ငါက မလုပ်ဘူးလို့ ပြောရင် ဘာဖြစ်မလဲ
Vol. 91 Ch. 1360
*ဒီအသက်ရှည်ဆေးလုံးကို အသာတကြည် ပစ်ပေးတယ်ဆိုတော့ ဒီဆေးက ယဲ့ဖန်အတွက် ဘာတန်ဖိုးမှ မရှိဘူးလို့ ပြောချင်တာလား*
ဤသည်က ယဲ့ဖန်၏ ကိုယ်၌ ပိုကောင်းသော ဆေးရှိသည်ဟု ဆိုလိုနေသည်။ ယဲ့ဖန်၏ နောက်လိုက်လုပ်သည်နှင့် အသက်ရှည် စေနိုင်ရုံသာမက သူတို့အနာဂတ်အတွက် အတောမသတ်နိုင်သော ဖြစ်နိုင်ချေများကို ရရှိနိုင် တော့မည် ဖြစ်သဖြင့် သူတို့ အလွန် ကံကောင်းပေသည်။
ဤသို့ ထူးကဲသာလွန်သော လူမျိုးက နတ်ဘုရားတစ်ပါးကဲ့သို့ အံ့အားသင့်ဖွယ် ကောင်းလှသည်။
“သခင်ကြီး ကျုပ် သေတဲ့အထိ အစွမ်းကုန် ကြိုးစားပါ့မယ်”
သူတော်စင်သခင်အဆင့်တစ်ယောက်က ချက်ချင်း ဝပ်တွားလာသည်။
“ကျုပ်တို့ သေတဲ့အထိ အစွမ်းကုန် ကြိုးစားပါ့မယ်”
အခြား သူတော်စင်သခင်အဆင့်များကလည်း သံယောင်လိုက်၍ ပြောလေသည်။
တစ္ဆေဖန်ချီက ပို၍ တဲ့တိုးဆန်ဆန် လှုပ်ရှားလာသည်။ သူသည် ချက်ချင်း နဂါးအသွင်ပြောင်း၍ ယဲ့ဖန်၏ ခြေဖဝါးအောက်၌ ဝပ်တွားလိုက်သည်။
“မင်းတို့ ဒူးမထောက်ဘူးလား”
ချက်ချင်းဆိုသလိုပင် သူတော်စင်သခင်အဆင့် တစ်ယောက်က ဘေးလူများကို စူးစူးရဲရဲ စိုက်ကြည့်၍ ပြောလိုက်သည်။ ဤသို့သော နတ်ဘုရားသဖွယ် ပုဂ္ဂိုလ်ရှေ့၌ သူတော်စင်သခင်အဆင့်များပင် ဒူးထောက်ရသည်။ အဘယ်ကြောင့် ဤပုရွက်ဆိတ်များက ဒူးမထောက်ရသနည်း။
ထိုစကားကိုကြားသော် လူတိုင်း အသည်းအသန် ဒူးထောက်ကာ ကြောက်စိတ်ကြောင့် ချွေးပြန်နေ၏။ ထိုအခိုက်တွင် ဟွမ်ထျန်းချန်က ဒူးထောက်တော့မည့် ဟွမ်ကျစ်ရှန်ကို သရော်လိုက်သည်။
“ဒူးထောက်မနေနဲ့ မင်း ဒူးထောက်ထောက်၊ မထောက်ထောက် သေရမှာပဲ”
ဟွမ်ကျစ်ရှန် မှင်တက်သွားပြီးနောက် ဟွမ်ထျန်းချန်အား ကြောက်လန့်တကြား ကြည့်လိုက်သည်။ သူ ဇာတ်သိမ်းပြီ ဖြစ်ကြောင်း သိလိုက်လေသည်။
