသည်။

“ဒါက ဒီလိုကြီးလား”

ထိုအလှဘုရင်မကြီးက စိတ်ပျက်လက်ပျက် အမူအရာ ပြလိုက်၏။

“အစ်မဟွား... ဒါက ဘာသဘောလဲ။ အစ်မက ကျွန်မရဲ့ ဘေးကင်းမှုကို ပိုပြီး စိုးရိမ်သင့်တာ မဟုတ်ဘူးလား။ ကျွန်မဖြင့် ခုနကတင် သားရဲရိုင်းရဲ့ လက်ထဲမှာ သေလုနီးပါး ဖြစ်ခဲ့ရတာ”

ပိုင်စုကျဲက ထိုအစ်မကြီးကို ကြည့်ကာ စကားပင် မဆိုနိုင်တော့ချေ။ သူမသည် အတင်းအဖျင်း သတင်းကိုသာ အလွန်အမင်း စိတ်ဝင်စားနေပြီး ညီမဖြစ်သူ၏ အသက်အန္တရာယ်ကိုမူ ဂရုမစိုက်သကဲ့သို့ ဖြစ်နေခြင်းမှာ အမှန်တကယ်ပင် အမြင်ကတ်စရာ ကောင်းလှပေသည်။

ထို့ကြောင့်ပင် သူမသည် အခွန်နှင့် ဘဏ္ဍာရေးဌာနသို့ လာရောက်ကာ ဤအစ်မကြီးနှင့် တွေ့ဆုံရန် ဝန်လေးနေတတ်ခြင်း ဖြစ်၏။

“အို... ညည်းမှာ ရတနာတွေ ဒီလောက် အများကြီး ရှိတာပဲ။ သာမန် သားရဲရိုင်းလေးက ညည်းကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ။ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာက ပုံမှန်ပဲလေ... ဒါကို အထူးအဆန်း လုပ်နေစရာ မလိုပါဘူး။ အင်း... အစ်မကတော့ ညည်းကို အရွယ်ရောက်လာပြီး အချစ်ကို သိလာပြီလို့ ထင်နေတာ။ ဒါပေမဲ့ ခုထိ အပျိုကြီး ဖြစ်နေတုန်းပါလား။ ဘယ်တော့မှပဲ ဒီတံခါးကို ဖွင့်နိုင်မှာလဲ မသိဘူး။ အစ်မတော့ စိတ်ပျက်လိုက်တာ”

ထိုအလှဘုရင်မကြီးက သက်ပြင်းတစ်ချက် ချလိုက်ရင်း လူကို မျက်နှာပူစေသော စကားများကို အတားအဆီးမဲ့ ပြောဆိုလိုက်လေသည်။

“အစ်မဟွား”

ပိုင်စုကျဲ၏ မျက်နှာလေးမှာ ချက်ချင်းပင် ရဲတက်သွား၏။ သာမန်အချိန်ဆိုလျှင် ထိုစကားများကို သည်းခံနိုင်သော်လည်း ယခုမှာမူ သိကျွမ်းရသည်မှာ မကြာသေးသော အမျိုးသားတစ်ဦး ရှိနေသဖြင့် သူမ အလွန်အမင်း ရှက်ရွံ့သွားရလေသည်။

သူမသည် မြေပြင်ထဲသို့သာ ခေါင်းတိုးဝင်သွားချင်စိတ် ပေါက်နေပြီး မိမိကိုယ်မိမိ အရှက်ရဆုံး အခြေအနေသို့ ရောက်နေသည်ဟု ခံစားနေရ၏။

“ကဲ... တော်ပြီ၊ တော်ပြီ။ ညည်းကို မစတော့ဘူး။ မိတ်ဆက်ပေးရဦးမယ်... အစ်မက ဖုန်းရှီးမြို့ရဲ့ အခွန်နှင့် ဘဏ္ဍာရေးဌာနလက်ထောက်ဝန်ကြီး ဟွားစစ်ချင်ပါ”

