← Chapters

အခန်း (၇၀၃-၇၀၄)

Vol. 66 Ch. 703-704

အခန်း (၇၀၃-၇၀၄)

Vol. 66 Ch. 703-704

အခန်း (၇၀၃) - ဆက်တိုက်ပွင့်လန်းလာသော မက်မွန်ပွင့်များ၊ ‘ချစ်ခြင်းမေတ္တာကူ’၏ စွမ်းအား၊ ပထမဆုံးအကြိမ်အတွက် လက်တွဲဖော်အဖြစ် အရည်အချင်းပြည့်မီခြင်း(၅)။

“ဆရာကျိုး နံပါတ် (၈၈) တာအိုကျောင်းတော်ကနေ ကြိုဆိုပါတယ်ရှင်...”

ပိုင်စုကျဲက ပြုံးလျက် ဆိုလိုက်၏။ သူမ၏ ကျောဘက်ရှိ ရွှေရောင်အမွှေးနုများ ဖုံးလွှမ်းနေသော အမြီးလေးမှာလည်း စိတ်လှုပ်ရှားစွာဖြင့် ယမ်းခါနေလေသည်။

“ဒါဆိုရင်တော့ ကျောင်းအုပ်ကြီးပိုင်ကိုပဲ အပ်ပါတယ်ဗျာ...”

ကျိုးစွေ့က ဆိုလိုက်၏။

မကြာမီအချိန်အတွင်းမှာပင် ဟွားစစ်ချင်၏ လုပ်ပိုင်ခွင့်ဖြင့် သက်ဆိုင်ရာဌာနများက ကျိုးစွေ့အတွက် လိုအပ်သော လုပ်ထုံးလုပ်နည်းများအားလုံးကို အမြန်ဆုံး ဆောင်ရွက်ပေးလိုက်ကြသည်။

၎င်း၏ အထောက်အထားကို မှတ်တမ်းတင်ပြီးနောက် ဖုန်းရှီးမြို့၏ အမှတ်အသား တံဆိပ်ပြားကိုလည်း ထုတ်ပေးလိုက်၏။ ဤသည်မှာ ကျိုးစွေ့ကို ဖုန်းရှီးမြို့၏ တရားဝင်မြို့ခံတစ်ဦး ဖြစ်လာစေပြီး စိတ်ဝိညာဉ်လောကတွင် အထောက်အထားမရှိသော လေလွင့်သူဘဝမှ ကင်းလွတ်စေခဲ့ပြီ ဖြစ်သည်။

ကျိုးစွေ့နှင့် ပိုင်စုကျဲတို့ ထွက်ခွာသွားသည့်နှင့် အခန်းအတွင်းသို့ လှပညို့ငင်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုက ချက်ချင်းပင် ‌ထွက်ပေါ်ရောက်ရှိလာသည်။

သူမသည် ခန္ဓာကိုယ်အလှကို ပေါ်လွင်စေသည့် အနက်ရောင် ကိုယ်ကျပ်ညဝတ်ဝတ်စုံကို ဝတ်ဆင်ထားရာ မြင်သူတိုင်း ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။ သူမ၏ လုံးဝန်းသော တင်ပါးဆုံနောက်တွင် အနက်ရောင် အမွှေးပွအမြီးတစ်ချောင်း ရှိနေပြီး အသာအယာ လှုပ်ခတ်နေ၏။ သူမ၏ လှုပ်ရှားမှုများမှာ အသံဗလံ လုံးဝမရှိဘဲ မှောင်ရိပ်ထဲတွင် တစ်သားတည်း ပျော်ဝင်နေသကဲ့သို့ပင် ဖြစ်သည်။

သူမကား ဖုန်းရှီးမြို့၏ လျှို့ဝှက်သတင်းဌာနမှူး စစ်ယွီရှီး ဖြစ်ပေသည်။ သူမသည် လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့် ရှိသော ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်အတွင်း၌ 'မှောင်ရိပ်ကြောင်' သွေးမျိုးဆက်ပါရှိသော လူတစ်ပိုင်း နတ်ဆိုးတစ်ပိုင်း ဖြစ်၏။

သူမသည် ပုံမှန်အားဖြင့် မှောင်ရိပ်ထဲတွင်သာ နေထိုင်လေ့ရှိပြီး သတင်းအချက်အလက် စုံစမ်းခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်း လုပ်ငန်းများကို အဓိက တာဝန်ယူရသူ ဖြစ်သည်။

“ယွီရှီးလေး... အဲဒီလူကို မင်း ဘယ်လိုထင်လဲ”

ဟွားစစ်ချင်က စားပွဲပေါ်တွင် ပျင်းရိစွာ မှောက်အိပ်လိုက်၏။ သူမ၏ ဖွံ့ထားလှသောရင်သားများက ဖိကပ်ခံထားရသဖြင့် မို့မောက်လျှံထွက်လာသည်ကိုပင် ဂရုမစိုက်ဘဲ ဆွဲဆောင်မှုရှိသော အမူအရာကို ပြသနေရာ အမျိုးသားတိုင်း တပ်မက်ဖွယ် ဖြစ်နေချေသည်။

“ရုပ်ရည်ကတော့ မဆိုးပါဘူး။ ဖြူဖြူချောချောလေးပဲ။ ပထမဆုံးအကြိမ် တွဲဖက်ဖို့အတွက်ဆိုရင်တော့ သတ်မှတ်ချက် ပြည့်မီတယ်လို့ ပြောလို့ရပါတယ်...”

