ဘာအသံကြီးလဲ
Vol. 27 Ch. 376
သုံးရက်ဆိုသောအချိန်က အလျင်အမြန် ကုန်လွန်သွားခဲ့သည်။ သုံးရက်ကျော်သည်နှင့် တောင်တန်းအတွင်းရှိ နတ်ဆု်းသုံးဖော်ပုံစံက ဖန်တီးခဲ့သော လေဝဲမှာလည်း ပျောက်ကွယ်သွားခဲ့သည်။ ၎င်းပုံစံက သာမန်ကဲ့သို့ပင် မကောင်းဆိုးရွားတောင်ကြီးနှင့် မြေရိုင်းနယ်မြေကြီးသာ
ဖြစ်၏။
စုမင်သည် သူပြုလုပ်ထားခဲ့သော လှိုဏ်ဂူဆီ ပြန်လာပြီး တံခါးအဖြစ် ကျောက်တုံးတစ်ခုကို အသုံးပြုလိုက်သည်။ လုံခြုံစိတ်ချရမှုကို တိုးမြှင့်နိုင်စေရန် အတွက် အစီအရင်များ၏ စွမ်းအင်ကိုပါ အသုံးချထားလိုက်သည်။ ထိုသို့လုပ်ပြီးသည်နှင့် ဤနေရာတွင် အချိန်ကြာမြင့်စွာ နေရန်အတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်လိုက်သည်။
စုမင်သည် ကျောက်တုံးခန်းတစ်ခုအတွင်း ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အခန်းအလယ်တွင် မာန်စွမ်းအားရှင်အိုကြီး၏ ခန္ဓာကိုယ်က ချက်ချင်းပြန်ပေါ်လာခဲ့သည်။
အဘိုးအိုက လှုပ်ရှားခြင်းမပြုနိုင် ဖြစ်နေဆဲဖြစ်သည်။ သူသည် ထိုနေရာတွင် မျက်လုံးများပိတ်ကာ လဲလျောင်းနေသော်လည်း သူ့အသိစိတ်ကတော့ နိုးကြားလို့နေ၏။ စုမင်အပေါ် အမုန်းတရားများသည် ဆိုးရွားလှသော အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့ပြီးဖြစ်၍ သူ့အတွက် အခွင့်အရေး နည်းနည်းလေး ရလျှင်တောင် စုမင်ကို အစိတ်အပိုင်း ထောင်ပေါင်းများစွာအဖြစ် ပိုင်းဖြတ်ပစ်မှာ ဖြစ်သည်။
သို့သော် စုမင်ကလည်း သူ့ကို ထိုအခွင့်အရေးမျိုး ပေးမှာ မဟုတ်ပေ။ အဘိုးအို၏ ခန္ဓာကိုယ်ကိုထုတ်ယူကာ ကျောက်တုံးခန်းအတွင်း နေရာချထားပြီးသည်နှင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ ခန္ဓာကိုယ်တစ်လျှောက် ခြုံငုံကြည့်လိုက်သည်။ ထို့နောက် ညာလက်ကို ရုတ်တရက်မြှောက်၍ အဘိုးအို၏ ဒူးပေါ်သို့ လက်ညှိုးဖြင့် အဆက်မပြတ် ပုတ်ပစ်လိုက်သည်။
လေထုထဲတွင် ကျယ်လောင်သော အက်ကွဲသံများ ပဲ့တင်ထပ်သွားပြီး အဘိုးအို၏ ဒူးဆစ်အားလုံးက ချက်ချင်းကျိုးကြေ ပျက်စီးသွားသည်။ စုမင်က ထိုမျှနှင့် ရပ်တန့်မသွားပေ။ အဘိုးအို၏ လက်မောင်းများရှိ အရိုးဆက်အဆစ်များ အားလုံးအပေါ်ကိုလည်း ဖိနှိပ်လိုက်သလို အဘိုးအိုခန္ဓာကိုယ်ရှိ အရိုးဆစ်များအားလုံး အမှုန့်ဖြစ်သွားမှသာ ရပ်တန့်လိုက်လေသည်။
