တစ်ယောက်ချင်း တိုက်ပွဲ စတင်ပြီ
Vol. 91 Ch. 1352
ထိုသို့ပြောလိုက်သောအခါ အားလုံး ဆူညံပွက်လောရိုက်သွားသည်။
*ခြိမ်းခြောက်တာလား*
*ဒီကောင်လေးက တကယ် ခါဇန်ကို ခြိမ်းခြောက်လိုက်တာလား*
*အရူး*
*ဒီကောင်လေးက တကယ့် အရူးပဲ*
*အသက် အချောင်းတစ်ရာ ရှိနေရင်တောင် ဈာန်ဝင်စားခြင်းအဆင့်လေးနဲ့ သူတော်စင်သခင် အဆင့်ကို ရန်စလို့ မဖြစ်နိုင်တာကို*
*ဒါ လွန်လွန်းမနေဘူးလား*
ခါဇန်နှင့် ဟွမ်ကျစ်ရှန်တို့ မှင်တက်သွားကြသည်။ ထို့နောက် နှစ်ယောက်လုံးက အရယ်ရဆုံး ဟာသကို ကြားလိုက် ရသကဲ့သို့ ခွက်ထိုးခွက်လန် ရယ်ကြလေသည်။
*ဈာန်ဝင်စားခြင်းအဆင့်လေးက ခါဇန်ကို သတ်မယ်လို့ ပြောလိုက်တာလား*
*ပုရွက်ဆိတ်တစ်ကောင်က ဆင်ကို နင်းချေပစ်မယ်လို့ ပြောတာနဲ့ အတူတူပဲလေ*
မူလက ဟွမ်ထျန်းချန်၏ ငြင်းဆန်မှုကြောင့် သူတို့အားလုံး စိတ်ညစ်ညူးနေခဲ့သည်။ သို့သော် ယခုအခါ၌ သူတို့သည် မျက်ရည် ထွက်ကျမတတ် ရယ်မောနေကြသည်။
*ဒီလောက်ကြာမှ ဦးနှောက်မရှိတဲ့ အရူးမှန်း သိလိုက်ရတယ်လို့ကွာ*
*ဟွမ်ထျန်းချန်ကလည်း အဲ့လိုပဲ*
*အခု ဒီကောင်ကလည်း အတူတူပါပဲလား*
“ဟားဟားဟား ဟုတ်ပါပြီ၊ ဟေ့ကောင်လေး ငါ မရယ်ရတာ နှစ်တွေ ကြာနေပြီ၊ မင်း ငါ့ကို ရယ်အောင် လုပ်ပေးခဲ့တဲ့အတွက် ငါ မင်းကို ခဏနေရင် နည်းနည်းလောက် ပျော်ပျော်သေရအောင် လုပ်ပေးမယ်”
ခါဇန် ရယ်နေသော်လည်း သူ့မျက်လုံးက အေးစက်ခက်ထန်နေ၏။
“ပြောလို့ပြီးပြီလား၊ ပြီးရင်လည်း ထွက်သွားတော့၊ လိမ်မာတဲ့ခွေးဆိုတာ လမ်းပိတ်မရပ်တတ်ဘူး”
ယဲ့ဖန်က အေးစက်စွာ သရော်လိုက်ပြီး တစ်ဖက်လူ၏ ခြိမ်းခြောက်မှုကို အလေးအနက် မထားချေ။ ယနေ့ သူ့ရန်သူက ခါဇန် တစ်ယောက်တည်း မဟုတ်ပေ။
*ခါဇန်ကို ထွက်သွားတဲ့လား*
ခါဇန်၏ အပြုံးက အေးခဲပျောက်ကွယ်သွားပြီးနောက် အလွန် ရက်စက်သော ဟန်ပန် ပေါ်လာသည်။ သူ ယဲ့ဖန်ထံမှ ထပ်ခါထပ်ခါ ရန်စခြင်း ခံနေရသည်။
ဤမျှ မောက်မာသော လူငယ်တစ်ယောက်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
*သူ့ကို ထပ်ခါထပ်ခါ နင်းချေပစ်ရမယ်*
*သေချင်နေတာပဲ*
“ဆရာ ကြည့်ပါဦး”
