မင်းမှာ ဘာအခွင့်အရေးမှ မရှိဘူး
Vol. 91 Ch. 1361
ခြိမ်းခြောက်ခြင်း။ ပေါ်တင် ခြိမ်းခြောက်ခြင်းပင်။ ယဲ့ဖန်ကို လုံးဝ အလေးအနက် မထားကြောင်း ဖော်ပြနေသည်။
“လီပေါ်ရှု နင် ချက်ချင်း ပါးစပ်ပိတ်လိုက်တာ ပိုကောင်းမယ်”
ဟွမ်ယွီခင်း ချက်ချင်း မာန်မဲလိုက်ပြီး စိုးရိမ်စိတ်ကြောင့် မျက်နှာ နီမြန်းလာ၏။
“စိတ်မပူပါနဲ့ မင်းမိတ်ဆွေလေးက ဘယ်အချိန် ရှေ့တိုးပြီး ဘယ်အချိန် နောက်ဆုတ်ရမလဲ သိသရွေ့ ငါ သူ့ကို အရမ်း အရှက်ရအောင် မလုပ်ပါဘူး”
လီပေါ်ရှုက လှောင်ပြုံးပြုံး၍ သရော်လေသည်။ သူ ယဲ့ဖန်ကို ပညာပြမည်ဟု ဆုံးဖြတ်ထားပုံရသည်။ ထို့နောက် သူသည် ယဲ့ဖန်အား အန္တရာယ်ပေးလိုသော အကြည့်မျိုး ကြည့်လိုက်သည်။
“မျိုးမစစ်ကောင် မင်း ဘယ်လောက် အသုံးမကျလဲ သိသာနေတာပဲ၊ မင်းကို ကယ်ဖို့ မိန်းမတစ်ယောက်ကိုတောင် မှီခိုနေရတယ်မလား”
ဟွမ်ယွီလင်း ခေါင်းခါလိုက်ပြီး ဖျောင်းဖျချင်စိတ် ကုန်ဆုံးသွားလေသည်။ သူမ ယဲ့ဖန်ကို ဝင်ကယ်နေသည်ဟု လီပေါ်ရှု ထင်နေသော်လည်း သူမ လီပေါ်ရှုကို သေတွင်းမတူးစေချင်၍ တားခြင်းဖြစ်ကြောင်း သူမသာ သိလေသည်။
ယဲ့ဖန်၏ သိုင်းအဆင့်ကို ဤအမှိုက်ကောင်က ယှဉ်နိုင်ပါမည်လော။ ရယ်ချင်စရာပင်။ သို့သော် လီပေါ်ရှုက သေတွင်းတူး နေမှတော့ သူမ ထပ်၍ အရေးမစိုက်တော့ပါ။
“မောင်လေး မင်းကို အမှန်အတိုင်း ပြောပြလိုက်မယ်၊ ငါတို့ ဟွမ်ယွီလင်းက ကောင်းကင်အဆင့် ပါရမီရှင်၊ ဘယ်လိုလုပ် နင့်လိုလူက သူနဲ့ ထိုက်တန်မှာလဲ”
ချက်ချင်းဆိုသလိုပင် စုရန်ဟူသော ကျောင်းသူတစ်ယောက်က သူ့ကို အကြံပေးလာသည်။ သူ့မျက်နှာတွင် အလွန် အထင်သေးဟန်လည်း ပေါ်နေသည်။
“ဟုတ်တယ် ငါတို့ သခင်လေးလီ တစ်ယောက်တည်းကပဲ ယွီလင်းနဲ့ ထိုက်တန်တယ်၊ ငါတို့ သခင်လေး ယွီလင်းက ကျောင်းအုပ်ရဲ့သားပဲ၊ ချင်ရွှေခန်းမရဲ့ အမွေဆက်ဆံသူ၊ မင်းကများ သူ့ဆီကနေ မိန်းကလေးတစ်ယောက်ကို လုယူရဲတယ်လား”
အခြားသူများကလည်း သရော်လာသည်။ ဤသည်ကိုမြင်သော် လီပေါ်ရှု၏ ထီမထင်သော မျက်နှာက ပို၍ ပီပြင်လာ၏။ ဟွမ်ယွီလင်းက ဤလူငယ်ကို သဘောကျနေသဖြင့် သူက ဤလူငယ်ကို ရစရာမရှိအောင် ပြုလုပ် ပစ်မည်။
ဟွမ်ယွီလင်းက လက်လျော့ရန် ငြင်းဆန်ပြီး ဤလူငယ်ကရော နောက်မဆုတ်ဘဲ နေနိုင်ပါမည်လား။ ထိုသို့ ဖြစ်လိမ့်မည်ဟု သူ မထင်ပါ။ သတ်ပစ်မည်ဟူသော ခြိမ်းခြောက်မှုအောက်၌ လူတိုင်းက အတူတူပင်။
