အခန်း (၇၀၇-၇၀၈)
Vol. 66 Ch. 707-708
အခန်း (၇၀၇) - နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ်သို့ အဆင့်တက်ခြင်း၊ သတ္တမအဆင့် “စာအုပ်ကူ”၊ စာအုပ်တောင်တန်းနှင့် ပညာပင်လယ်(၄)။
ဝုန်း…။
အချိန်မည်မျှ ကုန်လွန်သွားမှန်း မသိရသော်လည်း နောက်ဆုံးတွင်တော့ “စာအုပ်ကူ” ၏ အဆင့်တက်ခြင်းမှာ ပြီးဆုံးသွားခဲ့ပြီး မရေမတွက်နိုင်သော အငွေ့အသက်များသည် လျင်မြန်စွာ ရုပ်သိမ်းသွားခဲ့လေသည်။
ဤအချိန်တွင် ၎င်း၏ ခန္ဓာကိုယ်ပေါ်၌ သိပ်သည်းများပြားလှသော ဆန်းကြယ်သည့် ရွှေရောင်မှော်စာလုံးများ ပေါ်ထွက်လာခဲ့ပေ၏။
သတ္တမအဆင့် အောက်ခြေအဆင့် “စာအုပ်ကူ” ပင် ဖြစ်ချေပြီ။
ထိုခဏ၌ “စာအုပ်ကူ” ၏ ခန္ဓာကိုယ်မှ ကြီးမားလှသော သတင်းအချက်အလက်တစ်ခု စီးဝင်လာသည်ကို ကျိုးစွေ့ အာရုံခံမိလိုက်လေသည်။
သိသာထင်ရှားစွာပင် “စာအုပ်ကူ” သည် နောက်ဆုံး၌ အဆင့်တက်ခြင်းကို ပြီးမြောက်သွားခဲ့ပြီး သတ္တမအဆင့် အောက်ခြေအဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်ပေ၏။
ဤသည်မှာ လက်ရှိအချိန်အထိ သူ၏ ကျင့်ကြံမှုအဆင့်အမြင့်မားဆုံးသော ကူပိုးကောင်တစ်ကောင်လည်း ဖြစ်ပေ၏။
“ဒါက စာအုပ်ထဲက ကမ္ဘာဖြစ်ဟန်တူတယ်...”
ကျိုးစွေ့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အလင်းရောင်များ ပေါ်ထွက်လာသည်။
သူ၏ နတ်ဘုရားအာရုံမှာ “စာအုပ်ကူ” ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီး “စာအုပ်ကူ” ၏ ခန္ဓာကိုယ်အတွင်း ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသကဲ့သို့ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ကို အာရုံခံမိလိုက်လေသည်။
ယခင် ဆဋ္ဌမအဆင့်တွင် ရှိနေစဉ်က စာအုပ်ထဲမှ ကုန်းမြေတိုက်ကြီးကိုသာ မွေးဖွားနိုင်ခဲ့ခြင်း ဖြစ်၏။
၎င်း၏ အတွင်းပိုင်းနေရာလွတ်မှာ စာအုပ်များဖြင့် ဖွဲ့စည်းထားသော ဧရာမ ကုန်းမြေတိုက်ကြီးတစ်ခု ဖြစ်လေသည်။
မြစ်ချောင်းများ၊ တောင်တန်းများနှင့် ပန်းမန်သစ်ပင်များ၊ မြို့တော်များသည်ပင် မတူညီသော စာအုပ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။
သို့သော် ယခု သတ္တမအဆင့်သို့ တက်လှမ်းသွားသောအခါတွင်မူကား။
“စာအုပ်ကူ” ၏ ခန္ဓာကိုယ်အတွင်း နေရာလွတ်သည် စာအုပ်ကမ္ဘာတစ်ခုအဖြစ် အဆင့်တက်သွားခဲ့ပြီ ဖြစ်လေသည်။
ယုံမှားသံသယဖြစ်ဖွယ်မရှိ ဤသည်မှာ ပြီးပြည့်စုံပြီး ကြီးမားလှသော စာအုပ်ကမ္ဘာတစ်ခုပင် ဖြစ်ပေ၏။
အတွင်းပိုင်း နေရာလွတ်သည်လည်း စာအုပ်တောင်တန်းများနှင့် ပညာရပ်ပင်လယ်များအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
“စာအုပ်ကူ” ၏ အတွင်းပိုင်းတွင် ကြီးမားလှသော ကုန်းမြေတိုက်ကြီးများ၊ ကျွန်းစုများနှင့် သမုဒ္ဒရာများ ပေါ်ပေါက်လာသည်ကို မြင်တွေ့လိုက်ရ၏။
ကုန်းမြေ၊ ကျွန်းစုများနှင့် သမုဒ္ဒရာတို့ ပေါင်းစပ်ပြီး ပြီးပြည့်စုံသော ကမ္ဘာတစ်ခုကို ဖွဲ့စည်းထားလေသည်။
ဆိုရလျှင် အတွင်းပိုင်း နေရာလွတ်သည် ယခင်ကနှင့် နှိုင်းယှဉ်ပါက မည်မျှအထိ ကြီးမားသွားမှန်းပင် မသိနိုင်တော့ချေ။
“ဒါက သတ္တမအဆင့် စာအုပ်ကူလား...”
