← Chapters

အခန်း (၇၀၉-၇၁၀)

Vol. 66 Ch. 709-710

အခန်း (၇၀၉-၇၁၀)

Vol. 66 Ch. 709-710

အခန်း (၇၀၉) - ယောက်ျားက စိတ်ဝိညာဉ်လောကမှာ ကိုယ်လုပ်တော်သုံးထောင်လောက် ယူထားတာတော့ မဟုတ်ပါဘူးနော်(၁)။

ယခုအချိန်တွင် ရွှမ်ဟွမ်ကမ္ဘာလောက၊ ရွှမ်ဟွမ်တောင်ထွတ်။

ကျိုးစွေ့၏ မူလခန္ဓာကိုယ် ထွက်ခွာသွားပြီးနောက် အချိန်တစ်နှစ်ကျော်ခန့် ကြာမြင့်ခဲ့လေပြီ။

မှန်ပေသည်၊ သူ၏ကိုယ်ပွားက ရှိနေဆဲဖြစ်သောကြောင့် ရွှမ်ဟွမ်ဂိုဏ်းတစ်ဂိုဏ်းလုံး မည်သည့်ထူးခြားမှုကိုမျှ မခံစားရချေ။

တပည့်များစွာက ဂိုဏ်းချုပ်ကြီးသည် ရွှမ်ဟွမ်ဂိုဏ်း၌ အမြဲတစေ စောင့်ကြပ်နေသည်ဟုသာ ထင်မှတ်ထားကြ၏။

ချန်ဇီယွင်၊ ချိုးရူယွီ၊ ယဲ့ဖေးရို စသည့် တာအိုလက်တွဲဖော်များသာလျှင် ကျိုးစွေ့၏ အစစ်အမှန်ခန္ဓာကိုယ်သည် ရွှမ်ဟွမ်ကမ္ဘာလောကမှ စောစီးစွာ ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း သိရှိကြပေသည်။

"ယောက်ျားဆီက သတင်းစကား ရောက်လာပြီ..."

ထိုအခိုက်မှာပင် ကျိပင်းယွီနှင့် အခြားသူများက ဝမ်းသာအားရ အော်ဟစ်လိုက်ကြပြီး ၎င်းတို့၏ မျက်နှာထက်၌ နှိုင်းယှဉ်မရနိုင်သော ဝမ်းမြောက်မှုတို့ ပြည့်နှက်နေလေသည်။

သူတို့သည် ပုံရိပ်ယောင်ကမ္ဘာထဲမှနေ၍ ကျိုးစွေ့ထံမှ သတင်းစကားကို ချက်ချင်းဆိုသလို ရရှိခဲ့ကြခြင်း ဖြစ်၏။

"ဟားဟား... ယောက်ျားက ကံကောင်းတဲ့သူမို့လို့ ဘာမှဖြစ်မှာမဟုတ်ဘူးဆိုတာ ကျွန်မသိနေပါတယ်..."

မုဇီယန်က အလွန်တရာ ဝမ်းသာသွားလေသည်။

"ယောက်ျားပြောစကားအရဆိုရင် သူက စိတ်ဝိညာဉ်လောကထဲကို ရောက်သွားတဲ့ပုံပဲ။ ပြီးတော့ စိတ်ဝိညာဉ်လောကက လူသားမျိုးနွယ်စုထဲကိုလည်း အဆင်ပြေပြေ ဝင်ရောက်နိုင်ခဲ့တယ်တဲ့..."

"ယောက်ျားက စိတ်ဝိညာဉ်လောကကို တက်လှမ်းသွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး..."

"မူလက ကျွန်မတို့ရဲ့ ရွှမ်ဟွမ်ကမ္ဘာလောက အဆင့်တက်သွားပြီးရင် နောက်ထပ် တက်လှမ်းတာမျိုး ရှိတော့မှာမဟုတ်ဘူးလို့ ထင်ထားခဲ့တာ..."

"ဒါပေမဲ့ နောက်ဆုံးတော့လည်း ယောက်ျားက စိတ်ဝိညာဉ်လောကကို သွားခဲ့ရတာပဲ..."

ရှားကျင်းယန်က သက်ပြင်းချရင်း ပြောလိုက်၏။

သို့သော် သူမသည် ချက်ချင်းဆိုသလို စိတ်အေးသွားရသည်။ မည်သို့ပင်ဖြစ်စေကာမူ ရောက်သွားခဲ့သည့်နေရာမှာ အခြားအန္တရာယ်များသော ကမ္ဘာ‌လောကများမဟုတ်ဘဲ ဝိညာဉ်လောကဖြစ်နေသောကြောင့်ပင်။

အနည်းဆုံးအနေဖြင့် ယခုအချိန်တွင် ခင်ပွန်းဖြစ်သူသည် ဘေးကင်းလုံခြုံနေပြီး အသက်အန္တရာယ်မရှိကြောင်း သက်သေပြနိုင်သည်။

"ယောက်ျားက ဒီတစ်ကြိမ် စိတ်ဝိညာဉ်လောကကိုသွားပြီးတော့ စိတ်ဝိညာဉ်လောက လူသားမျိုးနွယ်စုရဲ့ ကျင့်စဉ်အမွေအနှစ် အများကြီးကို ရရှိခဲ့တယ်လို့ ဆိုတယ်..."

"အဲဒီအထဲမှာ ချီသွေးကြောသိုင်းပညာ ကျင့်စဉ်တွေလည်း ပါဝင်တယ်..."

"ဒီကျင့်စဉ်တွေက သာမန်လူတွေကိုပါ ကျင့်ကြံနိုင်အောင် ကူညီပေးနိုင်တယ်။ အဆင့်မြင့်တဲ့အထိ ကျင့်ကြံနိုင်မယ်ဆိုရင် စိတ်ဝိညာဉ်အမြစ်ကိုတောင် မွေးဖွားပေးနိုင်သေးတယ်တဲ့..."

"ဒါ့ကြောင့် သာမန်လူတွေလည်း အင်မော်တယ်ကျင့်ကြံခြင်း လမ်းစဉ်ပေါ်ကို လျှောက်လှမ်းနိုင်သွားစေတာပေါ့..."

"ယောက်ျားက ဒီကျင့်စဉ်တွေကို အခြေခံပြီးတော့ ပိုပြီးသာလွန်တဲ့ သိုင်းပညာကျင့်စဉ်တစ်ခုကို ဖန်တီးခဲ့တယ်။ နာမည်ကတော့ ရွှမ်ဟွမ်ကျမ်းစာတဲ့..."

