သူတော်စင်သခင်အဆင့်အားလုံး ဒူးထောက်ကြ
Vol. 91 Ch. 1359
တာအိုဆရာသခင် မင်တန်းလည်း မှင်တက်နေသည်။ သူ အကြိမ်တစ်ရာ တိုက်ခိုက်သော်လည်း အကြိမ် တစ်ရာလုံး ရှုံးနိမ့်ခဲ့ရသည်။ အကြိမ်တိုင်း သူ ရှုံးနိမ့်ရသည့်အပြင် ဒဏ်ရာပါ ရခဲ့သည်။
*ဒီလူက နတ်ဆိုးပဲ*
တစ်ခုပြီးတစ်ခု ရရှိလာသော ဝေဒနာများက သူ့ကို ရူးမတတ် ဖြစ်စေသည်။ လက်ရှိတွင် သူ ဆောက်တည်ရာမရ ဖြစ်နေ၏။
မူလက သူ ယဲ့ဖန်ကို အားကုန်အောင် လုပ်ရန် ကြံစည်ထားသော်လည်း တကယ်တမ်း အားကုန်သွားသည့်လူက သူ ဖြစ်နေသည်။
ယဲ့ဖန်ထံ၌ ညှင်းပန်းနှိပ်စက်ခံနေရသဖြင့် သူ နာနာကျင်ကျင် ဖြစ်နေသည်။ သူ ရှုံးသွားသည့် အကြိမ်တိုင်း ယဲ့ဖန်ထံ၌ အသစ်တစ်ဖန် ပြန်၍ နှိပ်စက်ခံရသည်။
မှန်မီးအိမ်က သူ့ခန္ဓာကိုယ်ကို ပြန်၍ ကုသနိုင်သည် ဆိုလျင်တောင်မှ ထပ်ခါထပ်ခါ ကိုယ်လက်အင်္ဂါ ပျက်စီး၍ စုတ်ဖြဲခံရသည့် ခံစားချက်ကို မည်သူက တောင့်ခံနိုင်ပါမည်နည်း။
“မင်း … မကောင်းဆိုးဝါး၊ မိစ္ဆာကောင်”
ယဲ့ဖန် လေကြီးလေကျယ် ပြောနေခြင်း မဟုတ်မှန်း တာအိုဆရာသခင် မင်တန်း ယခုမှ နားလည်လိုက်သည်။ ယဲ့ဖန်၌ သူ့ဘဝကို သေသည်ထက် ဆိုးအောင် လုပ်နိုင်သည့် အရည်အချင်း တကယ် ရှိသည်။
“လုပ်လေ ငါ့ကို ဆဲဆိုပြောဆိုနေတာက အခု မင်းမှာ ခွန်အားမရှိဘူးဆိုတာ သက်သေပြနေတာပဲ”
ယဲ့ဖန်သည် အစောပိုင်းက တာအိုဆရာသခင် မင်တန်း ပြောခဲ့သော လေသံနှင့် တစ်ထပ်တည်း တူအောင် ပြော၍ သရော်လိုက်သည်။ အလွန်အကြူး အရှက်ခွဲခြင်းပင်။
လက်ရှိတွင် ယဲ့ဖန်၏ ကျုပ်အကြောင်း သိအောင် ပြမယ်ဟူသော စကားကို လူတိုင်း သဘောပေါက်သွားကြသည်။ သူတို့ရှေ့မှလူသည် လူတကာထက် သာလွန်သော လူတစ်ယောက် ဖြစ်လေသည်။
တာအိုဆရာသခင် မင်တန်း ရှုံးနိမ့်နေပြီကို လူတိုင်း မြင်နေရသည်။ သူ အရှုံးကြီး ရှုံးနေလေပြီ။ တစ်ဖက်လူက တာအိုဆရာသခင် မင်တန်းကို အညှာအတာမဲ့စွာ အရှက်ရအောင် လုပ်နေခြင်းပင်။
“ဆက်တိုက်လေ”
ယဲ့ဖန် အသာ ပြောလိုက်သည်။ သူ့အသံက အေးစက်လွန်းပြီး မွန်းကြပ်စရာ ကောင်းလှသည်။
*ဆက်တိုက် ဟုတ်လား*
တာအိုဆရာသခင် မင်တန်းက ဖျတ်ခနဲ လက်သွားသည်။