ကျိုးစွေ့သည် အံ့ဩချီးကျူးမိသွားလေသည်။
ထိုသို့သော စာအုပ်ကမ္ဘာသည် ပုံရိပ်ယောင်ကမ္ဘာတစ်ခုနှင့် မခြားတော့ကြောင်းကို သူ ခံစားလိုက်ရ၏။
ကမ္ဘာတစ်ခုလုံးကို အချက်အလက်များဖြင့် တည်ဆောက်ထားပြီး လက်တွေ့ကမ္ဘာနှင့် ရာခိုင်နှုန်းပြည့် တူညီနေပေ၏။
ကွာခြားချက်ဟူ၍ လုံးဝနီးပါး မမြင်ရတော့ချေ။
ဤကဲ့သို့ အဆင့်တက်သွားခြင်း၏ အကျိုးကျေးဇူးကြောင့် “စာအုပ်ကူ” ၏ စွမ်းရည်များမှာလည်း ဂျီဩမေတြီကိန်းစဉ်တန်းတစ်ခုကဲ့သို့ မြင့်တက်လာခဲ့လေသည်။
လက်ရှိ “စာအုပ်ကူ” သည် စာအုပ်များကို ဝါးမျိုရန် မလိုအပ်တော့ဘဲ ၎င်း၏ နတ်ဘုရားအာရုံဖြင့် ညင်သာစွာ စစ်ဆေးဖတ်လိုက်ရုံဖြင့် စာအုပ်များနှင့် ကျောက်စိမ်းပေလွှာများ၏ ဗဟုသုတများကို ရရှိနိုင်ပြီး ၎င်း၏ ကိုယ်တွင်းနေရာလွတ်ထဲသို့ ကူးယူနိုင်ပြီ ဖြစ်ပေ၏။
ထိုမျှမက ကျောက်စိမ်းပေလွှာများနှင့် စာအုပ်များကိုသာ ကူးယူနိုင်ခြင်း မဟုတ်တော့ချေ။
ဆေးလုံးများကို စစ်ဆေးဖတ်မည်ဆိုပါက ဆေးလုံးများ၏ ဆေးဖော်စပ်နည်းကို ရရှိနိုင်မည် ဖြစ်၏။
မှော်ရတနာများကို စစ်ဆေးဖတ်မည်ဆိုပါက မှော်ရတနာများ၏ ဒီဇိုင်းပုံစံများကို ရရှိနိုင်မည် ဖြစ်၏။
ရုပ်သေးရုပ်များကို စစ်ဆေးဖတ်မည်ဆိုပါက ရုပ်သေးရုပ်များ၏ ဒီဇိုင်းပုံစံများကို ရရှိနိုင်မည် ဖြစ်၏။
အစီအရင်များကို စစ်ဆေးဖတ်မည်ဆိုပါက အစီအရင်ချထားပုံများကို ရရှိနိုင်မည် စသည်ဖြင့် ဖြစ်ပေ၏။
အချုပ်အားဖြင့်ဆိုရသော် သတ္တမအဆင့် “စာအုပ်ကူ” ၏ စွမ်းအားသည် ယခင်ကနှင့် နှိုင်းယှဉ်လျှင် အရည်အသွေးပိုင်းအရ အံ့မခန်း အဆင့်တက်သွားခြင်းပင် ဖြစ်ပေ၏။
“မဖြစ်နိုင်တာ၊ ဒီလိုစွမ်းရည်မျိုးတောင် ရှိနေတာပဲ...”
“ဆိုလိုတာက ငါ ဖုန်းရှီးမြို့ရဲ့ ကျမ်းစာတိုက်ထဲကို ဝင်ဖို့ အခွင့်အရေးသာ ရခဲ့မယ်ဆိုရင်...”
“စာအုပ်ပေါင်းများစွာကို လဲလှယ်ဖို့ လုံးဝ မလိုတော့ဘူး...”
“ကျမ်းစာတိုက်ထဲမှာ အချိန်ခဏလောက် နေလိုက်ရုံနဲ့ အထဲက စာအုပ်တွေအားလုံးကို တစ်ကြိမ်လောက် စစ်ဆေးဖတ်ပြီး အပြီးတိုင် ကူးယူနိုင်ပြီပေါ့...”
ကျိုးစွေ့မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားလေသည်။
“စာအုပ်ကူ” ၏ စွမ်းရည်မှာ ပိုပို၍ အစွမ်းထက်လာကာ ပို၍ သဘာဝလွန်ဆန်လာကြောင်းကို သူ သိထားသော်လည်း ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလာလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့မိချေ။
ယခင်ကနှင့် နှိုင်းယှဉ်ပါက လုံးဝ ခိုင်းနှိုင်း၍ပင် မရနိုင်တော့ပေ။
မှန်ပေသည်၊ ဤသည်က “စာအုပ်ကူ” ၏ အဆင့်တက်ခြင်းကို ပိုမို အရှိန်မြှင့်တင်ပေးနိုင်ပြီး အကျိုးကျေးဇူးများစွာ ရှိသည်ဟု ဆိုနိုင်ပေ၏။
“စာအုပ်တွေကို ကူးယူတာ၊ အမွေအနှစ် ကျောက်စိမ်းပေလွှာတွေကို ကူးယူတာလောက်တင် မဟုတ်ဘူး...”
“ဆေးလုံးတွေ၊ မှော်ရတနာတွေ၊ ရုပ်သေးရုပ်တွေ စတဲ့ ရတနာများစွာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေက ကျမ်းစာတိုက်ထဲမှာတောင် မရှိနိုင်ဘူးဆိုတာ သိထားရမယ်...”
“ဒါပေမဲ့ စာအုပ်ကူက တစ်ချက်လောက် စစ်ဆေးဖတ်လိုက်ရုံနဲ့ အဲဒီအထဲက အခြေခံသဘောတရားတွေနဲ့ ဗဟုသုတတွေကို ရရှိနိုင်ပြီလေ...”
“ဒါက လုံးဝ အထူးကော်ပီပွားစက်ကြီးပဲ...”
“ငါ မြင်လိုက်ရုံနဲ့ အဲဒီဗဟုသုတတွေက ငါ့ဟာ ဖြစ်သွားပြီပေါ့...”