"ယောက်ျားက ကျွန်မတို့ကို ဒီရွှမ်ဟွမ်ကျမ်းစာ ဖြန့်ဝေဖို့ ကူညီစေချင်နေပုံပဲ..."

လန်ယွဲ့ရှီက အလွန်တရာ အံ့အားသင့်နေလေသည်။

သူမ၏ ခင်ပွန်းသည် စိတ်ဝိညာဉ်လောကသို့ သွားရောက်ပြီးနောက် ဤမျှများပြားသော အကျိုးကျေးဇူးများ ရရှိလာမည်ဟု မထင်မှတ်ထားခဲ့မိပေ။

စိတ်ဝိညာဉ်လောကတွင် သာမန်လူများပင် ကျင့်ကြံနိုင်သော ကျင့်စဉ်မျိုး ရှိနေခဲ့သည်လော။

စိတ်ဝိညာဉ်လောကဟု ခေါ်ဆိုရကျိုးနပ်ပေသည်။ ကမ္ဘာပေါင်းများစွာမှ လူသားမျိုးနွယ်စု၏ စွမ်းအားရှင်ကြီးများ စုဝေးရာဖြစ်ပြီး မရေမတွက်နိုင်သော ဉာဏ်ပညာဗဟုသုတများ ပေါင်းဆုံရာနေရာဖြစ်သောကြောင့် သာမန်လူများ ကျင့်ကြံနိုင်သည့် ကျင့်စဉ်များကိုပင် ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်၏။

သိထားရမည်မှာ ယခင်ကျင့်ကြံခြင်းလောကတွင် သာမန်လူများသည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ လျှောက်လှမ်းနိုင်ရန် လုံးဝမဖြစ်နိုင်ခဲ့ပေ။

ဤသည်မှာ ပြောင်းလဲ၍မရသော သံမဏိစည်းမျဉ်းတစ်ခု ဖြစ်ချေသည်။

သို့သော်ငြား ထိုကဲ့သို့သော သံမဏိစည်းမျဉ်းကို စိတ်ဝိညာဉ်လောကရှိ လူသားမျိုးနွယ်စုမှ စွမ်းအားရှင်ကြီးများက ပြောင်းလဲပစ်ခဲ့ကြလေသည်။

ကျင့်ကြံခြင်းလောကအတွင်း၌ အရာအားလုံးက ဖြစ်နိုင်ခြေရှိသည်ဟုသာ ဆိုရပေမည်။

ရာခိုင်နှုန်းပြည့် သေချာသောအရာဟူ၍ မရှိချေ။

"ယောက်ျားက ဘာလို့ ဒီလိုမျိုး လုပ်ချင်ရတာလဲ..."

"ရွှမ်ဟွမ်ကျမ်းစာက ကောင်းကင်နဲ့မြေကြီးရဲ့ ဖန်ဆင်းမှုကို လုယူနိုင်ပြီး သာမန်လူတွေကိုတောင် ကျင့်ကြံနိုင်အောင် ကူညီပေးနိုင်တဲ့ အတုမရှိကျင့်စဉ် ဖြစ်တာတော့ အမှန်ပဲ..."

"ပြဿနာက ငါတို့ရဲ့ ရွှမ်ဟွမ်ကမ္ဘာလောကမှာ လူသားကျင့်ကြံသူတွေ အရမ်းများလာတာက တကယ်ပဲ ကောင်းတဲ့ကိစ္စ ဟုတ်လို့လား..."

"လူတိုင်းလူတိုင်း ကျင့်ကြံနိုင်မယ်ဆိုရင် ကုန်ဆုံးသွားမယ့် အရင်းအမြစ်တွေကလည်း ရေတွက်လို့ရနိုင်မှာ မဟုတ်ဘူး..."

ရှန်ပိချန်က ဤသို့ပြုလုပ်ခြင်းသည် ကောင်းကျိုးမဖြစ်နိုင်ဘဲ ကြီးမားသော ဘေးအန္တရာယ်ကိုပင် ဆွဲဆောင်လာနိုင်သည်ဟု ယူဆလေသည်။

အဘယ်ကြောင့်ဆိုသော် ယခုလက်ရှိ ရွှမ်ဟွမ်ကမ္ဘာလောကသည် ဤမျှများပြားသော ကျင့်ကြံသူများကို လုံးဝမလိုအပ်သောကြောင့်ပင်။

စိတ်ဝိညာဉ်အမြစ်ပိုင်ဆိုင်သော ကျင့်ကြံသူများနှင့်ပင် လုံးဝလုံလောက်နေပြီ ဖြစ်၏။

"နင်က မဖြစ်သေးတာကို ကြိုပြီး ပူပန်နေလွန်းတယ်လို့ ငါထင်တယ်..."

"ရွှမ်ဟွမ်ကျမ်းစာက ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့အပြင် သာမန်လူတွေကိုပါ ကျင့်ကြံနိုင်အောင် ကူညီပေးနိုင်တဲ့ အံ့မခန်းကျင့်စဉ် ဖြစ်တာတော့ အမှန်ပဲ..."

"ဒါပေမဲ့ သာမန်လူတွေက ရွှမ်ဟွမ်ကျမ်းစာကို ကျင့်ကြံလိုက်ရုံနဲ့ သိုင်းပညာအစစ်အမှန် ရွှေအမြုတေအဆင့်ကို ရောက်သွားနိုင်မယ်လို့ သေချာပေါက် ပြောလို့ရပါ့မလား..."

"ယောက်ျားပြောစကားအရဆိုရင် စိတ်ဝိညာဉ်လောကထဲမှာတောင်မှ သာမန်လူတွေထဲက သိုင်းပညာအစစ်အမှန် ရွှေအမြုတေအဆင့်ကို တကယ်ကျင့်ကြံနိုင်တဲ့သူတွေက လူတစ်သောင်းမှာ တစ်ယောက်လောက်ပဲ ရှိတာ။ အများကြီး မရှိဘူး..."

"အများစုက ရှန်းထျန်းအဆင့်အထိ ကျင့်ကြံနိုင်ရင်ကိုပဲ မဆိုးဘူးလို့ မှတ်ယူရမှာ..."

"ရွှမ်ဟွမ်ကျမ်းစာ ပေါ်ထွက်လာတာက သာမန်လူတွေကို မျှော်လင့်ချက်လေး နည်းနည်းပေးလိုက်ရုံပါပဲ..."

