တံခါးဝ ရှေ့သို့
Vol. 27 Ch. 375
သက်လတ်ပိုင်းလူ ဦးဆောင်သော လူအုပ်စုသည် တောင်တန်းအတွင်းရှိ စုမင်လှိုဏ်ဂူ၏ မြောက်ဘက်တွင် ရှိနေသည်။ သူတို့သည် နှေးနှေးကွေးကွေးလုပ်နေပါက အလယ်အလတ် စိတ်ဝိညာဉ်ဖမ်းစားသူ မပျော်မရွှင် ဖြစ်မည်စိုးသောကြောင့် ကောင်းကင်ထက်မှနေ၍ ထိုနေရာထံမှ အလျင်အမြန် ထွက်ခွာလာခဲ့ကြလေသည်။
ပေတစ်သိန်း အကွာအဝေးသို့ ရောက်လာသောအခါ သူတို့သည် အရှိန်ကို စတင်လျှော့ချလိုက်ပြီး ရံဖန်ရံခါဆိုသလို အနောက်သို့ ပြန်လှည့်ကြည့်ကြသည်။ သူတို့ ယခုလောက်ဝေးဝေးသို့ ရောက်လာသောအခါ တောင်ကြီးကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။ သူတို့သာ စွမ်းအင်အဆင့်တစ်ခုအထိ ပိုင်ဆိုင်ထားခြင်း မရှိပါက အဝေးတွင် တောင်ကြီးတစ်လုံး ရှိနေသည်ကိုသာ မြင်ရမှာဖြစ်သည်။
"ဆရာ ဝူကျူး၊ ကျုပ်တို့ အခုဘာလုပ်ကြမလဲ" သက်လတ်ပိုင်းလူ အနီးရှိ မျိုးနွယ်ဝင်များက စိုးရိမ်တကြီး မေးလိုက်ကြသည်။
"ဟုတ်တယ် ဆရာဝူကျူး၊ လွန်ခဲ့တဲ့ တစ်လခွဲလောက်ကအထိ အဲနေရာက ပုံမှန်အတိုင်းပါပဲ။ ဒါပေမယ့် ဘာလို့ အလယ်အလတ် စိတ်ဝိညာဉ်ဖမ်းစားသူ တစ်ယောက် ရုတ်တရက် ပေါ်လာရတာလဲ..."
"သူက အဲဒီနေရာကို အတင်းအကြပ် သိမ်းပိုက်ချင်လို့ ကြိုးကြာနက် မျိုးနွယ်စုက ဖိတ်ခေါ်ထားတဲ့ အင်အားကြီး ရှာမန်တစ်ယောက်များလား"
"တော်ကြစမ်း။ မင်းတို့အားလုံး တိတ်တိတ်နေကြ" မျက်မှောင်ကြုတ်လိုက်သော သက်လတ်ပိုင်းလူ၏ မျက်နှာမှာ အောင့်အီးသည်းခံမှုများဖြင့် ပြည့်နေခဲ့သည်။ သူသည် နံဘေးရှိ လူများကို တစ်ချက်ကြည့်လိုက်ပြီး အဝေးရှိ စုမင်ရှိနေသော တောင်စဉ်တန်းကို တစ်ချက်ပြန်ကြည့်ကာ သက်ပြင်းမောချလိုက်သည်။
"အဲဒီလူက အဲဒီနေရာမှာ ယာယီလေ့ကျင့်နေပြီး မကြာခင် ထွက်ခွာသွားမှာလည်း ဖြစ်နိုင်ပါတယ်။ အဆုံးမှာတော့ အဲဒါက အလယ်အလတ် စိတ်ဝိညာဉ်ဖမ်းစားသူ တစ်ယောက်ကို ကြာကြာနေအောင် ဆွဲဆောင်ထားနိုင်မယ့် အရာတစ်ခုမှ မရှိတဲ့ မြေရိုင်းနယ်မြေ တစ်ခုပဲလေ။ သွားကြစို့၊ မျိုးနွယ်စုဆီ ပြန်ရောက်တာနဲ့ ငါဘိုးဘေးကို အစီရင်ခံလိုက်မယ်။ ဘိုးဘေးကိုပဲ ဆုံးဖြတ်ချက် ချခိုင်းကြတာပေါ့" သက်လတ်ပိုင်းလူသည် ခေါင်းခါယမ်းလိုက်ပြီး သူတို့အားလုံး ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားခဲ့ကြသည်။