အဘိုးအိုသည် လှုပ်ရှားခြင်း မပြုနိုင်သော်လည်း သူ့ခန္ဓာကိုယ်တစ်လျှောက် ဖြစ်ပေါ်လာသော ပြင်းထန်သည့်နာကျင်မှုကိုတော့ ခံစားနေရဆဲ ဖြစ်သည်။ ၎င်းနာကျင်မှုကြောင့် သူ့မျက်လုံးများကိုဖွင့်ကာ စုမင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်မိလေသည်။ သူ့စွမ်းအားများကိုသာ အခဲမခံထားရလျှင် သူ့အကြည့်ကို သုံး၍ စုမင်အား သေစေနိုင်သည့် ထိတ်လန့်ဖွယ် ထိုးနှက်ချက်တစ်ခု ပေးလိုက်မှာဖြစ်သည်။
"ဒါက ကျုပ်အသက်ကို လိုချင်ခဲ့တာကြောင့် ခင်ဗျား ပြန်ပေးလိုက်ရတဲ့ တန်ဖိုးပဲ" စုမင် မျက်နှာထားက အေးစက်လို့နေသည်။ သူ့ညာလက်ကို မြှောက်လိုက်သည်နှင့် နံဖူးအလယ်မှ အစိမ်းရောင်အလင်းတစ်ဖြာ တောက်ပလာခဲ့သည်။ သူ့လက်ထဲတွင် ကျောက်စိမ်းဓားမြောင်ငယ်လေး ပေါ်လာပြီး အဘိုးအို၏ လက်မောင်းပေါ်တွင် ဟက်တက်ကွဲဒဏ်ရာ တစ်ခု ဖွင့်လိုက်လေသည်။
ချက်ချင်းဆိုသလို သွေးများ ဒလဟောစီးကျလာသော်လည်း စုမင်က ထိုနေရာတွင် မရပ်တန့်ခဲ့ပေ။ သူသည် အဘိုးအို၏ ခြေလက်များပေါ်တွက် အခြားဟက်တက်ကွဲဒဏ်ရာများ ဆက်လုပ်နေခဲ့သည်။
"ဒါကသာ တစ်ကယ် ခင်ဗျားရဲ့ ကိုယ်ပွားတစ်ခုဆိုရင်၊ ခင်ဗျား အစစ်အမှန်ကိုယ်တိုင် ဒီနေရာဆီ ရောက်လာမှာကို ကျုပ်စောင့်နေပါ့မယ်" စုမင်နှုတ်ခမ်းများပေါ်တွင် အေးစက်စက်လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။ ဓားငယ်လေးကို လွှတ်ပေးလိုက်ပြီးသည်နှင့် သိုလှောင်အိတ်အတွင်းမှ ဆေးပင်အချို့ကို ထုတ်ယူကာ အဘိုးအို၏ ခြေလက်များအတွင်း ထည့်သွင်းလိုက်သည်။
အချိန်တစ်ချို့ကြာပြီးနောက် ဆေးပင်ရုံအချို့ကို ဆက်လက်ထုတ်ယူလိုက်ပြီး ထိုလူ၏ ကွဲကြေနေသော အဆစ်များတွင် စိုက်ပျိုးလိုက်သည်။ ထိုဆေးပင်များ အားလုံးသည် ဝိညာဉ်လုယက် ဖန်တီးရန် လိုအပ်သောအရာများဖြစ်ပြီး မည်သည့်ထိခိုက်ဒဏ်ရာမျိုးကိုမှ ကုသပေးလိမ့်မှာ မဟုတ်ပေ။ ၎င်းတို့သည် သွေးနှင့် ထိတွေ့သည်နှင့် အမြစ်များက ချက်ချင်းဆန့်ထွက်ကာ အဘိုးအို၏ အသားထဲသို့ တိုးဝင်၍ ၎င်းတို့ ကြီးထွားရန်အတွက် သူ၏ အသက်ဓာတ်နှင့် သွေးများကို စုပ်ယူပေလိမ့်မည်။
စုမင်သည် ဤအရာကို အကြိမ်ပေါင်းများစွာ ပြုလုပ်ဖူးသလို ဤနာကျင်မှုမျိုးကိုလည်း မည်သူမှ ခံနိုင်ရည် မရှိခဲ့ဖူးပေ။ သို့သော် အဘိုးအိုကမူ တုန်ယင်နေစဉ်မှာပင် သူ့အကြည့်များက ပြောင်းလဲမသွားခဲ့ချေ။ သူသည် စုမင်၏ရုပ်ပုံကို သူ့စိတ်ထဲတွင် စွဲထင်နေစေလိုဟန်ဖြင့် စုမင်ကိုသာ စူးစူးဝါးဝါး ဆက်လက်စိုက်ကြည့်နေခဲ့သည်။
နာကျင်မှုကို လုံးဝပင် စိတ်ထဲမထည့်ဟု ပြောနေသည့် ထိုအဆိပ်ပြင်းသော အကြည့်နှင့် အမူအယာက စုမင်အတွက် ပထမဆုံးဖြစ်သည်။
