← Chapters

အမှိုက်ကောင်

Vol. 91 Ch. 1362

အမှိုက်ကောင်

Vol. 91 Ch. 1362

“အား…”

အော်ဟစ်သံများ သံပြိုင် ထွက်ပေါ်လာ၏။ ထိုကျောင်းသားများသည် လေထဲမှ တောင်ပံကျိုးသွားသော တမန်တော်များသဖွယ် မြေကြီးပေါ်သို့ အရှိန်ဖြင့် ပြန်ပြုတ်ကျလာပြီး နာကျင်စွာ အော်ဟစ်လာကြသည်။

သူတို့၏ ခန္ဓာကိုယ်၌ ဓားဒဏ်ရာသုံးခု ရှိနေပြီး သွေးတတောက်တောက် စီးကျနေ၏။ ယဲ့ဖန်က သုံးကြိမ် ဓားဖြင့်ထိုးမည်ဟု ပြောခဲ့ပြီး တကယ်လည်း ဓားဖြင့် သုံးကြိမ် အထိုးခံရလေသည်။

ဓားဒဏ်ရာသုံးခုသည် သေစေနိုင်သော နေရာများကို အထိုးခံရခြင်း မဟုတ်သော်လည်း သူတို့အား ကြောက်လန့် စေသဖြင့် အေးစက်မတတ် ကြောက်လန့်သွားကြသည်။

ဤနေရာမှ အဖြစ်အပျက်က ဝမ်ကောဖူ၏ တပည့်များစွာကို ဆွဲဆောင်သွားနိုင်သဖြင့် ထွက်လာပြီး လာကြည့် ကြသည်။ မည်သူက အလွန် အတင့်ရဲပြီး ဝမ်ကောဖူ၌ ပြဿနာ ရှာရဲသလဲဟု သိချင်နေကြလေသည်။

သို့သော် သူတို့ ထွက်လာကြည့်သောအခါ ကျောင်းသားတစ်စုက အပြင်းအထန် ဒဏ်ရာရထားကြသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် သူတို့ကို ဤသို့ဖြစ်အောင် လုပ်လိုက်သည့်သူက ဈာန်ဝင်စားခြင်းအဆင့်သာ ရှိသည့်သူတဲ့လား။

ထိုအခိုက်တွင် လူတိုင်း မျက်လုံးပြူးသွားပြီး တစ်ကိုယ်လုံး တုန်ယင်လာကြသည်။ ဝမ်ကောဖူ၌ ကြောက်စရာ ကောင်းသူများ ပြတ်လပ်နေခြင်း မရှိသော်လည်း ယဲ့ဖန်ကဲ့သို့ ဈာန်ဝင်စားခြင်းအဆင့်နှင့် နဂါးအသွင် ပြောင်းခြင်းအဆင့်သို့ ရောက်နေသူအပြင် ဘုရင်တစ်ပိုင်းအဆင့်သို့ ‌ရောက်နေသူကိုပါ အနိုင်ယူနိုင်သည့် လူမျိုးကို တစ်ခါမှ မမြင်ဖူးကြပါ။

ထိတ်လန့်သော အကြည့်များစွာက ယဲ့ဖန်ပေါ် ကျရောက်လာသည်။ ယဲ့ဖန်က ဈာန်ဝင်စားခြင်းအဆင့်သာ ဖြစ်သော်လည်း ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော ခံစားချက်ကို သူတို့ ခံစားမိနေသည်။

“ဒီလူငယ်လေးက ဘယ်ကျောင်းခွဲကလဲ”

“ငါလည်း မသိဘူး တစ်ခါမှ မမြင်ဖူးဘူး၊ အသစ်လား မသိဘူး”

“သူ့ကို အင်ပါယာကနေ ကိုယ်တိုင် ထည့်ထားတာလား မသိဘူး၊ ဒီအင်ပါယာကနေ ဒီလိုမိစ္ဆာဆန်တဲ့လူမျိုး ထွက်လာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

လီပေါ်ရှု ကြက်သေ သေနေ၏။

*ဒီလောက် လူအများကြီးက တိုက်ခိုက်တာတောင် ငါတို့ ဒီကောင့်ကို မနိုင်ဘူးလား*

*သံပြားကို သွားကန်မိတာပဲ*

သူ သံပြားကဲ့သို့ မထိသင့်သော တစ်စုံတစ်ယောက်ကို ထိလိုက်မိကြောင်း သတိပြုမိသွားသည်။

“စီနီယာအစ်ကို စောင့်နေပါ၊ ကျွန်မ ရှင့်ကို ကယ်ဖို့ ကျောင်းအုပ်ကို သွားခေါ်မယ်”

