ဤ တောင်သည်
Vol. 28 Ch. 377
"သောက်ပဲ။ အဲဒါ ဘာအသံကြီးလဲဟ"
မျောက်မျက်နှာဖြင့် အဘိုးအိုသည် ထိုလူကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီး လက်မြှောက်ကာ ထိုသူ၏ ဦးခေါင်းကို ပိတ်ရိုက်ပစ်လိုက်သည်။
"မင်းက ဘာအသံထင်လို့တုန်းကွ။ အဲဒီအသံက ဘာသံဖြစ်ရမှာလဲ။ မင်းရဲ့ သောက်ပါးစပ်ကို ပိတ်ထားစမ်းပါကွာ" အဘိုးအိုက နောက်တစ်ကြိမ် ထပ်ရိုက်လိုက်ပြန်ရာ ထိုလူသည် ခေါင်းကို အလျင်အမြန် နောက်ဆုတ်လိုက်သော်ငြား အဝေးကိုတော့ ရွှေ့မသွားရဲပေ။
အဘိုးအိုသည် နှာခေါင်းရှုံ့လိုက်ပြီး သ့ူကို စိတ်ထဲ ထည့်မနေတော့ပေ။ ထိုအစား စုမင်၏ လှိုဏ်ဂူရှိရာ တောင်စဉ်တန်းဆီသို့သာ မည်းမှောင်နေသော မျက်နှာထားဖြင့် ဦးတည်လိုက်တော့သည်။ သူ့အနောက်မှ လူခြောက်ဦးသည်လည်း အလိုက်သင့်ပင် လိုက်ပါလာခဲ့ကြပြီး ၎င်းတို့ခုနစ်ဦးသည် အလင်းတန်းရှည် ခုနစ်ခုအသွင်ဖြင့် မြေပြင်ဆီ ဦးတည်လိုက်ကြလေ၏။
သို့သော် တောင်တန်းအနီးသို့ သူတို့ ပျံသန်းကာ နီးကပ်လာခါစမှာပင် ရုတ်တရက်ဆိုသလို ကောင်းကင်ယံ၌ ခေါင်းလောင်းသံများ ပဲ့တင်ထပ် မြည်ဟည်းလို့လာခဲ့သည်။ လေထဲတွင် တဝီဝီမြည်နေသော ခေါင်းလောင်းသံများသည် မျက်စိဖြင့်ပင်မြင်နိုင်သော လှိုင်းအလွှာတစ်ခုကို ဖြစ်ပေါ်လာစေပြီး အရပ်မျက်နှာအနှံ့သို့ စတင်ပျံ့နှံ့သွားစေ၏။
ခေါင်းလောင်းသံနှင့် လှိုင်းဂယက်များသည် အဘိုးအို၏စိတ်ကို နောက်ထပ်တစ်ဖန် တုန်လှုပ်သွားစေပြီး သူ့မျက်နှာအမူအယာမှာလည်း ပြောင်းလဲသွားခဲ့သည်။ သူ့အနောက်ရှိ လူခြောက်ဦး၏ ခန္ဓာကိုယ်များသည် စတင်ကာ ယိမ်းထိုးသွားကြပြီး ၎င်းတို့မျက်နှာများပေါ်တွင် ထိတ်လန့်ခြောက်ခြားမှုများ ပေါ်လာခဲ့၏။
"ဒါက စိတ်ဝိညာဉ်ဖမ်းစားသူရဲ့ အသံပဲ။ ဘိုးဘေး၊ ကျုပ်... ကျုပ်တော့ ကျုပ်တို့တွေ ပြန်ဆုတ်သင့်တယ်လို့ ထင်တယ်။ အဲဒါက အလယ်အလတ် စိတ်ဝိညာဉ်ဖမ်းစားသူ တစ်ယောက်နော်"
အဘိုးအို၏ အနောက်ဘက်ရှိ လူများထဲမှ တစ်ဦးက အလျင်အမြန်ပြောကာ အဘိုးအိုကို ဖျောင်းဖျရန် ကြိုးစားလိုက်သည်။ ထိုလူ၏ မျက်နှာက ဖြူဖျော့လို့နေ၏။။ သူသည် ရှာမန်ငယ်တစ်ယောက်သာ ဖြစ်၍ ခေါင်းလောင်းသံများက သူ့ကိုယ်ထဲတွင် များစွာသော တဝီဝီမြည်သံများကို လှုံ့ဆော်ပေးခဲ့သောအခါ မတ်တပ်ပင် သေချာမရပ်နိုင်လုနီးပါး ဖြစ်နေခဲ့ချေပြီ။