စစ်ယွီရှီးက ရင်ဘတ်ကို လက်ဖြင့်ပိုက်ကာ နံရံကို မှီထားလိုက်၏။ သူမ၏ လှပသော မျက်ဝန်းအစုံက အလေးအနက် စဉ်းစားနေသည့်ပုံ ပေါ်လေသည်။

“မင်းကတော့ တကယ့်ကို အပေါ်ယံကြည့်တဲ့ မိန်းမပဲ။ မင်းကို အဲဒါတွေ ကြည့်ခိုင်းတာ မဟုတ်ဘူး။ အဲဒီလူက ငါတို့အတွက် ဘယ်လောက်အထိ အန္တရာယ်ရှိနိုင်လဲလို့ ငါမေးနေတာ...”

ဟွားစစ်ချင်က မကျေမနပ်ဖြင့် ဆိုလိုက်၏။ သူမကိုယ်တိုင်မှာလည်း ပွင့်လင်းစွာ ပြောဆိုတတ်သူ ဖြစ်သော်လည်း ဤမိန်းမက သူမထက်ပင် ပို၍ ဆိုးနေသေးသည်။

သို့သော် မတတ်နိုင်ပေ။ နှစ်ပေါင်းထောင်ချီ၍ ရှင်သန်လာပြီးနောက် မိမိစိတ်အလိုအတိုင်း မပြောဆိုနိုင်ပါက အလဟဿ ရှင်သန်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

“အရမ်းကို အန္တရာယ်ရှိတယ်။ စတင်တွေ့ဆုံကတည်းက ဒီလူ ကျွန်မရှိနေတာကို ရိပ်မိသွားပုံရတယ်...”

စစ်ယွီရှီးက အသေအချာ စဉ်းစားပြီးနောက် လေးနက်သောအသံဖြင့် ဆိုလိုက်၏။

“အိုး... မင်းကိုတောင် ရိပ်မိသွားတယ် ဟုတ်လား။ မင်းရဲ့ 'မှောင်ရိပ်ခိုအတတ်' က တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းတာပဲ။ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတွေတောင် မင်းကို ရှာတွေ့ဖို့ မလွယ်ဘူး။ ဒီကောင်လေးက အဲဒီလို လုပ်နိုင်တယ်ဆိုတာ ဟုတ်လို့လား...”

ဟွားစစ်ချင်မှာ အနည်းငယ် အံ့အားသင့်သွားပြီး အမူအရာမှာလည်း လေးနက်သွားလေသည်။ အကယ်၍ ဤသည်မှာ အမှန်တကယ်ဖြစ်ပါက အလွန်ပင် ထူးခြားလှပေသည်။

“သူ့ရဲ့ မျက်နှာအမူအရာက ဘာမှပြောင်းလဲသွားခြင်း မရှိသလို ကျွန်မကို သတိမထားမိတဲ့ပုံစံ ဖမ်းနေပေမယ့်... ကျွန်မရဲ့ စိတ်အာရုံကတော့ ကျွန်မရဲ့ ခြေရာလက်ရာတွေကို သူ ကြိုတင်သိရှိနေပြီလို့ ပြောနေတယ်။ ပြီးတော့ ဒီလူရဲ့ ကျင့်ကြံခြင်းအဆင့်က နတ်ဘုရားအသွင်ပြောင်း အစောပိုင်းအဆင့်ပဲ ရှိသေးပေမယ့် အန္တရာယ်ကတော့ အလွန်ကြီးမားတယ်။ ကျွန်မတို့ရဲ့ အသက်ကို ခြိမ်းခြောက်နိုင်တဲ့ စွမ်းအားတွေ သူ့မှာ ရှိနေလိမ့်မယ်လို့ ကျွန်မ ထင်တယ်...”

စစ်ယွီရှီးက သူမ၏ သုံးသပ်ချက်ကို အသေအချာ ပြောပြလိုက်လေသည်။

“နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက်က လေဟာနယ်သန့်စင်ခြင်းအဆင့်ကို ခြိမ်းခြောက်နိုင်တယ် ဟုတ်လား။ ဒါက တကယ်ပဲ အောက်ဘုံက တက်လာတဲ့သူ ဟုတ်ရဲ့လား”

“အရင်ကလည်း နယ်ပယ်ကျော်တက်လာတဲ့သူတွေကို မြင်ဖူးပါသေးတယ်။ အဲဒီလိုလူတွေဟာ တကယ့်ကို ပါရမီထူးချွန်သူတွေ ဖြစ်ကြတာပဲ။ ဒါပေမဲ့ ဒီကောင်လေးကတော့ ထူးချွန်တာထက်ကို ပိုနေပြီ...”

ဟွားစစ်ချင်၏ မျက်ဝန်းထဲတွင် အရောင်တစ်မျိုး လက်ခနဲ ဖြစ်သွား၏။ သူမသည် စစ်ယွီရှီးကို အလွန်ပင် ယုံကြည်သည်။

အဘယ်ကြောင့်ဆိုသော် ဤမိန်းမ၏ အန္တရာယ်ကို သိမြင်နိုင်သော စိတ်အာရုံသည် ထူးခြားသော အာရုံခံစွမ်းအားအဆင့်သို့ ရောက်ရှိနေသောကြောင့် ဖြစ်၏။ အတိုင်းအတာတစ်ခုအထိ နောင်တွင်ဖြစ်လာမည့် ဘေးအန္တရာယ်များကိုပင် ကြိုတင်ဟောကိန်းထုတ်နိုင်သည်။