စုရန်က ချက်ချင်း ပြေးထွက်သွားသည်။

“လီပေါ်ရှုလား”

ထိုစဉ် လူတိုင်းက လူအုပ်အလယ်မှ လီပေါ်ရှုကို မြင်သွားလေသည်။ သူတို့အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။

*ဒီကောင် သူ ကျောင်းအုပ်လီရဲ့ သားကို တိုက်ခိုက်တာလား*

*ချင်ရွှေကျောင်းအုပ် လီချုံးယန်ရဲ့ သားကိုလေ*

*ပြီးတော့ သူ့ကို ဓားနဲ့တောင် ထိုးလိုက်သေးတာလား*

*အတင့်ရဲလွန်းတာ မဟုတ်လား*

*ဒါက သူ အသက်မရှင်ချင်တော့ဘူးလို့ ပြောချင်နေတာလား*

စုရန်၏ စကားကို ကြားပြီး လီပေါ်ရှုက ရုတ်တရက် ထရယ်လေသည်။

“ဟေ့ကောင် ငါ့ ဂျူနီယာ ညီမက ငါ့အဖေကို သွားခေါ်နေပြီ၊ မင်း သေဖို့ စောင့်နေလိုက်တော့”

“ဝမ်ကောဖူမှာ ရန်ဖြစ်ပြီး ကျောင်းသားတွေကို ဒဏ်ရာ အပြင်းအထန် ရအောင် လုပ်ရဲတယ်ပေါ့လေ၊ မင်းရဲ့ ပြစ်မှုအတွက် အပြစ်ပေးရမယ်ကွ၊ မင်းကို မသတ်နိုင်ရင် ငါ့နာမည်ကို ပြောင်းပြန်လှန်ပစ်မယ်”

သူ့ဖခင် ရောက်လာပြီးလျင် ဤလူကို သူ မသေမချင်း ရိုက်သတ်ပစ်ပေမည်။ တစ်ဖက်လူက မည်မျှ သန်မာနေပါစေ ဈာန်ဝင်စားခြင်းအဆင့်၌သာ ရှိသေးသူ ဖြစ်သည်။

“ရွှစ်”

ယဲ့ဖန်က နောက်တစ်ကြိမ် ဓားဖြင့် ထပ်ထိုးလိုက်သည်။ ဓားသွားက လီပေါ်ရှု၏ ရင်ဘတ်ထဲသို့ ထိုးစိုက်သွားသည်။ ဤဓားချက်က ပို၍ ရက်စက်ကာ သူ့အား တန်း၍ ထိုးလိုက်ခြင်း ဖြစ်လေသည်။

“မင်း”

လီပေါ်ရှု ယဲ့ဖန်ကို အလွန် ကြောက်လန့်စွာ ကြည့်လိုက်မိသည်။ သူ ယဲ့ဖန်ကို ကြောက်ရွံ့နေလေပြီ။ သူသည်သာမက အခြားသူများလည်း အံ့ဩသွားကြသည်။

*တစ်ဖက်လူက လီချုံးယန်ကို သွားခေါ်မှန်း သိနေတာတောင် သူက လီပေါ်ရှုကို တိုက်ခိုက်ရဲသေးတယ်လား*

*အရူးပဲ*

*ဒီလောက် မောက်မာတဲ့လူမျိုး ငါ တစ်ခါမှ မမြင်ဖူးသေးဘူး*

သူတို့ ယခု ဘာလုပ်ရမှန်း မသိသေးပေ။

“ဒုတိယတစ်ချက်ပဲ ရှိသေးတယ်၊ အခု နောက်တစ်ချက်”

ယဲ့ဖန် အသာ ပြောလိုက်သည်။ သူ့လေသံက အေးစက်၍ ခံစားချက်ကင်းမဲ့နေပြီး စုရန်က လီချုံးရန်အား သွားပြောသည်ကို မကြားသယောင် ပြုနေပုံပင်။ လီပေါ်ရှုက သူ့ကို မျိုးမစစ်ကောင်ဟု သုံးကြိမ် ခေါ်ခဲ့သည်ကိုသာ အမှတ်ရနေ၏။

