← Chapters

ဒီလူက နတ်ဆိုးပဲ

Vol. 91 Ch. 1358

ဒီလူက နတ်ဆိုးပဲ

Vol. 91 Ch. 1358

*ဆယ်ပုံတစ်ပုံ ဟုတ်လား*

လူတိုင်း နားကြားမှားလေသလားဟုပင် ထင်မှတ်သွားကြသည်။ မှန်မီးအိမ်က သူ့ခွန်အား၏ ဆယ်ပုံတစ်ပုံ ကိုသာလျင် ဖိနှိပ်နိုင်သည်တဲ့လား။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူတော်စင်သခင်အဆင့်တောင် ဘုရင်အဆင့်လောက်ထိ ဖိနှိပ်ခံရတာ၊ သူက ဘယ်လိုလုပ် ဆယ်ပုံတစ်ပုံပဲ ဖြစ်ရတာလဲ*

သို့သော် ဤသည်မှာ တိုက်ဆိုက်မှု မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ သိုင်းအဆင့်က သူတော်စင်သခင် အဆင့် မဟုတ်သောကြောင့်ပင်။

“ဘာမဟုတ်တာတွေ ပြောနေတာလဲ၊ မင်းရဲ့ သိုင်းအဆင့်အစစ်က နတ်ဘုရင်အဆင့်လို့ ပြောချင်နေတာလား”

တာအိုဆရာသခင် မင်တန်းက သရော်လိုက်သည်။ ယဲ့ဖန်က သူ့အား ခေါင်းခြောက်အောင် လုပ်နေ၏။ မင်တန်း ပြိုင်ကွင်းထဲသို့ ဆင်းလာသည်။

မှန်မီးအိမ်၏တောက်ပသော အလင်းရောင်အောက်၌ မင်တန်း ခြေထောက်မှ ဒဏ်ရာက ချက်ချင်း ပျောက်ကင်း သွားသည်။

“ဟဲဟဲ ဟေ့ကောင်လေး ငါ မင်းအတွက် သတင်းဆိုး ပြောရဦးမယ်၊ ဒီမှန်မီးအိမ်အောက်မှာ ငါ ဘယ်လောက် ဒဏ်ရာရရ ချက်ချင်း ပြန်ကောင်းနိုင်တယ်”

တာအိုဆရာသခင် မင်တန်းက ထီမထင်ဟန် ပြောလိုက်ပြီး ယဲ့ဖန်အား သွေးဆာသော မျက်လုံးများဖြင့် စိုက်ကြည့် လေသည်။

“အခု မင်း သေပြီသာမှတ်”

ဤသတင်းက ဘေးလူများကြားထဲတွင် ဗုံးတစ်လုံး ပေါက်သွားသလိုပင်။ လူတိုင်းအား ဆောက်တည်ရာမရ ဖြစ်သွားစေသည်။

*သွားပြီ*

*ဒီလိုဆို ငါတို့အားလုံး ဇာတ်သိမ်းပြီ*

*တာအိုဆရာသခင် မင်တန်းက ပြိုင်ဘက်ကင်းနေတာ၊ ဘယ်သူက သူ့ကို သတ်နိုင်တော့မှာလဲ*

“အဲ့လိုဆို မင်းကို တစ်ချက်တည်း ထိုးသတ်လိုက်ရင် မပြီးဘူးလား”

ယဲ့ဖန်က သာမန် အမူအရာနှင့် အေးဆေး တည်ငြိမ်စွာ ပြောလိုက်သည်။

“ကြိုးစားကြည့်လိုက်လေ”

တာအိုဆရာသခင် မင်တန်း ဒေါပွလာသည်။ ယဲ့ဖန်၏ မောက်မာသော အပြုအမူကို သူ မုန်းတီးသလို ယခု သေရမည့် အခြေအနေ၌ တည်ငြိမ်နေသေးသဖြင့် ပိုခံရခက်သည်။ သူ ယဲ့ဖန်ကို အမှောက်သိပ်ချင်နေပြီး သူ့ရှေ့၌ ခွေးလို ဒူးထောက်၍ အမြီးနှံ့ကာ တောင်းပန်စေချင်နေသည်။

ချက်ချင်းဆိုသလိုပင် သူသည် တစ်ကိုယ်လုံးမှ ယန်စွမ်းအင်ကို ထုတ်ဖော်၍ ရှေ့သို့ ပြေးတက်သွားကာ လက်သီးကို ဆုပ်၍ ယဲ့ဖန်၏ မျက်နှာကို ထိုးနှက်လိုက်သည်။