ပိုင်စုကျဲ စိတ်တိုတော့မည့် အခြေအနေကို မြင်သောအခါ ဟွားစစ်ချင်သည် ဆက်၍ မစရဲတော့ဘဲ ချက်ချင်းပင် တည်တည်ငြိမ်ငြိမ် ပုံစံသို့ ပြောင်းလဲလိုက်၏။ ထို့နောက် သူမက ကျိုးစွေ့ကို လှည့်ကြည့်လိုက်သည်။

“ကျုပ်က ကျိုးစွေ့ပါခင်ဗျာ”

ကျိုးစွေ့က ပြုံးလျက် မိမိကိုယ်မိမိ မိတ်ဆက်လိုက်၏။ သူ၏ စိတ်ထဲတွင်လည်း အံ့ဩမိသွားလေသည်။ ဖုန်းရှီးမြို့၏ အရေးပါသော လူပုဂ္ဂိုလ်တစ်ဦးနှင့် ဤမျှ လွယ်လွယ်ကူကူ ဆုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျိုးစွေ့သည် ယခင်က ဝါးမျိုခဲ့သော ကျူးကျင်းဟိုင်၏ မှတ်ဉာဏ်များအရ ဖုန်းရှီးမြို့သည် အမှန်တကယ်တွင် ဖုန်းရှီးနိုင်ငံနှင့် တူညီပြီး ဌာနကြီးခြောက်ခုဖြင့် ဖွဲ့စည်းထားကြောင်း သိထား၏။

၎င်းတို့မှာ လူသားအရင်းအမြစ်ဌာန၊ အခွန်နှင့် ဘဏ္ဍာရေးဌာန၊ သံတမန်နှင့် ပညာရေးဌာန၊ ကာကွယ်ရေးဌာန၊ တရားစီရင်ရေးဌာနနှင့် ဆောက်လုပ်ရေးဌာနတို့ပင် ဖြစ်ကြသည်။

သိသာထင်ရှားစွာပင် ဤဟွားစစ်ချင်မှာ ဖုန်းရှီးမြို့၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း လေဟာနယ်သန့်စင်ခြင်းအဆင့် အလယ်အလတ်သို့ ရောက်ရှိနေသဖြင့် အလွန်တရာ နက်ရှိုင်းလှ၏။

ဖုန်းရှီးမြို့ တစ်မြို့လုံးတွင်ပင် ထိုသို့သော ကျင့်ကြံခြင်းအဆင့်မျိုး ရှိသူမှာ လက်ချိုးရေတွက်၍ ရနိုင်သည်။ သူမသည် အခွန်နှင့် ဘဏ္ဍာရေးဌာနလက်ထောက်ဝန်ကြီးတစ်ဦး ဖြစ်သဖြင့် မြို့စားမင်းမှလွဲလျှင် အာဏာအရှိဆုံး ပုဂ္ဂိုလ်ခြောက်ဦးထဲမှ တစ်ဦးလည်း ဖြစ်ပေသည်။

အခန်း (၇၀၂) - ဆက်တိုက်ပွင့်လန်းလာသော မက်မွန်ပွင့်များ၊ ‘ချစ်ခြင်းမေတ္တာကူ’၏ စွမ်းအား၊ ပထမဆုံးအကြိမ်အတွက် လက်တွဲဖော်အဖြစ် အရည်အချင်းပြည့်မီခြင်း(၄)။

သူသည် စိတ်ဝိညာဉ်လောကသို့ ရောက်ရှိသည်မှာ မကြာသေးသော်လည်း ဤကဲ့သို့သော အရှိန်အဝါရှိသူနှင့် ဆုံတွေ့ရသည်မှာ 'မက်မွန်ပွင့်ကံကောင်းခြင်း' ပင် ဖြစ်ပေသည်လော။

အမှန်အတိုင်းဆိုရလျှင် သူသည် ‘ချစ်ခြင်းမေတ္တာကူ’က ပေးစွမ်းသော အချစ်ကံဇာတာ၏ အစွမ်းထက်ပုံကို စတင် သတိပြုမိလာပြီ ဖြစ်၏။ သိကျွမ်းရုံသာ ရှိသေးသော အမျိုးသမီးတစ်ဦးမှာပင် ဤမျှ ကြီးကျယ်သော နောက်ခံအင်အား ရှိနေသည်။