"ရိုးရေစတေးနယ်ပယ်ရဲ့ သေရေးရှင်ရေး ကပ်ဘေးတွေကို ဖြတ်ကျော်ခဲ့တဲ့ မာန်ဝိညာဉ်နယ်ပယ်က မာန်စွမ်းအားရှင်တစ်ယောက် ဆိုတဲ့အတိုင်းပါပဲ။ ခင်ဗျားရဲ့ ဒီလိုစိတ်အခြေအနေက တစ်ကယ့်ကို ချီးကျူးစရာပဲ။ ခင်ဗျားရဲ့ ဆင်ခြင်တုံတရားကို လောဘကသာ မထိန်းချုပ်သွားဘူးဆိုရင် ကျုပ်ကို တစ်ချက်ထဲနဲ့ သတ်ပစ်နိုင်ပြီး ကျုပ်နောက်ကိုတောင် လိုက်ခဲ့ရမှာမဟုတ်ဘူး" စုမင်သည် ဆေးပင်များကို ဆက်လက်စိုက်ပျိုးနေရင်း တည်ငြိမ်စွာပြောလိုက်သည်။
"စိတ်မကောင်းစရာပဲ..." စုမင်သည် ခေါင်းခါယမ်းလိုက်ပြီး ညာလက်ဖြင့် သိုလှောင်အိတ်ကို အသာအယာ ပုတ်လိုက်သည်။ ဝိညာဉ်လုယက်နှစ်လုံးသည် ချက်ချင်းပျံထွက်လာပြီး အဘိုးအို၏ ဦးခေါင်းအထက်တွင် လွင့်မျောနေလေသည်။ အဘိုးအို၏ မျက်လုံးများသည် ဝိညာဉ်လုယက်များ၏ ညှို့ငင်စုပ်ယူခံနေရဟန်ဖြင့် ၎င်းတို့ဆီ ရွေ့လျားသွားခဲ့သည်။
စုမင် တစ်ခဏမျှ ငြိမ်သက်သွားပြီး ၎င်းအတွက် စိတ်မသက်မသာ ခံစညားလိုက်ရသည်။ ထို့ကြောင့် နောက်ထပ် ဝိညာဉ်လုယက်တစ်လုံး ထပ်မံထုတ်ယူလိုက်ပြီး ၎င်းတို့သုံးလုံးကို အဘိုးအို၏ ခန္ဓာကိုယ်ပေါ်တွင် လွင့်မျောနေစေလိုက်သည်။ ထို့နောက်မှသာ သူ၏ စိုးရိမ်စိတ်များ ပြေလျော့သွားခဲ့လေသည်။
"ခင်ဗျားက သန်မာပါတယ်။ ကျုပ်မှာသာ မာန်နတ်ဘုရားရဲ့ စွမ်းအားမရှိခဲ့ရင် အစောကြီးတည်းက ခင်ဗျားလက်ထဲမှာ သေနေလောက်ပြီ"
စုမင်သည် ညာလက်ဖြင့် လေထုကို ဆွဲယူလိုက်သည်နှင့် ကျောက်စိမ်းဓားမြောင်က ထပ်မံပျံသန်းလာခဲ့သည်။ ၎င်းကို ဆုပ်ကိုင်လိုက်ပြီးသည်နှင့် အဘိုးအို၏ ညာလက်မောင်းရှိ သွေးသံတရဲရဲများကြားသို့ ဓားမြောင်ငယ်ကို စိုက်ချလိုက်သည်။ အနည်းငယ် အားစိုက်၍ ဆောင့်ဆွဲလိုက်သည်နှင့် အဘိုးအို၏ ခန္ဓာကိုယ်မှာ အပြင်းအထန် လှုပ်ယမ်းသွားပြီး သူ့ညာဘက်လက်မောင်းတစ်ခုလုံး ပျော့ခွေသွားခဲ့သည်။
လက်မောင်းရှိ အရွတ်ကြောထုံးမှာ ဆုတ်ဖြဲခံလိုက်ရသလို စုမင်သည် အဘိုးအို၏ ဘယ်လက်နှင့် သူ့ခြေထောက်များရှိ အရွတ်ကြောထုံးများကိုလည်း အလားတူ လုပ်ဆောင်လိုက်သည်။ ထိုသို့လုပ်ပြီးသည်နှင့် သူ့သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများရှိရာ နေရာအချို့ပေါ်တွင်လည်း ဟက်တက်ကွဲဒဏ်ရာများ ထပ်ဖွင့်လိုက်သဖြင့် သွေးများ ချက်ချင်းတပွက်ပွက် ထွက်လာပြီး ကျောက်တုံးခန်း၏ ကြမ်းပြင်ပေါ်တွင် စီးသွားကြသည်။