နှစ်ပေါင်းထောင်ချီသည့်တိုင် သူမ၏ အန္တရာယ်ကြိုတင်သိမြင်မှုမှာ မှားယွင်းခြင်း မရှိခဲ့ဖူးပေ။ ဆိုလိုသည်မှာ ကျိုးစွေ့ဟု အမည်ရသော ထိုလူသည် အပြင်ပန်းအားဖြင့် အန္တရာယ်ကင်းပုံ ပေါ်သော်လည်း အတွင်းပိုင်းမှာမူ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများကိုပင် ခြိမ်းခြောက်နိုင်သော ဝှက်ဖဲများ ရှိနေခြင်းပင် ဖြစ်၏။

“ငါတို့ကို ခြိမ်းခြောက်နိုင်တဲ့ စွမ်းအားရှိနေပေမယ့် ငါတို့အပေါ်မှာတော့ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ရန်သူဖြစ်မယ့်အစား မိတ်ဆွေဖွဲ့ထားတာက ပိုကောင်းပါလိမ့်မယ်...”

စစ်ယွီရှီးက အကြံပြုလိုက်၏။

သူမသည် ပင်ကိုယ်အသိစိတ်အရ ထိုသူနှင့် ရန်သူမဖြစ်လိုပေ။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများပင် တုန်လှုပ်နေသကဲ့သို့ ခံစားနေရ၏။ ဤသည်မှာ အဆင့်နိမ့်သူတစ်ဦးက အဆင့်မြင့်သူတစ်ဦးနှင့် တွေ့ဆုံလိုက်ရသကဲ့သို့ ခုခံနိုင်စွမ်းကင်းမဲ့နေသည့် ခံစားချက်မျိုးပင်။

“ငါက လူသတ်ရတာ ဝါသနာပါတဲ့သူမှ မဟုတ်တာ။ ဘာလို့ တစ်လောကလုံးနဲ့ ရန်ဖြစ်နေမှာလဲ။ ပြီးတော့ ဒီကောင်လေးက စုကျဲရဲ့ နှလုံးသားကိုလည်း ရနိုင်ခဲ့တယ်ဆိုတော့ ငါတို့လူပဲပေါ့။ ငါတို့လူဖြစ်မှတော့ သူ အားကောင်းလေလေ ပိုကောင်းလေလေပဲ မဟုတ်လား။ ဒါကို မြို့စားမင်းကြီးဆီ သတင်းပို့ရဦးမယ်။ ဖုန်းရှီးမြို့မှာ ဒီလို ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာတာက ငါတို့အတွက် သတင်းကောင်းပဲ...”

ဟွားစစ်ချင်က မေးကို လက်ဖြင့်ထောက်လျက် ပြတင်းပေါက်ပြင်ပမှ ရှုခင်းကို ကြည့်ကာ ပျင်းရိစွာ ဆိုလိုက်၏။

စစ်ယွီရှီးသည် မှောင်ရိပ်ထဲသို့ ပျော်ဝင်သွားပြီး တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွားလေတော့သည်။ သူမ မည်သည့်နေရာသို့ သွားသည်ကို မည်သူမျှ မသိနိုင်ပေ။

…………

တစ်နာရီခန့် ကြာပြီးနောက်။

ကျိုးစွေ့သည် အထောက်အထားစာရင်းသွင်းဌာနမှ ထွက်လာပြီး ပိုင်စုကျဲ၏ လမ်းပြမှုဖြင့် ဖုန်းရှီးမြို့၏ နံပါတ် (၈၈) တာအိုကျောင်းတော်သို့ ရောက်ရှိလာခဲ့သည်။

ဤသည်မှာ စံပြကျောင်းတော်တစ်ခု ဖြစ်ကြောင်း ထင်ရှားလှပေသည်။ ကျောင်းဝန်းမှာ ဧရိယာအကျယ်အဝန်း အလွန်ကျယ်ဝန်းလှ၏။ အတွင်း၌ သင်ကြားရေးဆောင်များစွာနှင့် လိုအပ်သော အဆောက်အဦးများ၊ ဆရာများအတွက် အဆောင်များ စသည်ဖြင့် ပြည့်စုံစွာ တည်ဆောက်ထားလေသည်။ အသုံးအဆောင် ပစ္စည်းအားလုံးမှာလည်း စုံလင်လှပေသည်။

ကျောင်းတော်တစ်ခုလုံးကို ပဉ္စမအဆင့် အဆင့်မြင့် တားမြစ်အစီအရင်တစ်ခုဖြစ်သော 'ဓာတ်ငါးပါးပြောင်းပြန်အစီအရင်' ဖြင့် ဖုံးအုပ်ထား၏။ ထိုကဲ့သို့သော ပဉ္စမအဆင့် အစီအရင်ကြီး၏ အကာအကွယ်အောက်တွင် ကျောင်းတော်သည် အလွန်ပင် လုံခြုံလှ‌သည်။

ကျောင်းတော်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်မှာလည်း ပဉ္စမအဆင့် အဆင့်မြင့် ဝိညာဉ်ကြောကြောင့် အလွန်ပင် သိပ်သည်းလှရာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများအတွက် ကျင့်ကြံရန် အလွန်သင့်တော်သော နေရာတစ်ခု ဖြစ်ပေသည်။

“ဒီနေရာကတော့ နံပါတ် (၈၈) တာအိုကျောင်းတော်ပါပဲ။ ကျောင်းတော်က ဆရာတွေအားလုံး ဒီထဲမှာ နေထိုင်လို့ ရပါတယ်။ နေထိုင်ရေးဇုန်ထဲမှာ ဆရာတစ်ယောက်ချင်းစီအတွက် အိမ်တစ်လုံးစီ ရမှာဖြစ်ပြီးတော့ ဒါက အခမဲ့ပါပဲ။ တကယ်လို့ ကျောင်းတော်ထဲမှာ မနေချင်ဘူးဆိုရင်လည်း အပြင်မှာ နေထိုင်ခွင့် လျှောက်ထားလို့ ရပါတယ်...”