သို့သော်လည်း ဤသည်မှာ 'မက်မွန်ပွင့်ကံဆိုးမှု' လည်း ဖြစ်သွားနိုင်‌သေးသည်။ အကြောင်းမှာ ဤမျှ ရုပ်ရည်နှင့် နောက်ခံအင်အားရှိသော အမျိုးသမီးမျိုးမှာ သာမန်မဟုတ်သောကြောင့်ပင်။

သူမကို ပိုးပန်းသူများမှာ အလွန်များပြားလှသဖြင့် အနည်းငယ် သတိလက်လွတ် ဖြစ်သွားရုံနှင့် ကြီးမားသော ဘေးဒုက္ခထဲသို့ ကျရောက်သွားနိုင်၏။ အခြားသော ပိုးပန်းသူများ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံရကာ အသက်ပျောက်သွားနိုင်ပေသည်။

တ့ကျိ သို့မဟုတ် ဇီရှီးကဲ့သို့သော အလှပိုင်ရှင်မျိုးကို ပိုင်ဆိုင်လိုလျှင် နိုင်ငံတစ်ခု၏ အရှင်သခင်မဖြစ်ပါက ကာကွယ်ပေးနိုင်ရန် ခဲယဉ်းလှသည်။

“ကျိုးစွေ့လား။ မင်းလေးက ပိုင်စုကျဲရဲ့ အသက်ကို ကယ်ခဲ့တယ်ဆိုတော့ အစ်မရဲ့ ကျေးဇူးရှင်လို့လည်း ဆိုနိုင်တာပေါ့။ ပြီးတော့ ရှင်က အောက်ဘုံက တက်လာတဲ့သူဆိုတော့ ရှားပါးတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်မှာ သေချာပါတယ်။ ဖုန်းရှီးမြို့ကို ရောက်လာပြီးပြီဆိုတော့ ဘာတွေဆက်လုပ်ဖို့ စိတ်ကူးထားလဲ”

ဟွားစစ်ချင်သည် သူမ၏ လှပသော မျက်ဝန်းများဖြင့် ကျိုးစွေ့ကို သေချာစိုက်ကြည့်ကာ သူ၏ အနာဂတ်အစီအစဉ်များကို သိလိုဟန်ပြနေ၏။

“ကျုပ်က အခုမှ ရောက်ခါစဆိုတော့ ဘာတွေလုပ်လို့ ရမလဲဆိုတာ သေချာ မသိသေးဘူးခင်ဗျာ။ စီနီယာဟွားအနေနဲ့ ဘယ်လို အကြံပေးချင်ပါသလဲ”

ကျိုးစွေ့က သိလိုစိတ်ဖြင့် မေးမြန်းလိုက်၏။ သူသည် မိမိ၏ မသိနားမလည်မှုကို ဖုံးကွယ်မထားပေ။

အမှန်တကယ်ပင် သူသည် စိတ်ဝိညာဉ်လောကသို့ ရောက်ရှိသည်မှာ မကြာသေးသဖြင့် လူသားမျိုးနွယ်စု၏ အခြေအနေနှင့် မည်သို့ အခြေချနေထိုင်ရမည်ကို ကောင်းစွာ မသိသေးချေ။

“အင်း... အောက်ဘုံက တက်လာတဲ့သူတစ်ယောက်အနေနဲ့ ရှင်သွားလို့ရတဲ့ လမ်း သုံးလမ်း ရှိတယ်။ ပထမတစ်လမ်းကတော့ စစ်တပ်ထဲ ဝင်တာပဲ။ ရှင်က နတ်ဘုရားအသွင်ပြောင်းအဆင့် အစောပိုင်းမှာ ရှိနေတာဆိုတော့ စစ်တပ်ထဲဝင်ရင်တောင် သာမန်စစ်သည် မဖြစ်နိုင်ပါဘူး။ တပ်ရင်းမှူး ရာထူးကို ချက်ချင်း ရနိုင်ပြီး တပ်ဖွဲ့ငယ်လေးတစ်ခုကို ဦးဆောင်ရလိမ့်မယ်”

