← Chapters

အခန်း (၇၀၅-၇၀၆)

Vol. 66 Ch. 705-706

အခန်း (၇၀၅-၇၀၆)

Vol. 66 Ch. 705-706

အခန်း (၇၀၅) - နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ်သို့ အဆင့်တက်ခြင်း၊ သတ္တမအဆင့် “စာအုပ်ကူ”၊ စာအုပ်တောင်တန်းနှင့် ပညာပင်လယ်(၂)။

“ထားလိုက်ပါတော့။ လောလောဆယ် နှစ်အနည်းငယ်လောက်တော့ ဆရာအဖြစ် အေးအေးဆေးဆေးပဲ နေလိုက်ဦးမယ်”

“စိတ်ဝိညာဉ်ကမ္ဘာအကြောင်းကို သေချာနားလည်သွားမှ လှုပ်ရှားမယ်ဆိုရင်လည်း နောက်မကျသေးပါဘူးလေ”

“ပြီးတော့ တာအိုကျောင်းတော်ရဲ့ ဆရာတစ်ယောက် ဖြစ်လာတာက လစာနည်းပေမယ့် တာအိုကျောင်းတော်ရဲ့ ကျမ်းစာတိုက်ကိုတော့ စိတ်ကြိုက် ဝင်ထွက်နိုင်တယ်လေ”

“အခြေခံအားဖြင့် နတ်ဘုရားအသွင်ပြောင်းအဆင့်အောက်က ကျင့်စဉ်နဲ့ လျှို့ဝှက်ကျမ်းစာတွေကို စိတ်ကြိုက် ဖတ်ရှုခွင့်ရနိုင်တယ်”

“ဒါက “စာအုပ်ကူ” အတွက် အစားအစာတွေ အများကြီး ထောက်ပံ့ပေးနိုင်သလို “စာအုပ်ကူ” ရဲ့ အဆင့်တက်ခြင်းကိုလည်း မြန်ဆန်စေတယ်”

“ဒါကလည်း တာအိုကျောင်းတော် ဆရာတစ်ယောက်ရဲ့ အကျိုးခံစားခွင့် တစ်မျိုးပါပဲလေ”

ကျိုးစွေ့မှာ မျက်လုံးများကို မှေးစင်းကာ တွေးလိုက်လေသည်။

...

တစ်နှစ်အကြာ။

ဖုန်းရှီးမြို့တော်၊ အမှတ် (၈၈) တာအိုကျောင်းတော်။

စာသင်ခန်း တစ်ခန်းအတွင်း၌ ဖြစ်၏။

ရုပ်ရည်ချောမောလှပသော အမျိုးသမီးကျင့်ကြံသူ အများအပြား စုဝေးနေကြပြီး တစ်ယောက်ချင်းစီတိုင်းက မျက်နှာချေများ လိမ်းခြယ်ကာ အလွန်တရာ ဆွဲဆောင်မှုရှိအောင် ပြင်ဆင်ထားကြလေသည်။

သူတို့အားလုံးမှာ ယခုအချိန်တွင် အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

"ဒီဆေးပညာအတန်းကို သင်မယ့်ဆရာက ငါတို့ အမှတ် (၈၈) တာအိုကျောင်းတော်ရဲ့ နံပါတ်တစ် အချောဆုံးအမျိုးသားလို့ ကြားတယ်။ တကယ်ဟုတ်၊ မဟုတ်တော့ မသိဘူးနော်"

အမျိုးသမီးကျင့်ကြံသူတစ်ယောက်က အလွန်စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

သူမကိုယ်တိုင်ကလည်း ထိုနာမည်သတင်းကို ကြားပြီး လာခဲ့ခြင်း ဖြစ်ပေသည်။

အမှတ် (၈၈) တာအိုကျောင်းတော်၌ ပြိုင်ဘက်ကင်း အချောမောဆုံး အမျိုးသားတစ်ယောက်က ဆရာအဖြစ် ရုတ်တရက် ရောက်ရှိလာသည်ဟု ကြားသိရသည်။

ထိုသူ ပေါ်လာသည့်အချိန်၌ပင် တစ်ကျောင်းလုံးကို တုန်လှုပ်သွားစေခဲ့ပြီး အမျိုးသမီးကျောင်းသူ အများအပြားကိုပါ ရူးသွပ်သွားစေခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့၏။

အခြေခံအားဖြင့် သူ အတန်းလာသင်သည်နှင့် အမျိုးသမီးကျောင်းသူ အများအပြားကို အလိုလို ဆွဲဆောင်နိုင်စွမ်း ရှိနေသည်။

ထိုကဲ့သို့သော နာမည်သတင်းက အမှတ် (၈၈) တာအိုကျောင်းတော်၌သာ ပျံ့နှံ့နေခြင်း မဟုတ်ချေ။

အခြားသော တာအိုကျောင်းတော်များမှ အမျိုးသမီးကျောင်းသူများပင် ထိုသတင်းကို သိရှိသွားကြပြီး နာမည်ကိုကြားကာ အမှန်တရားကို ကိုယ်တိုင်လာရောက် အကဲခတ်ချင်ကြလေသည်။

ဤသည်က အမှတ် (၈၈) တာအိုကျောင်းတော်ကို ဤကာလအတွင်း အလွန်အမင်း စည်ကားသိုက်မြိုက်သွားစေခဲ့သည်။

“သေချာတာပေါ့၊ တကယ်ပေါ့ဟ...”

“ဆရာကျိုးက တကယ့်ကို နာမည်ကြီးတဲ့ အချောဆုံးအမျိုးသားပဲ၊ သူ့ရဲ့အငွေ့အသက်က ထူးကဲပြီး မျက်နှာကလည်း သေသေချာချာ ထုဆစ်ထားသလိုပဲ...”

“အထူးသဖြင့် အဲဒီဆွေးရိပ်သန်းနေတဲ့ မျက်လုံးအစုံက ကြယ်တွေလိုပဲ တောက်ပနေပြီး ငါ့ရဲ့ဝိညာဉ်ကိုပါ ဝါးမျိုလိုက်သလို ခံစားရတယ်...”

“ငါ့ရဲ့ပထမဆုံးအကြိမ်ကိုသာ ဆရာကျိုးနဲ့အတူတူ ဖြတ်သန်းခွင့်ရမယ်ဆိုရင် ငါသေရရင်တောင် နောင်တရတော့မှာမဟုတ်ဘူးဟေ့...”