“ငါ့ရှေ့ ဒူးထောက်ပြီး အရိုအသေ ပေးစမ်း၊ ပြီးရင် အခုချိန်ကစပြီး ဟွမ်ယွီလင်းနဲ့ ပြတ်ပြတ်သားသားနေ၊ ဒါဆို ငါ မင်းကို အသက်ချမ်းသာပေးမယ်”
လီပေါ်ရှုက ယဲ့ဖန်အား အထင်သေးစွာ ကြည့်လိုက်သည်။ မသိလျင် သူသည် ယဲ့ဖန်၏ အသက်ကို ဆုံးဖြတ် နိုင်သော ရှင်ဘုရင်လိုပင်။
သူ အလွန် ဂုဏ်ယူနေ၏။ ယဲ့ဖန် သူ့ရှေ့ ဒူးထောက်သရွေ့ ဟွမ်ယွီလင်းက သူမအတွက် မည်သူက အဖော်ကောင်း ဖြစ်ကြောင်း သိသွားပေလိမ့်မည်။
သူ တမင်သက်သက် ဟွမ်ယွီလင်း သိအောင် လုပ်ပြခြင်း ဖြစ်သည်။ ဟွမ်ယွီလင်းအား ယဲ့ဖန်ကဲ့သို့သောလူက အမှိုက်ဖြစ်ပြီး သူ့ကဲ့သို့ ကျောင်းအုပ်သားနှင့် မည်သို့မျှ မယှဉ်နိုင်ကြောင်း သိစေရန် ဖြစ်လေသည်။
“ဟားဟား …”
ထိုစဉ် ယဲ့ဖန် ဘာမှမပြောရသေးခင်မှာပင် ဟွမ်ယွီလင်းက ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ရယ်မော လာသည်။ လူတိုင်း ကြက်သေ သေသွားကြသည်။
*ဟွမ်ယွီလင်းက အထင်သေးတဲ့ မျက်လုံးတွေနဲ့ တကယ်ကြီး သရော်နေတာလား*
*သူက ဘယ်သူ့ကို သရော်နေတာလဲ၊ ဒီကောင့်ကိုလား*
လူတိုင်း မသိမသာ အံ့ဩသွားကြသည်။
*ဟွမ်ယွီလင်းက အပြောင်းအလဲ မြန်လိုက်တာ၊ ဒီလောက် မြန်မြန်ဆန်ဆန် ပြောင်းလဲလိမ့်မယ်လို့ မထင်ထားဘူး*
ဟွမ်ယွီလင်းက လီပေါ်ရှုကို သရော်နေသည်ဟု သူတို့ လုံးဝ မထင်ကြပါ။ အကြောင်းရင်းမှာ မည်သူက ကျောင်းအုပ်သား၏ စကားကို မေးခွန်းထုတ်ရဲမှာလဲ ဆိုသည်ကို သိနေသောကြောင့်ပင်။ လီပေါ်ရှုအတွက် ဝမ်ကောဖူထဲ၌ လူတစ်ယောက်ကို သတ်ရန် လွယ်လွန်းနေသည် မဟုတ်ပါလော။
လီပေါ်ရှု ချက်ချင်း ဘဝင်ခိုက်သွားပြီး စိတ်လှုပ်ရှားသော အပြုံးနှင့် မေးလိုက်သည်။
“လင်းအာ ငါ လုပ်တာ မှန်တယ်လို့ မင်း ထင်တယ်မလား”
ဟွမ်ယွီလင်းက အေးစက်စွာ ပြောလိုက်သည်။
“နင် လုပ်တာ မှန်၊ မမှန်တော့ ငါ မသိဘူး၊ နင် သေတွင်းတူးနေတယ်ဆိုတာကိုပဲ ငါ သိတယ်”
*သေတွင်းတူးတာ*
လူတိုင်း တစ်ဒင်္ဂမျှ မှင်တက်သွားပြီးနောက် ဟားတိုက် ရယ်မောလေသည်။ အရယ်ရဆုံး ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ရယ်မောနေကာ ရယ်သံ၌ အထင်သေးမှုများ ပြည့်နှက်နေ၏။
*လီပေါ်ရှုက ဘယ်သူလဲ၊ ချင်ရွှေခန်းမ ကျောင်းအုပ်ရဲ့သားလေ၊ ဘယ်သူက သူ့ကို ထိရဲမှာလဲ*
ထို့အပြင် လီပေါ်ရှုက မောက်မာသော်လည်း ထူးချွန်သည်။ အသက် နှစ်ဆယ့်ငါးနှစ်နှင့် ဘုရင်တစ်ပိုင်းအဆင့်သို့ ရောက်နေလေပြီ။
