ခေါင်းကိုးလုံး နဂါး၊ တောင်ပိုင်းဧကရာဇ်၊ အကြွင်းမဲ့ သတ်ဖြတ်ခြင်း
Vol. 28 Ch. 378
အဘိုးအို၏ စကားက အနည်းငယ်ထူးဆန်းနေသဖြင့် စုမင် မျက်မှောင်ကြုတ်မိသွား၏။
"သေချာ ပြော"
"ဟင် ဘာကို... အော် ဒီတောင်က မင်းအပိုင်ပါလို့" အဘိုးအိုသည် တစ်ခဏတာ အံ့အားသင့်မင်သက်သွားပြီးမှ လေသံကို အမြန်အရှိန်လျှော့ကာ စကားတို့ကို ထပ်ပြောလိုက်သည်။
"ခင်ဗျားက ဘယ်သူလဲ" တစ်ချိန်တည်းမှာပင် ကောင်းကင်ယံရှိ ဧရာမသတ္တဝါကြီးသည်လည်း အောက်ဘက်ရှိ အဘိုးအိုကို တစ်ချက်ငုံ့ကြည့်လျက် ကျယ်လောင်စွာ မေးမြန်းလိုက်သည်။
"စိတ်ဝိညာဉ်ဖမ်းစားသူ သခင်၊ ဒီအဘိုးကြီးက နွားသိုးဖြူမျိုးနွယ်စုရဲ့ ဘိုးဘေး ပိုင်ကောပါ။ ဒီ... ဒါတွေအားလုံးက နားလည်မှု လွဲသွားတာပါ၊ နားလည်မှုလွဲနေတာ။ ငါက ဒီနေရာကို တောင်အတွက် လာခဲ့တာမဟုတ်ပါဘူး။ ငါ့မျိုးနွယ်ဝင်တွေဆီကနေ မင်းဒီမှာ ရောက်နေတယ်လို့ ကြားလိုက်ရတော့ အရမ်း၊ အရမ်းကို စိတ်လှုပ်ရှားသွားမိလို့။ အဲဒါကြောင့် ငါသူတို့ကို ခေါ်ပြီး မင်းကို လာနှုတ်ဆက်တာပါ"
"အမ်း... မင်းအတွက် လက်ဆောင်တစ်ခုတောင် ပြင်လာပါသေးတယ်။ ကျေးဇူးပြုပြီး ဒါကိုလက်ခံပေးပါ။
မျိုးနွယ်စုမှာ လုပ်စရာတွေရှိသေးလို့ ငါတို့ကို ခွင့်ပြုပါဦးနော်" မျောက်မျက်နှာဖြင့် အဘိုးအိုသည် သူ့ရင်ဘတ်ထဲသို့ အလျင်အမြန် စမ်းကာ သူ့လက်သည်းခွံထက်ပင် သေးသော ရှာမန်သလင်းကျောက်တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းနှင့် ခွဲခွာရတော့မည်ဟူသော အတွေးက သူ့နှလုံးသားကို နာကျင်စေသော်လည်း စွန့်လွှတ်ရမည်သာ ဖြစ်၍ သူသည် သလင်းကျောက်ကို မြေပြင်ပေါ် တလေးတစား ချထားလိုက်၏။
ထိုရှာမန်သလင်းကျောက်လေးထက် ပိုမိုကြီးမားမည့် မည်သည့် ရှာမန်သလင်းကျောက်ကို မဆို စုမင် ထုတ်ယူနိုင်သော်လည်း အဘိုးအို၏ လေးစားနာကျင်နေသော အမူအယာအရ ထိုသလင်းကျောက်လေးမှာ လက်သီးဆုပ်အရွယ်ခန့်ပင် ကြီးမားပုံပေါ်နေလေသည်။
"ခင်ဗျားလည်း ဒီကိုရောက်နေပြီဆိုမှတော့ အရမ်းအမြန်ကြီး ထွက်သွားစရာမလိုပါဘူး။ ကျုပ်က ဒီမှာ အခုလောလောဆယ် ကျင့်ကြံနေတုန်းဆိုတော့ ခင်ဗျားရဲ့လက်ဆောင်ကို လက်ခံယူဖို့ အဆင်မပြေသေးဘူး။ အဲဒီမှာပဲ ခဏလောက်စောင့်နေပေးပါ"