ပိုင်စုကျဲက ကျိုးစွေ့ကို နံပါတ် (၈၈) တာအိုကျောင်းတော်အတွင်း လိုက်လံပြသပေးနေ၏။

ဆရာများအတွက် စီစဉ်ထားသော နေရာမှာ ပတ်ဝန်းကျင် အနေအထား အလွန်ကောင်းမွန်လှသည်။ တံတားလေးများ၊ ရေစီးသံများ၊ သပ်ရပ်လှပသော အဆောက်အဦးများနှင့် စိမ်းလန်းစိုပြည်သော သစ်ပင်များရှိပြီး စိတ်ဝိညာဉ်စွမ်းအင်မှာလည်း အလွန်ထူထပ်လှ၏။

ပတ်ဝန်းကျင်တွင် အိမ်ရာများစွာ ရှိနေပြီး တစ်ခုချင်းစီတွင် တားမြစ်အစီအရင်များ တပ်ဆင်ထားရာ အပြင်လောကနှင့် သီးခြားဖြစ်နေပြီး လုံခြုံမှုအပြည့်အဝ ရှိပေသည်။

“မဟုတ်တာ... ကျောင်းတော်ထဲမှာ နေထိုင်ရတာက အတော်လေး ကောင်းပါတယ်...”

ကျိုးစွေ့သည် အပြင်တွင် အိမ်လိုက်ရှာရန် ပျင်းနေသည့်အပြင် ကျောင်းတော်ထဲ၌ အခမဲ့နေထိုင်ရမည် ဖြစ်သဖြင့် ဝိညာဉ်ကျောက်တုံး မည်မျှအထိ သက်သာသွားမည်ကိုပင် မသိနိုင်တော့ပေ။

“ဒါဆိုရင်တော့ အတော်ပဲပေါ့။ ကျောင်းတော်ဆရာတစ်ယောက်အနေနဲ့ လစာလည်း ရဦးမှာပါ။ ဆရာကျိုးက ကျောင်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်သလို နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်တဲ့အတွက် တစ်နှစ်ကို အထွတ်အထိပ် ဝိညာဉ်ကျောက်တုံး ဆယ်တုံးရရှိမှာ ဖြစ်ပါတယ်။ လစာကတော့ နည်းနည်း နည်းနေတယ်လို့ ထင်ရပေမယ့် တည်တည်ငြိမ်ငြိမ် ရှိတာပေါ့။ နေထိုင်ရေး အခမဲ့အပြင် တခြား ခံစားခွင့်တွေလည်း အများကြီး ရှိပါသေးတယ်...”

ပိုင်စုကျဲက ဆိုလိုက်၏။

ဤသို့ ပြောဆိုရာတွင် သူမသည် အနည်းငယ် ရှက်ရွံ့နေသည့်ပုံ ပေါ်လေသည်။ အဘယ်ကြောင့်ဆိုသော် တစ်နှစ်လျှင် အထွတ်အထိပ် ဝိညာဉ်ကျောက်တုံး ဆယ်တုံးဟူသည်မှာ အမှန်တကယ်ပင် နည်းပါးလှပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦး ကျင့်ကြံရန်ပင် မလောက်ငသောကြောင့် ဖြစ်၏။

ထို့ကြောင့်ပင် ကျောင်းတော်မှ ဆရာများမှာ လစာနည်းပါးသဖြင့် ကျင့်ကြံရန် မလောက်ငဘဲ ကျောင်းတော်သို့ ဝင်ရောက်လိုသော ကျင့်ကြံသူ အလွန်နည်းပါးခြင်း ဖြစ်ပေသည်။

ကျိုးစွေ့ကဲ့သို့ အင်အားတောင့်တင်းသော နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးက ကျောင်းတော်ဆရာ ဖြစ်လာလိုသည်မှာ အလွန်ပင် ရှားပါးလှသည်။

သို့သော် ဤသည်မှာလည်း မတတ်နိုင်သော အရာပင် ဖြစ်၏။ ကျောင်းတော်တိုင်း၏ ဘဏ္ဍာငွေမှာ ကန့်သတ်ချက် ရှိနေသဖြင့် ဆရာများ၏ လစာမှာလည်း အလွန်အမင်း များပြားနေရန်မှာ မဖြစ်နိုင်ပေ။

“ကျောင်းအုပ်ကြီးပိုင်ကရော ဘယ်မှာ နေထိုင်တာလဲခင်ဗျ...”

ကျိုးစွေ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

“ကျွန်မလည်း ကျောင်းတော်ထဲမှာပဲ နေတာပါ။ ဒီမှာ ကျောင်းအုပ်ကြီးအတွက် သီးသန့် အဆောင်ရှိတယ်လေ။ အဲဒါကြောင့် အပြင်မှာ အိမ်ငှားနေဖို့ မလိုတော့ဘူးပေါ့။ အကူအညီ လိုတာရှိရင်လည်း ကျွန်မကို အချိန်မရွေး လာရှာလို့ ရပါတယ်နော်...”

