ရန်သူနဲ့တွေ့ဆုံခြင်း
Vol. 91 Ch. 1364
ဓားသုံးချက်ဟု ပြောထားသဖြင့် သုံးချက် ဖြစ်ကိုဖြစ်ရပေမည်။ ညှိနှိုင်း၍ မရနိုင်ပါ။ ဝင်တားလျင် တားသူပါ အသတ်ခံရမည်။
ယဲ့ဖန်၏ နည်းလမ်းက အလွန် ပြတ်သားပေသည်။ မည်သူမှ ဘာမှပြော၍ မရပါ။ တစ်နည်းအားဖြင့် စကား ပြောလည်း အပိုပင်။
လေထုအပူချိန်က ရေခဲမှတ်သို့ ချက်ချင်း ထိုးကျသွားပြီး လေထုက အေးခဲသွားပုံရသည်။ လူတိုင်း၏ အမူအရာများ ထိုင်းမှိုင်းသွားသည်။
*ဒါ တကယ် သေတွင်းတူးတာ ဖြစ်လာတော့မှာလား*
*ရူးနေပြီ*
*ဒီကောင်တော့ တကယ် ရူးနေပြီ*
လူတိုင်း ထိတ်လန့်နေကြသည်။ ဤမျှ မောက်မာပြီး ထပ်ခါထပ်ခါ ဖိအားပေးသောလူမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးပါ။ လီချုံးယန်သည်လည်း သုန်မှုန်နေကာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေ၏။
*ဒီကောင်က ငါ့ကို ဖိအားပေးနေတာပဲ*
*ငါ သဘောမကျဘူး၊ ငါ ဒီကောင့်ကို တကယ် သတ်လို့မရဘူးလား*
*ဒီလိုဆိုရင် အခြားကျောင်းအုပ် ခုနစ်ယောက်ကလည်း ငါ့ကို သတ်လိမ့်မယ်*
*ဒါပေမဲ့ ဒီကောင့်ကို လူမြင်ကွင်းမှာ ငါ့သားကို ဓားနဲ့ထိုးခွင့်ပေးရမှာလား၊ ဒါဆို ငါ့မျက်နှာကို ဘယ်နားသွား ထားရမလဲ*
*ထွက်သွားရမလား*
*ဒါဆို ငါ့သားကို ဓားနဲ့ထိုးခွင့်ပေးလိုက်တာနဲ့ အတူတူပဲလေ၊ ဒါ ရှက်စရာကိစ္စပဲ မဟုတ်ဘူးလား*
လက်ရှိတွင် လီချုံးယန် အမုန်းဆုံးလူက ယဲ့ဖန် မဟုတ်ဘဲ လီပေါ်ရှုသာ ဖြစ်သည်။
*ဒီအရူးကို ရန်စမိလောက်တဲ့အထိ မင်း ဘာပြောလိုက်တာလဲ*
*အခု ငါ ရှင်းလို့တောင် မရတော့ဘူး*
“ညှိနှိုင်းလို့တောင် မရဘူးလား”
လီချုံးယန် စိတ်မပါလက်မပါနှင့် မေးလိုက်သည်။ ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။
“ညှိနှိုင်းလို့မရဘူး”
“ကောင်းပြီလေ”
လီချုံးယန် ခက်ထန်စွာ အော်ဟစ်လိုက်ပြီး ပေါက်ကွဲလာသော လူသတ်ချင်စိတ်နှင့်အတူ သူ့ခါးမှ ဓားကို ဆွဲထုတ်လေသည်။
ထို့နောက် သူ ယဲ့ဖန်ကို သတ်တော့မည်ဟု လူတိုင်း ထင်လိုက်ချိန်တွင် သူက တစ်ဖက်လှည့်၍ လီပေါ်ရှု၏ ကိုယ်ကို ဓားဖြင့် ထိုးလေတော့သည်။
