မင်း ဒီနေ့ သေရမယ်
Vol. 91 Ch. 1351
*ဟွမ်ကျုံးလီအတွက် လာတာလား*
*ဒါဆို အဲ့လူက ဟွမ်ယွီလင်းအတွက် လာတာလို့ ဆိုလိုတာပေါ့*
အလင်းအရိပ်ဂိုဏ်းသည် ပြည်ပဂိုဏ်းတစ်ခု ဖြစ်ပြီး ဝေးလံသော ပင်လယ်ဒေသတစ်ခုတွင်း၌ တည်ရှိသည်။ တစ်သက်လုံး အလင်းနှင့် အရိပ်၏ စွမ်းအားကို လေ့လာသင်ယူနေသော အလွန် ရှေးကျသည့် ဂိုဏ်းတစ်ခု ဖြစ်လေသည်။
ဤအလင်းအရိပ်ဂိုဏ်း၏ ဘုန်းတော်ကြီးသည် ဂိုဏ်းချုပ်ဖြစ်ပြီး အလင်းနှင့် အရိပ်ဟူ၍ ကိုယ်ပွား နှစ်ခု ခွဲနိုင်ပြီး ကိုယ်ပွား နှစ်ခုလုံးက မူလကိုယ်၏ ခွန်အားကို တစ်ရာရာခိုင်နှုန်း အပြည့် ထုတ်သုံးနိုင်သည်။
သူနှင့်တစ်ခါ တိုက်ခိုက်လျင် ပြိုင်ဘက်အတွက် သုံးယောက် တစ်ယောက် ရင်ဆိုင်ရမည် ဖြစ်သည်။ ဤသည်မှာ ဖြုံရလောက်သော ရန်သူ တစ်ယောက်ပင်။
အလွန် နည်းပါးသော သူတော်စင်သခင်အဆင့် အချို့သာလျင် ဤသို့သော လူမျိုးနှင့် ရင်ဆိုင်ချင်စိတ် ရှိကြသည်။ ထို့ကြောင့် တစ်ဖက်လူ၏ နောက်ကြောင်းကို သိလိုက်ရသည်နှင့် ဟွမ်ထျန်းချန် ခေါင်းမွေးထောင်သွားပြီး မျက်နှာ ဖြူရော်သွားသည်။
ပြည်ပမှဖြစ်သော်လည်း အလင်းအရိပ်ဂိုဏ်းသည် ကျုံးကျိုး အင်ပါယာတွင်း၌ ကျော်ကြားပြီးသား ဖြစ်သောကြောင့် လူတိုင်း သိကြသည်။
တစ်ဖက်လူ၏ အဆင့်အတန်းကို သိရှိပြီးနောက် များစွာသော လူတို့သည်လည်း ကြောက်လန့်သော အမူအရာများ ပြလာပြီး ပင့်သက်ရှိုက်ကာ တုန်ယင်လာကြသည်။
တစ်ဖက်လူသည် အလွန် ကြောက်စရာကောင်းသော လူတစ်ယောက် ဖြစ်သည်။ နှစ်ထောင်ချီအောင် ပြိုင်ဘက်ကင်းသူအဖြစ် ကျော်ကြားလေသည်။ သူ ငယ်ရွယ်စဉ်အခါက ခေတ်ပြိုင် ပြိုင်ဘက်များကို အနိုင်ယူခဲ့ပြီး အချိန်အတိုင်းအတာ တစ်ခုအထိ ကြီးစိုးခဲ့သူ ဖြစ်သည်။
လက်ရှိတွင် သူတော်စင်သခင်အဆင့်သို့ တက်လှမ်းနိုင်ပြီးနောက် သူ ပို၍ သန်မာလာပြီး ကြောက်စရာ ကောင်းလာ၏။ သူ့လက်ထဲ၌ သေသွားသော သူတော်စင်သခင်အဆင့်များအား မရေတွက်နိုင်အောင် ရှိပြီး လူအနည်းကသာ သူ့ကို ဆန့်ကျင်ရဲသည်။
သူကလည်း ဟွမ်ကျုံးလီကို လိုချင်နေလိမ့်မည်ဟု ထင်မှတ်မထားမိပါ။ သို့သော် ဟွမ်ထျန်းချန်အား အလွန် ဒေါသထွက်သွားစေသည့် အချက်မှာ သူ၏ ညီဝမ်းကွဲက ခါဇန်ကို သူ့ထံခေါ်လာပြီး တစ်ဖက်လူက သူ့သမီး၏ ဟွမ်ကျုံးလီကို လိုချင်နေသည်ဟု ဗြောင်ကျကျ ပြောလာခြင်းပင်။ သူက ဘာကို ဆိုလိုချင်နေသနည်း။