ရူးသွပ်မတတ် သဘောကျနေသော အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ပြောလိုက်လေသည်။

“နင် ရူးနေပြီလား၊ ဆရာကျိုးက နင့်လို ရိုးရိုးသာမန်မိန်းမတစ်ယောက်ကို ဘယ်လိုလုပ် မျက်စိကျနိုင်မှာလဲ...”

“ဆရာကျိုးက အောက်ဘုံကနေ တက်လှမ်းလာတာဆိုတာကို နင်တို့ မသိကြသေးဘူးထင်တယ်...”

“စဉ်းစားကြည့်ကြလေ၊ အောက်ဘုံက ကျင့်ကြံသူ သန်းထောင်ချီထဲကနေ ဖောက်ထွက်လာနိုင်တဲ့ ပါရမီရှင်ဆိုတော့ ဘယ်လောက်တောင် ထူးချွန်လိုက်မလဲ...”

“သူက နတ်ဘုရားအသွင်ပြောင်းအလယ်အလတ်အဆင့် ကျင့်ကြံသူတင်မကဘူး၊ ပဉ္စမအဆင့် ဆေးဖော်စပ်ဆရာလည်း ဖြစ်သေးတာနော်...”

အခြားအမျိုးသမီးကျင့်ကြံသူတစ်ဦးက အထင်သေးဟန်ဖြင့် ဝင်ပြောလိုက်လေသည်။

“တကယ်ကြီးလား၊ ဆရာကျိုးက ပဉ္စမအဆင့် ဆေးဖော်စပ်ဆရာ ဖြစ်နေတာလား...”

“ဆေးဖော်စပ်ဆရာတိုင်းက အရမ်းချမ်းသာကြပြီး တိုင်းပြည်တစ်ပြည်စာလောက်ကိုတောင် ကြွယ်ဝကြတယ်လို့ ကြားဖူးတယ်...”

“ဒါက သဘာဝကျပါတယ်ဟယ်၊ သေချာစဉ်းစားကြည့်ကြလေ။ ငါတို့ ပုံမှန်ဝယ်နေရတဲ့ ဆေးလုံးတွေက ဘယ်လောက်တောင် ဈေးကြီးသလဲဆိုတာ ကြည့်ရင် ဆေးဖော်စပ်ဆရာတွေ ဘယ်လောက်ချမ်းသာမလဲဆိုတာ မှန်းဆလို့ရနိုင်တယ်။ လူတော်တော်များများက ဆေးဖော်စပ်ဆရာတွေကို လူသားမျိုးနွယ်ရဲ့ လမ်းလျှောက်နေတဲ့ ဝိညာဉ်ကျောက်တုံးသတ္တုကြောကြီးတွေလို့တောင် တင်စားကြတာပဲ...”

“ဒါပေမဲ့ ငါ့အိမ်နီးချင်းလည်း ဆေးဖော်စပ်ဆရာပဲလေ၊ ဘာလို့များ ဒေဝါလီခံရတော့မယ့်ပုံပေါက်နေပြီး ဆင်းရဲမွဲတေနေရတာလဲ...”

“ဟင်းဟင်း... နင့်အိမ်နီးချင်းက ဒုတိယအဆင့် ဆေးဖော်စပ်ဆရာလောက်ပဲ ဖြစ်မှာပေါ့။ ပဉ္စမအဆင့် ဆေးဖော်စပ်ဆရာနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။ ဆေးဖော်စပ်ဆရာအလုပ်က အစပိုင်းမှာ ငွေအရမ်းကုန်တာလေ၊ အတွေ့အကြုံရဖို့ ဆေးလုံးအမြောက်အမြားကို ဖော်စပ်ဖို့ လိုအပ်တဲ့အတွက် အစပိုင်းမှာ ဆင်းရဲမွဲတေနေတတ်ကြတယ်…

ဒါပေမဲ့ စတုတ္ထအဆင့် ဆေးဖော်စပ်ဆရာအထက်ကို ရောက်သွားတာနဲ့ ဝိညာဉ်ကျောက်တုံးရှာဖွေနိုင်တဲ့နှုန်းက သတ္တုကြောတူးဖော်နေသလိုကို ဖြစ်သွားတာ။ ဆရာကျိုးက ငါတို့ကျောင်းတော်မှာ အချမ်းသာဆုံးဆရာ ဖြစ်လောက်တယ်...”

“ဘုရားရေ... ရုပ်ရည်ကလည်း ချောမောခန့်ညားတယ်၊ ကျင့်ကြံခြင်းအဆင့်ကလည်း မှန်းဆလို့မရအောင် နက်နဲတယ်၊ ပြီးတော့ ပဉ္စမအဆင့် ဆေးဖော်စပ်ဆရာလည်း ဖြစ်သေးတယ်။ ဒါက အကောင်းဆုံး လက်တွဲဖော် မဟုတ်ဘူးလား။ ဆရာကျိုးနဲ့သာ လက်ထပ်လိုက်ရရင် ဒီတစ်သက် စားဝတ်နေရေးအတွက် ပူပန်စရာမလိုတော့ဘူး...”

“စားဝတ်နေရေးအတွက် ပူပန်စရာမလိုရုံတင် ဘယ်ကမလဲ၊ တစ်သက်လုံး ဘာမှပူစရာမလိုတော့ဘဲ စည်းစိမ်ယစ်နေရမှာ။ မြို့လယ်ခေါင်က ခမ်းနားထည်ဝါတဲ့ ခြံဝင်းကြီးတွေကို နင်တို့လည်း မြင်ဖူးကြတယ်မလား၊ အများစုက ဆေးဖော်စပ်ဆရာတွေ ဝယ်ထားကြတာချည်းပဲ...”

“ဒါပေမဲ့ အဲဒီအဆင့်မြင့် ဆေးဖော်စပ်ဆရာတွေ အကုန်လုံးက နှလုံးသားများကြတယ်လို့ ငါကြားဖူးတယ်။ မယားငယ်တွေလည်း အများကြီးရှိပြီး အစေခံမိန်းကလေး သုံးထောင်လောက်တောင် မွေးထားကြသေးတယ်တဲ့...”

“အဲဒါ ဘာဖြစ်လဲ၊ နှစ်ဦးနှစ်ဖက် သဘောတူကြတာပဲလေ။ ပြီးတော့ သူတို့က ကောင်းကောင်းလည်း ကျွေးမွေးထားနိုင်တာကို...”