သို့သော် သူ့ရှေ့မှလူသည် ဈာန်ဝင်စားခြင်းအဆင့်သာ ရှိသေးသည်။ ထိုအဆင့်လေးနှင့် လီပေါ်ရှုကို သေအောင် လုပ်နိုင်မည်တဲ့လား၊ ဟာသပင်။
လီပေါ်ရှုက သူ့ကို လက်ချောင်းတစ်ချောင်းတည်းဖြင့် သတ်ပစ်၍ ရလေသည်။
“လင်းအာ ဒီမျိုးမစစ်ကောင်က ငါ့ကို သတ်နိုင်တယ်လို့ မင်း ပြောနေတာလား၊ မင်း လာနောက်နေတာလား”
လီပေါ်ရှု ကိုယ့်နားကိုယ် မယုံနိုင်သလို ပျော်ရွှင်စွာ ရယ်မောလေသည်။
*ငါက ဈာန်ဝင်စားခြင်းအဆင့်ကို ရှုံးစရာလား*
သို့သော် ထိုစကားအဆုံး၌ မထင်မှတ်ထားလောက်အောင် ပြင်းထန်သော လေက လီပေါ်ရှု၏ ပါးသို့ တိုက်ခတ်လာပြီးနောက် ပါးရိုက်သံ ထွက်ပေါ်လာသည်။
“ဝုန်း”
ဖြောင်းခနဲ အသံမမြည်ဘဲ ဝုန်းဟူသော အသံ ထွက်လာသဖြင့် ဤရိုက်ချက်က မည်မျှ အားပြင်းကြောင်း သိသာပေသည်။
လီပေါ်ရှု ဆယ်မီတာကျော် လွင့်ထွက်သွားပြီးနောက် ဘုန်းခနဲ ပြန်ပြုတ်ကျကာ မူးဝေလာသည်။ ထိုအချိန်တွင် သူ့မျက်နှာတစ်ခုလုံး ထုံထိုင်းနေသည်ဟု ခံစားနေရပြီး ဘာကိုမှ ခံစား၍ မရချေ။
သွားပေါင်းများစွာ ကျွတ်ထွက်သွားသည့်အပြင် သွေးများပါ စီးကျလာလေသည်။ သူ့ကို ရိုက်လိုက်သည့်သူမှာ ယဲ့ဖန်ပင်။
စုရန်နှင့် အခြားသူများက ယဲ့ဖန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်မိပြီး အလွန်အမင်း ကြောက်လန့်သွားကြသည်။
*ဒါ တကယ်လား ဒါမှမဟုတ် ထင်ယောင်ထင်မှား ဖြစ်တာလား*
*ဒီဈာန်ဝင်စားခြင်းအဆင့်က လီပေါ်ရှုကို လွင့်ထွက်သွားအောင် ရိုက်ချလိုက်တာလား*
*ငါတို့ ထင်ယောင်ထင်မှား ဖြစ်နေတာများလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ထို့အပြင် ဝမ်ကောဖူ၌ တပည့်များအား ခွင့်ပြုချက် မရှိဘဲ သီးသန့် တိုက်ခိုက်ခွင့် မပြုထားပေ။ လီပေါ်ရှုတောင်မှ ဝမ်ကောဖူတွင်း၌ ရန်ဖြစ်ရဲသည့် သတ္တိ မရှိပါ။
*ဒီလူက ဘာစားပြီး သတ္တိကောင်းနေတာလဲ*
ချက်ချင်းဆိုသလိုပင် လူတိုင်း ကြောက်လန့်ကာ ပါးစပ်ပိတ်သွားကြသည်။ ဟွမ်ယွီလင်း တစ်ယောက်တည်း သာလျင် ဤသို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားသဖြင့် မျက်နှာထက်၌ လှောင်ပြုံးကို ဆင်မြန်း ထားလေသည်။
လီပေါ်ရှုကိုယ်တိုင်တောင်မှ မှင်တက်နေ၏။
*သူ့ကို ငါ့ကို ပါးရိုက်ရုံနဲ့ ချက်ချင်း လွင့်ထွက်သွားအောင် လုပ်လိုက်တာလား၊ ဒါကို ငါတောင် သတိမထား မိဘူးပေါ့လေ*