ချက်ချင်းဆိုသလိုပင် ဟွမ်ထျန်းချန်က ဒေါသဖြင့် ပြန်ပြောလိုက်သည်။
“ဟွမ်ကျစ်ရှန် မင်း သွေးသားဆွေမျိုးကို နှိပ်စက်ညှဉ်းပန်းဖို့အတွက် အပြင်လူနဲ့ ပူးပေါင်းတယ်ပေါ့လေ၊ မင်း လူမှ ဟုတ်သေးရဲ့လား”
သူတို့က မျိုးနွယ်တစ်ခုတည်းမှ ညီအစ်ကိုများ ဖြစ်သော်လည်း ဟွမ်ကျစ်ရှန်က သူ့ကို ထိခိုက်စေချင်သည်တဲ့လား။ ဟွမ်ကျစ်ရှန်က ကောက်ကျစ်စွာ ပြုံးကာ မလိုတမာစိတ်ဖြင့် ပြန်ပြောလေသည်။
“အစ်ကိုကြီး လက်ရှိအခြေအနေကို သိပါတယ်၊ အခုထိ အမှန်တရားကို နားမလည်နိုင်သေးဘူးလား၊ ခင်ဗျား အရည်အချင်းနဲ့ ဟွမ်ကျုံးလီကို ထိန်းသိမ်းထားနိုင်မယ်လို့ ထင်နေတာလား”
“ခင်ဗျားသမီးကိုယ်ထဲက ဟွမ်ကျုံးလီကို အပြင်လူဆီ ပေးလိုက်ရမယ့်အစား ခင်ဗျားသိတဲ့ လူတစ်ယောက် ယောက်ကို ပေးလိုက်တာ ပိုကောင်းတယ်လေ ဟုတ်တယ်မလား၊ မစ္စတာ ခါဇန်က ကျုပ်တို့ကို ကတိပေးထားတယ်၊ ကျုပ်တို့ ဟွမ်ကျုံးလီကို ထုတ်ပေးတာနဲ့ နောင်အနာဂတ်မှာကျုပ်တို့ ဟွမ်မိသားစုကို သူ စောင့်ရှောက်မယ်လို့ ကတိပေးထားတယ်၊ ဒါဆို အင်ပါယာတစ်ခုလုံးမှာ ဘယ်သူက ကျုပ်တို့ကို စိန်ခေါ်ရဲ ဦးမှာလဲ”
“မင်း အိပ်မက်ထဲမှာပဲ ရမယ်”
ဟွမ်ထျန်းချန် အေးစက်စွာ အော်ဟစ်လိုက်သည်။ သူ နားလည်သွားလေသည်။ ဟွမ်ကျစ်ရှန်က ခါဇန်ကို မျက်နှာချိုသွေး၍ သူတို့မိသားစုကို ရောင်းစားချင်နေခြင်း ဖြစ်သည်။
ထိုစကားကိုကြားသော် ခါဇန်၏ မျက်နှာ ရုတ်တရက် မည်းမှောင်သွားပြီး တစ်ဖက်လူ၏ မထီမဲ့မြင်ပြုမှုကြောင့် ဒေါသထွက်သွားလေသည်။
ဤသည်ကိုမြင်သော် ဟွမ်ကျစ်ရှန်က ဒေါသမထွက်ပေ။ ထိုအစား ပို၍ မလိုတမာဟန်ဖြင့် ရယ်မောကာ ဆရာလုပ်သော လေသံဖြင့် ပြောလိုက်သည်။
“အစ်ကိုကြီး ခင်ဗျား သေချာ စဉ်းစားသင့်တယ်၊ မစ္စတာခါဇန်က လင်းအာရဲ့ စိတ်ဝိညာဉ် အရင်းအမြစ်ကို သူ့အသက်ကို မထိခိုက်ဘဲ ထုတ်ယူနိုင်တဲ့ နည်းလမ်း သူ့မှာ ရှိတယ်လို့ ပြောထားပြီးသား၊ ဒီစိတ်ဝိညာဉ် အရင်းအမြစ် မရှိရင် လင်းအာ အေးအေးချမ်းချမ်း နေနိုင်သလို ကျုပ်တို့ ဟွမ်မိသားစုလည်း အမြင့်ကို တက်နိုင်ပြီလေ၊ ဘာလို့ မလုပ်ရမှာလဲ”