“ငါ့စီနီယာကို လွှတ်လိုက်”

“ငါ့ဂျူနီယာကို လွှတ်လိုက်”

“ဟေ့ကောင် မင်း သေချင်နေတာပဲ”

ချင်ရွှေကျောင်းခွဲ၏ တပည့်များက ခက်ထန်သော မျက်လုံးများဖြင့် ယဲ့ဖန်ကို စူးစိုက်ကြည့်ကာ ပြေးတက်လာ၏။

လီရှုပေါ်သည် ချင်ရွှေ ကျောင်းအုပ်၏ သားဖြစ်ပြီး ယဲ့ဖန်က သူ့ကို လူတိုင်းရှေ့၌ တိုက်ခိုက်ခြင်းက ချင်ရွှေကျောင်းအား အရှက်ခွဲလိုက်သလို ဖြစ်နေသည်။

ယဲ့ဖန်က သူတို့ကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။

“တက်လာတဲ့ ဘယ်သူမဆို သေရမယ်”

သတိပေးခြင်း ဖြစ်သလို ခြိမ်းခြောက်ခြင်းလည်း ဖြစ်ပေသည်။ သူ့၌ ဤအမှိုက်ကောင်များနှင့် အချိန်ဖြုန်းရန် အချိန် ပေါ်မနေပါ။

“သူ့ကိုခုတ်ကြ၊ သူ့ကို ခုတ်ပိုင်းကြ”

လီပေါ်ရှုက ရူးမတတ် ကျယ်လောင်စွာ အော်ဟစ်လေသည်။ သူသည် လူတိုင်းရှေ့၌ နှစ်ကြိမ် ဓားနှင့် အထိုးခံရ သည့်အပြင် သူ ချစ်ရသော မိန်းကလေးရှေ့၌ပါ ဖြစ်နေသဖြင့် အရှက်ရစရာ ကောင်းလှသည်။ သူ ယဲ့ဖန်ကို နုတ်နုတ်စင်းရန် မစောင့်နိုင်တော့ပါ။

“ဟေ့ကောင် ငါ မင်းကို အခွင့်အရေး ပေးလိုက်မယ်၊ အခု ငါ့ဂျူနီယာ ညီလေးကို လွှတ်ပေးပြီး ဒူးထောက်စမ်း၊ ဒါဆို ငါ မင်းကို အသက် ချမ်းသာပေးမယ်”

ထိုစဉ် ကြံ့ခိုင်သန်စွမ်းသော သူရဲကောင်းအသွင်ပေါ်သည့် လူငယ်တစ်ယောက် ထွက်လာ၏။ သူထံမှ သိုင်းပညာရှင်တစ်ယောက်၏ တစ်မူထူးခြားသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

“ကျိုးယွင်လား”

ဤလူကိုမြင်သော် လူတိုင်း မျက်နှာပျက်သွားကြသည်။ ထိုသူသည် ချင်ရွှေကျောင်း၏ ပါရမီရှင်တစ်ယောက် ဖြစ်ပြီး ပါရမီနှင့် သိုင်းအဆင့်က အတော်လေး ကောင်းမွန်သည်။ သူသည် ဝမ်ကောဖူ၏ လူငယ်မျိုးဆက် များကြားတွင် ထိပ်တန်းအဆင့် ငါးဆယ်နေရာ၌ ရှိနေသူ ဖြစ်သည်။

ဤအဆင့်က အတော်လေး နိမ့်ကျသည်ဟု ထင်နိုင်သော်လည်း ဝမ်ကောဖူ၌ ကျောင်းသားပေါင်း တစ်သိန်း ရှိလေသည်။ ထိုလူတစ်သိန်းထဲမှာမှ သူက အဆင့်ငါးဆယ်၌ ရှိနေ၏။ ထို့အပြင် ကျိုးယွင်က အသက်ငယ်ငယ်နှင့် ဘုရင်အဆင့် ရောက်နေသူ ဖြစ်သည်။

လူတိုင်းက ယဲ့ဖန်ကို သနားသလို ပြိုင်တူ ကြည့်လာကြသည်။ ကျိုးယွင်နှင့် ဆုံရခြင်းက ဤလူငယ်အတွက် ကံဆိုးခြင်းဖြစ်သည်ဟု သတ်မှတ်လာသည်။