လင်းယာကျူကမူ ဤကျင့်စဉ်ကို ဖြန့်ဝေခြင်းသည် ကြီးမားသော ပြဿနာမဟုတ်ဘဲ ရွှမ်ဟွမ်ကမ္ဘာလောကရှိ ကျင့်ကြံသူအရေအတွက်ကို ပေါက်ကွဲထွက်မတတ် တိုးပွားလာစေမည်မဟုတ်၊ အလွန်ဆုံး ကျင့်ကြံသူအနည်းငယ်မျှသာ တိုးလာမည်ဟု ထင်မြင်လေသည်။

သာမန်လူများ သိုင်းပညာရွှေအမြုတေအဆင့်သို့ ကျင့်ကြံရန်မှာ စိတ်ဝိညာဉ်အမြစ်ရှိသော ကျင့်ကြံသူများ ရွှေအမြုတေအဆင့်သို့ ကျင့်ကြံခြင်းထက် အဆပေါင်းများစွာ ပိုမိုခက်ခဲပေလိမ့်မည်။

"ငါကတော့ ယောက်ျားရဲ့ ရည်ရွယ်ချက်က ဒီလောက်တင်မကဘူးလို့ ထင်တယ်..."

"ယောက်ျားပြောစကားအရဆိုရင် လူသားမျိုးနွယ်စုက စိတ်ဝိညာဉ်လောကမှာ အားနည်းတဲ့ မျိုးနွယ်စုတစ်ခုဖြစ်ပြီး ထည့်ပြောစရာတောင် မလိုဘူးတဲ့..."

"စကြဝဠာကမ္ဘာပေါင်း သောင်းသိန်းချီကို ခြုံကြည့်မယ်ဆိုရင် လူသားမျိုးနွယ်စုက ပိုပြီးတော့တောင် သနားစရာကောင်းလောက်အောင် သေးသိမ်လွန်းနေသေးတယ်။ ဘယ်သူမှတောင် မကြားဖူးကြတဲ့ အနေအထားမျိုးမှာ ရှိနေတာ..."

"ဒါ့ကြောင့် ငါတို့ လူသားမျိုးနွယ်စုရဲ့ ကျင့်ကြံသူတွေက အရမ်းများနေတာမဟုတ်ဘဲ အရမ်းကို နည်းပါးလွန်းနေတာပဲ..."

"ငါတို့ရဲ့ ရွှမ်ဟွမ်ကမ္ဘာလောကမှာ အရင်းအမြစ်တွေက ဒီလောက်လေးပဲရှိတယ်လို့ မထင်လိုက်နဲ့။ လေဟာနယ်ဟင်းလင်းပြင်ကြီးတစ်ခုလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် အရင်းအမြစ်တွေက ကုန်ဆုံးနိုင်ဖွယ်မရှိအောင်ကို များပြားလွန်းတယ်..."

"နောင်တစ်ချိန်မှာ ငါတို့က ရွှမ်ဟွမ်ကမ္ဘာလောကထဲမှာပဲ ကန့်သတ်ခံထားရမှာ မဟုတ်ဘူး။ တခြားကမ္ဘာ‌လောကတွေကို သွားရောက်ပြီးတော့ အရင်းအမြစ်တွေကို ရယူနိုင်ကောင်း ရယူနိုင်မှာပဲ..."

"စိတ်ဝိညာဉ်လောကဆီကိုတောင် တိုက်ခိုက်ပြီး စိတ်ဝိညာဉ်လောကရဲ့ နယ်မြေတွေကို လုယူနိုင်သလို စိတ်ဝိညာဉ်လောကရဲ့ အရင်းအမြစ်တွေကိုလည်း လုယက်နိုင်သေးတယ်..."

"ဒီလိုဆိုမှတော့ သဘာဝကျကျ ငါတို့ရဲ့ ရွှမ်ဟွမ်ကမ္ဘာလောကက ကျင့်ကြံသူတွေ ပိုများလေ ပိုကောင်းလေပဲပေါ့..."

"မဟုတ်ရင် လူအင်အားမလုံလောက်တဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ရလိမ့်မယ်..."

သခင်မမက်မွန်ပွင့်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

ဤစကားထွက်ပေါ်လာသည်နှင့် မိန်းမပျိုများအားလုံး၏ မျက်လုံးများက ချက်ချင်း အရောင်လက်သွားကြပြီး ဤသည်မှာ အလွန်ပင် အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရလေသည်။

ဤသည်မှာ သူတို့၏ ခင်ပွန်းဖြစ်သူ စဉ်းစားတွေးတောနေသည့် အရာများပင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

"ကျွန်မက အမြင်တိမ်လွန်းသွားတာပါ။ ယောက်ျားက ဒီလောက်အထိ အမြော်အမြင်ကြီးမားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး..."

"ကြည့်ရတာ ယောက်ျားကို ကူညီပြီး ရွှမ်ဟွမ်ကျမ်းစာကို အဆက်မပြတ် ဖြန့်ဝေပေးဖို့ လိုအပ်လိမ့်မယ်..."

"အကောင်းဆုံးကတော့ သာမန်လူတွေအားလုံး ရွှမ်ဟွမ်ကျမ်းစာကို ကျင့်ကြံကြဖို့ပဲ..."

ရှန်ပိချန်က သက်ပြင်းချရင်း ရေရွတ်လိုက်လေသည်။

သူမ၏အမြင်က ရွှမ်ဟွမ်ကမ္ဘာလောက၌သာ ကန့်သတ်ခံထားရချိန်တွင် ခင်ပွန်းဖြစ်သူမှာ စကြဝဠာကမ္ဘာပေါင်း သောင်းသိန်းချီအထိ မျှော်ကြည့်နေခဲ့လေပြီ။

သာမန်လူများအတွက်ဆိုလျှင် ကမ္ဘာများအကြား ဖြတ်သန်းသွားလာရန် မဖြစ်နိုင်ပေ။

သို့သော် သူမ၏ခင်ပွန်းအတွက်မူ ဤသည်မှာ ခက်ခဲသောအရာ ဖြစ်ချင်မှဖြစ်မည်သာ။

"ငါတို့တွေ တိုက်ကြီးတိုင်းမှာ ကျောက်တိုင်တွေ တိုက်ရိုက် တည်ဆောက်လိုက်ရင်ရော ဘယ်လိုလဲ..."