စကားအဆုံး၌ သူက သူတော်ကောင်းယောင်ဆောင်သော စကားတစ်ခွန်း ပြောလိုက်သေးသည်။
“အစ်ကိုကြီး ကျုပ်လုပ်သမျှ အားလုံးက ခင်ဗျားသမီး ကောင်းကျိုးအတွက်ပါ၊ ခင်ဗျား ကျုပ်ရဲ့ စေတနာကို နားလည်ရမယ်လေ”
“မင်းရဲ့ စေတနာ ဟုတ်လား၊ ဒါပေါ့ ငါ မင်းစေတနာကို သိတာပေါ့၊ မင်း ငါ့နေရာကို မျက်စောင်းထိုးနေတာ ကြာပြီဆိုတာကိုလည်း ငါ သိတယ်၊ မင်း ငါ့နေရာကို ဝင်ယူဖို့ မစောင့်နိုင်တော့ဘူးလေ”
ဟွမ်ထျန်းချန်က ဘာမပြော ညာမပြောနှင့် ပြန်ပြောချလိုက်ပြီး သူ့မျက်နှာဖုံးကို ခွာချလေသည်။ သူ့ဝမ်းကွဲ၌ မကောင်းသော စိတ်များ ရှိပြီး မိသားစု ပိုင်ဆိုင်မှုကို အလွဲသုံးစား လုပ်ချင်နေခဲ့သည်။ သူ့၌ ထိုသို့လုပ်ပိုင်ခွင့် မရှိ၍သာ ငြိမ်နေခြင်း ဖြစ်လေသည်။
ဟွမ်ထျန်းချန်က ထိုကဲ့သို့သော အသေးစား ပြဿနာလေးများအတွက် သူ့ကို အဖက်ပင် မလုပ်ခဲ့ချေ။ သို့သော် သူ့ဝမ်းကွဲက ရက်စက်သော စိတ်ထားရှိပြီး သူ့သမီး၏ အသက်ကိုပါ လိုချင်နေလိမ့်မည်ဟု သူ ထင်မထားမိပါ။
*ငါ့သမီးရဲ့ အသက်ကို မထိခိုက်စေပါဘူးတဲ့၊ ကောင်းလိုက်တဲ့ အပြော*
စိတ်ဝိညဉ် အရင်းအမြစ်ကို ဖယ်ထုတ်လျင် မသေနိုင်သည်က အမှန်ဖြစ်ကြောင်း ယဲ့ဖန် သူ့ကို ပြောထားပြီးသား ဖြစ်သည်။ သို့သော် လူ့ခန္ဓာကိုယ်က ရေဓာတ်ပြတ်တောက်သွားသော ပန်းပင်များကဲ့သို့ အလွန် အားနည်းလာ ပေလိမ့်မည်။ အလွန်ဆုံး နောက်ထပ် အနှစ် နှစ်ဆယ်၊ သုံးဆယ်မျှသာ နေနိုင်နေမည်။
သူ့သမီး၏ အသက်ကို စတေးရမည် ဖြစ်သော်လည်း ဟွမ်ကျစ်ရှန်က ခါဇန်ကို အရေးထားနေသဖြင့် ဟွမ်ထျန်းချန်၏ ရည်ရွယ်ချက်ကို သူ တွက်ဆမိပါသည်။
သူ့စကားကို ကြားသော် ဟွမ်ကျစ်ရှန်က ဖုံးကွယ်မနေဘဲ အရှက်မဲ့စွာ ရယ်မော၍ ပြောလေသည်။
“ခင်ဗျား သတိထားမိလိမ့်မယ်လို့ ကျုပ် ထင်မထားမိပါဘူး၊ ဟုတ်တယ် ကျုပ် ခင်ဗျားကို အမြဲတမ်း ဆွဲချချင် နေခဲ့တာ၊ အရည်အချင်း၊ စွမ်းရည်နဲ့ နောက်ခံချင်း ယှဉ်မယ်ဆို ကျုပ် ခင်ဗျားကို မရှုံးပါဘူး၊ ဘာလို့ ခင်ဗျားက အိမ်တော်ရဲ့ သခင်ကြီး ဖြစ်နေပြီးတော့ ကျုပ်က ခင်ဗျားရဲ့ နယ်ရုပ်လို နေရမှာလဲ”