"ဒါပေမယ့် ခင်ဗျားရဲ့ ခြေလက်တွေမှာရှိတဲ့ အရွတ်ကြောထုံးတွေက စုတ်ပြဲသွားပြီ။ ခင်ဗျားကိုယ်မှာရှိတဲ့ သွေးတွေအားလုံးကလည်း အပြင်စီးထွက်သွားတာရယ်၊ အဲဒီဆေးပင်တွေက စုပ်ယူဦးမှာရယ်နဲ့။ ခင်ဗျားရဲ့ စိတ်ဝိညာဉ်ကိုလည်း ကျုပ်ရဲ့ ဝိညာဉ်လုယက်တွေက စုပ်ယူကြလိမ့်မယ်"
"ခင်ဗျားရဲ့ စွမ်းအားတွေ ပြန်ရလာရင်တောင် ဘယ်လောက်သုံးနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"
စုမင်သည် နေရာတွင်ရပ်ကာ အေးစက်စက်ပြောလိုက်သည်။ အဘိုးအိုသည် စုမင်စကားများကို ကြားသော်လည်း သူ၏ အဆိပ်ပြင်းပြင်း အကြည့်များက အနည်းငယ်မျှပင် ပြောင်းလဲမသွားခဲ့ပေ။
စုမင်သည် ကျောက်တုံးခန်းအပြင်သို့ လျှောက်ထွက်လာပြီး လုပ်ပုံလုပ်နည်း တစ်ခုလုံးကို သူ့နံဘေးမှ စောင့်ကြည့်နေခဲ့သည့် မီးတောက်မျောက်ဝံကို ညွှန်ကြားလိုက်သည်။ "ရှောင်ဟုန်၊ တစ်နေ့တစ်ခါ သူ့အရွတ်ထုံးတွေကို ဆုတ်ဖြဲပြီး သူ့ကိုယ်က သွေးတွေကို စီးထွက်သွားပါစေ"
မီးတောက်မျောက်ဝံသည် အလွန်အမင်း စိတ်လှုပ်ရှားနေသော အမူအယာဖြင့် သွားဖြဲကာ ခေါင်းညိတ်ပြလိုက်သည်။ ၎င်း၏ မျက်လုံးများက တောက်ပနေပြီး အဘိုးအိုကို မုန်းတီးစွာ စိုက်ကြည့်နေလေသည်။
'အဲဒီလူကို ဝိညာဉ်လုယက်အဖြစ်ပဲ ပြောင်းတာက နည်းနည်းတော့ ဖြုန်းတီးရာကျတယ်... စိတ်ဝိညာဉ်ဖမ်းစားသူတွေက မသေမျိုး မန္တာန်ကို အသုံးပြုရာမှာ ကျွမ်းကျင်ကြတယ်။ အဲဒီမန္တာန်က ဝိညာဉ်လုယက် ဖန်တီးတာနဲ့ ဆင်တူတဲ့ တစ်စုံတစ်ရာဆိုတော့ ငါသူ့ကို အဲဒီလို ရုပ်သေးတစ်ကောင်အဖြစ် ပြောင်းနိုင်မလား စမ်းသပ်ကြည့်လို့ရလောက်တယ်'
စုမင်သည် ဟိုယခင်က စိတ်ဝိညာဉ်ဖမ်းစားသူ ငယ်လေးမှာ ခေါင်းပြတ်သွားပြီးနောက်၌ပင် အသက်ရှင်နေသေးသည်ကို အမှတ်ရမိသည်။
အတွေးထဲတွင် နစ်မြုပ်နေရင်းဖြင့် စုမင် နောက်ထပ် ကျောက်တုံးခန်းတစ်ခုဆီ ရောက်ရှိသွားခဲ့သည်။ သူ့ညာဘက်လက်ကို သိုလှောင်အိတ်ပေါ် တင်ထားလိုက်သည်။ ချက်ချင်းဆိုသလို အဝါရောင်အလင်းတို့ တောက်ပလာပြီး ကျောက်တုံးခန်းအတွင်း ဧရာမဆေးအိုးကြီးတစ်ခု ပေါ်လာခဲ့သည်။
ဆေးအိုးသည် အလွန်ကြီးမားလွန်းသဖြင့် အခန်းတစ်ဝက်ခန့်ပက် နေရာယူသွားခဲ့လေသည်။ စုမင်သည် ဆေးအိုးထားရန်အတွက် ဤနေရာကို အခြားကျောက်တုံးခန်းများထက် ပိုမိုကြီးမားစွာ အထူးတလည် ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။
ဆေးအိုးကြီးကို အတွင်း၌ နေရာချထားပြီးသည်နှင့် ထိုနေရာတစ်ခုလုံး အိုမင်းရှေးကျသော ခံစားချက်တစ်ခု ချက်ချင်းပြည့်နှက်သွားခဲ့သည်။