စုမင် မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် သူသည် စကားဆုံးသည်နှင့် ထိုသူကို ထပ်ပြီးဂရုမစိုက်တော့ပေ။ ထိုရှာမန်အိုကြီးတွင် သာလွန်သောစွမ်းအား ရှိ၏။ သူသည် အလယ်အလတ်ရှာမန် တစ်ယောက်အနေဖြင့် ကြီးမြတ်သော ပြည့်စုံဆင့်သို့ မရောက်သေးသော်လည်း အထွတ်အထိပ်ကိုတော့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း စုမင်က ၎င်းကို ဂရုမစိုက်ပေ။ မီးတောက်မျောက်ဝံနှင့် ထူးဆန်းသော မြွေတို့က သူ့ကို ကာကွယ်ပေးထားခြင်းကြောင့် အဘိုးအိုအနေဖြင့် သူ့ကိုဆန့်ကျင်သည့် မည်သည့်အရာမျိုးကိုမှ ပြုလုပ်နိုင်မှာမဟုတ်ချေ။ ထို့အပြင် စုမင်သည်လည်း ဟန်တောင်တန်းခေါင်းလောင်းကို သန့်စင်မည့် အခွင့်အရေးအား သုံး၍ ဤလူကို ထပ်မံခြောက်လှန့်ချင်သေး၏။
ဤအရာသည် ယခုလေးပင် ဖြစ်ပျက်သွားသော အဘိုးအို၏ ကြောက်လန့်မှုကို မြင်လိုက်ရချိန်တွင် သူတွေးမိလိုက်သော အရာဖြစ်သည်။
မျောက်မျက်နှာဖြင့် အဘိုးအိုသည် ၎င်းကိုကြားသောအခါ
စိတ်ထဲတွင် ညည်းတွားလိုက်မိ၏။ စုမင်၏ ကျင့်ကြံဆင့်ကို သူမပြောနိုင်သော်လည်း ကောင်းကင်ယံရှိ ဧရာမသားရဲရိုင်းကြီးကပင် သူ့အား ထိတ်လန့်တုန်လှုပ်စေသဖြင့် စုမင်အပေါ် လေးစားလာမိစေရန် လုံလောက်နေပြီးဖြစ်သည်။
ဤဧရာမသားရဲရိုင်းကြီးမှာ ထွတ်မြတ်သားရဲ တစ်ကောင်ဖြစ်ကြောင်း သူသေချာနေသည်။ ၎င်းနှင့်ပက်သက်၍ တစ်ခါမှမကြားဖူးသော်လည်း တောင်အတွင်းရှိ ထိုလူသည် အလွန်အမင်း အစွမ်းထက်သော အစီအရင်တစ်ခုအား လေ့ကျင့်နေခြင်း ဖြစ်သည်မှာတော့ သေချာ၏။ ထို့ကြောင့်သာ ယခုလိုထွတ်မြတ်သားရဲ ပုံရိပ်ကြီးတစ်ခုကို ဤနေရာသို့ ဆင်းသက်လာစေရန် ဆင့်ခေါ်နိုင်ခဲ့ခြင်း ဖြစ်သည်။
'တစ်ကယ်ပဲ ဒီလူက ဘယ်ကလာတာလဲ။ ဒီထွတ်မြတ်သားရဲရဲ့ ဦးခေါင်းလေးလုံးပဲ နိုးထနေသေးပေမယ့် ငါ့ကိုကြောက်အောင် လုပ်နိုင်နေပြီ။ ဦးခေါင်းတွေ အကုန်လုံးသာ နိုးထလာခဲ့ရင်တော့...' ပိုင်ကောတစ်ယောက် နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်မိပြီး ရှေ့ဆက်တိုးခဲ့မိသည့် သူ့ဆုံးဖြတ်ချက်ကို နောင်တရနေမိသည်။ ရန်သူက ဤနေရာမှ ထွက်သွားပြီဟု ပြောခဲ့သည့် ထိုမျိုးနွယ်စုဝင်ကိုပင် သူစတင်၍ မုန်းတီးစပြုလာလေသည်။
