မင်းက ထွက်သွားချင်တာလား၊ ငါက မင်းကို နေခဲ့စေချင်တာ
Vol. 91 Ch. 1356
ထိုစကားတစ်ခွန်းက ပွဲကြည့်ပရိသတ်များအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ ဟွမ်ကျစ်ရှန်သည် ယဲ့ဖန်က သူတော်စင်သခင်အဆင့် ဖြစ်ကြောင်း သိလိုက်ရသောအခါ ကြက်သီး တဖြန်းဖြန်း ထသွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။
သူ ဤနေရာမှ ချက်ချင်း ထွက်သွားချင်လာသည်။
“ဟေ့ မင်းက ထွက်သွားဖို့ ကြံနေတာလား၊ စိတ်မကောင်းဆရာပဲ မင်းကို သူတော်စင် သခင်အဆင့်က ကြည့်နေတာကို ထွက်သွားနိုင်မယ် ထင်နေတာလား”
ဟွမ်ထျန်းချန်က အထင်သေးစွာ ပြုံးနေပြီး သူ့စကားလုံးတွင် လှောင်ပြောင်သရော်မှုများ ပါနေ၏။ လက်ရှိတွင် ညီအစ်ကို နှစ်ယောက်၏ အဆင့်အတန်းက ပြောင်းလဲသွားလေပြီ။
ဟွမ်ကျစ်ရှန်၏ မျက်နှာက အလွန် သုန်မှုန်နေပြီး ခွန်းတုံ့ပြန်လိုက်သည်။
“မင်း ဘာတွေ ဂုဏ်ယူနေတာလဲ၊ အဆုံးကျရင် အဲ့ကောင် သေမှာပဲ၊ မင်း အပျော်စောနေတာ မဟုတ်ဘူးလား”
ဟွမ်မိသားစု၏ မိသားစုခေါင်းဆောင် ဖြစ်လာမည့် သူ့အိမ်မက်အား ယဲ့ဖန်က ဖျက်ဆီးလာနေသဖြင့် ဟွမ်ကျစ်ရှန် မျက်နှာ ရှစ်ခေါက်ချိုး ဖြစ်နေသည်။ သူ့စိတ်ထဲတွင် ခါဇန်၏ ဘိုးဘေးဘီဘင်များကို ထပ်ခါထပ်ခါ ကျိန်ဆဲ နေမိသည်။
*ဘာကို အလင်းတော် ဘုန်းတော်ကြီးလဲ၊ အမှိုက်ကောင်*
“ဒါဆို မင်း ဘာလို့ ထွက်ပြေးနေသေးလဲ၊ အဆုံးထိ ကြည့်သွားပါလား၊ ဒါမှမဟုတ် မင်း ကြောက်နေတာလား”
ဟွမ်ထျန်းချန် သရော်လိုက်သည်။
“ကောင်းပြီလေ ဒါဆိုလည်း သူတော်စင်သခင်အဆင့် နှစ်ယောက်က ဒီကောင့်ကို ဘယ်လို အရှင်လတ်လတ် ဝါးမျိုမလဲ ကြည့်ရသေးတာပေါ့”
ထိုအချိန်တွင် ရှင်းကျီနှင့် ကျီးကန်း တာအိုသခင်တို့ကလည်း ယဲ့ဖန်ကို စိုးရိမ်တကြီး ကြည့်နေပြီး ယဲ့ဖန်က ဤလူအိုကြီး နှစ်ယောက်ကို တစ်ပြိုင်တည်း ရင်ဆိုင်နိုင်ပါ့မလား သိချင်နေကြသည်။
“ဟားဟားဟား မင်းက တကယ့်ကို အရူးပဲ၊ ဒီအလင်းတော်ဓားက အလင်းအရိပ်ဂိုဏ်းရဲ့ ဓားပဲ၊ မင်း အလင်းအရိပ် ဂိုဏ်းက သိုင်းကို မတတ်ရင် သုံးလို့မရဘူး၊ ဒါတောင် မင်းက ထိန်းချုပ်ချင်နေသေးတာလား”