ကျိုးစွေ့သည် တကျွတ်ကျွတ်စုပ်သပ်ကာ ချီးကျူးလိုက်မိသည်။
ရိုးသားစွာဆိုရလျှင် ဖုန်းရှီးမြို့ကဲ့သို့သော စက်ယန္တရားမြို့တော်မျိုးကို သူ သွားရည်ကျနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
အကယ်၍ စက်ယန္တရားမြို့တော်၏ ဒီဇိုင်းပုံစံကိုသာ ရရှိနိုင်ခဲ့ပါက ရွှမ်ဟွမ်ကမ္ဘာတွင် အလားတူ စက်ယန္တရားမြို့တော်မျိုးကို ပုံတူကူးယူ တည်ဆောက်နိုင်ကောင်း တည်ဆောက်နိုင်ပေမည်။
ထိုမှတစ်ဆင့် ရွှမ်ဟွမ်ဂိုဏ်း လျင်မြန်စွာ ကြီးထွားလာစေရန် ကူညီပေးနိုင်လိမ့်မည်။
အဖိုးတန် ဆေးလုံးများစွာလည်း ရှိသေးလေသည်။
အဖိုးတန်ဆေးလုံးတစ်လုံးကို ဝယ်ယူနိုင်ရုံဖြင့် ၎င်း၏ ဆေးဖော်စပ်နည်းကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး နောက်ကြောင်းပြန် လေ့လာဖော်ထုတ်မှုကို ပြုလုပ်နိုင်ပေမည်။
ဤသို့ဆိုလျှင် သူ့အတွက် လျှို့ဝှက်ချက်ဟူ၍ ဘာမှရှိတော့မည် မဟုတ်ချေ။
ရိုးသားစွာဆိုရလျှင် ဤသည်မှာ အလွန်တရာ အစွမ်းထက်သော နောက်ကြောင်းပြန် လေ့လာဖော်ထုတ်နိုင်စွမ်းကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်ပေ၏။
“နတ်ဘုရားစွမ်းရည်တစ်ခုလည်း ထွက်ပေါ်လာတဲ့ပုံပဲ...”
“ဒီနတ်ဘုရားစွမ်းရည်နာမည်က စာအုပ်ဝိညာဉ် ဆင့်ခေါ်ခြင်းတဲ့...”
ကျိုးစွေ့၏ မျက်လုံးများတွင် စူးရှသော အလင်းရောင်များ ပေါ်ထွက်လာလေသည်။
သိသာထင်ရှားစွာပင် ဤနတ်ဘုရားစွမ်းရည်သည်လည်း အတော်လေး အစွမ်းထက်ပြီး “စာအုပ်ကူ” အတွက် ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းအားကို တိုးလာစေ၏။
ဤနတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်သည်နှင့် “စာအုပ်ကူ” သိမ်းဆည်းထားသော နတ်ဘုရားစွမ်းရည်များနှင့် ကျင့်စဉ်များကို ဆင့်ခေါ်နိုင်မည် ဖြစ်၏။
ဤနတ်ဘုရားစွမ်းရည်၊ မန္တန်နှင့် ကျင့်စဉ်များသည် တာအိုကျင့်ကြံသူတစ်ဦးစီအဖြစ် အသွင်ပြောင်းသွားမည်ဖြစ်ပြီး အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားများ ပါဝင်နေမည် ဖြစ်၏။
ဥပမာအားဖြင့် ကျူးရှန်းဓားသိုင်းဆိုလျှင် ဓားကျင့်ကြံသူတစ်ဦးအဖြစ် အသွင်ပြောင်းသွားမည် ဖြစ်၏။
ဟွမ်ယွမ်သားရဲထိန်းချုပ်ခြင်းကျင့်စဉ်ဆိုလျှင် သားရဲထိန်းချုပ်သူတစ်ဦးအဖြစ် အသွင်ပြောင်းသွားမည် ဖြစ်၏။
ဓာတ်ငါးပါးဆေးဖော်စပ်ခြင်းကျင့်စဉ်ဆိုလျှင် ဆေးပညာရှင်တစ်ဦးအဖြစ် အသွင်ပြောင်းသွားမည် ဖြစ်၏။
မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်ဆိုလျှင် မိစ္ဆာကျင့်ကြံသူတစ်ဦးအဖြစ် အသွင်ပြောင်းသွားမည် စသည်ဖြင့် ဖြစ်ပေ၏။
အချုပ်အားဖြင့်ဆိုရသော် ဤကျင့်စဉ်များနှင့် နတ်ဘုရားစွမ်းရည်များ စသည်တို့သည် အလုံးစုံ ပုံသဏ္ဌာန်ပေါ်လာမည်ဖြစ်ပြီး ပြိုင်ဘက်ကင်း ထိပ်သီးသိုင်းပညာရှင်တစ်ဦးစီအဖြစ် အသွင်ပြောင်းသွားမည် ဖြစ်ပေသည်။
သို့သော်ငြား ဤစာအုပ်ဝိညာဉ်များ၏ စွမ်းအားက ပိုင်ရှင်ဖြစ်သူနှင့်လည်း ကြီးမားလှသော ဆက်စပ်မှု ရှိနေ၏။
ပိုင်ရှင်၏ စွမ်းအားက ပိုမို အစွမ်းထက်လေလေ၊ စာအုပ်ဝိညာဉ်များ၏ စွမ်းအားကလည်း ပိုမို အစွမ်းထက်လေလေဖြစ်ပြီး အချင်းချင်း ခွဲခြား၍မရအောင် ဆက်စပ်နေသည်။
“ဒါက စာအုပ်တွေကို ဆင့်ခေါ်ပြီး တိုက်ခိုက်ခိုင်းသလို ဖြစ်မနေဘူးလား...”
“စာအုပ်တွေရဲ့ စွမ်းအားကိုတောင် ရုပ်လုံးပေါ်လာအောင် လုပ်နိုင်တယ်ဆိုတော့ ဒါက “စာအုပ်ကူ” ရဲ့ အစွမ်းအစစ်မှန်များလား...”
“တကယ်လို့ စာအုပ်ကူက အင်မော်တယ်အဆင့်ထိ ဆင့်ကဲပြောင်းလဲနိုင်မယ်ဆိုရင် အင်မော်တယ်အစစ်အမှန်တွေကို ဆင့်ခေါ်ပြီး တိုက်ခိုက်ခိုင်းလို့ ရနိုင်မှာ မဟုတ်လား...”