ထိုအချိန်တွင် လှိုဏ်ဂူထဲရှိ စုမင်သည်တော့ တင်ပလ္လင်ခွေထိုင်လျက် မျက်လုံးများကို မှိတ်ထားခဲ့သည်။ သူ့လက်များသည် အမျိုးမျိုးသော လက်ဟန်သင်္ကေတများကို ပုံဖော်ရင်း အလျင်အမြန် လှုပ်ရှားနေ၏။ အတိတ်အချိန်က ဟန်တောင်တန်းခေါင်းလောင်းကို သန့်စင်ခဲ့ချိန်တွင် ၎င်းသင်္ကေတအားလုံး၌ ထူးဆန်းသော စွမ်းအားတစ်မျိုးဖြင့် ပြည့်နေကြောင်း သူဝိုးတဝါး ခံစားမိခဲ့သည်။
လက်ဟန်သင်္ကေတများကို ပြောင်းလဲလိုက်သည်နှင့် လှိုဏ်ဂူအတွင်းရှိ လောကစွမ်းအားများသည် သူ့ဆီသို့ တဟုန်ထိုး တိုးဝင်လာကြပြီး သူ့လက်ပေါ်တွင် စုစည်းလာကြ၏။ ထိုလက်ဟန်သင်္ကေတများကြောင့် လောကစွမ်းအားများကို သူ့စိတ်တိုင်းကျ လှည့်ပတ်လှုပ်ရှားနိုင်နေသလိုပင် ဖြစ်သည်။
စုမင်သည် သူ့စိတ်တို့ တက်ကြွလာသလို ခံစားလိုက်ရပြီး အမြန်နှုန်းကလည်း ပိုမိုလျင်မြန်လာခဲ့သည်။ အဆုံးတွင်တော့ သူ့လက်များမှာ ဝေဝါးသွားပြီး အနောက်၌ ပုံရိပ်ယောင်များသာ ချန်ထားရစ်ခဲ့လေသည်။
လှိုဏ်ဂူအထက်ရှိ ခေါင်းကိုးလုံး သားရဲရိုင်းကြီး၏ ဦးခေါင်းလေးလုံးက ကောင်းကင်သို့မော့ကာ ဟိန်းဟောက်လိုက်သဖြင့် ရာသီဥတုများပင် ပြောင်းလဲသွားပြီး အဆုံးမရှိသော လှိုင်းဂယက်များ ပျံ့နှံ့သွားခဲ့သည်။
ထိုအချိန်မှာပင် ယင်းဦးခေါင်းလေးလုံး၏ ဟိန်းဟောက်သံကြောင့် အိပ်စက်နေသော ဦးခေါင်းများထဲမှ တစ်လုံးက နိုးထလာတော့မည့်ဟန်ဖြင့် ရုတ်ခြည်း တုန်ခါသွားခဲ့၏။
လှိုဏ်ဂူထဲရှိ လက်ဟန်သင်္ကေတများကို ပြုလုပ်နေသော စုမင်အမြန်နှုန်းက ပိုမိုလျင်မြန်လာခဲ့သလို သူ့နံဖူးတွင်လည်း ချွေးများ စီးကျလာခဲ့သည်။ လောကစွမ်းအားများနှင့် ပေါင်းစည်းရန် လက်ဟန်များကို ဆက်လက်ပြုလုပ်နေရင်းဖြင့် သူ့နတ်ဘုရားစိတ်အာရုံကို လုံးလုံးလျားလျား ဖြန့်ထုတ်ကာ ဟန်တောင်တန်းခေါင်းလောင်းအတွင်းသို့ ဖြည့်သွင်းလိုက်၏။ သို့သော်ငြားလည်း ဟန်တောင်တန်းခေါင်းလောင်းဆီသို့ ထိုထူးဆန်းသောစွမ်းအင်ကို သူမည်မျှပင် ပို့လွှတ်နေပါစေ ၎င်းက သမုဒ္ဒရာထဲသို့ ပစ်ချလိုက်သော ကျောက်ခဲတစ်လုံးသဖွယ် ခံစားနေရဆဲဖြစ်သည်။ တုန့်ပြန်မှု လုံးဝမရှိခဲ့ပေ။