သို့သော် ယဲ့ဖန်က ဘေးသို့ အသာယိမ်း၍ ထိုလက်သီးချက်ကို ရှောင်တိမ်းကာ အထင်သေးစွာ ပြောလိုက်သည်။

“မာန်ပါတယ်၊ ဒါပေမဲ့ လိပ်လိုနှေးပြီး အားပျော့တယ်”

“မင်း”

လက်သီးတစ်ချက်နှင့်တင် တာအိုဆရာသခင် မင်တန်း ချက်ချင်း အရှက်ရသွားပြီး သူ့မျက်နှာပေါ်မှ အမုန်းတရားက ပိုမို သိသာလာ၏။

ချက်ချင်းဆိုသလိုပင် သူ တစ်ဖက်သို့ ပြန်လှည့်၍ အမြောက်ဆန် ပစ်သကဲ့သို့ ဆက်တိုက် တိုက်ခိုက်လိုက်သည်။ သို့သော် ယဲ့ဖန်က ဘေးသို့ ရှောင်တိမ်းမြဲ ရှောင်တိမ်းဆဲဖြစ်ကာ အထင်သေးသော အသံက ထပ်မံ ထွက်ပေါ် လာသည်။

“ခြေထောက်တွေက မဆင်မခြင်နဲ့၊ ယူထားတဲ့ ထောင့်ချိုးတွေက ခရော်ခရွတ်နဲ့၊ သူတော်စင်သခင်အဆင့် ဆိုပင်မယ့် အကြမ်းပတမ်း တိုက်ခိုက်ပြီးတော့ အားပျော့လိုက်တာ”

မင်တန်း မျက်နှာ ထူပူသွားပြီး ယဲ့ဖန်ကြောင့် ဆက်တိုက် အလှောင်ခံနေရသဖြင့် အလွန်အမင်း ဒေါသထွက် လာသည်။

“မျိုးမစစ်ကောင် ငါ မင်းကို နုတ်နုတ်စင်းပစ်မယ်ကွ”

ထို့‌နောက် သူသည် လက်နှင့်ခြေကိုပါ သုံးလာသည့်အပြင် လက်နက်များကိုပါထုတ်၍ ယဲ့ဖန်ကို အသည်း အသန် တိုက်ခိုက်လေသည်။

“လက်သီးကလည်း ထင်သလောက် အားမပြင်းဘူး ပျော့လိုက်တာ”

“ဓားရေးကလည်း သာမန်လောက်ပဲ အားနည်းလိုက်တာ”

“လှုပ်ရှားမှုကလည်း မမြန်ဘူး အားနည်းလွန်းတယ်”

သို့သော် သူ၏ တိုက်ခိုက်မှုတိုင်းက ယဲ့ဖန်ကို မထိပေ။ ယဲ့ဖန်က တည်ငြိမ်မြဲ တည်ငြိမ်၍ အေးဆေးမြဲ ဆေးဆေးကာ သူ၏ တိုက်ခိုက်မှုများကို ဆက်တိုက် ရှောင်တိမ်းနေ၏။

သို့သော် တာအိုဆရာသခင် မင်တန်းသည် ချွေးပြန်ကာ မောဟိုက်နေပြီး သူ၏ တိုက်ကွက်တိုင်း၌ ယန်စွမ်းအင်များ ပါဝင်ကာ တစ်ချက်တည်းဖြင့် သတ်ရန် ကြံစည်ထားသည်။ သို့သော် တိုက်ခိုက်မှုတိုင်းက မအောင်မြင်သည့်အပြင် ယဲ့ဖန်၏ အဝတ်အစားကိုပင် ပျက်စီးအောင် မလုပ်နိုင်ခဲ့ပါ။

လူတိုင်း မယုံနိုင်လောက်အောင် ဖြစ်သွားကြသည်။

*သူ့သိုင်းအဆင့်က ဖိနှိပ်ခံထားရတာ မဟုတ်ဘူးလား၊ ဘာလို့ တာအိုဆရာသခင် မင်တန်းရဲ့ တိုက်ခိုက်မှုကို ဒီလို ရှောင်နိုင်သေးတာလဲ*