လူတိုင်း မဖြစ်နိုင်ဟု ထင်နေကြသည်။
*ဒီကောင်က တကယ် ခါဇန်ရဲ့ အလင်းတော်ဓားကို သုံးပြီး သူတော်စင်သခင် အဆင့်နှစ်ယောက်ကို ရင်ဆိုင်ချင် တာလား*
*ဒါ အရမ်း အတွေးလွန်နေတာ မဟုတ်ဘူးလား*
ယဲ့ဖန်ကလည်း ပြုံးနေပြီးနောက် သူ့လက်ဝါး၌ အနက်ရောင် အငွေ့တစ်ခု ထွက်လာပြီး ထိုအငွေ့ဖြင့် အလင်းတော်ဓားကို အသာပွတ်သပ်လိုက်သည်။
ထို့နောက်တွင်မူ အလင်းတော်ဓားက ချက်ချင်း မှုန်မှိုင်းသွားပြီး အနက်ရောင် ဓားတစ်လက်အဖြစ် ပြောင်းလဲ သွားသည်။
“အခု ငါ သုံးလို့ရပြီလေ”
*ဒါ ဘယ်လိုနည်းလမ်းကြီးလဲ*
ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း ဆူညံပွက်လောရိုက်သွားသည်။ နတ်ဘုရင်အဆင့် တစ်ယောက် ထုလုပ်ထားသည့် ထိုဓားက ချက်ချင်း ပင်ကိုဒြပ်စင် ပြောင်းလဲသွားသည်တဲ့လား။
*ဒီကောင် သူက နတ်ဘုရင်အဆင့်လား*
*ဒီကောင်က ဒီလိုစွမ်းဆောင်မှုမျိုး လုပ်ပြီးတော့ ဘာကိုမှ ဂရုမစိုက်သလို အထင်သေးနေပါလား*
*မြတ်စွာဘုရား ဘာလို့ ဒီလောက် ရူးကြောင်ကြောင်နိုင်တဲ့လူ ရှိနေတာလဲ*
သူတော်စင်သခင်အဆင့် နှစ်ယောက်လုံး မှင်တက်သွားသည်။ သူတို့နှစ်ယောက်လုံး သရဲသဘက်ကို တွေ့လိုက်ရ သကဲ့သို့ ထိတ်လန့်နေကြသည်။ သူတို့ အချိန်အတော်ကြာအောင် စကားမပြောနိုင်ကြချေ။
ယခုလေးတင် ဤဓားကို ယဲ့ဖန် မသုံးနိုင်ဟု သူတို့ ပြောခဲ့သော်လည်း ယဲ့ဖန်က သူတို့ကို မျက်နှာ ဖြတ်ရိုက်သကဲ့သို့ အရှက်ခွဲလိုက်သဖြင့် သူတို့ သွေးအန်လုနီးပါး ဖြစ်သွားကြသည်။
“ရွှစ်”
ယဲ့ဖန်က ဓားကိုကိုင်၍ မီးနတ်ဘုရားထံ လွှဲယမ်းလိုက်သောအခါ အနက်ရောင် အလင်းတန်းက မီးနတ်ဘုရားထံ ဦးတည် ဝင်ရောက်သွားသည်။ မီးနတ်ဘုရားက အထင်သေးသော အပြုံးဖြင့် ပြန်ပြောလေသည်။
“မင်း ဒီဓားကို သုံးနိုင်တယ်ဆိုရင်တောင်မှ ဒါရဲ့ စွမ်းအားအစစ်အမှန်ကို မသုံးနိုင်ပါဘူး”
ချက်ချင်းဆိုသလိုပင် သူ့ကိုယ်၌ ပြင်းထန်သော မီးတောက်တစ်ခု လောင်မြိုက်လာပြီး လက်ကိုရှေ့ဆန့်၍ မီးပင်လယ်တစ်ခုကို ဖန်တီးလေသည်။