ထို့နောက် ရုတ်တရက်ဆိုသလိုပင် အားပျော့သော တုန့်ပြန်မှု အရိပ်အယောင်လေးတစ်ခုကို သူခံစားလိုက်ရ၏။ ၎င်းပုံစံက ဟန်တောင်တန်းခေါင်းလောင်းထဲ၌ အတားအဆီးတစ်ခုခု ရှိနေသလိုပင်။ ထို့အပြင် သူသာ ၎င်းကို မချိုးဖျက်နိုင်ပါက သူ့အတွက် ပိုမိုနက်ရှိုင်းသော သန့်စင်မှုကို ပြုလုပ်နိုင်ရန် ခက်ခဲလိမ့်မှာဖြစ်သည်။ စုမင်သည် အတားအဆီးတည်ရှိမှုကို အာရုံခံမိသည်နှင့် တစ်ပြိုင်နက် သူ၏ နတ်ဘုရားစိတ်အာရုံအားလုံးကို လောကစွမ်းအားများနှင့် စတင်ပေါင်းစည်း၍ ၎င်းကို ဆက်တိုက်ချိုးဖျက်လိုက်သည်။
"ပွင့်စမ်း။ လာစမ်းပါ၊ ပွင့်လိုက်စမ်း" စုမင်သည် မျက်လုံးများကို မှိတ်ထားရင်း တီးတိုးရေရွတ်လိုက်သည်။ သူ့နံဖူးမှလည်း ချွေးများပိုမိုစီးကျလာခဲ့၏။
စုမင် စကားဆုံးသည်နှင့် ရေနဂါးကြီး၏ နိုးထနေသော ဦးခေါင်းလေးလုံးမှ ဟိန်းဟောက်သံများကလည်း ပိုမိုပြင်းထန်လာပြီး ၎င်းတို့က လှုပ်လှုပ်ရှားရှားဖြင့် ဆက်လက်ဟိန်းဟောက်နေကြသည်။ ဖြစ်ပေါ်လာသော အသံလှိုင်းများသည် တစ်လောကလုံးကို တုန်ခါနေစေပြီး အဘိုးအို၏ နားများကိုပင် အူလာစေ၏။
အဘိုးအို၏ မျက်နှာက ဖြူဖျော့နေခဲ့ချေပြီ။ သူသည် ကောင်းကင်ယံရှိ ရေနဂါးကြီးကို မော့ကြည့်လိုက်ပြီး မိမိကိုယ်ကို ပုရွက်ဆိတ်တစ်ကောင်သဖွယ် ခံစားလိုက်ရသည်။
ကောင်းကင်တစ်ခွင် ဟိန်းဟောက်သံများ ပျံ့နှံ့လာသည်နှင့်အမျှ နံဘေးတွင်ရှိနေသော ဦးခေါင်းကြီးမှာ ပိုမိုပြင်းထန်စွာ စတင်တုန်ခါလာခဲ့သည်။ နိုးထလာတော့မည့်ဟန်ဖြင့် ၎င်း၏ တင်းတင်းကြပ်ကြပ် စေ့မှိတ်ထားသော မျက်လုံးများတွင်လည်း ရုန်းကန်နေရသော အရိပ်အယောင်များ ပေါ်လာခဲ့၏။
ထိုအခိုက်အတန့်တွင်တော့ နှစ်ပေါင်းမည်မျှကြာအောင် အိပ်ပျော်နေခဲ့မှန်းမသိသော ပဉ္စမမြောက်ဦးခေါင်းကြီးသည် အတားအဆီးကို ဆက်တိုက်ချိုးဖျက်နေသော စုမင်၏ နတ်ဘုရားစိတ်အာရုံကြောင့် အချိန်မရွေး နိုးထလာတော့မည့်ပုံ ပေါ်လာခဲ့ချေပြီ။ ထို့အပြင် စုမင် ရနေသော ခံစားချက်ကလည်း ပိုမိုသန်မာလာခဲ့၏။ ထိုမမြင်ရသော အတားအဆီးကို ချိုးဖျက်လိုက်နိုင်သည်နှင့် ပဉ္စမမြောက် ဦးခေါင်း၏ မျက်လုံးများ ပွင့်လာလိမ့်မည်ဟု သူသေချာပြောနိုင်ပေသည်။
ပထမဦးခေါင်းကို လွှဲပြောင်းရယူခဲ့ခြင်းသည် ဟန်တောင်တန်းခေါင်းလောင်းအပေါ် အခြေခံအဆင့်အနေဖြင့် ထိန်းချုပ်နိုင်သွားပြီဟု ဆိုလိုခြင်းဖြစ်သည်။