"သူက ကြိုးကြာနက် မျိုးနွယ်စု ဖိတ်ခေါ်ထားတာပဲ ဖြစ်ရမယ်။ အဲဒီတောင်တန်းက ငါတို့မျိုးနွယ်စု နှစ်ခုလုံးအတွက် အရေးကြီးတဲ့ဟာကို။ ဟား..." သက်လတ်ပိုင်းလူ၏ နောက်ဘက်ရှိ မျိုးနွယ်ဝင်တစ်ဦးသည် တီးတိုးရေရွတ်လိုက်ပြီးနောက်မှ ဘာမှဆက်မပြောတော့ပေ။
၎င်းတို့အုပ်စု ထွက်ခွာသွားသည်နှင့် ယခင်အတိုင်း တစ်ဖြည်းဖြည်း ပြန်လည် တိတ်ဆိတ်ငြိမ်သက် သွားခဲ့သည်။
တောင်ထိပ်တွင် ထိုင်ကာ ဆက်တိုက်ဆိုသလို ပျောက်ကွယ်လာနေသော လေဝဲကို လေ့လာနေသော စုမင်၏ မျက်လုံးများက ရုတ်တရက် ပွင့်လာခဲ့သည်။ သူ့အကြည့်မှာ လေးနက်နေပြီး နွားသိုးဖြူ မျိုးနွယ်ဝင်များ ထွက်ခွာသွားရာဘက်ဆီသို့ လှမ်းကြာ့်လိုက်သောအခါ သူ့မျက်လုံးများအတွင်း နက်မှောင်သော အလင်းတစ်ဖြာ ရှိနေခဲ့သည်။
"အနီးနားမှာရှိတဲ့ နွားသိုးဖြူ မျိုးနွယ်စု..."
စုမင်သည် အကြည့်လွှဲကာ တောင်တန်းဆီသို့ ပြန်ကြည့်လိုက်၏။ သူ၏ နတ်ဘုရားစိတ်အာရုံကို စက်ဝိုင်းပုံ မဖြန့်ကျက်ပဲ မျဉ်းတစ်ဖြောင့်တည်းအဖြစ် စုစည်းလိုက်မည်ဆိုလျှင် သူ၏ ယခုလက်ရှိ စွမ်းအင်ကြောင့် ၎င်းကို ပေတစ်သိန်း အကွာအဝေးအထိ ဆန့်ထုတ်နိုင်ပေသည်။ ထို့ကြောင့် နွားသိုးဖြူ မျိုးနွယ်ဝင်များ အချင်းချင်းပြောသော စကားတစ်လုံးချင်းစီတိုင်းကို သူကြားလိုက်ရသည်။
'ကြည့်ရတာတော့ ဒီတောင်တန်းကို တန်ဖိုးထားတဲ့လူတွေ တစ်ကယ်ရှိနေတာပဲ။ ဒါပေမယ့် ငါမပြောင်းလဲခင်က ဒီနေရာဟာ တစ်ကယ်ကို မြေရိုင်းတစ်ခုဖြစ်ပြီး ဘာမှထူးခြားနေတာ မရှိခဲ့ဘူး။ အဲဒါကို ဘာလို့များ နွားသိုးဖြူ မျိုးနွယ်နဲ့ ကြိုးကြာနက်မျိုးနွယ်တို့က ဒီအရာအတွက် အငြင်းပွားနေကြတာလဲ'
စုမင် အတော်လေး အံ့အားသင့်နေမိသည်။ ဤနေရာတွင် လှိုဏ်ဂူပြုလုပ်ရန် မဆုံးဖြတ်ရသေးခင်က နေရာတစ်ခုလုံးကို အကြိမ်များစွာ သေချာဂရုတစိုက် ရှာဖွေခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်၏ တည်ရှိမှုကို ညွှန်ပြနေသော အရိပ်အယောင် မရှိကြောင်း သေချာသောအခါမှသာ သူ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုပုံစံအရဆိုလျှင်တော့ ဤနေရာတွင် သူရှာမတွေ့နိုင်ခဲ့သော လျှို့ဝှက်ချက်တစ်ချို့ ရှိနေသေးပုံ ပေါ်နေလေပြီ။