“ဟုတ်ပါ့ဟယ်၊ ဆရာကျိုးသာ သဘောတူမယ်ဆိုရင် ငါလည်း မယားငယ် လုပ်ချင်ပါတယ်...”

ကျောင်းသူများစွာ၏ မျက်နှာပေါ်တွင် ယစ်မူးတပ်မက်နေသော အမူအရာများ ပေါ်လွင်နေလေသည်။ သူမတို့၏ အသက်အရွယ်က ငယ်ရွယ်ပုံပေါက်နေသော်လည်း တစ်ယောက်ချင်းစီတိုင်းက အရာအားလုံးကို နားလည်သဘောပေါက်နေကြကြောင်း သိသာထင်ရှားလှပေသည်။

“အိပ်မက်မမက်ကြပါနဲ့တော့၊ ဆရာကျိုးက အပိုင်ရှိနှင့်ပြီးသား ဖြစ်လောက်တယ်...”

“ငါသိရသလောက်တော့ ကျောင်းအုပ်ကြီးပိုင်က ဆရာကျိုးရဲ့ အမျိုးသမီးမိတ်ဆွေ ဖြစ်နေတယ်ထင်တယ်...”

တစ်စုံတစ်ယောက်က လျှို့ဝှက်သိုသိပ်စွာ ပြောလိုက်ပြီး အံ့မခန်း အတင်းအဖျင်းသတင်းကြီးတစ်ခုကို ထုတ်ပြောလိုက်လေသည်။

ဘာ...

ဤစကားကို ကြားလိုက်ရချိန်တွင် ကျောင်းသူတိုင်းမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး လုံးဝ မယုံကြည်နိုင်ဖြစ်သွားကြသည်။

“မဖြစ်နိုင်တာ၊ ဆရာကျိုးက ကျောင်းအုပ်ကြီးပိုင်ရဲ့ သိမ်းသွင်းခြင်းကို ခံလိုက်ရပြီလား...”

“ဒါပေမဲ့ ဆရာကျိုးက အသက် လေးငါးရာလောက်ပဲ ရှိသေးတယ်လို့ ငါကြားထားတယ်။ ကျောင်းအုပ်ကြီးပိုင်က အသက် နှစ်ထောင် သုံးထောင်လောက် ရှိနေပြီမလား၊ ဒါက နွားအိုမကြီးက မြက်နုလေးကို စားနေတာ မဟုတ်ဘူးလား...”

“နွားအိုမကြီးက မြက်နုစားတယ်ဆိုတာ ဘာကိုခေါ်တာလဲ၊ အားလုံးက ကျင့်ကြံသူတွေပဲလေ၊ အသက်အရွယ်ဆိုတာ ကွာဟချက်မှ မဟုတ်တာ...”

“ဟုတ်ပါ့ ဟုတ်ပါ့။ ကျောင်းအုပ်ကြီးပိုင်ရဲ့ အလှအပက ဖုန်းရှီးမြို့မှာ ပြိုင်ဘက်ကင်းတာနော်။ လိုက်ကြိုက်တဲ့သူတွေလည်း ရေတွက်လို့မရအောင် ရှိတာ၊ ဆရာကျိုးနဲ့ လုံးဝကို လိုက်ဖက်ပါတယ်...”

“ဒီလိုဆိုရင် သူတို့နှစ်ယောက်က ရေစက်ဆုံပြီးသား ဖူးစာရှင်တွေပေါ့၊ ကောင်းကင်ဘုံက ဖန်တီးပေးထားတဲ့ စုံတွဲပဲ...”

“ကျောင်းအုပ်ကြီးပိုင်ရဲ့ လက်သွက်ချက်ကလည်း မြန်လွန်းပါတယ်ဟယ်။ အရင်ကဆို လုံးဝကို ရိပ်မိစရာမရှိဘူး...”

“အပိုင်ရှိပြီးသားဆိုတော့ နင်တို့က ဘာလို့ ဒီမှာ အတန်းလာတက်နေကြသေးတာလဲ...”

“တုံးလိုက်တာ၊ ကျောင်းအုပ်ကြီးပိုင်က ဆရာကျိုးကို တကယ်ပဲ လက်ထပ်လိုက်တယ်ဆိုရင်တောင် နောင်တစ်ချိန်မှာ ဆရာကျိုးက မယားငယ် ထပ်ယူမယူဆိုတာ ဘယ်သူက သိနိုင်မှာလဲ...”

“ပြောတာ မှန်တယ်၊ လက်ထပ်ပြီးသွားရင်တောင်မှ ငါတို့မှာ အခွင့်အရေး ရှိနေသေးတာပဲ...”

“အလကားပေးတာတောင်မှ ဆရာကျိုးက မလိုချင်ဘူးဆိုတာကို ငါတော့ မယုံပါဘူး။ ငါတို့ရဲ့ဆွဲဆောင်မှုကို တောင့်ခံနိုင်တဲ့ ယောက်ျားဆိုတာ ခပ်ရှားရှားရယ်ပါ...”

“အရင်တုန်းက ငါ ညို့ငင်ခြင်းပညာရပ်တစ်ခုကို တမင်တကာ လဲလှယ်ထားတယ်။ ဆရာ့ကို ငါ့အပေါ် သံယောဇဉ်တွယ်လာအောင် သေချာပေါက် လုပ်နိုင်မှာပါ...”

ကျောင်းသူများစွာသည် တကျီကျီဖြင့် ပြောဆိုနေကြပြီး စကားဝိုင်း၏ အကြောင်းအရာမှာ အလွန်တရာ ရဲတင်းကာ ပွင့်လင်းလှပေသည်။ အမှန်တကယ်ပင် ကန့်သတ်ချက်များကို ကျော်လွန်နေပြီး မျက်နှာပူစရာကောင်းလောက်အောင်ပင် ဖြစ်နေတော့သည်။

ရွှစ်...။

ဤအခိုက်တွင်ပင် စာသင်ခန်းအပြင်ဘက်မှ လူရိပ်တစ်ခု ဝင်ရောက်လာလေသည်။ ပေါ်လာသည့် အခိုက်အတန့်တွင်ပင် စာသင်ခန်းအတွင်းရှိ ကျောင်းသူများအားလုံး၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့၏။

တစ်ယောက်ချင်းစီတိုင်းမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး မျက်တောင်မခတ်တမ်း ငေးမောကြည့်နေကြတော့သည်။

ဤလူ ပေါ်လာပြီးနောက် နေနှင့်လတို့ပင် အရောင်အဆင်း မှေးမှိန်သွားရသည်ဟု သူမတို့ ခံစားလိုက်ကြရ၏။ နှုတ်ခမ်းထောင့်ရှိ အပြုံးလေးတစ်ခုကပင် သူမတို့၏ စိတ်ဝိညာဉ်များကို ကစဉ့်ကလျား ဖြစ်သွားစေနိုင်စွမ်း ရှိပေသည်။

မိမိတို့ကိုယ်ပိုင်ငွေများကို ထုတ်ကာ ဤယောက်ျားကို ကျွေးမွေးစောင့်ရှောက်လိုစိတ်များပင် အလိုလို ပေါ်ပေါက်လာစေတော့သည်။

“ကဲ... အတန်းစကြမယ်...”