“အသိပညာက စွမ်းအားဆိုတာ ဒါမျိုးကို ပြောတာပဲ...”
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်ရင်း အံ့ဩမှင်တက်သွားလေသည်။
သိသာထင်ရှားစွာပင် “စာအုပ်ကူ” သည် အဆက်မပြတ် ဆင့်ကဲပြောင်းလဲလာသည်နှင့်အမျှ ယခင်ကကဲ့သို့ အထောက်အကူပြုသက်သက် ကူပိုးကောင်မျိုး မဟုတ်တော့ပေ။
ယခုအခါတွင် အတိုင်းအတာတစ်ခုအထိ တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်လာချေပြီ။
အဆင့်တက်လာသည်နှင့်အမျှ ထိုတိုက်ခိုက်နိုင်စွမ်းသည်လည်း ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလာကာ အလွန်တရာ အစွမ်းထက်လာမည် ဖြစ်၏။
လတ်တလောတွင် အခြားသော တိုက်ခိုက်ရေးကူပိုးကောင်များနှင့် မယှဉ်နိုင်သေးသော်ငြား ဤသည်ကပင် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်၏။
“စာအုပ်ဝိညာဉ်ရဲ့ စွမ်းအားက ကျင့်ကြံသူအရေအတွက်နဲ့ တိုက်ရိုက် ဆက်စပ်နေပုံပဲ...”
“ဒီကျမ်းစာကို သင်ယူတဲ့ ကျင့်ကြံသူတွေ ပိုများလာလေလေ စာအုပ်ဝိညာဉ်ရဲ့ စွမ်းအားက ပိုပြီး ကြီးမားလာလေလေပဲ...”
“ဘာလို့လဲဆိုတော့ ကျင့်ကြံသူ အများအပြားဆီက ရရှိလာတဲ့ ကျင့်စဉ်နားလည်သဘောပေါက်မှု အသိဉာဏ်တွေက စာအုပ်ဝိညာဉ်ဆီကို စုစည်းရောက်ရှိလာပြီး စာအုပ်ဝိညာဉ်ကို ပြိုင်ဘက်ကင်း အစွမ်းထက်လာစေလို့ပဲ...”
“ဆိုလိုတာက ကျင့်စဉ်ကို အဆက်မပြတ် ဖြန့်ဝေပေးပြီး ကျင့်ကြံသူ အရေအတွက် မရေမတွက်နိုင်အောင် သင်ယူစေဖို့ လိုအပ်သေးတာပဲ...”
“ဒီလိုဆိုရင်တော့ စာအုပ်ဝိညာဉ်ရဲ့ စွမ်းအားက အဆက်မပြတ် ဆင့်ကဲပြောင်းလဲလာမှာပဲ...”
“တစ်ချိန်တည်းမှာပဲ စာအုပ်ကူကိုလည်း လျင်လျင်မြန်မြန် ဆင့်ကဲပြောင်းလဲဖို့ ကူညီပေးနိုင်လိမ့်မယ်...”
“ဒီလိုဆိုမှတော့ ရွှမ်ဟွမ်ကမ္ဘာမှာ ဆက်သွယ်ရေးကိရိယာတွေကို အမြန်ဆုံး ဖြန့်ကြက်ပြီး ကျင့်ကြံသူတိုင်း အဲဒီကနေ ကျင့်စဉ်တွေကို လဲလှယ်ယူနိုင်အောင် လုပ်ပေးရင် ကျင့်ကြံသူတိုင်း လျင်လျင်မြန်မြန် တိုးတက်လာဖို့ ကူညီပေးနိုင်လောက်တယ်...” ဟု တွေးလိုက်မိသည်။
ကျိုးစွေ့က မျက်လုံးများကို မှေးကျဉ်းလိုက်၏။
သိသာထင်ရှားစွာပင် စာအုပ်ကူအတွက်မူ ၎င်းသည် ဧရာမ စာကြည့်တိုက်ကြီးတစ်ခု ဖြစ်ပေသည်။ စာကြည့်တိုက်တစ်ခုအနေဖြင့် အသုံးပြုမည့်သူ မရှိပါက မည်သည့်အဓိပ္ပာယ်မျှ ရှိမည်မဟုတ်ပေ။
အသုံးပြုသူ ပိုများလာလေလေ ၎င်း၏ တန်ဖိုးကလည်း ပိုမိုမြင့်မားလာလေလေ ဖြစ်၏။ ၎င်းသည် သက်ရှိသတ္တဝါများနှင့် တိုက်ရိုက်ဆက်စပ်မှုရှိနေသည်ဟု ဆိုနိုင်ပေသည်။
၎င်းက လူသားများကို ဆင့်ကဲပြောင်းလဲ ကြီးထွားလာစေရန် ကူညီပေးနိုင်၏။ တစ်ချိန်တည်းမှာပင် လူသားများ၏ ဉာဏ်ပညာနှင့် အတွေ့အကြုံများကလည်း ၎င်းကို လျင်မြန်စွာ ကြီးထွားလာစေရန် ကူညီပေးနိုင်လေသည်။
နှစ်ဖက်စလုံးသည် အပြန်အလှန် အမှီသဟဲပြုနေကြခြင်း ဖြစ်ပေသည်။
အခန်း (၇၀၈) - နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ်သို့ အဆင့်တက်ခြင်း၊ သတ္တမအဆင့် “စာအုပ်ကူ”၊ စာအုပ်တောင်တန်းနှင့် ပညာပင်လယ်(၅)။
ဝူးရှ်...။
ထိုအချိန်၌ စာအုပ်ကူထံမှ အငွေ့အသက်များ တစ်စက်ချင်း စီးဆင်းလာရာ ချက်ချင်းပင် ကျိုးစွေ့၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီးနောက် ခံစားချက်ကင်းမဲ့သော တရားအလင်းပွင့်သည့် အခြေအနေသို့ ဝင်ရောက်သွားတော့သည်။
အချိန်များ ရုတ်တရက် နှေးကွေးသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ နားလည်သဘောပေါက်နိုင်စွမ်းသည်လည်း အဆုံးအစမဲ့ မြင့်တက်လာလေသည်။
ယခင်က ရှိခဲ့ဖူးသော သံသယပေါင်းများစွာသည်လည်း ယခုအခါတွင် အဖြေပေါ်သွားချေပြီ။
စက္ကန့်တိုင်းတွင် ဉာဏ်ပညာများ အဆက်မပြတ် တောက်ပလာပြီး မျက်စိကျိန်းမတတ် အလင်းရောင်များ ဖြာထွက်လာသကဲ့သို့ ရှိပေသည်။
သူ၏ သိစိတ်ပင်လယ် နက်ရှိုင်းသောနေရာတွင် ချီသွေးကြောသိုင်းပညာရပ် ကျမ်းစာအုပ်ပေါင်း ထောင်နှင့်ချီ၍ ပေါ်လာလေသည်။ ဗဟုသုတပေါင်းများစွာသည် တစ်ခုနှင့်တစ်ခု အချင်းချင်း ရိုက်ခတ်သွားကြ၏။
သူ၏ တွက်ချက်မှုအောက်တွင် မရေမတွက်နိုင်သော စာလုံးများသည် အဆက်မပြတ် ပေါင်းစည်းသွားကာ လုံးဝအသစ်စက်စက် ကျင့်စဉ်ပညာရပ်တစ်ခု မွေးဖွားလာတော့သည်။
“ချီသွေးကြောသိုင်းပညာရပ် ကျင့်စဉ်တွေရဲ့ အခြေခံသဘောတရားက တကယ်တော့ အတူတူပဲ။ အဲဒါကတော့ ချီသွေးကြောတွေကို ရွေ့လျားစေပြီး ခန္ဓာကိုယ်ကို သန့်စင်တာပဲ...”
