ခေါင်းမာခြင်း
Vol. 75 Ch. 786
ကျွင်းချန်ချင်း ပျောက်ကွယ်သွားသည်နှင့်အမျှ ဟင်းလင်းပြင်တစ်ခုလုံးမှာ အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
သူတို့ ရှုံးနိမ့်သွားခဲ့ပြီ။
ခွန်အားအားလုံးကို စုစည်းခဲ့ကြသည်၊ နည်းလမ်းအားလုံးကို သုံးခဲ့ကြသည်၊ ဒါတောင်မှ ရှုံးနိမ့်ခဲ့ရပြန်သည်။
သူတို့က လူသားဧကရာဇ် နန်းတော်ကို ဖျက်ဆီးနိုင်ခဲ့ကြသည်၊ နန်းတော်ရှိ ကျိကျွင်းအားလုံးကို သတ်နိုင်ခဲ့ကြသည်၊ သို့သော် ကျွင်းချန်ချင်းကမူ အသက်ရှင်လျက် ထွက်ခွာသွားခဲ့ပြီ။
နောက်တစ်ကြိမ် သူ ပြန်ပေါ်လာချိန်တွင် လူသားများ ရင်ဆိုင်ရမည့်သူမှာ ဝိညာဉ်အားလုံး ပေါင်းစည်းထားပြီး ကြယ် နှလုံးသား ကို ကိုင်စွဲကာ ပြီး ပြည့်စုံသော ကြေးနီ ဒယ်ဆောက် အိုး ကို ကိုင် ဆောင်ထားသည့် ကျွင်းချန်ချင်းပင် ဖြစ်လိမ့်မည်။
ထိုအချိန်ကျလျှင် သူ့ကို ဘယ်လို ရင်ဆိုင်ကြမလဲ။
ဘာနဲ့ ခုခံနိုင်မှာလဲ။
မည်သူမျှ အဖြေရှာမတွေ့ကြပေ။
ကျွင်းချန်ချင်းက လင်းယွင် တောင်တန်းမှ ထွက်သွားပြီး သူ၏ ဝိညာဉ်အားလုံးကို လွှတ်လိုက်ကတည်းက လူတိုင်းမှာ မျှော်လင့်ချက်မဲ့ခြင်းထဲ နစ်ဝင်ခဲ့ကြရသည်။
ဤတစ်ကြိမ်တွင် မျှော်လင့်ချက် အလင်းတန်းလေး တစ်ဖန် ပြန်လည် တောက်ပလာခဲ့သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ခေါင်းမှ ခြေဖျားအထိ ရေအေးနှင့် အလောင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားရသည်။
ဤခေတ်ကြီးထဲတွင် ကျွင်းချန်ချင်းက အလွန်တရာ ပြိုင်ဘက်ကင်း လွန်းလှသည်။
အချိန်အတော်ကြာမှပင် ချီလင်မိန်းကလေး ၏ အက်ရှရှအသံက နတ္ထိ ဖြစ်နေသော ဟင်းလင်းပြင်အတွင်း ထွက်ပေါ်လာသည်။
“ငါတို့မှာ... သူ့ကို ရင်ဆိုင်ဖို့ အခွင့်အရေး ရှိသေးရဲ့လား”
သူမက ကမ္ဘာကြီး၏ တစ်ဦးတည်းသော ခေါင်းဆောင်၊ နေနတ်ဘုရားကို ကြည့်ကာ မေးလိုက်သည်။
သို့သော် ယခုအချိန်တွင် နေနတ်ဘုရားမှာ သူ့၏ အသက်ကို အမြောက်အမြား စတေးခဲ့သော်လည်း ကျွင်းချန်ချင်းကို မဖမ်းဆီးနိုင်ခဲ့သည့်အတွက် တိတ်ဆိတ်ငြိမ်သက်နေပြီး စကားတစ်လုံးမျှ မပြောတော့ပေ။
ချီလင်မိန်းကလေး ၏ မေးခွန်းကိုလည်း သူက တစ်ခွန်းမျှ ပြန်မဖြေပေ။