ယခင်ကဆိုလျင် ကျိုးယွင်သည် ဝမ်ကောဖူ၌ တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်တိုင်း တစ်ဖက်လူ၏ လက် သို့မဟုတ် ခြေကို ချိုးတတ်သည်။ ယခု ဤလူငယ်က ပို၍ အဖြစ်ဆိုးလောက်သည်။

“ထွက်သွား”

ယဲ့ဖန်က ထိုစကားတစ်ခွန်းသာ ပြန်ပြောလေသည်။ လူတိုင်း ပွက်လောရိုက်သွားသည်။

*ကျိုးယွင်ကိုတောင် အဖက်မလုပ်ဘူးလား*

*ဒီကောင် ယုံကြည်မှု လွန်ကဲနေတာလား*

ကျိုးယွင်သည် ထိုစကားကိုကြားသော် ချက်ချင်း မျက်နှာ ပြာနှမ်းသွားပြီး ဆိုးယုတ်သော အပြုံးမျိုး ပြုံးလိုက်သည်။

“ကောင်းတယ် သိပ်ကောင်းတယ်၊ ကြည့်ရတာ ငါ မင်းကို လွယ်လွယ် ပေးသေလို့ မဖြစ်ဘူးနဲ့တူတယ်”

ထို့နောက် သူ ခြေတစ်ဖက် ဆောင့်လိုက်သောအခါ သူ့ဦးခေါင်းထက်၌ နေနှင့်လ ထွက်ပေါ်လာသည်။

ထိုအခိုက်တွင် တာအိုစွမ်းအင် ပျံ့လွင့်လာပြီး ဤစွမ်းအင်က သူတော်စင်သခင်အဆင့်နှင့်ပင် ယှဉ်နိုင်ကာ ဘုရားလောင်း ဆင်းသက်လာသည်ဟုပင် ထင်မှတ်မှားရသည်။

လှုပ်ရှားမှုတိုင်း၌ နတ်ဝိညာဉ် အငွေ့အသက်များ ပါဝင်နေပြီး နေနှင့်လက သူ့ကို ကာကွယ်ပေးထားသည်။ အလွန် ထိတ်လန့်စရာ ကောင်းလှသည်။

အစောပိုင်းနှစ်များက ကျိုးယွင်သည် လျှို့ဝှက်မိသားစုတစ်ခုမှ လာကြောင်း သိခဲ့ရသည်။ ထိုမိသားစုသည် တစ်သက်လုံး ယင်ယန် သိုင်းကျင့်စဉ်ကို လေ့လာလိုက်စားကြသည်။ နေနှင့်လ၏ အကူအညီကြောင့် သူတို့ခန္ဓာကိုယ်ကို အချိန်အတိုင်းအတာ တစ်ခုအထိ ကာကွယ်နိုင်သည်။ ကျိုးယွင်က ထိုမိသားစု၏ ခေါင်းဆောင်ပင်။

“နေနဲ့လက တစ်ပြိုင်တည်း ထွက်လာတာလား”

“မြတ်စွာဘုရား ကျိုးယွင်က အပြင်းဆုံး လူသတ်သိုင်းကွက်ကို သုံးနေပါလား၊ သူ ဒီကောင့်ကို တကယ် သတ်ချင်နေတဲ့ပုံပဲ”

“ဒီလိုဆိုမှတော့ သူ မသေရင်တောင် ထူးဆန်းနေပြီ”

ကျိုးယွင် ရှေ့သို့ ခြေလှမ်းကြဲကြဲဖြင့် လျှောက်လာသည်။ ခြေလှမ်းတိုင်းက မြေကြီးကို အက်ကွဲစေပြီး နတ်ဘုရား တစ်ပါး လောကထဲ လျှောက်လှမ်းနေသည်ဟု ထင်မှတ်ရကာ နေနှင့်လ စွမ်းအင်က သူ့ကို ကာကွယ်ပေးနေ၏။

လက်ရှိတွင် သူသည် ပြိုင်ဘက်ကင်းနေ၏။ မကြာခင်မှာပင် သူသည် ယဲ့ဖန်ရျေ့သို့ ရော်က်လာပြီး လက်ညှိုး ထိုးလေသည်။ ပြင်းထန်သော တာအိုစွမ်းအင်များက ယဲ့ဖန်ကို လွှမ်းခြုံသွားသည်။