ဆေးအိုးကို ကြည့်နေရင်းမှပင် စုမင် အသက်ရှူသံများက
အနည်းငယ် လျင်မြန်လာခဲ့သည်။ ၎င်းအတွင်း၌ သန့်စင်ထားသော ဆေးလုံးတစ်ခုရှိနေကြောင်း သူသိ၏။
အတွင်းထဲရှိ ထိုအရာသည် မည်သည့်အမျိုးအစားမျိုး ဖြစ်ကာ မည်သည့်တန်ဖိုးမျိုး ပိုင်ဆိုင်ထားကြောင်းနှင့် ပက်သက်၍လည်း သူ့တွင် ခန်းမှန်းချက်နှင့် လိုချင်သော စိတ်ဆန္ဒများ ရှိနေလေသည်။
"အထဲမှာရှိတဲ့ ဆေးလုံးက အချိန်ရဲ့အနှစ်သာရ ပါဝင်နေတဲ့အတွက် အရမ်းကိုရှားပါးတဲ့ အရာတစ်ခုဖြစ်ရမယ်။ နှစ်ထောင်ပေါင်းများစွာကြာတဲ့ သန့်စင်မှုတစ်ခု... အဲဒီဆေးလုံးက ဘာနဲ့တူမလဲဆိုတာ ငါတစ်ကယ်သိချင်မိတယ်"
စုမင်သည် တီးတိုးရေရွတ်ရင်း လက်နှစ်ဖက်လုံးကို ဆေးအိုးပေါ်တင်ကာ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ ထိုဆေးအိုးကြီးသည် ချက်ချင်းယိမ်းထိုးသွားပြီး မမြင်ရသော မီးတောက်တို့ ကျွမ်းလောင်ခံနေရဟန်ဖြင့် သူ့ပတ်ဝန်းကျင်တွင် တွန့်လိမ်ပုံပျက်မှုများ ပေါ်လာခဲ့သည်။
စုမင်မျက်လုံးများ တောက်ပသွားသည်။ ကျောက်စိမ်းဓားမြောင်ငယ်ကို ထုတ်ယူကာ ဆေးအိုးကို တစ်ပတ်ပတ် ပျံသန်းစေလိုက်သည်။ ကျောက်နံရံများပေါ်သို့လည်း ရံဖန်ရံခါ ထိုးစိုက်၍ အပြင်ဘက်ရှိ လောကစွမ်းအားများကို အတွင်းသို့ ဝင်လာစေလိုက်သည်။ လှိုဏ်ဂူအတွင်းရှိ လောကစွမ်းအားများစွာသည် သွေးဆောင်ခံလိုက်ရပြီး ဆေးအိုးကို ဝိုင်းရံလာကြသည်။ ထို့နောက် ၎င်းတို့သည် ဆေးလုံးကို အာဟာရပြုရန် အတွင်းသို့ စုပ်ယူခံလိုက်ရတော့သည်။
စုမင်သည် ဤဆေးအိုးကို ရရှိထားခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း အတွင်းရှိ ဆေးလုံးကို ဆက်လက်သန့်စင်ရန် အချိန်မရှိခဲ့ပေ။ ယခုတော့ ဤဂူထဲတွင် အချိန်အတော်ကြာ နေထိုင်ရန် ဆုံးဖြတ်ထားခဲ့ပြီဖြစ်၍ အတွင်းရှိအရာကို သန့်စင်ရန် ဆေးအိုးကို ထုတ်ယူလာခဲ့ခြင်း ဖြစ်သည်။
သူ့တွင် ဤဆေးလုံးအပေါ် မျှော်လင့်ချက် ကြီးကြီးမားမားရှိပြီး အတိအကျဆိုလျှင် အမျိုးအမည်မသိ ဆေးလုံးတစ်ခု ဖြစ်နေခြင်းကြောင့်လည်း ဤဆေးလုံးအပေါ် မျှော်လင့်ချက်က သန့်စင်နေရင်း ပိုမိုကြီးမားလာရခြင်းဖြစ်သည်။
စုမင်သည် ဆေးအိုးကို အချိန်အတော်ကြာ ငေးစိုက်ကြည့်နေပြီးနောက် ကျောက်တုံးခန်းအတွင်းမှထွက်ကာ လှိုဏ်ဂူ၏ ပင်မခန်းမအတွင်း ထိုင်ချလိုက်သည်။ သူ့ပတ်ဝန်းကျင်တွင် အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။ ခေါင်းမော့ကာ မျက်နှာကြက်ရှိ များစွာသော အပေါက်ငယ်လေးများကို ကြည့်လိုက်မိသည်။ လရောင်က ၎င်းတို့ကို ဖြတ်သန်းလျက် တောက်ပဖြာကျနေလေသည်။