*ဒါ မယုံနိုင်စရာပဲ*
*ဒီလူက ဈာန်ဝင်စားခြင်းအဆင့် မဟုတ်ဘူးလား*
ယဲ့ဖန်၏ လေးနက်သော အကြည့်များဖြင့် ကြည့်လိုက်သည်။
“မင်း ငါ့ကို မျိုးမစစ်ကောင်လို့ သုံးကြိမ် ပြောခဲ့တယ်၊ လျော်ကြေးအနေနဲ့ ငါ မင်းကို သုံးကြိမ် ရိုက်မယ်၊ မင်း ဘာပြောစရာ ရှိလဲ”
“သွားသေလဲ”
ထိုအခိုက်တွင် လီပေါ်ရှုက ဓားကိုဆွဲထုတ်၍ ယဲ့ဖန်ထံသို့ အားဖြင့် လွှဲယမ်းလိုက်သည်။
*ငါ့ကို ဟွမ်ယွီလင်းရှေ့မှာ အရှက်ကွဲအောင် လုပ်တယ်ပေါ့လေ၊ မင်း နုတ်နုတ်စင်းခံရသင့်တယ်ကွ*
ဓားသွားက ယဲ့ဖန်ကို တိုက်ရိုက် ချိန်ရွယ်ထားပြီး သူ့ရည်ရွယ်ချက်က ယဲ့ဖန်ကို တစ်ချက်တည်းဖြင့် သတ်ချင် နေကြောင်း သိသာနေသည်။
*ဒီကောင် ငါ့ကို ရိုက်ရဲမှတော့ သေကိုသေသင့်တယ်၊ သူ သေတာနဲ့ ဟွမ်ယွီလင်းက သူ့အကြောင်း တွေးတော့မှာ မဟုတ်ဘူး*
“အရူး ဒီလိုလုပ်မှတော့ သူ လီပေါ်ရှုကို လုံးဝ ဒေါသထွက်အောင် လုပ်မိသွားပြီ”
“အကောင်း ပြောနေတုန်းက နားမထောင်ဘဲ လုပ်ချင်တာ လုပ်တာပဲ၊ သူ အရင်ဆုံး လီပေါ်ရှုကို ထိခိုက်အော် လုပ်တာ၊ လီပေါ်ရှုက သူ့ကို သတ်ခဲ့ရင်တောင်မှ ဝမ်ကောဖူက ဘာမှပြောနိုင်မှာ မဟုတ်ဘူး”
စုရန်က အထင်သေးသော မျက်နှာထားနှင့် ပြောလိုက်သည်။ သူတို့အားလုံး ယဲ့ဖန်တစ်ယောက် လီပေါ်ရှုထံ၌ သမခံရတော့မည့် အချိန်ကို စောင့်နေကြသည်။ ယဲ့ဖန် အဘယ်နည်းလမ်းကိုသုံး၍ လီပေါ်ရှုကို ပြင်းထန်စွာ ထိခိုက်အောင် လုပ်ခဲ့ပါစေ ဈာန်ဝင်စားခြင်းအဆင့်နှင့် ဘုရင်တစ်ပိုင်းအဆင့်က နှိုင်းယှဉ်မရအောင် ကွာခြား လှပေသည်။ မည်သို့ ကြိုးစားပါစေ သူ အဆင့်ကျော်၍ မလုပ်နိုင်ပါ။
“ယွီလင်း နင် ဒီလူကို တကယ် ချစ်တယ်ဆိုရင် နင် သူ့ကို ထွက်သွားဖို့ ဖျောင်းဖျပြီး လီပေါ်ရှု လက်ထဲမှာ နင် နေသင့်တယ်၊ သူ အသက်ရှင်မှာ မဟုတ်ဘူး”
စုရန်က အပြုံးတစ်ဝက်နှင့် ပြောလေသည်။
“အဲ့လို ဖြစ်လာမှာ မဟုတ်ဘူး”
ဟွမ်ယွီလင်းက တည်ငြမ်ပြီး အေးဆေးမြဲ အေးဆေးနေပြီး အလေးအနက် မထားပုံ ပေါ်နေသည်။
“ဟင်”
ထိုစကားကို ကြားလိုက်ရသောအခါ စုရန် ကြက်သေ သေသွားသည်။
*ဒီမိန်းမက ဒီအမှိုက်ကောင်ကို မျှော်လင့်ချက် အကြီးကြီး ထားနေတာများလား*
သို့သော တစ်ခဏအတွင်းမှာပင် လူတိုင်းကို ထိတ်လန့်သွားစေသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