ဝင်လာသူမှာ သဘာဝကျစွာပင် ကျိုးစွေ့ ဖြစ်လေသည်။ သူ၏ စိတ်ထဲတွင်လည်း အလွန်တရာ ကူကယ်ရာမဲ့နေမိ၏။

အမှတ် (၈၈) တာအိုကျောင်းတော်၏ ဆေးဝါးဘာသာရပ်ဆရာ ဖြစ်လာပြီးကတည်းက သူသည် ကျောင်းတော်၏ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး လျင်မြန်စွာ ဖြစ်လာခဲ့လေသည်။

အမှန်တိုင်းပြောရလျှင် သူသည် “‘ချစ်ခြင်းမေတ္တာကူ’” ၏ စွမ်းအားကို အထင်သေးလွန်းနေခဲ့ခြင်းပင်။

ဆဋ္ဌမအဆင့်သို့ တက်လှမ်းသွားပြီးနောက် “‘ချစ်ခြင်းမေတ္တာကူ’” ၏ စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ကို ညို့ဓာတ်ပြင်းနတ်ခန္ဓာအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေပြီ။

လှုပ်ရှားမှုတိုင်း၊ အမူအရာတိုင်း၊ အပြုံးတိုင်းတွင် အဆုံးအစမဲ့သော ဆွဲဆောင်မှုများ ပါဝင်နေပြီး သဘာဝအတိုင်း ပြီးပြည့်စုံနေပေသည်။ မည်သည့်အရာမှ လုပ်စရာမလိုဘဲ မိန်းမလှလေးများစွာ၏ နှလုံးသားကို ဖမ်းစားနိုင်စွမ်း ရှိနေချေပြီ။

ဤကဲ့သို့သော ခန္ဓာကိုယ်မျိုးဖြင့် ယခင်ဘဝက ကမ္ဘာမြေသို့ ပြန်သွားနိုင်မည်ဆိုလျှင် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး မင်းသားတစ်လက် သေချာပေါက် ဖြစ်လာမည်ဖြစ်ပြီး ပရိသတ်များစွာကို ဆွဲဆောင်နိုင်မည် ဖြစ်၏။

သို့သော် ကံကောင်းထောက်မစွာဖြင့် ဤကျောင်းသူများသည်လည်း လွန်လွန်ကျွံကျွံ အပြုအမူမျိုး လုပ်ဆောင်ခြင်းမရှိကြပေ။ အလွန်ဆုံးမှ စာသင်ခန်းထဲတွင် စုဝေးပြီး သူ၏သင်ခန်းစာများကို နားထောင်ရုံမျှသာ ဖြစ်၏။

…………

ဤအချိန်၊ ဤအခိုက်အတန့်တွင် စာသင်ခန်း၏ အပြင်ဘက်၌။

ကျောင်းတော်မှ ဆရာမများစွာလည်း ဤနေရာတွင် ရပ်နေကြပြီး ထိုမြင်ကွင်းကို စိတ်ဝင်တစား ကြည့်ရှုနေကြလေသည်။

“ကြည့်ရတာ ဆရာကျိုးက အတော်လေး လူကြိုက်များနေတုန်းပဲ...”

“အထူးသဖြင့် ကျောင်းသူတွေကြားမှာ အတော်လေး ရေပန်းစားနေတာပဲ...”

“ဆရာကျိုးသာ သဘောတူမယ်ဆိုရင် ကျောင်းသူဘယ်လောက်များများက သူ့ကို လက်ထပ်ချင်ကြမလဲဆိုတာ မှန်းဆလို့တောင် မရဘူး...”

ဆရာမတစ်ဦးက သက်ပြင်းချကာ ပြောလိုက်လေသည်။

“ဒီကျောင်းသူတွေသာ အတန်းလာသင်နေတဲ့သူက ဆရာကျိုးရဲ့ ကိုယ်ပွားတစ်ခုသာ ဖြစ်တယ်ဆိုတာကို သိသွားရင် အတော်လေး စိတ်ပျက်သွားကြလောက်တယ်...”

အခြားဆရာမတစ်ဦးက တခစ်ခစ်ရယ်မောရင်း ပြောလိုက်၏။

အမှန်တကယ်တွင်မူ ယခု စာသင်နေသူမှာ သဘာဝကျစွာပင် ကျိုးစွေ့၏ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ပေသည်။

သူသည် အလွန်တရာ အလုပ်များနေသူဖြစ်ရာ သဘာဝကျစွာ ခန္ဓာကိုယ်အစစ်ဖြင့် စာလာသင်ရန် မဖြစ်နိုင်ပေ။

ထို့အပြင် စိတ်ဝိညာဉ်လောကတွင် ကိုယ်ပွားပညာရပ်ဆိုသည်မှာ အလွန်တရာ ရှားပါးသော လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်ပြီး အောင်မြင်အောင် ကျင့်ကြံနိုင်သူများမှာလည်း အလွန်နည်းပါးလှပေသည်။ သို့သော် လုံးဝမရှိသည်တော့ မဟုတ်ပေ။

ထို့ကြောင့် ကျောင်းတော်မှ ဆရာများသည်လည်း မထူးဆန်းတော့ဘဲ ရိုးအီနေကြပြီ ဖြစ်၏။

မည်သို့ပင်ဖြစ်စေ သင်ကြားရေးတာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သရွေ့ ပြဿနာမရှိချေ။

“အဟမ်း အဟမ်း... ဘာကို စိတ်ပျက်ရမှာလဲ...”