မူလက ဟွမ်ထျန်းချန် သူ့ကို အခွင့်အရေး ပေးခဲ့သော်လည်း သူ အတည်မယူခဲ့ချေ။ ထိုသို့ဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ ယဲ့ဖန် သေချာပေါက် သေမည်ဟု သူ ထင်ခဲ့သောကြောင့်ပင်။ ဤမိစ္ဆာကောင်က မသတ်နိုင်လောက်သည်အထိ ကြောက်ဖို့ကောင်းနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
“အစ်ကိုကြီး …”
သို့သော် သူ ဟွမ်ထျန်းချန်၏ ကြင်နာမှု ရနိုင်ဦးလေမလားဟု သူ ထပ်အသနားခံချင်နေသေးသည်။ သို့သော် ထိုအချိန်၌ ဓားတစ်လက်က သူ့နှလုံးထဲသို့ ထိုးစိုက်လာ၏။ ဟွမ်ထျန်းချန်က တင်းမာခက်ထန်သော မျက်နှာထားနှင့် ကြိမ်းမောင်းလိုက်သည်။
“အရေးမပါတာတွေ ပြောမနေနဲ့၊ မင်းကို အခွင့်အရေး ပေးခဲ့ပြီးသား၊ မင်းက မယူတတ်မှတော့ သွားသေ လိုက်တော့”
ဟွမ်ထျန်းချန် သူ့ရင်ဘတ်ထဲ စိုက်နေသော ဓားကို ငုံ့ကြည့်လိုက်မိသည်။ သူ့တစ်ကိုယ်လုံး ရုတ်တရက် အေးလာသလို ခံစားလိုက်ရသည်။
*လူတွေပြောကြတာ မှန်နေတာပဲ၊ လူတွေက သေတဲ့အချိန်ကျရင် အေးသလို ခံစားရတယ်ဆိုတာလေ*
သူ့မျက်နှာတစ်ခုလုံး သွေးမရှိတော့ဘဲ အရောင်တောက်နေသော မျက်လုံးများက တဖြည်းဖြည်း မှိန်လာပြီး ငြိမ်သက်သွားလေသည်။
ယဲ့ဖန်က နဂါးအသွင် တစ္ဆေဖန်ချီကို စီးနင်း၍ လေထဲသို့ ပျံတက်သွားပြီး ဝမ်ကောဖူ ကျောင်းတော်ရှိရာအရပ်သို့ ထွက်ခွာသွားသည်။
ပြဿနာ ဖြေရှင်းပြီးသွားသဖြင့် သူ ဤနေရာ၌ ဆက်နေရန် မလိုတော့ချေ။ သူတော်စင်သခင်အဆင့်များ၏ လက်ထဲ၌ နတ်ဆိုးသင်္ကေတများ ရှိနေပြီး ယဲ့ဖန်သည် အချိန်မရွေး သူတို့၏ လွတ်လပ်ခွင့်ကို ချုပ်ခြယ်ခြင်း မရှိဘဲ ဆင့်ခေါ်နိုင်သည်။
“ဒီလူက ယဲ့ဘုရင်နဲ့ ယှဉ်နိုင်တာပဲ”
ယဲ့ဖန်၏ ဝေးကွာသွားသောပုံကို ကြည့်ပြီး ကျီးကန်း တာအိုသခင်က လေးစားအားကျစွာ ပြောလာသည်။ အံ့ဩစရာ ကောင်းလောက်အောက်ပင် ယခုတစ်ခေါက်၌ ဘေးနားမှ ရှင်းကျီက ပြန်မပြောပေ။
….