"သောက် အဓိပ္ပါယ်မရှိတာတွေ" မျောက်မျက်နှာ အဘိုးအိုသည် ထိုသူကို စိုက်ကြည့်လိုက်ပြီး စကားပြောလိုက်သူ၏ ခေါင်းကို လက်ဖြင့် ဖြတ်ရိုက်လိုက်သည်။
"မင်းတို့အဘိုးက မင်းတို့ကို အဲဒါ ဘာအသံလဲဆိုတာ ပြောပြမယ်ကွ။ ဟုတ်ပြီလား။ အဲဒါ စိတ်ဝိညာဉ်ဖမ်းစားသူရဲ့ အသံပဲ။ ဒါပေမယ့် မင်းတို့ခေါင်းကို နည်းနည်းလောက်လေးများ သုံးကြစမ်းပါ။ ငါတို့က ဒီနေရာကို ဘာလုပ်ဖို့ လာခဲ့တာလဲ။ သူ့မှာက အဲဒီအသံပဲ ရှိတာ။ အဲဒါကို သုံးနေတယ်ဆိုတာကလည်း သူကြောက်လို့ပဲကွ၊ နားလည်လား။ သူကြောက်နေလို့ အဲဒီအသံကို သုံးနေတာ"
"အဲဒီအသံ ဘယ်လိုဖြစ်လာလဲရော သိလား။ အဲဒါ တစ်စုံတစ်ယောက်က ကျောက်တောင်ကို ရိုက်ခတ်လိုက်လို့ ထွက်လာတဲ့အသံပဲကွ။ အဲဒါပဲ။ ဒါတောင် မင်းတို့က အဲအသံကို သေးထွက်ကျမတတ် ကြောက်နေကြပြီလား" မျောက်မျက်နှာ အဘိုးအိုသည် အေးစက်စက် နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
"ဘိုးဘေး၊ ဘိုးဘေးက တစ်ကယ်ကို ထက်မြက်ပြီး ဗဟုသုတ ကြွယ်ဝတာပဲ။ ဒီတော့ အဲအသံက တစ်ယောက်ယောက် ကျောက်တောင်ကို ထုရိုက်နေတာကြောင့်ပေါ့လေ၊ ဟား" လူခြောက်ဦးသည် အလျင်အမြန် ခေါင်းညိတ်လိုက်ကြပြီး အဘိုးအိုကို ကြည့်နေသည့် အကြည့်များမှာ လေးစားအားကျမှုတို့ဖြင့် ပြည့်နေခဲ့သည်။
"သူသာ ငြိမ်နေခဲ့ရင် ပိုကောင်းခဲ့လိမ့်မှာကို။ ဒါပေမယ့် အခုတော့ သူ့အသံကို သုံးလိုက်တဲ့အတွက် ဘယ်နေရာက ထွက်လာမှန်းမသိတဲ့ ဒီစိတ်ဝိညာဉ်ဖမ်းစားသူ ကောင်လေးက ကြောက်နေမှန်း ငါသိလိုက်ရပြီ" မျောက်မျက်နှာ အဘိုးအိုသည် အဘယ်ကြောင့် ထိုသို့ကောက်ချက်ချလိုက်မှန်းတော့ မည်သူမှ သေချာမသိခဲ့ပေ။ သူသည် ညာလက်ကိုမြှောက်ကာ လူခြောက်ဦး၏ ခေါင်းများကို ဖြတ်ရိုက်လိုက်သည်။
"အိုး၊ ဘိုးဘေး" ခြောက်ဦးထဲမှ အစောဆုံး စကားစပြောခဲ့သူသည် ခေါင်းကို နောက်တစ်ကြိမ် ထပ်ဆုတ်ကာ ငြီးငြူလိုက်၏။
"မင်းတို့တွေ ဒီမှာစောင့်နေပြီး အဲဒီ စိတ်ဝိညာဉ်ဖမ်းစားသူ ကောင်လေးကို ငါဘယ်လို မောင်းထုတ်မလဲဆိုတာ စောင့်ကြည့်နေကြ။ သူကများ ငါတို့မျိုးနွယ်စု ပိုင်တဲ့အရာကို သိမ်းယူရဲတယ်ပေါ့လေ" မျောက်မျက်နှာ အဘိုးအိုသည် မျက်ဝန်းများကို မှေးကျဉ်းလိုက်ပြီး သူ့နောက်လိုက် မျိုးနွယ်ဝင်ခြောက်ဦးကို ဂရုစိုက်မနေတော့ပေ။ ထိုအစား နောက်လှည့်ကာ စုမင်ရှိနေသော တောင်စဉ်တန်းဆီသို့သာ ဦးတည်လိုက်တော့သည်။