ထိုစဉ် ရှင်းကျီကလည်း ဤနေရာမှ အဖြစ်အပျက်ကို သတိထားမိပြီး ကျီးကန်း တာအိုသခင်ကို သတိပေး လိုက်သည်။ ကျီးကန်း တာအိုသခင်က အေးတိအေးစက် ခနဲ့၍ အထင်သေးစွာ ပြောလိုက်သည်။
“အသက်မရှင်ချင်တဲ့ကောင်ပဲ၊ အလင်းတော် ဘုန်းတော်ကြီးက ငါတောင် သူနဲ့ဆုံတုန်းက စီနီယာတစ်ယောက်လို တလေးတစား ဆက်ဆံခဲ့ရတဲ့သူ၊ အဲ့လိုလူကို သူက စိန်ခေါ်ရဲတယ်ဆိုတော့ သေချင်နေတာပဲ”
“ဒါဆို ကျွန်မတို့ ဝင်ပါတော့မှာလား”
ရှင်းကျီ မေးလိုက်သည်။ သူတို့ ဝင်မပါလျင် ထိုလူငယ် ခါဇန်ကြောင့် သေသွားမှာ သေချာသည်။
“ဝင်ပါမယ် ဟုတ်လား၊ မောက်မာလွန်းနေတာ အဲ့ကောင် မဟုတ်ဘူးလား၊ ဒီအခွင့်အရေးကို အသုံးချပြီး သူ မှတ်သွားအောင် လုပ်ရမယ်”
ကျီးကန်း တာအိုသခင်က ဆိုးရွားသော မျက်နှာပေးနှင့် သရော်လိုက်သည်။ ရှင်းကျီကလည်း လှောင်ရယ်လိုက်ပြီး ယဲ့ဖန် အဆော်ခံရမည့် အချိန်ကို စောင့်စားနေသည်။
ဤသို့ မောက်မာသောသူသည် ရက်ရက်စက်စက် တိုက်ခိုက်ခံရသည့် အခါမှသာ လက်တွေ့ကို သတိပြုမိသွားမှာ ဖြစ်သည်။
သူမဆရာပြောသော ဓားကိုငှား၍ လူသတ်သည်ဟူသော စကား၏ အဓိပ္ပာယ်ကို သူမ ယခုမှ နားလည် သွားရသည်။ သူတို့ကိုယ်တိုင် လုပ်စရာ မလိုပေ။ တစ်ယောက်ယောက်က သူမတို့အတွက် ယဲ့ဖန်ကို ရှင်းပေး သွားလိမ့်မည်။
“ငါ မသွားနိုင်ဘူးဆိုရင် မင်း ဘာလုပ်နိုင်မှာလဲ”
ဟွမ်ကျစ်ရှန်က ချက်ချင်း သရော်၍ ယဲ့ဖန်ကို စိုက်ကြည့်လေသည်။ ဈာန်ဝင်စားခြင်းအဆင့်လေးနှင့် သူတို့ကို လာစိန်ခေါ်ရဲနေ၏။ အမှန်အတိုင်း ပြောရလျင် သူတောင်မှ ယဲ့ဖန်ကို သတ်နိုင်သည်ဟု ခံစားမိနေသည်။
“ဖြောင်း”
ကျယ်လောင် ပြင်းထန်သော ပါးရိုက်သံ ထွက်ပေါ်လာ၏။ ဟွမ်ကျစ်ရှန်သည် မျက်နှာ ဖြတ်ရိုက်ခံလိုက်ရပြီး ဆယ်မီတာကျော်မျှ လွင့်ထွက်သွားပြီးနောက် မြေကြီးပေါ် ဘုန်းခနဲ ပြန်ကျလာကာ မျက်နှာတစ်ပြင်လုံး ရောင်ကိုင်း လာလေသည်။ ကြီးမားသော အသားစိုင်နှင့်အတူ သွေးများ လွင့်စဉ်ထွက်လာသည်။ ဤသည်က ဤရိုက်ချက် မည်မျှ ပြင်းထန်ကြောင်း ပြသနေသည်။
“ငါ့ရှေ့မှာ ငါ့လူကို ထိခိုက်အောင် လုပ်ရဲတယ် ဟုတ်လား”
ခါဇန်က ယဲ့ဖန်ကို ခက်ထန်စွာ စိုက်ကြည့်နေပြီး မျက်လုံး ပြူးကျယ်လာပြီး လူသတ်လိုစိတ် မြင့်တက် လာလေသည်။