“ဒင်”
ညင်သာသော အသံတစ်သံ ထွက်လာပြီးနောက် လီပေါ်ရှု၏ ဓားသွားအား ယဲ့ဖန်က လက်နှစ်ချောင်းဖြင့် မြဲမြံစွာ ညှပ်ဖမ်းထားသည်။
*ဒါက*
လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*မအောင်မြင်ဘူးလား*
*လီပေါ်ရှု အားကုန်ထုတ်သုံးထားတာကို ဒီလူက တကယ် တားလိုက်တာလား*
*ဒီကောင်ရဲ့ နောက်ခံက ဘာလဲ၊ ဈာန်ဝင်စားခြင်းအဆင့်လေးနဲ့ ဘယ်လိုလုပ် လီပေါ်ရှုရဲ့ တိုက်ကွက်ကို တားနိုင်တာလဲ*
“မင်း”
လီပေါ်ရှု၏ မျက်နှာ ပြာနှမ်းသွားသည်။ ဈာန်ဝင်စားခြင်းအဆင့်လေးနှင့် ဘုရင်တစ်ပိုင်းအဆင့်၏ တိုက်ကွက်ကို တားဆီးလိုက်သည့် အဖြစ်မျိုး ပေါ်မလာတော့သည်မှာ နှစ်ပေါင်း မည်မျှ ကြာနေပြီနည်း။ အဘယ်ကြောင့် ဒီနေ့မှ လာကြုံရသနည်း။
“ငါ မင်းကို သုံးကြိမ်ရိုက်မယ်လို့ပဲ ပြောရသေးတယ်၊ မင်းက လက်နက်ပါ ထုတ်နေပြီပဲ၊ မင်း ကြည့်ရတာ မစောင့်နိုင်တော့ဘူးနဲ့ တူတယ်”
ယဲ့ဖန် ရယ်လေသည်။
*ဘာ*
လီပေါ်ရှု အကြီးအကျယ် မျက်နှာပျက်သွားသည်။ ထိုအခိုက်တွင် သူ့လက်များ ချော်သွားသည်ဟု ခံစားမိ ပြီးနောက် လက်ထဲမှ ဓားက ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
ချက်ချင်းဆိုသလိုပင် ယင်းက ယဲ့ဖန်၏ လက်ထဲ၌ ပြန်ပေါ်လာသည်။ ထို့နောက် ယဲ့ဖန်၏ လက်ထဲမှာ ဓားက လီပေါ်ရှုထံသို့ ထိုးစိုက်လာ၏။
“ရွှစ်”
ဓားသွားက ဝမ်းဗိုက်ထဲသို့ ထိုးဖောက်သွားပြီး ခန္ဓာကိုယ်ထဲ၌ မြုပ်နေပြီး သွေးများ စီးကျလာ၏။
“အား”
လီပေါ်ရှု အလွန် သည်းခြေပျက်မတတ် နာကျင်စွာ အော်ဟစ်လာလေသည်။ ရက်စက် ခက်ထန်လွန်းပေသည်။ စုရန်နှင့် အခြားသူများလည်း အကြီးအကျယ် မျက်နှာပျက်သွားကြသည်။
*ဒီလူက ရက်စက်တဲ့လူပဲ*
သူသည် ဘာတစ်ခွန်းမှမပြောဘဲ လီပေါ်ရှု၏ နောက်ခံကိုလည်း ဂရုမစိုက်ဘဲ ဓားနှင့်ထိုးလိုက်သဖြင့် အလွန်အမင်း မောက်မာလွန်းသည်။
“ဟဲ့ကောင် နင်တော့ သွားပြီ၊ နင် လုံးဝ ပွဲသိမ်းပြီဟဲ့ ကျောင်းအုပ်ရဲ့သားကိုမှ သတ်ရဲတယ်ပေါ့လေ၊ နင့်ကို ဒီနေ့ သိကြားမင်းတောင် မကယ်နိုင်စေရဘူး”