*ဒါက*
လူတိုင်း ကြက်သေ သေသွားကြသည်။
*လီချုံးယန်က တကယ် သူ့သားကို ဓားနဲ့ထိုးတာလား*
*သူ့အကျင့်အရဆို သူ့ရှေ့က လူကို ခေါင်းဖြတ်နေသင့်တာ မဟုတ်ဘူးလား*
အခြေအနေက ရုတ်တရက် ထူးဆန်းလာပြီး လူတိုင်း နားမလည်ကြတော့ချေ။ လီပေါ်ရှုတောင်မှ မထင်မှတ် ထားမိချေ။ သူသည် စဉ်းလဲသော အပြုံးမျိုး ပြုံးနေပြီး သူ့အဖေကြောင့် ယဲ့ဖန် နုတ်နုတ်စင်းခံရတော့မည်ကို မျှော်လင့်နေသော်လည်း သူ့အဖေက သူ့ကိုသာ တိုက်ခိုက်လာ၏။
“အဖေ ဘာလို့လဲ”
လီပေါ်ရှုက သူ့ဖခင်က ပဟေဠိဖြစ်နေသော အမူအရာနှင့် အလွန် အားနည်းစွာ မေးလိုက်သည်။ သူ စိတ်ထိခိုက် ကြေကွဲသွားသည်။ သူ၏ မွေးဖခင်ရင်းက သူ့ကို သတ်တော့မည်တဲ့လား။ အပြင်လူကို ကူညီပြီး သူ့ကို သတ်မည် တဲ့လား။
ဘေးလူများ ချောက်ချားသွားကြသည်။ အချို့ဆိုလျင် ကိုယ့်မျက်လုံးကိုယ်ပွတ်နေပြီး သူတို့အမြင်များ မှားနေ သလားဟု ထင်နေကြသည်။
*ဘာကများ လီချုံးယန်ကို ဒီလောက်အထိ ဖြစ်အောင် လုပ်နေတာလဲ*
ထိုစဉ် လူတိုင်းက ယဲ့ဖန်ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်။
*လီချုံးယန် ပုံမှန်မဟုတ်တာက ဒီလူကြောင့်များလား*
“ဘာလို့လဲဆိုတော့ မင်း ရန်စမသင့်တဲ့လူကို ရန်စလိုက်မိလို့ပဲ*
ထိုအခိုက်တွင် လီချုံးယန်က ယဲ့ဖန်ကို ဆိုးရွားသော မျက်နှာထားနှင့် ကြည့်လိုက်သည်။
“အခု မင်း ကျေနပ်ပြီလား”
*ဒီကောင်ကြောင့်ပဲကိုး*
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
*ဒီကောင်က ဘယ်သူမို့လို့ လီချုံးယန်ကိုတောင် စကားတစ်ခွန်းတည်းနဲ့ စတေးခိုင်းနိုင်ရတာလဲ*
*သူ့သားအရင်းကိုတောင်မှလေ*
*မယုံနိုင်စရာပဲ*
“မင်း သွားလို့ရပြီ”
ယဲ့ဖန်က သူ့ကို ကျေနပ်သွားသည့် အမူအရာမျိုး ပြလေသည်။ လီချုံးယန် အေးစက်စွာ ခနဲ့သံပေး၍ လီပေါ်ရှုအား ဆွဲကာ ထွက်သွားသည်။
လူတိုင်း အိပ်မက်ထဲ၌ ရှိနေသေးသည်ဟု ထင်မှတ်မိကာ တအံ့တဩနှင့် ယဲ့ဖန်ကို ကြည့်နေကြသည်။ ထိုစဉ် သူတို့အားလုံး၏ အကြည့်အောက်မှာပင် ယဲ့ဖန်က ဝမ်ကောဖူ၏ ကောင်းကင်အဆင့် ပါရမီရှင်အဆောင်သို့ ဝင်သွားလေသည်။