“ခန္ဓာကိုယ်က အတိုင်းအတာတစ်ခုအထိ သန်မာလာတဲ့အခါ ချီစွမ်းအားတွေ ဖြစ်တည်လာလိမ့်မယ်...”
“အဲဒီနောက် ချီစွမ်းအားတွေကို ပိုမိုအားကောင်းလာစေခြင်းအားဖြင့် သိုင်းပညာအမြုတေအစစ်အမှန်ကို စုစည်းနိုင်လိမ့်မယ်...”
“ဒါပေမဲ့ စိတ်ဝိညာဉ်ကမ္ဘာက ချီသွေးကြောသိုင်းပညာရပ် ကျင့်စဉ်တော်တော်များများမှာ အနည်းနဲ့အများတော့ အားနည်းချက်တွေ ရှိနေတတ်တယ်...”
“တချို့က စွမ်းအားအရမ်းကြီးပေမဲ့ အစပျိုးဖို့ ခက်ခဲတယ်။ တချို့ကတော့ အစပျိုးဖို့ လွယ်ကူပေမဲ့ စွမ်းအားအရမ်းနည်းပြီး အခြေခံမခိုင်မာဘူး...”
“အခု ဖန်တီးဖို့ လိုအပ်နေတဲ့ သိုင်းပညာကျင့်စဉ်က အစပျိုးရလွယ်ကူရမယ်၊ စွမ်းအားကလည်း အလွန်အမင်း နက်နဲရမယ်၊ ပြီးတော့ မဟာတာအိုရဲ့ အနှစ်သာရကို တိုက်ရိုက် ဦးတည်နိုင်ရမယ်...” ဟု တွေးတောနေမိသည်။
ကျိုးစွေ့၏ မျက်လုံးများထဲတွင် ထက်မြက်သော အလင်းရောင်တစ်ချက် လက်လာ၏။
ရိုးသားစွာဆိုရလျှင် သူ့အနေဖြင့် ဘာမှမရှိသောအခြေအနေမှ ချီသွေးကြောသိုင်းပညာရပ် ကျင့်စဉ်တစ်ခုကို အစမှနေ၍ ဖန်တီးရမည်ဆိုပါက ပြိုင်ဘက်ကင်းလောက်အောင် ခက်ခဲမည့်ကိစ္စ ဖြစ်ပေသည်။
အားထုတ်မှု မည်မျှအထိ ကုန်ဆုံးရမည်ကိုပင် မသိနိုင်ချေ။ သို့သော် ယခုအခါ သူသည် စိတ်ဝိညာဉ်ကမ္ဘာမှ လူသားမျိုးနွယ်တို့၏ ချီသွေးကြောသိုင်းပညာရပ် ကျမ်းစာအုပ်ပေါင်း ထောင်နှင့်ချီ၍ ရရှိထားပြီး ဖြစ်ရာ ယခင်လူများ၏ မရေမတွက်နိုင်သော ဉာဏ်ပညာအနှစ်သာရများကို အသုံးပြုနိုင်နေပြီ ဖြစ်၏။
ဤသည်က ဧရာမဘီလူးကြီး၏ ပခုံးပေါ်တွင် မတ်တတ်ရပ်နေရသည်နှင့် တူပေသည်။ ထို့နောက် စာအုပ်ကူ၏ စွမ်းအားဖြင့် အဆက်မပြတ် တွက်ချက်ကာ ဆင့်ကဲပြောင်းလဲစေပြီး လိုအပ်ချက်များကို ရှာဖွေဖြည့်ဆည်းပေးခဲ့သည်။
သူ၏ သိစိတ်ပင်လယ် နက်ရှိုင်းသောနေရာတွင် လုံးဝအသစ်စက်စက် သိုင်းပညာကျင့်စဉ်တစ်ခု ပေါ်လာသည်ကို ခံစားလိုက်ရလေသည်။
“ဟုတ်ပြီ။ အစစ်အမှန် ချီသွေးကြောသိုင်းပညာဆိုတာ ဒီလိုမျိုး ဖြစ်သင့်တာပဲ...”
“ဘယ်သူမဆို ချီသွေးကြောကို အလွယ်တကူ နားလည်နိုင်မယ်။ ကျင့်ကြံလေလေ ကျင့်ကြံမှုအဆင့်က ပိုနက်နဲလာပြီး အခြေခံ ပိုခိုင်မာလာလေလေပဲ...”