မနာလိုခြင်း၊ နက်ရှိုင်းသော မနာလိုဝန်တိုစိတ် ဖြစ်သည်။ ဟွမ်ကျစ်ရှန်၏ ရည်မှန်းချက် ဟွမ်ထျန်းချန် ထင်ထား သည်ထက် ပို၍ ကြီးမားနေ၏။
“ကံကြမ္မာဆိုတာ ကိုယ့်လက်ထဲမှာပဲ ရှိတယ်၊ အစ်ကိုကြီး ဒါ ခင်ဗျား ကျုပ်ကို ပြောပြခဲ့တဲ့ စကားလေ”
ဟွမ်ကျစ်ရှန် ရယ်မော၍ ဟွမ်ထျန်းချန်ကို အငြိုးထားသော မျက်လုံးဖြင့် စိုက်ကြည့်လေသည်။
“အဲ့ဒါကြောင့် ကျုပ် ခင်ဗျားဆီက အားလုံးကို လုယူမယ်”
လက်ရှိတွင် သူ့မျက်လုံး၌ ကြောက်စရာကောင်းလောက်သော မကျေမချမ်းဖြစ်ဟန်များ ပေါ်လွင်နေသည်။ ဟွမ်ထျန်းချန်ထံမှ အရာအားလုံးကို လုယူပြီး သူ့ရှေ့၌ ခွေးတစ်ကောင်သဖွယ် ဒူးထောက်ခိုင်းရမည်။
ယခင်က ဟွမ်ထျန်းချန်ကို ခေါင်းငုံ့၍ အရိုအသေ ပေးခဲ့ရသူက သူ ဖြစ်ပြီး ယခု ထိုအရာကို ပြောင်းလဲချိန် တန်လေပြီ။
“ဟွမ်ကျစ်ရှန် မင်း စေတနာနဲ့ ပြောတယ်လည်း ဆိုသေးတယ်၊ ဘာလို့ ဒီလောက် ရည်မှန်းချက် ကြီးနေရတာလဲ”
ဟွမ်ထျန်းချန် နားမလည်တော့ပါ။ တစ်မိသားစုလုံးတွင် ဟွမ်ကျစ်ရှန်သည် သူတစ်ယောက်တည်း၏ အောက်တွင်သာ ရှိပြီး ကျန်လူများ၏ အထက်၌ ရှိနေသူ ဖြစ်သည်။ အဘယ်ကြောင့် မကျေနပ်နိုင်ရသနည်း။
ဟွမ်ကျစ်ရှန်က ကသိကအောက်ဖြစ်စွာ ရယ်မောလိုက်သည်။
“ဘာလို့လဲဆိုတော့ ကျုပ် ပိုလိုချင်လို့လေ”
ဟွမ်ထျန်းချန် အံ့ဩသွားရသည်။ တကယ်တမ်းတွင် လူ့သဘာဝ လောဘစိတ်ကို သူ လျှော့တွက်ခဲ့မိသည် မဟုတ်ပါလော။
“အဟမ်း အဟမ်း”
ထိုစဉ် ခါဇန်က တစ်ခုခု ပြောသကဲ့သို့ ချောင်းဟန့်လိုက်သည်။ ဟွမ်ကျစ်ရှန် ထိတ်လန့်သွားပြီး မျက်နှာ အေးစက် သွားလေသည်။
“တော်လောက်ပြီ အရေးမပါတာတွေ ပြောမနေတော့ဘူး၊ ဟွမ်ကျုံးလီကို လွှဲပေး အနည်းဆုံးတော့ ခင်ဗျားသမီးရဲ့ အသက်ကို ကယ်နိုင်မှာပဲ၊ ဒါမှမဟုတ် ခင်ဗျား သမီးတင်မကဘူး ခင်ဗျား တစ်မိသားစုလုံး သေရမယ်”
အမှန်အတိုင်း ပြောရလျင် သူ ဟွမ်ထျန်းချန်၏ တစ်မိသားစုလုံးကို သတ်သည့်ကိစ္စကို ပိုသဘောကျသည်။ ဟွမ်ထျန်းချန်က သက်ပြင်းချ၍ ပြောလိုက်သည်။
“စိတ်ကူးယဉ်မနေနဲ့၊ ငါ ဟွမ်ကျုံးလီကို လွှဲမပေးနိုင်ဘူး”
ယဲ့ဖန်သာ မရှိလျင် သူ အညံ့ခံရလောက်သည်။ သို့သော် ယခု မတူတော့ပေ။ အလင်းတော် ဘုန်းတော်ကြီးက ကြောက်စရာကောင်းသော်လည်း သူ့အထင်တွင် ယဲ့ဘုရင်လောက် ကြောက်စရာမကောင်းပေ။