…
ချင်ရွှေကျောင်း၌ လီပေါ်ရှုအား စိတ်ဝိညာဉ်ကန်ထဲသို့ ပစ်ထည့်ခြင်း ခံလိုက်ရပြီး သူ့ကိုယ်ပေါ်မှ ဓားဒဏ်ရာ သုံးခုက သိသိသာသာ လျင်မြန်စွာ ပျောက်ကင်းလာ၏။
“သူက ဘယ်သူလဲ”
လီပေါ်ရှု မကျေမနပ် မေးလိုက်သည်။ သူ့ဖခင်၏ လုပ်ရပ်က ထိုသူနှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေရမည်ဟု သူ သိနေသည်။
“မင်း ရန်မစသင့်တဲ့လူလို့ ငါ ပြောပြီးပြီပဲ”
လီချုံးယန်က သုန်မှုန်နေသော မျက်နှာနှင့် ပြောလေသည်။ ယနေ့ သူ အကြီးအကျယ် အရှက်ရခဲ့ရသည်။
“ဒါပေမဲ့ သူနဲ့ ဟွမ်ယွီလင်းက ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်၊ သူတို့က ချစ်သူတွေတောင် ဖြစ်နိုင်တယ်”
လီပေါ်ရှု ပြန်ပြောလိုက်သည်။ ချက်ချင်းဆိုသလိုပင် လီချုံးယန် မျက်မှောင်ကြုတ်သွားပြီး ပြန်မေးလေသည်။
“အဲ့ကိစ္စကြောင့် မင်း သူ့ကို ရန်စတာလား”
“ဟုတ်တယ်၊ အဖေပဲ ကျွန်တော့်ကို ဟွမ်ယွီလင်းကို ပိုးပမ်းဖို့ ပြောတာလေ၊ ဘယ်လိုလုပ် ကျွန်တောက် ဘယ်က လာမှန်းမသိတဲ့လူလက်ထဲ၌ သူ့ကို အပါခံရမှာလဲ၊ လုယူခံလို့ ဖြစ်ပါ့မလား”
လီပေါ်ရှု မကျေမနပ် အမူအရာနှင့် ပြောလိုက်သည်။
“ဟွမ်ယွီလင်းကို သူ လုယူသွားတာနဲ့ ကျွန်တော်တို့ အစီအစဉ်တွေ အလကား ဖြစ်သွားပြီ”
လီချုံးယန် မျက်မှောင်ကြုတ်ကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး တစ်စုံတစ်ရာကို တွက်ချက်စဉ်းစား နေပုံရသည်။
တစ်ဖက်လူက ဟွမ်ယွီလင်းနှင့် ပတ်သက်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားပါ။ ထိုသို့ဆိုလျင် ဤကိစ္စက အနည်းငယ် ဒုက္ခများလေပြီ။
ဟွမ်ယွီလင်းက သူတို့မိသားစု သန်မာလာနိုင်မည့် အားသာချက် ဖြစ်သည်။ ဘယ်လိုလုပ် သူတို့ အခြားသူများ လုယူသည်ကို ခံနိုင်ပါမည်နည်း။
သူသည်လည်း တစ်နေ့ ဟွမ်ယွီလင်းက သူတို့လီမိသားစုအတွက် စိတ်ဝိညာဉ် အရင်းအမြစ် ရှိသော မျိုးဆက် တစ်ယောက် မွေးပေးလိမ့်မည်ဟု မျှော်လင့်နေသည်။