ဝေဖန်စကားကို ကြားပြီးနောက် တာအိုဆရာသခင် မင်တန်း ရှက်ရွံ့ကာ ဒေါသထွက်လာရပြီး မျက်နှာ သုန်မှုန်၍ ခက်ထန်လာသည်။ သူ ဤသို့သော တိုက်ခိုက်မှုမျိုး လုပ်နေသော်လည်း ယဲ့ဖန်ကို မသတ်နိုင်သေးချေ။

သူ ယုတ်ညံ့သော နည်းလမ်းများသုံး၍ ယဲ့ဖန်၏ ကျင့်ကြံခြင်းကို ဖိနှိပ်ထားခဲ့သော်လည်း ယဲ့ဖန်ကသာ သူ့ကို ပြန်ကစားသွားသည်။

ယဲ့ဖန်၏ ဝေဖန်စကားကို ကြားပြီး လူတိုင်း အံ့အားသင့်သွားကြသည်။ စကားတိုင်း၌ အားနည်းတယ် ဟူသော စကားလုံးက သူတို့အား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ တာအိုဆရာသခင် မင်တန်း၏ တိုက်ခိုက်မှုတိုင်းက ယဲ့ဖန်၏ မျက်လုံးထဲ၌ စကားထဲ ထည့်ပြောရန်ပင် မထိုက်တန်သော အမှိုက်များ ဖြစ်နေသလိုပင်။

*ဒါ မယုံနိုင်စရာပဲ ဟုတ်တယ်မလား*

မည်သူက သိုင်းအဆင့် ဖိနှိပ်ခံထားရသူနည်းဟုပင် သူတို့ သံသယ ဝင်လာရသည်။ ပို၍ အံ့ဩစရာကောင်းသော အချက်မှာ ယဲ့ဖန်က အစမှအဆုံးတိုင် လက်နောက်ပစ်ထားပြီး မည်သို့သော တိုက်ခိုက်မှုမျိုးမှ ပြန်မလုပ်ခြင်းပင်။

*ဒီလိုအခြေအနေမျိုးမှာ ယဲ့ဖန်ရဲ့ သိုင်းအဆင့်ကို ဖိနှိပ်ထားတဲ့ တာအိုဆရာသခင် မင်တန်းက ဆက်တိုက် တိုက်ခိုက်တာတောင် နည်းနည်းလေးမှ ထိခိုက်အောင် မလုပ်နိုင်ပါလား*

သူ သွေးပျက်စပြုလာသည်။

*ဒါ လုံးဝ မဖြစ်နိုင်ဘူး*

*ဟန်လုပ်နေတာ*

သူတော်စင်သခင်အဆင့် တစ်ယောက်ဖြစ်သော သူသည် လျင်မြန်မှု၌ ဖိနှိပ်ခံထားရသော ယဲ့ဖန်ကို ရှုံးနိမ့်နေ သည်တဲ့လား။

“ဒီလောက် အားထုတ်နေတာ ယန်စွမ်းအင်က ခုနစ်ပုံ ရှစ်ပုံလောက် ကုန်နေလောက်ပြီ ဟုတ်တယ်မလား၊ တိုက်ခိုက်မှုတိုင်းက အားနည်းလွန်းပြီး အမှိုက်တကာ့ အမှိုက်ထွတ်ခေါင်ပဲ”

ယဲ့ဖန်က အထင်သေးစွာပြုံး၍ အေးတိအေးစက် သရော်လိုက်သည်။

“ငါ့သိုင်းအဆင့်ကို ဖိနှိပ်နိုင်တဲ့ တခြားဟာတွေ ရှိသေးလား၊ အားလုံး သုံးလိုက်၊ ဒါမှမဟုတ် ငါ့လက်နဲ့ ခြေကို ကြိုးတုပ်ထားပေးရမလား၊ ဒါမှ မင်း ငါ့ကို တိုက်နိုင်မှာလေ”

ပေါ်တင် အရှက်ခွဲလိုက်ခြင်းပင်။

*သိုင်းအဆင့် ဖိနှိပ်ခံထားရတာတောင် ဒီလူက တာအိုဆရာသခင် မင်တန်းကို နိုင်နေသေးတာလား*

*သူက နတ်ဘုရင်အဆင့် ဖြစ်နေတာများလား*

လူတိုင်း ခေါင်းမွေးထောင်လာကြသည်။ မျက်စိရှေ့မှ မြင်ကွင်းက သူတို့အား ထိတ်လန့်စေသည်။

“မင်း … မင်း … မင်း …”