*ငါ့ကို ဆက်တိုက်ခိုင်းလေ ဟုတ်လား၊ မင်း လာနောက်နေတာလား*
လက်ရှိတွင် သူ ကြောက်လန့်နေလေပြီ။ သူ့၌ ဘယ်လိုလုပ် ရှေ့ဆက်တိုက်ရဲသည့် သတ္တိ ရှိပါမည်နည်း။
“ဆက်တိုက်လို့ ငါ ပြောတယ်လေ”
သို့သော် ယဲ့ဖန်ကို သူ ဘယ်လိုတားနိုင်မည်နည်း။
ရုတ်တရက် ယဲ့ဖန် လျင်မြန်စွာ လှုပ်ရှားလာပြီး တာအိုဆရာသခင် မင်တန်း၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ဖမ်းညှစ်လိုက်ပြီး မြေကြီးပေါ် ဖိချလိုက်သည်။
“မင်း ဘာလုပ်တာလဲ”
တာအိုဆရာသခင် မင်တန်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့မျက်လုံးတွင် သရဲတစ္ဆေကို တွေ့လိုက်ရသ ကဲ့သို့သော ကြောက်စိတ်များ ပေါ်လွင်နေသည်။
ထို့နောက်တွင်မူ ယဲ့ဖန်က သူ ဘာလုပ်ချင်နေသလဲ ဆိုသည်ကို လက်တွေ့ သက်သေပြသွားလေသည်။ ယဲ့ဖန်က သူ့ကျောကို ခြေထောက်တစ်ဖက်ဖြင့် နင်းကာ လက်မောင်းတစ်ဖက်ကို ကျန်လက်တစ်ဖက်ဖြင့် ဖမ်းချုပ်လိုက်ပြီး စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်လေသည်။
“ဂျွတ်”
လက်မောင်းတစ်ဖက် ဆွဲဖြုတ်ခံလိုက်ရလေပြီ။
“အား….”
အသတ်ခံရသော ဝက်တစ်ကောင်သဖွယ် အော်ဟစ်လိုက်သံ ထွက်ပေါ်လာ၏။ တာအိုဆရာသခင် မင်တန်းသည် ကျန်လက်တစ်ဖက်ဖြင့် မြေကြီးကို တဘုန်းဘုန်းရိုက်ကာ နာကျင်မှုကြောင့် အံကြိတ်ကာ မျက်နှာ ရှုံ့မဲ့နေသည်။
“မင်း ငါ့ကို အကွက်ချတယ်ပေါ့ ဟုတ်လား”
ယဲ့ဖန်က သူ့ကို အထင်သေးစွာ ကြည့်လိုက်ပြီး ထိုလက်မောင်းပြတ်ကို ပစ်ထုတ်လိုက်သည်။ ထို့နောက် ကျန်လက်တစ်ဖက်ကို ဖမ်းချုပ်၍ ဆွဲဖြုတ်လိုက်လေသည်။
“ဂျွတ်”
နောက်လက်မောင်းတစ်ဖက်ပါ ပြတ်သွားပြန်သည်။
“မင်း အဲ့လို မလုပ်ခဲ့သင့်ဘူး”
တာအိုဆရာသခင် မင်တန်းသည် ကျားတစ်ကောင်၏ နှုတ်ခမ်းမွေးကို သွားနှုတ်သလို ဖြစ်သွားသဖြင့် အကျိုးဆက်ကို တောင့်ခံရပေတော့မည်။
“ဘာလို့လဲဆိုတော့ ဒီလို အဆုံးသတ်ရမှာမို့ပဲ”
ယဲ့ဖန်က လက်နှစ်ဖက်ကိုဆန့်၍ တာအိုဆရာသခင် မင်တန်း၏ ခြေထောက်ကို ဖမ်းဆွဲပြန်သည်။ ထို့နောက် အားဖြင့် ဆုတ်ဖြဲပြန်သည်။
“အား…”
စူးရှသော အော်သံတစ်သံ ပဲ့တင်ထပ်လာ၏။ ယဲ့ဖန်၏ ရက်စက်သော နည်းလမ်းကြောင့် လူတိုင်း ကြောက်လန့် သွားကြသည်။