ဒုတိယဦးခေါင်းကို ရယူနိုင်ခဲ့ခြင်းက သူ့အား ဟန်တောင်တန်းခေါင်းလောင်း၏ ခေါင်းလောင်းသံများဖြင့် စိတ်ဝိညာဉ်များကို အေးခဲရပ်တန့်စေနိုင်သည့် အစွမ်းကို ရရှိစေခဲ့သည်။
တတိယဦးခေါင်းကို လွှဲပြောင်းရယူနိုင်ခဲ့ခြင်းက သူ့အား ခေါင်းလောင်း၏ ခံနိုင်ရည်အားကို ခံစားသိရှိစေခဲ့၏။ သူသည် ထိုခေါင်းလောင်းကို သူ့ကိုယ်ထဲသို့ ပေါင်းစည်းနိုင်သည့် စွမ်းအားကို ရရှိခဲ့ပြီး မိမိကိုယ်ကို ကာကွယ်နိုင်ခဲ့သည်။
စတုတ္ထမြောက်ဦးခေါင်းကို ရယူနိုင်ခဲ့သောအခါတွင်တော့ အရာဝတ္ထုများကို ချိပ်ပိတ်ရန်အတွက် ခေါင်းလောင်းအား အလွယ်တကူ ထိန်းချုပ်နိုင်မည့် လက်ဟန်သင်္ကေတအချို့ကို သူ့ခေါင်းထဲ၌ အာရုံခံမိခဲ့လေသည်။
ပဉ္စမမြောက် ဦးခေါင်း နိုးထလာပြီး ၎င်းကို လွှဲပြောင်းရယူပြီးသည်နှင့် မည်သို့သော စွမ်းရည်မျိုး ရရှိလာလိမ့်မည်မှန်း စုမင် မသိသေးသော်ငြား သူ၎င်းကို မျှော်လင့်စောင့်စားနေမိပါ၏။
အချိန်ကြာလာသည်နှင့်အမျှ ထိုမျှော်လင့်ချက်က ပိုမိုသန်မာလာခဲ့သော်လည်း စုမင် အာရုံခံမိခဲ့သော ဟန်တောင်တန်းခေါင်းလောင်း အတွင်းမှ အတားအဆီးကတော့ အဆက်မပြတ် ချိုးဖျက်နေမှုအောက်မှာပင် မကျိုးပျက်သေးချေ။
၎င်းက အမြဲလိုလိုပင် တစ်စုံတစ်ခု လိုအပ်နေသလိုမျိုး ဖြစ်သည်။
ကောင်းကင်ယံရှိ ဟိန်းဟောက်သံများမှာ တစ်နာရီနီးပါး ကြာမြင့်သွားခဲ့သည်။ မြေပြင်သည်လည်း ထိုအဆက်မပြတ် ဟိန်းဟောက်သံများအောက်တွင် တုန်ခါနေပြီး တောင်တန်းမှ ကျောက်တုံးအချို့ပင် မြေပေါ်သို့ ပဲ့ထွက်ပြုတ်ကျလာခဲ့ချေပြီ။
စုမင်သည် တစ်ဖြည်းဖြည်း စတင်တုန်ယင်လာပြီး သူ၏နတ်ဘုရားစိတ်အာရုံမှာလည်း အနည်းငယ် စတင်ကုန်ခမ်းစ ပြုလာသည်။ သူ့နံဘေးရှိ မီးတောက်မျောက်ဝံသည်လည်း အတော် စိုးရိမ်နေပုံပေါ်၏။ ၎င်း၏ ဉာဏ်ရည်ဉာဏ်သွေးကြောင့် ကောင်းကင်ယံရှိ သားရဲရိုင်းအပေါ် လေးစားမှုများ တိုးပွားလို့နေခဲ့ချေပြီ။
သို့သော်ငြား တုတ်ချောင်းပုံမြွေလေးတွင်တော့ ထိုလေးစားမှုမျိုး ရှိမနေချေ။ ၎င်းသည် ၎င်းအပေါ်ရှိ အပေါက်ငယ်လေးများမှတစ်ဆင့် ကောင်းကင်ယံရှိ ဧရာမသားရဲရိုင်းကြီးကို မရေမရာ မော့ကြည့်ရင်း ပြင်းထန်သော ရက်စက်ကြမ်းကြုတ်သည့် ခံစားချက်တစ်ခုနှင့် သတ်ဖြတ်လိုသောအသိသာ ရှိနေခဲ့သည်။