“ကျောင်းသားတစ်ယောက်အနေနဲ့ အရေးအကြီးဆုံးက စာသင်ဖို့ပဲလေ...”

“ဆရာတစ်ယောက်က ပညာသင်ပေးနိုင်ပြီး သံသယတွေကို ဖြေရှင်းပေးနိုင်ရင် လုံလောက်ပါပြီ...”

“ကိုယ်ပွားဖြစ်ဖြစ်၊ ခန္ဓာကိုယ်အစစ်ဖြစ်ဖြစ် ဘာလို့ ဂရုစိုက်နေစရာ လိုမှာလဲ...”

“နင်တို့ကောင်မတွေ ဒီတလော အတော်လေး အားနေကြသလား။ တခြားသူ စာသင်နေတာကိုတောင် လာကြည့်နေကြသေးတယ်။ ကိုယ့်တာဝန်ကိုယ် မလုံလောက်သေးလို့လား၊ ငါကပဲ နင်တို့အတွက် တာဝန်တွေ ထပ်တိုးပေးဖို့ လိုနေသလား...”

ဤအချိန်တွင်ပင် ဆရာများရှေ့၌ လှပကျော့ရှင်းသော ပုံရိပ်တစ်ခု ပေါ်လာလေသည်။ ဤပြိုင်ဘက်ကင်း အလှလေးမှာ သဘာဝကျစွာပင် ကျောင်းအုပ်ကြီး ပိုင်စုကျဲ့ပင် ဖြစ်တော့သည်။

သူမသည် မျက်နှာကို တင်းထားလိုက်ပြီး ပွဲလာကြည့်နေကြသည့် ကျောင်းတော်မှ ဆရာမတစ်စုကို တည်ကြည်လေးနက်စွာ ကြည့်လိုက်လေသည်။

“မလိုပါဘူး၊ မလိုပါဘူး။ ကျွန်မတို့ တာဝန်တွေက လုံလောက်နေပါပြီ၊ ထပ်တိုးဖို့ မလိုတော့ပါဘူး...”

“ကျောင်းအုပ်ကြီး... ကျွန်မတို့ မှားသွားပါတယ်။ အခုပဲ သင်ခန်းစာတွေ ပြင်ဆင်ဖို့ ပြန်သွားပါတော့မယ်...”

ဤစကားကို ကြားလိုက်ရချိန်တွင် ဆရာမများစွာ၏ မျက်နှာများမှာ ပြောင်းလဲသွားကြ၏။ အကယ်၍ သင်ကြားရေးတာဝန်များကိုသာ ထပ်တိုးလိုက်မည်ဆိုလျှင် သူမတို့ ကျင့်ကြံရန် အချိန်ရတော့မည် မဟုတ်ချေ။

ဤစကားများကို ပြောပြီးနောက် သူမတို့သည် အမြန်လစ်ထွက်သွားချင်နေကြ၏။ အဘယ်ကြောင့်ဆိုသော် ပိုင်စုကျဲ့ကိုသာ တကယ်အပြစ်ပြုမိပါက ကျောင်းတော်ထဲတွင် ဆက်နေရန် ခက်ခဲသွားမည် ဖြစ်သောကြောင့်ပင်။

အခန်း (၇၀၆) - နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ်သို့ အဆင့်တက်ခြင်း၊ သတ္တမအဆင့် “စာအုပ်ကူ”၊ စာအုပ်တောင်တန်းနှင့် ပညာပင်လယ်(၃)။

“နေဦး... ဆရာကျိုးရဲ့ ခန္ဓာကိုယ်အစစ်က ဘယ်ရောက်သွားတာလဲ...”

ပိုင်စုကျဲ့က နှုတ်ဟကာ မေးလိုက်၏။

“ဒီအချိန်ဆိုရင်တော့ ကျောင်းတော်ရဲ့ ကျမ်းစာတိုက်ထဲမှာ ရှိနေလောက်တယ်...”

“ဟုတ်ပါတယ်။ ဆရာကျိုးက ဒီရက်ပိုင်းအတွင်း ကျမ်းစာတိုက်ထဲမှာပဲ အချိန်ကုန်ပြီး လေ့လာနေတတ်ပါတယ်...”

ဆရာမများစွာက ချက်ချင်း ဖြေလိုက်ကြလေသည်။

“အင်း... ငါသိပြီ၊ နင်တို့ သွားကြတော့...”

ပိုင်စုကျဲ့သည် ကျိုးစွေ့၏ သွားရာလမ်းကြောင်းကို သိသွားပြီးနောက် ချက်ချင်းပင် အလွန်ကျေနပ်သွားကာ ဆရာမများကို ထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်လေသည်။

“ကောင်းပါပြီ...”

ဆရာမများစွာသည်လည်း စကားအပိုမဆိုတော့ဘဲ လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။

“ဟူး... မိန်းမတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လွန်းတဲ့ ယောက်ျား...”

ပိုင်စုကျဲ့သည် စာသင်ခန်းထဲတွင် ကျောင်းသူများ၏ အာရုံစိုက်မှု ခံနေရသော ကျိုးစွေ့ကို ကြည့်ကာ သွားကြိတ်ရင်း ဒေါသထွက်လာတော့သည်။

ဘာကြောင့်မှန်း မသိသော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူမ၏ ရင်ထဲ၌ ဒေါသများ ပေါက်ကွဲလာရ၏။

ကျောင်းတော်မှ ကျောင်းသူလေးများက ဤမျှအထိ ရူးသွပ်နေကြလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ငယ်ငယ်ရွယ်ရွယ်နှင့် အချစ်ရေးကို စဉ်းစားနေကြသည်မှာ မည်သည့်ပုံစံပေါက်နေသနည်း။

အနည်းဆုံး အသက် ငါးထောင်၊ ခြောက်ထောင်လောက်ရှိပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းနိုင်မှသာ အချစ်ရေးကို စဉ်းစားသင့်သည် မဟုတ်ပါလော။

အသက် နှစ်ထောင်၊ သုံးထောင်ခန့်ရှိပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် ပြီးပြည့်စုံသည့်တိုင်အောင် အချစ်ရေးနှင့် ပတ်သက်၍ အတွေ့အကြုံမရှိလှသော သူမကဲ့သို့သော သူမျိုးမှသာ ပုံမှန်ကျင့်ကြံသူဟု ခေါ်ဆိုနိုင်ပေသည်။

ယောက်ျားဆိုသည်မှာ မိမိ၏ ကျင့်ကြံခြင်းလမ်းစဉ်ကို အဟန့်အတား ဖြစ်စေရုံမျှသာ ဖြစ်၏။ မဟာတာအိုနှင့် ထာဝရအသက်ရှင်ခြင်းတို့နှင့် နှိုင်းယှဉ်လိုက်ပါက ယောက်ျားဆိုသည်မှာ မည်သည့်အရာမျှ မဟုတ်ပေ။

“မဖြစ်ဘူး၊ မိန်းမတွေရဲ့ အာရုံကို ဖမ်းစားလွန်းတဲ့ ဒီယောက်ျားကို ငါသွားပြီး သတိပေးရမယ်...”