စုရန် ရုတ်တရက် အော်ပြောလာသည်။ ယဲ့ဖန်က သူ့ကို ထူးဆန်းသော အကြည့်မျိုးနှင့် ကြည့်လိုက်သည်။ ယဲ့ဖန်နှင့် အကြည့်ချင်းဆုံသွားသည့်အခိုက်၌ စုရန် ချက်ချင်း ကြက်သီးတဖြန်းဖြန်း ထသွားရသည်။ သူမ ငရဲတံခါးဝသို့ ရောက်သွားသလို ခံစားလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် သူမ ထပ်မပြောနိုင်တော့ဘဲ မျက်နှာ၌ ကြောက်စိတ်များ ပြည့်နှက်လာသည်။ အစမှ အဆုံးတိုင် ဟွမ်ယွီလင်းက ဘာတစ်ခွန်းမှမပြောဘဲ ဘေး၌ ရပ်နေပြီး စိတ်မဝင်စားသကဲ့သို့သော အကြည့်ဖြင့် ကြည့်နေကြသည်။ ဤလူများသည် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရပေမည်။
“ငါ့ကို ကယ်ဦး၊ ခွေးမသားတွေ ငါ့ကို ကယ်ဦးလေ”
လီပေါ်ရှု အော်ဟစ်လာသည်။ သူ အလွန်အမင်း ကြောက်လန့်နေလေပြီ။
*ဒီလူက လူမဟုတ်ဘူး*
ယခု ယဲ့ဖန်ရှေ့၌ သူ တစ်စက်ကလေးမျှ မလှုပ်ရဲပေ။ လူတိုင်း ယဲ့ဖန်ကို စိုက်ကြည့်၍ ဒေါသတကြီး ကြုံးဝါး လာသည်။
“လီပေါ်ရှုကို လွှတ်လိုက် မဟုတ်လို့ကတော့ ငါ့အဆိုးမဆိုနဲ့”
“ငါ့စီနီယာအစ်ကိုကို လွှတ်လိုက်စမ်း၊ မင်း သေချင်မနေနဲ့”
“သူက ကျောင်းအုပ်ရဲ့သားနော်၊ သူ သေရင် မင်းတစ်မိသားစုလုံး သူနဲ့အတူ အမြှုပ်ခံရမယ်၊ ဟေ့ကောင် မင်း အမှားမလုပ်နဲ့”
ကျောင်းသားများထံမှ ဒေါသတကြီး ခွန်းတုံ့ပြန်သံများ ဆက်တိုက် ထွက်လာပြီး အေးစက်သော အကြည့်များက ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာသည်။
“ဟဟ”
သို့သော် ယဲ့ဖန်က နှစ်ကြိမ်မျှ လှောင်ရယ်လိုက်ပြီး သူတို့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“မင်းတို့လည်း ဓားထိုးခံချင်တာလား”
*ဟမ်*
*ဒီကောင်က ငါတို့အားလုံးကို တစ်ခါတည်း ခြိမ်းခြောက်ရဲတာလား*
*တော်တော် အတင့်ရဲတာပဲ*
သူတို့အားလုံး သွေးဆူလာပြီး သူတို့မျက်လုံး၌ လူသတ်လိုစိတ်များ ထွက်ပေါ်လာကာ ယဲ့ဖန်ကြောင့် ဒေါသူပုန် ထလာကြသည်။
“သူ့ကို ဒုက္ခိတဖြစ်အောင်လုပ်ကြ ပြီးရင် သူ့ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်မယ်”
ကျောင်းသားများစွာက ပြိုင်တူ အော်ဟစ်လာသည်။ သူတို့ ဝမ်ကောဖူ၌ လူမသတ်ရဲသော်လည်း ယဲ့ဖန်ကိုတော့ ဒုက္ခိတဖြစ်အောင် လုပ်ရဲပါသည်။
“ဝှစ် ဝှစ်”
ကျောင်းသားတစ်စုက အရပ်မျက်နှာအနှံ့မှ ယဲ့ဖန်ထံ ဝင်ရောက်လာသည်။
“သေချင်နေတာလား၊ ငါ မင်းတို့အားလုံးကို ဖြည့်ဆည်းပေးရတာပေါ့”
ယဲ့ဖန် ခြေတစ်ဖက် ဆောင့်လိုက်သောအခါ ယန်စွမ်းအင်များ ပျံ့လွင့်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံ လာသည်။ ထို့နောက်တွင်မူ ဓားစွမ်းအင်များက ထိုကျောင်းသား တစ်ယောက်ပြီး တစ်ယောက်အား ထိုးစိုက် သွားသည်