"အဲဒီကျောက်တိုင်တွေပေါ်မှာ ရွှမ်ဟွမ်ကျမ်းစာရဲ့ အကြောင်းအရာတွေကို ထွင်းထုထားလိုက်မယ်လေ..."

"သာမန်လူတွေက ကျောက်တိုင်တွေဆီ လာပြီးတော့ ရွှမ်ဟွမ်ကျမ်းစာကို ကျင့်ကြံနိုင်တာပေါ့..."

"ဒီလိုဆိုရင်တော့ ရွှမ်ဟွမ်ကျမ်းစာက လောကတစ်ခွင်လုံးကို ပျံ့နှံ့သွားနိုင်ပြီ..."

"ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားချင်တဲ့သူတွေက ဖုံးကွယ်ထားပြီး သာမန်လူတွေကို မကျင့်ကြံနိုင်အောင် လုပ်လို့လည်း မရတော့ဘူးပေါ့..."

"ဒါကလည်း လောကတစ်ခွင်လုံးကို သိုင်းပညာဖြန့်ဝေလိုက်တာနဲ့ အတူတူပဲ..."

ချူတျဲယီက သူမ၏ အကြံဉာဏ်ကို တင်ပြလိုက်‌သည်။

အဘယ်ကြောင့်ဆိုသော် ရွှမ်ဟွမ်ဂိုဏ်းမှ ကျင့်စဉ်ကို သင်ကြားပေးမည်ဆိုလျှင် နှစ်ပေါင်းမည်မျှကြာမှ ရွှမ်ဟွမ်ကမ္ဘာလောကတစ်ခုလုံးသို့ ပျံ့နှံ့သွားမည်ကို မသိနိုင်သောကြောင့်ပင်။

သို့သော် ကျောက်တိုင်များကိုသာ တည်ဆောက်လိုက်မည်ဆိုပါက သာမန်လူများအားလုံး သွားရောက်လေ့လာကာ ကျင့်ကြံနိုင်မည် ဖြစ်၏။

ဤသို့ပြုလုပ်မှသာလျှင် သာမန်လူတိုင်း ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ လျှောက်လှမ်းနိုင်ပေလိမ့်မည်။

"ကောင်းလိုက်တာ... ချူအစ်မကြီးလို့ ခေါ်ရကျိုးနပ်ပါ့..."

"ဒါက တကယ့်ကို အမြော်အမြင်ရှိတဲ့ အကြံအစည်ပဲ..."

ချွန်းထောင်၊ ရှားထောင်၊ ချိုးထောင်နှင့် တုန်းထောင်တို့၏ မျက်လုံးများမှာ ချက်ချင်း အရောင်လက်သွားကြ‌သည်။

သူတို့သည်လည်း ယခင်က သာမန်လူများ ဖြစ်ခဲ့ကြရာ သဘာဝကျစွာပင် ထိုအင်မော်တယ်ကျင့်ကြံရေး မိသားစုများ မည်သို့တွေးတောကြမည်ကို သိရှိထားကြသည်။

ဤမျှ လျှို့ဝှက်နက်နဲသော ကျင့်စဉ်ကို သူတို့က ဖုံးကွယ်ထားရန်ပင် အချိန်မရဖြစ်နေကြမည်ဖြစ်ရာ ထိုအောက်ခြေလူတန်းစားများကို မည်သို့လုပ် သင်ကြားပေးနိုင်ပါမည်နည်း။

ယခုကဲ့သို့ တိုက်ရိုက်ထုတ်ပြန်လိုက်ခြင်းဖြင့် ကျင့်ကြံရေးမိသားစုများစွာက ဖုံးကွယ်ထားလိုလျှင်တောင်မှ မဖြစ်နိုင်တော့ချေ။

ဤသည်ကသာ လောကတစ်ခွင်လုံးကို စစ်မှန်သော အကျိုးကျေးဇူး ခံစားစေခြင်း ဖြစ်ပေသည်။

"ဒါပေမဲ့ ယောက်ျားက ဝိညာဉ်လောကကနေ ဘယ်တော့လောက် ပြန်လာမှာလဲ..."

"ဝိညာဉ်လောကမှာ အလှမယ်တွေ အများကြီးရှိတယ်လို့ ကြားဖူးတယ်။ ခင်ပွန်းက ဝိညာဉ်လောကမှာ ပျော်ပါးနေပြီး အိမ်ပြန်ဖို့ မေ့နေတာတော့ မဟုတ်ပါဘူးနော်..."

ရှရွှေယန်သည် ကျိုးစွေ့တစ်ယောက် စိတ်ဝိညာဉ်လောက၌ ကိုယ်လုပ်တော်သုံးထောင်မျှ ယူကာ မိန်းမများဝိုင်းရံနေပြီး သူတို့အတွက် ညီမငယ်များစွာ ရှာဖွေပေးနေပြီလောဟု အလွန်ပင် သံသယဝင်နေမိတော့သည်။

သူမတို့ခင်ပွန်း၏ စရိုက်လက္ခဏာ သို့မဟုတ် ဆွဲဆောင်မှုအရဆိုလျှင် ထိုဝိညာဉ်လောကမှ အလှမယ်များအနေဖြင့် မည်သို့မျှ ခုခံနိုင်စွမ်း ရှိကြမည်မဟုတ်ပေ။

"ဒီကိစ္စကတော့... ယောက်ျားအနေနဲ့ စိတ်ဝိညာဉ်လောကကနေ ပြန်လာချင်ရင်တောင် ထင်ထားသလောက်တော့ လွယ်မှာမဟုတ်ဘူး..."

"အနည်းဆုံးတော့ ကမ္ဘာဖြတ်ကျော် တည်နေရာပြောင်းအစီအရင်ကို တည်ဆောက်နိုင်မှ အောင်မြင်နိုင်မှာ..."

"ဒါကလည်း နေ့ချင်းညချင်း လုပ်နိုင်တဲ့ကိစ္စမျိုးမှ မဟုတ်တာ..."

ယဲ့ဖေးရိုက ကူကယ်ရာမဲ့စွာ ပြောလိုက်၏။

သူမလည်း ဤပွေရှုပ်တတ်သော အမျိုးသားကို ချက်ချင်းဆိုသလို သွားရောက်ခေါ်ဆောင်လာချင်သော်လည်း ဤသည်မှာ သိသိသာသာပင် မဖြစ်နိုင်သောအရာ ဖြစ်နေချေပြီ။

"ဒီလိုဆိုမှတော့ ယောက်ျားနဲ့ နောက်တစ်ကြိမ် ပြန်တွေ့နိုင်ဖို့အတွက် အချိန်အတော်ကြာ စောင့်ရတော့မှာပေါ့..."