တာအိုဆရာသခင် မင်တန်း ဒေါသကြောင့် မျက်နှာ မည်းမှောင်လာပြီး သွေးအန်မတတ် ဖြစ်လာရသည်။ ယခင်ကဲ့သို့ ယုံကြည်မှုရှိသော အမူအရာမျိုး မရှိတော့ပေ။

“ငါ မင်းကို မသတ်နိုင်ပင်မယ့် မင်း ငါ့ကို သတ်နိုင်လို့လား”

တာအိုဆရာသခင် မင်တန်းက အေးစက်စက် ပြန်သရော်လိုက်သည်။ ဤမှန်မီးအိမ်တွင်း၌ သူက ပြိုင်ဘက်ကင်း နေဆဲပင်။

“ဝှစ်”

ထိုစကားအဆုံး၌ သူ့ဘေးမှ လေအေးတစ်ချက် ဖြတ်တိုက်သွားသည်။ ထို့နောက်တွင်မူ သူ့ညာဘက်ပခုံးမှ သွေးများ ပန်းထွက်လာ၏။ တာအိုဆရာသခင် မင်တန်း ကြက်သေ သေသွားလေသည်။ ယဲ့ဖန် ပြောသော အားနည်းသည်ဟူသည့် အဓိပ္ပာယ်ကို သူ နားလည်သွားရသည်။

ယဲ့ဖန်၏ လျင်မြန်မှု၊ ပြတ်သားမှုနှင့် သပ်ရပ်သော တိုက်ခိုက်မှုနှင့် ယှဉ်လျင် သူက အပုံကြီး ဆိုးရွားနေသည်။ ယဲ့ဖန်၏ လှုပ်ရှားမှုအား အစမှအဆုံးတိုင် သူ သတိပင် မထားလိုက်မိချေ။

*ဒီလူက တကယ် ဖိနှိပ်ခံထားရတာ ဟုတ်ရဲ့လား*

သူ့မှန်မီးအိမ်ပဲ အလုပ်မလုပ်တော့လေသလားဟု သူ တွေးမိသွားသည်။ သူ၏ ညာဘက် ပခုံးပေါ်တွင် ကြောက်စရာကောင်းသော ဒဏ်ရာတစ်ခု ဖြစ်ပေါလာပြီး သွေးများ ဆက်တိုက် ပန်းထွက်လာသည်။ ထို့အပြင် ယင်းက လက်ဖြင့်သာ ဖြတ်တောက်သွားခြင်း ဖြစ်သည်။

ယဲ့ဖန်က သူ့ကျောဘက်၌ ကျောပေးရပ်နေပြီး တဖြည်းဖြည်း နောက်လှည့်ကြည့်ကာ ကြောက်စရာကောင်းသော မျက်နှာထားနှင့် ပြောလိုက်သည်။

“စိတ်ချ မင်းကိုယ်တိုင် မင်းကို သတ်လိုက်ပါတော့လို့ တောင်းပန်လာဖို့ မကြာတော့ဘူး”

ထိုစကားသံအဆုံး၌ တာအိုဆရာသခင် မင်တန်း တုန်လှုပ်သွားသည်။ သူ့စိတ်ထဲ၌ ကြောက်စိတ် ပေါက်ဖွား လာပြီး ထပ်မရယ်နိုင်တော့ချေ။ သူ ခါးကိုမတ်၍ ဟန်ပန်ကောင်းကောင်းဖြင့် ယဲ့ဖန်ကို သေချာ ကြည့်လိုက်သည်။

“ဟားဟားဟား”

ဤသည်ကိုမြင်သော် ယဲ့ဖန်က ဟားတိုက် ရယ်မောလေသည်။

“မင်း ဘာရယ်တာလဲ”

တာအိုဆရာသခင် မင်တန်း မာန်မဲလိုက်သည်။ ယခုအချိန်၌ ယဲ့ဖန်က သူ့ကို လှောင်ရဲလေသလား။

“မင်း အသင့်ပြင်ထားတာနဲ့ ငါ့တိုက်ခိုက်မှုကို တားနိုင်မယ်လို့ ထင်နေလား”

ယဲ့ဖန် လှောင်ရယ်လိုက်သည်။

တာအိုဆရာသခင် မင်တန်း ဆွံ့အသွားပြီး ကျောချမ်းသလို ခံစားလိုက်ရသည်။

“ဒေါက် ဒေါက် ဒေါက်”

ထိုစဉ် ယဲ့ဖန်က ကြောက်စရာကောင်းသော အရှိန်ကို ထပ်မသုံးတော့ဘဲ ရှေ့သို့ တစ်လှမ်းချင်း လျှောက်လာ၏။