ယဲ့ဖန်သည် ဝမ်ကောဖူသို့ ပြန်ရောက်သည်နှင့် တစ္ဆေဖန်ချီအား လူအများ အာရုံစိုက်မည်စိုး၍ အနီရောင် မြွေတစ်ကောင်အသွင် ပြောင်းစေပြီး သူ့နောက် လိုက်စေလေသည်။
ထိုအချိန်တွင် ဟွမ်ယွီလင်းက ကျောင်းသားတစ်ဖွဲ့နှင့်အတူ စကားစမြည်ပြော၍ ရယ်မောကာ လျှောက်လာ နေသည်။ ရက်အနည်းငယ်အတွင်း သူမ၏ တက်ကြွရွှင်လန်းသော ပင်ကိုစရိုက်ကြောင့် ကျောင်းသားများနှင့် ရင်းနှီးကျွမ်းဝင်လာသည်။
သို့သော် ယနေ့ ဟွမ်ယွီလင်းက စိတ်အခြေအနေ အလွန်ကောင်းပုံ မပေါ်ချေ။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က သူမအတွက် သူတော်စင်သခင်အဆင့်များအား သွားရှင်းတော့မည်ကို သူမ သိနေသောကြောင့်ပင်။
ထို့ကြောင့် သူမ စိတ်ထဲ၌ မသိသာ စိုးရိမ်နေပြီး ယဲ့ဖန် တစ်ခုခု ဖြစ်သွားမည်ကို ကြောက်ရွံ့နေ၏။
“ယွီလင်း စိတ်မပူနဲ့ ဒါ ဝမ်ကောဖူ ကျောင်းတော်လေ၊ အဲ့သူတော်စင်သခင်တွေ လာရဲရင်တောင်မှ ပြဿနာ မလုပ်ရဲလောက်ဘူး၊ ငါတို့ ဝမ်ကောဖူက ကျောင်းအုပ်တွေက ခွင့်လွှတ်မှာ မဟုတ်ဘူးလေ”
မိန်းကလေး တပည့်တစ်ယောက်က နှစ်သိမ့်လာသည်။
“ဟုတ်တယ် ငါ့အဖေ့ကို ပြောပြီး မင်းကို ငါတို့ ချင်ရွှေ ခန်းမမှာ ဘေးကင်းအောင် ထားခိုင်းလို့ရတယ်”
အခြား အမျိုးသား တပည့်တစ်ယောက်ကလည်း အပြုံးနှင့် ပြောလေသည်။ သူ့နာမည်မှာ လီပေါ်ရှုဖြစ်ပြီး ချင်ရွှေ ခန်းမ ကျောင်းအုပ်၏ သား ဖြစ်သည်။
ဝမ်ကောဖူအား ခန်းမရှစ်ခုဖြင့် ခွဲခြားထားသည်။ ခန်းမတစ်ခုချင်းစီ၌ ရှည်လျားသော သမိုင်းကြောင်းများ ရှိသည်။ ဟွမ်ယွီလင်း၏ အကြောင်းကို သိလိုက်ရချိန်တွင် လီပေါ်ရှုနှင့် သူ့ဖခင်တို့က ဟွမ်ယွီလင်းနှင့် မည်သို့ လက်ထပ်ရမလဲသာ စစဉ်းစားကြသည်။
ဟွမ်ကျုံးလီကို ပိုင်ဆိုင်ထားသော ဟွမ်ယွီလင်းသည် ရတနာသိုက်ကြီးနှင့် တူလေသည်။ သူမနှင့် လက်ထပ်သည့် မည်သူမဆို အတောမသတ်နိုင်သော အကျိုးအမြတ်များ ရပေမည်။ သူမ၏ ခန္ဓာကိုယ်ကို အပိုင်သိမ်းနိုင်ပါက မိမိကျင့်စဉ်ကို တိုးမြင့်စေနိုင်သလို အသက်လည်း ရှည်နိုင်ပေသည်။