ချန်ဇီယွင်က သက်ပြင်းချရင်း ပြောလိုက်လေသည်။

"ကိစ္စမရှိပါဘူး။ ငါတို့အားလုံးက ကျင့်ကြံသူတွေပဲလေ။ အချိန်တွေက အများကြီး ကျန်ပါသေးတယ်..."

"ပြီးတော့ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေအနေနဲ့ အနည်းဆုံး နှစ်ပေါင်းခြောက်ထောင်လောက် အသက်ရှင်နိုင်တယ်လေ..."

"အကယ်လို့ လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းဖို့ အခွင့်အရေးရှိခဲ့မယ်ဆိုရင် သက်တမ်းက ပိုပြီးတော့တောင် များလာဦးမှာပဲ..."

"ယောက်ျားရဲ့ စွမ်းရည်အရဆိုရင် အနှစ်တစ်ထောင်တောင် ကြာမှာမဟုတ်ဘူး။ ရွှမ်ဟွမ်ကမ္ဘာလောကကို ပြန်လာနိုင်မယ်လို့ ငါ ယုံကြည်တယ်..."

ချိုးရူယွီက လေးနက်သောအသံဖြင့် ပြောလိုက်၏။

သူမ၏အမြင်တွင် ခင်ပွန်းဖြစ်သူ၏ ပါရမီအရ လေဟာနယ်သန့်စင်ခြင်းအဆင့်၊ သို့မဟုတ် ခန္ဓာကိုယ်ပေါင်းစည်းခြင်းအဆင့်အထိ ကျင့်ကြံနိုင်မည်ဆိုပါက ကမ္ဘာဖြတ်ကျော် တည်နေရာပြောင်းအစီအရင်ကိုပင် လိုအပ်မည်မဟုတ်ဘဲ ရွှမ်ဟွမ်ကမ္ဘာလောကသို့ ပြန်လာနိုင်မည်ဟု ထင်မြင်မိ‌သည်။

ဤသည်မှာ အချိန်ပြဿနာတစ်ခုသာဖြစ်ပြီး ဘာမျှမဟုတ်ချေ။

"ငါတို့ အခုလုပ်ဖို့ လိုအပ်တာက အရမ်းကို ရိုးရှင်းတယ်။ အဲဒါကတော့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ဖို့ပဲ..."

"ပြီးတော့ ရွှမ်ဟွမ်ဂိုဏ်းရဲ့ အင်အားကိုလည်း တစ်ပါတည်း မြှင့်တင်ရမယ်..."

"ရွှမ်ဟွမ်ဂိုဏ်းကို ရွှမ်ဟွမ်ကမ္ဘာလောကရဲ့ စစ်မှန်တဲ့ အရှင်သခင်ဖြစ်လာအောင် လုပ်ရမယ်..."

မိန်းမပျိုလေးများအားလုံးမှာ သူတို့၏ လက်သီးလေးများကို ဆုပ်လိုက်ကြပြီး လှပသော မျက်ဝန်းနက်များ၏ အနက်ရှိုင်းဆုံးနေရာ၌ အဆုံးမဲ့သော တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာကြ‌တော့သည်။

…………

အခန်း (၇၁၀) - ယောက်ျားက စိတ်ဝိညာဉ်လောကမှာ ကိုယ်လုပ်တော်သုံးထောင်လောက် ယူထားတာတော့ မဟုတ်ပါဘူးနော်(၂)။

မကြာမီအချိန်အတွင်းမှာပင် ရွှမ်ဟွမ်ကျမ်းစာနှင့် ပတ်သက်သောသတင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ရွှမ်ဟွမ်ဂိုဏ်းတစ်ဂိုဏ်းလုံးသို့ ရောက်ရှိသွား‌သည်။

ရွှမ်ဟွမ်ဂိုဏ်းအပြင်ဘက်ရှိ မိသားစုများစွာနှင့် ဂိုဏ်းများကပင် ချက်ချင်းဆိုသလို သိရှိသွားကြကာ မသိသူမရှိသလောက် အနေအထားအထိ ရောက်ရှိသွားလေသည်။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူတို့၏ အကျိုးစီးပွားများနှင့် တိုက်ရိုက် သက်ဆိုင်နေသောကြောင့်ပင်။

"ဆရာ... ဂိုဏ်းချုပ်ကြီးက ကျုပ်တို့ကို ရွှမ်ဟွမ်ကျမ်းစာ ဖြန့်ဝေခိုင်းတဲ့ကိစ္စကို ဘယ်လိုမြင်လဲ။ အပြင်ဘက်မှာတော့ အုတ်အော်သောင်းနင်း ဖြစ်နေကြပြီနော်..."

ကုယုံတောင်ထွတ်မှ အကြီးအကဲ ကျောက်ဟွမ်ကျန်းက သူ၏ဆရာဖြစ်သူ ဝူဝေတာအိုအရှင်အား ကြည့်ရင်း သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်၏။

"ဂိုဏ်းချုပ်ကြီးက တကယ့်ကို ကောင်းကင်ဘုံက ပေးသနားထားတဲ့ ပါရမီရှင်ပဲ။ သာမန်လူတွေတောင် ကျင့်ကြံနိုင်တဲ့ ပြိုင်ဘက်ကင်းကျင့်စဉ်ကို ဖန်တီးနိုင်ရုံမကဘူး၊ အင်မော်တယ်ကျင့်ကြံခြင်းလောကရဲ့ နှစ်သန်းပေါင်းများစွာ ကြာမြင့်နေတဲ့ ပြဿနာကြီးကို ဖြေရှင်းနိုင်ခဲ့တာ တကယ့်ကို ယုံနိုင်စရာမရှိဘူး..."

ဝူဝေတာအိုအရှင်သည် ဤကျင့်စဉ် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရချိန်တွင် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။

သူ အသက်ရှင်လာသည့် နှစ်ပေါင်းများစွာတစ်လျှောက် စိတ်ဝိညာဉ်အမြစ်ရှိမှသာ ကျင့်ကြံနိုင်သည်ဆိုသော အချက်သည် လုံးဝချိုးဖျက်၍မရသော သံမဏိစည်းမျဉ်းတစ်ခုဟု ထင်မှတ်ထားခဲ့သည်။

သို့သော် ယခုမူကား ထိုသံမဏိစည်းမျဉ်းကြီးကို ဂိုဏ်းချုပ်ကြီးက လွယ်ကူစွာပင် ချိုးဖျက်ပစ်လိုက်လေရာ တကယ်ကို စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေတော့၏။

"ဒါပေမဲ့ ဒီလိုလုပ်တာက ဘာအဓိပ္ပာယ်ရှိလို့လဲ..."