“ရှင်က အောက်ဘုံက တက်လာတာဆိုတော့ ရှင့်ဆီမှာရှိတဲ့ ကျင့်စဉ်တွေကလည်း နတ်ဘုရားအသွင်ပြောင်းအဆင့်အထိပဲ ရှိမှာပဲ။ အဲဒီထက် မြင့်တဲ့အဆင့်တွေအတွက် ကျင့်စဉ်မျိုး ရှိမှာ မဟုတ်ဘူး။ စစ်တပ်ထဲမှာက အန္တရာယ်များပြီး ရန်သူမျိုးစုံနဲ့ ရင်ဆိုင်ရပေမဲ့ တစ်ဖက်မှာလည်း မြို့တော်အတွက် အကျိုးပြုမှုတွေကို အမြန်ဆုံး စုဆောင်းနိုင်တယ်”

“အဲဒီ အကျိုးပြုမှတ်တွေနဲ့ ဖုန်းရှီးမြို့ရဲ့ ကျမ်းစာတိုက်ကနေ ကျင့်စဉ်မျိုးစုံကို လဲလှယ်ယူလို့ ရတယ်။ ဒါက တက်လှမ်းလာသူ အတော်များများ ရွေးချယ်လေ့ရှိတဲ့ ဖြတ်လမ်းတစ်ခုပေါ့။ ဒါပေမဲ့ စစ်တပ်ရဲ့ အမိန့်ကို နာခံရမှာဖြစ်သလို ကြိုက်သလို ထွက်သွားလို့ မရဘူးဆိုတဲ့ ကန့်သတ်ချက်တော့ ရှိတယ်”

ဟွားစစ်ချင်က လေးနက်စွာ ပြောလိုက်လေသည်။

“ကျန်တဲ့ နှစ်လမ်းက ဘာတွေလဲဆိုတာ သိပါရစေခင်ဗျာ”

ကျိုးစွေ့က အခြေအနေကို စောင့်ကြည့်ရင်း နောက်ထပ် လမ်းကြောင်းများကို မေးမြန်းလိုက်၏။

“ဒုတိယတစ်လမ်းကတော့ ကြေးစားစစ်သည် လုပ်တာပဲ။ ဖုန်းရှီးမြို့ကနေ မကြာခဏဆိုသလို တာဝန်တွေ ထုတ်ပြန်ပေးလေ့ရှိတယ်။ အဲဒီတာဝန်တွေကို အောင်မြင်အောင် လုပ်နိုင်ရင် ဝိညာဉ်ကျောက်တုံးတွေအပြင် အကျိုးပြုမှတ်တွေကိုလည်း ရနိုင်တယ်။ ရတဲ့အမှတ်က စစ်တပ်လောက် မများပေမဲ့ မဆိုးဘူးလို့ ပြောလို့ရတယ်။ အဲဒီအမှတ်တွေနဲ့လည်း ကျမ်းစာတိုက်မှာ ကျင့်စဉ်တွေ သွားလဲလို့ ရတာပဲ”

“အဓိက အချက်ကတော့ ကြေးစားစစ်သည်ဖြစ်တဲ့အတွက် လွတ်လပ်တယ်... ဘယ်သူ့ရဲ့ ချုပ်ကိုင်မှုကိုမှ ခံစရာ မလိုဘူး။ လုပ်နိုင်သလောက် ရမယ်။ အားနည်းချက်ကတော့ အာမခံချက် မရှိတာပဲ... တာဝန်မအောင်မြင်ရင် ဘာမှရမှာ မဟုတ်ဘူး။ ရှင့်မှာ အရည်အချင်းရှိရင်တော့ ဒီနည်းနဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို အများကြီး ရှာနိုင်မှာပါ”