သူတို့ ကလေးရလာလျင် ပို၍တောင်မှ ကောင်းသေးသည်။ ထိုသို့ဆိုလျင် ချင်ရွှေခန်းမ၌ စိတ်ဝိညာဉ် အရင်းအမြစ် ရှိသော ကလေးတစ်ယောက် ရလာပြီး ဝမ်ကောဖူကို လွှမ်းမိုးနိုင်ရန် မခဲယဉ်းတော့ချေ။
ဝမ်ကောဖူက နိုင်ငံပေါင်းစုံဖြင့် ပူးပေါင်း၍ ဖွဲ့စည်းထားသော ကျောင်းတော် ဖြစ်သော်လည်း အချင်းချင်း ယှဉ်ပြိုင် ကြသည်။ ဂိုဏ်းတိုင်းက သူတို့၏ နိုင်ငံများကို အကျိုးအမြတ် ရစေချင်ကြပြီး ချင်ရွှေခန်းမသည်လည်း ထိုနည်း လည်းကောင်းပင်။
“မလိုပါဘူး ကျေးဇူးတင်ပါတယ်”
ဟွမ်ယွီလင်းက အကူအညီကို ရှက်ရွံ့၍ ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။ အကြောင်းမှာ သူမစိတ်ထဲ၌ သူမအစ်ကိုယဲ့က သူမကို မကာကွယ်နိုင်လျင် မည်သူမှ သူမကို မကာကွယ်နိုင်ဟု ခံစားနေရသောကြောင့်ပင်။
လီပေါ်ရှု၏ အမူအရာ ရုတ်တရက် အေးခဲသွားပြီး အောင့်သီးအောင့်သက် ပြုံးလိုက်သည်။ မည်သူမှ သူ့ကို မငြင်းဆန်ရဲဘူးသဖြင့် သူ အငြင်းခံလိုက်ရသည့် ခံစားချက်ကို သဘောမကျပါ။
*ဒီလောက် ဆွဲဆောင်နိုင်တဲ့ရင်သားနဲ့ ဖြူစင်ချင်ယောင်ဆောင်ထားတဲ့ မျက်နှာ ရှိနေလည်း ငါ မင်းကို ငါ့ခုတင်ပေါ် ရောက်အောင်လုပ်ပြီး နောင်တရလာအောင် လုပ်ပြမယ်*
“အစ်ကိုယဲ့”
ဟွမ်ယွီလင်းက ယဲ့ဖန်ကို မြင်လိုက်ရသောအခါ တအံ့တဩ လက်ပြ၍ ယဲ့ဖန်ထံ ပြေးသွားလေသည်။ ထိုအခါ လူတိုင်း အံ့အားသင့်သွားကြသည်။
*အဲ့လူက ဘယ်သူမို့လို့ ဟွမ်ယွီလင်း ဒီလောက် ဂရုစိုက်နေရတာလဲ*
လီပေါ်ရှု၏ မျက်နှာ သုန်မှုန်လာသည်။ သူ ဟွမ်ယွီလင်းကို အဆက်မပြတ် ပိုးပမ်းနေခဲ့သော်လည်း သူ ဘာလုပ်လုပ် ဟွမ်ယွီလင်းက သူ့ကို မကြည့်ချေ။ သို့သော် ယခု ဘယ်ကလာမှန်း မသိသည့် မျိုးမစစ်ကောင်နှင့် တွေ့သောအခါ သူမက ချစ်ရသူကို စောင့်နေသော လုံမပျိုလေးကဲ့သို့ ပြုမူနေ၏။ ဤသည်ကို သူ ဘယ်လိုလုပ် လက်ခံနိုင် ပါမည်နည်း။
*ကျောင်းအုပ်သားဖြစ်တဲ့ ငါ့ကို ငြင်းပြီးတော့ သာမန်ကျောင်းသားကို ရွေးတယ်ပေါ့လေ*
သူ့အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ရက်စက်သော ဟန်ပန်ပေါ်လာသည်။ ဤသည်ကိုမြင်သော် လူတိုင်း မသက်မသာ ဖြစ်လာကြသည်။ သူတို့ လီပေါ်ရှုအကြောင်း သိပါ၏။ ဤလူသည် စိတ်သဘောထား ကျဉ်းမြောင်း၍ ရက်စက်သူ ဖြစ်သည်။