သို့သော် တောင်စဉ်တန်းနှင့် ပေတစ်ထောင်အဝေးသို့ သူရောက်လာသည်နှင့် တစ်ပြိုင်နက် ပိုမိုပြင်းထန်သော ခေါင်းလောင်းသံများက လေထဲသို့ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ မြည်ဟည်းသံများက ဧိရိယာတစ်လျှောက် ပဲ့တင်ထပ် ပျံ့နှံ့သွားခဲ့၏။
လှိုင်းလုံးကြီးများ လှုပ်ခတ်သွားပြီး အဘိုးအို၏ ဆံပင်ကိုပင် မြောက်တက်သွားစေသည့် လေပြင်းများလည်း ဖြစ်ပေါ်လာခဲ့သည်။
မျောက်မျက်နှာ အဘိုးအို၏ အသက်ရှူသံများပင် လျင်မြန်သွားခဲ့ရသည်။ သူသည် မျိုးနွယ်စုဝင်များအား ၎င်းအသံက မည်သည့်အရာ ဆိုသည်ကို သူသိနေသလိုမျိုး ပြောခဲ့သော်ငြား အမှန်စင်စစ်တော့ သူလည်း အဲဒါဘာမှန်း လုံးဝမသိခဲ့ချေ။ ၎င်းကို နားထောင်နေရုံဖြင့်ပင် သူ့နှလုံးသားအတွင်း အကြောက်တရားများက ကြီးစိုးနေခဲ့ပြီးချေပြီ။ သို့သော် သူသည် နွားသိုးဖြူမျိုးနွယ်စု၏ ဘိုးဘေးဖြစ်၍ သူ့မျိုးနွယ်ဝင်များရှေ့တွင် အကြောက်တရားကို ပြလို့မဖြစ်ချေ။
အဘိုးအိုသည် စိတ်ထဲတွင် ငြီးတွားရင်းဖြင့် အံတင်းတင်းကြိတ်ကာ တောင်ဆီသို့ ထပ်မံ ဦးတည်လိုက်ရပြန်၏။
အနောက်ဘက်ရှိ မျိုးနွယ်ဝင်ခြောက်ဦးမှာမူ ပြန်ဆုတ်ရုံမှအပ မတတ်နိုင်ခဲ့ပေ။ သူတို့သည် သူတို့ဘိုးဘေး ရှေ့ဆက်သွားနေသည်ကို ကြည့်ရင်း၊ ပိုမိုပြင်းထန်လာနေသော တဝီဝီမြည်သံများကို နားထောင်ရင်းဖြင့် အချင်းချင်း ပြန်ကြည့်လိုက်မိကြ၏။
"ဘိုးဘေးက တစ်ကယ့်ကို ထက်မြက်တာပဲ။ အဲဒီလူ ကြောက်နေတယ်ဆိုတာ သူ ဘယ်လိုတောင် သိခဲ့တာလဲ"
"မထက်မြက်ပဲနဲ့ ဘယ်လိုလုပ် ဘိုးဘေးဖြစ်နေမှာလဲကွ။ မင်းက ဘိုးဘေးမှမဟုတ်တာ။ ဘိုးဘေးပြောတာ မှန်တယ်။ ကြည့်ပါလား၊ သူ အနီးကို ကပ်သွားလေလေ၊ အသံက ပိုပြင်းထန်လာလေလေပဲ။ အဲဒီလူ ကြောက်နေတာ သိသာနေပြီ"
"ငါတော့ ဘာကြောင့် အဲဒီလိုမဟုတ်ဘူးလို့ ထင်နေရတာလဲ..."
"အမှန်ပဲ။ အဲကောင် သိသိသာသာကို ကြောက်နေတာ"
လူခြောက်ဦးသည် အချင်းချင်း စကားတတွတ်တွတ်ပြောလျက် ဆွေးနွေးနေစဉ်မှာပင် မျောက်မျက်နှာ အဘိုးအိုက တောင်စဉ်တန်းမှ ပေငါးရာ အဝေးသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ သူသည် တောင်ပေါ်သို့ ခြေချခါနီးမှာပင် အသက်ကို ပြင်းပြင်းရှူရှိုက်လျက် ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။
"ဒီတောင်ကြီးရဲ့..."