“ကျင့်ကြံတဲ့ အရှိန်က နည်းနည်းလေး နှေးကွေးတယ်ဆိုပေမဲ့ အခြေခံခိုင်မာပြီး ပြည့်စုံတဲ့ တာအိုအခြေခံကို တည်ဆောက်နိုင်စွမ်း ရှိတာကြောင့် သာလွန်တယ်...”
“အခြေခံနက်နဲခိုင်မာပြီး အရာခပ်သိမ်းကို သယ်ဆောင်နိုင်တယ်။ ယင်နဲ့ယန် ပေါက်ဖွားလာပြီး အရာခပ်သိမ်းက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားမယ်...”
“ဒီကျင့်စဉ်ကို ရွှမ်ဟွမ်ကျမ်းစာလို့ပဲ နာမည်ပေးလိုက်တော့မယ်...”
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်လေသည်။ သူ၏ သိစိတ်ပင်လယ် နက်ရှိုင်းသောနေရာတွင် ချီသွေးကြောသိုင်းပညာရပ် ကျင့်စဉ်တစ်ခု ချက်ချင်း ပေါ်လာတော့၏။ လေထဲတွင် ဝဲပျံနေသော ကျမ်းစာအုပ်တစ်အုပ်၏ မျက်နှာဖုံးပေါ်တွင် ရွှမ်ဟွမ်ဟူသော စာလုံးနှစ်လုံးက ပေါ်လွင်နေပြီး အလွန်အမင်း နက်နဲလှပေသည်။
ဤသည်ကား ရွှမ်ဟွမ်ကမ္ဘာမှ မရေမတွက်နိုင်သော သာမန်လူများအတွက် သူ ဖန်တီးပေးခဲ့သည့် ချီသွေးကြောသိုင်းပညာရပ်ပင် ဖြစ်၏။
မည်သူမဆို ဤကျင့်စဉ်ကို ကျင့်ကြံပါက စိတ်ဝိညာဉ်အမြစ် မရှိလျှင်တောင်မှ သိုင်းပညာအမြုတေအစစ်အမှန်အဆင့်အထိ ကျင့်ကြံနိုင်မည် ဖြစ်ပေသည်။
ထို့နောက် သိုင်းပညာအမြုတေအစစ်အမှန်၏ အကူအညီဖြင့် စိတ်ဝိညာဉ်အမြစ်ကို ပေါက်ဖွားလာစေနိုင်မည် ဖြစ်၏။
ဤသည်က ရွှမ်ဟွမ်ကမ္ဘာမှ သာမန်လူများစွာအတွက် လမ်းစတစ်ခုကို ဖွင့်လှစ်ပေးလိုက်ခြင်းဟုပင် ဆိုနိုင်ပေသည်။ စိတ်ဝိညာဉ်အမြစ် ပေါက်ဖွားလာသည်နှင့်တပြိုင်နက် ထိုသိုင်းပညာရှင်များသည် အခြားကျင့်စဉ်များကိုပါ ပြည့်ပြည့်စုံစုံ ချိတ်ဆက်ကာ ပြောင်းလဲကျင့်ကြံနိုင်မည် ဖြစ်သည်။
ဤသည်ကား အခြေခံကျင့်စဉ်မျှသာ ဖြစ်သည်ဟု မယူဆင့်ပေ။ ၎င်း၏ သက်ရောက်မှုသည် အလွန်တရာ နက်ရှိုင်းလှပေသည်။
မည်သို့ပင်ဖြစ်စေ ရွှမ်ဟွမ်ကမ္ဘာတွင် သာမန်လူများက အလွန်တရာ များပြားလှရာ လူတိုင်းသာ ကျင့်ကြံနိုင်မည်ဆိုပါက မွေးဖွားလာမည့် ကျင့်ကြံသူ အရေအတွက်သည် မရေမတွက်နိုင်လောက်အောင် များပြားမည် ဖြစ်ပြီး ဤသည်က ရွှမ်ဟွမ်ကမ္ဘာ၏ အင်အားကို မကြုံစဖူးသော အရှိန်အဟုန်ဖြင့် တိုးတက်လာစေမည် ဖြစ်လေသည်။
ဝုန်း...။
ထိုအခိုက်မှာပင် ကျိုးစွေ့သည် မိမိခန္ဓာကိုယ်ရှိ ကံကြမ္မာအရှိန်အဝါများ ရုတ်တရက် နှစ်ဆခန့် တိုးတက်လာသည်ကို ချက်ချင်း ခံစားလိုက်ရပြီး ကံကြမ္မာရွှေနဂါး၏ အရွယ်အစားကလည်း ယခင်ကထက် ပိုမိုကြီးမားလာချေပြီ။
သိသာထင်ရှားစွာပင် ဤကျင့်စဉ်ကို ဖန်တီးလိုက်ခြင်းက သူ့အတွက် အဆုံးအစမဲ့သော ကံကြမ္မာအရှိန်အဝါများကို အမှန်တကယ် ဆောင်ကြဉ်းပေးမည် ဖြစ်ပေသည်။
ဤသည်မှာ ရွှမ်ဟွမ်ကမ္ဘာ၏ အခင်းအကျင်းကိုလည်း ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသကဲ့သို့ ပြောင်းလဲသွားစေမည် ဖြစ်၏။ သာမန်လူများသည်လည်း ဤကျင့်စဉ်၏ အကူအညီဖြင့် ကျင့်ကြံနိုင်မည် ဖြစ်လေသည်။
ထို့အပြင် ဤသည်က အစပျိုးခြင်းမျှသာ ဖြစ်၏။ အမှန်တကယ် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက်လိုက်သည်နှင့်တပြိုင်နက် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို အမှန်တကယ် မြင်တွေ့ရမည် ဖြစ်ပြီး ထိုအချိန်ကျလျှင် ရရှိလာမည့် ကံကြမ္မာအရှိန်အဝါများသည် ပို၍ပင် အံ့မခန်းဖြစ်လာပေလိမ့်မည်။
“တကယ်ပဲ ဒီကိစ္စက ငါ့အတွက် ကြီးမားတဲ့ ကံကြမ္မာအရှိန်အဝါတွေကို ဆောင်ကြဉ်းပေးတာပဲ...”