သူသည် ဤဓားအား ဖျက်ဆီး၍ ယဲ့ဖန်ကိုပါ သတ်ပစ်ရန် ကြံစည်ထားသည်။ သို့သော် မထင်ရှားဟု ထင်ရသော ဤဓားချက်က မီးနတ်ဘုရား၏ မီးပင်လယ်ကို ထိုးခွင်း၍ သူ့အား တိုက်ခိုက်လာသည်။ ဤဓားချက်ကို ရပ်တန့်၍ မရပေ။
မီးနတ်ဘုရား အကြီးအကျယ် မျက်နှာပျက်သွားပြီး မူလပုံစံ ပြန်ဖြစ်သွားသည်။ ဤဓားက မူလအသွင်သို့ ပြန်ရောက်နေလေပြီ။ ထို့ကြောင့်သာ ဤသို့ ပြင်းထန်သည့် လူသတ်လိုသော အငွေ့အသက် ရှိနေခြင်း ဖြစ်သည်။
သူ ယခု ရှောင်တိမ်းချင်သော်လည်း နောက်ကျသွားလေပြီ။
“ဝှစ်”
ဓားချက် ကျရောက်လာပြီး သွေးများ ပန်းထွက်လာလေသည်။ ချက်ချင်းဆိုသလိုပင် လက်တစ်စုံ ပြတ်တောက်သွားသည်။
“ယီးပဲ မင်း ဘယ်လိုလုပ်လိုက်တာလဲ”
မီးနတ်ဘုရား တုန်တုန်ယင်ယင်နှင့် နောက်ဆုတ်လိုက်ပြီး တိတိရိရိ ပြတ်သွားသော လက်ကောက်ဝတ်နေရာအား မယုံနိုင်သလို ကြည့်နေသည်။
အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ကြက်သေ သေသွားကြသည်။
“ဒီလောကက အရာရာတိုင်းက ငါ့စိတ်အလိုတိုင်းပဲ၊ ငါ လုပ်ချင်တာ လုပ်လို့ရတယ်”
ယဲ့ဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ လုပ်ချင်သော အရာရှိလျင် သူ ဖြစ်အောင် လုပ်နိုင်သည်ပင်။ ဤဓားက ကောင်းကင်ဘုံကိုပင် ဖြတ်တောက်နိုင်သည်။
စွမ်းအင်အားလုံးကို တစ်နေရာတည်း၌ စုစည်းထားသဖြင့် သာမန်ဓားတစ်လက်ဟု ထင်ရသော ဤဓားက အလွန် ကြောက်စရာ ကောင်းနေ၏။
*ဓားချက် တစ်ချက်က မီးနတ်ဘုရားရဲ့ လက်ကိုတောင် ဖြတ်နိုင်တယ်တဲ့လား*
*သူ လုပ်ချင်တာ ဘာမဆိုလုပ်နိုင်တယ်ပေါ့ *
လူတိုင်း အတွေးထဲ ဗလာဖြစ်သွားကြပြီး ရန်သူ နှစ်ယောက်နှင့် ရင်ဆိုင်ရသော်လည်း အနိုင်ရလိမ့်ဦးမည်ဟု ထင်မထားမိကြချေ။
“ဒီလူက … ယဲ့ဘုရင်တော့ မဟုတ်လောက်ပါဘူးနော်”
တစ်စုံတစ်ယောက်က ထိုသို့ပြောလာသည်။ သူ့အမြင်တွင် ယဲ့ဘုရင် တစ်ယောက်တည်း၌သာ ဤသို့သော ခွန်အား ရှိပြီး သူတော်စင်သခင် အဆင့်နှစ်ယောက်နှင့် ယှဉ်လျင် အနိုင်ရမည့်သူက ယဲ့ဘုရင်သာလျင် ရှိသည်။