*ယဲ့ဖန်က တာအိုဆရာသခင် မင်တန်းကို အပြီး သတ်ပစ်ချင်နေတာပဲ*
ကိုယ်လက်အင်္ဂါများကို စုတ်ဖြဲပြီးနောက် ယဲ့ဖန်က လှုပ်ရှားမှုကို ရပ်လိုက်သည်။ တာအိုဆရာသခင် မင်တန်း ဒဏ်ရာများမှ ပြန်ကောင်းလာသည်ကို စောင့်နေခြင်း ဖြစ်သည်။ လက်ရှိတွင် တာအိုဆရာသခင် မင်တန်း၏ ခန္ဓာကိုယ်က အလွန် အားအင်မဲ့နေသည့်ပုံပင်။
“ငါတို့အားလုံး မှားခဲ့တာပဲ”
ထိုစဉ် ကျီးကန်း တာအိုသခင်က ရှင်းကျီ၏ ဘေးနားသို့ ဒယိမ်းဒယိုင်ဖြင့် ပြန်လာပြီး မချိပြုံး ပြုံးနေသည်။ ဤလူငယ်သာ ရှိနေလျင် ဟွမ်ယွီလင်း အင်ပါယာထဲ၌ လျှောက်သွားနေလျင်တောင်မှ မည်သူက ထိရဲမည်နည်း။ သို့သော် သူသည် သူ့အား ခွေးသတ်သလို သတ်နိုင်သော ယဲ့ဖန်ကို ဘာမှမတတ်နိုင်သူဟု အထင်သေးခဲ့သည်။
ကျီးကန်း တာအိုသခင်သည် လက်ရှိအချိန်အထိ လူတစ်ယောက်တည်းကိုသာ ရိုသေ လေးစား လေသည်။ ထိုသူမှာ အိုးရန်ချင်ရွှယ်ပင်။ ယခုအခါတွင်မူ သူ လေးစားအားကျရမည့်သူ တစ်ယောက် တိုးလာလေပြီ။ ရှင်းကျီသည် နားဝေတိမ်တောင် ဖြစ်နေသဖြင့် ကျီးကန်း တာအိုသခင် ပြောသောစကားကို မကြားလိုက်ပါ။
“ထျန်းချန် ဒီလူက ဘယ်သူလဲ”
ကျီးကန်း တာအိုသခင် မနေနိုင်ဘဲ မေးလိုက်မိသည်။ ဤသို့သော မကောင်းဆိုးဝါးဆန်သည့် လူမျိုးအား သူ မသိနိုင်စရာ အကြောင်းမရှိပါ။ သို့သော် ဟွမ်ထျန်းချန်က ခေါင်းခါလေသည်။
“စိတ်မရှိပါနဲ့ ဒီလူကြီးမင်းက သူ့ခွင့်ပြုချက်မရှိဘဲ သူ့အကြောင်းကို လူအများကို ထုတ်ပြောဖို့ ခွင့်မပြုထားလို့ပါ”
“ကိစ္စမရှိပါဘူး မင်း လူကြီးမင်းကို ကောင်းကောင်းပြောပေးဖို့ မျှော်လင့်ပါတယ်၊ အရင်က ငါတို့ ရန်စခဲ့မိတာကို ခွင့်လွှတ်ပေးဖို့ ပြောပေးပါ၊ ငါတို့ မရည်ရွယ်ခဲ့ပါဘူး”
ကျီးကန်း တာအိုသခင်က ရိုးရိုးကုပ်ကုပ် ပြောလိုက်သည်။ လက်ရှိတွင် ယဲ့ဖန်ကို ခေါ်ဝေါ်သော အခေါ်အဝေါ်ပင် ပြောင်းလဲနေ၏။ ဟွမ်ထျန်းချန် ရယ်ရမလား၊ ငိုရမလား မသိတော့ချေ။ ယခင်က ကျီးကန်းတာအိုသခင်သည် ယဲ့ဖန်အား အမှိုက်သဖွယ် သတ်မှတ်ခဲ့ပြီး အလွန် အထင်သေးသော စကားများနှင့် အပြုအမူများ ပြသခဲ့သည်။ သို့သော် ယခုအခါ၌ သူသည် ယဲ့ဖန်အား လူကြီးမင်းဟုပင် တလေးတစား ခေါ်နေသဖြင့် အိပ်မက်ဆန်လွန်းသည်ဟု ဆိုရပေမည်။