“တတိယလမ်းကတော့ ပိုပြီး ရိုးရှင်းတယ်။ အစိုးရဌာနမှာ ဝန်ထမ်းလုပ်တာပဲ။ အခုချိန်မှာ အစိုးရဌာနတွေက စီမံခန့်ခွဲမှုပိုင်းနဲ့ တာအိုကျောင်းတော်တွေမှာ စာသင်ပေးမယ့် ဆရာတွေကို အများကြီး လိုအပ်နေတယ်။ အစိုးရဝန်ထမ်း ဖြစ်သွားရင်တော့ အန္တရာယ်ကင်းပြီး မြို့ပြင်ထွက်စရာ မလိုတော့ဘူး”

“နှစ်စဉ်လည်း လစာရမယ်။ အားနည်းချက်ကတော့ လစာက နည်းတယ်... တခြား ဝင်ငွေလည်း သိပ်မရှိဘူး။ ကျင့်ကြံခြင်းအဆင့် ရှေ့ဆက်တက်ဖို့ဆိုတာကလည်း အတော်လေး ခက်ခဲလိမ့်မယ်။ အများအားဖြင့်တော့ သက်တမ်းကုန်ခါနီးနေပြီး ရှေ့ဆက်ဖို့ မျှော်လင့်ချက် မရှိတော့တဲ့သူတွေပဲ ဒီလမ်းကို ရွေးကြတာ။ ရှင်ကော ဘယ်လမ်းကို ရွေးချယ်ချင်လဲ”

ဟွားစစ်ချင်က စိတ်ဝင်တစားဖြင့် ကျိုးစွေ့ကို ကြည့်လိုက်၏။

“ကျုပ် တာအိုကျောင်းတော်က ဆရာပဲ လုပ်ချင်ပါတယ်ခင်ဗျာ”

ကျိုးစွေ့က စဉ်းစားမနေတော့ဘဲ ချက်ချင်း ရွေးချယ်လိုက်၏။ သူ့အတွက်မူ ဘေးကင်းလုံခြုံမှုက ပထမဦးစားပေးပင် မဟုတ်ပါလော။

စစ်သားဖြစ်စေ၊ ကြေးစားဖြစ်စေ မြို့ပြင်ထွက်ကာ ရှေ့တန်းတွင် ရန်သူများနှင့် ရင်ဆိုင်ရမည် ဖြစ်၏။ သူ့၌ ငွေရှာရန် နည်းလမ်းများစွာ ရှိသဖြင့် မြို့ပြင်ထွက်ကာ စွန့်စားနေစရာ မလိုပေ။

ထို့ကြောင့် တာအိုကျောင်းတော်တွင် ဆရာလုပ်ကာ အေးအေးဆေးဆေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။

“တာအိုကျောင်းတော်က ဆရာ လုပ်ချင်တာလား။ အော်... ဒါကြောင့်ကိုး။ ရှင့်စိတ်ထဲမှာ ညီမလေး ပိုင်စုကျဲအပေါ် မရိုးသားတဲ့ စိတ်တွေ ရှိနေတုန်းပဲလား”

ဟွားစစ်ချင်က ပြုံးစိစိဖြင့် ကျိုးစွေ့ကို ကြည့်ကာ ပြောလိုက်လေသည်။ ဤစကားကို ကြားသောအခါ ပိုင်စုကျဲမှာ ရှက်ရွံ့သွားကာ မျက်နှာလေး နီမြန်းသွားပြန်၏။

“ဘာကို ဆိုလိုတာလဲ ခင်ဗျာ”

ကျိုးစွေ့မှာ ကြောင်အသွားကာ သူမ ပြောလိုသည့်အဓိပ္ပာယ်ကို နားမလည်နိုင် ဖြစ်သွား၏။ ပိုင်စုကျဲနှင့် ဘယ်လို ပတ်သက်သွားသည်ကို သူ မသိချေ။

“အော်... ညီမလေး ပိုင်စုကျဲက နံပါတ်(၈၈) တာအိုကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးဆိုတာ ကြိုသိနေလို့ ဒီလမ်းကို ရွေးတာ မဟုတ်ဘူးလား”