စုမင် ထိုအကြောင်းကို ခဏတာတွေးတောလိုက်ပြီးနောက် မတ်တပ်ထရပ်ကာ လောကစွမ်းအားများမှ ဖြစ်ပေါ်လာသော လေဝဲကို ကြည့်လိုက်သည်။ ၎င်းသည် ယခင်အရွယ်အစား၏ တစ်ဝက်ခန့်သာ ကျန်ရှိတော့ပြီး ယခု ပုံအရ လုံးလုံးပျောက်ကွယ်သွားရန် နှစ်ရက်ခန့်သာ ကြာမြင့်လောက်ပေတော့မည်။
ထိုအချိန်ရောက်သည်နှင့် ဤနေရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပေလိမ့်မည်။ တောင်တန်းအတွင်းသို့ တစ်ယောက်ယောက် ဝင်မလာသေးသရွေ့ ဤနေရာသည် ကျင့်ကြံရန်အတွက် အကောင်းမွန်ဆုံးနေရာ ဖြစ်လာရန် ပြုပြင်မွမ်းမံထားပြီးဖြစ်ကြောင်း ရှာတွေ့နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
ထိုလေဝဲကြောင့်များလား... နွားသိုးဖြူ မျိုးနွယ်စုမှ ထိုမျိုးနွယ်ဝင်များသည် သူတို့၏ စွမ်းအင်ကန့်သတ်ချက်ကြောင့် ၎င်းကို မြင်တွေ့နိုင်ခဲ့မည်မဟုတ်ပေ။ သို့သော် ဤနေရာရှိ လောကစွမ်းအားများ၏ စုဝေးမှုကြောင့် ဤနေရာမှ ထိုလူတို့အပေါ် ပေးစွမ်းနေသော ခံစားချက်က ကွဲပြားနေသော်လည်း ထိုအတွက် အကြောင်းရင်းကိုတော့ သိနိုင်ခဲ့မည် မဟုတ်ချေ။
စုမင်သည် တောင်စဉ်တန်းကို နောက်ထပ်တစ်ဖန် စစ်ဆေးလိုက်ပြန်၏။ တောင်တန်းတစ်လျှောက် သွားလာရင်း သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျင်ထားသော်လည်း မည်သည့်အရာမှ မတွေ့ပေ။
'ထူးဆန်းတယ်'
သူ မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ခဏတာ တွေးတောနေပြီးနောက် စုမင်မျက်လုံးများသည် တောက်ပသွားပြီး နွားသိုးဖြူမျိုးနွယ်ဝင်များ ရောက်ရှိလာပြီးနောက် ပြန်လည်ထွက်ခွာသွားသော လမ်းကြောင်းက သူ့ခေါင်းထဲတွင် မှတ်မှတ်ရရ ပြန်ပေါ်လာခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ သူသည် တောင်တန်း၏ အတွင်းဘက်ကို မစစ်ဆေးတော့ပဲ အပြင်ဘက်သို့ ဦးတည်လိုက်တော့သည်။
သူ၏ ရှာဖွေမှုနယ်မြေကို တိုးချဲ့လိုက်ပြီး တောင်စဉ်တန်းမှ ပေတစ်သောင်းအကွာအဝေးအထိ ဧရိယာပေါ်တွင် အာရုံစိုက်လိုက်သည်။ ၎င်းက မြေပြန့်တစ်ခု ဖြစ်နေလျှင်တောင် စုမင်က ဂရုတစိုက် ရှာဖွေဆဲဖြစ်သည်။ နာရီပေါင်းများစွာ ကြာပြီးနောက်တွင်တော့ သူသည် တောင်စဉ်တန်းမှ ပေ ၇၀၀၀ အဝေးရှိ မညီမညာ လွင်ပြင်တစ်ခုပေါ်တွင် ရပ်လျက် စူးရှတောက်ပနေသော မျက်လုံးများဖြင့် မြေပြင်ကို စိုက်ကြည့်နေခဲ့လေ၏။