ဤသည်မှာ လက်တွေ့ အမှန်တရားပင်။ ခွန်အားက အဆင့်အတန်းကို ဆုံးဖြတ်လေသည်။
“ငါ့ကို သတ်လိုက်၊ မင်း ငါ့ကို သတ်လိုက်ပါတော့”
တစ်နာရီကြာပြီးနောက် တာအိုဆရာသခင် မင်တန်း အော်ဟစ်လာသည်။ သူ့မျက်လုံးတွင် မျက်ရည်များဖြင့် ပြည့်နေပြီး နာကျင်မှုက တောင့်မခံနိုင်စရာပင်။
သူ ပြိုလဲသွားလေပြီ။ သူ စိတ်ရောကိုယ်ပါ ပြိုလဲနေ၏။ ဤနှုန်းနှင့်ဆိုလျင် ယဲ့ဖန် သူ့ကို နှစ်ထောင်ချီ၍ နှိပ်စက် နိုင်သည်။ လူတိုင်း ထိတ်လန့်သွားကြသည်။
*တကယ် သတ်ပေးဖို့ တောင်းဆိုနေရတာပဲ*
လူတိုင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာကြသည်။ ယဲ့ဖန် ဤသို့ ဖြစ်လာလိမ့်မည်ဟု ပြောခဲ့သော်လည်း သူတို့အားလုံး မယုံခဲ့ပေ။
သို့သော် ယဲ့ဖန်က လက်တွေ့ဖြင့် သူတို့ကို ထပ်ခါထပ်ခါ အရှက်ရအောင် လုပ်နေပြီး သူ ပြောလျင် ပြောသလို လုပ်နိုင်ကြောင်း သက်သေပြလာ၏။
အစောပိုင်းက ယဲ့ဖန်၏ မောက်မာသော စကားများက အမှန်တကယ် ဖြစ်လာလေပြီ။
“သေချင်နေပြီလား ရတယ်”
ယဲ့ဖန်က ပြုံး၍ ခေါင်းညိတ်လိုက်ပြီးနောက် တာအိုဆရာသခင် မင်တန်းကို စိုက်ကြည့် လေသည်။
“ဒူးထောက်ပြီး ငါ့ကို တောင်းပန်”
*ဘာ*
တာအိုဆရာသခင် မင်တန်း မျက်နှာပျက်သွားပြီး ယဲ့ဖန်ကို ကြောက်လန့််တကြား ကြည့်လိုက်သည်။
*ဒီလူက ငါ့ကို သေစေချင်ရင်တောင် ဂုဏ်သိက္ခာ မရှိဘဲ သေစေချင်တာလား*
*နတ်ဆိုး*
*တကယ့်ကို လူ့အရေခြုံထားတဲ့ နတ်ဆိုး*
တာအိုဆရာသခင် မင်တန်း၏ ရင်ထဲ၌ နောင်တများ တဖွားဖွား တိုးပွားလာသည်။
*လတ်စသက်တော့ လောကကြီးထဲမှာ ဝဋ်လည်တာ တကယ် ရှိတာကိုး*
ယဲ့ဖန်က သူအား ဝဋ်လည်စေသည့် အရာပင်။ သူ ယဲ့ဖန်နှင့် ရင်ဆိုင်ရသောအချိန်က အိပ်မက်ဆိုးနှင့် ရင်ဆိုင် ရသလိုပင်။
“ဒုန်း”
ထို့နောက်တွင်မူ တာအိုဆရာသခင် မင်တန်းက ယဲ့ဖန်ရှေ့၌ သူ့ခန္ဓာကိုယ်ကို ပစ်ဝင်၍ မိုးစက်သဖွယ် စီးကျလာသော မျက်ရည်များနှင့်အတူ အသံအက်အက်ဖြင့် ပြောလေသည်။
“ကျေးဇူးပြုပြီး ငါ့ကို သတ်ပေးပါ၊ ကျေးဇူးပြုပြီး ငါ့ကို သတ်လိုက်ပါတော့”