“ကျောင်းတော်ဆိုတာ ပညာသင်တဲ့နေရာပဲ။ ရည်းစားထား၊ မယားယူ၊ မယားငယ်ထားရမယ့်နေရာ မဟုတ်ဘူး...”

“ဒီလို အကျင့်ပျက်စရိုက်ဆိုးတွေ အထွတ်အမြတ်ထားရာ ကျောင်းတော်ထဲကို ရောက်လာတာကို လုံးဝ ခွင့်မပြုနိုင်ဘူး...”

ပိုင်စုကျဲ့သည် သူမ၏ လက်သီးဆုပ်လေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်လေသည်။

သူမသည် ဒေါက်မြင့်ဖိနပ်ကို စီးထားသော ကျောက်စိမ်းခြေထောက်အစုံဖြင့် တဒေါက်ဒေါက် မြည်အောင် လျှောက်ကာ ဤနေရာမှ ထွက်ခွာသွားပြီး ကျိုးစွေ့ကို ရှာဖွေရန် ကျမ်းစာတိုက်သို့ ဦးတည်သွားတော့သည်။

(စကားချပ် - ကျင့်ကြံခြင်းလောကနဲ့ ဒေါက်မြင့်ဖိနပ်က မအပ်စပ်ပါဘူး။ ဒါပေမဲ့ မူရင်ကိုက အဲလိုရေးထားတာကတစ်ကြောင်း ကျွန်တော်လည်း မိန်းကလေးအသုံးအဆောင်တွေ သိပ်နားမလည်တော့ လှည့်ရေးဖို့ စကားလုံးရှာမတွေ့လို့ပါ)

…………

ဤအချိန်၊ ဤအခိုက်အတန့်တွင် အမှတ် (၈၈) တာအိုကျောင်းတော်၏ ကျမ်းစာတိုက်၌။

ဤနေရာတွင် မျိုးဆက်လက်ဆင့်ကမ်းသည့် မှတ်တမ်းကျောက်စိမ်းပြား အမျိုးမျိုးကို စီစဉ်ခင်းကျင်းထားပြီး လိုလေသေးမရှိ ပြည့်စုံလှသည်။

ဤကျမ်းစာတိုက်သည် ဖုန်းရှီးမြို့ရှိ အကြီးဆုံး ကျမ်းစာတိုက်နှင့် ယှဉ်လျှင် သဘာဝကျစွာပင် နှိုင်းယှဉ်၍ မရနိုင်ကြောင်း ဆိုရပေမည်။ သို့သော်လည်း ယခင်က ကျင့်ကြံခြင်းလောကနှင့် နှိုင်းယှဉ်လိုက်ပါက ဘယ်လောက်တောင် ပိုမို ခေတ်မီတိုးတက်နေသနည်းဆိုတာကို မှန်းဆ၍ပင် မရနိုင်ချေ။

အခြေခံအားဖြင့် နတ်ဘုရားအသွင်ပြောင်းအဆင့် အောက်ပိုင်းအတွက် မျိုးဆက်လက်ဆင့်ကမ်းမှုများမှာ လွန်စွာ ပြည့်စုံလုံလောက်သည်ဟု ဆိုနိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ လူသားမျိုးနွယ်များအတွက်မူ နတ်ဘုရားအသွင်ပြောင်းအဆင့် အထက်ပိုင်း မျိုးဆက်လက်ဆင့်ကမ်းမှုများကသာ အမှန်တကယ် အလေးထားသင့်သော အရာများ ဖြစ်သောကြောင့်ပင်။

နတ်ဘုရားအသွင်ပြောင်းအဆင့် အောက်ပိုင်း ဗဟုသုတများမှာ အခြေခံကျသော မျိုးဆက်လက်ဆင့်ကမ်းမှုများမျှသာ ဖြစ်၏။

မည်သည့်လူမျိုးစုတွင်မဆို ရှိတတ်ကြပြီး လျှို့ဝှက်ချက်ဖြစ်သော လက်ဆင့်ကမ်း ဗဟုသုတများဟု မသတ်မှတ်နိုင်ပေ။

ထို့ကြောင့် အခြေခံအားဖြင့် ကျောင်းတော်တိုင်းတွင် မိတ္တူတစ်စုံစီ ရှိတတ်ကြလေသည်။ ကျိုးစွေ့အတွက်မူ ဤနေရာသည် နတ်ပြည်သဖွယ် ဖြစ်နေတော့သည်။

မည်သို့ပင်ဖြစ်စေ ဤနေရာတွင် စိတ်ဝိညာဉ်လောကမှ လူသားမျိုးနွယ်တို့၏ နှစ်ပေါင်း သန်းထောင်ချီ ကြာမြင့်ခဲ့သော ဉာဏ်ပညာအနှစ်သာရများ စုစည်းနေပြီး သူ၏ လိုအပ်ချက်များနှင့် အားနည်းချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိသောကြောင့်ပင်။

၎င်းတို့ထဲရှိ ကျင့်စဉ်အမွေအနှစ်များစွာတွင် ပါဝင်နေသော ဆန်းကြယ်လှသည့် တွေးခေါ်မှုများက သူ့အား အလွန်အမင်း ချီးကျူးအံ့မခန်း ဖြစ်သွားစေခဲ့လေသည်။

ဆိုရလျှင် ဤကျင့်စဉ်အမွေအနှစ်များသည် “စာအုပ်ကူ” အတွက် အစားအစာများပင် ဖြစ်ပေသည်။

သို့သော်ငြား ကျိုးစွေ့အတွက် အထောက်အကူအများဆုံးဖြစ်စေသည်မှာ စိတ်ဝိညာဉ်လောက၏ ချီသွေးကြောသိုင်းပညာနှင့် ပတ်သက်သော အမွေအနှစ်ဗဟုသုတများသာ ဖြစ်ပေသည်။

“စိတ်ဝိညာဉ်လောကရဲ့ သိုင်းပညာတိုးတက်မှုက တော်တော်လေး မြင့်မားတဲ့အဆင့်ကို ရောက်နေခဲ့ပြီပဲ...”