ဆံပင်များ ဖရိုဖရဲနှင့် ထိုနေရာမှာပင် ရပ်နေပြီး ဆက်တိုက် ဆုတ်ယုတ်နေသော အသက်စွမ်းအားများကိုသာ လွှတ်ထားတော့သည်။
အမြဲတမ်း ယုံကြည်မှု အပြည့်ရှိနေသော သူက ယခုအချိန်တွင်မူ မူလရှိခဲ့သော ယုံကြည်မှုများ အလုံးစုံ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
“အခွင့်အရေး မရှိတော့ဘူး”
ထိုအချိန်တွင် ထန်ထျန်းနှင့် မလှမ်းမကမ်း၌ ရပ်နေသော ဟုန်းမန်ကျိကျွင်းက အက်ရှရှအသံဖြင့် အော်ဟစ်လိုက်သည်။ “ဘာအခွင့်အရေး ရှိဦးမှာလဲ”
“သိပ်မကြာခင်မှာ ကျွင်းချန်ချင်းက သူ့ရဲ့ ဝိညာဉ်အားလုံးကို ပေါင်းစည်းနိုင်တော့မယ်၊ အဲဒီအချိန်ကျရင် သူ့ရဲ့ စွမ်းအားက ဒီနေ့ထက် အဆပေါင်း ရာနဲ့ချီ ရှိလာလိမ့်မယ်”
“ကြယ် နှလုံးသားနဲ့ ကြေးနီ ဒယ်ဆောက် အိုးပါ ပေါင်းလိုက်ရင် သူ့ရဲ့ ကမ္ဘာကြီးကို အုပ်စိုးမယ့် ခြေလှမ်းတွေကို ဘယ်သူက တားနိုင်မှာလဲ”
“လက်လျှော့လိုက်စမ်းပါ၊ ဒီကမ္ဘာကြီးကတော့ သွားပြီ”
သူက အော်ဟစ်လိုက်သည်။
အရင်က ဟုန်းမန်ကျိကျွင်း အခုလို စိတ်ဓာတ်ကျနေချိန်မျိုးဆိုလျှင် တစ်စုံတစ်ယောက်က ရှေ့ထွက်လာပြီး အားပေးစကား ပြောလေ့ရှိသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ လူတိုင်းက တိတ်ဆိတ်နေကြသည်။
အဘယ်ကြောင့်ဆိုသော် သူပြောနေသည်မှာ အမှန်တရား ဖြစ်နေသောကြောင့်ပင်။
ကျွင်းချန်ချင်းကို ရင်ဆိုင်ဖို့ မည်သည့် နည်းလမ်းမျှ မရှိတော့ပေ။
ဤကမ္ဘာကြီး၏ ကံကြမ္မာမှာ ချောက်နက်ကြီးထဲသို့ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်...
“ငါ နားမလည်ဘူး”
ချန်တာအိုကျိကျွင်းက တိုးတိုးလေး ပြောလိုက်သည်။ “ကျွင်းချန်ချင်း အစွမ်းထက်တာကို လူတိုင်း သိကြပါတယ်”
“ဒါပေမဲ့ သူက ဘာလို့ ဖျက်ဆီး ခံထားရတဲ့ ကြေးနီ ဒယ်ဆောက် အိုးကို ပိုင်ဆိုင်နေရတာလဲ”
“ဘယ်သူက ကြေးနီ ဒယ်ဆောက် အိုးကို ပြန်ပြင်ပေးခဲ့တာလဲ။ ကျွင်းချန်ချင်းရဲ့ လက်ထဲကို ရောက်အောင် ဘယ်သူက ပေးခဲ့တာလဲ”
သူက လူတိုင်း၏ စိတ်ထဲရှိ သံသယကို ထုတ်ဖော် ပြောလိုက်ခြင်း ဖြစ်သည်။