သူ စိတ်တိုကာ ဒေါသူပုန် ထလာ၏။ သူ မည်သူ့ဆီမှ တစ်ခါမှ ရန်စမခံရဖူးပါ။ ယဲ့ဖန်၏ လုပ်ရပ်က သူ့အား အတော်လေး ထိခိုက်စေသည်။ သူ့ကို ရူးမတတ် ဒေါသထွက်လာစေ၏။
*ကောင်းပြီလေ*
*ဒီကောင်က သေဖို့ မစောင့်နိုင်မှတော့ သူ အခု သေရမှာပေါ့*
လူတိုင်း ယဲ့ဖန်ကို ကရုဏာသက်သလို ကြည့်လာကြသည်။ တစ်ချို့ဆိုလျင် ယဲ့ဖန်၏ သွေးများ ပေမည်စိုး၍ နောက်ပင် ဆုတ်သွားသည်။
“ဟေ့ကောင် မင်းကို နုတ်နုတ်စင်းပစ်မယ်ကွ”
ခါဇန်က သူတော်စင်ဓားတစ်လက်ကို ထုတ်လိုက်သဖြင့် အလင်းတော်များ ဖြာထွက်သကဲ့သို့ တောက်ပလာသည်။
“အလင်းတော်ဓားပါလား”
လူတိုင်း ထိတ်လန့်ကာ ဖြူရော်သွားကြသည်။ ဤသည်မှာ အလင်းအရိပ်ဂိုဏ်း၏ ပထမဆုံးသော ဂိုဏ်းချုပ် အတွက် နတ်ဘုရင် ပြုလုပ်ထားသော လက်နက်ဖြစ်လေသည်။
ဤဓားကို ခါဇန် သယ်လာလိမ့်မည်ဟု မျှော်လင့်မထားမိပါ။ ယခုတစ်ခေါက်၌ သူ ဟွမ်ကျုံးလီကို အရယူမည်ဟု ဆုံးဖြတ်ထားပုံပင်။
“ဟားဟားဟား ငါ့ကို ရိုက်တယ် ဟုတ်လား၊ ထပ်ရိုက်လိုက်စမ်း အမှိုက်ကောင် သွားသေလိုက်တော့”
ဟွမ်ကျစ်ရှန်က ခက်ထန်သော မျက်နှာထားနှင့် အော်ဟစ်လေသည်။ လက်ရှိတွင် သူ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီး မျက်နှာတစ်ခုလုံး ဆွေးမြည့်လုနီးပါး ဖြစ်နေ၏။ ဤသည်မှာ ယဲ့ဖန်ကြောင့်ပင် ဖြစ်သည်။
သို့သော် ယဲ့ဖန်၏ ကံကြမ္မာက သူ့ထက် ပိုဆိုးလေသည်။ သူက အလောင်းပင် အပြည့်အစုံ မရှိဘဲ သေရ ပေတော့မည်။
သူတော်စင်ဓားအောက်၌ အသက်ရှင်သူ မရှိပါ။ ဤလူငယ် သေသွားပြီးလျင် ဟွမ်ထျန်းချန်နှင့် ဖြည်းဖြည်းချင်းစီ စာရင်းရှင်းရမည်။
ဟွမ်ကျစ်ရှန်ဟူသော သူသည် အရာအားလုံးကို ဝါးမျိုပစ်ပေမည်။ သို့မှသာ သူ မနစ်နာမှာ ဖြစ်လေသည်။
“ဟေ့ကောင် မင်း ငါ့ အလင်းတော်ဓားအောက်မှာ သေရမှာမို့ ဂုဏ်ယူသင့်တယ်’
ခါဇန်က ဂုဏ်ယူသော မျက်နှာပေးဖြင့် အသာပြောလိုက်သည်။
“တစ်ယောက်ချင်း တိုက်ပွဲ စပြီဟေ့”
သူ အလင်းတော်ဓားဖြင့် တိုက်ခိုက်တော့မည့်အချိန်၌ လူအုပ်ထဲမှ အော်သံတစ်သံ ထွက်ပေါ်လာသည်။ ခါဇန် မျက်မှောင်ကြုတ်သွားပြီး ဓားကို ရုတ်သိမ်းလိုက်သည်။ တစ်ယောက်ချင်း တိုက်ပွဲ စနေပြီး ဟွမ်ကျုံးလီကို အရယူမည့် ကိစ္စက သူ၏ ထိပ်တန်း ဦးစားပေး ဖြစ်လေသည်။