၎င်းပုံစံက အမုန်းတီးဆုံး ကမ္ဘာ့ရန်ဘက်တစ်ကောင်နှင့် ရင်ဆိုင်နေရသလိုပင်ဖြစ်သည်။ တုတ်ချောင်းပုံမြွေလေး၏ ခန္ဓာကိုယ်မှ ဆူညံသံများ ထွက်ပေါ်လာပြီး ၎င်း၏ အကြေးခွံများက စတင်ထောင်ထလာခဲ့သည်။ ထိုသတ္တဝါတွင်သာ သူနှင့် ရင်းနှီးကျွမ်းဝင်နေသော စုမင်၏ ရနံ့မရှိခဲ့ပါက ချက်ချင်းပြေးထွက်၍ သူသေကိုယ်သေ တိုက်ခိုက်မိတော့မှာ ဖြစ်သည်။
လှိုဏ်ဂူအတွင်းရှိ ဆေးအိုးကြီးသည် ပုံမှန်အတိုင်းပင် ရှိနေသေးပြီး ပြောင်းလဲမည့် အရိပ်အယောင် မရှိသေးချေ။ သို့သော်လည်း အခြား ကျောက်တုံးအခန်းအတွင်းရှိ မာန်စွမ်းအားရှင်အိုကြီးသည်တော့ အပြင်းအထန် စတင်တုန်ယင်နေခဲ့ချေပြီ။ သူ့မျက်နှာမှာ ဖြူဖျော့နေပြီး ခန္ဓာကိုယ်ထဲမှ သွေးအများစုသည်လည်း စီးထွက်သွားခဲ့ပြီး ဖြစ်သည်။ ကြွင်းကျန်ရစ်ခဲ့သည်များကိုလည်း သူ့ကိုယ်ပေါ်ရှိ ဆေးပင်များက အရူးအမူး စုပ်ယူနေကြသေး၏။ ချိပ်ပိတ်ခံထားရသည့် သူ့စိတ်ဝိညာဉ်သည်ပင် ဝိညာဉ်လုယက်သုံးလုံး၏ စုပ်ယူခံနေရလေသည်။
မူလအစတည်းကပင် အားနည်းနေခဲ့သော သူသည် အဆက်မပြတ် ဟိန်းဟောက်ကြုံးဝါးသံများကို နားထောင်ရင်း ခေါင်းထဲတွင် တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာသဖြင့် ၎င်းကို ခုခံတွန်းလှန်ရန် စတင်ရုန်းကန်လိုက်ရသည်။
သူတစ်ဦးတည်းသာ ထိုသို့ ပြုမူနေခြင်းတော့ မဟုတ်ခဲ့ပေ။ တောင်တန်းအလွန်တွင် ရပ်နေခဲ့သော နွားသိုးဖြူ မျိုးနွယ်ဝင်ခြောက်ဦးသည်လည်း မြေပြင်တွင် လဲပြိုကာ တုန်ယင်နေခဲ့ချေပြီ။ သူတို့မျက်နှာများမှာ ဖြူဖျော့နေပြီး သွေးရောင်ပင် မရှိတော့ချေ။ ၎င်းတို့အနက် လေးဦးသည် သတိလစ်မေ့မျောသွားပြီဖြစ်ပြီး နိုးနေသေးသော ကျန်နှစ်ဦး၏ မျက်နှာပေါ်တွင်လည်း မိန်းမောတွေဝေနေသော အမူအယာများ ရှိနေခဲ့ပြီးဖြစ်၍ ၎င်းတို့သည်လည်း များစွာ ကြာရှည်မခံခဲ့ပေ။ များမကြာမီမှာပင် မြေပြင်ပေါ်၌ သတိလစ်မေ့မျောသွားကြတော့သည်။
မျောက်မျက်နှာအဘိုးအိုသည် စွမ်းအင်များကို လှည့်ပတ်ရင်း မြေပြင်ထက်တွင် တင်ပလ္လင်ခွေ ထိုင်နေခဲ့၏။ သူတွန်းလှန်တိုက်ခိုက်ချင်သော်လည်း သွေးအနည်းငယ် အန်ပြီးချိန်တွင် ထိုအသံမှာ ပိုမိုပြင်းထန်လာနေဆဲ ဖြစ်ပြီး သူခုခံနိုင်ရန် ခက်ခဲသည့် အဆင့်ကိုပင် ရောက်နေပြီဖြစ်ကြောင်း ထိတ်လန့်တကြား တွေ့လိုက်ရတော့သည်။