“ဟွမ်ထျန်းချန် သူက ယဲ့ဘုရင်လား”
ရှင်းကျီက ဟွမ်ထျန်းချန်ကို အသည်းအသန် မေးလိုက်သည်။ ဟွမ်ထျန်းချန် ပြုံးရုံသာ ပြုံးနေသည်။
“သူ ယဲ့ဘုရင်နဲ့ တူတယ်လို့ မင်း ထင်လား”
ရှင်းကျီ တစ်ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။
“ယဲ့ဘုရင်ရဲ့ ရက်စက်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ပုံနဲ့ မတူဘဲ ဒီလူက လူဆိုးကောင်နဲ့ တူတယ်၊ သူက ဘယ်လိုလုပ် ယဲ့ဘုရင် ဖြစ်နိုင်မှာလဲ”
“ဒါဆို သူ မဟုတ်ဘူး”
ဟွမ်ထျန်းချန် ခေါင်းခါလိုက်သည်။ ရှင်းကျီက ကျင့်ကြံခြင်း အခြေခံကောင်း၍ ထူးချွန်သော်လည်း အမြင်၌ စီးပွားရေးသမားများလောက် မစူးရှပေ။
ရုတ်ချည်းဆိုသလိုပင် လူအုပ်ထဲမှ တအံ့တဩ အော်ဟစ်သံ ထွက်ပေါ်လာသည်။ တိုက်ပွဲအခြေအနေက ရုတ်တရက် ပြောင်းလဲသွားသည်။
မိုးပြာရောင် နဂါးဘုရင်က ရုတ်တရက် ယဲ့ဖန်အနောက်၌ ပေါ်လာပြီး မိုးပြာရောင် နဂါးလက်ကိုင်ပါသော ဓားဖြင့် ယဲ့ဖန်၏ ဦးခေါင်းကို ခုတ်ချလေသည်။
“ရွံဖို့ကောင်းလိုက်တာ ဒါ အလစ်ဖမ်း တိုက်တာပဲ”
နှစ်ယောက် တစ်ယောက် ပြိုင်ပွဲ ဖြစ်နေသည့်အပြင်ကိုမှ အနိုင်ရရန် ခိုးဝှက်၍ တိုက်ခိုက်နေသဖြင့် အလွန် အရှက်မဲ့လှသည်။
“သတိထား”
ကျီးကန်း တာအိုသခင်နှင့် ဟွမ်ထျန်းချန်တို့သည် စိုးရိမ်သော အကြည့်များဖြင့် ပြိုင်တူ အော်ဟစ် သတိပေး လိုက်မိသည်။
“ဟားဟား ဟေ့ကောင် မင်းခေါင်းက ငါ့အပိုင်ပဲကွ”
မိုးပြာရောင် နဂါးဘုရင်၏ မျက်လုံးတွင် အမုန်းတရားများ ပေါ်လွင်နေကာ ယဲ့ဖန်၏ ဦးခေါင်းက မြေကြီးပေါ် ပြတ်ကျသွားပြီဟု မြင်ယောင်နေ၏။ ဓားချက်တစ်ချက်တည်းဖြင့် သူ ယဲ့ဖန်ကို ခေါင်းဖြတ်နိုင်ပေတော့မည်။
“မဖြစ်ရဘူး”
ကျီးကန်း တာအိုသခင်နှင့် ဟွမ်ထျန်းချန်တို့ ပြိုင်တူ အော်ဟစ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ ယဲ့ဖန် သေသွားလျင် ဟွမ်ယွီလင်း သေဆုံးရပေလိမ့်မည်။
“ဂျူနီယာလေး ဒါက စစ်မြေပြင်ပဲ၊ မင်းက ငါတို့ကို လျစ်လျူရှုပြီး ရှေ့ရေးကို ကြိုတွေးနေတာလား”