ဤသည်က ယခုလိုအခန်းဖွဲ့ပုံမျိုးကို စုမင်ပထမဆုံး ပြုလုပ်ခြင်းတော့ မဟုတ်ပေ။ အပေါက်ငယ်လေးများမှ တစ်ဆင့် ကောင်းကင်ထက်ရှိ လမင်းကိုမော့ကြည့်ရင်း သူ စိတ်နှင့်လူမကပ်တော့ပဲ ငြိမ်သက်သွားမိသည်။
နက်မှောင်တောင်ရှိ လှိုဏ်ဂူထဲတွင် ရှိခဲ့စဉ်ကလည်း သူယခုလိုမျိုးပင် လကို မော့ကြည့်ခဲ့ဖူးလေသည်။
ထိုအချိန်ကလည်း ယခုမီးတောက်မျောက်ဝံ လုပ်နေသလိုမျိုးပင် ရှောင်ဟုန်သည် မနီးမဝေးတွင် နံရံကိုမီ၍ အမွေးများကို ကုတ်ခြစ်ရင်း သူ့ကို အဖော်ပြုပေးခဲ့ဖူးသည်။
စုမင်သည် လမင်းကို အချိန်အတော်ကြာ ငေးကြည့်နေခဲ့ပြီး တီးတိုးရေရွတ်လိုက်သည်။ "နက်မှောင်တောင်၊ ငါ ဆက်ဆက်ပြန်လာခဲ့ပါ့မယ်"
ယခုသူသည် တောင်ပိုင်းအရုဏ်ဦးကုန်းမြေဆီ စရောက်စဉ်ကနှင့် မတူတော့ပဲ မရင်းနှီးသော နယ်မြေတစ်ခုတွင် ရှိနေရခြင်းကြောင့် အံ့သြခြင်းတို့ကိုလည်း သူ့ထံ၌ မတွေ့ရတော့ပေ။ သူ့ပုံစံသည် ဤလိုညမျိုး၌ လှိုဏ်ဂူအတွင်း တစ်ဦးတည်းထိုင်၍ တရားထိုင်ကျင့်ကြံနေရခြင်းနှင့် များစွာအသားကျနေပုံ ပေါ်လေသည်။
စုမင် ခေါင်းငုံ့ကာ မျက်လုံးများကို မှိတ်ချလိုက်သည်။ တစ်ခဏကြာပြီး မျက်လုံးပြန်ဖွင့်လာချိန်တွင်တော့ ၎င်းတို့အထဲ၌ ငြိမ်သက်မှုကိုသာ တွေ့နိုင်တော့လေသည်။
သူ့စိတ်ခံစားချက်များအားလုံး ငြိမ်သက်သွားသောအခါ သူ့ကိုယ်တွင်းမှ ခေါင်းလောင်းသံများ ရုတ်တရက် မြည်ဟည်းလာခဲ့သည်။ အလင်းလွှာတစ်ခုသည် သူ့ကိုဝန်းရံကာ အလျင်အမြန် ဖြန့်ကျက်သွားခဲ့သည်။ အဝေးမှကြည့်လျှင် စုမင်အပေါ်၌ ခေါင်းလောင်းပုံ ပုံရိပ်ယောင်ကြီးတစ်ခု ဖုံးအုပ်ထားသလိုပင် ဖြစ်သည်။
၎င်းသည် မူလက ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သော်လည်း တစ်ဖြည်းဖြည်း ရုပ်ဝတ္ထုကိုယ်ထည်တစ်ခု ရရှိလာခဲ့သည်။ အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းစာခန့် အချိန်ကုန်သွားပြီးသောအခါ စုမင်သည် ညာလက်ကိုမြှောက်၍ ချိပ်စည်းသင်္ကေတ တစ်ခုပြုလုပ်လိုက်သည်။ သူ့လက်ကို အရှေ့တွန်းထုတ်လိုက်သောအခါ သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသော ခေါင်းလောင်းပုံအဖုံးကြီးသည် သူ့ကိုဖြတ်သန်းလျက် အရှေ့သို့ ဖြည်းဖြည်းချင်း လွင့်မျောသွားခဲ့သည်။ ၎င်းက သူ့အရှေ့တွင် ရပ်တန့်လိုက်ပြီးသည်နှင့် ဟန်တောင်တန်းခေါင်းလောင်း အသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။