သူနှင့် သိပ်မဝေးသောနေရာတွင် တူးထားသော တွင်းကြီးတစ်ခု ရှိနေသည်။ ထိုတွင်းကို မြက်ပင်များဖြင့် ဖုံးအုပ်ထားသောကြောင့် အလွယ်တကူ ရှာမတွေ့နိုင်သည့်အပြင် ၎င်းက တောင်တန်းအလွန်တွင် တည်ရှိနေခြင်းလည်း ဖြစ်သည်။ စုမင်သည် ယခင်က သူ၏ ရှာဖွေမှုအများစုကို တောင်တန်းအတွင်း၌သာ အာရုံစိုက်ထားမိခဲ့သဖြင့် ဤနေရာကို သတိမထားမိခဲ့ပေ။
စုမင်သည် ထိုနေရာတွင်ရပ်ကာ ၎င်းကိုစစ်ဆေးရန် သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်ချိန်အထိ သူစိမ်းတစ်ယောက်သဖွယ် ထူးခြားမှုတစ်စုံတစ်ရာ ရှာမတွေ့နိုင်ခဲ့သေးပေ။ သို့သော်လည်း သူ၏ နတ်ဘုရားစိတ်အာရုံကို တွင်းထဲသို့ ပို့လွှတ်လိုက်မိချိန်တွင်တော့ အံ့အားတသင့်ဖြင့် အာမေဋိတ်သံ ခပ်တိုးတိုးပင် ရေရွတ်လိုက်မိလေသည်။
တွင်းထဲသို့ ပေတစ်ရာခန့် အရောက်တွင် စုမင်၏ နတ်ဘုရားစိတ်အာရုံမှာ လွှမ်းမိုးနိုင်သော အားတစ်ခုကြောင့် ပြန်လည်တွန်းထုတ်ခံလိုက်ရသည်။ ထိုနေရာတွင် သူ၏ နတ်ဘုရားစိတ်အာရုံကို ရှေ့ဆက်မသွားနိုင်စေရန် တားဆီးထားသည့် ချိပ်စည်းတစ်ခု ရှိနေသလိုပင်။
'အဲဒါက နွားသိုးဖြူမျိုးနွယ်စုနဲ့ ကြိုးကြာနက်မျိုးနွယ်စုတို့ တိုက်ခိုက်နေတဲ့ အရာများလား'
စုမင်သည် မြေပြင်ပေါ်ရှိ တွင်းပေါက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ၎င်းဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် ခါးကိုင်းကာ တွင်းပေါက်ထဲသို့ လှမ်းဝင်လိုက်လေသည်။ တွင်းပေါက်က အလွန်မကြီးမားသော်လည်း လူတစ်ဦးတော့ ဆန့်နေသေး၏။ တွင်းပေါက်ထဲသို့ ဝင်ရောက်ပြီးချိန်တွင် သူ့ကိုယ်ပေါ်၌ မည်သည့် အဆင်မပြေမှုမျိုးကိုမှ စုမင် မခံစားခဲ့ရပေ။ သို့သော် တွင်းထဲသို့ ပေတစ်ရာခန့် ဝင်လာပြီးချိန်တွင်တော့ သူ့ခြေလှမ်းများ ရုတ်ခြည်း ရပ်တန့်သွားရတော့သည်။
ထိုနေရာက သူ၏ နတ်ဘုရားစိတ်အာရုံကို ပြန်ပို့လွှတ်ခဲ့သော နေရာဖြစ်သည်။ သူ့အရှေ့ရှိ မြေပြင်ပေါ်တွင် နေရာချထားသော ပစ္စည်းနှစ်ခုကို မြင်လိုက်သည်နှင့် စုမင်မျက်လုံးများ တောက်ပသွားခဲ့ရသည်။
ပထမတစ်ခုက ရေချိူများ အပြည့်ရှိနေသော အနက်ရောင်ကျောက်ဖလားတစ်ခု ဖြစ်သည်။ ၎င်းက ပထမပစ္စည်းပင်။
ဒုတိယပစ္စည်းကတော့ ဖလားနံဘေးတွင် ရှိနေသည်။ ၎င်းက မြေပြင်တွင် စိုက်နေသည့် အနက်ရောင်ငှက်မွေးတောင် တစ်ခုဖြစ်သည်။