သို့သော် သူ့စကား မဆုံးခင်မှာပင် အဘိုးအို၏ မျက်လုံးများက ပြူးကျယ်သွားပြီး အသံမှာလည်း တဝက်တပျက် ရပ်တန့်သွားခဲ့ရ၏။ သူ့အရေပြားကို ကြက်သီးမွေးညင်းများ ထသွားစေသော အရှိန်ဝါတစ်ခုက တောင်တန်းထံမှ ရုတ်တရက် တိုးထွက်လာခဲ့သည်။
ထိုအရှိန်အဝါ ပျံ့နှံ့သွားသည်နှင့် ပေတစ်ထောင်ခန့် ဧရာမပုံရိပ်ယောင်ကြီး တစ်ခုသည်လည်း အဘိုးအိုရှေ့တွင် ပေါ်လာခဲ့၏။ ထိုပုံရိပ်ယောင်သည် ခေါင်းလောင်းတစ်လုံး၏ ပုံသဏ္ဍာန်မျိုး ဖြစ်ပြီး ၎င်းပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါသွားစေနိုင်သည့် သန်မာသောဖိအားတစ်ခုလည်း မြင့်တက်လာခဲ့သည်။ ၎င်းက အလွန်ပြင်းထန်လှသဖြင့် ရာသီဥတုကိုပင် ပြောင်းလဲသွားစေသည်။
ထိုဖိအားသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သော ခေါင်းလောင်းကြီးကြောင့် ထိတ်လန့်တုန်လှုပ်နေခဲ့ပြီး ဖြစ်သည့် မျောက်မျက်နှာအဘိုးအိုကို ရိုက်ခတ်သွားခဲ့၏။ ထို့ကြောင့်ပင် အဘိုးအိုသည် စကားတစ်ခွန်းမျှ မဆိုပဲ အလျင်အမြန် နောက်ပြန်ဆုတ်ပြေးတော့သည်။
သူပြန်ဆုတ်လာစဉ်မှာပင် ပုံရိပ်ယောင် ခေါင်းလောင်းကြီးအတွင်းမှ ရှင်းလင်းပြတ်သားသော ခေါင်းလောင်းသံများ ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံသည် ယခင်ကထက် များစွာ ပိုမိုရှင်းလင်းပြတ်သားနေပြီး မျိုးနွယ်ဝင်များကို နားအူသွားစေသည်။
မျောက်မျက်နှာ အဘိုးအိုသည် အလျင်အမြန် ပြန်လည်ဆုတ်ခွာလာပြီး သူ့မျိုးနွယ်စုဝင်များ အနီးသို့ ပြန်ရောက်လာခဲ့၏။
"သေစမ်း၊ သောက်ပဲ၊ အဲဒါကြီးက..." သူ့အနောက်ရှိ လူတစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"အဲဒီအသံက ကျောက်တောင်တွေကို ရိုက်ခတ်ရာကနေ ထွက်ပေါ်လာတာ မဟုတ်ဘူး။ သောက်ပဲ ဘာကြီးလဲဟ" အဘိုးအို၏ အနောက်တွင် ရပ်နေသူများမှာ အသက်ရှူသံတို့ပင် လျင်မြန်သွားခဲ့ရသည်။
"သောက်၊ သောက်၊ သောက်... မင်းတို့အကုန်လုံး အဲစကားတစ်လုံးပဲ သိတာလား ဟမ်" အဘိုးအိုသည် ရှက်ရွံ့မှုကြောင့် အမျက်ဒေါသ ထွက်သွားပုံပေါ်ပြီး ခေါင်းလှည့်ကာ ထိုသူများကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ ထို့နောက် ၎င်းတို့မျက်နှာများကို နောက်ထပ်တစ်ဖန် ဖြတ်ရိုက်လိုက်ပြန်၏။
"မင်းတို့ အဘိုးက မင်းတို့ကို အဲဒါဘာလဲဆိုတာ ပြောပြမယ်ကွ။ အဲဒါ ဖလားကြီး တစ်ခုပဲ"