“မင်း ဒီကိစ္စကို စိုးရိမ်စရာ မလိုဘူး၊ ငါ ဒါကို ဖြေရှင်းလိုက်မယ်”
လီချုံးယန်က သူ့စိတ်ထဲ၌ အစီအစဉ်တစ်ခု ရှိနေသကဲ့သို့ အသာပြောလိုက်သည်။ ထိုစကားကိုကြားသော် လီပေါ်ရှု ရုတ်တရက် ရယ်မောလိုက်ပြီး လီချုံးယန်၏ အစီအစဉ်ကို သဘောပေါက်သွားသည်။
“အဖေ အစ်ကိုကြီးကို သူ့ကို စိန်ခေါ်ခိုင်းဖို့ စဉ်းစားနေတာ မဟုတ်လား”
“အချိန်ကို ပြန်တွက်ကြည့်လိုက်ရင် မင်းအစ်ကိုကြီး ထွက်လာဖို့ အချိန်ရောက်နေပြီ”
လီချုံးယန် မငြင်းဘဲ အေးစက်စက် အပြုံးမျိုး ပြုံးနေ၏။ သူ ယဲ့ဖန်ကို တိုက်ရိုက် မတိုက်ခိုက်ရဲသော်လည်း ဝမ်ကောဖူ၌ သေခြင်းရှင်ခြင်း စာချုပ် ထိုးပိုင်ခွင့် ရှိသည်။
သေခြင်းရှင်ခြင်း စာချုပ်ကို ထိုးလိုက်သည်နှင့် မိမိ၏ သေခြင်းရှင်ခြင်းအပြင် စည်းစိမ်ချမ်းသာကိုပါ ရင်းနှီးလိုက် ရပေမည်။ ထိုအချိန်၌ ကျောင်းအုပ်တစ်ချို့ပင် တစ်ခုခု ဝင်ပြောရန် ခဲယဉ်းပေသည်။
*အဲ့ကောင်က ဒီလောက် မောက်မာတာ သူ လက်မှတ်ထိုးဖို့ ကိုးဆယ်ရာခိုင်နှုန်း သေချာတယ်*
“အဲ့အချိန်ကျရင် ကျွန်တော် သူ့ကို မညှာစေချင်ဘူး”
လီပေါ်ရှု လေသံမာမာဖြင့် ပြောလိုက်သည်။ လီချုံးယန်၏ မျက်နှာကလည်း တင်းမာနေသည်။ ယနေ့ ယဲ့ဖန်၏ လုပ်ရပ်က သူ့ကို အလွန်အမင်း ဒေါသထွက်စေသည်။
……….
နောက်တစ်နေ့၌ ယဲ့ဖန်သည် ဟွမ်ယွီလင်းနှင့်အတူ သင်ခန်းစာ နားထောင်ရန် လိုက်လာသည်။ တကယ်တမ်း သူ့ခွန်အားနှင့်ဆိုလျင် သင်ခန်းစာကို လိုက်နားထောင်ရန် မလိုအပ်ပါ။ ဟွမ်ယွီလင်းကို အဖော်လုပ်ပေးချင်၍သာ ဖြစ်လေသည်။
“ယဲ့စန်းကျန့် ရောက်လာပြီဟေ့”
ထိုသို့သောအချိန်ပ တစ်စုံတစ်ယောက်က ထအော်လာသဖြင့် လူတိုင်း ယဲ့ဖန်ကို လှည့်ကြည့်လာသည်။
*ယဲ့စန်းကျန့်*
ယဲ့ဖန် ဟွမ်ယွီလင်းကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
“ရှင့်နာမည်က ဖုန်းယဲ့မဟုတ်လား၊ ပြီးတော့ ရှင် လီပေါ်ရှုကို သုံးကြိမ် ဓားနဲ့ထိုးပြီး လီချုံးယန်ကို အရှက်ရအောင် လုပ်ခဲ့တယ်လေ၊ အဲ့ဒါကြောင့် လူတိုင်းက ရှင့်ကို ယဲ့စန်းကျန့်လို့ခေါ်တာ”