ထိုပစ္စည်းနှစ်ခုက စုမင်၏ နတ်ဘုရားစိတ်အာရုံကို ပိတ်ဆို့ခဲ့သည့်အားကို ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ စုမင်သည် အနားတွင်ရပ်ကာ ၎င်းတို့နှစ်ခုကို အချိန်အတော်ကြာ ငုံ့ကြည့်နေခဲ့သော်လည်း ထိုပစ္စည်းနှစ်ခုနှင့်ပက်သက်၍ မည်သည့်ထူးခြားချက်ကိုမှ ရှာမတွေ့နိုင်ခဲ့ချေ။
ငှက်မွေးသည် သာမန်ငှက်တစ်ကောင်၏ အမွေးအတောင်မျှသာ ဖြစ်ပြီး ၎င်းက သဘာဝအလျောက် အနက်ရောင်ဖြစ်နေခြင်းတော့ မဟုတ်ပေ။ ငှက်မွေးပေါ်ရှိ အချို့နေရာများသည် ၎င်းမှာ မူလက အဖြူရောင်သာဖြစ်ကြောင်း ပြသနေခဲ့သည်။ ၎င်း၏ပုံစံအရတော့ အမည်းရောင်ပြောင်းသွားစေရန် မီးသွေးတို့ဖြင့် သုတ်ထားသော အဖြူရောင်ငှက်မွေးတစ်ခုသာ ဖြစ်သည်။
ကျောက်ဖလားသည် သာမန်ကျောက်ဖလား တစ်ခုသာဖြစ်ပြီး အထဲရှိ ရေမှာလည်း အလားတူပင်ဖြစ်သည်။
စုမင် မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားပြီး ငှက်မွေးတောင်ဆီသို့ နတ်ဘုရားစိတ်အာရုံကို အလျင်အမြန် ဖြန့်ကျက်လိုက်သည်။ ၎င်းကို သူ့နတ်ဘုရားစိတ်အာရုံဖြင့် ထိလိုက်မိသည်နှင့် တစ်ပြိုင်နက် ထိုငှက်မွေးတောင်က နေရာတွင် တည်ရှိမနေသကဲ့သို့ ချက်ချင်းခံစားလိုက်ရလေသည်။ အမှန်စင်စစ် ထိုခံစားချက်ပေါ်လာချိန်တွင် လှိုဏ်ဂူသည်လည်း ပျောက်ကွယ်သွားပြီး စုမင်မှာ မြေအောက်တွင် မြုပ်နှံခံလိုက်ရသလိုပင် ဖြစ်သည်။
'ငါ့လှိုဏ်ဂူထဲကနေ ဘာမှ မတွေ့နိုင်ခဲ့တာ မအံ့သြမိတော့ဘူး။ ဒီငှက်မွေးတောင်မှာ ဖုံးကွယ်နိုင်တဲ့ စွမ်းအင်တွေရှိနေတာပဲ။ အဲဒါက ရိုးရိုးသာမန်အရာဝတ္ထု တစ်ခုပဲဆိုပေမယ့် ဒီလိုစွမ်းအားမျိုးကို ပိုင်ဆိုင်ထားတယ်...' စုမင်သည် ငှက်မွေးကို နတ်ဘုရားစိတ်အာရုံဖြင့် ဖုံးအုပ်ကာ အကြိမ်ပေါင်းများစွာ လေ့လာပြီးသည့်နောက် သူ့အမူအယာက ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။
ထိုငှက်မွေးအတွင်း၌ အားပျော့သော နတ်ဘုရားစိတ်အာရုံတစ်ခုကို သူအာရုံခံမိလိုက်ခြင်း ဖြစ်သည်။ ဤသည်က စိတ်အာရုံမဟုတ်သော နတ်ဘုရားစိတ်အာရုံတစ်ခု ဖြစ်သည်။