သူသည် ဟိုးယခင်ကတည်းကပင် ထွက်ပြေးသွားခဲ့သော သူ့မျိုးနွယ်ဝင်ခြောက်ဦးနှင့် မတူပဲ တောင်တန်းနှင့်လည်း လွန်စွာနီးကပ်နေခဲ့၏။ သူ့စိတ်ထဲတွင် အသက်အန္တရာယ်ရှိသည်ဟူသော ခံစားချက်တစ်ခု ပေါက်ဖွားလာပြီး ကြောက်လန့်တကြားဖြင့် သူ့လက်ထဲရှိ ကျောက်ဖလားအတွင်းမှ ရေချိုတစ်ငုံစာ ချက်ချင်းသောက်ချလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ မြူခိုးဖြူဖြူများ ပျံ့နှံ့လာပြီး သူ့အား ခံနိုင်ရည်ရှိသွားစေလေသည်။
'မပွင့်သေးဘူး'
စုမင်ဆံပင်များက ရှုပ်ပွလို့နေသည်။ သူသည် လက်ဟန်သင်္ကေတများကို အဆက်မပြတ် ဖန်တီးနေရင်းမှ ညာလက်ကိုမြှောက်ကာ ရင်ဘတ်ကို ဖိကပ်လိုက်သည်။ စိတ်ဝိညာဉ်ကျောက်တုံး အများအပြား ပျံထွက်လာပြီး လှိုဏ်ဂူအတွင်းရှိ စုမင်ပတ်ပတ်လည်မှ ၎င်းတို့အရင် စိတ်ဝိညာဉ်ကျောက်တုံးများ၏ ဖုန်မှုန့်များပေါ်တွင် ပြန့်ကျဲသွားကြသည်။
ဤစိတ်ဝိညာဉ်ကျောက်တုံးများ ထွက်ပေါ်လာသည်နှင့်အမျှ စုမင်၏ နတ်ဘုရားစိတ်အာရုံမှာလည်း ပြန်ပြည့်လာခဲ့၏။ ၎င်းတို့သည် သူ့ကိုယ်တွင်းရှိ ပွင့်နေသော လမ်းကြောင်းအတွင်း အရည်သဖွယ် လှည့်ပတ်သွားကြပြီး စုမင်ကို ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးမိသွားစေသည်။
"ပဉ္စမဦးခေါင်း ပွင့်လိုက်စမ်း"
စုမင်သည် အော်ဟစ်ကြုံးဝါးလိုက်ရင်း သူ့လက်နှစ်ဖက်လုံးကို ရှေ့သို့တွန်းထုတ်လိုက်သည်။ ထိုသို့ တစ်ချက်တွန်းထုတ်လိုက်သည်နှင့် သူ့ပတ်လည်ရှိ စိတ်ဝိညာဉ်ကျောက်တုံးများအားလုံး နောက်ထပ်တစ်ဖန် ပေါက်ကွဲသွားကြပြန်သည်။ သူ၏ နတ်ဘုရားစိတ်အာရုံသည် ဟန်တောင်တန်းခေါင်းလောင်းအတွင်းရှိ အတားအဆီးနံရံဆီသို့ လောကစွမ်းအားများစွာကို တည့်မတ်စွာ ထိန်းကျောင်းပို့ဆောင်ရင်း ၎င်းကို အရူးအမူး ချိုးဖျက်လိုက်၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံရှိ ရေနဂါးဦးခေါင်းလေးလုံးထံမှ ဟိန်းဟောက်သံများကလည်း ပိုမိုပြင်းထန်လာခဲ့သည်။ သူတို့၏ ဟိန်းဟောက်သံများမှာ နေရာအနှံ့သို့ ဦးတည်နေကြခြင်းတော့ မဟုတ်ပဲ ၎င်းတို့အားလုံးက ရုန်းကန်တုန်ယင်နေသော ပဉ္စမမြောက်ဦးခေါင်းဆီသို့သာ သွား၍ ၎င်းကို အပြင်းအထန်စတင် ဟိန်းဟောက်နေကြခြင်း ဖြစ်သည်။