ဟုတ်ပေ သည်၊ ယနေ့ လူတိုင်း အရှုံးကြီး ရှုံးခဲ့ရသည့် တိုက်ရိုက် အကြောင်းအရင်းမှာ ကြေးနီ ဒယ်ဆောက် အိုး မထင်မှတ်ဘဲ ပေါ်လာခြင်းကြောင့်ပင်။
၎င်းမှာ ဤနေရာတွင် ရှိမနေသင့်သလို ကျွင်းချန်ချင်း၏ လက်ထဲမှာလည်း ရှိမနေသင့်ပေ။
ကြေးနီ ဒယ်ဆောက် အိုး က ကမ္ဘာ့အရှင်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက် ကမ္ဘာကြီး၏ နေရာအသီးသီးသို့ လွင့်စင်သွားခဲ့သည်။
၎င်းက နိယာမ များကို ကိုယ်စားပြုသဖြင့် ပျက်စီးပြီးနောက် ပုံသဏ္ဌာန်မဲ့သွားခဲ့ရာ နှစ်ပေါင်း သန်းပေါင်းများစွာ ကြာသည့်တိုင်အောင် မည်သူတစ်ဦးတစ်ယောက်မျှ ၎င်း၏ အပိုင်းအစလေး တစ်ခုကိုပင် ရှာမတွေ့ခဲ့ကြပေ။
သို့သော် ယနေ့တွင်မူ ၎င်းက ကျွင်းချန်ချင်း၏ လက်ထဲ၌ ကောင်းမွန်လျက် အထင်အရှား ပေါ်ပေါက်လာခဲ့သည်။
ဤသည်မှာ မည်သူမျှ ကြိုမမြင်နိုင်သော ကိစ္စပင်။
ထို့ပြင် ၎င်းမှာ သူတို့ စိတ်ထဲရှိ အကြီးမားဆုံးသော သံသယလည်း ဖြစ်သည်။
“ကြယ် နှလုံးသားလည်း ပါသေးတယ်”
ချန်တာအိုကျိကျွင်းက ဆက်ပြောသည်။ “ကျွင်းချန်ချင်း နှစ်ပေါင်း တစ်သန်းက အထွတ်အထိပ် ခေတ်မှာတုန်းကတောင် လူသားဧကရာဇ် နန်းတော်ရဲ့ အင်အားအားလုံးကို သုံးပြီး ကြယ်ကမ္ဘာ ထဲမှာ ရှာဖွေခဲ့တာ ကြယ်တာရာဘိုးဘေး ရှိတဲ့နေရာကို ရှာမတွေ့ခဲ့ဘူး”
“ဒါပေမဲ့ သူ နိုးထလာပြီး နှစ်အနည်းငယ်အတွင်းမှာပဲ ကြယ် နှလုံးသားကို ရသွားတယ်”
“သူ ဘယ်လိုလုပ်ခဲ့တာလဲ”
ချန်တာအိုကျိကျွင်း ပြောသည်ကို ကြားသောအခါ ဟုန်းမန်ကျိကျွင်းက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပုံရပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ဟုတ်သားပဲ၊ ကြယ် နှလုံးသားက ဘာလို့ သူ့လက်ထဲ ရောက်နေရတာလဲ”
“နေနတ်ဘုရား... မင်း အရင်က ပြောခဲ့တာ ငါ မှတ်မိတယ်၊ လနတ်သမီး တစ်ယောက်ပဲ ကြယ်တာရာဘိုးဘေး ဝိညာဉ်ကြွေတဲ့ နေရာကို သိတယ်ဆို”
“သူမ တစ်ယောက်တည်းပဲ ကြယ် နှလုံးသားကို ရှာတွေ့နိုင်တာ”
“ဒါပေမဲ့ အခုတော့ ကြယ် နှလုံးသားက ကျွင်းချန်ချင်းရဲ့ လက်ထဲမှာ ဖြစ်နေတယ်”
“ဒါဆိုရင်...”
သူ ချက်ချင်းပင် အခြေအနေကို ရိပ်မိသွားပြီး ထိတ်လန့်သွားရရာ စကားပြောသံပင် ဝါးတားတား ဖြစ်သွားသည်။
“လနတ်သမီး...”