“မျိုးမစစ်လေး ငါ ထိပ်ဆုံးရောက်အောင် ပြိုင်ပြီးတာကို စောင့်နေ၊ ငါ မင်းကို ပြန်လာသတ်မယ်”
ခါဇန် အပြုံးကြီး ပြုံးလိုက်ပြီးနောက် ပြိုင်ကွင်းရှိရာသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားသည်။ ဟွမ်ကျစ်ရှန် ကလည်း ယဲ့ဖန်ကို စူးစူးဝါးဝါး စိုက်ကြည့်ပြီးနောက် စဉ်းလဲစွာ ပြုံးလိုက်သည်.
“ဟေ့ကောင် မင်းဘဝရဲ့ နောက်ဆုံးအချိန်တွေကို ပျော်ပျော်ကြီး ခံစားထားစမ်း”
“ဟားဟားဟား … အစွမ်းတော့ မရှိပင်မယ့် ဒီချီးထုပ်က ကံတော်တော် ကောင်းတာပဲ”
ရှင်းကျီက ဤအဖြစ်ကိုမြင်ပြီး လျှာစောင်းထက်ထက်ဖြင့် သရော်ပြန်သည်။
“ထားလိုက်၊ သူ့ကို တစ်ယောက်တည်း ထားလိုက်တော့၊ အရေးကြီးတဲ့ကိစ္စကို အာရုံစိုက်”
ကျီးကန်း တာအိုသခင်က အောက်ဘက် ပြိုင်ကွင်းမှ ခါဇန်ကို စိုက်ကြည့်နေသည်။ ဤခရီးစဉ်၌ ထိုသူသည် သူ၏ ကြီးမားသော ရန်သူ ဖြစ်လာပေမည်။
ဤတစ်ယောက်ချင်း ယှဉ်ပြိုင်သော တိုက်ပွဲသည် မျှတမှုရှိရန်အတွက် ရှစ်ယောက်ပြိုင် လေးယောက်ထွက်၊ လေးယောက်ပြိုင် နှစ်ယောက်ထွက်နှင့် နှစ်ယောက်ပြိုင် တစ်ယောက်ထွက် စနစ်ကို ကျင့်သူပြီး အနိုင်ရသူသာ နောက်တစ်ဆင့်သို့ တက်ခွင့်ရှိပေသည်။
ပြိုင်ပွဲသည် မဲနှိုက်စနစ်ကို ကျင့်သုံးပြီး မဲကျသည့် မည်သူမဆိုက မိမိပြိုင်ဘက် ဖြစ်လာပေမည်။ ပြိုင်ကွင်း၌ စုစုပေါင်း သူတော်စင်သခင်အဆင့် ဆယ့်သုံးယောက် ရှိသည်။ သူတို့အားလုံး၌ ကိုယ်ပိုင် နံပါတ်များ ရထားပြီး လေပြီ။ အစွန်းထွက်နေသော တစ်ယောက်အား ဒိုင်အဖြစ် လုပ်စေသည်။
“ငါ ဒိုင်လုပ်သင့်တယ်လို့ ထင်တယ်၊ မင်းတို့လည်း မငြင်းဘူး မဟုတ်လား”
လက်ကျယ်သော တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် တာအို ဆရာသခင်တစ်ပါးက ထွက်လာသည်။ သူ၏ ဝတ်ရုံအား တာအို နက္ခတ္တဗေဒများ ပါဝင်နေပြီး မိုးကောင်းကင်၏ တာအိုသဘောတရားများ ရောစပ်နေ သည့်ပုံပင်။
“တာအိုသခင် မင်တန်းပါလား”
လူတိုင်း ထိတ်လန့်သွားကြသည်။ သူတို့အရှေ့မှ တာအို ဆရာသခင်သည် ကြီးမားသော နောက်ခံ ရှိသူ ဖြစ်သည်။ သူသည် ကျုံးကျိုး အင်ပါယာအတွင်း၌ ဂုဏ်သတင်း မြင့်မားသည်။ သူ့၌ ကျော်ကြားမှုနှင့် အာဏာကို တပ်မက်သည့် စိတ်ဆန္ဒ မရှိပေ။