၎င်းက သူ့ခန္ဓာကိုယ်အတွင်းတွင်ရှိသော နတ်ဘုရားစိတ်အာရုံနှင့် အတူတူပင်ဖြစ်သည်။ ဤသည်မှာ သူပိုင်ဆိုင်ထားသည်နှင့် တူညီသော နတ်ဘုရားစိတ်အာရုံမျိုး ရှိသည့် ပစ္စည်းတစ်ခုကို ရှာမန်နယ်မြေထဲတွင် ဒုတိယအကြိမ်တွေ့ခြင်း... မဟုတ်သေး၊ ယခုလိုအရာမျိုးကို တောင်ပိုင်းအရုဏ်ဦး ကုန်းမြေတစ်ခုလုံးမှာမှ ဒုတိယအကြိမ်တွေ့ခြင်းဟု ပြောသင့်သည်။
ပထမအကြိမ်က အေးခဲကောင်းကင် နယ်မြေထဲတွင် ကျင်းပသော လေလံပွဲ၌ ဖြစ်သည်။
ထိုငှက်မွေးတောင်ပေါ်တွင် တည်ရှိနေသော နတ်ဘုရားစိတ်အာရုံမှာ အလွန်အားပျော့လှ၏။ သို့သော် ထိုနတ်ဘုရားစိတ်အာရုံကပင် ဤသာမန်ငှက်မွေးကို ယခုလို ဖုံးကွယ်ခြင်းစွမ်းအင်မျိုး ပိုင်ဆိုင်နေစေခြင်းဖြစ်သည်။ ထိုနတ်ဘုရားစိတ်အာရုံသည် စုမင်၏ အရှိန်အဝါကိုလည်း သတိပြုမိပြီး သု့နတ်ဘုရားစိတ်အာရုံ၏ ကျူးကျော်ဝင်ရောက်မှုကို ပြန်လည်တွန်းလှန်လိုသကဲ့သို့ ရုန်းကန်နေလေသည်။
သို့သော်လည်း နတ်ဘုရားစိတ်အာရုံ၏ စွမ်းအားကို ပြည့်ပြည့်ဝဝ အသုံးချနေသော စုမင်နှင့်ယှဉ်လျှင် ထိုငှက်မွေးပေါ်ရှိ နတ်ဘုရားစိတ်အာရုံက အတော်လေးပင် အားပျော့နေခဲ့၏။ နတ်ဘုရားစိတ်အာရုံနှစ်ခု ထိပ်တိုက်တွေ့သွားသည်နှင့် တစ်ပြိုင်နက် အားပျော့သော နတ်ဘုရားစိတ်အာရုံ၏ အရိပ်အယောင်မှာ ချက်ချင်းပျောက်ကွယ်သွားပြီး ငှက်မွေးသည်ပင် မြေပြင်ထက်တွင် ပြန့်ကျဲနေသည့် ပြာမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
စုမင် တစ်ခဏတာ အံ့အားသင့်မင်သက်နေမိသည်။ ဤသည်က သူ့လို နတ်ဘုရားစိတ်အာရုံမျိုး ပိုင်ဆိုင်ထားသော အခြားအရာတစ်ခုနှင့် ပထမဆုံးအကြိမ် ထိတွေ့ခွင့်ရခြင်းဖြစ်သည်။ တစ်ခဏမျှ ငြိမ်သက်နေပြီးနောက် သူ၏ နတ်ဘုရားစိတ်အာရုံကို ထပ်မံ ဖြန့်ကျက်လိုက်ပြန်၏။
သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ သေချာထိန်းချုပ်ကာ သူ့နတ်ဘုရားစိတ်အာရုံ၏ အစိတ်အပိုင်းငယ်လေး တစ်ခုကိုသာ ဖြန့်ကျက်လိုက်ခြင်းဖြစ်သည်။ ၎င်းက ကျောက်ဖလားကို ထိမိသည်နှင့် တစ်ပြိုင်နက် ကျောက်ဖလားထံမှ ထွက်ပေါ်လာသော ဖိအားတစ်ခုက သူ့အား တိုက်ခိုက်လိုက်သည်ကို ချက်ချင်းခံစားမိလိုက်သည်။
ဤအရာအားလုံးသည် အသံတစ်ချက်ပင် မထွက်ပဲ ဖြစ်ပွားသွားခဲ့ခြင်းဖြစ်သော်လည်း စုမင်ဦးခေါင်းမှာ တဝီဝီမြည်သွားခဲ့သည်။ သူ၏ နတ်ဘုရားစိတ်အာရုံမှာ ပြန်ကန်ထွက်လာသော်လည်း ထိုခံစားချက်က အလျင်အမြန် ပျောက်ကွယ်သွားခဲ့လေသည်။ သူသည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး နတ်ဘုရားစိတ်အာရုံ၏ ခွန်အားကိုတိုးကာ ကျောက်ဖလားပေါ်သို့ ဖိနှိပ်လိုက်သည်။