"သာမန်လူတွေ ကျင့်ကြံနိုင်ပြီး စိတ်ဝိညာဉ်အမြစ်တွေ ပိုင်ဆိုင်လာရင်တောင် ကျွန်တော်တို့ ရွှမ်ဟွမ်ဂိုဏ်းအတွက် သိပ်ကောင်းတဲ့ကိစ္စလို့ မဆိုနိုင်ဘူးမလား..."

ကျောက်ဟွမ်ကျန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။

"မိုက်မဲလိုက်တာ၊ မင်းက ဘာသိလို့လဲ..."

"ဂိုဏ်းချုပ်ကြီးက ကံကြမ္မာပညာရပ်တွေကို ကျွမ်းကျင်တဲ့ ကျင့်ကြံသူတစ်ပါးဆိုတာ အသေအချာပဲ..."

"သူလုပ်သမျှအရာရာတိုင်းက ရွှမ်ဟွမ်ဂိုဏ်းရဲ့ ကံကြမ္မာအရှိန်အဝါကို တိုးတက်စေဖို့ ကူညီပေးနေပြီး ရွှမ်ဟွမ်ဂိုဏ်းကို အကျိုးကျေးဇူးတွေ အဆုံးအစမရှိ ရရှိစေတာပဲ..."

"ပုံမှန်ဆိုရင် မင်း ဝိညာဉ်သန္ဓေသားအဆင့်အထိ ကြီးထွားလာတာနဲ့ မင်းခန္ဓာကိုယ်ပေါ်က ကံကြမ္မာအရှိန်အဝါတွေ သေချာပေါက် အများကြီး ကုန်ဆုံးသွားမှာပဲ..."

"ကံကြမ္မာအရှိန်အဝါတွေ ကုန်ခန်းသွားတာနဲ့ မင်းလည်း သေဆုံးပြီး တာအိုလမ်းစဉ်ကနေ ပျောက်ကွယ်သွားရလိမ့်မယ်..."

"ဒါပေမဲ့ ရွှမ်ဟွမ်ဂိုဏ်းထဲကို ဝင်ရောက်လာကတည်းက မင်းခန္ဓာကိုယ်ပေါ်က ကံကြမ္မာအရှိန်အဝါတွေဟာ တစ်ကြိမ်တစ်ခါမှ မလျော့ပါးသွားတဲ့အပြင် ပိုပိုပြီးတော့တောင် များပြားလာသေးတယ်..."

"အခုဆိုရင် အထွတ်အထိပ်ကာလကိုတောင် ရောက်နေပြီ..."

"ဂိုဏ်းချုပ်ကြီး ဒီလိုလုပ်တာက ဂိုဏ်းရဲ့ ကံကြမ္မာအရှိန်အဝါကို မြှင့်တင်ပြီး ငါတို့ ရွှမ်ဟွမ်ဂိုဏ်းကို ကြီးစိုးသူနေရာမှာ အခိုင်အမာရပ်တည်နိုင်အောင် လုပ်ဆောင်တာ ဖြစ်ရမယ်..."

"စဉ်းစားကြည့်လေ၊ ကမ္ဘာပေါ်က သာမန်လူတွေအားလုံး ငါတို့ ရွှမ်ဟွမ်ဂိုဏ်းရဲ့ ကျင့်စဉ်တွေကို ကျင့်ကြံကြမယ်ဆိုရင် ကမ္ဘာသူကမ္ဘာသားတွေအားလုံးက ငါတို့ ရွှမ်ဟွမ်ဂိုဏ်းကို ခေါင်းဆောင်အဖြစ် သတ်မှတ်ကြတော့မှာ မဟုတ်ဘူးလား..."

ဝူဝေတာအိုအရှင်က သူ၏ဖြူမွဲမွဲ မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း ခပ်တိုးတိုး ပြောလိုက်၏။

"ဒီလောက်ကြီးမားတဲ့ ရည်မှန်းချက်က တကယ်ပဲ အရေးကြီးလို့လား..."

"အင်မော်တယ်ကျင့်ကြံတဲ့ လောကမှာ ဆရာပဲ ကျင့်ကြံမှုအဆင့်က အရေးအကြီးဆုံးလို့ ပြောခဲ့တာ မဟုတ်ဘူးလား..."

"အင်အားမရှိရင် ဘယ်လိုနာမည်ဂုဏ်သတင်းကမှ အသုံးမဝင်ဘူးလေ..."

ကျောက်ဟွမ်ကျန်းက ပဟေဠိဖြစ်စွာဖြင့် မေးလိုက်ပြန်သည်။

"မှန်တယ်၊ အားနည်းသူတွေအတွက် နာမည်ဂုဏ်သတင်းဆိုတာ သဘာဝကျကျ သိပ်အသုံးမဝင်လှဘူး..."

"ဒါပေမဲ့ ခွန်အားကြီးမားသူတွေအတွက်တော့ ကျားသတ္တဝါ အတောင်ပံပေါက်လာသလို ပိုပြီး အင်အားတောင့်တင်းသွားစေတာပေါ့..."

ဝူဝေတာအိုအရှင်က အပြုံးရိပ်ဖြင့် ပြောလိုက်၏။

…………

အခြားတစ်ဖက်၌…။

"ဆရာ၊ ဂိုဏ်းချုပ်ကြီးက ဒီလောက်အထိ အစွမ်းထက်ပြီး ဒီလိုကျင့်စဉ်မျိုးကိုတောင် ဖန်တီးနိုင်လိမ့်မယ်လို့ မထင်ထားမိဘူး..."

"သာမန်လူတွေကိုပါ ကျင့်ကြံနိုင်စေသတဲ့လား..."

"ကြားဖူးတာတော့ စိတ်ဝိညာဉ်လောကမှာလည်း အလားတူကျင့်စဉ်မျိုး ရှိတယ်ဆို၊ ဟုတ်လား ဆရာ..."