ပိုင်စုကျဲက ပြုံးလျက် ဆိုလိုက်လေသည်။

“ကောင်းပါပြီ...”

ကျိုးစွေ့က ခေါင်းညိတ်ပြလိုက်၏။

အခန်း (၇၀၄) - နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ်သို့ အဆင့်တက်ခြင်း၊ သတ္တမအဆင့် “စာအုပ်ကူ”၊ စာအုပ်တောင်တန်းနှင့် ပညာပင်လယ်(၁)။

ညနက်ပိုင်းအချိန်၌ ဖုန်းရှီးမြို့တော်၊ အမှတ် (၈၈) တာအိုကျောင်းတော်။

ဆရာ၊ ဆရာမများ နေထိုင်ရာနယ်မြေရှိ ခြံဝင်းတစ်ခုအတွင်း၌။

ဤနေရာသည်ကား ကျိုးစွေ့ နောင်ကာလတွင် နေထိုင်ရမည့်နေရာပင် ဖြစ်ပေသည်။

ပြောရမည်ဆိုလျှင် ဤခြံဝင်း၏ အကျယ်အဝန်းမှာ သေးငယ်သည်ဟု မဆိုနိုင်ဘဲ ခန့်မှန်းခြေ စတုရန်းမီတာ သုံးရာခန့် ရှိလေသည်။

အဆင့်မြင့်စံအိမ်တစ်လုံးနှင့်ပင် တူနေသေးသည်။

မှန်ပေသည်၊ ကြီးမားခမ်းနားလှသော ခြံဝင်းကြီးများနှင့်မူ ယှဉ်နိုင်မည်မဟုတ်သော်လည်း လုံလောက်ပေသည်။

မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် ကျိုးစွေ့သည် တစ်ကိုယ်တည်းဖြစ်နေသောကြောင့် ကြီးမားကျယ်ဝန်းသော နေထိုင်စရာနေရာ မလိုအပ်ပေ။

"စကြတာပေါ့…"

ဤအခိုက်အတန့်တွင် ကျိုးစွေ့သည် မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်ကာ သူ၏ကိုယ်ပေါ်မှ ပဉ္စမအဆင့် တန်ဖိုးကြီးဆေးလုံးတစ်လုံးဖြစ်သော မြေကမ္ဘာမီးလျှံကြာပန်းဆေးလုံးကို ထုတ်ယူလိုက်လေသည်။

(စကားချပ်- မြေအောက်မီးတောက်ကြာပန်းဆေးလုံးကို အမည်ပြောင်းထားပါသည်။)

ဤဆေးလုံးထံမှ ပြင်းထန်သော ဆေးစွမ်းများ ပျံ့နှံ့နေပြီး မွှေးပျံ့သောရနံ့က နှာခေါင်းထဲသို့ တိုးဝင်လာ၏။

သူက တွေဝေမနေတော့ဘဲ ချက်ချင်းပင် ဝါးမျိုလိုက်လေသည်။

ဝုန်း... ဝုန်း...။

ချက်ချင်းပင် ဤပဉ္စမအဆင့် တန်ဖိုးကြီးဆေးလုံးသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအင်များ၏ သန့်စင်မှုကို ခံလိုက်ရပြီးနောက် ကြီးမားလှသော ဆေးစွမ်းများအဖြစ် ပြောင်းလဲသွားကာ ချော်ရည်ပူများကဲ့သို့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သွေးကြောများစွာထဲသို့ စီးဝင်သွားလေတော့သည်။

သူ၏ကိုယ်ပေါ်ရှိ မှော်စွမ်းအင်များကလည်း တစ်ဟုန်ထိုး မြင့်တက်လာ၏။

မြစ်ရေယဉ်တစ်စင်းကဲ့သို့ သွေးကြောများနေရာအနှံ့ အဆက်မပြတ် စီးဆင်းနေတော့သည်။

ပို၍အရေးကြီးသည်မှာ သူ၏ မူလဝိညာဉ်စွမ်းအားကလည်း ဆတက်ထမ်းပိုး မြင့်တက်လာခြင်းပင် ဖြစ်ပေသည်။

မူလကပင် သူ၏ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရားအသွင်ပြောင်းအဆင့် အစောပိုင်း ပြီးပြည့်စုံခြင်းအဆင့်၌ ရှိနေခဲ့ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့၏။

ယခု ဤပဉ္စမအဆင့် တန်ဖိုးကြီးဆေးလုံး၏ အကူအညီကို ရရှိလိုက်ပြီးနောက်တွင်မူ လိုအပ်နေသော နောက်ဆုံးတွန်းအားကို ရရှိသွားခြင်းပင် ဖြစ်လေသည်။

ဝုန်း...။

နောက်တစ်စက္ကန့်တွင် ကျိုးစွေ့၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး သူ၏သိစိတ်ပင်လယ် နက်ရှိုင်းသောနေရာမှ တာအိုအသံများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရကာ ကြီးမားသော ဆေးစွမ်းများက ခန္ဓာကိုယ်အတွင်းရှိ အဟန့်အတားတစ်ခုကို ချက်ချင်းပင် ထိုးဖောက်ဖြတ်ကျော်သွားတော့သည်။

တစ်ကိုယ်လုံး တုန်ခါသွားပြီး ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့ ပဲ့တင်ထပ်သွားသကဲ့သို့ ရှိနေ၏။

နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ်ပင် ဖြစ်ချေသည်။

ဤအခိုက်အတန့်တွင် သူ၏ကိုယ်ပေါ်ရှိ မူလဝိညာဉ်စွမ်းအားများ ဆတက်ထမ်းပိုး မြင့်တက်လာသည်ကို သူ ခံစားလိုက်ရလေသည်။

ဒန်တျန်ချီပင်လယ်၏ နက်ရှိုင်းသောနေရာရှိ မူလဝိညာဉ်သည်လည်း သန်စွမ်းစွာ ကြီးထွားလာသည်။

မူလဝိညာဉ်၏ စွမ်းအားသည် ယခင်ကနှင့် နှိုင်းယှဉ်လျှင် တစ်ဆမက မြင့်တက်လာ၏။

မူလဝိညာဉ်၏ စွမ်းအင်များမှာ ပို၍ပင် သိပ်သည်းလာသကဲ့သို့ ရှိလေသည်။

ယခင်က ပုံရိပ်ယောင်သက်သက်ဖြစ်နေသော အခြေအနေနှင့် နှိုင်းယှဉ်လိုက်လျှင် ယခုအခါ သိပ်သည်းဆမှာ သိသိသာသာ မြင့်တက်လာပေသည်။

မူလဝိညာဉ်၏ နက်ရှိုင်းသောနေရာ၌ ထူထပ်လှသော မန္တန်အက္ခရာများ ပေါ်ထွက်လာသကဲ့သို့ပင် ရှိ၏။

“နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ်ကို အဆင့်တက်ပြီးတဲ့နောက် အကြီးမားဆုံး ဝိသေသလက္ခဏာကတော့ မူလဝိညာဉ်အတွေးစတွေကို ခွဲထုတ်နိုင်တာပဲ”

“ဒီမူလဝိညာဉ်အတွေးစတွေကို ဝိညာဉ်အာရုံခံမျှင်တွေလို့လည်း ခေါ်လို့ရတယ်”

“မူလဝိညာဉ်စွမ်းအား ပိုအားကောင်းတဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေဆိုရင် ခွဲထုတ်နိုင်တဲ့ မူလဝိညာဉ်အတွေးစတွေ ပိုများတယ်”

“အခု ငါ့အခြေအနေနဲ့ဆိုရင် အနည်းဆုံး မူလဝိညာဉ်အတွေးစ ထောင်ပေါင်းများစွာကို ခွဲထုတ်နိုင်တယ်”

“ဒီမူလဝိညာဉ်အတွေးစတွေက အာရုံခံမျှင်တွေလိုပဲ ခန္ဓာကိုယ်ဗဟိုကနေ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်က အခြေအနေအမျိုးမျိုးကို အာရုံခံနိုင်တယ်။ ကိုယ်တိုင်မျက်စိနဲ့မြင်ရတာထက်တောင် ပိုပြီး ရှင်းလင်းပြတ်သားသေးတယ်။ လေဟာနယ်ကိုတောင် ဖောက်ထွင်းမြင်နိုင်ပြီး ဒြပ်စင်ဖွဲ့စည်းပုံကိုတောင် လေ့လာနိုင်စွမ်း ရှိတယ်”

ထိုသို့တွေးရင်း ကျိုးစွေ့မှာ အလွန်တရာ အံ့ဩမှင်တက်သွားလေသည်။

သူသည် နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားများကို သေချာစွာ အာရုံခံနိုင်နေပြီ ဖြစ်ပေသည်။

အကယ်၍ မူလဝိညာဉ်အတွေးစတစ်စကို ခွဲထုတ်ပြီး အခြားသူများ၏ ကိုယ်ပေါ်တွင် တွယ်ကပ်ထားမည်ဆိုပါက အခြားသူများ၏ ခန္ဓာကိုယ်မှတစ်ဆင့် မတူညီသောနေရာများကို စောင့်ကြည့်နိုင်မည်ဖြစ်ပြီး ဤသည်မှာ စောင့်ကြည့်ကင်မရာနှင့်ပင် တူနေတော့သည်။

မှန်ပေသည်၊ ထိုအတွေးစများ ထိခိုက်ပျက်စီးသွားပါက မူလဝိညာဉ်ကိုလည်း အတိုင်းအတာတစ်ခုအထိ ထိခိုက်စေမည်ပင် ဖြစ်၏။

သို့သော်ငြား ဆုံးရှုံးသွားသော အတွေးစက နည်းပါးမည်ဆိုလျှင်မူ ကြီးကြီးမားမား ပြဿနာမရှိဘဲ လျင်မြန်စွာပင် မူလအတိုင်း ပြန်လည်ကောင်းမွန်လာမည် ဖြစ်သည်။

မူလခန္ဓာကိုယ်ကိုလည်း ထိခိုက်စေမည် မဟုတ်ပေ။

ဝုန်း...။

ထိုအချိန်တွင် ကျိုးစွေ့၏ အသိစိတ်က လှုပ်ရှားသွားပြီး သူ၏ မူလဝိညာဉ်စွမ်းအားများ စတင်ပျံ့နှံ့သွားကာ ပတ်ဝန်းကျင် မိုင်ဆယ်ဂဏန်းမှသည် မိုင်ရာချီသော ဧရိယာများအထိ အရပ်ရှစ်မျက်နှာလုံးကို ဖုံးလွှမ်းသွားလေသည်။