အဘိုးအို စကားဆုံးသည်နှင့် တစ်ပြိုင်နက် လေထဲတွင် နောက်ထပ် ခေါင်းလောင်းသံ တစ်ချက် ထပ်မံထွက်ပေါ်လာပြီး ၎င်းတို့မျက်စိရှေ့မှာပင် တောင်တန်း၏ အထက်ကောင်းကင်ရှိ ပုံရိပ်ယောင် ခေါင်းလောင်းကြီးသည် ချက်ချင်း ရုပ်လုံးပေါ်လာကာ ၎င်း၏ ပုံသဏ္ဍာန်အပြည့်အစုံ ထွက်ပေါ်လာခဲ့တော့သည်။
၎င်း၏ ကိုယ်ထည်တစ်ခုလုံးသည် စိမ်းပုပ်ရောင် အရောင်မျိုးရှိပြီး ရှေးကျသောအရှိန်ဝါတစ်ခု ထုတ်လွှတ်နေသည်။ ၎င်းက လေထုအလယ်တွင် လွင့်မျောနေစဉ် ထွက်ပေါ်နေသော အရှိန်ဝါသည်လည်း ပြင်းထန်သော ဖိအားတစ်ခုအဖြစ် ပြောင်းလဲသွားသဖြင့်
အဘိုးအိုနှင့် သူ့နောက်ရှိလူများမှာ ခံနိုင်ရည်မရှိပဲ မြေပြင်ပေါ် ဆင်းသက်လိုက်ရချေသည်။
"ဘိုးဘေး၊ အဲဒါ... အဲဒါက ဖလားတစ်ခု မဟုတ်ဘူး..."
"ဘိုးဘေး၊ အဲဒါ တစ်ကယ်ကို ဖလားတစ်ခု မဟုတ်ဘူးနော်။ သောက်ပဲ အဲဒါဘာကြီးတုန်းဟ"
မျိုးနွယ်စုဝင်တို့၏ မျက်နှာများမှာ ဖြူဖျော့နေပြီး သူတို့အားလုံး တုန်လှုပ်နေကြလေသည်။ ထိုဖိအားအောက်တွင် သူတို့စွမ်းအင်များသည်ပင် အေးခဲသွားခဲ့ရ၏။ တုန်တုန်ယင်ယင် ဖြစ်နေကြသော သူတို့မျက်နှာများပေါ်တွင်လည်း ငူငူငိုင်ငိုင် အမူအယာများပင် ပေါ်လာခဲ့ချေသည်။
"ဟမ့် မင်းတို့အားလုံးကို မင်းတို့အဘိုးပြောပြမယ်။ ဒါ ဖလားကြီး တစ်ခုပဲကွ။ အဲဒီ စိတ်ဝိညာဉ်ဖမ်းစားသူလေးက သူကြောက်နေတဲ့အတွက် ငါတို့ကို ခြောက်လှန့်ဖို့ အဲဒီဖလားကို ထုတ်ယူလိုက်တာပဲ။ မင်း၊ ပြီးတော့ မင်း အဲဒီကိုသွားပြီး အဲဒီ စိတ်ဝိညာဉ်ဖမ်းစားသူကောင်ကို ငါ့အတွက် မျှားခေါ်ထုတ်ခဲ့ကြ"
မျောက်မျက်နှာ အဘိုးအိုသည် စိတ်လှုပ်ရှားနေသော်လည်း အံတင်းတင်းကြိတ်လျက် သူ့နံဘေးတွင်ရပ်နေသော သူ့လူနှစ်ဦးကို အမိန့်ပေးလိုက်သည်။ သို့သော်လည်း နှစ်ဦးစလုံးတွင် သွားဖို့သတ္တိမရှိကြောင်း တွေ့လိုက်ရသောအခါ သူ၎င်းတို့ကို စိုက်ကြည့်လိုက်မိချေသည်။
မျိုးနွယ်ဝင်နှစ်ဦးသည် ကြောက်ကြောက်လန့်လန့်ဖြင့်ပင် တောင်တန်းအနီးသို့ သွားလိုဟန်ဖြင့် အံတင်းတင်းကြိတ်လျက် ရှေ့ထွက်လိုက်ရသည်။ သို့သော် ၎င်းတို့ အရှေ့သို့ ပေတစ်ရာခန့် သွားပြီးသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံရှိ ဟန်တောင်တန်းခေါင်းလောင်းထံမှ ကြောက်မက်ဖွယ် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုဟိန်းဟောက်သံသည် ခေါင်းလောင်းသံများနှင့် ယှဉ်ပါက ပိုမိုထိတ်လန့်ဖွယ် ကောင်းနေပြီး လူနှစ်ဦးကို သွေးတစ်လုပ်စီအန်ကာ နံဘေးသို့ ချက်ချင်းလဲကျသွားစေခဲ့၏။ သူတို့ နောက်လှည့်ကြည့်မိသောအခါ သူတို့ဘိုးဘေးအနောက်ရှိ မျိုးနွယ်စုဝင် လေးဦးသည်လည်း သွေးအန်လျက် မြေပြင်တွင် လဲကျနေကြပြီး ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