ကျိုးစွေ့မှာ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ရင်ထဲတွင် ပြိုင်ဘက်ကင်းလောက်အောင် ဝမ်းသာပျော်ရွှင်နေမိ၏။
သူ ဤကိစ္စကို လုပ်ဆောင်ရခြင်းမှာ သာမန်လူများကို ကူညီရန် သက်သက်သာ မဟုတ်ဘဲ မိမိကိုယ်မိမိ ကူညီရန်အတွက်လည်း ဖြစ်ပေသည်။ ထိုအရာနှစ်ခုက အပြန်အလှန် အမှီသဟဲပြုနေခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကြီးမားလှသော ကံကြမ္မာအရှိန်အဝါ၏ စောင့်ရှောက်မှုကို ရရှိထားပါက မည်သည့်ကိစ္စကို လုပ်ဆောင်သည်ဖြစ်စေ ဘေးရန်မှ ကင်းဝေးပြီး ကံကောင်းခြင်းများ ရောက်ရှိလာမည် ဖြစ်သောကြောင့်ပင်။
စိတ်ဝိညာဉ်ကမ္ဘာထဲတွင် ရောက်နေလျှင်ပင် ကံကြမ္မာအရှိန်အဝါ၏ စောင့်ရှောက်မှုကို ရရှိနိုင်ဆဲ ဖြစ်လေသည်။
“အင်း...”
ကျိုးစွေ့သည် အတွေးတစ်ချက်ဖြင့် မိမိခန္ဓာကိုယ်ရှိ အချက်အလက်ပြမျက်နှာပြင်ကို ချက်ချင်း ဖွင့်လိုက်လေသည်။
[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှုအဆင့် - နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ် (တိုးတက်မှု ၂%)၊ သက်တမ်း - ၅၀၆ (၉၅၀၀၀) နှစ် ]
[ ပင်ကိုပါရမီ - ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် (၅%) ]
[ ဓားတာအို - ပဉ္စမအဆင့် အထွတ်အထိပ် (၂၀%) ]
[ အဆောင်ပညာ - ပဉ္စမအဆင့် အောက်ခြေအဆင့် (၃၀%) ]
[ အစီအရင်ပညာ - ပဉ္စမအဆင့် အထွတ်အထိပ် (၉၉%) ]
[ ဆေးဖော်စပ်ပညာ - ပဉ္စမအဆင့် အလယ်အလတ် (၅၀%) ]
[ လက်နက်သွန်းလုပ်ခြင်း - ပဉ္စမအဆင့် အောက်ခြေအဆင့် (၅၀%) ]
[ နတ်ဆိုးအသွင်ပြောင်းပညာရပ် - မဟာဆရာသခင်အဆင့် ]
[ ဓာတ်ငါးပါးဆေးဖော်စပ်ကျင့်စဉ် - မဟာဆရာသခင်အဆင့် ]
[ မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ် - မိစ္ဆာမျိုးစေ့၊ မိစ္ဆာဆင့်ခေါ်ခြင်း၊ မိစ္ဆာဝါးမျိုခြင်း ]
[ အလင်းမျက်လုံးခုနစ်လုံးလျှို့ဝှက်ပညာရပ် - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၊ နှလုံးသားမျက်လုံး ထိုးထွင်းသိမြင်ခြင်း၊ နှလုံးသားမျက်လုံး ဘာသာစကားနားလည်ခြင်း၊ နှလုံးသားမျက်လုံးဖြင့် စိတ်ကိုဖတ်ခြင်း၊ နှလုံးသားမျက်လုံးဖြင့် သေဆုံးမှုကို မြင်ခြင်း (၃၄%) ]
[ ကျူးရှန်းဓားသိုင်း - ပထမပုံစံ သဏ္ဌာန်မဲ့ဓားအလင်း၊ ဒုတိယပုံစံ သတ်ဖြတ်ခြင်းဓားအလင်း၊ တတိယသိုင်းကွက် ထောင်ချောက်ဓားအလင်း ]
[ ဓာတ်ငါးပါးမိုးကြိုးပညာရပ် - ကျွမ်းကျင်အဆင့်၊ ကုယုံဆန်းကြယ်အလင်း - မဟာဆရာသခင်အဆင့်၊ ရှေးဟောင်းလိပ်နက်ပညာရပ် - တတိယအဆင့်၊ ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူး - မဟာဆရာသခင်အဆင့် ]
[ ‘ချစ်ခြင်းမေတ္တာကူ’ - ဆဋ္ဌမအဆင့် အလယ်အလတ်၊ ကိုယ်ပွားကူ - ပဉ္စမအဆင့် အလယ်အလတ်၊ အရက်ကူ - ပဉ္စမအဆင့် အလယ်အလတ်၊ ရွှေစားကူ - ပဉ္စမအဆင့် အထွတ်အထိပ်၊ စာအုပ်ကူ - သတ္တမအဆင့် အောက်ခြေအဆင့်၊ အိပ်မက်ဝိညာဉ်ကူ - ပဉ္စမအဆင့် အထွတ်အထိပ်၊ နဂါးဆင်ကူ - ပဉ္စမအဆင့် အထွတ်အထိပ်၊ ရွှေအလင်းအဆိပ်တစ်ထောင်ကူ - ပဉ္စမအဆင့် အလယ်အလတ်၊ တည်နေရာပြောင်းကူ - ပဉ္စမအဆင့် အလယ်အလတ်၊ အစီအရင်နှလုံးသားကူ - ပဉ္စမအဆင့် အထွတ်အထိပ်၊ ပစ္စည်းရှာဖွေကူ - ပဉ္စမအဆင့် အလယ်အလတ်၊ မိုးကြိုးကပ်ဘေးကူ - ပဉ္စမအဆင့် အထွတ်အထိပ်၊ ဆေးဝါးကူ - ပဉ္စမအဆင့် အလယ်အလတ်၊ ကံကြမ္မာကူ - ပဉ္စမအဆင့် အလယ်အလတ် ]
“မဆိုးဘူး။ ကူပိုးကောင်တိုင်း အဆင့်တက်သွားပုံပဲ...”