မှန်ပေ၏၊ သူ့အနေဖြင့် အရမ်းကြီးဝေးကွာသော အကွာအဝေးအထိ ပျံ့နှံ့စေခြင်းမျိုးတော့ မလုပ်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဖုန်းရှီးမြို့တော်ထဲတွင် နေရာအနှံ့၌ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ ရှိနေသည့်အပြင် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများပင် ရှိနေသောကြောင့် ဖြစ်၏။

အကယ်၍ အခြားနေရာများကို အာရုံခံရန် မူလဝိညာဉ်စွမ်းအားကို စည်းလွတ်ဝါးလွတ် အသုံးပြုမည်ဆိုလျှင် ရန်စသည်ဟု သတ်မှတ်ခံရနိုင်ပြီး မလိုအပ်သော ပြဿနာများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

သူ စုစည်းထုတ်လွှတ်လိုက်သော မူလဝိညာဉ်အတွေးစများသည် အာရုံခံမျှင်များကဲ့သို့ လေဟာနယ်တစ်ခုစီတိုင်း၏ အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်ကို မြင်တွေ့နိုင်ပေသည်။

ထို့နောက် ကောင်းကင်နှင့်မြေကြီးကြား၌ သိပ်သည်းထူထပ်လှသော သဘာဝဝိညာဉ်စွမ်းအင်များ ပေါ်ထွက်နေသည်ကို သူ အာရုံခံမိလေသည်။

ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ စသည့် ဒြပ်ငါးပါး ဝိညာဉ်စွမ်းအင်များ…။

လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီး၊ အလင်း၊ အမှောင် စသည့် အထူးဝိညာဉ်စွမ်းအင်များ…။

ထို့အပြင် လနှင့်နေ စသည့် အလွန်တရာ ရှားပါးလှသော ဝိညာဉ်စွမ်းအင်များပင် ရှိနေသေး၏။

မူလက လေဟာနယ်၏ နက်ရှိုင်းသောနေရာများ၌ ပုန်းကွယ်နေကြသည့် ဤအငွေ့အသက်များကို ယခုအချိန်တွင် သူ၏ မူလဝိညာဉ်အာရုံခံမျှင်များက ထင်ရှားပြတ်သားစွာ အာရုံခံမိသွားချေပြီ။

တစ်ကမ္ဘာလုံး အရောင်အသွေးစုံလင်သွားသကဲ့သို့ပင် ရှိနေတော့သည်။

ကောင်းကင်နှင့်မြေကြီးကြားတွင် အဆုံးအစမဲ့သော လျှို့ဝှက်ချက်များ ကိန်းအောင်းနေ၏။

ဤကမ္ဘာကြီး၏ အနက်ရှိုင်းဆုံးသော လျှို့ဝှက်ချက်များသည် မိမိ၏ မူလဝိညာဉ်ရှေ့မှောက်၌ ချက်ချင်းပေါ်လာသကဲ့သို့ပင် ရှိနေသည်။

“နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ရောက်မှသာ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ကို အမှန်တကယ် လျှောက်လှမ်းနိုင်ပြီလို့ ကျင့်ကြံသူတချို့ ပြောခဲ့တာ အံ့ဩစရာတော့ မဟုတ်ဘူးပဲ”

“ဒါမှသာ ကမ္ဘာကြီးရဲ့ မျက်နှာဖုံးကို အမှန်တကယ် စတင်ခွာချနိုင်တော့တာပဲ”

“အရင်က အဆင့်တွေက အခြေခံချတာလောက်ပဲလေ။ အလုပ်သင်အဆင့်လို့ပဲ သတ်မှတ်လို့ရတယ်”

ကျိုးစွေ့မှာ အလွန်တရာ အံ့ဩမှင်တက်စွာဖြင့် တွေးလိုက်မိလေသည်။

ကမ္ဘာကြီးအပေါ် သူ၏ သိမြင်နားလည်နိုင်စွမ်းသည်လည်း ထပ်မံ၍ တစ်ဆင့်မြင့်တက်သွားသကဲ့သို့ သူ ခံစားလိုက်ရ၏။

စိတ်နှလုံးအတွင်း၌လည်း အလွန်တရာ လှုပ်ရှားသွားသည်။

အဆုံးအစမဲ့သော တာအိုသဘောတရားများသည် သူ၏စိတ်နှလုံး နက်ရှိုင်းသောနေရာ၌ ရောယှက်ယှက်နွယ်လာသကဲ့သို့ပင် ရှိနေပေသည်။

အချိန်တိုင်း အခိုက်အတန့်တိုင်းတွင် သူသည် သိမြင်နားလည်မှုအသစ်များကို ရရှိနိုင်နေလေ၏။

“သိသာထင်ရှားတာကတော့ မူလဝိညာဉ်စွမ်းအား မြင့်တက်လာခြင်းက မူလဝိညာဉ်နယ်ပယ်ရဲ့ စွမ်းအားကိုပါ အလွန်အမင်း ကြီးကြီးမားမား မြင့်တက်လာစေတာပဲ”

“နယ်ပယ်စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းကလည်း အဆပေါင်းများစွာမက မြင့်တက်လာခဲ့ပြီ”

“တိုက်ခိုက်ရေးစွမ်းအားကို ပြောရမယ်ဆိုရင် နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ်က အစောပိုင်းထက် အဆပေါင်းများစွာမက သာလွန်တယ်”

“ဒါကြောင့် နောက်ပိုင်းအဆင့်တွေကို ရောက်လာလေလေ တိုက်ခိုက်ရေးစွမ်းအား ကွာဟချက်က ပိုပြီးကြီးမားလာလေလေပဲ”