ယခင်က သူနှင့် စကား အနည်းငယ် များခဲ့ဖူးသော ကျောင်းသားတစ်ယောက် ရှိခဲ့ဖူးသည်။ ထို့နောက်တွင် ထိုကျောင်းသား ရုတ်တရက် ပျောက်သွားပြီး ပြန်ပေါ်မလာတော့ချေ။
ဝမ်ကောဖူ၏ တပည့်များအပေါ် ထုတ်ထားသည့် စည်းကမ်းများက အလွန် တင်းကြပ်သည်။ အကယ်၍ ကျောင်းသား တစ်ယောက် ရုတ်တရက် ပျောက်သွားပါက အဆုံးအထိ တွေ့အောင် လိုက်ရှာကြသည်။ သို့သော် ထိုအဖြစ်က ဝမ်ကောဖူမှ မတုံ့ပြန်သည့် တစ်ခုတည်းသော ကိစ္စဖြစ်ပြီး လူတိုင်း ဘာဖြစ်ခဲ့သလဲ ရိပ်မိလေသည်။
နောက်ပိုင်းမှ လီပေါ်ရှုက စီနီယာအချို့ကို ဖိတ်ကြား၍ ထိုကျောင်းသားအား တောအုပ်ထဲ၌ နာရီပေါင်းများစွာ နှိပ်စက်၍ သူ့လျှာကို ဖြတ်ထုတ်ရန် ပြောဆိုခဲ့ကြောင်း သိလိုက်ရသည်။
သူ့အလောင်းကို ပြန်တွေ့ချိန်တွင် ကိုယ်ပေါ်၌ ဒဏ်ရာအခုတစ်ရာမက ရှိနေသည်ဟု ပြောကြသည်။ လီပေါ်ရှုနှင့် အခြားသူများက ထိုကျောင်းသားကို မသတ်ခင်အထိ နည်းလမ်းပေါင်းစုံနှင့် နှိပ်စက်ခဲ့ကြောင်း သိသာလှသည်။
ထို့ကြောင့် ယခု လီပေါ်ရွှယ်က ထိုအချိန်တုန်းက အမူအရာမျိုး ပြနေသဖြင့် လီပေါ်ရှု ဘာလုပ်ချင်နေသလဲ ဆိုသည်ကို သူတို့ ရိပ်မိလိုက်ကြသည်။
ကျောင်းသားများက ယဲ့ဖန်ကို ကရုဏာသက်သလို ကြည့်လိုက်ကြသည်။ လီပေါ်ရှုက သူ့ကို စိုက်ကြည့်နေသဖြင့် ထိုလူ မသေလျင်တောင်မှ အရေခွံခွာခံရလောက်သည်။
“အစ်ကိုယဲ့ ရှင်ပြန်လာပြီလား၊ အားလုံး ဖြေရှင်းပြီးသွားတာလား”
ဟွမ်ယွီလင်း တအံ့တဩ မေးလိုက်သည်။ ယဲ့ဖန်က ဤနေရာ၌ ထိခိုက်ဒဏ်ရာမရှိ ရပ်နေသဖြင့် ထိုသူတော်စင် သခင် အဆင့်များကို သူ အောင်အောင်မြင်မြင် ရှင်းခဲ့ကြောင်း သိသာလှသည်။
သူမ၏ အစ်ကိုယဲ့က အသန်မာဆုံးဖြစ်ကြောင်း သူမ သိနေခဲ့ပါသည်။ ယဲ့ဖန်က သူမခေါင်းကို အသာပွတ်၍ ပြုံးကာ ပြောလိုက်သည်။
“ရှင်းပြီးပြီ၊ အချိန်တိုအတွင်းတော့ ဘယ်သူမှ မင်းကို ထပ်ရန်ရှာမှာ မဟုတ်ဘူး”
ဤအပြုအမူက လီပေါ်ရှု၏ မျက်လုံးများကို ပို၍ ခက်ထန်သွားစေသည်။