ဟွားစစ်ချင်က ပြန်မေးလိုက်၏။

လက်ရှိတွင် ဖုန်းရှီးမြို့ တစ်မြို့လုံး၌ တာအိုကျောင်းတော်ပေါင်း တစ်ထောင်ခန့် ရှိပြီး မြို့အနှံ့ ပျံ့နှံ့တည်ရှိကာ ကျောင်းသားများကို လက်ခံ သင်ကြားပေးနေခြင်း ဖြစ်၏။

ပိုင်စုကျဲမှာ နံပါတ် (၈၈) တာအိုကျောင်းတော်၏ ကျောင်းအုပ်ဖြစ်ပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေသဖြင့် ကျောင်းအုပ်လုပ်ရန် လုံလောက်လှ‌သည်။ သူမနှင့်အတူ ပါလာသော ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးများမှာလည်း ထိုကျောင်းမှ ဆရာမများပင် ဖြစ်ကြ၏။

“အဲဒီအချက်ကိုတော့ ကျုပ် မသိခဲ့ရိုးအမှန်ပါ။ ဒါပေမဲ့ တကယ်ပဲ အဲဒီလို ဖြစ်နေတယ်ဆိုရင်တော့ ဒါက ရေစက်ပဲပေါ့”

ကျိုးစွေ့က ပြုံးလျက် ပြောလိုက်၏။

ရေစက်တဲ့လား…။

ဤစကားကို ကြားလိုက်ရချိန်တွင် ပိုင်စုကျဲ၏ မျက်ဝန်းများမှာ လှုပ်ခတ်သွားပြီး ရင်ခုန်သံများ မြန်ဆန်လာကာ ပါးပြင်လေးများ ပူနွေးလာ၏။ သူမသည်လည်း သူတို့နှစ်ဦးမှာ တကယ်ပင် ရေစက်ရှိပြီး နတ်ဖက်သည့်စုံတွဲကဲ့သို့ပင် ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။ ထိုကဲ့သို့သော ခံစားချက်မျိုးမှာ သူမအတွက် အလွန်ပင် ထူးခြားဆန်းပြားလှပေသည်။

“ကဲပါ... ရေစက်ပဲ ထားပါတော့။ တာအိုကျောင်းတော်က ဆရာ လုပ်မယ်ဆိုရင်လည်း တတ်မြောက်ထားတဲ့ ပညာရပ်တစ်ခုခုတော့ ရှိရမှာပေါ့။ ရှင် ဘာတွေ တတ်သလဲ။ ကျင့်ကြံခြင်းဆိုင်ရာ အတတ်ပညာတစ်ရာထဲက ဘယ်ပညာရပ်ကို ကျွမ်းကျင်လဲ”

ဟွားစစ်ချင်က စိတ်ဝင်တစား မေးလိုက်လေသည်။

“အင်း... အတတ်ပညာတစ်ရာလုံးကိုတော့ ကျုပ် အနည်းငယ်စီ တတ်မြောက်ထားပါတယ်ခင်ဗျာ”

ကျိုးစွေ့က စဉ်းစားပြီးမှ ဖြေလိုက်၏။

“အားလုံးကို တတ်တယ်ဟုတ်လား”

ဟွားစစ်ချင်မှာ ပြောစရာစကားပျောက်ဆုံးသွားရ၏။

အားလုံးကို အနည်းငယ်စီ တတ်သည်ဆိုခြင်းမှာ ဘာကိုမှ သေချာမတတ်မြောက်ခြင်းနှင့် အတူတူပင် မဟုတ်ပါလော။

လူသားတစ်ဦး၏ သက်တမ်းမှာ အကန့်အသတ်ရှိသဖြင့် ပညာရပ်တစ်ခုကိုသာ အာရုံစိုက်လေ့လာမှသာလျှင် နက်ရှိုင်းစွာ တတ်မြောက်နိုင်မည် ဖြစ်၏။