ကျိုးစွေ့၏ မျက်လုံးများ၌ တောက်ပသော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားလေသည်။

အမှန်အတိုင်းပြောရလျှင် သူသည် အဆင့်ကျော်၍ စိန်ခေါ်တိုက်ခိုက်နိုင်ရုံသာမက နတ်ဘုရားအသွင်ပြောင်းအဆင့် နှောင်းပိုင်းကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ သီးသန့်အားဖြင့် သူ၏ အခြေခံအုတ်မြစ်က အလွန်တရာ နက်ရှိုင်းခိုင်မာလွန်းနေသောကြောင့်ပင် ဖြစ်ပေသည်။

သူသည် ကူနတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံထားသောကြောင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားအသွင်ပြောင်း မှော်စွမ်းအင်များသည် တူညီသောအဆင့်ရှိ ကျင့်ကြံသူများထက် အဆပေါင်း ဆယ်ဂဏန်းမှသည် ရာဂဏန်းမက သာလွန်နေခဲ့သည်။

ထို့အပြင် သူ၏ ဝိညာဉ်စွမ်းအားမှာလည်း မွေးရာပါ အားကောင်းလွန်းလှသဖြင့် တူညီသောအဆင့်ရှိသူများကို ကျော်လွန်ကာ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိပေသည်။

ဤသို့သော အကြောင်းရင်းအမျိုးမျိုး ပေါင်းစပ်သွားသောကြောင့်သာ သူသည် အဆင့်ကျော်၍ စိန်ခေါ်နိုင်ခြင်းဖြစ်ပြီး တူညီသောအဆင့်တွင်မူ ပြိုင်ဘက်ကင်း အဆင့်တစ်ခုသို့ ရောက်ရှိနေခြင်းပင် ဖြစ်၏။

အခြားသော ကျင့်ကြံသူများ၌ကား သူ့လောက်များပြားလှသော အားသာချက်များ မရှိကြပေ။

ထို့ကြောင့် သာမန်ကျင့်ကြံသူများအတွက်မူ အဆင့်ကျော်၍ စိန်ခေါ်လိုခြင်းသည် လုံးဝမဖြစ်နိုင်သလောက်ပင် ဖြစ်တော့သည်။

“အခုတော့ စိတ်ဝိညာဉ်ကမ္ဘာမှာ ယာယီခြေကုပ်ယူနိုင်ပြီလို့ ဆိုနိုင်ပြီပဲ”

“ရွှမ်ဟွမ်ကမ္ဘာကို ပြန်မယ့်ကိစ္စကတော့ အချိန်တိုအတွင်းမှာ လုပ်နိုင်ဦးမှာ မဟုတ်လောက်ဘူး”

“ကမ္ဘာနှစ်ခုကို ဖြတ်ကျော်တဲ့ အစီအရင်ကို ခင်းကျင်းဖို့ဆိုတာကလည်း သိပ်လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး”

“အခု အရေးအကြီးဆုံးက စိတ်ဝိညာဉ်ကမ္ဘာနဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ပြီး စိတ်ဝိညာဉ်ကမ္ဘာရဲ့ သတင်းအချက်အလက်တွေကို စုံစမ်းဖို့ပဲ”

“မိန်းမကံကောင်းနေသေးတာက ကံကောင်းတာပဲ။ အင်မတန်ကြီးမားတဲ့ နောက်ခံရှိတဲ့ အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို ကွက်တိ ကယ်တင်နိုင်ခဲ့လို့သာပေါ့”

“ဒီလိုမှမဟုတ်ရင် ဖုန်းရှီးမြို့တော်ထဲကို အမှန်တကယ် ဝင်ရောက်ဖို့ဆိုတာ ဒီလောက် လွယ်ကူနေမှာ မဟုတ်ဘူး”

ကျိုးစွေ့က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်လေသည်။

အမှန်အတိုင်းဆိုရလျှင် နောက်ခံရှိခြင်းနှင့် မရှိခြင်းက ကောင်းကင်နှင့်မြေကြီးသဖွယ် ကွာခြားလှပေသည်။

အကယ်၍ ပိုင်စုကျဲ့သာ မရှိခဲ့လျှင် ဖုန်းရှီးမြို့တော်နေထိုင်သူအဖြစ် အသိအမှတ်ပြုခံရလျှင်တောင်မှ တာအိုကျောင်းတော်သို့ ဆရာတစ်ဦးအဖြစ် ဝင်ရောက်နိုင်မည် မဟုတ်ပေ။

အလွန်ဆုံး ကြေးစားတစ်ဦးမျှသာ ဖြစ်လာနိုင်ပေလိမ့်မည်။

ထို့ထက်ပို၍ မသိနိုင်သော အန္တရာယ်အမျိုးမျိုးနှင့်ပင် ကြုံတွေ့ရနိုင်သေး၏။

မှန်ပေ၏၊ ဤသို့သော မိန်းမကံမျိုးကလည်း ရရှိရန် လွယ်ကူလှသည်တော့ မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ပိုင်စုကျဲ့အား တပ်မက်နေကြသော အမျိုးသားများမှာ အလွန်တရာ များပြားလှသဖြင့် သူသည်ပင် လူအများ၏ ပစ်မှတ်တစ်ခု ဖြစ်လာနိုင်သောကြောင့် ဖြစ်၏။

ထိုအချိန်ရောက်လျှင်မူ မိန်းမကံမဟုတ်တော့ဘဲ မိန်းမကပ်ဘေး ဖြစ်သွားပေလိမ့်မည်။

All Chapters