“နှစ်ပေါင်း သန်းထောင်ချီ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးတဲ့နောက် ပြိုင်ဘက်ကင်းလောက်အောင် ပြည့်စုံနေခဲ့ပြီဆိုရမယ်...”

“စိတ်ဝိညာဉ်အမြစ်မပါတဲ့ သာမန်ကလေးငယ်တွေတောင်မှ ကျင့်ကြံနိုင်ပြီး သာလွန်တဲ့စွမ်းအားတွေကို ဆုပ်ကိုင်ထားနိုင်ကြတာပဲ...”

“သာမန်လူတွေမှာ စိတ်ဝိညာဉ်အမြစ်မရှိလို့ ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်ကို အာရုံမခံနိုင်ကြပေမဲ့ သွေးကြောချီစွမ်းအင်ကိုတော့ လှည့်ပတ်နိုင်ကြသေးတယ်...”

“စိတ်ဝိညာဉ်လောကက သာမန်လူတွေဟာ အသက်သုံးနှစ်အရွယ်ကတည်းက စာပေသင်ကြားပြီး ခန္ဓာကိုယ်ထဲက သွေးကြောစုံမှတ်တွေနဲ့ သွေးကြောတွေကို ခွဲခြားသိမြင်ကာ ချီသွေးကြောသိုင်းပညာကို ကျင့်ကြံကြတာပဲ...”

“သွေးချီစွမ်းအင်ကို လှည့်ပတ်ခြင်းအားဖြင့် ခန္ဓာကိုယ်ကို ကြံ့ခိုင်လာစေတဲ့ အကျိုးသက်ရောက်မှုကို ရရှိနိုင်တယ်။ ဒီအဆင့်ကို ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းအဆင့်လို့ ခေါ်ပြီး အဲဒီထဲမှာ အရေပြားကြံ့ခိုင်ခြင်း၊ အရိုးကြံ့ခိုင်ခြင်း၊ အသားကြံ့ခိုင်ခြင်း စတဲ့ အဆင့်တွေ ပါဝင်သေးတယ်...”

“ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းအဆင့် ပြီးပြည့်စုံသွားတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အတွင်းအားတွေ ဖြစ်တည်လာနိုင်ပြီး အဲဒါကို ဟောက်ထျန်းသိုင်းသမားလို့ ခေါ်တယ်။ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ ညီမျှတာပဲ...”

“အကယ်၍ ဟောက်ထျန်းအဆင့်ကိုးကိုသာ ဖောက်ထွက်နိုင်ခဲ့ရင် ရှန်းထျန်းသိုင်းသမား ဖြစ်လာနိုင်ပြီး ရှန်းထျန်းချီအတွင်းအားကို မွေးဖွားလာနိုင်တယ်။ အဲဒီအဆင့်ဆိုရင် အခြေတည်အဆင့် ကျင့်ကြံသူတွေနဲ့တောင် ယှဉ်နိုင်ပြီလေ...”

“ရှန်းထျန်းသိုင်းသမားက အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံနိုင်ပြီး သိုင်းပညာစစ်မှန်တဲ့အမြုတေကို စုစည်းနိုင်ခဲ့မယ်ဆိုရင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေနဲ့ ယှဉ်ပြိုင်နိုင်မှာပဲ...”

“ဒါကြောင့်လည်း စိတ်ဝိညာဉ်လောကက သာမန်လူတွေကို လျှော့တွက်လို့မရတာ...”

“သူတို့က လူသားမျိုးနွယ်စုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအားတွေလို့တောင် ဆိုနိုင်တယ်...”

အဆိုပါ ကျင့်စဉ်အမွေအနှစ်များစွာထဲတွင် ပါဝင်သော ဆန်းသစ်သည့် စိတ်ကူးစိတ်သန်းများက သူ့ကို အံ့ဩချီးကျူးမိစေလေသည်။

“သိုင်းပညာရှင် အများအပြား ပူးပေါင်းပြီး စစ်ရေးအစီအရင်တစ်ခု ဖန်တီးကာ သိုင်းလက်နက်တွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ကျင့်ကြံသူတွေထက် မနိမ့်ကျတဲ့ တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မယ်...”

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်၏။

သူသည် တာအိုကျောင်းတော်၏ ကျမ်းစာတိုက်ထဲမှ ချီသွေးကြောသိုင်းပညာ ကျင့်စဉ်စာအုပ်ပေါင်း အနည်းဆုံး တစ်ထောင့်သုံးရာခြောက်ဆယ့်ငါးအုပ်ကို ရှာတွေ့ခဲ့၏။

သာမန်ကျင့်ကြံသူများအတွက်မူ ဤကျင့်စဉ်များကို ရယူနိုင်ရန်မှာ သဘာဝကျစွာပင် အလွန်ခက်ခဲလှပေမည်။

သို့သော်ငြား သူက နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ဦးဖြစ်ရာ သာမန်ကျင့်ကြံသူမျိုး မဟုတ်တော့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် ဤကျင့်စဉ်များကို ရယူလိုခြင်းက တကယ်တမ်းတွင် သိပ်မခက်ခဲသော ကိစ္စတစ်ခုသာ ဖြစ်ပေ၏။

မည်သို့ပင်ဖြစ်စေ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများအတွက်မူ ဤကျင့်စဉ်များသည် အမှန်တကယ် ကြီးမားသည့်အဓိပ္ပာယ် မရှိတော့ပေ။

အလွန်ဆုံး ကိုးကားရုံမျှသာ အသုံးပြုနိုင်မည် ဖြစ်၏။

“ဒီသိုင်းကျင့်စဉ်တွေက မဆိုးဘူးဆိုပေမဲ့ လူသားတွေရဲ့ စွမ်းအားကို ရာခိုင်နှုန်းပြည့် ပြီးပြည့်စုံအောင် ထုတ်ဖော်နိုင်တဲ့ နည်းလမ်းတော့ မရှိဘူးထင်တယ်...”