“သူမ ငါတို့ကို သစ္စာဖောက်လိုက်တာလား။ တစ်ကမ္ဘာလုံးကို သစ္စာဖောက်လိုက်တာလား”
ဤစကားများကြောင့် လူတိုင်း၏ မျက်နှာမှာ အရောင်အမျိုးမျိုး ပြောင်းသွားကြသည်။
လနတ်သမီးက ဤကမ္ဘာအတွက် မည်မျှ အရေးပါသည်ကို လူတိုင်း သိကြသည်။
လနတ်သမီးသာ ကမ္ဘာကြီးကို သစ္စာဖောက်ပြီး ကျွင်းချန်ချင်းဘက်သို့ ကူးပြောင်းသွားခဲ့လျှင် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုသည်ကိုလည်း လူတိုင်း သိကြသည်။
သို့သော် ကြယ် နှလုံးသား ပေါ်လာခြင်းမှာ အမှန်တကယ်ပင် ထူးဆန်းလွန်းလှသည်။
လနတ်သမီးမှအပ အခြားသော ကျိုးကြောင်းဆီလျော်သည့် ရှင်းပြချက်ကို လူတိုင်း ရှာမတွေ့ကြပေ။
လနတ်သမီးကို ထိုသစ္စာဖောက် နေရာတွင် ထည့်သွင်းစဉ်းစားလိုက်သည့်အခါ သံသယအားလုံးအတွက် အကျိုးအကြောင်း အညီညွတ်ဆုံး အဖြေကို ရရှိသွားတော့သည်။
ကြေးနီ ဒယ်ဆောက် အိုးပင်လျှင် သူမနှင့် ပတ်သက်နေနိုင်သည်။
လနတ်သမီးက ကြေးနီ ဒယ်ဆောက် အိုးကို ပြန်ပြင်ရာတွင် အကြီးမားဆုံးသော အထောက်အပံ့ ဖြစ်လာနိုင်သည့် စွမ်းရည် ရှိသည်။
လူတိုင်း၏ မျက်နှာပေါ်တွင် ပြင်းထန်သော တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုများ ပေါ်ပေါက်လာသည်။
“နေနတ်ဘုရား”
“ငါတို့ ရှင်းပြချက်တစ်ခု လိုချင်တယ်”
ဟုန်းမန်ကျိကျွင်းက ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်သည်။
အခြားသော ဝူရှန့်ကျိကျွင်းများကလည်း ဟင်းလင်းပြင်၌ ရပ်နေသော နေနတ်ဘုရားကို ကြည့်လိုက်ကြသည်။
နတ်သမီးကို အသိဆုံးလူမှာ နေနတ်ဘုရား ဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။
ဤမေးခွန်းကို ရင်ဆိုင်ရချိန်တွင် အချိန်အတော်ကြာ မလှုပ်မယှက် ရှိနေသော နေနတ်ဘုရားက နောက်ဆုံး၌ ကိုယ်ကို လှည့်လာသည်။
ဖရိုဖရဲ ဖြစ်နေသော ဆံပင်များအောက်မှ နေနတ်ဘုရား၏ မျက်လုံးများက ဟုန်းမန်ကျိကျွင်းကို အေးစက်စွာ စိုက်ကြည့်နေသည်။
“မင်းကို ငါက ဘာရှင်းပြချက် ပေးရမှာလဲ”
သူ၏ အသံမှာ အက်ရှရှ ဖြစ်နေသည်။
ဟုန်းမန်ကျိကျွင်းက နှာခေါင်းရှုံ့လိုက်ပြီး...“လနတ်သမီးက တကယ်ပဲ သစ္စာဖောက်လား ဆိုတာ ငါ သိချင်တယ်”
“ကျွင်းချန်ချင်း လက်ထဲက ကြယ် နှလုံးသားနဲ့ ကြေးနီ ဒယ်ဆောက် အိုးက လနတ်သမီး ပေးခဲ့တာလား”