“ဒါဆိုလည်း မင်း တားနိုင်မလား ကြည့်ရသေးတာပေါ့”

တာအိုဆရာသခင် မင်တန်း မျက်မှောင်ကြုတ်သွားပြီး သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသည်ဟု ခံစားမိ သွားသည်။ သူ့ရှေ့ရှိ ယဲ့ဖန်ထံမှ ကြောက်စရာကောင်းသော စွမ်းအင်လှိုင်း ထွက်ပေါ်လာတောမည့်ပုံပင်။

သုံးလှမ်း၊ နှစ်လှမ်း၊ တစ်လှမ်း။ ယဲ့ဖန် အနားသို့ ရောက်လာပြီးနောက် တာအိုဆရာသခင် မင်တန်းကို လက်သီးဖြင့် ထိုးလိုက်သည်။ ထိုလက်သီးအရှိန်က နှေးလှသည်။ နှေးလွန်းသဖြင့် လူတိုင်း သေချာ မြင်နေရသည်။

တာအိုဆရာသခင် မင်တန်း ဒေါသထွက်သွားပြီး သူ အရှက်ခွဲခံရသည်ဟု ခံစားမိကာ ယဲ့ဖန်ကို ဒေါသတကြီး ပြန်ထိုးလိုက်သည်။

သို့သော် ထိုအခိုက်တွင် ယဲ့ဖန်၏ နှုတ်ခမ်းက ကော့တက်သွားပြီး အထင်သေးဟန် ပြုံးလာသည်။ ထို့‌နောက် နှိုင်းယှဉ်မရသော စွမ်းအင်များ ပါဝင်သည့် လက်သီးနှင့် တာအိုဆရာသခင် မင်တန်း၏ လက်သီးတို့ ထိုးနှက်မိ သွားသည်။

“ဝုန်း”

“ဂျွတ်”

လက်သီးချင်း ထိုးမိချိန်တွင် တာအိုဆရာသခင် မင်တန်း၏ လက် ကျိုးကြေသွားပြီး လက်နှစ်ဖက်လုံးမှ လက်ချောင်းများ ပျောက်ကွယ်သွားသည်။

တာအိုဆရာသခင် မင်တန်း ဘာဖြစ်သွားမှန်း မသိလိုက်ဘဲ မြေကြီးပေါ် လဲကျသွားသည်။

“ဝေါ့”

သူ သွေးတစ်လုပ်အန်ကာ ရင်ညွန့်ရိုးကျိုး၍ သွေးများ စိမ့်ထွက်လာ၏။ သူ အံ့ဩသွားသည်။ ဤမျှ နှေးကွေးသော လက်သီးအား သူ သေချာပေါက် တားလိုက်နိုင်ပါသော်လည်း အဘယ်ကြောင့် …။

သူ ယဲ့ဖန်ကို မရေရာသော အမူအရာဖြင့် မေးခွန်းထုတ်သယောင် ကြည့်လိုက်သည်။ တစ်ဖက်မှ ယဲ့ဖန်ကမူ သူ့အား ပုရွက်ဆိတ်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။ ဘာလို့လဲဆိုတော့ မင်းက ငါ့မျက်လုံးထဲမှာ ပုရွက်ဆိတ် တစ်ကောင်မို့ပဲဟု ပြောနေသလိုပင်။

တာအိုဆရာသခင် မင်တန်း မှင်တက်သွားသည်။ သူ ယဲ့ဖန်၏ လျင်မြန်မှုကို မယှဉ်နိုင်သလို ယဲ့ဖန်၏ ခွန်အားကိုလည်း မတားနိုင်ခဲ့ပါ။ တစ်ဖက်လူက သူ့အား သိုင်းအဆင့် ဖိနှိပ်ထားသည်ဟုပင် ထင်မှတ်ရသည်။

သို့သော် ယဲ့ဖန်က အောင်ပွဲကို မလိုချင်ပုံရပြီး နောက်သို့ နှစ်လှမ်းဆုတ်ကာ သူ့အား တိတ်ဆိတ်စွာ ကြည့်နေ၏။

“မင်းကိုယ်ကို ပြန်ကုလိုက်၊ ငါ မင်းကို စောင့်နေမယ်”