“ချီသွေးကြောသိုင်းပညာ ကျင့်စဉ်များစွာကို ပေါင်းစပ်ပြီး အထွတ်အထိပ် သိုင်းကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်လိမ့်မယ်...”

“ဒီကျင့်စဉ်က ရွှမ်ဟွမ်ဂိုဏ်းရဲ့ ဂိုဏ်းစောင့်ကျင့်စဉ်တောင် ဖြစ်လာနိုင်သေးတယ်...”

ကျိုးစွေ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်လေသည်။

ရိုးသားစွာဆိုရလျှင် ယခင်က ရွှမ်ဟွမ်ဂိုဏ်း၏ အမွေအနှစ်အများစုမှာ အခြားဂိုဏ်းများမှ ဆင်းသက်လာခြင်းသာ ဖြစ်ပေ၏။

ရွှမ်ဟွမ်ဂိုဏ်းကိုယ်တိုင်ပိုင်ဆိုင်သည့် စစ်မှန်သော ကျင့်စဉ်ဟူ၍ မရှိခဲ့ပေ။

သို့သော် ယခုမူကား မတူညီတော့ချေ။

သူသည် ကျင့်စဉ်များစွာကို ပေါင်းစပ်ပြီးနောက် “စာအုပ်ကူ” ၏ တွက်ချက်ခန့်မှန်းနိုင်စွမ်းနှင့်ပါ ပေါင်းစပ်လိုက်လျှင် အသစ်စက်စက် ကျင့်စဉ်တစ်ခုကို အပြည့်အဝ ဖန်တီးနိုင်မည် ဖြစ်ပေ၏။

ထိုအချိန်သို့ရောက်လျှင် ရွှမ်ဟွမ်ဂိုဏ်းတစ်ခုလုံး မဟုတ်သေး၊ ရွှမ်ဟွမ်ကမ္ဘာတစ်ခုလုံးသည် အလျင်အမြန် တိုးတက်ဖွံ့ဖြိုးလာပေလိမ့်မည်။

ထို့ပြင် သူသည် ရွှမ်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်နှင့်အညီ သူ၏ ကံကြမ္မာအရှိန်အဝါများကလည်း ဆတိုးကိန်းအတိုင်း အဆမတန် မြင့်တက်လာနိုင်ချေရှိလေသည်။

ယခုအခါတွင် သူသည် ကံကြမ္မာအရှိန်အဝါ၏ အရေးပါမှုကို သိမြင်နားလည်နေခဲ့ပြီ ဖြစ်၏။

ကံကြမ္မာစွမ်းအားသည် ပဥ္စလက်ဆန်ကာ ထိတွေ့၍မရနိုင်ဟု ထင်ရသော်လည်း အမှန်တကယ် တည်ရှိနေ၏။

ကံကြမ္မာအရှိန်အဝါ၏ အကာအကွယ်ကို ရရှိထားသရွေ့ အကြပ်အတည်းများနှင့် ကြုံတွေ့ရလျှင်ပင် ဘေးဆိုးမှ ကံကောင်းခြင်းများအဖြစ် ပြောင်းလဲသွားနိုင်ပေ၏။

အကယ်၍ ကံဆိုးမိုးမှောင်ကျနေမည်ဆိုလျှင် မဟာယာနအဆင့် ကျင့်ကြံသူဖြစ်နေလျှင်ပင် ကပ်ဘေးအမျိုးမျိုးနှင့် ကြုံတွေ့ရပြီး ကပ်ဘေးထဲတွင် သေဆုံးသွားနိုင်သည်။

“အင်း...”

““စာအုပ်ကူ” က အဆင့်တက်တော့မယ့်ပုံပဲ...”

“သတ္တမအဆင့်ကို ရောက်ရှိသွားတော့မှာလား...”

ကျိုးစွေ့၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ “စာအုပ်ကူ” ၏ အငွေ့အသက်များသည် အဆက်မပြတ် မြင့်တက်လာကာ အသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်းကို ချက်ချင်းပင် အာရုံခံမိလိုက်လေသည်။

သိထားရမည်မှာ “စာအုပ်ကူ” သည် ဤနှစ်များတစ်လျှောက် ၎င်း၏စွမ်းအားများကို အမြဲတစေ မြှင့်တင်နေခဲ့ခြင်းပင် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ၎င်းသည် အင်မော်တယ်ကျမ်းစာ မြောက်မြားစွာကို ဝါးမျိုထားခဲ့ရာ ဆဋ္ဌမအဆင့်သို့ တက်လှမ်းရုံဖြင့် ပြီးဆုံးသွားရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

အင်မော်တယ်ကျမ်းစာ တစ်အုပ်ချင်းစီတွင် ပါဝင်သော စွမ်းအင်များသည် အလွန်တရာ ကြီးမားလှပေသည်။

သို့သော် အဆင့်တက်သည့် အမြန်နှုန်း နှေးကွေးနေရခြင်းမှာ ၎င်းတို့ကို ချေဖျက်ရန် အချိန်လိုအပ်သောကြောင့်ဖြစ်ပြီး ချက်ချင်းကြီး တိုးတက်လာရန်မှာ မဖြစ်နိုင်သောကြောင့်ပင်။

ထိုအချိန်မှာပင် “စာအုပ်ကူ” ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး အဆုံးအစမဲ့သော လေဟာနယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသကဲ့သို့ ဖြစ်သွားလေသည်။

၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ အဆက်မပြတ် မြင့်တက်လာနေသည်ကို မြင်တွေ့လိုက်ရ၏။

မရေမတွက်နိုင်သော အချက်အလက်များက ၎င်း၏ခန္ဓာကိုယ်အတွင်းမှ ယိုဖိတ်ကျလာသည့်အလား၊ မရေမတွက်နိုင်သော စာလုံးများက ရိုက်ခတ်ကာ တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိနေပြီး အဆုံးအစမဲ့သော လျှို့ဝှက်ချက်များ ပါဝင်ကာ ဉာဏ်ပညာ၏ မီးပွားများကို ပေါက်ကွဲထွက်ပေါ်လာစေလေသည်။

ဝိုးတဝါးဖြင့် လူသားမျိုးနွယ်စု၏ အစွမ်းထက် ကျင့်ကြံသူမြောက်မြားစွာက တာအိုကျမ်းစာများကို ရွတ်ဆိုနေကြသကဲ့သို့ပင်။

All Chapters