ခေါင်းလောင်းအတွင်းမှ အနက်ရောင် အလင်းတို့ တောက်ပလာပြီး ထူးဆန်းသော တုတ်ချောင်းပုံမြွေလေးက ချက်ချင်း ပျံသန်းထွက်ပေါ်လာခဲ့သည်။ ၎င်းက လှိုဏ်ဂူကို တစ်ပတ်ပတ်လိုက်လေသည်။ ၎င်းပေါ်လာသည်နှင့် တစ်ပြိုင်နက် မီးတောက်မျောက်ဝံကလည်း ခွန်အားပြနေဟန်ဖြင့် ခေါင်းမော့ကာ သွားဖြဲပြလိုက်ပြီး ၎င်း၏ မျက်နှာထက်တွင် သတိထားသော အမူအယာတစ်ခုနှင့်အတူ ဟိန်းဟောက်နေလေသည်။
တုတ်ချောင်းပုံမြွေလေးသည် အနက်ရောင်မျဉ်းတစ်ခုအသွင် ပြောင်းလဲသွားပြီး တစ်ချက်လှည့်ကာ မီးတောက်မျောက်ဝံဆီ တိုးဝင်သွားခဲ့သည်။ မီးတောက်မျောက်ဝံသည် အဆက်မပြတ် ဟိန်းဟောက်ရင်း ၎င်း၏တုတ်ချောင်းပုံ ပုံစံကို ဆုပ်ကိုင်ကာ အလျင်အမြန် ဝှေ့ယမ်းပစ်မိလိုက်လေသည်။
တုတ်ချောင်းပုံမြွေ၏ ကိုယ်ပေါ်တွင် စုမင်၏ အမှတ်အသား ရှိနေသဖြင့် ၎င်းက ကစားနေရူံသာဖြစ်ပြီး မီးတောက်မျောက်ဝံကို ထိခိုက်စေလိမ့်မည် မဟုတ်မှန်း သူသိနေ၏။ ထို့အပြင် မီးတောက်မျောက်ဝံ၏ ခန္ဓာကိုယ်သည်လည်း ဖြည်းဖြည်းချင်း ပြန်လည်သက်သာလာနေပြီ ဖြစ်၍ ၎င်း၏ အမြန်နှုန်းနှင့် စွမ်းအားက ယခုဆိုလျှင် ရိုးရေစတေးနယ်ပယ် အလယ်ဆင့်မှ မာန်စွမ်းအားရှင်များနှင့် တူညီနေချေပြီ။ စုမင်သည် ထိုသတ္တဝါနှစ်ကောင်မှာ အချင်းချင်း ထိခိုက်ဒဏ်ရာ ဖြစ်စေမည် မဟုတ်မှန်း တွေ့လိုက်သောအခါ ၎င်းတို့ကို လွှတ်ထားလိုက်ပြီး ဟန်တောင်တန်းခေါင်းလောင်းကို စိုက်ကြည့်လိုက်လေသည်။
ဤခေါင်းလောင်းသည် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်သော်လည်း စုမင်က ၎င်း၏ ခွန်အားကို ပြည့်ပြည့်ဝဝ အသုံးမချနိုင်ပဲ ခေါင်းကိုးလုံးအနက်မှ လေးလုံးကိုသာ သိမ်းပိုက်နိုင်သေးသည်ကတော့ နှမြောစရာပင်ဖြစ်သည်။ သူသည် ခုခံကာကွယ်မှုအပြင် ခေါင်းလောင်းသံများကို သုံး၍ သူ့ရန်သူများကို ခြောက်လှန့်ရန်နှင့် ထောင်ချောက်ဆင်ရန်တို့ကိုသာ အမှန်တစ်ကယ် သုံးနိုင်လေသည်။
ယခုတော့ စုမင်၏ ကျင့်ကြံဆင့်က ခုန်တက်သွားခဲ့ချေပြီ။ သူသည် ဟန်တောင်တန်းခေါင်းလောင်းကို ထပ်မံသန့်စင်ရန် ပြင်ဆင်ထားခဲ့ပြီး ဤအဖိုးမဖြတ်နိုင်သော ရတနာ၏ ခွအားကို ထပ်မံထုတ်ဖော်နိုင်လိမ့်မည်လား သိချင်နေလေသည်။
တဖျတ်ဖျတ် တောက်ပနေသော အကြည့်တစ်ခုနှင့်အတူ စုမင်သည် ညာလက်ကိုမြှောက်၍ ချိပ်စည်းသင်္ကေတ အချို့ပြုလုပ်ကာ ဟန်တောင်တန်းခေါင်းလောင်းကို ညွှန်ပြလိုက်သည်။