တာအိုဆရာသခင် မင်တန်းသည် နတ်ဆိုးနှင့် မိစ္ဆာများကို သုတ်သင်ရှင်းလင်းသူ ဖြစ်ပြီး သတ္တဝါတိုင်းအား ကယ်ဆယ်သူ ဖြစ်ပြီး ကောင်းကျိုးများစွာကို ပြုလုပ်သူ ဖြစ်သည်။ သူ့အား လောက၏ မီးအိမ်ဟု တင်စားချီးမွမ်း ကြပြီး အလွန်အမင်း လေးစားကြသည်။
ဤနေရာသို့ သူ ရောက်လာပြီး ဒိုင်လူကြီးအဖြစ် တာဝန်ယူမည်ဟု ပြောလာသည်။ ဤနေရာ၌ ရှိနေသော သူတော်စင်သခင်အဆင့်များအပြင် ကျန်လူများအားလုံး လက်ခံကြသည်။
“အရေးမပါတာတွေကို နောက်မှပဲ ပြောဖို့ သိမ်းထားလိုက်၊ အခု မြန်မြန်စလိုက်တော့”
သူတော်စင်သခင်အဆင့် တစ်ယောက်က ရိုင်းပျစွာ ကြိမ်းမောင်းလာ၏။ တာအို ဆရာသခင် မင်တန်းက ဒေါသမထွက်ဘဲ ပြုံးသာနေသည်။
ချက်ချင်းဆိုသလိုပင် သူ့လက်ထဲ၌ မှန်မီးအိမ်တစ်ခု ပေါ်လာပြီး ထိုမီးအိမ်မှ ထောင်ချီသော အလင်းတန်းများ ဖြာထွက်ကာ တာအိုသဘောတရားကို ဖိနှိပ်သည့် တာအိုလှောင်အိမ်တစ်ခု ဖြစ်ပေါ်လာသည်။
*ဒါက …*
သူတော်စင်သခင်အဆင့်တိုင်း ထိတ်လန့်သွားကြသည်။ ထိုမှန်မီးအိမ်ကို တစ်ချက် ကြည့်လိုက်ရုံနှင့် အလွန် မသက်မသာ ဖြစ်စေသည့် အရှိန်အဝါတစ်ခုကို သူတို့ ခံစားမိသည်။
တာအို ဆရာသခင် မင်တန်းက ရှင်းပြလာ၏။
ဒီမှန်မီးအိမ်က အလင်းတန်းက လူတွေရဲ့ ကျင့်ကြံခြင်းကို ဖိနှိပ်နိုင်တယ်၊ သူတော်စင်သခင်အဆင့်ကိုတောင်မှပေါ့၊ ဒါကို ဘာလို့ ထုတ်ရလဲဆိုတော့ မင်းတို့ရဲ့ တစ်ယောက်ချင်း ယှဉ်တိုက်တဲ့ပွဲကနေ ရှုကျိုးကို ပြင်းထန်တဲ့ သက်ရောက်မှု ကပ်ဘေး ဖြစ်လာစေနိုင်တယ်၊ အဲ့ဒါကြောင့် သက်ရှိအားလုံး မထိခိုက်စေဖို့ ကျုပ် ခင်ဗျားတို့ ကျင့်ကြံခြင်းကို ဖိနှိပ်တာကို နားလည်ပေးဖို့ မျှော်လင့်ပါတယ်”
သူ့စကားကို ကြားသော် လူတိုင်းက တာအို ဆရာသခင် မင်တန်းအား ဖော်ရွေသော အကြည့်မျိုး ကြည့်လာ ကြသည်။
*တာအိုဆရာသခင် မင်တန်းက တကယ်ကို ဘုရားလောင်းရဲ့ စိတ်ဓာတ်မျိုး ရှိတာပဲ၊ အမြဲ လောကထဲက သက်ရှိအားလုံးအတွက် စဉ်းစားပေးတယ်*
သို့သော် သူတော်စင်သခင်အဆင့်များက ချီတုံချတုံ ဖြစ်သွားကြသည်။ သူတို့၏ ကျင့်ကြံခြင်းကို ဖိနှိပ်ခြင်းက သူတို့၏ လက်ကို ကြိုးတုပ်လိုက်သကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။ တစ်ယောက်ယောက်က သူတို့ကို အနိုင်ယူလာလျင် သူတို့ တခြားသူထံ၌ အသတ်ခံနိုင်ရသည်။