*ဟမ်*
ဟွမ်ကျစ်ရှန်နှင့် ခါဇန်တို့နှစ်ယောက်လုံး မှင်တက်သွားလေသည်။ ဟွမ်ထျန်းချန်က ငြင်းရဲလိမ့်မည်ဟု သူတို့ ထင်ထားမိပုံ မရချေ။
ခါဇန်၏ မျက်နှာက မည်းမှောင်သွားပြီး အထက်စီးဖြင့် ပြောလိုက်သည်။
“ပုရွက်ဆိတ်ကောင် ငါ အငြင်းခံရတာကို မကြိုက်ဘူး၊ ငါ မင်းကို နောက်ဆုံး အခွင့်အရေး ပေးလိုက်မယ်၊ သေတွင်း မတူးနဲ့”
ပုရွက်ဆိတ်တစ်ကောင်က သူ့ကို ငြင်းရဲနေသည်ဆိုကတည်းက သေတွင်းတူးနေခြင်းပင်။ တစ်ဖက်လူက သူ့နာမည်ကို ကြားသည်နှင့် ချက်ချင်း စိတ်ပြောင်းလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။
သူသည်သာမက ပတ်ဝန်းကျင်မှ လူများအားလုံး ထိုသို့ ထင်ခဲ့ကြသည်။ တစ်ဖက်လူက သူတော်စင်သခင် အဆင့်များပင် ကြောက်ရသည့် အလင်းတော် ဘုန်းတော်ကြီး ခါဇန် မဟုတ်ပါလော။
ဟွမ်ထျန်းချန်၌ သူ့ကိုငြင်းပယ်ရဲသည့် သတ္တိ ဘယ်လိုလုပ် ရှိနေသနည်း။ ဤသည်မှာ နားမလည်နိုင်သော ကိစ္စရပ်ပင်။
သူတို့စိတ်ထဲတွင် ဟွမ်ထျန်းချန် မောက်မာလွန်းသည်ဟု ထင်နေ၏။ သူ့သမီး၏ အသက်ကို ကယ်နိုင်လောက် သော်လည်း သူ၏ မောက်မာမှုကြောင့် ပျက်စီးသွားလေပြီ။
*မင်းလို သေမျိုးတစ်ယောက်က ဒီလိုလူမျိုးကို စိန်ခေါ်ချင်နေတာလား၊ မင်း တမင်တကာ သေတွင်းတူးတာ ဖြစ်မနေဘူးလား*
သူတို့အမြင်တွင် ဟွမ်ထျန်းချန်သာ သူ့သမီးအကျိုးအတွက် ကြည့်မည်ဆိုလျင် တစ်ဖက်လူ၏ တောင်းဆိုချက်ကို လိုက်လျောသင့်သည်။ သူ၏ နောက်ခံတစ်ခုတည်းနှင့် ဘယ်လိုလုပ် ခါဇန်ကို ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိပါမည်နည်း။
“အရေးမပါတာတွေ ပြောမနေနဲ့၊ ငါ မင်းရဲ့ အခွင့်အရေးကို ဂရုမစိုက်ဘူး”
သို့သော် ဟွမ်ထျန်းချန်က စိတ်မဝင်စားဟန်ဖြင့် ခံစားချက်ကင်းမဲ့စွာ ပြန်ပြောလိုက်သည်။
*ဘာ*
*ငြင်းလိုက်တာလား*
လူတိုင်း ဟွမ်ထျန်းချန်ကို အလွန် စိတ်မချမ်းမြေ့သော အကြည့်မျိုးနှင့် ကြည့်လာကြသည်။
*ဒီလူ တကယ် ရူးနေတာပဲ၊ သူ ခါဇန်ကို ထပ်အရှက်ရအောင် လုပ်နေပါလား*
*ဘယ်သူက သူ့ကို သတ္တိရှိအောင် လုပ်ပေးလိုက်တာလဲ၊ မောက်မာလွန်းတယ်*