လေပြင်းများ တိုက်ခတ်လာပြီး ယဲ့ဖန်အား တစ်ချက်တည်းဖြင့် သတ်ပစ်တော့မည့်ပုံပင်။

“အစ်ကို သူ့ကို မသတ်နဲ့၊ ကျိုးပဲ့အောင်ပဲလုပ်၊ ကျွန်တော် သူ့ကို မသေမချင်း နှိပ်စက်ချင်သေးတယ်”

လီပေါ်ရှု အော်ပြောလိုက်သည်။ သူ၏ နာကျင်နေသော လေသံ၌ အမုန်းတရားများ ပြည့်နှက်နေ၏။ ယခုအချိန်၌ သူ ဝေဒနာ ခံစားရကာ ယဲ့ဖန်ကို မုန်းတီးနေလေသည်။

သို့သော် ထိုစဉ် ယဲ့ဖန်က ဓားကို အသာလွှဲ၍ တာအိုစွမ်းအင်ကို ရင်ဆိုင်လိုက်သည်။ ဤသည်ကိုမြင်သော် ဘေးလူများက ဝိုင်းရယ်ကြသည်။

“ဒီကောင်က အသားကုန် ကြိုးစားတော့မှာ မဟုတ်ဘူးလား၊ ကျစ်ကျစ်ကျစ် ဒီနှစ် တော်တော် ပြဿနာရှာတဲ့သူ များတာပဲ”

“ဟားဟားဟား သူက စီနီယာ အစ်ကိုကျိုးယွင် လက်ထဲမှာ သေတော့မှကို သိလို့ သိက္ခာရှိအောင် ကြိုးစားနေတာလို့ ငါ ထင်တာပဲ”

“စက္ကန့်ပိုင်းအတွင်း သေတာက သိက္ခာ ရှိတာလား၊ အရိုးတောင်မကျန်တာက သိက္ခာရှိတာလား”

ချင်ရွှေကျောင်းမှ တပည့်များ လှောင်ရယ်နေကြသည်။ သူတို့အပြုံးက စဉ်းလဲလှပြီး ယဲ့ဖန်အား သေလူသဖွယ် ကြည့်နေကြသည်။

ကျိုးယွင်ကလည်း လှောင်ပြုံး ပြုံးနေ၏။ သူ၏ တိုက်ကွက်က သူတို့မိသားစု၏ အပြင်းဆုံး လူသတ်သိုင်းကွက် ဖြစ်လေသည်။

သို့သော် အားနည်းသည်ဟု ထင်ရသော ဓားစွမ်းအင်က တာအိုစွမ်းအင်နှင့် ထိတွေ့သောအခါ မီးတောင် ပေါက်သကဲ့သို့ အလွန် ပြင်းထန်လာသည်။ ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခု ပေါက်ထွက်လာ၏။

“ဒါ ဘယ်လိုဓားရေးလဲ”

ဤသည်ကိုမြင်သော် ကျိုးယွင် မျက်နှာပျက်သွားပြီး လှောင်ပြုံး ပျောက်ကွယ်ကာ ထိတ်လန့်ဟန် ပေါ်လာသည်။ သူ အလွန် ကြောက်ရွံ့နေသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ ဓားစွမ်းအင်မှ တားဆီးမရနိုင်သော စွမ်းအင်ကို သူ ခံစားမိသောကြောင့်ပင်။

“ဝုန်း”

တာအိုစွမ်းအင် ပြတ်တောက်သွားသည်။ သို့သော် ထိုမျှနှင့် မပြီးသေးပေ။ ဓားစွမ်းအင်က တာအိုစွမ်းအင်ကို တိုက်ခိုက် ပြီးနောက် အရှေ့မှ ကျိုးယွင်ကို သတ်ဖြတ်လာသည်။

ကျိုးယွင်၏ မျက်နှာက သုန်မှုန်နေပြီး လက်ချောင်းများကို လှုပ်ခါ၍ နေနှင့်လကို အသက်သွင်းကာ တာအိုစွမ်းအင်ကို ထုတ်ဖော်၍ နေနှင့်လစွမ်းအင်ဖြင့် ခုခံတိုက်ခိုက်လိုက်သည်။

ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။

*ဒီကောင်လေးက ကျိုးယွင်ကို သေနိုင်လောက်တဲ့အထိ ဖိအားပေးနိုင်တာလား*

*ဈာန်ဝင်စားခြင်းအဆင့်လေးနဲ့လေ*

လူတိုင်း စိုးရိမ်တကြီး ကြည့်နေချိန်တွင် ယဲ့ဖန်၏ ဓားစွမ်းအင်က နေနှင့်လကို အသာအယာ ဖြတ်တောက် သွားသည်။ နေနှင့်လ ပျက်စီးသွားသော်လည်း မရပ်သေးဘဲ အရှေ့၌ ရှိနေသော အရာကို ဆက်လက် သတ်ဖြတ် လေသည်။

“ရွှစ်”

သွေးမား ပန်းထွက်လာပြီး ကျိုးယွင်၏ ညာဘက်လက် ပြတ်ကာ မြေကြီးပေါ် ပြုတ်ကျလာသည်။ မြေကြီးပေါ် ကျလာသော လက်ပြတ်မှ အသံသဲ့သဲ့ ထွက်နေ၏။ ဓားစွမ်းအင်ကို မည်သို့မျှ ခုခံနိုင်စွမ်း မရှိပါ။ တစ်နည်းအားဖြင့် ဆိုလျင် ကျိုးယွင်၏ ခွန်အားက ခုခံနိုင်သည့် အရည်အချင်း မရှိပေ။

“အား”

ကျယ်လောင်သော ဝက်အော်သံတစ်သံ ထွက်ပေါ်လာသည်။ ကျိုးယွင်က သွေးဆက်တိုက် ထွက်နေသော လက်နေရာကို အုပ်၍ နောက်သို့ ဒယိမ်းဒယိုင် ဆုတ်ကာ မျက်နှာ ဖြူရော်နေသည်။

သူ ကြောက်လန့်နေသည်။ လက်ရှိတွင် သူ ယဲ့ဖန်၏ ဓားကြောင့် ထက်ပိုင်းခွဲခံလိုက်ရသလိုပင်။ သူ့မျက်လုံးတွင် ထိတ်လန့်မှုများ ပြည့်နှက်နေ၏။ သူ ရှုံးလိမ့်မည်ဟု ထင်မထားမိပါ။ ထို့အပြင် သူ အသာလေး ရှုံးသွားခဲ့ရသည်။

*ဒီလူက ဈာန်ဝင်စားခြင်းအဆင့် ဟုတ်လို့လား၊ ငါ့ကို အရှက်ခွဲနေတာ မဟုတ်ဘူးလား*

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း ပါးစပ်ကို အုပ်ထားမိသည်။ ဤသည်ကို အမှန်ဟု လက်ခံရ ခက်နေ၏။

*ဝမ်ကောဖူရဲ့ ထိပ်တန်းအဆင့် ငါးဆယ် ပါရမီရှင်က တစ်ဖက်လူရဲ့ ဓားချက်ကြောင့် လက်ပြတ်သွားတာလား*

*ပြီးတော့ လုံးဝ ရှုံးနိမ့်သွားတာ*

*ကျိုးယွင်ရဲ့မိသားစု ဂုဏ်ယူရတဲ့ ယင်ယန်သိုင်းကွက်ကတောင် အလုပ်မဖြစ်ဘူး၊ သူ ယဲ့ဖန်ရဲ့ သာမန် ဓားရေးကိုတောင် မခုခံနိုင်ပါလား*

ချင်ရွှေကျောင်း၏ တပည့်များ ကြောက်လန့်သွားကြသည်။ သူတို့ ဂုဏ်ယူရသော သူတို့၏ စီနီယာအစ်ကို ကျိုးယွင်က ရှုံးသွားလိမ့်မည်ဟု ထင်မှတ်မထားကြချေ။

*ဒီလူက ဘယ်လိုမိစ္ဆာလဲ*

လူတိုင်း ယဲ့ဖန်ကို အလန့်တကြား ကြည့်လာသည်။

*ဓားက သာမန်လိုပါပဲ*

*အရှိန်အဝါကလည်း တကယ် ဈာန်ဝင်စားခြင်းအဆင့်ပဲ*

*ပုံစံကလည်း ဘာမှထူးခြားနေတဲ့ပုံ မပေါ်ဘူး*

*ဒါဆို ဘာလို့ ဒီလိုဖြစ်ရတာလဲ*

ယဲ့ဖန်က ဓားကို ပြန်ရုတ်သိမ်းလိုက်ပြီး ကျိုးယွင်အား အထင်သေးစွာ ကြည့်လိုက်ပြီး တစ်ခွန်းသာ ပြောလိုက်သည်။

“အမှိုက်ကောင်”

All Chapters