မိုးပြာရောင် နဂါးဘုရင်က ယဲ့ဖန်ကို ဤဓားချက်ဖြင့် ရှင်းနိုင်ပြီဟု ထင်သဖြင့် ကျယ်လောင်စွာ ရယ်မောလေ တော့သည်။
သူ့မျက်နှာတွင် ဂုဏ်ယူမှုများနှင့် ပြည့်နှက်နေ၏။ မီးနတ်ဘုရား၏ လက်နှစ်ဖက်ကို သူ့အတွက် ဖြတ်ပေးခဲ့သဖြင့် ယဲ့ဖန်ကို သူ ကျေးဇူးတင်မိသည်။ သူ့ပြိုင်ဘက်၏ ခွန်အားကို အကြီးအကျယ် အားနည်းစေသည် မဟုတ်ပါလော။
ယခု ယဲ့ဖန် သေသွားပြီလျင် မီးနတ်ဘုရားက သူ့ကို မည်သို့ တိုက်ခိုက်နိုင်ပါတော့မည်နည်း။
“သတိထား မင်းနောက်မှာ”
သို့သော် ထိုအခိုက်တွင် သူ့ရှေ့မှ မီးနတ်ဘုရားက အလန့်တကြား အော်ပြောလာသည်။
“ဘာ”
မိုးပြာရောင် နဂါးဘုရင် သွေးပျက်သွားသည်။
*ဒီကောင် သေသွားပြီကို ဘယ်သူက ငါ့ကို အန္တရာယ် ပေးနိုင်မှာလဲ”
သို့သော် ခေါင်းဖြတ်ခံလိုက်ရသော ယဲ့ဖန်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို လူတိုင်း တွေ့လိုက် ရသည်။
*ပုံရိပ်ယောင်ပါလား*
*ဒါ ခန္ဓာကိုယ် အစစ် မဟုတ်ဘူး ပုံရိပ်ယောင်ပဲ*
ယဲ့ဖန်၏ ခန္ဓာကိုယ်အစစ်က အစောကတည်းက နေရာ၌ မရှိပေ။ မိုးပြာရောင် နဂါးဘုရင် ထိတ်လန့်သွားပြီး တစ်ကိုယ်လုံး အေးစက်ကာ တုန်ယင်လာ၏။ သူ နောက်သို့ လှည့်ကြည့်လိုက်မိသည်။ ထိုအခါ သူ့အား ကြိုဆိုလာ သည်က အေးစက်သော ဓားသွားတစ်လက်ပင်။
လေတိုးသံနှင့်အတူ ယဲ့ဖန်က ဓားကိုလွှဲယမ်း၍ မိုးပြာရောင် နဂါးဘုရင်၏ ဦးခေါင်းကို ဖြတ်တောက် လိုက်လေသည်။
မိုးပြာရောင် နဂါးဘုရင်သည် မလိုလားဟန်နှင့် မယုံနိုင်သော အမူအရာနှင့်အတူ မြေကြီးပေါ် လဲကျသွားသည်။ သူ ယဲ့ဖန်ကို ခေါင်းဖြတ်ချင်ခဲ့သော်လည်း ယဲ့ဖန်ကသာ သူ့ကို ခေါင်းဖြတ်သွားခဲ့သည်။
မလှမ်းမကမ်းမှ မီးနတ်ဘုရား ခေါင်းမွေးထောင်ကာ မျက်လုံးကျွတ်ကျမတတ် ဖြစ်နေ၏။ ယဲ့ဖန် ဘာလုပ်ချင် သလဲ သူ သတိမမူမိသလို ဘာလုပ်လိုက်သလဲ ဆိုတာကိုလည်း သေချာ မမြင်လိုက်ပေ။
*ဒီလူက မိစ္ဆာကောင်ပဲ*
ထို့ကြောင့်ပင် မိုးပြာရောင် နဂါးဘုရင် ထိတ်လန့်သွားခဲ့သည်။ အခြားသူထံ၌ သူ အလွယ်တကူ ခေါင်းဖြတ်ခံ ရလိမ့်မည်ဟု မထင်ထားခဲ့ပါ။ သူ မထင်မှတ်ထားလောက်အောင် အသတ်ခံလိုက်ရလေပြီ။