ဤမြင်ကွင်းက အလွန် ထူးဆန်းလှသည်။ သူတော်စင်သခင် အဆင့်တစ်ယောက်က အခြားသူ များရှေ့၌ ဒူးထောက်ပြီး အခြားသူအား သူ့ကို သတ်ပေးရန် တောင်းဆိုနေရသည်။
အလွန် ရှက်စရာကောင်းသော မြင်ကွင်းပင်။
“မင်းသဘောအတိုင်းပဲ”
ယဲ့ဖန် ခပ်အေးအေး ပြောလိုက်သည်။ သူ့အသံက ငရဲမှ တိုက်ခတ်လာသော မိစ္ဆာလေညင်းလိုပင် မိစ္ဆာ အငွေ့အသက်များနှင့် ရက်စက်မှုများ ပြည့်နှက်နေ၏။
ထို့နောက် သူသည် တာအိုဆရာသခင် မင်တန်းကို လက်ဝါးတစ်ချက်ဖြင့် ရိုက်ချလိုက်သည်။ ငရဲမှ နတ်ဆိုး စွမ်းအင်များ ပါဝင်နေသော လက်ဝါးချက်က တာအိုဆရာသခင် မင်တန်းပေါ် ကျရောက်လာသည်။
“ဝုန်း”
ချက်ချင်းဆိုသလိုပင် သူ့ခန္ဓာကိုယ်က အမှုန့်ဖြစ်သွားပြီး လုံးဝ ပျောက်ကွယ်သွားလေသည်။ အလောင်းပင် မရှိဘဲ သေဆုံးသွားခြင်းပင်။ လက်ရှိအချိန်တွင်မူ မှန်မီးအိမ်က သူ၏ ဒဏ်ရာကို မကုသပေးနိုင်တော့ပါ။
“ဘယ်သူ ငါနဲ့ တိုက်ချင်သေးလဲ”
ယဲ့ဖန်က ဂရုမစိုက်သော မျက်လုံးများဖြင့် ဘေးပတ်လည်အား သတ်ဖြတ်ချင်သော မျက်လုံးများဖြင့် ဝေ့ကြည့် လိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
“ဒုန်း ဒုန်း”
ထိုအခိုက်တွင် ကျန်ရှိနေသော သူတော်စင်သခင်အဆင့်များအားလုံး ယဲ့ဖန်ရှေ့၌ ပြိုင်တူ ဒူးထောက် လိုက်ကြသည်။
“အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ကျောက်တောင်ပံ နတ်ဆိုးက လူကြီးမင်းဆီမှာ အမှုထမ်းချင်ပါတယ်၊ ဘယ်တော့မှ သစ္စာမဖောက်ပါဘူး”
“တစ္ဆေဖန်ချီက လူကြီးမင်းဆီမှာ သေသည်အထိ အမှုထမ်းပါ့မယ်”
သူတော်စင်သခင်အဆင့်များအားလုံး ပြိုင်တူ ဒူးထောက်ကာ လက်အောက်ငယ်သား ဖြစ်ရန် ဆန္ဒရှိနေကြသည်။ ယဲ့ဖန်သာ မရှိခဲ့လျင် သူတို့အားလုံး တာအိုဆရာသခင် မင်တန်း၏ လက်ထဲ၌ သေသွားလောက်သည်။ ဤအသက်ကယ်ခဲ့သည့် ကျေးဇူးကို သူတို့ ပြန်ဆပ်နိုင်မည် မဟုတ်ပါ။
ဤသူတော်စင်သခင်အဆင့်များအားလုံးသည် ခြွင်းချက်မရှိ တစ်လောကလုံး၌ ကျော်ကြားသော သူတော်စင် သခင်အဆင့်များ ဖြစ်ပြီး အဆင့်အတန်း မြင့်မားသူများ ဖြစ်ကြသည်။