တာအိုဆရာသခင် မင်တန်းက ကြင်နာစွာ ပြုံး၍ ပြောလိုက်သည်။
“ကျုပ် လောကထဲမှာ နေလာတာ နှစ်ပေါင်းများစွာ ရှိနေပြီ၊ အားလုံး ဂုဏ်သိက္ခာ ရှိကြမယ်လို့ မျှော်လင့်ပါတယ်”
ထိုအခိုက်တွင် သူ ဘာပြောချင်သလဲ လူတိုင်း နားလည်သွားကြသည်။
“ကောင်းပြီလေ လာကြစမ်းပါ’
ခါဇန်က ဦးဆောင်၍ ပြိုင်ကွင်းထဲသို့ ဝင်သွားလိုက်သည်။ ဖိနှိပ်ခြင်းအား လိုလိုလားလား လက်ခံ၍ အလင်းတန်းများ သူ့အပေါ် ကျလာသည်ကို ခံယူလိုက်လေသည်။ ထို့နောက် သူ့သိုင်းအဆင့်က ဘုရင်အဆင့် နီးနီးသို့ လျော့ကျသွားသည်။
ဤသည်ကိုမြင်သော် အခြားသူများကလည်း စောဒက တက်မနေတော့ဘဲ အလင်းတန်းအောက် သွား၍ သိုင်းအဆင့်ကို ဖိနှိပ်ခံလိုက်ကြသည်။
ခါဇန်၏ ပြိုင်ဘက်သည် ဗုဒ္ဓဘာသာ၏ ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။ သူ့၌ သဘာဝလွန် စွမ်းအားရှိပြီး ဦးခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်အထိ ပြောင်းလဲနိုင်သည်ဟု ပြောကြလေသည်။
ထိုစဉ် သူသည် ကျည်ပွေ့၊ စက်ဝန်းနှင့် ခရမ်း ရွှေရောင် သပိတ်တို့ကို ကိုင်ထားသည့် ဦးခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်အသွင် ပြောင်းလိုက်ပြီး ခါဇန်အား တိုက်ခိုက်လာ၏။
တိုက်ပွဲ စတင်သည်နှင့်် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး လောက ဥပဒေသများ လှုပ်ခါလာပြီး ခါဇန်အား အရှိန်ပြင်းပြင်း တိုက်ခိုက်လေသည်။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဖြစ်ထိုက်လောက်အောက်ပင် သဘာဝလွန်စွမ်းအင်က အံ့ဩစရာ ကောင်းလှသည်။
“သိုင်းအဆင့်ကို ဖိနှိပ်ထားတာတောင် ဒီလောက် သန်မာနေတုန်းလား”
လူတိုင်း တုန်ယင်သွားပြီး မယုံကြည်နိုင် ဖြစ်နေကြသည်။ သူတော်စင်သခင်အဆင့်များ၏ နည်းလမ်းများက မထင်မှတ်ထားလောက်အောက်ပင်။ အထူးသဖြင့် ဤသို့သော စွမ်းအင်များ ရှိနေသည့် သူတော်စင် သခင် အဆင့်အား သာမန်ပုံစံနှင့် တိုင်းတာရန် မဖြစ်နိုင်ပေ။
“လူကြီးမင်းယဲ့ ဘယ်သူနိုင်ပြီး ဘယ်သူ ရှုံးမယ်ထင်လဲ”