ထိုဖိအားကိုတော့ ခံနိုင်ရည် မရှိဟန်ဖြင့် ကျောက်ဖလားမှာ အက်ကွဲသွားခဲ့သည်။ ဖလားအတွင်း ရှိနေသည့် နတ်ဘုရားစိတ်အာရုံ စွမ်းအင်နည်းနည်းလေးမှာလည်း ပျောက်ကွယ်သွားခဲ့သည်။ ဖလားက နှစ်ခြမ်းကွဲထွက်သွားခဲ့သည်။ ၎င်းအတွင်းရှိနေသော ရေချိူများသည်လည်း ဖိတ်စင်သွားပြီး မြေကြီးအတွင်း စိမ့်ဝင်သွားခဲ့ကြသည်။
စုမင် မျက်မှောင်ကြုတ်လိုက်မိ၏။ ထိုပစ္စည်းနှစ်ခုသည် မည်သည့်အရာများဖြစ်ကြောင်း သူမသိသော်လည်း ၎င်းတို့က နွားသိုးဖြူနှင့် ကြိုးကြာနက်မျိုးနွယ်စုများနှင့် သက်ဆိုင်ကြောင်းကိုတော့ သူသေချာနေသည်။ ၎င်းတို့ကို မျိုးနွယ်စုနှစ်ခုမှ သီးခြားပိုင်ဆိုင်တာပင် ဖြစ်နိုင်၏။
ကျောက်ဖလားနှင့် အနက်ရောင် ငှက်မွေးတောင်တို့ မရှိတော့သောအခါ စုမင်မျက်လုံးများကိုမှိတ်၍ ထိုနေရာတွင် ရပ်နေလိုက်သည်။ သူလှုပ်ရှားခြင်းမပြုသော်လည်း လမ်းတွင် နောက်ထပ် အတားအဆီးများ မရှိတော့သဖြင့် သူ၏ နတ်ဘုရားစိတ်အာရုံက တွင်းပေါက်၏ အနက်ပိုင်းဆီသို့ တိုးဝင်သွားခဲ့လေသည်။ တစ်ခဏကြာပြီးနောက် စုမင်မျက်လုံးများက ပြန်ပွင့်လာခဲ့ပြီး သူ့မျက်လုံးများအတွင်း အံ့သြရိပ်တစ်စွန်းတစ် ဖြတ်ပြေးသွားခဲ့သည်။
'ဒီတော့ အဲလိုပေါ့'
သူရပ်နေသော နေရာ၏ အောက်ခြေ ပေထောင်ပေါင်းများစွာ အဝေးရှိ တွင်းပေါက်၏ အဆုံးတွင် သူ၏ နတ်ဘုရားစိတ်အာရုံက ထုံးကျောက်လှိုဏ်ဂူတစ်ခုကို တွေ့ခဲ့လေသည်။ ထိုထုံးကျောက်လှိုဏ်ဂူက မကြီးမားသော်လည်း ၎င်း၏နံရံများပေါ်တွင်တော့ တောက်ပနေသော ပစ္စည်းလေးများ နည်းနည်းနောနော မဟုတ်ချေ။ ထိုဧရိယာတစ်ဝိုက် တူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ညွှန်ပြနေသည့် သင်္ကေတများလည်း များစွာရှိနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ထိုတဖိတ်ဖိတ်တောက်နေသည့် အရာလေးများက ရှာမန်သလင်းကျောက်များ ဖြစ်ကြောင်း စုမင်သိလိုက်သည်။
ဤသည်က ရှာမန်သလင်းကျောက်များဖြင့် ကြွယ်ဝနေသော ကျောက်မြေလွှာကြောကြီး တစ်ခုဖြစ်သည်။