ကျိုးစွေ့မှာ အလွန်အမင်း ကျေနပ်နေလေသည်။
သူ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်ရှိ ကူပိုးကောင်များ၏ စွမ်းအားကလည်း တစ်ဆင့် ထပ်မံမြင့်တက်လာခဲ့၏။
‘စာအုပ်ကူ’ အကြောင်းကိုမူ ပြောစရာပင် မလိုတော့ပေ။ သတ္တမအဆင့် အောက်ခြေအဆင့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ ခန္ဓာကိုယ်ရှိ အစွမ်းအထက်ဆုံး ကူပိုးကောင်ဟု ဆိုနိုင်ပေသည်။ ‘‘ချစ်ခြင်းမေတ္တာကူ’’သည်လည်း ဆဋ္ဌမအဆင့် အလယ်အလတ်သို့ ရောက်ရှိသွားပြီ ဖြစ်၏။
အခြားသော ကူပိုးကောင်များသည်လည်း အသီးသီး အဆင့်တစ်ဆင့်စီ တက်သွားကြချေပြီ။
‘အစီအရင်နှလုံးသားကူ’ မှလွဲ၍ အခြားသော ကူပိုးကောင်များ၏ စွမ်းအားသည် မနည်းမနော တိုးတက်လာခဲ့လေသည်။
“ဖုန်းရှီးမြို့တော်ရဲ့ သတ္တမအဆင့် အစီအရင်ကို ထိန်းချုပ်ဖို့ဆိုတာ ထင်ထားသလောက် မလွယ်ကူဘူးပဲ...”
“အချိန်အများကြီး လိုအပ်ဦးမှာပဲ...”
“ဒါပေမဲ့ တစ်ကြိမ် ထိန်းချုပ်လိုက်နိုင်တာနဲ့ သတ္တမအဆင့် ‘အစီအရင်နှလုံးသားကူ’ ဖြစ်သွားမှာပဲ...”
“ဒါပေမဲ့ သတ္တမအဆင့် အစီအရင်ကို ထိန်းချုပ်ဖို့ ဒီလောက်ခက်ခဲနေမှတော့ ဆဋ္ဌမအဆင့် အစီအရင်တစ်ခုကို အရင်ရှာပြီး စမ်းကြည့်တာက ပိုကောင်းမယ်...”
“ဆဋ္ဌမအဆင့် ‘အစီအရင်နှလုံးသားကူ’ အဖြစ် အဆင့်တက်ပြီးမှ သတ္တမအဆင့် အစီအရင်ကို ထိန်းချုပ်ဖို့ ကြိုးစားရင်လည်း နောက်မကျသေးပါဘူး...”
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်လေသည်။
ဖုန်းရှီးမြို့တော် တစ်ခုလုံးတွင် သတ္တမအဆင့် အစီအရင်တစ်ခုတည်းသာ ရှိနေခြင်း မဟုတ်ပေ။ အချို့သော အရေးကြီးသည့် နေရာများတွင်လည်း ဆဋ္ဌမအဆင့် အစီအရင်များကို ချထားလေသည်။
ထိုအစီအရင်အားလုံးက ‘အစီအရင်နှလုံးသားကူ’ ၏ အစာများပင် ဖြစ်၏။
ရိုးသားစွာဆိုရလျှင် ပဉ္စမအဆင့် ‘အစီအရင်နှလုံးသားကူ’ ၏ စွမ်းအားဖြင့် သတ္တမအဆင့် အစီအရင်ကို သွားရောက်ထိန်းချုပ်ခြင်းက မိမိကိုယ်မိမိ အထင်ကြီးလွန်းရာ ကျနေသည်။
ပုရွက်ဆိတ်တစ်ကောင်က ဆင်ကို စိန်ခေါ်နေသည်နှင့် တူပေသည်။ ထို့ကြောင့် တဆင့်ချင်း တက်သွားခြင်းက ပို၍ ကောင်းမွန်လေသည်။
“ဟုတ်ပြီ။ ဒီသတင်းကို ချန်ဇီယွင်နဲ့ တခြားသူတွေကို အရင်ဆုံး ပြောပြထားလိုက်ဦးမယ်...”
“ဒါမှ သူတို့ အရမ်းကြီး စိတ်ပူမနေကြတော့မှာ...”
ကျိုးစွေ့က စိတ်ထဲတွင် ဆုံးဖြတ်လိုက်လေသည်။
‘စာအုပ်ကူ’သည် သတ္တမအဆင့် အောက်ခြေအဆင့်သို့ အဆင့်တက်သွားပြီးနောက်ပိုင်း သူသည် စာအုပ်ကူ၏ ပုံရိပ်ယောင်ကမ္ဘာမှတစ်ဆင့် ချန်ဇီယွင်တို့နှင့် ဆက်သွယ်နိုင်ရုံသာမက ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ပင် လူချင်းတွေ့ဆုံကာ အပြန်အလှန် စကားပြောဆိုနိုင်နေပြီ ဖြစ်၏။
ယခင်ကမူ သူသည် ကိုယ်ပွားမှတစ်ဆင့်သာ စကားပြောဆိုနိုင်ခဲ့ခြင်း ဖြစ်လေသည်။
မှန်ပေသည်၊ ဤသည်က တာအိုလက်တွဲဖော်များကိုလည်း စိတ်အေးသွားစေမည် ဖြစ်ပြီး မိမိမှာ တစ်စုံတစ်ခု အခက်အခဲကြုံနေရပြီဟု ထင်မှတ်နေကြတော့မည် မဟုတ်ပေ။