စုန့်ဖျင်အန်းက သိလိုစိတ်ပြင်းစွာဖြင့် မေးလိုက်လေသည်။

သူ၏ဆရာဖြစ်သူ အရက်တာအိုအရှင်မှာ စိတ်ဝိညာဉ်လောကရှိ လူသားမျိုးနွယ်ထဲမှ လေဟာနယ်သန့်စင်ခြင်းအဆင့် ပညာရှင်တစ်ပါး ဖြစ်သောကြောင့် စိတ်ဝိညာဉ်လောကနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းရှင်းလင်းလင်း သိထားမည်မှာ သဘာဝပင် ဖြစ်ပေသည်။

"အမှန်ပဲ၊ ဝိညာဉ်လောကမှာ သာမန်လူတွေကို စိတ်ဝိညာဉ်အမြစ်တွေ စုစည်းခွင့်ပေးတဲ့ အလားတူကျင့်စဉ်မျိုး တကယ်ပဲရှိတယ်..."

"ဒါပေမဲ့ အဲဒါက ဝိညာဉ်လောကက လူသားမျိုးနွယ်တွေ နှစ်ပေါင်းသန်းချီ ကြာမြင့်ခဲ့ပြီး ကျွမ်းကျင်သူအများအပြား ပူးပေါင်းဖန်တီးထားလို့ ထွက်ပေါ်လာတဲ့ ကျင့်စဉ်ပဲ..."

"ဒါပေမဲ့ ဒီကောင်လေးက ဘယ်လောက်တောင် ကြာသေးလို့ ဝိညာဉ်လောကက လူသားမျိုးနွယ်တွေရဲ့ သိုင်းကျင့်စဉ်နဲ့ ယှဉ်နိုင်တဲ့ကျင့်စဉ်မျိုးကို ဖန်တီးနိုင်ရတာလဲ..."

"ဒါကို သူ ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ..."

အရက်တာအိုအရှင်ကိုယ်တိုင်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး ဤရွှမ်ဟွမ်ကျမ်းစာကို မြင်တွေ့လိုက်ရချိန်တွင် များစွာ အံ့အားသင့်သွားခဲ့ရ‌သည်။

ဝိညာဉ်လောကရှိ လူသားမျိုးနွယ်များ ဖန်တီးထားသည့် ချီသွေးကြောသိုင်းကျင့်စဉ်နှင့် ယှဉ်လျှင်ပင် ဤကျင့်စဉ်သည်က အဆပေါင်းများစွာ ပိုကောင်းကြောင်း သူ နားလည်ထားသည်။

အခြေခံလေ့လာရန် လွယ်ကူရုံသာမက သာမန်လူများ၏ အုတ်မြစ်ကိုလည်း ခိုင်မာစေပြီး ပိုမိုမြင့်မားသည့် အဆင့်ရှိသော စိတ်ဝိညာဉ်အမြစ်များကို စုစည်းပေးနိုင်လေသည်။

ပြဿနာမှာ ဝိညာဉ်လောကသည် ယနေ့ကဲ့သို့ အောင်မြင်မှုမျိုးရရှိရန် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာအား အဆင့်ဆင့်ကျော်ဖြတ်ခဲ့ရခြင်း ဖြစ်သည်။

ယခုမူကား ဤရွှမ်ဟွမ်ဘိုးဘေးသည် တစ်ကိုယ်တော်စွမ်းရည်သက်သက်ဖြင့် ဤမျှသော အံ့မခန်းကျင့်စဉ်မျိုးကို ဖန်တီးနိုင်ခဲ့ခြင်းက တကယ်ကို စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေပေသည်။

"ဒီလိုဆိုတော့ ဂိုဏ်းချုပ်ကြီးက တကယ်ပဲ အင်မော်တယ်ဝင်စားသူ ဖြစ်နေတာများလား..."

စုန့်ဖျင်အန်းက ပြောလိုက်၏။

"သေချာတော့ မပြောတတ်ဘူး..."

"အဲဒီရွှမ်ဟွမ်ဘိုးဘေးက အင်မော်တယ်ဝင်စားသူ ဖြစ်ခဲ့ရင် သဘာဝကျကျပဲ အရမ်းကြောက်စရာကောင်းတာပေါ့..."

"ဒါပေမဲ့ အင်မော်တယ်ဝင်စားသူသာ မဟုတ်ခဲ့ရင် ပိုပြီးတော့တောင် လန့်စရာကောင်းနေလိမ့်ဦးမယ်..."

အရက်တာအိုအရှင်က လေးနက်သောအသံဖြင့် ရှင်းပြလိုက်သည်။

"ဒါက..."

စုန့်ဖျင်အန်းမှာ အာစေးမိသွားသကဲ့သို့ မည်သို့မျှ ဆက်မပြောနိုင်တော့ပေ။ သူ၏ဆရာပြောသကဲ့သို့ပင် ဂိုဏ်းချုပ်ကြီး၏ ဇာတ်မြစ်က မည်သို့ပင်ဖြစ်နေစေကာမူ သူသည် စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသော ပါရမီရှင်တစ်ဦး ဖြစ်သည်မှာ အငြင်းပွားစရာမရှိပေ။

…………

ယန်မိုတောင်ထွတ်။

“ရွှမ်ဟွမ်ကျမ်းစာတဲ့လား... သာမန်လူတွေကိုပါ စိတ်ဝိညာဉ်အမြစ် စုစည်းနိုင်စေတယ်ဆိုတော့ ဒီလောက်အထိ ထူးခြားဆန်းကြယ်တဲ့ ကျင့်စဉ်မျိုး ဖန်တီးနိုင်လိမ့်မယ်လို့ တကယ်ကို ထင်မထားမိဘူး...”

“ရှေးဟောင်းခေတ်တုန်းကသာ ဒီလိုကျင့်စဉ်မျိုး ထွက်ပေါ်လာခဲ့ရင် ရှေးဟောင်းခေတ်က လူသားမျိုးနွယ်တွေ ဒီလောက်အထိ အဖြစ်ဆိုးခဲ့မှာ မဟုတ်ဘူး...”