အတတ်ပညာ တစ်ရာလုံးမှာ နက်နဲကျယ်ဝန်းလှသဖြင့် သာမန်ကျင့်ကြံသူတစ်ဦးအတွက် တစ်သက်လုံး လေ့လာလျှင်ပင် မလုံလောက်နိုင်ချေ။ အားလုံးကိုတတ်သည်ဆိုခြင်းမှာ အပေါ်ယံမျှသာ ဖြစ်လိမ့်မည်။

သို့သော်လည်း တာအိုကျောင်းတော်မှ ကျောင်းသားလေးများမှာ အခြေခံအဆင့်သာဖြစ်သဖြင့် ထိုမျှနှင့်ပင် သင်ကြားပေးရန် လုံလောက်ပေသည်။

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သာမန်ကျောင်းသားများကို သင်ကြားပေးရန်မှာ အခက်အခဲ မရှိနိုင်ချေ။ ထို့ထက်ပို၍ နက်ရှိုင်းသော ပညာရပ်များကိုမူ ကျောင်းသားကိုယ်တိုင်သာ လေ့လာရမည် ဖြစ်၏။

“တာအိုကျောင်းတော်က ဆရာတစ်ယောက်အနေနဲ့ သင်ကြားပေးမယ့် ဘာသာရပ်တစ်ခုကိုတော့ ရွေးချယ်ရလိမ့်မယ်။ အားလုံးကို လိုက်သင်ပေးနေလို့တော့ မရဘူးလေ”

ဟွားစစ်ချင်က မကျေမနပ်ဖြင့် ဆိုလိုက်၏။

“ဒါဆိုရင်တော့ ကျုပ် ဆေးဖော်စပ်ခြင်းအတတ်ကိုပဲ ရွေးချယ်ပါ့မယ်။ ဆေးဖော်စပ်ခြင်းနဲ့ ပတ်သက်ပြီး ကျုပ်မှာ အနည်းငယ် လေ့လာထားတာ ရှိပါတယ်...”

ကျိုးစွေ့က လေးနက်သောအသံဖြင့် ဆိုလိုက်၏။

နောင်တစ်ချိန်တွင် ဖုန်းရှီးမြို့၌ စီးပွားရှာလိုပါက အတတ်ပညာတစ်ခု ရှိထားရန် လိုအပ်ပေသည်။ ကျင့်ကြံခြင်းလောကတွင် ဆေးဖော်စပ်ပညာရှင်ထက် ပို၍ စီးပွားဖြစ်သောအလုပ် မရှိသလောက်ပင်။

သူသည် ပဉ္စမအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦး ဖြစ်သဖြင့် စိတ်ဝိညာဉ်လောက၌ အတိုင်းအတာတစ်ခုအထိ အဆင့်အတန်း ရှိပေသည်။

“ကောင်းပြီ။ ဒါဆိုရင်တော့ နံပါတ် (၈၈) တာအိုကျောင်းတော်မှာ တာဝန်ထမ်းဆောင်လိုက်ပါ။ နံပါတ် (၈၈) တာအိုကျောင်းတော်မှာ ဆေးဖော်စပ်ခြင်းဆိုင်ရာ ဆရာတစ်ယောက် အတော်လေး လိုအပ်နေတာနဲ့ အတော်ပဲပေါ့...”

ဟွားစစ်ချင်က မျက်လုံးလေးများ ကစားလျက် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်လေသည်။

“ကောင်းပါပြီ...”

ကျိုးစွေ့က ခေါင်းညိတ်လိုက်၏။ မည်သည့် တာအိုကျောင်းတော်တွင် သင်ကြားရမည်ကို သူက အထူးတလည် စိတ်မဝင်စားပေ။

သူ အလိုရှိသည်မှာ ခိုလှုံရာနေရာတစ်ခုသာ ဖြစ်သည်။ တာအိုကျောင်းတော်သည် နေထိုင်ရန် အမှန်တကယ်ပင် ကောင်းမွန်သော နေရာတစ်ခု ဖြစ်ပေသည်။

All Chapters