*ဒီမျိုးမစစ်ကောင်က ငါ့ရှေ့မှ ငါ့အမျိုးသမီးကို ထိကပါး ရိကပါး လုပ်နေတယ်ပေါ့လေ*
*သေချင်နေတာပဲ*
*အဲ့ကောင် သေချင်နေတာ*
*အလွတ်ပေးလို့မရဘူး*
လီပေါ်ရှု မုန်းတီးလွန်းသဖြင့် အံကြိတ်ထားမိပြီး ယဲ့ဖန်အား မာမာထန်ထန် စိုက်ကြည့်နေသည်။
“မုန်းစရာကြီး သူများခေါင်းကို လာမဖွနဲ့ ရှုပ်ပွကုန်ပြီ”
ဟွမ်ယွီလင်းက နှုတ်ခမ်းစူ၍ ယဲ့ဖန်၏ လက်ကို ပုတ်ထုတ်လေသည်။
“ကလေးမလေး မင်းက ဘယ်လိုဆံပင်ပုံစံ လိုချင်လို့လဲ”
ယဲ့ဖန် ရယ်လိုက်သည်။
“ကျွန်မက ကလေးမလေး မဟုတ်ပါဘူးနော်၊ ကျွန်မ ကြီးနေပြီ သိလား”
သူမ ကလေးမဟုတ်ကြောင်း သက်သေပြန်ဟန်ဖြင့် ဟွမ်ယွီလင်းက ကိုယ့်ရင်ဘတ်ကိုယ်ပုတ်၍ ပြောလိုက်သည်။
*တစ်ချက်ကြည့်ရုံနဲ့ ကြီးမှန်း သိပါတယ်*
ယဲ့ဖန် နှာခေါင်းသွေးလျှံလုနီးပါး ဖြစ်သွားရသည်။
*ဒီကလေးမလေးကတော့*
*ကလူနေတာလား*
လီပေါ်ရှုနှင့် အခြားသူများ မှင်တက်သွားကြသည်။
*ဟွမ်ယွီလင်းက ဒီလူရှေ့မှ တကယ် ချွဲနွှဲ့နေတာလား*
*ငါတို့ ထင်တာ မှန်နေတာပဲ၊ ဒီလူက ဟွမ်ယွီလင်းနဲ့ တကယ် ရင်းနှီးနေတာပဲ*
ထို့နောက် လီပေါ်ရှုက သုန်မှုန်နေသော မျက်နှာထားနှင့် ရှေ့သို့တိုးသွားပြီး ဟွမ်ယွီလင်းကိုဆွဲ၍ မေးလေသည်။
“လင်းအာ သူက ဘယ်သူလဲ”
သူ့ပုံစံက ဦးထုပ်စိမ်း အဆောင်းခံလိုက်ရသည့် လင်ကြီးလိုပင်။
“လီပေါ်ရှု နင် ဘာလုပ်တာလဲ”
ဟွမ်ယွီလင်း အံ့ဩသွားပြီး ဘာကြောင့် လီပေါ်ရှု ရုတ်တရက်ကြီး စိတ်ဆိုးလာသလဲဟု တွေးနေသည်။
“ဒီမျိုးမစစ်ကောင်က ဘယ်သူလဲလို့ ငါ မေးနေတယ်လေ”
လီပေါ်ရှုက ဒေါသထွက်နေသကဲ့သို့ ဗြုန်းစားကြီး မေးလာ၏။
*မျိုးမစစ်ကောင် ဟုတ်လား*
ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး မျက်နှာထားက ရက်စက်သယောင် ပေါ်လာသည်။
“လီပေါ်ရှု နင် ဘာအချိုးချိုးတာလဲ၊ နင်ကမှ မျိုးမစစ်ကောင်၊ နင်နဲ့ငါက သာမန်မိတ်ဆွေတွေပဲ၊ ငါ ဘယ်သူနဲ့ ရင်းနှီးသလဲ နင့်ကို တင်ပြဖို့ လိုသလား”
ဟွမ်ယွီလင်း စိတ်ပျက်သွားသည်။ တစ်ဖက်လူ၏ စကားက ရင့်သီးလွန်းနေသည်။ ယဲ့ဖန်က သူမအသက်ကို ကယ်ခဲ့သည့် ကျေးဇူးရှင် ဖြစ်သည်။ အဘယ်ကြောင့် လီပေါ်ရှုက သူ့ကို စော်ကားရသနည်း။