စုမင် ဦးခေါင်းထဲတွင် ဝုန်းခနဲမြည်ဟည်းသွားပြီး သူ၏နတ်ဘုရားစိတ်အာရုံက ဟန်တောင်တန်း ခေါင်းလောင်းအတွင်းရှိ အတားအဆီးကို လှိုင်းလုံးကြီးများသဖွယ် ချိုးဖြတ်သွားခဲ့သည်။ ထို့နောက်တွင်တော့ သူ၏ နတ်ဘုရားစိတ်အာရုံသည် အတွင်းသို့ တိုးဝင်သွားပြီး အချိန်ကိုက်ပင် ပဉ္စမမြောက်ဦးခေါင်း၏ မျက်လုံးများလည်း ပွင့်ဟလာခဲ့လေသည်။ ၎င်းမျက်လုံးများအတွင်း ကရုဏာကင်းမဲ့သော အကြည့်တစ်ခု ရှိနေခဲ့သော်လည်း ထိုမျက်ဝန်းများအတွင်း၌ စုမင်၏ အရိပ်က အလျင်အမြန် စုဝေးသွားခဲ့သည်။
ပဉ္စမမြောက်ဦးခေါင်း၏ မျက်လုံးများအတွင်း စုမင်ပုံရိပ် လုံးလုံးလျားလျား ပုံပေါ်လာပြီးသည်နှင့် ၎င်းက ကောင်းကင်သို့မော့ကာ ဟိန်းဟောက်လိုက်သည်။ ထိုအသံသည် အခြားဦးခေါင်းလေးလုံးမှ ဟိန်းဟောက်သံများနှင့် ပေါင်းစပ်သွားပြီး ထိတ်လန့်ဖွယ် မြည်ဟည်းသံကြီးတစ်ခု ဖန်တီးကာ ကောင်းကင်ကို ပဲ့တင်ထပ် တုန်ခါသွားစေခဲ့သည်။
"ခေါင်း ကိုးလုံး နဂါး အကြွင်းမဲ့ သတ်ဖြတ်ခြင်း" ဦးခေါင်းငါးလုံး ဟိန်းဟောက်လိုက်ချိန်တွင် စကားသံ ခပ်တိုးတိုးကို ကြားနိုင်၏။
မျောက်မျက်နှာ အဘိုးအိုသည်လည်း ဖိအားကို ထပ်မံမတောင့်ခံနိုင်တော့ပေ။ သူသည် သွေးတစ်လုပ် အန်ကာ နံဘေးသို့လဲကျ၍ သတိလစ်မေ့မျောသွားတော့သည်။
ထိုဦးခေါင်းငါးလုံး ဟိန်းဟောက်လိုက်သည်နှင့် တစ်ပြိုင်နက် စုမင်ခေါင်းထဲတွင် ဟန်တောင်တန်းခေါင်းလောင်း၏ အမွေအနှစ်နှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များစွာ ထွက်ပေါ်လာခဲ့သည်။ ထိုဖရိုဖရဲ အရှုပ်အထွေးများ ကြားမှပင် ပဉ္စမမြောက်ဦးခေါင်း ပွင့်လာပြီးနောက် ဟန်တောင်တန်းခေါင်းလောင်း ရရှိခဲ့သည့် စွမ်းရည်ကို သူသင်ယူလိုက်ရလေသည်။
၎င်းက ခေါင်းလောင်းအတွင်း ရှိနေသော အကြောမျှင်ဝိညာဉ်ကို ယာယီပုံစံရရှိစေနိုင်သည့် စွမ်းအားဖြစ်သည်။
စုမင်၏ အသက်ရှူသံများက လျင်မြန်လာပြီး သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာခဲ့သည်။ ထို့နောက် စိတ်ဝိညာဉ်ကျောက်တုံးများစွာကို ထပ်မံထုတ်ယူလိုက်ပြီး ကောင်းကင်ယံရှိ ဧရာမသားရဲရိုင်းကြီးကို မော့ကြည့်လိုက်၏။ သူ့မျက်နှာထက်တွင်လည်း စိတ်ပိုင်းဖြတ်လိုက်ဟန် ပေါ်လာခဲ့သည်။
"ငါ ဒါကိုလည်း တစ်ချက်တည်းနဲ့ လုပ်နိုင်လောက်တယ်။ ဆဋ္ဌမမြောက်ဦးခေါင်းကိုပါ နှိုးလိုက်ကြတာပေါ့"
***