“အစ်ကိုကြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ၊ ကျုပ် မှားမှန်း သိပါပြီ၊ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ”
ထိုအခိုက်တွင် ဟွမ်ကျစ်ရှန်သည် ဟွမ်ထျန်းရှန်ရှေ့၌ ကြောက်စိတ်ပြည့်နေသော မျက်နှာနှင့် ဒူးထောက်လာ၏။ သူ အလွန်အမင်း ကြောက်လန့်နေသည်။
ယဲ့ဖန်က သူတော်စင်သခင်အဆင့် နှစ်ယောက်ကို တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် သတ်ခဲ့ပြီး မီးနတ်ဘုရားက တတိယမြောက်လူ ဖြစ်လာတော့မည်ကို မြင်နေရသဖြင့် ဤသို့သော လူမျိုးကို သူ မည်သို့ ရန်စရဲ တော့မည်နည်း။
သူ မသေချင်သေးပါ။ ထို့ကြောင့် သူ ဟွမ်ထျန်းချန်ကို ခွင့်လွှတ်ပေးရန် အသနားခံလေတော့သည်။
“ခွင့်လွှတ်ဖို့ တောင်းပန်တာလား၊ မင်း ငါ့ကို သေစေချင်ခဲ့တာ မဟုတ်ဘူးလား၊ မင်း တမင်သက်သက် ငါ့ကို အကွက်ချတာလေ၊ မင်း အခုမှ ဘာလို့ တောင်းပန်တာလဲ”
ဟွမ်ကျစ်ရှန် တောင့်ခနဲ ဖြစ်သွားပြီး ဝမ်းနည်းသော မျက်နှာထားနှင့် ပြန်ပြောလေသည်။
“အစ်ကိုကြီး ကျုပ် မှားမှန်း သိပါပြီ၊ ကျုပ်လို အမှိုက်ကောင်က ဘယ်လိုလုပ် ခင်ဗျားနဲ့ ယှဉ်တိုက်ဖို့ အရည်အချင်း ရှိမှာလဲ၊ ကျုပ်ကို လွှတ်ပေးပါ၊ ကျုပ်ကို ချမ်းသာပေးသရွေ့ ခင်ဗျား ကျုပ်ကို ကြိုက်တာ လုပ်လို့ရတယ်”
“တကယ် ဘာမဆိုလား”
ဟွမ်ထျန်းချန် အထင်သေးစွာ ပြုံးလိုက်သည်။
“ဘာပဲဖြစ်ဖြစ်”
ဟွမ်ကျစ်ရှန် လျင်မြန်စွာ ဖြေလိုက်ပြီး ခွေးတစ်ကောင်သဖွယ် ပြောလိုက်သည်။
“ခင်ဗျား ကျုပ်ကို အသက်ချမ်းသာခွင့်ပေးသရွေ့ ကျုပ် ဘာမဆို လုပ်ပါ့မယ်လို့ ကတိပေးတယ်”
“ကုမ္ပဏီက မင်းရှယ်ယာအားလုံးကို လွှဲပေး ပြီးရင် မင်းပိုင်ဆိုင်မှုအားလုံးကိုလည်း ငါ့နာမည်အောက် ထည့်ပေးရမယ်မ၊ ရှိသမျှ အားလုံး လွှဲပေးလိုက်”
ဟွမ်ထျန်းချန် အေးစက်စွာ ပြောလိုက်သည်။
“ဒါက”
ဟွမ်ကျစ်ရှန် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မသက်မသာ ပြန်ပြောလိုက်သည်.