“ငါ မင်းကို သဘောကျနေတာကို မင်း သိသင့်တယ်”
လီပေါ်ရှုက သုန်မှုန်သော မျက်နှာထားနှင့် ပြောလိုက်သည်။
“နင် ငါ့ကို ကြိုက်တာ၊ မကြိုက်တာက ငါနဲ့ မဆိုင်ဘူး၊ ငါတော့ နင့်ကို မကြိုက်ဘူး”
ဟွမ်ယွီလင်းက အေးစက်စွာ ပက်ခနဲ ပြန်ပြောလိုက်ပြီး ရွံရှာသော မျက်နှာထားနှင့် ဆက်ပြောလိုက်သည်။
“ငါတို့နား နောက်ဘယ်တော့မှ မလာနဲ့၊ နင်နဲ့ငါနဲ့ မိတ်ဆွေတွေ မဟုတ်တော့ဘူး”
*ဘာ*
*မိတ်ဆွေတွေ မဟုတ်တော့ဘူးတဲ့လား*
လီပေါ်ရှု၏ မျက်နှာ မည်းမှောင်သွားသည်။ ဟွမ်ယွီလင်းက သူ့ကို အရှက်ခွဲနေ၏။
“ဒီကောင်ကြောင့်လား”
ချက်ချင်းဆိုသလိုပင် သူက စဉ်းလဲစွာပြုံး၍ ယဲ့ဖန်ကို လှည့်ကြည့်လေသည်။
“ဟေ့ကောင် မင်း မသေချင်ရင် လင်းအာရဲ့ အဝေးမှာနေ”
“လီပေါ်ရှု နင် …”
ထိုစကားကြောင့် ဟွမ်ယွီလင်း ပိုပို၍ ရွံရှာမုန်းတီးလာပြီး လီပေါ်ရှုကို နုတ်နုတ်စင်းချင်လာ၏။
*ဒီလူက အစ်ကိုယဲ့ကို စော်ကားရုံတင်မကဘူး အခု ခြိမ်းပါခြိမ်းခြောက်လာပြီ*
ယဲ့ဖန်က သူမ သူနှင့် တစ်ခုခု ပတ်သတ်နေသည်ဟု တွေးမိပြီး သူမအား မျက်နှာများသော မိန်းကလေးဟု ထင်သွားမည်ကို ဟွမ်ယွီလင်း စိုးရိမ်နေသည်။
*အစကတည်းက ယဲ့ဖန်နားမှာ မိန်းကလေးတွေ များနေတာ၊ ငါ့ပြိုင်ဘက်အားလုံးက သာနေတာ၊ အခု လီပေါ်ရှုက ဝင်နှောက်တော့ ယဲ့ဖန်က ငါ့ကို မုန်းနေရင် ဘယ်လိုလုပ်မလဲ*
*ဒီသောက်ရူးကတော့*
ယဲ့ဖန်လည်း ဒေါသထွက်လာသည်။ ယခုလေးတင် သူ တိုက်ပွဲဆင်နွှဲခဲ့ရသဖြင့် သူ့ကိုယ်မှ သွေးဆူနေသည်က ပြန်မငြိမ်သေးပေ။ သို့သော် ယခု တစ်ဖက်လူက ရန်လာစနေသဖြင့် မီးထဲ လောင်စာဆီ ဖြည့်လိုက်သလိုပင်။
“ဪ ငါ မလုပ်ဘူးဆိုရင်ရော ဘာဖြစ်မလဲ”
ထိုစကားကိုကြားသော် လူတိုင်း မှင်တက်သွားကြသည်။ ယဲ့ဖန် ငြင်းရဲလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ လီပေါ်ရှု ချက်ချင်း အံကြိတ်၍ တစ်လုံးချင်း ပြောလိုက်သည်။
“ဒါဆိုလည်း ငါ မင်းကို မြေမြှုပ်စရာ အလောင်းမရှိဘဲ သေအောင် လုပ်လိုက်မယ်”