ယဲ့ဖန် ရယ်ရမလား ငိုရမလား မသိတော့ချေ။
*မင်းတို့ နည်းနည်းလေး ပိုကောင်းတဲ့ နာမည် ပေးလို့မရဘူးလားကွာ*
“ယွီလင်း ရောက်လာပြီပဲ၊ ဒီကိုလာ မြန်မြန်ထိုင်လိုက်”
သင်ခန်းစာ ဟောပြောနေသည့် ဆရာက သူတော်စင်သခင် တစ်ပိုင်းအဆင့် ဖြစ်ပြီး ဟွမ်ယွီလင်း ရောက်လာသည်ကို မြင်သောအခါ ဝမ်းသာပီတိ ဖြစ်သွားသည်။
ဤသို့သော ပါရမီရှင်မျိုးက သူ့အခန်းသို့လာ၍ သင်ခန်းစာ နားထောင်ခြင်းက သူ့အတွက် ဂုဏ်ယူစရာပင် ဖြစ်သည်။ လူတိုင်း ဟွမ်ယွီလင်းကို အားကျသလို ကြည့်ကြသည်။ ဝမ်ကောဖူ၌ အရည်အချင်း ပိုသာလေ ပိုကောင်းကောင်း ဆက်ဆံခံရလေ ဖြစ်သည်။
ဟွမ်ယွီလင်းက ပြုံး၍ ထိုင်လိုက်သည်။ ယဲ့ဖန်ကိုမူ ဆရာက ကြည့်ပင်မကြည့်ချေ။ သူ့အမြင်တွင် ယဲ့ဖန်က ဟွမ်ယွီလင်းဘေး၌ လိုက်လာသည့် ဘာမဟုတ်သော နောက်လိုက်တစ်ယောက်ဟုသာ ထင်နေ၏။
“မင်းက ဖုန်းယဲ့လား”
ထိုစဉ် ရန်လိုသောအသံတစ်သံ ထွက်လာပြီး ထိုင်နေသော ကျောင်းသားများကြားမှ ထွားကြိုင်းကြံ့ခိုင်သော လူတစ်ယောက် ရုတ်တရက် ထရပ်လာသည်။
သူသည် ခက်ထန်သော မျက်လုံးများဖြင့် ယဲ့ဖန်ကို ကြည့်နေ၏။ အဖြူရောင် အင်္ကျီကို ဝတ်ဆင်ထားပြီး ထည်ဝါသော အရှိန်အဝါ ရှိကာ ခါး၌ ဓားကိုချိတ်ဆွဲထားသည်။ သူ့ခါးက ဖြောင့်မတ်၍ မြင့်မားသန်မာသော ထင်းရှူးပင်လိုပင်။
“ဝမ်ကျင်း”
ထိုသူကိုမြင်သော် လူတိုင်း အားရသော အပြုံးမျိုး ဖြစ်သွားကြပြီး ဘာဖြစ်နေသလဲ သိသွားပုံရသည်။ ဝမ်ကျင်းသည် ဝမ်ကောဖူ၌ အဆင့်လေးဆယ့်ခြောက်နေရာ၌ ရှိသူ ဖြစ်ပြီး အဆင့်တစ်ဆင့်ခြင်းဆီက အလွန် ကွာခြားကြသည်။
ဥပမာပြရလျင် ယခင်က အဆင့်လေးဆယ့်ရှစ်၌ ရှိသူက အဆင့် လေးဆယ့်ကိုးနှင့် အဆင့်ငါးဆယ်မှလူကို သူတစ်ယောက်တည်းနှင့် အနိုင်ယူဖူးသည်။ ဝမ်ကျင်းသည် အဆင့်လေးဆယ့်ခြောက် ဖြစ်သဖြင့် အဆင့်ငါးဆယ် ဖြစ်သော ကျိုးယွင်ထက် ပိုမို၍ သန်မာလေသည်။
“ဟုတ်တယ် မင်းက”
ယဲ့ဖန်က သူ့ကို သံသယဝင်သလို ကြည့်လိုက်သည်။ သူ ဤလူကို တစ်ခါမှ မမြင်ဖူးသည်မှာ အသေအချာပင်။ သူ့စကားကို ကြားသော် ဝမ်ကျင်း မျက်မှောင်ကြုတ်သွားပြီး မာန်မဲလိုက်သည်။