မျောက်မျက်နှာဖြင့် အဘိုးကြီးသာ မတ်တပ်ရပ်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား သူ့ခန္ဓာကိုယ်မှာလည်း တုန်ယင်လို့နေ၏။
"မင်းတို့အားလုံး သေချင်ယောင်ဆောင်နေကြမှန်း ငါမသိဘူး မထင်နဲ့။ စောင့်နေလိုက်၊ ငါ အဲဒီ စိတ်ဝိညာဉ်ဖမ်းစားသူကို သင်ခန်းစာ ပေးပြီးလို့ မျိုးနွယ်စုဆီ ပြန်ရောက်တာနဲ့ မင်းတို့အားလုံးကိုလည်း ရိုက်ပြီးတော့ကို ဆုံးမရမယ်"
အဘိုးအိုသည် ခြေတစ်ချက်ဆောင့်လိုက်ပြီး လက်နှစ်ဖက်ကို ဖြန့်ကျက်ကာ လျှာကိုကိုက်ပစ်လိုက်သည်။ ထို့နောက် သွေးတစ်ငုံခန့် ထွေးထုတ်လိုက်ပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် သူ့ထံ၌ ခွန်အားကြီးမားသော အရှိန်ဝါတစ်ခု ရှိလာခဲ့သည်။ သူ့အနောက်တွင်လည်း မြူခိုးဖြူ ပုံရိပ်ယောင်အလွှာကြီး တစ်ခု ပေါ်လာခဲ့၏။ ထိုမြူခိုးများသည် တလိမ့်လိမ့် ပြောင်းလဲသွားပြီး နွားသိုးတစ်ကောင်၏ ပုံသဏ္ဍာန်ပေါ်လာခဲ့သည်။
ထို့နောက် အဘိုးအိုသည် ညာလက်ကိုမြှောက်ကာ လက်ဖဝါးကို တစ်ချက်လှန်လိုက်သည်နှင့် သူ့လက်ထဲတွင် ဧရာမဖလားကြီးတစ်ခု ထူးခြားဆန်းကြယ်စွာ ထွက်ပေါ်လာခဲ့သည်။ အဘိုးအိုသည် လက်ထဲရှိ ရေချိုများဖြင့် ပြည့်နေသော ထိုဖလားနှင့်အတူ စိတ်ထဲတွင် ငြီးငြူရင်း ရှေ့တစ်လှမ်း တိုးလိုက်မိသည်။ သူသည် မျိုးနွယ်စုငယ်လေး တစ်ခုဖြစ်သော နွားသိုးဖြူမျိုးနွယ်စု၏ ဘိုးဘေးဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဤနေရာတစ်ဝိုက်တွင် စိတ်ဝိညာဉ်ဖမ်းစားသူတစ်ဦး ပေါ်လာကြောင်း သူ့မျိုးနွယ်ဝင်များ သတင်းပို့လာစဉ်က သူ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်မချနိုင်ခဲ့ချေ။
သူ ရက်အနည်းငယ် စောင့်ဆိုင်းနေခဲ့၏။ ဤနေရာကို စုံစမ်းရန် သူစေလွှတ်လိုက်သော လူများ ပြန်ရောက်လာခဲ့ပြီး ထိုနေရာသည် ပုံမှန်ပြန်ဖြစ်သွားပြီ ဖြစ်ကြောင်းနှင့် ထိုအလယ်အလတ် စိတ်ဝိညာဉ်ဖမ်းစားသူလည်း မရှိတော့ကြောင်း ပြောသောအခါမှသာ သူ့မျိုးနွယ်ဝင်များကိုခေါ်၍ ဤနေရာတွင် ဟန်လာပြရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဤနေရာသို့ ရောက်လာသည်နှင့် သူ့စိတ်ဝိညာဉ်ကိုပင် ခြောက်ခြားသွားစေသည့် အသံတစ်ခုနှင့် ကြုံရလိမ့်မည်ဟုတော့ ထင်မထားမိခဲ့ချေ။