အားလုံး ပွက်လောရိုက်သွားသည်။ လှောင်ပြောင် စော်ကားခြင်းပင်။ ယဲ့ဖန်က သားကောင်ကို မိထားသော သားရဲနှင့် တူသည်ဟု သူတို့ မြင်ယောင်နေသည်။ အလျင်မလိုဘဲ သားကောင်ကို ခြေကုန်လက်ပန်းကျ၍ နာကျင်အောင် နှိပ်စက်ချင်နေသည့်ပုံပင်။

တာအိုဆရာသခင် မင်တန်း ရူးမတတ် ဖြစ်သွားသည်။ သူ့ကိုယ်သူ ငှက်တစ်ကောင်သဖွယ် ခံစားမိကာ ယဲ့ဖန်က ကြီးမားသော လက်ဖြင့် သူ့ကို တင်းကြပ်စွာ ဖျစ်ညှစ်ထားသည်ဟု ခံစားနေရသည်။ ထို့ကြောင့် သူ နည်းနည်းလေးမျှ ခုခံ၍ မရနိုင်ပေ။

သူ သွေးပျက်ကာ ကြံရာမရ ဖြစ်လာ၏။ သူသည် တာအိုဆရာသခင် မင်တန်းဖြစ်ပြီး သူတော်စင် သခင်အဆင့်များစွာကို လှည့်စားနိုင်သူ ဖြစ်သည်။ သို့သော် သူ ယဲ့ဖန်ထံ၌ ဝဋ်ပြန်လည်သလို ခံစားနေရသည်။

“မဖြစ်နိုင်ဘူး ငါ မယုံဘူးကွ”

ရုတ်ချည်းဆိုသလိုပင် သူ ပြန်ထာလိုက်သည်။ သူ့ခန္ဓာကိုယ်က အကောင်းပကတိ ပြန်ဖြစ်လာပြီး ယဲ့ဖန်ထံ ပြေးဝင်သွားသည်။

သူ့ခွန်အားဖြင့် ယဲ့ဖန်ကို မသတ်နိုင်လျင် ယဲ့ဖန်အား အားကုန်အောင် သူ လုပ်မည်။ ယဲ့ဖန်ကို မောပန်းအောင်လုပ်၍ အရက်စက်ဆုံးနည်းဖြင့် သတ်ဖြတ်၍ သူ့အား ခွန်အားမဲ့သလို ဖြစ်အောင် လုပ်ခဲ့သည့်အတွက် ပြန်ပေးဆပ် ခိုင်းမည်။

ယဲ့ဖန်က သူ့ခေါင်းကို ပိတ်ထိုးလိုက်သဖြင့် ခေါင်းတစ်ခုလုံး ပေါက်မတတ် ဖြစ်သွားရသည်။ ယဲ့ဖန်က နောက်ထပ် ခြေကန်ချက်ဖြင့် တာအိုဆရာသခင် မင်တန်း၏ ဝမ်းဗိုက်အလယ်ကို ကန်လိုက်သဖြင့် သွေးများ ပန်းထွက်လာ၏။

ထို့နောက် လက်ဝါးဖြင့် ရိုက်ချလိုက်သောကြောင့် မြေကြီးပေါ် လဲကျကာ အသားပြား ဖြစ်သွားစေသည်။ တာအိုဆရာသခင် မင်တန်း အကြိမ်တစ်ရာ တိုက်ခိုက်သော်လည်း ရှုံးနိမ့်ခဲ့သည်။

လူတိုင်း အံ့ဩကာ ပါးစပ်ကို လက်ဖြင့် အုပ်ထားမိကာ စကား မပြောနိုင်တော့ချေ။ အားလုံး၏ မျက်လုံးတွင် ကြောက်လန့်၍ မယုံနိုင်ဟန်များနှင့် ပြည့်နှက်နေ၏။

*နိုင်သွားပြီ*

*ထပ်နိုင်သွားပြန်ပြီ*

*သိုင်းအဆင့် ဖိနှိပ်ခံရတာတောင် သူ တာအိုဆရာသခင် မင်တန်းကို လုံးဝ နိုင်သေးတယ်*

*သူ ပြောခဲ့တာ မှန်နေတာပဲ*

* တာအိုဆရာသခင် မင်တန်းက သူ့ခွန်အားရဲ့ ဆယ်ပုံတစ်ပုံကိုပဲ ဖိနှိပ်ခဲ့တာ ဆိုတာလေ*

လက်ရှိတွင် လူတိုင်းနီးပါး၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိနေ၏။

“ဒီလူက နတ်ဆိုးပဲ”

All Chapters