“ငါ့နာမည်က ဝမ်ကျင်း၊ မင်း ဝမ်ရှောင်ကို သိတယ်မလား”
“ဪ ငါ မသိဘူး”
ယဲ့ဖန် ခပ်အေးအေး ငြင်းလိုက်သည်။
“မသိဘူး ဟုတ်လား၊ မကြာသေးခင်က သူ လူရွေးခြင်းခန်းမမှာ မင်းနဲ့ ရန်ဖြစ်ပြီး သေသွားတာလေ”
ဝမ်ကျင်းက ခက်ထန်သော မျက်နှာနှင့် အေးစက်စွာ ပြောလိုက်သည်။ ဝမ်ကျင်းသည် ဝမ်ရှောင်၏ အစ်ကိုကြီး ဖြစ်ပြီး စစ်သူကြီး အိမ်တော်ကြီး အကြီးဆုံး သခင်လေး ဖြစ်သည်။ သူသည် သူ့ညီ ဝမ်ကောဖူသို့ ဝင်ရောက်ပြီး ညီအစ်ကိုနှစ်ယောက် ပြန်ဆုံမည့်အချိန်ကို စောင့်နေခဲ့သော်လည်း နောက်ဆုံး၌ သူ့ညီ သေသွားသည့် ဝမ်းနည်းဖွယ် သတင်းကိုသာ ကြားခဲ့ရသည်။ သူ့ညီကို သတ်လိုက်သည့်သက ဖုန်းယဲ့ပင်။
“ဪ မင်း ပြောမှ ငါ နည်းနည်း မှတ်မိသွားပြီ၊ ငါ သူ့ကို သတ်ခဲ့တယ်ထင်တယ်”
ယဲ့ဖန်က အသာအယာပြုံး၍ ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။
“မင်း”
ချက်ချင်းဆိုသလိုပင် ဝမ်ကျင်း ဒေါပွသွားသည်။
*ဒီမျိုးမစစ်ကောင်က ငါ့ညီကို သတ်လိုက်တာတောင် ဒီလို ခံစားချက်မရှိတဲ့ အမူအရာမျိုး ရှိနေရဲသေးတယ်လား*
*လုံးဝ ခွင့်မလွှတ်နိုင်စရာပဲ*
*သေသင့်တယ်*
အခြားသူများလည်း ဆူညံပွက်လောရိုက်သွားသည်။
*ဒီလူက ပြဿနာအိုးပဲ*
*သူ ရောက်လာတာနဲ့ ချင်ရွှေကျောင်းအုပ်နဲ့ ပြဿနာဖြစ်တယ်၊ အခုလည်း ဝမ်ကျင်းနဲ့ ပြဿနာ တက်ပြန်ပြီ*
*ဒီလူ မလုပ်ရဲတာ ဘာရှိသေးလဲ*
*ပြီးတော့ သူက မောက်မာလွန်းတယ်၊ ဝမ်ကျင်းကို ကျိုးယွင်လို သူ သတ်နိုင်မယ်လို့ ထင်နေတာလား*
“မင်းကများ ငါ့စစ်သူကြီးအိမ်တော်က သားကိုသတ်ပြီး မောက်မာရဲသေးတယ်ပေါ့လေ”
ဝမ်ကျင်းက ယဲ့ဖန်ကို စူးစူးရဲရဲ စိုက်ကြည့်လာပြီး ချက်ချင်း ဒေါသထွက်လာလေသည်။
“သူက ငါ့ကိုလှောင်တဲ့အပြင် နေ့ခင်းကြောင်တောင် ငါ့မိန်းမကို လုချင်နေတာလေ၊ အဲ့လိုအမှိုက်ကောင်က မင်းရဲ့ စစ်သူကြီးအိမ်တော်က လာတာလာ၊ ဒီလိုဆို မင်း ငါ့ကို ကျေးဇူးတင်သင့်တယ်၊ ဘာလို့လဲဆိုတော့ ငါ မင်းအတွက် သန့်ရှင်းပေးခဲ့တာလေ”