စုမင်သည် ထိုဧရိယာတစ်ခုလုံးကို သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် ဖြန့်ကျက်လိုက်သောအခါ ရှာမန်သလင်းကျောက် မြေကြောတစ်ခုလုံးက အမှန်စင်စစ် ကြီးမားခြင်းမရှိသော်လည်း သလင်းကျောက်များ၏ အစိတ်အပိုင်းငယ် တစ်ခုခန့်ကိုသာ တူးဖော်ထားရသေးပြီး မြေကြောထဲတွင် တစ်သိန်းနီးပါး ကျန်နေသေးသည်ကို တွေ့လိုက်ရသည်။ ထိုပမာဏသည် အတန်ငယ်ကြီးမားသော မျိုးနွယ်စုများအတွက် ဘာမျှမဟုတ်သော်လည်း ရှာမန်မျိုးနွယ်စုငယ်များ အတွက်တော့ ကံကြမ္မာကောင်းတစ်ခု ဖြစ်ဟန်တူ၏။
သို့သော် ဤနေရာ၏ ပိုင်ဆိုင်မှုနှင့်ပက်သက်၍ အငြင်းပွားမှုများ ဖြစ်နေသည်မှာ ထင်ရှားနေလေသည်။
နွားသိုးဖြူ မျိုးနွယ်စုနှင့် ကြိုးကြာနက်မျိုးနွယ်စုတို့သည် ဤနေရာအတွက် တိုက်ခိုက်ရန် အငြင်းပွားနေကြခြင်းဖြစ်သည်။ သို့သော် စုမင်၏ လေ့လာတွေ့ရှိထားမှုများအရ ဤနေရာတွင် တူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လောက်ပြီ ဖြစ်သလို မျိုးနွယ်စုနှစ်ခုသည်လည်း ယခုအချိန်ထိတိုင် တိုက်ခိုက်နေကြသေးသည်။ သူတို့တွင် ဤပြဿနာအတွက် အဖြေတစ်ခု ရှိနေလောက်ပြီဖြစ်ကြောင်း ခန့်မှန်းမိရန် မခက်ခဲပါချေ။ ထိုအရာက အကောင်းဆုံး ဖြေရှင်းနည်းမဟုတ်သော်လည်း စစ်ဖြစ်မည့် အရေးကိုတော့ ရှောင်ရှားနိုင်လောက်သေးသည်။
သို့သော် ဤအရာအားလုံးမှာ စုမင်၏ ရုတ်တရက်ပေါ်ထွက်လာမှုကြောင့် ပြောင်းလဲသွားခဲ့ချေပြီ။
စုမင်မျက်နှာထက်တွင် ထူးဆန်းသော အမူအယာတစ်ခု ပေါ်လာခဲ့သည်။ သူနေထိုင်ရန် လှိုဏ်ဂူလုပ်မည့် နေရာ၏ တံခါးဝမှာပင် ရတနာသိုက်လေးတစ်ခု ရှိနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ နွားသိုးဖြူ မျိုးနွယ်စုနှင့် ကြိုးကြာနက်မျိုးနွယ်စုတို့က ဤနေရာကို လက်လျှော့မှာ မဟုတ်ကြောင်း ရှင်းနေသဖြင့် အနာဂါတ်တွင် ကြုံရမည့် ဒုက္ခတသီတစ်တန်းကြီးကို တွေးလိုက်မိချိန်တွင်တော့ သူ ခေါင်းကိုက်သွားရ၏။
'အိုး ကောင်းပြီလေ၊ ဒီရှာမန်သလင်းကျောက်ကြောကြီးက ငါ့တံခါးဝရှေ့ ရောက်နေတယ်ဆိုမှတော့လည်း အဲဒါက ငါနဲ့ကံပါတယ်လို့ ဆိုနေတာပဲ။ ဒီလိုဆိုမှတော့ ငါလည်း မစွန့်ပစ်နိုင်တော့ဘူးပေါ့' စုမင်သည် လက်များကို နောက်ပစ်၍ တွင်းထဲမှ လျှောက်လှမ်းထွက်လာခဲ့သည်။ သူမထွက်ခွာခင် ဤနေရာ၌ နတ်ဘုရားစိတ်အာရုံထု တစ်ခုကိုလည်း ချန်ထားရစ်ခဲ့လေသည်။
***