ကျောက်ယန်ကိုယ်တိုင်လည်း ရွှမ်ဟွမ်ကျမ်းစာကို မြင်တွေ့လိုက်ရချိန်တွင် သူ၏ရင်တွင်း၌ များစွာ ခံစားသွားရသည်။

သူ၏မျက်နှာအမူအရာသည်လည်း အလွန်ရှုပ်ထွေးနေတော့၏။

ဤအချိန်၌ကား အတိတ်က သူ၏မိသားစုဝင်များကို ပြန်လည်သတိရသွားမိသည်။

ယခင်တုန်းက သူ၏မိသားစုတွင် ညီအစ်ကိုမောင်နှမများစွာ ရှိခဲ့သော်လည်း တကယ့်တကယ်တမ်း စိတ်ဝိညာဉ်အမြစ် ပိုင်ဆိုင်သူမှာ သူတစ်ဦးတည်းသာ ရှိခဲ့သည်။

ကျန်ရှိနေသော ညီအစ်ကိုမောင်နှမများမှာ စိတ်ဝိညာဉ်အမြစ်မရှိသဖြင့် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ မလျှောက်လှမ်းနိုင်ခဲ့ကြပေ။

နှစ်တစ်ရာမျှကြာသောအခါ သူတို့၏ သက်တမ်းကုန်ဆုံးကာ သေဆုံးသွားခဲ့ကြရသည်။

အကယ်၍ ယခင်တုန်းကသာ သူတို့လည်း ဤရွှမ်ဟွမ်ကျမ်းစာကို ရရှိခဲ့မည်ဆိုပါက ဤမျှလောက် နောင်တရစရာကောင်းမည် မဟုတ်တော့ပေ။

အချိန်အခါနှင့် ကံကြမ္မာအရ သူ၏ ညီအစ်ကိုမောင်နှမများမှာ ဤခေတ်ကာလအထိ အသက်မရှင်နိုင်ခဲ့ခြင်းကိုသာ အပြစ်တင်ရပေတော့မည်။

"ဒါပေမဲ့ ဒီလိုအချိန်အခါမျိုးမှာ ရွှမ်ဟွမ်ကျမ်းစာကို ထုတ်ပြန်ပြီး သာမန်လူတွေပါ ကျင့်ကြံနိုင်အောင် ဒီကျင့်စဉ်ကို အင်တိုက်အားတိုက် ဖြန့်ဝေနေတာက..."

"ဒါက တကယ်တမ်း ဘာကြောင့်များလဲ..."

"ရွှမ်ဟွမ်ဂိုဏ်းက နတ်ဆိုးမျိုးနွယ်တွေကို အနိုင်ယူပြီး ရွှမ်ဟွမ်ကမ္ဘာလောကရဲ့ ပြိုင်ဘက်ကင်းအရှင်သခင် ဖြစ်လာခဲ့ပြီပဲဟာ..."

"ကမ္ဘာတစ်ခုလုံးမှာ ယှဉ်နိုင်တဲ့သူမရှိတော့တာ သေချာနေရက်နဲ့ ဘာလို့ ဒီအချိန်မှာ သာမန်လူတွေရဲ့ အင်အားကို မြှင့်တင်ဖို့ လိုအပ်နေရတာလဲ..."

"အနာဂတ်မှာ ကပ်ဘေးကြီးတစ်ခုခု ပေါ်ပေါက်လာဖို့ ရှိနေလို့ ဂိုဏ်းချုပ်ကြီးက ဒီလောက်အထိ စိုးရိမ်တကြီးနဲ့ သာမန်လူတွေရဲ့ အင်အားကိုပါ မြှင့်တင်နေရတာများလား..."

ကျောက်ယန်က သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်၏။

ပုံမှန်မဟုတ်သော ကိစ္စရပ်များ၏ နောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်ခုခု ရှိစမြဲဖြစ်ကြောင်း သူ ခံစားမိလေသည်။

သာမန်အားဖြင့်ဆိုလျှင် အင်မော်တယ်ကျင့်ကြံသူများမှာ တစ်ကိုယ်ကောင်းဆန်တတ်ကြပြီး အများပြည်သူကို အကျိုးပြုမည့် ကိစ္စရပ်များကို လုပ်ဆောင်လေ့ မရှိကြပေ။

အကယ်၍ ဤကဲ့သို့သော ကိစ္စမျိုးကို တကယ်တမ်း လုပ်ဆောင်လာပြီဆိုလျှင် သေချာပေါက် တခြားရည်ရွယ်ချက် တစ်ခုခု ရှိနေ၍သာ ဖြစ်ရမည်။

သေချာသည်မှာ ရွှမ်ဟွမ်ဂိုဏ်းသည် လမ်းမှန်ဂိုဏ်းကြီးတစ်ခုဖြစ်ပြီး လမ်းမှားသို့ လျှောက်လှမ်းနေသော ဂိုဏ်းတစ်ခုမဟုတ်ရာ ဤကျင့်စဉ်ကို အသုံးပြု၍ သာမန်လူများအား ဒုက္ခပေးရန်မှာ သဘာဝကျကျပင် မဖြစ်နိုင်ချေ။

ထို့ကြောင့် စဉ်းစားဆင်ခြင်ကြည့်ပြီးနောက် အကြောင်းပြချက် တစ်ခုတည်းသာ ကျန်ရှိတော့သည်။

၎င်းမှာ ရွှမ်ဟွမ်ကမ္ဘာလောက၌ အနာဂတ်တွင် ကပ်ဘေးကြီးတစ်ခု ပေါ်ပေါက်လာနိုင်ခြေ ရှိနေခြင်းပင် ဖြစ်၏။

ဤအကြောင်းကြောင့်သာ ရွှမ်ဟွမ်ဂိုဏ်းချုပ်က သာမန်လူများပါ ကျင့်ကြံနိုင်စေရန်နှင့် သူတို့၏အင်အားများကို မြှင့်တင်ပေးရန် ရွှမ်ဟွမ်ကျမ်းစာကို ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ရပေမည်။

ထိုသို့ဆိုမှသာ လူသားမျိုးနွယ်အနေဖြင့် ကပ်ဘေးကြီးကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ရှိလာမည် ဖြစ်သည်။

"ထားလိုက်တော့... ကပ်ဘေးကြီးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အရေးအကြီးဆုံးကတော့ ကျင့်ကြံခြင်းအဆင့် မြှင့်တင်ဖို့ပဲ..."

"အခုလို ကျင့်ကြံဖို့ကောင်းတဲ့ ပတ်ဝန်းကျင်အခြေအနေမှာ အရင်တုန်းက နတ်ဘုရားအသွင်ပြောင်းအဆင့်ကို မြန်မြန်ဆန်ဆန် ပြန်ရောက်အောင် လုပ်ရမယ်..."

ကျောက်ယန်မှာ လေးနက်သောအသံဖြင့် ရေရွတ်လိုက်တော့သည်။

…………

All Chapters