ယဲ့ဖန် အလေးအနက်မထားဟန်နှင့် ရယ်လိုက်သည်။ သူ့စကားကို အခြားကျောင်းသားများ ကြားသောအခါ ထူးဆန်းသော အမူအရာများ ဖြစ်သွားကြသည်။
*လူတစ်ယောက်ကို သတ်ပြီးတော့ သူ ဘယ်လိုတောင် အတင့်ရဲရဲသေးတာလဲ၊ သူတော့ အသက်မရှင် ချင်တော့ဘူးနဲ့ တူတယ်*
*ငါ မောက်မာတဲ့လူတွေကို မြင်ဖူးပင်မယ့် ဒီလိုလူမျိုးကိုတော့ ပထမဆုံး မြင်ဖူးတာပဲ*
ဆရာဖြစ်သူက ယဲ့ဖန်ကို တစ်ချက်ကြည့်ပြီးနောက် ဝမ်ကျင်းကို ကြည့်လိုက်သည်။ သူ နှစ်ယောက်ထဲက မည်သူ့ကိုမှ ရန်စရန် မစွမ်းနိုင်ပါ။ ဝမ်ကျင် တကယ် လှုပ်ရှားလာလျင် သူ ဝမ်ကျင်းကို နိုင်နိုင်ပါ့မလား မသေချာပါ။
“ဝုန်း”
ပြင်းထန်သော စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာသည်။ ဝမ်ကျင်း၏ မျက်လုံးက မီးဝင်းဝင်းတောက်နေပြီး သူ့မျက်နှာက ကြမ်းကြုတ်လာကာ ဒေါသူပုန်ထနေသော ခြင်္သေ့တစ်ကောင်သဖွယ် ဖြစ်နေ၏။
သူ့ကိုယ်မှ ယန်စွမ်းအင် ဆက်တိုက် တိုးပွားလာသည်။ သူသည် ယဲ့ဖန်အား သားကောင်ကို ကြည့်သကဲ့သို့ စိုက်ကြည့်နေသည်။
ထို့နောက် သူ့အရှိန်အဝါကို ထုတ်ဖော်လိုက်သောအခါ ထိုင်ခုံနှင့် စားပွဲများ ပျက်စီးသွားပြီး စာအုပ်များ လွင့်ပျံသွားကာ တကျိကျိ အသံများ ထွက်ပေါ်လာသဖြင့် အလွန် ဆူညံလှသည်။
“ငါ့ညီက စစ်သူကြီးအိမ်တော်က အထူးချွန်ဆုံး ပါရမီရှင်ပဲ၊ သူ့အရည်အချင်းက ငါ့ထက် မြင့်သေးတယ်၊ သူသာ ဝမ်ကောဖူကို ဝင်နိုင်ရင် နှစ်အနည်းငယ်အတွင်း ဘုရင်အဆင့်ကို တက်လှမ်းနိုင်ပါ၊ သူတော်စင်သခင်အဆင့်လည်း အသာလေးပဲ၊ ဒါပေမဲ့ မင်းက အားလုံးကို ဖျက်ဆီးခဲ့တယ်”
ယဲ့ဖန်က စစ်သူကြီးအိမ်တော်၏ နောင်တွင် ဘုရင်အဖြစ် နိုင်ငံကို သိမ်းပိုက်မည့် မျှော်လင့်ချက်ကို ဖျက်ဆီး လိုက်သည်နှင့် အတူတူပင်။
အကယ်၍ စစ်သူကြီးအိမ်တော်ကသာ သူတော်စင်သခင်အဆင့်ကိုသာ မွေးထုတ်နိုင်လျင် သူတို့သည် သူရဲကောင်း ဖြစ်လာပြီး အင်ပါယာက သူတို့၏ မျက်နှာနှင့် လုပ်ရပ်ကို ကြည့်နေရပေမည်။ သို့သော် ဤဖုန်းယဲ့က အားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ ထို့ကြောင့် သူ သေသင့်ပေသည်။