ဟွမ်ထျန်းချန်က ကျိုးနွံစွာဖြင့် မေးမြန်းလေသည်။ လက်ရှိတွင် သူ စိတ်အေးနေပြီး ပွဲကြီးပွဲကောင်းကို ကြည့်နေရသကဲ့သို့ ဖြစ်နေ၏။ ယဲ့ဖန်က သူ့အား ယုံကြည်မှုအပြည့် ပေးစွမ်းလေသည်။
“ခါဇန်”
ယဲ့ဖန်က အရာအားလုံးကို သိမြင်ပြီးဟန်ဖြင့် ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
“တကယ့်ကို မြင်တတ်တာပဲ”
ဟွမ်ထျန်းချန် မကျေမနပ် ပြောလိုက်သည်။ သူ့စိတ်ထဲ၌ ခါဇန် သေပါစေဟု ဆုတောင်းနေ၏။
“အဲ့အဘိုးကြီးလက်ထဲက ဓားအလင်းတော်က ကြောက်ဖို့ကောင်းတယ်”
ယဲ့ဖန် ထပ်ပြောလာသည်။
“လက်နက်ကြောင့်ကိုး”
ဟွမ်ထျန်းချန် ခနဲ့လိုက်သည်။ ထိုစဉ် ခါဇန်က အထင်သေးသလို ပြောလိုက်သည်။
“မင်း ငါ့ကို မနိုင်နိုင်ဘူး”
အလင်းတော်ဓားမှ ကြောက်စရာကောင်းသော အလင်းများ ထွက်ပေါ်လာပြီး ကောင်းကင်ယံကို စုတ်ဖြဲနိုင်သကဲ့ သို့သော အသံမျိုး ထွက်ပေါ်လာသည်။
ထို့နောက် သူက အလင်းတော်ဓားဖြင့် ဘုန်းတော်ကြီး၏ ဦးခေါင်းကို ခုတ်ပိုင်းလိုက်သည်။ ငွေရောင် သူတော်စင် အလင်းတန်းတစ်ခုက ဘုန်းတော်ကြီးထံ ကျရောက်လာပြီးပုံက လထံမှ ရေတံခွန် စီးကျလာသည်ဟုပင် ထင်မှတ်ရသည်။
ထိုကြောက်စရာကောင်းသော စွမ်းအင်က တာအိုစွမ်းအင်ကိုပင် ဖြတ်တောက်နိုင်စွမ်း ရှိသည်ဟု ထင်ရလေသည်။ ဘုန်းတော်ကြီး၏ အကြည့်များ လေးနက်လာပြီး လက်ထဲမှ ရတနာခြောက်ပါးဖြင့် သူတော်စင် အလင်းတန်းကို ပြန်လည် တိုက်ခိုက်လိုက်သည်။ သို့ရာတွင် သူသည် သူတော်စင် အလင်းတန်းကို မယှဉ်နိုင်သဖြင့် လွင့်ထွက် သွားရသည်။
“ဝေါ့”
ထို့နောက်တွင်မူ ဘုန်းတော်ကြီး သွေးတစ်လုပ် အန်လာပြီး နောက်သို့ဆုတ်လိုက်ရသည။ သူ့ကိုယ်က အက်ကွဲနေသော ကြွေထည်တစ်ခုသဖွယ် ဖြစ်လာလေသည်။ တစ်ချက်တည်းနှင့် သူ ရှုံးသွားလေပြီ။
နောက်ဆုံးတစ်ချက် အနေဖြင့် ခါဇန်က ပြေးတက်လာပြီး ဘုန်းတော်ကြီး၏ ရင်ဘတ်ကို ကန်ကျောက်လိုက်သည်။ ဘုန်းတော်ကြီးသည် ပြိုင်ကွင်းအောက်သို့ ပြုတ်ကျသွားပြီး အရိုးများ ကြေမွကုန်သည်။
ခါဇန်က သူ့အား အထင်သေးသော ဟန်ပန်ဖြင့် ငုံ့ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“ကျုပ် စိတ်မကောင်းပါဘူး၊ ကျုပ် အရှိန်များသွားတယ်”