ပထမဆုံး ခေါင်းလောင်းသံအနည်းငယ်ကိုတော့ သူတောင့်ခံနိုင်ခဲ့သေးသည်။ ထိုအသံ၏ ရင်းမြစ်နှင့် ပက်သက်၍လည်း အခြေအမြစ် မရှိသည်များကို ပေါက်ကရ လျှောက်ပြောခဲ့သေး၏။ သို့သော် ဧရာမခေါင်းလောင်းကြီး ထွက်ပေါ်လာတည်းကပင် သူ့နှလုံးသားကို အကြောက်တရားတို့ အနိုင်ယူသွားခဲ့ပြီ ဖြစ်သည်။ သို့သော်ငြား ဤအတိုင်း ချန်ထားရစ်ခဲ့ခြင်းမျိုးကလည်း သူလို ဘိုးဘေးတစ်ဦး လုပ်နိုင်သည့် အရာမျိုး မဟုတ်ပေ။ ထို့ကြောင့် အံတင်းတင်းကြိတ်လျက် အပြင်းအထန် တိုက်ခိုက်ရန်သာ သူ့စိတ်ကိုပြင်ဆင်လိုက်ရလေ၏။ မည်သို့ပင် ဖြစ်နေပါစေ သူထိုနေရာသို့ တိုးဝင်၍ အလယ်အလတ် စိတ်ဝိညာဉ်ဖမ်းစားသူနှင့် တိုက်ခိုက်ရပေမည်။
ထို့အပြင် သူ့စိတ်ထဲ၌ သူသည်လည်း စိတ်ဝိညာဉ်ဖမ်းစားသူ တစ်ဦးမဟုတ်လျှင်တောင် အလယ်အလတ် ရှာမန်တစ်ဦးအဖြစ် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်၍ ယုံကြည်မှု ရှိနေဆဲဖြစ်သည်။ ဤတိုက်ပွဲတွင် မည်သူနိုင်လိမ့်မည်ဟု ကျိန်းသေပေါက် အာမမခံနိုင်ပေ။
ပြေးထွက်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့မျက်နှာပေါ်တွင် လေးနက်သော အမူအယာတစ်ခု ပေါ်လာခဲ့သည်။ ကျောက်ဖလားအတွင်းရှိ ရေချိုများ၏ မျက်နှာပြင်ပေါ်တွင်လည်း လှိုင်းဂယက်လေးများ ပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရေခိုးရေငွေ့များအဖြစ် ပြောင်းလဲသွားခဲ့၏။ ၎င်းတို့က သူ့အား လေထဲတွင် ပဲ့တင်ထပ်နေသော ခေါင်းလောင်းသံများကို ခံနိုင်ရည်ရှိသွားစေသည်။
သူရှေ့သို့ တိုးဝင်သွားသည်နှင့် တစ်ပြိုင်နက် မြေပြင်၌ လဲကျနေသူနှစ်ဦး၏ မျက်လုံးများက ချက်ချင်းပြန်ပွင့်လာခဲ့သည်။ ထို့နောက် သူတို့နှစ်ဦးသည် သွေးအန်ကာ မြေပေါ်လဲကျနေသော သူတို့မျိုးနွယ်ဝင်များထံသို့ အလျင်အမြန် တွားသွားလိုက်ကြသည်။
ထိုလူနှစ်ဦး ပြန်လာသည်နှင့် တစ်ပြိုင်နက်တည်းလိုလိုပင် အခြားသော မျိုးနွယ်ဝင်လေးဦးသည်လည်း မျက်လုံးများကို ဖွင့်ကာ အချင်းချင်းကြည့်လိုက်မိကြသည်။ ထို့နောက် သူတို့အားလုံးသည် တစ်ယောက်စိတ်ကို တစ်ယောက်ဖတ်နိုင်နေသကဲ့သို့ စကားတစ်ခွန်းမျှမဆိုပဲ လျင်မြန်စွာ နောက်ဆုတ်လိုက်ကြတော့၏။
အဘိုးအိုတစ်ဦးတည်းသာ ရှေ့သို့ ဆက်လက်တိုးဝင်သွားခဲ့ခြင်း ဖြစ်သည်။ သူသည် တောင်တန်းအနီးသို့ ရောက်နေခဲ့ပြီဖြစ်၍ အနောက်တွင်ကျန်ခဲ့သော မျိုးနွယ်ဝင်ခြောက်ဦးနှင့် ဖြေရှင်းနေချိန်မရှိတော့ချေ။ ထို့နောက် ညာခြေဖြင့် မြေပြင်ကို ခြေတစ်ချက်ဆောင့်ကာ ကောင်းကင်သို့ အလျင်အမြန် ပျံတက်လိုက်၏။ တစ်ချိန်တည်းမှာပင် နောက်ထပ်တစ်ဖန် ကျယ်လောင်စွာ အော်ပြောလိုက်ပြန်သည်။
"ဒီတောင်ရဲ့..."