နေနတ်ဘုရား၏ ခန္ဓာကိုယ်မှာ အနည်းငယ် လှုပ်ရှားသွားပြီး ပြင်းထန်သော နတ်ဘုရား စွမ်းအားများက သူ၏ ကိုယ်မှ လှိမ့်တက်လာသည်။ တစ်စုံတစ်ယောက်က လနတ်သမီးကို အသရေဖျက်တိုင်း သူက အမြဲတမ်း တုံ့ပြန်မှု ပြင်းထန်လေ့ရှိသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ စွမ်းအားများမှာ လျင်မြန်စွာပင် ပြန်လည် ငြိမ်သက်သွားသည်။
“ငါ မသိဘူး”
သူက ခေါင်းခါလိုက်သည်။ သို့သော် ချက်ချင်းပင် အလွန်တရာ ပြတ်သားစွာ ပြောလိုက်သည်။ “ဒါပေမဲ့ ငါ သိတာတစ်ခုက လနတ်သမီးက ဒီကမ္ဘာကြီးကို ဘယ်တော့မှ သစ္စာမဖောက်ဘူး ဆိုတာပဲ”
“ဘယ်တော့မှ မဖောက်ဘူး”
သူက အလွန် လေးနက်စွာ ပြောလိုက်ခြင်း ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ် သူ၏ အာမခံချက်မှာ လူတိုင်းကို ဆွဲဆောင်နိုင်ခြင်း မရှိတော့ပေ။
“ဟက်... တကယ်လား”
“ငါ မယုံဘူး”
ဟုန်းမန်ကျိကျွင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “သူမက သစ္စာဖောက် မဟုတ်ရင် ကျွင်းချန်ချင်းက ကြယ် နှလုံးသားကို ဘယ်လို ရနိုင်မှာလဲ”
“သူမက သစ္စာဖောက် မဟုတ်ရင် လင်းယွင် တောင်တန်းမှာ ကျွင်းချန်ချင်းကို လုပ်ကြံမယ့် ငါတို့ရဲ့ အစီအစဉ်တွေက ဘာလို့ အကြောင်းရင်း မရှိဘဲ ပေါက်ကြားသွားရတာလဲ”
“သူမက သစ္စာဖောက် မဟုတ်ရင် ငါတို့ လျှောက်ခဲ့တဲ့ ခြေလှမ်းတိုင်းကို ကျွင်းချန်ချင်းက ဘာလို့ ကြိုသိနေရတာလဲ”
“သူမက သစ္စာဖောက် မဟုတ်ဘူး ဆိုရင် တကယ့် သစ္စာဖောက်ကို ငါတို့အတွက် ရှာပေးလေ၊ မင်း ရှာတွေ့ပြီလား”
သူက တစ်ဖန် မေးခွန်းထုတ်လိုက်ပြန်သည်။
သို့သော် နေနတ်ဘုရားမှာမူ မည်သည့်အရာကိုမျှ ထပ်မံ ရှင်းပြလိုစိတ် မရှိတော့ဘဲ ဖြည်းညင်းစွာ ခေါင်းခါလျက် ကိုယ်ကို လှည့်သွားတော့သည်။
“မင်းတို့ ဘယ်လိုပဲ တွေးတွေး၊ သူမက ဒီကမ္ဘာကြီးကို ဘယ်တော့မှ သစ္စာမဖောက်ဘူး ဆိုတာကိုပဲ ငါ ယုံတယ်”
“အဲဒီ ကိစ္စအားလုံးက သူမ လုပ်ခဲ့တာ ဖြစ်နေရင်တောင်မှ...”
“ငါ ယုံကြည်တယ်၊ အဲဒီနောက်ကွယ်မှာ ဘယ်သူမှ မသိနိုင်တဲ့ အဓိပ္ပာယ် တစ်ခုခု ရှိနေမှာပဲ”
“ငါကတော့ သူမရဲ့ အရာအားလုံးကို ယုံတယ်”
သူ စကားပြောအပြီးတွင် နေနတ်ဘုရားက မျက်လုံးများကို တိုက်ရိုက် မှိတ်လိုက်တော့သည်။
သက်သေ အထောက်အထားများက သူ၏ ရှေ့တွင် ရှိနေလျှင်ပင် လနတ်သမီးက ကျွင်းချန်ချင်း၏ လက်အောက်သို့ ဝင်ရောက်သွားပြီး တစ်ကမ္ဘာလုံးကို သစ္စာဖောက်လိုက်သည် ဆိုသည်ကို သူက အသိအမှတ်ပြုမည် မဟုတ်ပုံရသည်။