*ငါ မောက်မာတဲ့လူတွေကို မြင်ဖူးပင်မယ့် ဒီလောက် မောက်မာတဲ့လူမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးသေးဘူး*
လူတိုင်းက အထင်သေးစွာဖြင့် အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာကြသည်။ ထို့အပြင် သူတို့က သူ့ကို အေးစက်သော မျက်လုံးများဖြင့် သေလူသဖွယ် မြင်နေကြလေသည်။ ဟွမ်ထျန်းချန်က ခါဇန်လိုလူမျိုးကို ရန်စရဲသဖြင့် သူတို့စိတ်ထဲတွင် ဟွမ်ထျန်းချန်အား သေလူဟု သတ်မှတ်ထားလိုက်သည်။
တစ်ကြိမ် ငြင်းဆန်၍ အဆင်ပြေသော်လည်း ဒုတိယတစ်ကြိမ် ငြင်းရဲသည်တဲ့လား။ ခါဇန်ပေးသည့် ဒုတိယ အခွင့်အရေးကိုလည်း သူ ဂရုမစိုက်ဟုလည်း ပြောခဲ့သေးသည်။ ဤသည်မှာ လျစ်လျူရှုခြင်း မဟုတ်တော့ဘဲ ရန်စခြင်းသာ ဖြစ်လေသည်။ ခါဇန်အား မျက်နှာ ဖြတ်ရိုက်သကဲ့သို့ အရှက်ခွဲလိုက်ခြင်းပင်။
“ကောင်းတယ် သိပ်ကောင်းတယ်”
ခါဇန်၏ အိုမင်းနေသော မျက်နှာက ပထမ၌ အံ့ဩဟန် ပြသော်လည်း နောက်ပိုင်းတွင် ရက်စက်ခက်ထန်ဟန် ပြလာပြီး ဟွမ်ထျန်းချန်အား သုန်မှုန်စွာ စူးစိုက်ကြည့်လေသည်။
“မင်းရဲ့ အခု ရွေးချယ်မှုအတွက် အကြီးအကျယ် နောင်တရဖို့ သိပ်မလိုတော့ဘူးလို့ ငါ အာမခံတယ်”
ယုံကြည်မှုရှိ၍ အထက်စီးဆန်လွန်းသည်။ သူ၏ ခွန်အားနှင့် ပတ်သက်၍ တစ်ရာရာခိုင်နှုန်း ယုံကြည်မှု ရှိသည်။ ထို့ကြောင့် ဟွမ်ထျန်းချန် ဒူးထောက်ရလိမ့်မည်ဟု သိနေ၏။
လူတိုင်း၏ အပြုံးက ပို၍ ပီပြင်လာသည်။
*သွားပြီ ဟွမ်ထျန်းချန် လုံးဝ ဇာတ်သိမ်းပြီ၊ ခါဇန်ကို လုံးဝ ရန်စလိုက်မှတော့ သူ့ဒေါသကို ဟွမ်ထျန်းချန်က ခံနိုင်မယ် ထင်နေတာလား*
*ငါတို့တော့ မထင်ဘူး*
ထိုအခိုက်တွင် ဟွမ်ကျစ်ရှန်သည် စိတ်လှုပ်ရှားလွန်း၍ ထပင်ခုန်ချင်နေသည်။ သူကိုယ်တိုင် ဝင်သွေးထိုးရန် မလိုတော့သည့်ပုံပင်။ ခါဇန်က ဟွမ်ထျန်းချန်ကို ကိုယ်တိုင် ရှင်းပစ်ပေတော့မည်။ မကြာခင် ဟွမ်မိသားစုက သူ့လက်ထဲ ရောက်လာပေတော့မည်။
“ကျုပ် စောင့်နေတယ်”
ဟွမ်ထျန်းချန် အေးစက်စွာ ပြောလိုက်ပြီးနောက် ယဲ့ဖန်အား အချက်ပြလေသည်။
“လူကြီးမင်းယဲ့ ကြွပါ”
*လူကြီးမင်းယဲ့ ဟုတ်လား*
ဟွမ်ကျစ်ရှန် အံ့ဩသွားပြီးနောက် အထင်သေးစွာ ပြုံးလိုက်သည်.