သူတို့နာမည်ကို ကြားရုံနဲ့တင် လူအများကို သေမတတ် ကြောက်ရွံ့စေသည်။ သို့သော် ယခုအခါ၌ သူတို့ တစ်ယောက်ချင်းစီက ဒူးထောက်နေပြီး လူတစ်ယောက်တည်းအား သူ၏ လက်ပါးစေ အဖြစ် နေပါ့မည်ဟု ပြောနေကြသည်။
ဤမြင်ကွင်းက မယုံနိုင်စရာ ကောင်းလှသည်။ ယဲ့ဖန်၏ စွမ်းအားနှင့် လက်သီးတို့က သူတို့ကို လုံးဝ အရှုံးပေး သွားစေသည်။
“ခင်ဗျားတို့တွေက လက်ပါးစေ ဖြစ်ဖို့ ဆန္ဒရှိတာလား”
ယဲ့ဖန်က သူတို့ကို ခံစားချက် ကင်းမဲ့သော မျက်နှာနှင့် ငုံ့ကြည့်လေသည်။ လုံးဝ ပျော်ရွှင်နေပုံ မရချေ။ သူတို့ကို ဂရုစိုက်ပုံလည်း မရပါ။
“ဂလု”
လူတိုင်း တံတွေးကို မနည်းမျိုချလိုက်ကြသည်။ သူတော်စင်သခင်အဆင့်များစွာက ယဲ့ဖန်ကို အမှုထမ်းလိုကြောင်း ပြောနေပါသော်လည်း အဘယ်ကြောင့် ယဲ့ဖန်က ရွံရှာသလို ဖြစ်နေရသနည်း။
*ဒါ အရမ်း ရူးလွန်းတယ် ဟုတ်တယ်မလား*
“ဟုတ်တယ်”
လူတိုင်း မရည်ရွယ်ဘဲ ခေါင်းကိုငုံ့ထားကြသည်။ မြေကြီးပေါ် လဲနေသည့်လူများပင် မာနကို ခဝါချ၍ အမှုထမ်းရန် ဆန္ဒရှိနေလေသည်။
“ကောင်းပြီ အခုကစပြီး မင်းတို့က ငါ့ခွေးတွေပဲ”
ယဲ့ဖန်က အသာပြောလိုက်ပြီး လက်ထဲမှ ဆေးလုံးတစ်ချို့ကို ပစ်ပေးလိုက်သည်။
“စားလိုက်”
သူတော်စင်သခင်အဆင့်များက အချင်းချင်း တစ်ချက်ကြည့်လိုက်ပြီး မချိပြုံး ပြုံးလိုက်ကြသည်။ သူတို့ ဤအကြောင်းကို သိပါသည်။ ဤသည်မှာ သခင်များက ကျေးကျွန်များအပေါ် မကြာခဏ ပြုလုပ်ကြသော လုပ်ရပ်ပင်။ ကျေးကျွန်များအား နာတာရှည် အဆိပ်များ သောက်ခိုင်းပြီး ပုံမှန် အဆိပ်ဖြေဆေး တိုက်လေ့ရှိသည်။ ဤသို့ လုပ်ရသည့် ရည်ရွယ်ချက်မှာ ကျေးကျွန်များ သစ္စာဖောက်ခြင်းမှ ရှောင်တိမ်းရန် ဖြစ်သည်။ ကျေးကျွန်တစ်ယောက်က သူ့သခင်ကို သစ္စာဖောက်သည်နှင့် အသက်ပါ ဆုံးရပေလိမ့်မည်။
ပြောရမည်ဆိုလျင် သူတို့ ဤဆေးကို သောက်လိုက်သရွေ့ သူတို့အသက်က ယဲ့ဖန်၏ လက်ထဲသို့ ရောက်သွား လေပြီ။ ယဲ့ဖန်က သူတို့ကို သေစေချင်လျင် သူတို့ အသက်ရှင်နိုင်တော့မည် မဟုတ်ပါ။
တစ်ခဏမျှ တွေဝေနေပြီးနောက် သူတို့ ဆေးကိုသောက်ရန် ရွေးချယ်လိုက်ကြသည်။ မည်သို့ပင်ဆိုစ သူတို့သည် အိုမင်းနေပြီ ဖြစ်သောကြောင့် သက်တမ်းက သိပ်မကျန်တော့သဖြင့် ဂရုမစိုက်ကြချေ။