"ခေါင်းကိုးလုံး နဂါး၊ တောင်ပိုင်း ဧကရာဇ်၊ အကြွင်းမဲ့"
ထို လက်လုပ်ချိပ်စည်းများ ပြုလုပ်လိုက်ပြီး စုမင်စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဟန်တောင်တန်းခေါင်းလောင်းထံမှ တဝီဝီမြည်သံများ ထွက်ပေါ်လာခဲ့သည်။ ကျောက်တုံးခန်းအတွင်း ခေါင်းလောင်းသံများ မြည်ဟည်းသွားပြီး တောင်တန်းတစ်လျှောက် အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားခဲ့လေသည်။
ထိုအခိုက်အတန့်မှာပင် တောင်တန်းအတွင်းရှိ စမြင်၏ လှိုဏ်ဂူအပြင်ဘက် မြောက်ဘက်ဆီမှ အလင်းတန်းရှည် ခုနစ်ခု တိုးဝင်လာနေလေသည်။ ထိုအလင်းတန်းများ၏ အရှေ့ဆုံးတွင် ရှိနေသည်က အဘိုးအိုတစ်ဦးဖြစ်သည်။ အဘိုးအိုသည် မျောက်တစ်ကောင်၏ မျက်နှာပုံမျိုးရှိပြီး အနီရောင်ဝတ်ရုံကြီးတစ်ခုကို ဝတ်ဆင်ထားသည်။ သူ့အမူအယာမှာ မှောင်မည်းနေပြီး သူ့အမြန်နှုန်းက လျင်မြန်လှသည်။ သူ့အားဝန်းရံနေသည့် သတ်ဖြတ်လိုသော လေထုတစ်ခုလည်း ရှိနေလေသည်။
ပုံစံအရဆိုလျှင် သူသည်လည်း အလယ်အလတ်ရှာမန်တစ်ဦး ဖြစ်ပြီး ထိုနယ်ပယ်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိနေသော အလယ်အလတ်ရှာမန်တစ်ဦး ဖြစ်သည်။
သူ့အနောက်ရှိ လူခြောက်ဦးအနက် နှစ်ဦးမှာ အလယ်အလတ်ရှာမန်များ ဖြစ်ပြီး အခြားသူများသည်လည်း ၎င်းတို့၏ နယ်ပယ်အထွတ်အထိပ်သို့ ရောက်ရှိနေပြီးဖြစ်သည့် ရှာမန်ငယ်များဖြစ်သည်။
၎င်းတို့ခုနစ်ဦးအဖွဲ့သည် ရှေ့သို့တိုးဝင်လာနေရင်းမှ ဦးဆောင်လာသောအဘိုးအိုသည် စုမင်နေထိုင်နေသည့် နေရာကို တွေ့လိုက်လေသည်။ သူသည် အေးစက်စက် နှာခေါင်းရှုံ့ကာ ၎င်းဆီသို့ ချဉ်းကပ်လိုက်၏။ သူလေထဲမှ ဆင်းသက်တော့မည့် အချိန်မှာပင် တောင်တန်းအတွင်းမှ ထွက်ပေါ်လာသော ခေါင်းလောင်းသံများကို ရုတ်တရက်ကြားလိုက်ရချေသည်။
ထိုခေါင်းလောင်းသံများသည် ဆက်တိုက်ဆိုသလို ဖြည်းညှင်းစွာ ထွက်ပေါ်လာနေသော်လည်း အဘိုးအို၏ နားထဲသို့ ဝင်ရောက်လာသောအခါ ၎င်းတို့က သူ့နှလုံးသားနှင့် စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေပြီး အနောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ပြန်ဆုတ်သွားရစေလေသည်။ သူ့မျက်လုံးများက ပြူးကျယ်သွားပြီး အောက်ဘက်ရှိ တောင်တန်းများကို ကြည့်ကာ အသက်ပြင်းပြင်း ရှူရှိုက်လိုက်မိချေ၏။
"သေစမ်း၊ အဲဒါ ဘာအသံကြီးလဲဟ" အဘိုးအို စကားမပြောနိုင်ခင်မှာပင် သူ့အနောက်ရှိ လူများထဲမှ တစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
***