“ဟွမ်ထျန်းချန် ဒီကောင်လေးက မင်း ရှာနေတဲ့ အကူအညီလား၊ မင်း ဦးနှောက်ချောင်နေတာလား၊ ဒီလို အမှိုက်ကိုမှ လိုက်ရှာရတယ်လို့”
*သူတော်စင်သခင်အဆင့်နဲ့ ယှဉ်တိုက်ဖို့ ဈာန်ဝင်စားခြင်းအဆင့်ကို အားကိုးတယ်တဲ့လား*
ဟွမ်ထျန်းချန် စိတ်လွတ်သွားခြင်း ဟုတ်၊ မဟုတ် သူ အတော်လေး သံသယ ဝင်နေမိသည်။
“မစ္စတာခါဇန် ခင်ဗျား မြင်တယ် မဟုတ်လား၊ ကျုပ်အစ်ကိုကြီးက အဲ့ကောင်လေး သူ့အနားမှာ ရှိရင် ခင်ဗျားကို တားနိုင်မယ်လို့ ထင်နေတဲ့ပုံပဲ”
ဟွမ်ကျစ်ရှန်က တမင်သက်သက် သာသာထိုးထိုး ပြောလိုက်သည်။ ခါဇန်က ယဲ့ဖန်ကို ဂရုမစိုက်သလို ကြည့်လာသည်။
“ဟေ့ကောင် ဒီနောက်ကျိနေတဲ့ ရေထဲမှာ ဝင်မကူးဖို့ မင်းကို အကြံပေးလိုက်မယ်၊ မင်းလိုလူမျိုးကို ငါ လက်ချောင်း တစ်ချောင်းတည်းနဲ့ ဖိသတ်လိုက်လို့ရတယ်၊ မသေချင်ရင် ဒီနေရာကနေ ထွက်သွားတော့”
“ဪ”
ယဲ့ဖန်က မျက်ခုံးပင့်လိုက်ပြီး လေသံက ရုတ်တရက် အေးစက်လာသည်။
“အဲ့တော့ ခင်ဗျား ကျုပ်ကို ရှင်းနိုင်တယ်လို့ ထင်နေတာလား”
“အရေးမပါတာတွေ”
ခါဇန်သည် ယဲ့ဖန်နှင့် စကားပြောရန် စိတ်မပါတော့ဘဲ သူ့ဦးနှောက်၌ ပြဿနာများ ရှိနေလေသလားဟု သံသယ ဝင်လာ၏။
သူတော်စင်သခင်အဆင့်က ဈာန်ဝင်စားခြင်းအဆင့်လေးကို သတ်ရန် ခွန်အား ဆယ်ပုံတစ်ပုံမျှ ထုတ်သုံးလျင်ပင် ရနေပြီ မဟုတ်ပါလော။
ယဲ့ဖန်က ရယ်လိုက်သည်။
“ကျုပ်အထင် မမှားဘူးဆိုရင် ခင်ဗျားရဲ့ သက်တမ်းက နောက်ဆယ်နှစ်အထိပဲ ကျန်တော့တယ် ဟုတ်တယ်မလား”
*ဟမ်*
ခါဇန် မျက်နှာ မည်းမှောင်သွားသည်။
*ဒီကောင်လေးက ငါ့သက်တမ်းကိုတောင် မြင်နေရတာလား*
“မင်း ဘာပြောချင်တာလဲ”
သူ ယဲ့ဖန်ကို ချက်ချင်း ပြန်မေးလိုက်သည်။ ယဲ့ဖန်က ရယ်မြဲရယ်နေသည်။ သို့သော် လက်ရှိတွင် သူ့အပြုံးက အလွန် ကြမ်းကြုတ်လာ၏။
“ကျုပ် ပြောချင်တာက ခင်ဗျားရဲ့ ဆယ်နှစ်သက်တမ်းက တိုတော့မှာ၊ ခင်ဗျား ဒီနေ့ သေကိုသေရမယ်”