သို့သော် သူတို့ စားလိုက်သည့်အခိုက်မှာပင် ပြောမပြတတ်လောက်သော စွမ်းအင်များ ခန္ဓာကိုယ်တွင်း၌ ပေါက်ကွဲ ထွက်လာသည်ကို ခံစားလိုက်ရသည်။
ခြောက်သွေ့သော သစ်ပင်များ ပြန်စိမ်းလန်းလာသလိုပင်။ သူတို့ ထိုခံစားချက်ကို ရလိုက်ပြီးနောက် သူတို့ကိုယ်မှ အသက်ဓာတ်က ရုတ်တရက် ပြည့်လျှံလာသလို ခံစားရသည်။ သွေးများ လျင်မြန်စွာ လည်ပတ်စီးဆင်းကာ အသက်ရှူနှုန်းက နဂါးတစ်ကောင်လို သန်မာလာ၏။
သူတော်စင်သခင်အဆင့်များ အံ့ဩသွားပြီး မယုံနိုင်လောက်အောင် ဖြစ်သွားကြသည်။ သူတို့၏ တိုတောင်း နေသော သက်တမ်းက ယခု အမှန်တကယ် တိုးမြင့်လာသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ဒီဆေးလုံးကြောင့်များလား*
*ဒီဆေးလုံးက အဆိပ်မဟုတ်ဘူးလား*
အသက်ရှည်စေသော ဆေးကို သူတို့ မကြားဖူး၍ မဟုတ်ပါ။ ၎င်းဆေးက အဖိုးမဖြတ်နိုင်လောက်သော ရတနာ ဖြစ်နေသောကြောင့် သူတို့ မတွေ့ဖူးကြခြင်းပင်။
ယခု သူတို့က ထိုဆေးလုံးမျိုးကို သောက်လိုက်ရသည်တဲ့လား။ ထို့အပြင် ဤဆေးလုံးမှ ချက်ချင်း အသက်ဓာတ်ကို တိုးမြင့်လာစေပုံက သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
လူတိုင်း ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်နေကြသည်။ ယဲ့ဖန်က သူတို့ကို တွေ့တွေ့ချင်း အသက်ရှည်စေသော ဆေးကို ပေးလိုက်တာလား။
သူတော်စင်သခင်အဆင့်များ၏ ထိတ်လန့်သွားမည်ကို ခန့်မှန်းထားမိသည့် ယဲ့ဖန်က အေးအေးလူလူ ပြောလိုက်သည်။
“ငါ့ခွေးတွေက သေခါနီးခွေးအိုတွေတော့ ဖြစ်မနေသင့်ဘူးလေ၊ ငါ့အတွက် ရန်သူကို ကိုက်ဖို့ ချွန်ထက်တဲ့ သွားတွေ လိုတာပေါ့”
“ဒီဆေးက ခင်ဗျားတို့အသက်ကို ဆယ်နှစ် တိုးပေးတယ်၊ ခင်ဗျားတို့ ထပ်အသက်ရှည်ချင်ရင်တော့ ခင်ဗျားတို့ စွမ်းဆောင်မှုအပေါ် မူတည်တယ်”
ထိုစကားအဆုံး၌ သူတော်စင်သခင်အဆင့်များ အသက်ပင်မရှူနိုင်တော့ပေ။ ဤစကားက ယဲ့ဖန်၌ အသက်ရှည်စေသော ဆေးများ ရှိသေးသည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။
သူတို့ဘဝ၌ အကောင်းဆုံး ဆုံးဖြတ်ချက် ချလိုက်မိကြောင်း သိလိုက်ရသဖြင့် အားလုံး စိတ်လှုပ်ရှားလာကြသည်။