“ဒါပေမဲ့ အဲ့လိုဆို ငါ့မှာ ဘာမှမကျန်တော့ဘူးလေ”
“ဟဲဟဲ ဟွမ်ကျစ်ရှန် အမှန်အတိုင်း ပြောရရင် ငါ မင်းကို သတ်လိုက်ရင် မင်းပိုင်ဆိုင်သမျှ အားလုံးကို ယူနိုင်မယ့် နည်းလမ်း ငါ့မှာ ရှိပြီးသား၊ ငါ မင်းကို အခွင့်အရေး ပေးရတဲ့ အကြောင်းရင်းက မင်းအဖေ မျက်နှာကြောင့်ပဲ၊ မင်း ငြင်းချင် ငြင်းလို့ရတယ်”
ဟွမ်ထျန်းချန် အေးစက်စွာ ပြောလိုက်သည်။ ယနေ့ ဟွမ်ကျစ်ရှန်က သူ့နှင့် ညှိနှိုင်းချင်ရအောင် သူ့၌ ထိုသို့ လုပ်ပိုင်ခွင့် ရှိပါသေးရဲ့လား။
“ငါ ပေးမယ်၊ ငါ ပေးမယ်”
ဟွမ်ကျစ်ရှန်က ယိုယွင်းနေသော မျက်နှာနှင့် ပြောလိုက်သည်။ အနည်းဆုံးတော့ သူ အသက်ရှင်နိုင်သေးသည်။ ဘာမှမကျန်ခဲ့တာက စိုးရိမ်စရာ မဟုတ်သေးပါ။
ထိုစဉ် မီးနတ်ဘုရား၏ မျက်လုံးက စူးရှတောက်ပနေပြီး သူ့စိတ်ထဲ၌ မသိမသာ နေရခက်နေသည်။ အစက သူနှင့် မိုးပြာရောင် နဂါးဘုရင် ပူးပေါင်းလိုက်လျင် ယဲ့ဖန်ကို သတ်ခြင်းက လွယ်ကူလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ဤလူငယ်က မထင်မှတ်ထားဘဲ မိစ္ဆာတစ်ကောင် ဖြစ်နေ၏။
“သန်မာလွန်းတယ်”
“ငါ ထွက်ပြေးမှပဲ ဖြစ်မယ်’
မီးနတ်ဘုရားသည် ယခုအခါမှသာ ထိုသို့သော အတွေးများ ဝင်လာသည်။ သူ ကျော်ကြားလာချိန်မှစ၍ ဤသို့ ကြောက်စရာကောင်းသော လူမျိုးနှင့် မရင်ဆိုင်ဖူးပါ။ ထို့ကြောင့် သူ့၌ ရင်ဆိုင်ရဲသည့် သတ္တိ မရှိပေ။ နတ်ဘုရင် အဆင့်များနှင့် ရင်ဆိုင်နေရသည်ဟုပင် ထင်မှတ်ရသည်။
ချက်ချင်းဆိုသလိုပင် သူ့မျက်လုံးများ ပြူးကျယ်လာပြီး တစ်ကိုယ်လုံးမှ သွေးကြောများ ထောင်တက်လာကာ အားကုန်သုံး၍ အခြားအရပ်မျက်နှာသို့ ထွက်ပြေးလေတော့သည်။
တစ်ခဏအတွင်း သူ မီတာတစ်ရာအကွာသို့ ထွက်ပြေးနိုင်သွားပြီး ပြိုင်ကွင်းထဲမှ လှစ်ခနဲ ပျောက်ကွယ်သွားသည်။ လူတိုင်း ကြက်သေ သေသွားကြသည်။
*ဘာဖြစ်တာလဲ၊ မီးနတ်ဘုရား ထွက်ပြေးတာလား*
*လူတိုင်း လေးစားရပြီးတော့ ကျော်ကြားတဲ့ မီးနတ်ဘုရားက ထွက်ပြေးတယ်လား*
*ဒါ အရမ်း ရှက်စရာ ကောင်းမနေဘူးလား*
လူတိုင်း ထိတ်လန့်နေကြသည်။ သို့သော် ယဲ့ဖန်က သူ ထွက်ပြေးသွားသည့် အရပ်ကို ကြည့်၍ အန္တရာယ်များသော အပြုံးမျိုး ပြုံးလိုက်သည်။ ထို့နောက် အနက်ရောင် ပြောင်းနေသော ဓားကို ကောက်ယူ၍ ထိုအရပ်သို့ ပစ်ပေါက်လိုက်သည်။
“မင်းက သွားချင်တာလား၊ ငါက မင်းကို နေခဲ့စေချင်တာ”