သူ ဒုတိယအကြိမ် စကားစလိုက်စဉ်မှာပင် လေပြင်းများ လှုပ်ရှားသွားပြီး ကောင်းကင်ယံရှိ ဧရာမဟန်တောင်တန်း ခေါင်းလောင်းကြီး အထက်မှ တိမ်များ လွင့်ပျယ်သွားကြသည်။ ကြီးမားသော မြူလွှာထုကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုမြူများ အတွင်း၌ စကားဖြင့်ပင် မဖော်ပြနိုင်သော သားရဲရိုင်းကြီး တစ်ကောင်၏ အရိပ်လည်း ပေါ်လာခဲ့လေသည်။
ထိုသားရဲရိုင်း၏ ပုံစံသည် ရေသတ္တဝါ သားရဲကိုးကောင် အတူတကွ ပေါင်းစပ်ထားသလိုပင် ဖြစ်ပြီး ၎င်းက အရာအားလုံးထက် မြင့်မားနေခဲ့သည်။ ထိုခေါင်းကိုးလုံးကိုသာ ဖြန့်ကျက်လိုက်ပါက ကောင်းကင်ကိုပင် သိမ်းပိုက်နိုင်မည့်ပုံ ပေါ်နေလေသည်။
ဤသတ္တဝါ၏ ပုံပန်းသွင်ပြင်ကြောင့်လည်း အဘိုးအို၏ စကားများက ဒုတိယအကြိမ် တစ်ဝက်တစ်ပျက် ရပ်တန့်သွားခဲ့ရခြင်း ဖြစ်သည်။ သူ့မျက်လုံးများမှာ ပြူးကျယ်သွားပြီး ၎င်းတို့အထဲ၌ ထိတ်လန့်တုန်လှုပ်မှုနှင့် အတူ ကြောက်ရွံ့မှုများကိုပါ တွေ့မြင်နိုင်လေသည်။ သူသည် နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ပြီး တစ်ကိုယ်လုံးလည်း ကြက်သီးမွေးညင်းများထလာခဲ့သည်။
သတ်ဖြတ်လိုသော အငွေ့အသက်တစ်ခုက ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူ့အပေါ် ကျရောက်လာခဲ့သည်။
ခေါင်းကိုးလုံးအနက် ငါးလုံးမှာ အိပ်ပျော်နေသကဲ့သို့ပင် ၎င်းတို့မျက်လုံးများကို စေ့ပိတ်ထားကြ၏။ သို့သော်ငြားလည်း ကျန်ဦးခေါင်းလေးလုံး၏ ပွင့်နေသော မျက်လုံးများထဲတွင်တော့ အေးစက်နေသည့် အကြည့်စူးစူးတစ်ခု ရှိနေပြီး ထိုမျက်ဝန်းလေးစုံထဲတွင် စုမင်၏ခန္ဓာကိုယ်ကိုပါ မြင်နေရ၏။
"ဒီတောင်က ဘာဖြစ်လဲ" စုမင်၏အသံသည် သူသိမ်းပိုက်ထားသော ဦးခေါင်းလေးလုံးထံမှ ကြီးကျယ်ခမ်းနားစွာ ထွက်ပေါ်လာခဲ့သည်။
"ဒီတောင်က မင်းဟာပါ.."
မျောက်မျက်နှာဖြင့် အဘိုးအိုသည် ရုတ်ခြည်းဆိုသလို အသိပြန်ဝင်လာပြီး နောက်သို့ ဆက်မဆုတ်ဝံ့တော့ချေ။ ထို့အစား မျက်နှာလိုမျက်နှာရဖြင့် ခပ်သွက်သွက် ပြုံးပြလိုက်မိချေသည်။
***